ဘွားမယ်စိန်နှင့်လူအိုတွေသေတဲ့ရွာ




“အဘွား…မမကလည်းပြန်မလာသေးဘူးနော်”

နန်းကြိုင်သည် အဘွားဖြစ်သူဘွားမယ်စိန်နံဘေး၌ထိုင်ရင်း ငြီးတွားလိုက်လေသည်။

“အေးကွယ်…သမီးအစ်မကို ဘွားကလည်းမျှော်နေတာ…
ဒီကလေး အသုဘပြီးရင်ပြန်လာမယ်ပြောသွားပြီး
ဘာကြောင့်များရက်ကြာနေသလဲမသိဘူးကွယ်”

“အမေရယ်…ကျုပ်တို့ရွာလည်း အေးချမ်းနေတာပဲ…
အမေ့သမီးနောက်ကို လိုက်သွားကြည့်ပါလား”

ဒေါ်ဝင်းရဲ့စကားကို ဘွားမယ်စိန်က ပြန်မပြောဘဲ
တိတ်ဆိတ်သွားသည်။
ဘွားမယ်စိန်စဥ်းစားနေခြင်းဖြစ်၏။
သောင်ထွန်းရွာနဲ့ တခြားရွာများ၌လည်း အေးချမ်းလျက်ရှိသည်။မြင်တွေ့ခဲ့ရသော အာရုံနိမိတ်သည်
မှားများမှားနေသလားဆိုတဲ့အတွေးများကလည်း
ဘွားမယ်စိန်ရဲ့စိတ်ထဲဝေခွဲမရဖြစ်နေခဲ့၏။

“မမပြန်မလာတာ…ဟိုလေ…ဟို…
တစ်ခုခုများဖြစ်နေလို့များလားအဘွားရယ်… “

“မဖြစ်နိုင်ပါဘူးသမီးရယ်…
ညည်းရဲ့အစ်မက သူ့အရီးတို့နဲ့အတူ
လယ်တွေယာတွေ ကိစ္စကို စီမံနေရသလားမှမသိတာ…
အဲ့တာကြောင့်လည်း ကြန့်ကြာနေပုံရပါတယ်အေ…”

“ဘွားရေ…ကျုပ်တို့လာတယ်ဗျို့…”

“ဟော…မောင်တိုးနဲ့မောင်အုန်းပါလား…
လာ…လာ…ထိုင်ကြ…”

မောင်တိုးနဲ့မောင်အုန်းတို့ရောက်လာခဲ့ကြသည်။

“ရှင်ညိုကလည်းဗျာ…ပြန်မလာသေးဘူးလား
ကျုပ်တော့ ရှင်ညိုမရှိတော့ ပျင်းတောင်ပျင်းတယ်ဗျာ”

“ဟုတ်ပါ့ဗျာ…ဒီကလေးမ ကြာလှပါလားဘွားရဲ့”.

မောင်တိုးနဲ့မောင်အုန်းတို့က အိမ်ကိုရောက်လာလာချင်း
နှမဖြစ်သူရှင်ညိုကို သတိရ၍ ပြောကြလေသည်။

“ဟုတ်တယ်…ဘွားတို့လည်းအခုပဲ အဲ့သည်ကိစ္စကို
ပြောနေကြတာကွဲ့…မောင်ရင်တို့နှမက အင်ကြင်းမြိုင်မှာ
ဘာတွေများအလုပ်ရှုပ်နေသလဲမသိပါဘူးကွယ်…”

“အသုဘကပြီးလောက်ပါပြီဗျာ…
လေးလေးက ပြန်ပို့ပေးဖို့အတွက် အလုပ်မအားတာများ
ဖြစ်နေသလားမသိဘူးနော်…”

“လေးလေးမအားတော့လည်း
ငါတို့သွားခေါ်လို့ရတာပဲကွာ…”

“အေးပါဆိုဟယ်…နင်တို့သွားခေါ်တော့ကောင်းတာပေါ့…
မဟုတ်ရင် တို့လည်းဒီကနေ ဘာမှန်းမသိဘဲ
စိတ်ပူနေကြရတာ… “

“နေပါဦးမိဝင်းရယ်…
တစ်ရက်နှစ်ရက်လောက်တော့စောင့်ကြည့်ပါဦး…
ဟိုမှာအကြောင်းကိစ္စရှိနေရင် ဒီကလာခေါ်တော့အားနာပြီး
ပြန်လွှတ်နေရင်လည်းမကောင်းပြန်ဘူးလေ”

“အမေ့သဘောပါတော်…
တစ်ရက်…နှစ်ရက် စောင့်ဆိုလည်းစောင့်ကြတာပေါ့”

“ဒါနဲ့ မောင်ရင်တို့တွေ တခြားရွာကသတင်းတွေကော
နားစွင့်ကြရဲ့လား…တစ်ခုခုထူးတာမျိုးကောကြားမိသေးလားကွဲ့”

“ထူးထူးခြားခြားဖြစ်စဥ်မျိုးတော့ မကြားမိပါဘူးဘွားရယ်…သာမာန်ကိစ္စတွေလောက်ပဲ ကြားရတယ်ဗျ…”

“အေးကွယ်…ဘွားရဲ့အာရုံတွေကပဲမှားများနေသလား
လို့ စဥ်းစားမိတယ်…”

“အဲ့လိုတော့မဖြစ်နိုင်ပါဘူးဗျာ…ဘွားရဲ့အာရုံတွေက
မှန်လွန်းနေလို့ကိုကျုပ်တို့က စိတ်ပူနေရတာဗျ…
ကြည့်ရတာကြိုပြီး အကာအကွယ်တွေလုပ်ထားလို့များ
အန္တရာယ်ကင်းနေတာလားမသိဘူးနော်ဘွား…”

“ကိုကြီးအုန်းပြောတာလည်းမှန်တယ်ဘွားရဲ့…
ဘွားကကြိုတင်ကာကွယ်ပေးထားလို့သာ
ကျုပ်တို့တွေအားလုံး
အေးအေးချမ်းချမ်းနေရတာဗျ…”

မောင်တိုးနဲ့မောင်အုန်းတို့စကားကြောင့် ဘွားမယ်စိန်လည်း ခေါင်းကိုညိတ်၍ ပြုံးနိုင်ရှာသည်။

“ဒါနဲ့မောင်အုန်း…နင့်မိန်းမ ဆောင်းသဇင်
သူ့ရွာကိုပြန်သွားတယ်ဆို…အဲ့တာဟုတ်သလား”

“ဟုတ်တယ်အရီး…သူ့အမေမကျန်းမာဘူးဆိုလို့
သူလည်းစိတ်တထင့်ထင့်နဲ့ နေနေရမှာနဲ့အတူတူ
သွားပြီးသာ ပြုစုချေဆိုပြီး လွှတ်လိုက်ရတယ်ဗျ…
သူ့အစ်ကိုက ရွာအထိလာခေါ်သွားတာပဲအရီးရဲ့”

