ဘွားမယ်စိန်နှင့် ရွှေလက်ကောက်ရဲ့ရာဇဝင်


“အရီး…အဲ့မှာ ဘာရပ်လုပ်နေတာလဲဗျ…”

အိမ်အပေါ်ထပ်အခန်းရှေ့၌ရပ်ကာ အခန်းထဲသို့
ဝင်ရကောင်း…မဝင်ရကောင်းဗျာများနေတဲ့ အရီးအေးမိကို မောင်တိုးက မေးလိုက်ခြင်းဖြစ်သည်။

“အမေကြီးကိုထမင်းစားခေါ်မလို့ပါဟယ်…
ငါ့မှာကြောက်လို့မဝင်ရဲဘူးငါ့တူရဲ့”

“ဟင်း….ဒါဆိုရင် ကျုပ်ပဲ ခေါ်ခဲ့လိုက်မယ်အရီး…
အရီးက ထမင်းပွဲနားကပဲစောင့်နေလိုက်ပါဗျာ…”

“အေး…အေး…အေး…ဒါဆိုရင်
အရီးအောက်ထပ်ကိုပြန်ဆင်းတော့မယ်နော်…”

အရီးအေးမိက အောက်ထပ်ကို ပြန်ဆင်းသွားခဲ့တော့သည်။မောင်တိုးလည်း စိတ်မသက်မသာဟန်နဲ့
အခန်းတံခါးကိုဖွင့်ပြီးဝင်လာခဲ့လိုက်၏။အခန်းထဲကို
ရောက်တော့ ကုတင်အထက်မှာထိုင်လျက် ပြတင်းပေါက်ဆီကိုငေးမော​ကာကြည့်နေတဲ့ ဘွားမယ်စိန်ကိုမောင်တိုးတွေ့လိုက်ရသည်။

“ဘွား…ထမင်းစားကြရအောင်လေ…”

ဘွားမယ်စိန်က မောင်တိုးစကားကိုခေါင်းညိတ်သည်။

“ဟိုလေ…ဘွားနေလို့ကောင်းပါတယ်နော်…
ကျုပ်တို့ဘာများလုပ်ပေးရမလဲဘွား…
ကျုပ်တို့ကိုတစ်ခုခုပြောပါဘွားရယ်…
ကျုပ်တို့တွေက ဘွားကို ဒီတိုင်းပဲထိုင်ကြည့်
နေရတော့မှာလားဗျာ…”

ဘွားမယ်စိန်ကိုကြည့်ပြီး မောင်တိုးက စိတ်မကောင်းစွာမေးရှာသည်။
မောင်တိုးရဲ့မျက်ဝန်း၌လည်း မျက်ရည်များကရစ်ဝိုင်းလို့နေခဲ့၏။

ဘွားမယ်စိန်က မောင်တိုးကိုတစ်ချက်မျှသာလှည့်
ကြည့်ပြီးအခန်းထဲမှထွက်သွားတော့သည်။
အောက်ထပ်ကိုဆင်းသွားတဲ့ဘွားမယ်စိန်အနောက်ကို
မောင်တိုးလည်းပတူလိုက်လာခဲ့သည်။

အောက်ထပ်၌စောင့်နေတဲ့မောင်အုန်းက
အရိပ်အခြေပြကာ မေးရှာတော့ မောင်တိုးခမျာ
ခေါင်းသာရမ်းပြလိုက်ရှာသည်။

“အမေကြီး ထည့်စားနော်…
ကျုပ်က အမေကြီးကြိုက်မယ်ထင်တာလေးတွေ
ချက်ပေးထားတာ…”

အရီးအေးမိက ဘွားမယ်စိန်ပန်းကန်ထဲကို ဟင်းသီးဟင်းရွက်ကြော်များထည့်ပေးရှာသည်။
ဘွားမယ်စိန်က ခြေလေးချောင်းသားရှောင်သူ
ဖြစ်လို့လည်းထိုသို့ထည့်ပေးခြင်းဖြစ်သည်။
သို့သော်ဘွားမယ်စိန်ကအရီးအေးမိထည့်ပေးထားတဲ့ ဟင်းသီးဟင်းရွက်ကြော်များကို လက်နဲ့ပင်ပင်မတို့ပေ။
အရီးအေးမိနဲ့မောင်တိုးတို့တွေအတွက်သာချက်ထားတဲ့
ဝက်သားဟင်းပန်းကန်ကို ဘွားမယ်စိန် စိုက်ကြည့်နေခဲ့သည်။

“ဟာ….”

ဘွားမယ်စိန်ရဲ့လက်က ဝက်သားဟင်းပန်းကန်ကို
လှမ်းယူနေခဲ့၏။တုန်ရီနေသော လက်များဖြင့် ဝက်သားဟင်းများကိုနယ်ဖက်ပြီး အားပါးတရစားနေတဲ့ဘွားမယ်စိန်ကို မောင်တိုးတို့မှာ စိတ်မကောင်းစွာပင်
ရပ်ကြည့်နေခဲ့ကြရသည်။

“တောက်…”

“ကိုကြီးအုန်း ဘွားကြားသွားမယ်ဗျ…”

မောင်အုန်းကဘွားမယ်စိန်ကို ကျောပေးထားပြီး
တောက်တစ်ချက်ခေါက်လိုက်သည်။

“ကြားကြားကွာ…အဲ့တာငါတို့ဘွားမှမဟုတ်တာ…
ငါတို့ဘွားကိုပြန်လိုချင်တယ်မောင်တိုးရာ…
ဘယ်နည်းသုံးရ သုံးရ ငါတို့ဘွားကိုပဲ
ငါတို့ပြန်လိုချင်တယ်ကွာ………”

“ကျုပ်တို့လည်းအတူတူပါပဲဗျာ…
ကျုပ်တို့ဘွားကိုပြန်လိုချင်တာပေါ့…”

မောင်တိုးနဲ့မောင်အုန်းတို့လည်း ဘွားမယ်စိန်ကို
တမ်းတရင်း မျက်ရည်ကျနေခဲ့ကြသည်။

“ကိုကြီးတိုး…….”

မလှမ်းမကမ်းကုတင်အထက်ရှိ ရှင်ညိုက
မောင်တိုးကို လှမ်းခေါ်လေသည်။

“ရှင်ညို….ကိုကြီးတိုးတို့ကိုခေါ်တာလား…
ပြောငါ့နှမ ဘာလုပ်ချင်လို့လဲ…ရေဆာလို့လား”

“ကျုပ်တို့…စကားပြောကြရအောင်ကိုကြီးတိုး”

“ဟာ…ညည်းကျန်းမာရေးလည်းမကောင်းသေးတာကို
ရှင်ညိုရာ…နားစမ်းပါဦးငါ့နှမရဲ့ နင့်ကိုကြည့်ရတာအားမရလှဘူးဟာ…”

“ကျုပ်ဒီအတိုင်းပဲမနေနိုင်ဘူးကိုကြီးတိုး…
အဘွားကို မြင်ကြလား…အဘွားကိုမြင်ရတာကျုပ်ပိုပြီး
ပင်ပန်းရတယ်…အဘွားက ကျုပ်အစား…ကျုပ်ရဲ့အစား
ကိုယ်စားခံသွားတာကိုကြီးတိုးရဲ့”.