“အေးဟယ်…အနီးကပ်ပြုစုတာက သမီးတွေကမှ
ပြုစုတတ်တာ…ချွေးမကို အားကိုးလို့မဖြစ်ဘူးလေ…
သမီးတွေကသာ မရွံမရှာလုပ်ပေးတာဟဲ့”

“ကျုပ်တို့အရီးကတော့ ယောင်းမ
မုန်းတီးရေးစကားတွေစနေပြီဗျို့…”

“အောင်မယ်…ငါကဘာလို့ယောင်းမ မုန်းရမှာလဲ…
ငါ့ယောင်းမတွေကို ချစ်တာမှတအားပါဟယ်…”

“ပြောတာလည်းအရီးပါပဲဗျာ…”

ဒေါ်ဝင်းကို ဝိုင်းစနောက်နေတဲ့မောင်တိုးနဲ့
မောင်အုန်းကြောင့် ဘွားမယ်စိန်အိမ်၌
ရယ်သံလေးများက ပျံ့လွှင့်လို့လာခဲ့သည်။

နောက်တစ်ရက်နေ့ခင်းပိုင်း၌…

“ယောက်ဖရေ…ယောက်ဖ…”

“ယောက်ဖ ကျုပ်တို့ရှိတယ်…
ဝင်ခဲ့ဗျ…”

ခင်မောင်ချစ်နဲ့အတူ ကိုမိုးကောင်းလည်းပါလာခဲ့သည်။
မောင်တိုးက ကိုမိုးကောင်းကိုမြင်လေတော့ အံ့သြသွားဟန်ဖြင့်အနားကိုရောက်လာခဲ့ပြီး…

“ကိုမိုးကောင်း…အလည်ရောက်နေတာလားဗျ…”

ဟုမေးရှာသည်။
မောင်တိုးရဲ့အမေးကြောင့်ကိုမိုးကောင်းကပြုံး၍ခေါင်းခါသည်။

“အလည်လာတာမဟုတ်ဘူးကွ…
ဘိုးကြည်က ခိုင်းလိုက်လို့ရောက်လာခဲ့တာ”

“ဟုတ်တယ်ယောက်ဖ…ကိုမိုးကောင်းက
ငါမေးတာကိုတောင်မဖြေဘဲ ဒီကိုပဲတန်းပို့ခိုင်းနေတာ…
သူလာတာအရေးတကြီးကိစ္စဖြစ်မယ်ကွ…
အခုလည်းဘွားမယ်စိန်ဆီကိုလိုက်ပို့ခိုင်းနေတာ…”

“ဗျာ…ဘိုးကြည်လွှတ်လိုက်တာဆိုတော့
ရှင်ညိုများတစ်ခုခု ဖြစ်လို့များလား”

“မင်းတို့ကိုတစ်ယောက်ချင်းရှင်းပြနေလို့လည်း
မပြီးသေးဘူးကွ…မင်းတို့သိချင်ရင်အမေကြီးဆီကိုသာလိုက်ပို့ကြကွာ…အဲ့ရောက်မှပဲနားထောင်ကြတော့ပေါ့”

“ဒါဆိုရင်လည်း ကျုပ်လိုက်ပို့ပါ့မယ်ကိုမိုးကောင်းရာ…
ကဲ…မိန်းမရေ…အစ်ကိုလိုက်ပို့လိုက်ဦးမယ်ဟေ့…”

ခင်မြချစ်ကို လှမ်းနှုတ်ဆက်ပြီးနောက် မောင်တိုးက
ခင်မောင်ချစ်နဲ့ကိုမိုးကောင်းကို ဘွားမယ်စိန်အိမ်ဆီကို
ခေါ်သွားတော့သည်။
လမ်း၌လည်းမောင်တိုးမှာ
ကိုမိုးကောင်းရဲ့ မျက်နှာကို အကဲခတ်နေခဲ့၏။
နှမဖြစ်သူအတွက်မေးချင်လှသော်လည်း
ထိုစိတ်ကို​အောင့်အီးထားပြီးဆက်လျှောက်လာခဲ့ရသည်။

“အရီး…ဘွားရှိတယ်မဟုတ်လား”

“ရှိတယ်လေမောင်တိုးရဲ့…
နေစမ်းပါဦး…ဧည့်သည်ပါလာတာလားဟဲ့”

“ဟုတ်တယ်အရီး…ဒါကိုမိုးကောင်းတဲ့…
သူကအင်ကြင်းမြိုင်ရွာကဗျ…”

“ဟေ…အင်ကြင်းမြိုင်ရွာက…ဟုတ်လား…
ကဲ…ကဲ…ဝင်ကြ…ဝင်ကြ…အရီးလည်းအတူလိုက်ခဲ့မယ်”

ခြံရဲ့ဝင်းထရံ၌ ကပ်တွယ်နေတဲ့ကြက်ဟင်းခါးပင်မှ
ကြက်ဟင်းခါးသီးများကိုထိုင်ခူးနေတဲ့ ဒေါ်ဝင်းလည်း
မောင်တိုးတို့ရောက်လာတာကြောင့်
အိမ်ထဲကိုအတူလိုက်လာခဲ့တော့သည်။

“အမေ…အင်ကြင်းမြိုင်က ဧည့်သည်ပါလာတယ်”

“ဟေ…အင်ကြင်းမြိုင်က ဟုတ်သလား”

“ဟုတ်တယ်အမေ…ဒီကောင်လေးပဲ တော့်”

“အမေကြီး နေကောင်းရဲ့လားဗျ… “

“အေးကောင်းပါတယ်ကွယ်…
ထိုင်ဦးကွဲ့…မောင်ခင်မောင်ချစ်လည်းအတူတူပါလာတာပဲ”

“ဟုတ်တယ် အမေကြီး… ကိုမိုးကောင်းက
အမေကြီးဆီကိုလိုက်ပို့ခိုင်းတာနဲ့ကျုပ်တို့
ရောက်လာခဲ့ကြတာဗျ”

ဘွားမယ်စိန်က ကိုမိုးကောင်းကို ကြည့်နေသည်။

“ကျုပ်ကို ဘိုးကြည်ကလွှတ်လိုက်လို့ပါအမေကြီး”

“ဘာကြောင့်များလဲကွဲ့….
ရွာမှာတစ်ခုခုများဖြစ်လို့လားမောင်ရင်…”

“ဟုတ်တယ်အမေကြီး …ကျုပ်တို့ရွာမှာ အသုဘတွေက
ရက်ဆက်နေတယ်ဗျ…ဆုံးတာကလည်း အသက်ကြီးကြီး
အဘိုး…အဘွားတွေဗျ…ဘွားရှိန်ဆုံးပြီးကတည်းက
အသုဘဆက်နေတော့တာပဲဗျာ…”