ရှင်ညိုက ဝမ်းနည်းသံလေးဖြင့် ပြောရှာတော့
မောင်တိုးကလည်းသက်ပြင်းချသည်။

“ငါတို့ဘယ်လိုဆက်လုပ်ကြမလဲရှင်ညို…
အဘွားအခုလိုဖြစ်သွားတာ ငါတော့ စိတ်ဓာတ်ကို
ကျသွားတာပဲဟာ…”

“ဒါနဲ့ ကျုပ်ကိုဝင်ပူးကပ်တဲ့မိန်းမရဲ့အကြောင်းကိုရော
ကိုကြီးတိုးတို့သိခဲ့ပြီလား”

“အေး…သိထားပြီရှင်ညို”

မောင်တိုးစကားကြောင့် ရှင်ညို ဘွားမယ်စိန်ကို
လှမ်းကြည့်သည်။
ဘွားမယ်စိန်က သူတို့ကို ဂရုမစိုက်ဟန်ဖြင့်
ထမင်းနဲ့ဟင်းများကို အားပါးတရစား​သောက်ပြီးမှ
အိမ်ပေါ်ကို ပြန်တက်သွားလေသည်။

“အဘွားကို သူထိန်းချုပ်ထားတယ်ကိုကြီးတိုး…
ကျုပ်တုန်းကလည်း ပြောချင်တဲ့စကားကိုပြောမရအောင်အထိ အပိတ်ပင်ခံထားရတာ…”

“ဟုတ်မယ်ထင်တယ်…အဲ့တာကြောင့်လည်း
ဘွားက ငါတို့ကိုဘာမှပြန်မပြောနိုင်ပုံပဲရှင်ညိုရယ်…”

“ကျုပ်ကို အဲ့သည်မိန်းမအကြောင်းပြောပြစမ်းပါကိုကြီးတိုးရယ်…ကျုပ်သိချင်လွန်းလို့ပါ”

ရှင်ညိုရဲ့ကုတင်နံဘေးကို မောင်တိုးနဲ့မောင်အုန်းတို့က
ဝင်ထိုင်လိုက်ကြသည်။
အရီးအေးမိကတော့ ပန်းကန်များသိမ်းဆည်းဆေးကြောဖို့ အလုပ်များနေခဲ့၏။

“ဒီလိုဟ…ရွာကျောင်းကသက်တော်ရဆရာတော်ကြီးက
ငါတို့ကိုပြောပြလိုက်တယ်…ဆရာတော်ကြီးပြောပုံအရတော့ ဒီကိစ္စကနင်အဘွားရဲ့အမေ ဒေါ်ဆင့်လက်ထပ်က
ကိစ္စပဲရှင်ညို…”

မောင်တိုးက သူတို့သိလာခဲ့တဲ့ စမ်းကြည်ရဲ့ဘဝအ​ကြောင်းကို ရှင်ညိုအားပြောပြတော့သည်။

“စမ်းကြည်…ဟဲ့စမ်းကြည်…”

“ရှင်…မမလေး…”

“ဒီကိုလာစမ်းပါစမ်းကြည်ရယ်…
ဒီမှာလေ…ငါနင့်အတွက်လက်ဆောင်ပေးချင်လို့ဟ”

“ဘာလက်ဆောင်လဲဟင် မမလေး…”

“ဒီမှာလေ နင့်အတွက်…ဒါလေးက နင်နဲ့ဆိုရင်
သိပ်လိုက်မှာဟ…”

“ထဘီလေးနဲ့ အင်္ကျီလေးကလှလိုက်တာနော်မမလေး…
မြစိမ်းရောင်လေးပဲနော်…”

“ဟုတ်ပါ့…ဘယ့်နဲ့လဲနင်ကြိုက်ရဲ့လား”

“ကြိုက်တာပေါ့မမလေးရယ်…မမလေးကို ကျုပ်ကျေးဇူးတင်လိုက်တာတော်…”

“ကြိုက်ရင်ယူသွားလိုက်စမ်းကြည်…
ငါ့အမေမမြင်စေနဲ့နော်…ငါဒီဝမ်းဆက်ကိုတစ်ခါပဲဝတ်ရသေးတာ…တော်နေကျရင်အမေကနင့်ကိုပေးလို့ဆိုပြီး
ငါ့ကိုဆူနေဦးမယ်ဟဲ့…”

“ဟုတ်ကဲ့ပါမမလေး…သူဌေးကတော်မမြင်စေရပါဘူး
စိတ်ချနော်…”

စမ်းကြည်က မရှိန်တို့အိမ်ရဲ့ လက်တို
လက်တောင်းခိုင်းဖို့ခေါ်ထားခံရသူဖြစ်သည်။
စမ်းကြည်၌ကလည်း မိဘများမရှိတော့၍ ချမ်းသာတဲ့
မရှိန်တို့က ခေါ်ယူကျွေးမွေးစောင့်ရှောက်ခဲ့ခြင်းဖြစ်၏။

“စမ်းကြည်…”

“ပြော…ကိုဝေ…”

“ငါနင့်ကိုအရမ်းချစ်တယ်ဟာ…နင်ငါ့ကိုချစ်ရင်ငါတို့လက်ထပ်ကြစို့စမ်းကြည်…ငါကငွေမရှိပေမယ့်လို့
ကန်တော့ပွဲရွက်ပြီး နင့်ကိုလူကြီးဆုံရာနဲ့
လာတောင်းနိုင်ပါတယ်ဟ…”

“ဘယ်ဖြစ်မလဲ ကိုဝေရယ်…
ကျုပ်က မရှိန်တို့အိမ်မှာခိုကပ်နေရတဲ့သူလေ…
အဲ့ဒီတော့ အခုလိုငယ်ငယ်ရွယ်ရွယ်နဲ့များ
ယောက်ျားယူလိုက်ရင်ကျုပ်ကို ဝိုင်းအပြစ်ပြောမယ့်လူတွေချည်းပဲတော့်”

“နင်ကလည်းဟာ…မဆိုင်တာတွေတွေးနေသေးတယ်…
ယောက်ျားယူပြီးရင် ယောက်ျားလုပ်စာပဲစားတော့ပေါ့ဟ…သူတို့နဲ့ပတ်သတ်စရာလည်းမလိုတော့ဘူး​လေဟာ…”

“ကျုပ်က တော့်ကိုချစ်ပါတယ်…
ဒါပေမယ့် ကျုပ်လည်းမရှိန်လို အဝတ်အစားလှလှလေးဝတ်ပြီး လှလှပပလေးနေဖူးချင်တယ်…
နောက်ပြီးလေ မရှိန်အမေဝယ်ပေးတဲ့ မျက်နှာချေတို့
ဘာတို့လည်းသုံးဖူးချင်သေးတယ်တော့်”

“ဟ…ဟိုကသူဌေးသမီးလေ စမ်းကြည်ရဲ့…
ကိုယ်နဲ့ဆိုင်ရာဆိုင်ရာကိုသာ တမ်းတစမ်းပါ
စမ်းကြည်ရာ…”

“ကျုပ်က အဲ့တာကြောင့်တော်နဲ့မယူနိုင်ဘူးလို့ပြောတာပေါ့…ကျုပ်သာချမ်းသာတဲ့သူနဲ့ယူခဲ့ရင်
ကျုပ်နေချင်သလို နေရမှာ ကိုဝေရဲ့”

“စမ်းကြည်…နင်က အမြင့်ကိုတော်တော်မျှော်မှန်းလွန်းတာပဲစမ်းကြည်ရဲ့…ဒူးနေရာဒူး…တော်နေရာတော်ဆိုတာ
ရှိတယ်ဟ… ငါပြောတာနားထောင်စမ်းပါ စမ်းကြည်ရာ…
ငါနဲ့ယူပြီးရင်လည်း မချမ်းသာပေမယ့်
မဆင်းရဲအောင်တော့ငါရှာကျွေးနိုင်ပါတယ်ဟာ…”

“တော်စမ်းပါ ကိုဝေရယ်…
ကျုပ်က တော့်အမေအိုကြီးနဲ့တော့ ထမင်းရည်ကို
ပြိုင်မသောက်ချင်ပါဘူးတော်…ကဲ…ကဲ…ကျုပ်ပြန်တော့မယ်”

“စမ်းကြည်…စမ်းကြည်…နေဦးလေဟာ…
ဟေ့ စမ်းကြည်…”

စမ်းကြည်က ရေအိုးကို ရွက်၍ နေရာမှထွက်သွားတော့သည်။

ဖိုးဝေတစ်ယောက်ကတော့ စမ်းကြည်ကိုလှမ်းကြည့်ပြီး
သက်ပြင်းကိုချ၍ကျန်နေခဲ့တော့သည်။

စမ်းကြည်ကလည်း မရှိန်ကိုအလွန်အားကျနေယုံမက
မရှိန်ကဲ့သို့ နေထိုင်ဝတ်စားချင်စိတ်များက
စမ်းကြည်ရဲ့စိတ်ထဲတား၍မရအောင်ဖြစ်နေခဲ့သည်။
မရှိန်ကလည်း သူဌေးကတော် ဒေါ်ဆင့်နဲ့ သူဌေးကြီးဦးကြွယ်တို့ရဲ့တစ်ဦးတည်းသောသမီးပီပီ ရုပ်ရည်ကလည်း
လှပရှာသည်။
စမ်းကြည်အပေါ်၌ ညီမလေးတစ်ယောက်ဖွယ်ကောင်းမွန်ပေးတဲ့ မရှိန်ကို စမ်းကြည်က ချစ်တဲ့စိတ်ထက်
မနာလိုစိတ်များကသာ ​ကိန်းအောင်းနေခဲ့သည်။

“စမ်းကြည်…”

“ဟော…အစ်ကို…….ရောက်လာပြီလား”

“အေး…ဒါနဲ့စမ်းကြည်…နင့်မမလေးကော အိမ်မှာရှိလား”

“သြော်…အစ်မရှိန်လား…စောစောကပဲ ရွာထဲကို
ထွက်သွားတယ်လေ”

“ဟော…ဒီတစ်ခါလည်းလွဲပြန်ပြီလားဟာ…
ကဲ…အဲ့တာဆိုရင်လည်းငါ့ကိုကူညီပါဦးစမ်းကြည်ရယ်…
ဒီစာလေးကို နင့်မမလေးကိုပေးပေးစမ်းပါဟာ…နော်…
နင့်ကိုမုန့်ဖိုးပေးပါ့မယ်ဟာ…ငါ့ကိုကူညီပေးပါနော်စမ်းကြည်”

“ကျုပ် မုန့်ဖိုးမလိုချင်ပါဘူး…ပေး​…ပေး…
ကျုပ်ပေးလိုက်မယ်”

သူဌေးသားအောင်မင်းက မရှိန်ကို ပိုးပန်းဖို့အတွက်
မကြာခဏဆိုသလိုအိမ်ကိုရောက်လာတတ်သည်။
အောင်မင်းကစမ်းကြည်ကိုမျက်လုံးထဲမရှိသလောက်
စမ်းကြည်ကတော့အောင်မင်းလာလျှင် အရေးတယူပင်စကားလက်ခံပြောတတ်သည်။
ယခုလည်း အောင်မင်းပေးခဲ့တဲ့စာရွက်လေးကို
ခါးကြား၌ထိုးပြီးအိမ်အပေါ်ထပ်ကိုတက်ဖို့ပြင်လေတော့
သူ့အားမျက်စိဒေါက်ထောက်ကြည့်နေတဲ့ သူဌေးကတော်
ဒေါ်ဆင့်နဲ့ဆုံလေသည်။

“ဟဲ့ စမ်းကြည်…နင့်မမလေးအိမ်ပေါ်မှာရှိတယ်မဟုတ်လား”

“ဟုတ် မမလေးအိမ်ပေါ်မှာရှိပါတယ်သူဌေးကတော်…
ကျုပ်သွားခေါ်ပေးရမလားဟင်”

“နေစမ်းပါဦး…နင့်မမလေးအိမ်ပေါ်မှာရှိရဲ့သားနဲ့
နင်ကဘာလို့မောင်အောင်မင်းကို လိမ်လိုက်ရတာလဲ”

“အဲ့တာက အဲ့တာကလေ……”

“အမေ…ကျုပ်မှာထားလို့စမ်းကြည်ကလိမ်လိုက်တာပါ”

“သေချာလို့လားသမီး…စမ်းကြည်ကိုကာကွယ်နေတာတော့မဟုတ်ပါဘူးနော်…”

သူဌေးကတော် ဒေါ်ဆင့်က စမ်းကြည်ကိုမယုံသင်္ကာဖြင့်
မေးနေချိန် မရှိန်ရောက်လာပြီး စမ်းကြည်ဘက်မှ
ကာကွယ်၍ ပြောပေးရှာသည်။

“သေချာပါတယ်အမေရယ်…ကျုပ်မှာထားလို့ပါ”

သူဌေးကတော်ရဲ့မျက်လုံးများက စမ်းကြည်အပေါ်
သင်္ကာမကင်းဖြစ်လို့နေခဲ့သည်။

“အေး…မိရှိန် ညည်းမှာထားတယ်ဆိုရင်တော့
ပြီးတာပဲအေ…
ဒါပေမယ့်စမ်းကြည် ညည်း နောက်ကိုဆင်ခြင်နော်…
ငါ့သမီးခိုင်းမှလုပ်…မခိုင်းတာဆိုရင်
ညည်းသဘောနဲ့ညည်းလုပ်ဖို့မကြိုးစားနဲ့…
ငါပြောတာကြားသလား”

“ဟုတ်ကဲ့ပါသူဌေးကတော်…စမ်းကြည်နားထောင်ပါ့မယ်”

သူဌေးကတော်ဒေါ်ဆင့်အနားမှထွက်သွားတော့
စမ်းကြည်နဲ့မရှိန်တို့သာကျန်ရစ်ခဲ့ကြသည်။

“မမလေး…ကျုပ်မှားပါတယ်…
မမလေးက သူ့ကိုသဘောမကျဘူးထင်လို့
ကိုယ့်သဘောနဲ့ကိုယ်ပြောလိုက်မိတာပါမမလေးရယ်…”

“အေးပါစမ်းကြည်ရယ်…ငါနားလည်ပါတယ်…
ဒါပေမယ့် အမေကတော့နင့်က်ိုမယုံကြည်လောက်ဘူး
နောက်ကို ငါမခိုင်းဘဲဘာမှမပြောတော့နဲ့နော် စမ်းကြည်”

“ဟုတ်ကဲ့မမလေး…”

မရှိန်အနားမှထွက်သွားလေတော့ မရှိန်ရဲ့ကျောပြင်
ကိုလှမ်းကြည့်နေတဲ့ စမ်းကြည်ရဲ့မျက်ဝန်းများက
မကျေနပ်မှုများပါဝင်နေခဲ့သည်။

“အစ်မကိုကျုပ်ပြောသားပဲ…
အခုတော့ နေမကောင်းထိုင်မကောင်းဖြစ်ပြီမဟုတ်လား…
အဲ့သည်ကောင်မလေး က ပညာတတ်တယ်…
သူအတူနေခဲ့တဲ့သူ့အဘွားကလည်း အောက်လမ်းတတ်တယ်လို့ပြောကြတယ်…သူလည်းပဲ သူ့အဘွားဆီက
သင်ခဲ့ပုံရတယ်နော်…အခုပဲကြည့်ဦးလေ…အစ်မသူ့ကို
ဆူငေါက်လိုက်ပြီဆိုတာနဲ့နော​က်ရက် အိပ်ရာထဲ
လဲတော့တာပဲ…”

“ဟုတ်ပါ့မလား အေ…
အေးသင်း…ကောင်မလေးကြားသွားရင်မကောင်းဘူးအေ့”

“အို…ကြားကြားတော်…
သူတတ်လို့ တတ်တယ်လို့​ပြောတာဘာနာစရာရှိလဲ…
ဒီကောင်မလေးကို ကြာကြာဆက်ထားနေရင်
အစ်မတို့ပဲ ထိမှာနော်…
သူ့ကို သင့်တော်တဲ့သူရှာပြီး အိမ်ထောင်ချပေးလိုက်ပါလားအစ်မရယ်…”

သူဌေးဦးကြွယ်ရဲ့ညီမ မအေးသင်းက သူဌေးကတော်ကို.စမ်းကြည်ကိစ္စအကြံပေးလေသည်။
ထိုစကားများကို အခန်းအပြင်၌ရှိနေတဲ့ စမ်းကြည်က
ကြားသွားပြီ ဒေါသဖြင့် အံကို ကြိတ်ထားလိုက်သည်။
မအေးသင်းပြောလည်းပြောစရာဖြစ်နေသည်။
သူဌေးကတော်ခမျာ စမ်းကြည်ကို ဆူဆုံးမပြီးနောက်ရက်များ၌ ဖျားနာတတ်သည်က တိုက်ဆိုင်တာထက်ပင်
ကျော်လွန်နေပြီဖြစ်သည်။

သူဌေးကတော်ကလည်း စမ်းကြည်အကြောင်းများ
သေချာစုံစမ်းပြီးနောက် ဖိုးဝေနဲ့စမ်းကြည်ကို
မင်္ဂလာဆောင်ပေးရှာသည်။
စမ်းကြည်မှာတော့ ငြင်းရခက်၍သာ သဘောတူ
လက်ခံရသည် စိတ်ထဲ၌တော့ မကျေမနပ်ဖြစ်နေခဲ့၏။

“စမ်းကြည်…ညည်းက အိမ်ထောင်ကျသွားပြီဆိုပေမယ့်
ငါ့ဆီကိုတော့မကြာမကြာလာခဲ့နော်…”

“ဟုတ်ကဲ့… ကျုပ်လာခဲ့ပါ့မယ်မမလေး”