“ဒါကြောင့် ရှင်ညိုက ပြန်မလာသေးတာကိုးကွဲ့…
ဒီကိစ္စတွေကိုဒီကလေး တစ်ယောက်ထဲပဲ
ဖြေရှင်းနေပုံရတယ်”

“မဟုတ်ဘူးအမေကြီး…နောက်တစ်ခု ဘိုးကြည်က
ကျုပ်ကို ပြောခိုင်းလိုက်တာရှိသေးတယ်…
အဲ့တာက ရှင်ညိုရဲ့အကြောင်းပဲဗျ…”

“ရှင်ညို…ငါ့တူမရှင်ညို ဘာများဖြစ်လို့လဲကောင်လေးရဲ့”

ဒေါ်ဝင်းက ရှင်ညိုကိုစိတ်ပူပြီးဝင်ကာမေးလေသည်။

“ကျုပ်ပြောပြပါ့မယ်အရီးရယ်…ဒီလိုခင်ဗျ…
ရှင်ညိုက မူမမှန်ဘူးလို့တော့ဘိုးကြည်ကပြောတယ်ဗျ…
ညဘက်ဆိုရင် ရွာထဲကိုလျှောက်သွားနေတတ်ပြီး
နေ့ခင်းဘက်ဆိုရင်အခန်းထဲမှာအမြဲအိပ်နေတတ်တယ်တဲ့…တစ်ညကဆိုရင်………………….”

ဘိုးကြည်ကပြောပြလိုက်သည့်အတိုင်း ရှင်ညိုရဲ့အကြောင်းများကို ကိုမိုးကောင်းကမချွင်းမချန်အကုန်လုံး ပြောပြရှာသည်။
ဘွားမယ်စိန်က ကိုမိုးကောင်းပြောသမျှကိုနားထောင်နေခဲ့ပြီး ဒေါ်ဝင်းနဲ့မောင်တိုးတို့မှာရှင်ညိုအတွက် စိတ်အပူကြီး
ပူနေကြတော့သည်။

“အဲ့တာပဲဗျ…ဘိုးကြည်က ကျုပ်ကိုအရေးတကြီး
လွှတ်လိုက်လို့ကျုပ်က လာပြောပေးရတာပါ”

“အေးကွယ်…သမီးရှင်ညိုတော့ အခက်တွေ့နေပြီထင်ပါရဲ့…အဘွားဆုံးပါးလို့ ဝမ်းနည်းအားငယ်နေချိန်ကျမှ
ဘယ်ကနေဘယ်လိုများ ပူးကပ်ခံနေရတာလဲကွယ်…
ကျွတ်… ကျွတ်….ကျွတ် …ဖြစ်မှဖြစ်ရလေသမီးရယ်”

ဘွားမယ်စိန်က ရှင်ညို ကိုသနား၍စုပ်သပ်နေခဲ့ရှာသည်။

“အမေ…ရှင်ညိုကို ဒီအတိုင်းထားလို့မဖြစ်ဘူးနော်…
သောင်ထွန်းရွာကိုအမြန်ပြန်ခေါ်မှဖြစ်တော့မယ်တော့်”

“ဟုတ်တယ်ဘွား…ရှင်ညိုအတွက်ကြာရင်မကောင်းဘူးဗျ…ကျုပ်တို့ဘယ်လိုလုပ်ကြမလဲဘွား”

“နေပါဦးကွယ်…သမီးရှင်ညိုဆီကို ဘွားတို့
အရင်သွားကြည့်မှရလိမ့်မယ်…အဲ့သည်ကိုရောက်မှပဲ
သူ့ကိုပြန်ခေါ်လာလို့ ရမရသိရမှာလေကွယ်…”

“ဒါဆို ကျုပ်တို့အင်ကြင်းမြိုင်ကိုသွားမှာပေါ့နော်ဘွား…
ဘယ်တော့လောက် သွားကြမလဲဗျ…”

“ဘွားတို့ရွာတွေမှာလည်းအေးချမ်းနေတယ်ဆိုတော့
သမီးရှင်ညိုဆီကို မြန်နိုင်သမျှမြန်မြန်သွားကြတာပေါ့မောင်ရင်ရယ်…”

“ဒါဆို ကျုပ်ခရီးထွက်ဖို့သွားပြင်လိုက်မယ်ဗျာ…
ကိုကြီးအုန်းကိုလည်းတစ်ခါထဲဝင်ခေါ်ခဲ့မယ်…
ဒါနဲ့ကိုမိုးကောင်းရော ရွာသစ်မှာဆက်နေဦးမှာလား”

“အေးကွာ…ငါတော့မနက်ဖြန်မှပဲ ပြန်ခဲ့တော့မယ်…
နွားတော့လည်းပန်းတယ်လေကွာ…”

“ဟုတ်ပြီဗျာ…ဒါဆိုကျုပ်အိမ်ပြန်လိုက်ဦးမယ်…
ယောက်ဖ ကျုပ်ပြန်တော့မယ်နော်”

မောင်တိုးက နှမဖြစ်သူ ရှင်ညိုအတွက်စိတ်ပူကာ
ပျာယာခတ်နေခဲ့သည်။
မောင်တိုးထွက်သွားပြီးမကြာ…
ခင်မောင်ချစ်နဲ့ကိုမိုးကောင်းကလည်း ဘွားမယ်စိန်တို့ကို
နှုတ်ဆက်ပြီး ရွာသစ်ကို တန်းပြန်သွားကြတော့သည်။

“မိဝင်း…ညည်းသမီးကို ဒီကိစ္စတွေမပြောထားနဲ့နော်…
တော်နေ သူ့အစ်မကိုစိတ်ပူပြီး တငိုငိုတရီရီဖြစ်နေဦးမယ်”

“အမှန်တိုင်းမပြောလို့ ဖြစ်ပါ့မလားအးအမေရယ်…
တော်နေ သိသွားမှသူ့မပြောရကောင်းလားဖြစ်နေဦးမယ်”

“ဘာပဲဖြစ်ဖြစ်အေ…ဒီလိုပဲလှည့်ပတ်ပြီးပဲ
ပြောထားလိုက်ပေါ့…အမေတို့အင်ကြင်းမြိုင်ကို
သွားတာကလည်း သူ့အစ်မကို
သွားခေါ်တာလို့ပဲပြောပေါ့အေ့”

“ဟုတ်ကဲ့ပါအမေ…အမေတို့လည်း ဂရုစိုက်ကြဦးနော်…
ကျုပ်တော့ အမေ့အာရုံတွေက မှန်နေပြီလို့ထင်တယ်တော့်…ဖြစ်တော့လည်း အင်ကြင်းမြိုင်မှာဖြစ်နေရတယ်လို့အမေရယ်…”