မင်္ဂလာဆောင်ရလို့ စမ်းကြည်မပျော်ပေမယ့် ဖိုးဝေကတော့အတော်လေးပျော်နေရှာသည်။
စမ်းကြည်ကိုလည်း ဖိုးဝေက ဂရုစိုက်ပေးရှာ၏။
နေ့စဥ်သူများလယ်တောအလုပ်၌ မမောနိုင် မပန်းနိုင်
လုပ်ကိုင်နေရှာတဲ့ဖိုးဝေကို စမ်းကြည်နည်းနည်းမျှပင်မသနားပေ။လိုချင်တာရှိရင်ရအောင် ဝယ်ပေးခိုင်းတဲ့
စမ်းကြည်ကို ဖိုးဝေရဲ့အမေအိုကြီးက သဘောမကျပေ။

“အဘွားကြီး…စကားမများနဲ့….
ကျုပ်ဘာကောင်မလဲ တော်ကြီးသိသွားချင်သလား…
အသက်ရှည်ရှည်နေချင်ရင် ကျုပ်ကို စကားလာမများစမ်းနဲ့”

စမ်းကြည်က ဖိုးဝေမရှိတဲ့အခိုက် အမေအိုကြီးကို
အနိုင်ကျင့်တတ်သည်။
အမေအိုကြီးခမျာလည်း သားစိတ်ဆင်းရဲမည်ကိုစိုးပြီး
ချွေးမဖြစ်သူ စမ်းကြည်ကို သည်းခံရှာသည်။

တစ်ရက်၌တော့ အမေအိုကြီးခမျာ စားချင်စိတ်အာသီသကို ထိန်းမရတဲ့အဆုံး…

“သားရယ်…အမေတော့ ကြက်သားဟင်းလေးစားချင်လိုက်တာ မစားရတာလည်းကြာလှပြီကွယ်”

“အမေစားချင်ရင် အမေ့ချွေးမကိုသားချက်ပေးခိုင်းပါ့မယ်အမေ…သားလည်းအရင်ကထက်အလုပ်ကြိုးစားနေတာဆိုတော့ အမေတို့စားချင်တာကိုသားကျွေးနိုင်ပါတယ်အမေရယ်…”

“စမ်းကြည်ကိုတော့မပြောပါနဲ့ငါ့သားရယ်…
အမေ…အမေသူ့ကိုအားနာလို့ပါ”

“ဟာဗျာ…ဘာအားနာစရာရှိလို့လဲအမေရဲ့…
ကျုပ်သေချာပြောပါ့မယ်…အမေစားချင်တဲ့ဟင်းလေးစားရရင် အမေလည်းစိတ်ချမ်းသာရမှာမလား”

ဖိုးဝေစကား​ကြောင့်အမေအိုကြီးက
ဆက်တားမနေတော့ဘဲခေါင်းညိတ်လိုက်ရှာသည်။

“မိန်းမရေ…အမေက ကြက်သားဟင်းလေးစားချင်လို့တဲ့
အဲ့တာလေး သေချာချက်ကျွေးစမ်းပါမိန်းမရာ…
အမေက လူကြီးဆိုတော့ တော်တန်ဟင်းကို အရသာ
မတွေ့တော့ဘူး…အဲ့တာကြောင့်သူစားချင်တာလေး
ရအောင်ချက်ကျွေးစမ်းပါကွာ…”

“ဟုတ်ကဲ့ပါတော် ကျုပ်ချက်ကျွေးလိုက်ပါ့မယ်”

နှုတ်က ထိုသို့ဖြေနေသော်လည်း စမ်းကြည်ရဲ့
စိတ်ထဲတော့ အမေအိုကြီးကို ငြိုးထားလေသည်။

“ဒီလောက်တောင် ဟင်းကောင်းစားချင်တဲ့အဘွားကြီး
ငါ့အကြောင်းသိရသေးတာပေါ့”

နောက်ရက်သို့ရောက်တော့ အမေအိုကြီးအတွက်
ကြက်သားဟင်းကို စမ်းကြည်က ချက်ပေးသည်။
အမေအိုကြီးထမင်းစားခါနီးအချိန်၌ကြက်သားပန်းကန်လေးကိုကိုင်ပြီး စမ်းကြည်အနားကိုရောက်လာခဲ့သည်။

“ဒီမှာ အမေအရမ်းစားချင်တဲ့ ကြက်သားဟင်းလေး
ကျုပ်ချက်ထားတယ်အမေ…”

စမ်းကြည်ရဲ့ချိုသာတဲ့စကားကြောင့် အမေအိုကြီး
ကြောင်အမ်းသွားသည်။

“အမေ…ဘာတွေငေးနေတာလဲ…
ကြက်သားဟင်းလေးထည့်စားလေအမေရဲ့”

“အေးပါ…အေးပါသမီး…
အမေထည့်စားမယ်နော်…”

“စား…စား…အမေ…ကျုပ်အမေ့ကိုဟင်းကောင်းလေး
ကျွေးချင်နေတာ…အခုမှပဲကျွေးရတော့မယ်အမေရယ်”

စမ်းကြည်က အမေအိုကြီးရဲ့ထမင်းပန်းကန်ထဲကို
ကြက်သားဟင်းလေးထည့်ပေးလိုက်ရှာသည်။
အမေအိုကြီးခမျာလည်း စမ်းကြည်ရဲ့ပြောင်းလဲလာမှုကြောင့်ဝမ်းသာသွားပြီးကြက်သားဟင်းနဲ့ထမင်းများ
ကိုလည်းအားပါးတရစားရှာတော့သည်။
တစ်ရက်မျှကြာပြီနောက် အမေအိုကြီးဆုံးပါးသွားခဲ့၏။

“အမေ…ဘယ်လိုဖြစ်ရတာလဲအမေရာ…
စမ်းကြည်…မိန်းမ အမေဘယ်လို​ဖြစ်ရတာလဲကွာ…”

ရုတ်တရက်ဆုံးပါးသွားသော အမေအိုကြီးကြောင့်
ဖိုးဝေခမျာ ဖြေမဆည်နိုင်အောင်ဖြစ်နေခဲ့သည်။

“ကျုပ်လည်းမသိတော့ပါဘူးကိုဝေရယ်…
မနေ့က အမေစားချင်တဲ့ကြက်သားဟင်းလေးတောင်
သေချာချက်ပြုတ် ကျွေးမွေးခဲ့ပါသေးတယ်တော်…”

စမ်းကြည်က မျက်ရည်ရွဲလဲဖြင့်ပြောနေသော်လည်း
ခြံနီးချင်းများကတော့စမ်းကြည်ကို မုန်းနေခဲ့ကြသည်။

“အဲ့သည်ကောင်မက စုန်းမအေ့…
အဘွားကြီးကို ဆူလိုက်ဆဲလိုက်နဲ့ အမျိုးမျိုး
ဒုက္ခပေးနေတာ…အခုလည်းကြည့်စမ်း ဖိုးဝေအမြင်ကျ
သူ့မယားက သူတော်ကောင်းဟဲ့…အဘွားကြီးသေတာလည်း သူ့ကြောင့်ပဲ ဖြစ်ရမယ်”

“ဟုတ်လောက်မယ်…အဲ့ကောင်မက အောက်လမ်းတွေဘာတွေတက်ပုံရတယ်…ဒင်းကြည့်ရတာ
ငါတော့မကြိုက်လှဘူး”

စမ်းကြည်ရဲ့ကွယ်ရာ၌ ရွာသူတို့က အမျိုးမျိူး
ပြောလာခဲ့ကြသည်။
သူတို့ပြောသမျှကိုသိသော်လည်း စမ်းကြည်က စိတ်ထဲ၌သာ တေးမှတ်ထားခဲ့၏။

အမေအိုကြီးမရှိတော့တဲ့နောက် ဖိုးဝေကလယ်တောအလုပ်နဲ့ အိမ်၌မရှိသည်က များသည်။
စမ်းကြည်ကလည်း မရှိန်တို့အိမ်သို့ အမြဲတစေလိုလို
သွားလည်တတ်လေသည်။

“သမီး…မိရှိန်…”

“ရှင်အမေ…”

“ဒီကိုလာခဲ့ဦး…အမေငါ့သမီးကိုပေးစရာရှိတယ်အေ့”

“ဟုတ်ကဲ့အမေ”

ထိုအချိန်ကမရှိန်တစ်ယောက် မိဘများပေးစားတဲ့
ကိုသြ ဆိုတဲ့သူနဲ့ယူခါနီးအချိန်ဖြစ်လေသည်။

“သမီး…”

“ရှင်အမေ…”

“ဒီမှာ…ရော့…ဒါလေးကို ညည်းသေချာဖွင့်ကြည့်စမ်း”

“ဘာလေးလဲအမေ”

ဒေါ်ဆင့်က သမီးဖြစ်သူလက်ထဲကို ယွန်းဘူးလေး
ထည့်ပေးလိုက်သည်။
မရှိန်ကလည်း ယွန်းဘူးလေးကို ကိုင်ကြည့်ပြီး
မေးလိုက်တော့…

“ဖွင့်ကြည့်ဦးလေ သမီးရဲ့…
ဒါက အမေတို့ ဘိုးဘွားတွေရဲ့အမွေပစ္စည်းပဲသမီး…
သမီးလည်း မောင်သြနဲ့ မင်္ဂလာဆောင်တော့မယ်ဆိုတော့ အမေကလည်း သမီးကို ဒီပစ္စည်းလေးပေးလိုက်ချင်ပြီကွယ်…”

မရှိန် ဖွင့်ကြည့်လိုက်တော့ ယွန်းဘူးလေးထဲ၌
ရွှေလက်ကောက်လေးတစ်ကွင်းကိုတွေ့လိုက်ရသည်။

“အမေ…လက်ကောက်လေးက လှလိုက်တာအမေရယ်”

မြွေတစ်ကောင်ကသူ့ရဲ့အမြီးကိုပါးစပ်ထဲ၌
ငုံထားဟန် ထွင်းထားတဲ့လက်ကောက်လေးက မျက်လုံး၌လည်း ပတ္တမြားနှစ်လုံးနေရာယူထားသည့်မို့
မရှိန်မှာ သဘောအကျကြီးကျနေခဲ့သည်။

“သမီးသဘောကျရဲ့လား…”

“ဟုတ်အမေ…သမီးသဘောကျပါတယ်…”

“သမီးသဘောကျတယ်ဆိုရင်…တစ်ခါထဲဝတ်ထားလိုက်တော့လေ…အမေ့သမီးလေးနဲ့ဆိုသိပ်လိုက်မှာ…”

“ဟုတ်ကဲ့အမေ”

မရှိန်က လက်ကောက်လေးကို ဝတ်ကြည့်သည်။

“ကျုပ်တော့အတော်လေးသဘောကျမိတယ်အမေ”

“အမေပြောသားပဲအေ
ဒီလက်ကောက်လေးက သမီးနဲ့မှလိုက်ဖက်တာ”

ဒေါ်ဆင့်က သမီးဖြစ်သူကို ချီးမွှန်းနေခဲ့သလို
မရှိန်ကလည်း လက်ကောက်လေးကို အတော်လေးသဘောကျနေခဲ့သည်။

“အဲ့သည်လက်ကောက်ကို ငါဝတ်ကြည့်ရရင်
သိပ်ကောင်းမှာပဲ…လက်ကောက်လေးက လှလိုက်တာ”

ဟုပြောသူမှာတံခါးအကွယ်မှချောင်းကြည့်နေတဲ့ စမ်းကြည်ပင်ဖြစ်သည်။

“ငါဝတ်လိုက်ရင်လည်းသိပ်ကို လှသွားမယ်ထင်တယ်…
ငါလိုချင်လိုက်တာ”

စမ်းကြည်တစ်ယောက် မရှိန်လက်၌ဝတ်ဆင်ထားတဲ့
လက်ကောက်လေးကို လိုချင်တပ်မက်စိတ်များတဖွားဖွားဖြစ်လာခဲ့သည်။မရှိန်တို့သားအမိသူ့အား မြင်မသွားခင် စမ်းကြည်တစ်ယောက်အိမ်သို့တန်းပြန်လာခဲ့တော့၏။

မရှိန်တို့အိမ်မှပြန်လာပြီးနောက်စမ်းကြည်စိတ်ထဲ
ရွှေလက်ကောက်လေးကိုသာမြင်ယောင်လို့နေခဲ့သ​ည်။
လက်ကောက်လေးအပေါ်၌ တပ်မက်စိတ်များက
စမ်းကြည်ကို စားရခက် နေရခက် အိပ်ရခက်အထိ
ဖြစ်လာခဲ့စေသည်။

“မဖြစ်တော့ဘူး…ဒါဒီလက်ကောက်ကို
ရမှာဖြစ်တော့မယ်…”

စမ်းကြည်သည် မရှိန်တို့အိမ်ဆီသို့ ထွက်လာခဲ့၏။

“မမလေး…မမလေးရှိလား”

“စမ်းကြည်…ငါ ဒီမှာရေချိုးနေတယ်…”

“ဟော…မမလေးတစ်ယောက်ထဲလား…
သူဌေးကတော်တို့ရော အိမ်မှာမရှိဘူးလား…”

“အမေတို့က ဘုန်းကြီးကျောင်းကိုသွားတယ်
စမ်းကြည်ရဲ့…စမ်းကြည်လာတာနဲ့အတော်ပဲ…
အခန်းထဲက.တဘက်လေးသွားယူပေးပါလားစမ်းကြည်ရယ်…ငါမေ့ခဲ့လို့ပါဟယ်”

“ဟုတ်ကဲ့မမလေး…ကျုပ်သွားယူပေးပါ့မယ်”

မရှိန်က တဘက်ယူခိုင်းလေတော့…
စမ်းကြည်သည် မရှိန်ရဲ့အခန်းထဲကိုဝင်လာခဲ့၏။
တဘက်ယူပြီးနောက် အခန်းထဲကို ဟိုသည်ကြည့်နေရင်း

“ဟင်…လက်ကောက်လေးပဲ…”

ကုတင်နံဘေးမှာချထားတဲ့ လက်ကောက်လေးကို
စမ်းကြည် ဝမ်းသာအားရ လှမ်းယူလိုက်သည်။
လက်ကောက်လေးကို သူ့ရဲ့လက်မှာဝတ်ဆင်ထားရင်း
စမ်းကြည် အလွန်အမင်းသဘောကျနေခဲ့၏။

“စမ်းကြည်ရေ…မလာသေးဘူးလား”

“လာပြီ…လာပြီမမလေး”

မရှိန်ရဲ့ခေါ်သံကြောင့် စမ်းကြည်တစ်ယောက်
လက်ကောက်ကို ချက်ချင်းချွတ်ပြီး ခါးကြား၌
ဖွက်ကာယူလိုက်သည်။

“မမလေး…ဒီမှာတဘက်…
ကျုပ်အိမ်မှာအဝတ်တွေလျှော်ဖွတ်ဖို့ရှိလို့
ပြန်တော့မယ်နော်မမလေး”

“စမ်းကြည်ရယ်…ညည်းကလည်း
ချက်ချင်းပါလားအေ့…ဘယ်လိုဖြစ်ရတာလဲ”

“ကျုပ်အခုမှသတိရသွားလို့ပါမမလေးရယ်…
ကျုပ်ပြန်တော့မယ်နော်…”

“စမ်းကြည်တို့ကတော့ဖြစ်တတ်ပါ့အေ”

ပျာပျာသလဲ ပြန်သွားတဲ့စမ်းကြည်ကိုကြည့်ပြီး
မရှိန်ပြုံးလိုက်သည်။

စမ်းကြည်ကတော့အိမ်ကိုသာခပ်သွက်သွက်ပြန်လာခဲ့၏။
တစ်ရက်သာကုန်ဆုံးသွားသည် မရှိန်သည်က
သူ့ရဲ့လက်ကောက်ပျောက်ဆုံးနေသည်ကို
သတိမထားမိသေးပေ။
စမ်းကြည်ကလည်း ခိုးယူလာတဲ့လက်ကောက်ကို
ဖိုးဝေ အိပ်ပျော်နေချိန်၌ တိတ်တဆိတ်ဝတ်ကြည့်ပြန်သည်။
လက်ကောက်လေးကို ဝတ်ဆင်ထားရသည်ကို
စမ်းကြည်သဘောကျ၍ ပြုံးနေခဲ့၏။

“စမ်းကြည်…နင်မအိပ်သေးဘူးလား”

“ကျုပ်အိပ်တော့မှာပါ…ဒါနဲ့တော်ကအိပ်နေပြီမဟုတ်ဘူးလား”

“အိပ်နေပြီလေ…တစ်ရေးတောင်နိုးပေါ့ကွ…
ဒါနဲ့နင့်လက်က ဘာကြီးလဲစမ်းကြည်”

ဖိုးဝေ တစ်ရေးနိုးတာကို စမ်းကြည်မသိလိုက်၍
လူမိသွားသည့်အလားတုန်လှုပ်နေခဲ့သည်။

“ဘာမှမဟုတ်ပါဘူးတော်…”

“နေစမ်းပါဦးဟ…ဒါ လက်ကောက်ကြီးမဟုတ်ဘူးလား
ငါ့ကိုပြစမ်း စမ်းကြည်…”

ဖိုးဝေက ဖုံးကွယ်ထားတဲ့စမ်းကြည်ရဲ့လက်ကို ဆွဲယူကာကြည့်ရင်း မေးလေတော့သည်။

“ဒါဘယ်သူ့ဟာလဲစမ်းကြည်…ငါမသိအောင်
နင်ဘာတွေလုပ်ထားပြန်တာလဲဟာ…”

“ဒါကျုပ်ဟာမို့ ကျုပ်ဝတ်ထားတာပေါ့တော်…”.