ဒေါ်ဝင်းက အမေဖြစ်သူရဲအာရုံနိမိတ်အကြောင်းများပြန်တွေးရင်း အင်ကြင်းမြိုင်ရွာအတွက် စိတ်မကောင်းဖြစ်နေခဲ့ရှာသည်။

“ကဲ…ကဲ…အမေလည်းအဝတ်အစားနဲ့ယူရမယ့်ပစ္စည်းလေးတွေသွားထည့်လိုက်ဦးမယ်…ညည်းတူတွေလာရင်
ခဏထိုင်စောင့်ခိုင်းထားဦးအေ့”

“ဟုတ်ကဲ့အမေ…”

ဘွားမယ်စိန်ကအိမ်အပေါ်ထပ်သို့တက်သွားပြီး
ဒေါ်ဝင်းတစ်ယောက်သာ ကွပ်ပျစ်ခင်း၌ကျန်နေခဲ့သည်။

အတော်လေးကြာလေမှ မောင်တိုးနဲ့မောင်အုန်းတို့
နွားလှည်းနဲ့အတူရောက်လာခဲ့ကြသည်။
နှစ်ယောက်လုံးကလွယ်အိတ်လေးတွေကိုယ်စီလွယ်လို့ထားကြ၏။

“အရီး…ကျုပ်တို့ရောက်ပြီဗျ…”

“အေး…လာထိုင်ကြဦးဟဲ့…
နင်တို့ဘွားကအရီးကိုမှာထားတယ်ရောက်လာရင်လည်း ခဏလောက် ထိုင်စောင့်ကြဦးတဲ့”

ဘွားမယ်စိန်က ဘုရားခန်း၌ သူ့ရဲ့တောင်ဝှေးကြီးကို
သန့်စင်နေခဲ့သည်။
မောင်တိုးနဲ့မောင်အုန်းကလည်း နွားလှည်းပေါ်မှထိုင်စောင့်နေကြ၏။ဒေါ်ဝင်းခမျာလည်း မောင်တိုးတို့နွားလှည်းအနီးတွင်ရပ်လျက်…

“ကောင်လေးတွေ ဂရုစိုက်ကြနော်…
အိမ်ကိုရောသေချာပြောခဲ့ကြရဲ့လား”

“ပြောခဲ့ပါတယ်အရီးရဲ့…
စိတ်မပူပါနဲ့ဗျာ…”

“စိတ်မပူလို့ရမလားဟယ်…
နင်တို့ကိုလည်းပူရတယ်…အမေ့ကိုလည်းတစ်မျိုးပူရတယ်…ဟောရှင်ညိုအတွက်လည်းပူရပြန်ကောလား…”

“အရီးကလည်းဗျာ…အဆင်ပြေသွားမှာပါဗျ…
အရီးသာအိမ်မှာပဲ အေးအေးလူလူထိုင်စောင့်နေပါ…
ကျုပ်တို့နှမကိုကျုပ်တို့က ရအောင်
ပြန်ခေါ်လာခဲ့မှာပါဗျာ…”

“အေးပါဟယ်…ငါလည်းအဲ့သည်လိုပဲမြင်ချင်လှပါပြီ”

“မြင်ရမှာပါဗျာ မပူပါနဲ့အရီးရဲ့…
စိတ်အေးအေးသာနေစမ်းပါဗျာ…”

မောင်တိုးနဲ့မောင်အုန်းက
ဒေါ်ဝင်းစိတ်ပူနေသည်ကိုသိ၍ ဝိုင်းဝန်းနှစ်သိမ့်ပေးနေကြရှာသည်။

“ဟော…ဘွားလာနေပြီ…”

“ဘွား…ကျုပ်တွဲတင်ပေးမယ်”

မောင်အုန်းလက်မောင်းကိုတွဲ၍ ဘွားမယ်စိန်လှည်းပေါ်ကို တက်လိုက်သည်။

“မိဝင်း…အမေတို့သွားတော့မယ်…
ပြောထားတာမမေ့နဲ့နော်”

“ဟုတ်ကဲ့အမေ…”

ဒေါ်ဝင်းက မျက်ရည်များဝိုင်းလျက် ခေါင်းကိုညိတ်သည်။
ဘွားမယ်စိန်က အဲ့သည်လိုမြင်ရတော့စိတ်မကောင်းဟန်ဖြင့် သက်ပြင်းချ၏။

“အရီးကျုပ်တို့သွားပြီဗျို့…
စိတ်ချနော်အရီး…ကျုပ်တို့က ကတိတည်ပါတယ်ဗျ…”

“သွားပြီအရီး”

နွားလှည်းကိုမောင်းထွက်ရင်းမှ
မောင်တိုးနဲ့မောင်အုန်းက ဒေါ်ဝင်းကိုနှုတ်ဆက်ကြတော့
ဒေါ်ဝင်းခမျာလည်း မျက်ရည်များဖြင့် လက်ပြနှုတ်ဆက်ကာ ကျန်ရစ်ခဲ့တော့သည်။

“အဲ့တာပဲ…….မောင်ရင်တို့အရီးကတစ်ခုခုဆိုရင်
စိတ်ပျော့ရှာတယ်…အခုလည်းကြည့်ဦး
မျက်ရည်တွေကဝိုင်းလို့ကွယ်”

“အရီးက သူ့တူမနဲ့ကျုပ်တို့တွေအားလုံးကို
စိတ်ပူနေတာ ဘွားရဲ့…အရီးနေရာသာကျုပ်တို့
ဆိုရင်လည်းငိုတောင်ငိုမိနိုင်တယ်ဗျ…”

မောင်တိုးစကားကို မောင်အုန်းက ခေါင်းညိတ်
ထောက်ခံလေသည်။
ဘွားမယ်စိန်ကတော့ လှည်းလမ်းနံဘေးက မြင်ကွင်းများကို ငေးမောရင်းသာ.လိုက်ပါလာခဲ့တော့သည်။
ဘွားမယ်စိန်စိတ်ထဲ၌လည်း သမီးဖြစ်သူရှင်ညိုအတွက် စိတ်ပူပန်လျက်ရှိလေသည်။

ညမိုးချုပ်လေတော့မှ အင်ကြင်းမြိုင်ရွာထဲကို ဘွားမယ်စိန်တို့ နွားလှည်းကလေးဝင်ရောက်လာခဲ့သည်။

“ရွာကတိတ်ဆိတ်လို့ပါလားဗျ…”

“ဒီလောက်တောင် အသုဘတွေရက်ဆက်နေတာဆိုတော့
ဒီရွာတိတ်ဆိတ်တာမဆန်းပါဘူးမောင်တိုးရာ”