“မဟုတ်သေးဘူးနော်စမ်းကြည်…
ဒီလက်ကောက်က ဘယ်နည်းနဲ့မှ နင့်ဟာမဖြစ်နိုင်ဘူး…
ငါ့ကိုတော့မှန်မှန်ဖြေပါစမ်းကြည်ရာ…
နင်ဒီလက်ကောက်ကိုဘယ်ကရလာတာလဲ”

“ကျုပ်ဟာပါလို့တော့်ကိုပြောပြီးပြီ​လေ…
ဒါ ကျုပ်ပိုင်တဲ့ဟာ..
ကျုပ်အဘွားကိုယ်တိုင်ကျုပ်ကို ပေးခဲ့တဲ့ဟာ
ကိုဝေရဲ့”

“သေချာလို့လားစမ်းကြည်…”

“သေချာပါတယ်တော်…”

ဖိုးဝေမှာစမ်းကြည်စကားကိုမယုံပေ။
ဒါပေမယ့် စမ်းကြည်ကလည်းအခိုင်အမာပြောနေတာကြောင့် ဖိုးဝေမှာ ဆက်မမေးတော့ပေ။

နောက်တစ်နေ့နံနက်ရောက်တော့ ဖိုးဝေတို့လို
ကောက်စိုက်၊ပျိုးနှုတ်လုပ်ကိုင်သူတို့အား သူဌေးဦးကြွယ်နဲ့ သူဌေးကတော်ဒေါ်ဆင့်တို့က အိမ်သို့ခေါ်ထား၍
သွားကြရသည်။
စမ်းကြည်ကတော့ အိမ်၌သာကျန်ရစ်ခဲ့၏။

“ကဲ…အားလုံးကိုခေါ်ရတာကတော့
ကျုပ်သမီးမင်္ဂလာဆောင်မှာဝိုင်းကူလုပ်ပေးကြဖို့နဲ့
ကျုပ်သမီးမင်္ဂလာဆောင်မှာဝိုင်းကူတဲ့
ကျုပ်ရဲ့အလုပ်သမားတွေကိုလည်း တစ်ယောက်ကို
ဆန်တစ်တင်းဆီ ပေးသွားမယ့်အကြောင်းခေါ်ပြောရခြင်းဖြစ်ပါတယ်”

“ဟုတ်တယ်ကွဲ့…တို့တွေက မင်္ဂလာယူမယ့်အချိန်ဆိုတော့
မင်းတို့အားလုံးကိုလည်း ပြန်ပြီး မင်္ဂလာမျှတဲ့သဘောပေါ့ကွယ်…”

“သူဌေးနဲ့သူဌေးကတော်ကို ကျုပ်တို့ကလည်း
ကျေးဇူးတင်ပါတယ်ဗျာ…”

“အမေ….”

“ဟေ သမီး”

သူဌေးကတော်တို့လင်မယားက လယ်အလုပ်သမားတွေနဲ့စကား​ပြောနေစဥ် မရှိန်ပျာပျာသလဲရောက်လာခဲ့သည်။

“ကျုပ်…ကျုပ်လက်ကောက်ပျောက်လို့အမေ…
အမေများ တွေ့မိသေးလားဟင်”

“နေရာအထားများမှားသလားသမီးရယ်…
ညည်းသေချာရှာပြီးပြီလား”

“ကျုပ်သေချာရှာထားပါတယ်အမေရယ်…
ဘယ်မှာမှရှာလို့မတွေ့လို့ပါ”

“ဒါဆို ငါ့သမီးနောက်ဆုံးဝတ်တဲ့နေရာကိုမှတ်မိရဲ့လား…
ချွတ်ထားမိတဲ့နေရာလေးသေချာစဥ်းစားစမ်းပါဦးအေ့”

“ကျုပ်မနေ့က ရေချိုးခါနီးတုန်းက ကုတင်ပေါ်မှာ
ချွတ်တင်ထားခဲ့မိတယ်အမေ”

“ဟေ….ဒါဆိုအမေတို့ဘုန်းကြီးကျောင်းသွားတဲ့အချိန်ပေါ့…”

“ဟုတ်တယ်အမေ”

“မနေ့က ငါ့သမီးပဲအိမ်မှာကျန်ခဲ့တာဆိုတော့
အိမ်ကိုဘယ်သူများလာသွားသေးလဲ…”

“အိမ်ကိုဘယ်သူလာလဲဆိုတော့”

စဥ်းစားလို့ရသွားတော့
မရှိန်ခမျာ ဖြေဖို့တွန့်ဆုတ်သွားနေခဲ့သည်။
အလုပ်သမားများလည်းရှိတာမို့ ဖြေရခက်နေခဲ့၏။
မရှိန်လက်ကောက်ပျောက်သည်ဆိုကတည်းက
ဖိုးဝေရဲ့မျက်လုံးထဲ၌ စမ်းကြည်ဝတ်ထားသည့်လက်ကောက်ကြီးကိုသာမြင်ယောင်လာခဲ့တော့သည်။
ဖိုးဝေခမျာ မရှိန်ရဲ့လက်ကောက်ကြီးကို စမ်းကြည်ခိုးခဲ့လေသလားအတွေးများဖြင့် စိတ်များ လှုပ်ရှားလာခဲ့၏။

“ဟဲ့….မိရှိန်…မနေ့ကအိမ်ကိုဘယ်သူလာသလဲ
ညည်းသိတယ်မဟုတ်လား…ပြောစမ်း အမေတို့မရှိတုန်း
အိမ်ကိုဘယ်သူလာသွားလဲ”

“ဘယ်…ဘယ်သူမှမလာပါဘူးအမေ…”

“သေချာရဲ့လားမိရှိန်…
အဲ့သည်လက်ကောက်က အမေတို့မျိုးရိုးအစဥ်အဆက်လက်ဆင့်ကမ်းလာတဲ့ အမွေပစ္စည်းဆိုတာသမီးသိတယ်နော်…အမေကတော့အဲ့ပစ္စည်းကိုဘယ်လိုနည်းနဲ့မှ အဆုံးရှုံးခံမှာမဟုတ်ဘူးနော်…နောက်ပြီး ယူသွားတဲ့သူကိုလည်း
အမေခွင့်မလွှတ်ဘူး”

မရှိန်မှာအမေဖြစ်သူစကားကြောင့်စိတ်များရှုပ်ထွေးကာ
ခေါင်းကိုငုံ့ထားလေသည်။

“သူဌေးကတော်…သူဌေးကတော်တို့ရဲ့လက်ကောက်ကို
ယူသွားတာကျုပ်မိန်းမပါ…ကျုပ်အဲ့သည်လက်ကောက်ကို
ရအောင်ပြန်တောင်းပေးပါ့မယ်ဗျာ…
ကျုပ်မိန်းမကိုတော့ ခွင့်လွှတ်ပေးပါသူဌေးကတော်ရယ်”

ဖိုးဝေက စမ်းကြည်အပြစ်လျော့အောင် ဝန်ခံရှာသည်။

“သြော်…မိရှိန်…ညည်းက စမ်းကြည်ကိုကာကွယ်နေတာပေါ့လေ…ဟုတ်သလား…အေး…ဒီမှာမောင်ဖိုးဝေ…
အဲ့သည်ပစ္စည်းက ငါတို့အတွက်အရမ်းအရေးကြီးတဲ့ပစ္စည်း…. မင်းမိန်းမဆီက လက်ကောက်ကို
ရအောင်တောင်းပေးပါ…အဲ့သည်လိုဆိုငါတို့လည်း
ခွင့်လွှတ်သင့်ရင် ခွင့်လွှတ်ပေးမှာပေါ့ကွဲ့”

“ဟုတ်ကဲ့…ကျုပ်သေချာတောင်းပေးပါ့မယ်သူဌေးကတော်…”

“ကြာပါတယ်ကွယ် အခုပဲသွားတောင်းကြတာပေါ့”

သူဌေးကတော်ဒေါ်ဆင့်ကပြောတော့ ဖ်ိုးဝေလည်း
မငြင်းသာတော့ဘဲ စမ်းကြည်ဆီကိုခေါ်သွားခဲ့ရသည်။
အလုပ်သမားတွေရဲ့စကားကြောင့်တစ်ရွာလုံးလည်း
လက်ကောက်ကိစ္စကိုသိသွားကြပြီး နောက်မှလိုက်လာခဲ့ကြ၏။

“ဟဲ့…စမ်းကြည်…နင် မရှိန်ရဲ့လက်ကောက်ကိုခိုးထားတယ်ဆို…”

“ဘယ်သူကဘာပြောလို့ကျုပ်ကိုလာမေးနေရတာလဲ”

“နင်မညာနဲ့အခုပဲနင့်ယောက်ျားက နင်ခိုးသွားတဲ့လက်ကောက်ကို ပြန်တောင်းပေးပါ့မယ်လို့
ကတိခံထားတယ်တဲ့
သူဌေးကတော်တို့လည်းနင့်ဆီကိုလိုက်လာနေကြပြီ…
နင်လည်းသူတို့လက်ကောက်ကိုပြန်ပေးဖို့ပြင်ထားစမ်းကြည်”

“အို…မပေးပါဘူး…
လက်ကောက်က ငါ့ပစ္စည်း…ငါ့ဟာဟဲ့”

အခြေအနေကိုသိသွားတဲ့စမ်းကြည်လည်း
လက်ကောက်ကို ဝတ်၍ ထွက်ပြေးတော့သည်။

“စမ်းကြည်က ရွာအနောက်ဘက်ကိုပြေးသွားပြီဟေ့…
လိုက်ကြပါဟဲ့…သူခိုးမစမ်းကြည်ထွက်ပြေးနေပြီ…”

ရွာသူရဲ့အော်ဟစ်သံကြောင့်တစ်ရွာလုံးနီးပါး
စမ်းကြည်နောက်ကိုအပြေးလိုက်ကြသည်။
မလွှတ်တာကိုသိတဲ့အဆုံးစမ်းကြည်သည် ထနောင်းပင်ပေါ် ပြေးတက်တော့၏။

“ဆွဲချကြစမ်းဟဲ့…သူခိုးမ ဆင်းခဲ့စမ်း…”

“မလုပ်ကြပါနဲ့ဗျာ…ကျုပ်တောင်းပေးပါ့မယ်…
ကျုပ်မိန်းမကိုတော့မထိကြပါနဲ့”

ဖိုးဝေကအားလုံးကိုတားကြရှာသည်။
သို့သော်ရွာသူ၊ရွာသားများကအော်ဟစ်နေကြယုံနဲ့မပြီး သစ်ပင်ပေါ်တက်နေတဲ့စမ်းကြည်ကို ဆွဲချကြလေသည်။

“ဖယ်…ငါ့ကိုမဆွဲနဲ့ဖယ်စမ်း…”

“စမ်းကြည် ပြုတ်ကျမယ်…သတိထား….
စမ်းကြည်….မိန်းမ……..”

သစ်ပင်ပေါ်၌ ရုန်းရင်းဆန်ခတ်ဖြစ်ကာ
စမ်းကြည်တစ်ယောက်မြေပေါ်သို့ ပြုတ်ကျတော့သည်။

“ဟင်…သွေး…သွေးတွေ…
စမ်းကြည်….နင်အဆင်ပြေလား…စမ်းကြည်”

မြေပေါ်သို့ပြုတ်ကျကျခြင်း စမ်းကြည်သည်
ခေါင်းနဲ့ ကျောက်ခဲဆောင့်မိသွားခဲ့၏။
ခေါင်းဆီမှ စီးကျလာသည့်သွေးများကိုလက်ဖြင့်
ကိုင်ကြည့်ရင်း စမ်းကြည်သည်သူ့အားအသည်းအသန်
အော်ခေါ်နေသည့် မရှိန်ကို မုန်းတီးသောအကြည့်များဖြင့်
ကြည့်လေသည်။ထိုအကြည့်များနဲ့အတူ
စမ်းကြည်တစ်ယောက်နေရာ၌ပင်
အသက်ထွက်သွားခဲ့တော့သည်။

“စမ်းကြ​ည်…မိန်းမ….ဖြစ်မှဖြစ်ရလေကွာ…..
ဖြစ်မှဖြစ်ရလေစမ်းကြည်ရာ…”

ဖိုးဝေမှာ စမ်းကြည်ရဲ့အလောင်းက်ိုပွေ့ဖက်ရင်း
အော်ဟစ်ငိုယိုနေခဲ့သည်။
မရှိန်မှာလည်းစမ်းကြည်အတွက်စိတ်မကောင်းဖြစ်ရသလို
အားလုံးမှာလည်းအပြစ်မကင်းသည့်စိတ်များနဲ့
ဖိုးဝေအပေါ် အားနာနေခဲ့ကြရှာသည်။

စမ်းကြည်အလောင်းကို ဖိုးဝေက စိုက်ကြည့်နေရင်း
လက်၌ဝတ်ဆင်ထားတဲ့လက်ကောက်ကို ချွတ်ယူလိုက်သည်။

“မရှိန်…ဒီမှာ ခင်ဗျားလက်ကောက်…”

သွေးများပေကျံနေတဲ့လက်ကောက်ကို မရှိန်လက်ထဲသို့
ဖိုးဝေက ထည့်ပေးလိုက်သည်။

မရှိန်မှာလည်းစမ်းကြည်အတွက်စိတ်မကောင်းဖြစ်ကာ
လက်ကောက်ကိုပင် သေချာမကြည့်နိုင်တော့ပေ။
စမ်းကြည်ဆုံးပါးသွားပြီးတဲ့နောက် ထိုလက်ကောက်က်ို
ယွန်းဘူးလေးထဲ၌ထည့်၍ သိမ်းဆည်းထားလိုက်တော့၏။မရှိန်မှာ ထိုလက်ကောက်ရှိနေခြင်းကို
အမျိုးသားဖြစ်လာတဲ့ ကိုသြကိုပင်ပေးမပြခဲ့ဘဲသိမ်းဆည်းထားခဲ့ခြင်းဖြစ်ပေသည်။

“အကြောင်းကတော့အဲ့တာပဲဟ…
ဘိုးကြည်ပြောပြဖူးသလို အောက်လမ်းနဲ့ပြုစားလို့
ဝိုင်းသတ်တာမျိုးလည်းမဟုတ်ဘူးရှင်ညို…
ဒီလက်ကောက်အပေါ်မှာ တပ်မက်စိတ်များပြီး
မဖြစ်သင့်ပဲ ဖြစ်သွားခဲ့ရတာ…”

မောင်တိုးက စမ်းကြည်ရဲ့အဖြစ်အပျက်ကိုရှင်ညိုကို
ပြောပြသွားခဲ့သည်။

“အဲ့တာကြောင့်ထင်တယ်…ကျုပ်အဲ့သည်လက်ကောက်ကို
စဝတ်ကြည့်တော့ ကျုပ်အာရုံမှာ ကျုပ်နဲ့တူတဲ့မိန်းမတစ်ယောက်က ဝတ်ကြည့်ရင်းပြုံးနေတာကို တွေ့ခဲ့ရတာ…”

“နင်နဲ့တူတာဆိုတော့ဘွားရှိန်ပဲဖြစ်မှာပေါ့ရှင်ညို”

“နေပါဦးကွာ…ဘွားရှိန်က ဒီလက်ကောက်ကို
သူ့ယောက်ျားကိုတောင်မပြဘဲ သိမ်းထားတာဆို​တော့
ဒီလက်ကောက်က ဘယ်ကနေဘယ်လိုပြန်ပြီး
ပေါ်လာခဲ့တာလဲ…နောက်ပြီး စမ်းကြည်ရဲ့ဝိညာဥ်ကရော တစ်လျှောက်လုံးငြိမ်နေရာကဘာလို့အခုမှ ဒီလိုတွေလုပ်နေရတာလဲကွ”