“ဟုတ်လောက်မယ်ဗျ…
ကြောက်တော့ကြောက်စရာကြီးပဲဗျနော်…”

ရှင်ညိုတို့နေတဲ့ဘွားရှိန်ရဲ့အိမ်ဆီကို နွားလှည်းကလေး
မောင်းလာခဲ့တော့သည်။

“အရီးအေးမိ…ကျုပ်တို့ရောက်ပြီဗျို့…”

“အရီး…ဗျို့အရီး…
အိပ်များနေပြီလားမသိဘူးနော်”

ခြံဝိုင်းအပြင်မှမောင်တိုးနဲ့မောင်အုန်းက လှမ်းအော်ခေါ်ကြသည်။
အရီးအေးမိလည်းကြားဟန်ဖြင့် အိမ်ထဲမှထွက်လာခဲ့၏။
အရီးအေးမိအနောက်၌လည်း ဘိုးကြည်အတူပါလာခဲ့သည်။

“အမေကြီးတို့ချက်ချင်းလိုက်လာကြတာပဲတော့်”

“ကဲ…ကဲ…တံခါးအရင်ဖွင့်အေးမိရဲ့…
အိမ်ထဲရောက်မှစကားပြောစမ်းပါဟာ…”

အရီးအေးမိက တံခါးကိုဆွဲဖွင့်ပေးလေတော့
မောင်တိုးက နွားလှည်းကို ခြံထဲအထိမောင်းဝင်လာခဲ့တော့သည်။

“အမယ်လေးဗျာ…လှည်းစီးရတာလည်းညောင်းညာနေတာပဲ”

မောင်အုန်းက လှည်းပေါ်ကဆင်းလာပြီးနောက်
အညောင်းအညာပြေအောင်ခါးလှည့်ချိုးလိုက်သည်။

“အမေကြီး…အိမ်ထဲကိုကြွပါ…”

အရီးအေးမိက ဘွားမယ်စိန်ကို အိမ်ထဲသို့ခေါ်သွားသည်။

“ဘယ့်နဲ့လဲအေးမိ…မိရှိန်ကိုကောင်းကောင်းမွန်မွန်
လုပ်ပေးလိုက်ရဲ့လား”

“ဟုတ်ကဲ့…ကြီးတော်ကြီးနာရေးကိုသေချာ
လုပ်ပေးခဲ့ပါတယ်အမေကြီး”

“အေး…ဒါနဲ့ ညည်းတူမရှင်ညိုရော…
ရှင်ညိုလည်းမတွေ့ပါလားအေ့”

ဘွားမယ်စိန်ကအောက်ထပ်၌ အရီးအေးမိတို့မောင်နှမနဲ့အတူ အေးလှကိုသာတွေ့ရ၍ ရှင်ညိုကိုမေးလိုက်သည်။

“အမေကြီးသမီးက အိမ်အပေါ်ထပ်က အခန်းထဲမှာ
ရှိပါတယ်…အစောလေးကမှ ထမင်းစားပြီးကြလို့.အိမ်ပေါ်ကိုပြန်တက်သွားလေရဲ့…”

“မောင်မိုးကောင်းပြောသလောက်တော့သိသင့်သလောက်
သိခဲ့ရပါပြီ…ဒါပေမယ့် စမ်းကြည်ဆိုတဲ့မိန်းကလေးအကြောင်းကိုဘွားမသိခဲ့ရဘူး…အဲ့သည်စမ်းကြည်ဆိုတာဘယ်သူများလဲ”

“စမ်းကြည်ရဲ့အကြောင်းကို ကျုပ်တို့လည်းသေချာမသိပါဘူးအမေကြီးရယ်…ဘာကြောင့်ဆို ကျုပ်တို့အဘိုးအဘွားတွေလက်ထပ်က ကိစ္စဖြစ်တဲ့အပြင်ကျုပ်တို့တွေကိုလည်း
သေချာပြောပြမထားခဲ့တော့ မသိရတာပါအမေကြီး”

“အင်း…ညည်းတို့အဘိုးအဘွားတွေလက်ထပ်က
ကိစ္စဆိုရင် အခုချိန်ဒီကိစ္စကိုသိနိုင်တဲ့
လူကြီးသူမရယ်များကျန်သေးသလား…
အဲ့တာမှဒီစမ်းကြည်ရဲ့ကိစ္စကိုဘွားတို့ဖြေရှင်းနိုင်မှာအေ့”

“လူကြီးသူမရယ်လို့မကျန်လောက်​တော့ပါဘူးအမေကြီး ခုရက်ပိုင်းရွာမှာလည်းအဲ့သည်ကျန်တဲ့
လူကြီးတွေချည်းပဲဆုံးနေကြတာဗျ…”

ဘိုးကြည်ရဲ့စကားကြောင့် အရီးအေးမိနဲ့မောင်တိုးတို့
တတွေသည်သက်ပြင်းကိုပြိုင်တူပင်ချမိလိုက်ကြ၏။

“သမီးရှင်ညိုကိုအရင် သွားကြည့်စမ်းဦးမယ်ကွယ်…
အေးမိ ဘွားကိုလိုက်ပို့စမ်းအေ့”

“ဟုတ်ကဲ့အမေကြီး”

“ကျုပ်တို့လည်း လိုက်ခဲ့မယ်ဘွား”

အရီးအေးမိက အိမ်အပေါ်ထပ်သို့ဘွားမယ်စိန်တို့ကို
ခေါ်လာခဲ့သည်။
ဘိုးကြည်နဲ့အေးလှကတော့ နောက်ဆုံးမှလိုက်လာခဲ့ကြ၏။

“ကျွီ…”

အခန်းတံခါးကို အရီးအေးမိက ဖွင့်ပေးလိုက်ပြီး
ဘွားမယ်စိန်က အခန်းထဲကို အရင်ဝင်လာခဲ့သည်။
မောင်တိုးနဲ့မောင်အုန်းတို့ကလည်း ဘွားမယ်စိန်အနောက်မှ
ကပ်လိုက်လာကြ၏။

ဘွားမယ်စိန်တို့အခန်းထဲကိုရောက်တော့ ရှင်ညိုက
ကုတင်အထက်၌ အိပ်နေခဲ့သည်။

“သမီး…ရှင်ညို…”

ဘွားမယ်စိန်အသံကြောင့် ရှင်ညို ရဲ့ခန္ဓကိုယ်ကဆတ်ခနဲ
လှုပ်သွားခဲ့သည်။

“သမီး…ဘွားရောက်လာပြီလေ…
ဘွားနဲ့စကားမပြောတော့ဘူးလားအေ့”

ဘွားမယ်စိန်စကားကြောင့် ရှင်ညိုလှဲအိပ်နေရာမှ
ထလာခဲ့သည်။
ကုတင်အထက် ထိုင်နေရင်း ဘွားမယ်စိန်ကိုကြည့်၏။

“ရောက်လာပြီလား…”

“အေး…သမီးကော နေကောင်းရဲ့လား…
ဘွားတို့ကသမီးကိုလွမ်းလို့လိုက်လာခဲ့ကြတာအေ့”

“ဟုတ်ကဲ့…”

ဘွားမယ်စိန်ရဲ့စကားများကို ရှင်ညိုက အေးစက်စက်အမှုအရာဖြင့်သာ တုန့်ပြန်သည်။

“ရှင်ညို…ငါတို့လည်းပါတယ်လေဟာ…
ငါတို့ကိုနင်မေ့နေပြီလား”

မောင်တိုးရဲ့စကားကြောင့် ရှင်ညိုက မောင်တိုးကိုလှမ်းကြည့်သည်။

“ကျုပ်နေလို့မကောင်းလို့…ဒီလောက်နဲ့ပဲ
အခန်းထဲကထွက်သွားပေးလို့ရမလား…
ကျုပ်အိပ်ချင်လို့ပါ…”

ရှင်ညိုစကားကြောင့် မောင်တိုးနဲ့မောင်အုန်းအံ့သြသင့်
သွား​ကြသည်။
ဘွားမယ်စိန်ကတော့ ရှင်ညိုကိုပြုံး၍…

“ဟုတ်ပါပြီသမီး…အနားယူလို့ရတုန်းအနားယူထားနော်…
ဘွားတို့နောက်မှစကားဆက်ပြောကြတာပေါ့”

ဟုပြောပြီး အခန်းထဲမှထွက်သွားခဲ့သည်။
မောင်တိုးနဲ့မောင်အုန်းကလည်း ဘွားမယ်စိန်အနောက်မှလိုက်သွားကြ၏။
အရီးအေးမိနဲ့ဘိုးကြည်တို့ကတော့ အခြေအနေကိုအကဲခတ်ရင်း အောက်သို့ပြန်ဆင်းလာခဲ့ကြသည်။

“အမေကြီးဘယ်လိုမြင်လဲဗျ…
ရှင်ညိုက အရင်နဲ့လုံးဝမတူတော့ဘူးနော်…”

အောက်ထပ်ရှိ စားပွဲဝိုင်း၌ထိုင်နေကြစဥ် ဘိုးကြည်က
ဘွားမယ်စိန်ကိုပြောလိုက်သည်။

“ဟုတ်တယ်…မတူတော့ဘူး…
ဘာလို့ဆို သမီးရှင်ညိုကို စမ်းကြည်ရဲ့ဝိညာဥ်က
ချုပ်ကိုင်ထားလိုက်ပြီကွဲ့…”

“ဒါက ဖြစ်နိုင်ပါ့မလားဘွား…
ရှင်ညိုကိုချုပ်ကိုင်လို့ရအောင်လည်း ရှင်ညိုက
သာမာန်လူမဟုတ်ဘူးလေဗျာ…
ရှင်ညိုက ကဝေလေဗျာဘွားရဲ့”

“ဒီလောကကြီးမှာမောင်ရင်တို့မသိတာတွေ
အများကြီးရှိသေးတယ်ကွဲ့…
မောင်ရင်တို့နှမက ကဝေဆိုတာမှန်ပေမယ့်လို့
သူ့ရဲ့အားနည်းချိန်ကို အခွင့်ကောင်းယူပြီး
ချုပ်ကိုင်သွားတဲ့အတွက် သူလည်းဘာမှမတတ်နိုင်ဘူးလေ…အဘွားဆုံးလို့ ဝမ်းနည်းအားငယ်နေတဲ့
ဒီကလေးကို အလွယ်တကူချုပ်ကိုင်သွားတာပေါ့ကွယ်…”

“ဒါဆိုရင်…ရှင်ညိုကိုဘယ်လိုကယ်ကြမလဲဘွား…
ရှင်ညိုကို ကျုပ်တို့ကယ်လို့ရဦးမှာပါနော်…”

“ကယ်ရမှာပေါ့ကွယ်…
ဒါပေမယ့် အဓိက ကတော့ စမ်းကြည်ရဲ့အကြောင်းကို
သိထားမှဖြစ်မယ်…ဒါမှလည်း ဒီဝိညာဥ်ကို
ချုပ်ကိုင်လို့ရမယ့်နည်းလမ်းကိုဘွားတို့ရှာတွေ့မှာ…
ခုနေဘာမှမသိဘဲရင်ဆိုင်လိုက်ရင်မောင်ရင်တို့နှမကို
ဆုံးရှုံးရနိုင်တယ်ကွဲ့…”

“လေးလေး…တစ်ခုခုတော့စဥ်းစားဦးလေဗျာ…
ဘွားပြောတာကြားတယ်မဟုတ်လား…
အဲ့သည်မိန်းမအကြောင်းကိုဘယ်လိုစုံစမ်းရမလဲဗျာ…”

“အေးကွာ…မနက်ကျရင်တော့ ရွာထဲကိုလေးလေး
ကိုယ်တိုင်လိုက်စုံစမ်းပေးပါ့မယ်…ဒါပေမယ့်
ဒီညသန်းခေါင်ကျော်ရင် ရှင်ညိုရွာထဲကိုသွားဦးမယ်ထင်တယ်…ရှင်ညိုရွာထဲကိုသွားရင် မနက်ကျ ရွာမှာ
အသုဘတစ်ခု ထပ်တိုးလာတယ်အမေကြီး…အဲ့တာကို ကျုပ်တို့ဘယ်လိုလုပ်ကြမလဲ…”

“ဒီအတွက်တော့ ဘွားတားဆီးပါ့မယ်…
ထိပ်တိုက်မတွေ့သေးဘဲ…သွယ်ဝိုက်ပြီး
တားရမှာပေါ့ကွယ်…”

“ဟုတ်ကဲ့အမေကြီး”

စကားပြောပြီးတဲ့နောက် အရီးအေးမိက
ဘွားမယ်စိန်တို့ကိုညစာပြင်ဆင်ကျွေးမွေးရှာသည်။
ညစာစားပြီးတဲ့နောက်…

“ဘွားတို့က ဒီအောက်ထပ်က ကုတင်မှာပဲအိပ်လိုက်မယ်ကွယ်…အိမ်ပေါ်က တက်ရဆင်းရနဲ့လွယ်မယ်လို့
မထင်ဘူး”

“ဟုတ်ကဲ့အမေကြီး…ကျုပ်သေချာပြင်ဆင်ပေးပါ့မယ်…”