“ကိုကြီးအုန်းတွေးသလိုလည်းကျုပ်လည်း
တွေးမိတယ်ဗျ…ဒီလို စွဲလမ်းတဲ့ကိစ္စတွေကို ဘွားနဲ့အတူတူဖြေရှင်းဖူးတာပဲ…
လူတွေက မသေခင်မှာစွဲမိစွဲရာ စွဲတတ်ကြတယ်မဟုတ်လား…အခုလည်းကြည့်ရတာ စမ်းကြည်က
ဒီလက်ကောက်အပေါ်အတော်စွဲလမ်းသွားပုံရတယ်…
ဘွားရှိန်ကလည်း မဝတ်တော့ဘဲ သိမ်းထားခဲ့တာလေ…
အဲ အခုမှဘာလို့ပြန်ပေါ်လာသလဲဆိုတော့…
ကျုပ်ကတော့ရှင်ညိုကြောင့်ပဲလို့ထင်မိတယ်”

“ဟ…ငါ့နှမရှင်ညိုနဲ့ဘာဆိုင်လို့လည်းကွာ…”

“ဆိုင်တာပေါ့…ရှင်ညိုကဘွားရှိန်ရဲ့တစ်ဦးတည်းသော
မြေးလေဗျာ…ဘွားရှိန်တို့မှာဘိုးဘွားအစဥ်အဆက်
လက်ဆင့်ကမ်းလာတဲ့ပစ္စည်းဆိုလို့ ဒီလက်ကောက်ပဲ
ရှိတာမဟုတ်လား…အဲ့သည်တော့ ဒီလက်ကောက်ကို
သူ့မြေးကိုပေးဖို့ ပြန်ထုတ်မိတော့ စမ်းကြည်ရဲ့
ဝိညာဥ်က ပြန်ပေါ်လာပြီးဘွားရှိန်တို့ကို
လက်စားချေနေပုံရတယ်ဗျ…”

“အေးကွာ…မင်းပြောတာလည်းအချက်အချာကျသားပဲကွ…ဒီလိုဆိုငါတို့ဘာဆက်လုပ်ကြမလဲ”

“ကျုပ်ကတော့ဘွားရဲ့လက်က လက်ကောက်ကို
ရအောင်ချွတ်ပစ်ရမယ်ထင်တယ်…အဲ့တာမှ စမ်းကြည်ရဲ့
စက်ကွင်းက လွှတ်မှာဗျ…”

“ငါတော့ကွာ…တောင်ခြေရွာကအရီးနော်ခမ်းကိုသာ
ပြေးပြီးခေါ်လိုက်ချင်တော့တယ်…
အခုလိုအချိန်မှာအရီးရှိဖို့လိုတယ်ကွ”

“ဒီလိုဆို…ကျုပ်သွားခေါ်ရမလားကိုကြီးအုန်း”

“မင်းကိုလွတ်ရမှာလည်းမလွှတ်ချင်ပြန်ဘူးကွာ…
တစ်ခုခုဆိုမင်းရှိနေမှ အဆင်ပြေတာကွ”

“အဲ့တာမှခက်ရောဗျာ…ဒါဆိုကျုပ်တ်ို့ဘာ
ဆက်လုပ်ကြမလဲ”

“မသိတော့ပါဘူးကွာ…”

မောင်တိုးနဲ့မောင်အုန်းက မှိုင်တွေသွားကြပြန်
သည်။

“ကျုပ်အရီးကို ခေါ်ထားပါတယ်ကိုကြီးတိုး…
အရီးရောက်လာပါလိမ့်မယ်…”

“ဟ…နင်ကဘယ်လိုခေါ်ထားတာလဲရှင်ညို”

“ကျုပ်အကြောင်းကိုသိရဲ့နဲ့”

“အေးဟာ…ဒီလိုဆိုလည်းကောင်းတာပေါ့ရှင်ညိုရာ…
နင်တို့ပညာတွေက အခုလိုကျအားကိုးရသားပဲဟ..”

“ဒါနဲ့ကျုပ်သိချင်တာလေးရှိနေသေးတယ်ကိုကြီးတိုး…
ဘာ​ကြောင့်များဒီရွာကလူတွေက စမ်းကြည်ရဲ့အကြောင်းကိုမသိကြရတာလဲ…လူကြီးတွေက ဘာလို့များ
မပြောပြ ကြတာလဲ”

“ဒါကဒီလိုရှိတယ်ရှင်ည်ို…
ဘွားရှိန်တို့အားလုံးက စမ်းကြည်သေရတာသူတို့ကြောင့်ဆိုတဲ့စိတ်နဲ့စိတ်မကောင်းနေကြတာဟ…
အဲ့တာကြောင်သူတ်ို့သားသမီးမြေးမြစ်တွေကို မပြောတာပေါ့ဟာ…ကလေးတွေကိုတော့ ငိုတဲ့ကလေး
တိတ်အောင်ဆိုးတဲ့ကလေးလိမ်မာအောင် ခြောက်လန့်ပြီး
ပြောကြတာပေါ့ဟာ”

“အဲ့တာကြောင့်အခုလိုတွေဖြစ်နေခဲ့တာကိုး…
ကြည့်ရတာစမ်းကြည်က ကျုပ်တို့တွေသူ့အကြောင်းသိမှာစိုးလို့ ရွာမှာရှိတဲ့သက်ရွယ်ကြီးသူတွေကို
တစ်ယောက်မကျန်သတ်နေခဲ့တာပဲတော့်”

“အေးပေါ့ဟာ…”

“ဒါဆို ကိုကြီးတိုးတို့ ကိုပြောပြတဲ့ဆရာတော်ကြီးက
စမ်းကြည်အကြောင်းသိတဲ့ တစ်ဦးတည်းသူပေါ့နော်…”

“ဟုတ်တာပေါ့ဟာ…ဒါနဲ့နင်က အဲ့သည်ဆရာတော်ကြီးကို
ဘယ်သူများလို့ ထင်တုန်းရှင်ညို”

“ဘယ်သူမို့လို့လဲကိုကြီးတိုး”

“ဆရာတော်ကြီးကငါတို့ကို စမ်းကြည်ရဲ့အကြောင်းပြောပြပြီး သူ့ရဲငယ်နာမည်ကိုပြောသွားတယ်ဟ…”

မောင်တိုးပြောမည့်နာမည်ကိုရှင်ညိုစိတ်ဝင်စားနေသည်။
မောင်တိုးကလည်းရှင်ည်ိုစိတ်ဝင်စားနေတာကိုသိလို့
စကားကိုရပ်လိုက်လေသည်။

“ကိုကြီးတိုး…ပြောလေတော်…ဘယ်သူမို့လို့လဲလို့…”

“ဘယ်သူကမှာလဲ…ဆရာတော်ကြီးငယ်အမည်က
မောင်ဖိုးဝေတဲ့ဟ…”

“ဟင်…မောင်ဖိုးဝေဆိုတာ…စမ်းကြည်ရဲ့ယောက်ျားပေါ့”

“အေးပေါ့ဟာ…ငါတို့လည်းကြားကြားချင်းအံ့သြသွားတာပေါ့…ဆရာတော်ကြီးက စမ်းကြည်ဆုံးပြီးတဲ့နောက်
ရွာဘုန်းကြီးကျောင်းမှာပဲ တရားအားထုတ်ရင်း
နေလာခဲ့တာအခုချိန်အထိပဲတဲ့ဟ…”

“သြော်…”

မောင်တိုးရဲ့စကားကို ရှင်ညိုအံ့သြသွားခဲ့သည်။
စမ်းကြည်ရဲ့အကြောင်းကိုပြောပြသွားသည့်ဆရာတော်ကြီးက စမ်းကြည်ရဲ့လူ့ဘဝတုန်းက ယောက်ျားဖြစ်နေခဲ့ပေသည်။

ထိုသို့ဖြင့် ဇာတ်လမ်းလေးကိုရပ်နားလိုက်ရပါတယ်ရှင်။
ဆက်လက်ပြီးလည်း တင်ဆက်ပေးပါမယ်…
သူ့ရက်အလိုက်တင်ပေးတာမို့စောင့်ဆိုင်းပေးပါဦးရှင်


ယဥ်မင်း(ကန့်ဘလူ)

Leave a Reply

Your email address will not be published. Required fields are marked *