ဘိုးကြည်ကအောက်ထပ်က ကုတင်ကိုသေချာဖုံများခါကာ သန့်ရှင်းပေးရှာသည်။
မောင်တိုးနဲ့မောင်အုန်းကတော့ ခြံထဲက ကွပ်ပျစ်မှာ
အိပ်မယ်လို့ပြောကြ၏။
ဘွားမယ်စိန်က ခြံထဲ၌ တောင်ဝှေးကြီးကိုထောက်ပြီး
လမ်းလျှောက်နေချိန် အရီးအေးမိတို့ကတော့ မောင်တိုးတို့နဲ့စကားပြောနေခဲ့၏။
သန်းခေါင်နားနီးတော့ ဘွားမယ်စိန်လည်းအိမ်ထဲပြန်ဝင်လာခဲ့သည်။

“ဒီည ဒီအိမ်မှာရှိတဲ့လူအားလုံး ခြံအပြင်ကိုဘယ်သူမှ
မထွက်ရဘူး…. အားလုံးကဘွားပြောတာကိုနားထောင်ကြပါ…ဘာပဲဖြစ်လာပါစေ……ဘွားစကားကိုနားထောင်ဖို့တော့ လိုလိမ့်မယ်…”

“ဟုတ်ကဲ့ဘွား…ကျုပ်တို့နားထောင်ပါ့မယ်…”

“သမီးအေးလှကြားတယ်နော်…
အမေကြီးစကားနားထောင်ရမယ်နော်သမီး”

“ဟုတ်ကဲ့ပါ အဖေ”

ဘိုးကြည်က သမီးဖြစ်သူအေးလှကိုလည်း
ဘွားမယ်စိန်စကားကိုနားထောင်ဖို့
သေချာမှာရှာသည်။

“ကဲ…ဒါဆိုဏင် ကိုယ့်နေရာမှာပဲ
အေးအေးလူလူသာအိပ်ကြပေတော့ကွယ်”

“ဖြစ်ပါ့မလားအမေကြီး…ရှင်ညိုအပြင်ထွက်ရင်တားရမယ်မဟုတ်လား”

“မောင်ရင်တို့အားလုံးသာဘွားစကားကိုနားထောင်ရင်
ရှင်ညိုလည်း ဒီည အပြင်မထွက်နိုင်ပါဘူးကွယ်”

“ဟုတ်ကဲ့ပါအမေကြီး…ဒီလိုဆိုရင်တော့ကျုပ်တို့လည်းစိတ်အေးရတာပေါ့ဗျာ…”

ဘွားမယ်စိန်က မိမိကုတင်အထက်၌
ပုတီးထိုင်စိပ်နေခဲ့သည်။
မောင်တိုးတို့နဲ့ဘိုးကြည်က ခြံထဲက ကွပ်ပျစ်ခင်း၌ လှဲအိပ်နေကြပြီး အရီးအေးမိနဲ့အေးလှတို့တူဝရီးက အပေါ်ထပ်အခန်းဆီ၌ သွား၍အိပ်ကြသည်။
အိပ်ရေးပျက်ထားသည့်ညတွေကများတာကြောင့်
အရီးအေးမိခမျာ ခေါင်းအုံးနဲ့ထိသည်နှင့်တန်း၍ပင် အိပ်ပျော်သွားရှာသည်။

ခြံထဲရှိကွပ်ပျစ်ခင်း၌ရှိတဲ့
ဘိုးကြည်တို့မောင်တိုး၊မောင်အုန်းတို့ကလည်းစကားပြောရင်း ငိုက်မျှင်းလာခဲ့ကြသည်။
ထိုအချိန် တွင် ရှင်ညို ရဲ့အခန်းတံခါးပွင့်လာခဲ့ပြီး
လှေကားမှတဆင့် ရှင်ညိုဆင်းလာခဲ့သည်။
ဘွားမယ်စိန်ကတော့ ကုတင်အထက်၌ထိုင်လျက်ရှင်ညိုကို လှမ်းကြည့်နေသော်လည်း ရှင်ညိုက
မည်သူ့ကိုမှမကြည့်ဘဲ ခြံထဲသို့တန်းဆင်းသွားခဲ့၏။
ခြံအပြင်ကိုထွက်ဖို့လုပ်နေတဲ့ရှင်ညိုကို ခြံတံခါးအနီးသို့ခြေလှမ်းချလိုက်တိုင်း အားတစ်ခုကရှင်ညိုရဲ့ခြေလှမ်းကို ခြံထဲဆီသို့ ပြန်၍ ပို့နေခဲ့သည်။
ရှင်ညိုတစ်ယောက်မည်သို့ကြိုးစားပါစေ… ခြံထဲမှထွက်၍မရဖြစ်နေခဲ့ရှာသည်။

“တောက်……”

တောက်တစ်ချက်ကို ဒေါသတကြီးခေါက်ရင်း အိမ်ထဲသို့
စူးစိုက်ကြည့်နေခဲ့သည်။
ဘွားမယ်စိန်လက်ချက်ဆိုတာ ရှင်ညိုသိ၏။
ခြံအပြင်ကို ထွက်ရဖို့ ထပ်ဖန်တလဲလဲ ရှင်ညိုကြိုးစားသော်လည်း ခြံထဲ၌သာရှိနေစဲဖြစ်သည်။

“အစ်မ ..အစ်မရေ…အမေတော့ဒုက္ခရောက်ပြီထင်တယ် အစ်မရဲ့…အမေ့ကို ဆေးဆရာပင့်မှရလိမ့်မယ်…အမေကျန်းမာဘူး…အမေ့ဆီကိုလိုက်ခဲ့ပါအစ်မရယ်”

မိန်းမငယ်လေးရဲ့အသံသည် အေးလှရဲ့နားအတွင်းဝင်ရောက်လာတာကြောင့် အိပ်ပျော်နေရာမှအေးလှ
လန့်နိုးလာခဲ့သည်။

“ညီမလေးရောက်လာတာပဲ…
ဘုရား…ဘုရား…အမေဘာများဖြစ်တယ်မသိဘူး”

အေးလှ အိမ်အပေါ်ထပ်မှပြေးဆင်းလာသည်။

“ကောင်မလေး…အဲ့တာညည်းညီမမဟုတ်ဘူး…
ဘွားပြောတာနားထောင်မယ်ဆို…သွား…သွား…
အိမ်ပေါ်ပြန်တက်ချေတော့”

“မဟုတ်ဘူးအဘွား…အဲ့တာသမီးညီမလေးအသံပါ…
အမေနေထိုင်မကောင်းလို့ ကျုပ်ကိုလာခေါ်တာပါ”

“ညည်းညီမ မဟုတ်ပါဘူးကောင်မလေးရဲ့..
အဲ့တာ ညည်းကိုခြံအပြင်ထွက်လာအောင်လို့
ညဏ်များနေတာ…ညည်းညီမက အိမ်မှာအိပ်နေလောက်ပြီအေ့…ဘွားစကားကိုနားထောင်ပါအေ…”

“ဟုတ်…..ဟုတ်ကဲ့အဘွား……”

အေးလှခမျာစိတ်တထင့်ထင့်နဲ့ အိမ်ပေါ်ပြန်တက်ရသည်။
ကုတင်အထက်၌ ထိုင်မရ ထမရဖြင့် အမေဖြစ်သူကို
စိတ်ပူနေခဲ့ရသည်။

“အစ်မ…အမေသေလိမ့်မယ်နော်…
အစ်မ ကျုပ်ပြောတာ​ကြားလား…
အစ်မ…နင်မကြားဘူးလား”

အေးမြရဲ့အသံစူးစူးကြောင့် အေးလှ အိမ်ပေါ်မှပြေးဆင်းလာခဲ့တော့သည်။

“ဟဲ့…အေးလှ ဘာဖြစ်လို့လဲ…ဘာဖြစ်လို့လဲ ငါ့တူမ”

အရီးအေးမိပင် လန့်နိုးလာပြီးအောက်ထပ်ကို
ဆင်းလာခဲ့သည်။

“ကောင်မလေး…ဒါဘယ်သွားမလို့လဲ”

ဘွားမယ်စိန်အမေးကြောင့် အေးလှခြေစုံရပ်သွားသော်လည်း…

“ကျုပ်ကိုခွင့်လွှတ်ပါအဘွား…
ဒါကျုပ်ညီမလေးပါ…”

အေးလှက ဘွားမယ်စိန်တား၍မရဖြစ်နေခဲ့သည်။
ခြံထဲကိုပြေးထွက်သွားပြီး တံခါးဆီသွားဖို့ပြင်နေသော
အေးလှကို မောင်တိုးနဲ့မောင်အုန်းက ပြေး၍ တားကြတော့သည်။

“လွှတ်…ကျုပ်ကိုလွှတ်…ကျုပ်ညီမလေးလာခေါ်နေတယ်…အမေနေမကောင်းဘူးတဲ့…
ကျုပ်ကိုလွှတ်ပါတော်…အမေက……
အမေကနေမကောင်းဘူးတဲ့”

“ဟဲ့အေးလှ…ဘာတွေအော်နေတာလဲ…
ဘယ်မှာလဲနင့်ညီမ…ဘယ်သူမှလာမခေါ်ဘူး…
နင်ဘာတွေကြားနေတာလဲ”

“မဟုတ်ဘူးအဖေ…ခြံအပြင်မှာညီမလေးရောက်နေတယ်
ကျုပ်ကို အမေအသည်းအသန်ဖြစ်လို့လာခေါ်တာတဲ့…
ကျုပ်တို့ဆေးဆရာပြေးပင့်ရမယ်အဖေ”

“ဒုက္ခပဲအေးလှရယ်…နင့်ညီမလည်းဒီကိုမလာဘူး…
နင့်ညီမအသံလည်းအဖေတို့မကြားဘူး…
ဘာတွေဖြစ်နေတာလဲ အမေကြီးရယ်”

ဘိုးကြည်က သမီးဖြစ်သူကိုနားမလည်နိုင်၍
ဘွားမယ်စိန်ကိုမေးရှာသည်။

“တစ်စုံတစ်ယောက်က အပြင်ကိုထွက်ရဖို့အတွက်
ကြိုးစားနေတာပေါ့ကွယ်…
သူက မောင်ရင့်သမီးအေးလှရဲ့စိတ်ကိုညို့ပြီး ခြံထဲကနေ
ထွက်ရဖို့ကြံစည်နေတာ…
သမီးအေးလှ…ညည်းညီမကလည်းခြံရှေ့မှာ
တကယ်မရှိပါဘူး…နောက်ပြီးညည်းကြားနေတဲ့အသံကလည်း ညည်းညီမရဲ့အသံမဟုတ်ဘူးအေ့…”

“ကျုပ်နားလည်ပြီအမေကြီး…ကဲ…ကဲ…သမီးအေးလှ
အမေကြီးပြောတာကိုနားထောင်မှဖြစ်မယ်နော်…
ကြားသလားသမီးကြီး”

အေးလှက ဘိုးကြည်ရဲ့စကားကို ခေါင်းညိတ်လိုက်သည်။

“ကဲ…လာ…လာ ငါ့တူမ..
အရီးတို့ပြန်အိပ်ကြမယ်…”

အရီးအေးမိက တူမဖြစ်သူကို အိမ်အပေါ်ထပ်သို့
ပြန်ခေါ်သွားသည်။
ဘွားမယ်စိန်က အိမ်ထဲပြန်ဝင်လာတော့ မောင်တိုးတို့သုံးယောက်လည်း ကွပ်ပျစ်မှာဝင်လှဲကြတော့သည်။

“တောက်…”

ကုတင်အထက်၌ ဘွားမယ်စိန်လှဲဖို့ ပြင်နေစဥ်
အိမ်အပေါ်ထပ်ဆီမှတောက်ခေါက်သံအကျယ်ကြီး
ထွက်ပေါ်လာခဲ့သည်။
ထိုတောက်ခေါက်သံသည်က ရှင်ညိုရဲ့အခန်းဆီမှ
ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

နောက်တစ်နေ့နံနက်ရောက်တော့
ဘိုးကြည်နဲ့မောင်တိုး၊မောင်အုန်းတို့သုံးယောက်
ရွာထဲရောက်နေကြသည်။

“ဒီကနေ့တော့ တို့ရွာမှာအသုဘမရှိဘူးကွ…
ဒါ အမေကြီးကြောင့်ပဲဖြစ်ရမယ်”

“သေချာတာပေါ့လေးလေးရာ…
ညက ရှင်ညိုခြံထဲကတောင်မထွက်နိုင်တာ
လေးလေးလည်းမြင်သားပဲဗျ…
အဲ့သည်စမ်းကြည်ဆိုတဲ့မိန်းမ ဘွားနဲ့တွေ့တော့
ဘယ်တတ်နိုင်သေးလဲဗျာ…”

“မောင်တိုးရာ ရှေ့မကြည့်နောက်မကြည့်မပြောစမ်းပါနဲ့…
တို့နှမအသက်က သူ့လက်ထဲမှာပဲရှိနေသေးတယ်ကွ”

အာပေါင်အာရင်းသန်သန်ပြောနေတဲ့မောင်တိုးကို
မောင်အုန်းက ဟောက်လိုက်တော့သည်။

“ရှေ့က တို့ရွာသူကြီးအိမ်ပဲကွ…
ခွေးတော့ရှိတယ်ဟေ့…အသံပေးပြီးမှဝင်ကြတာပေါ့ကွာ…”

ရွာသူကြီးအိမ်၌ရှိတဲ့ခွေးက ဟောင်ယုံတင်မက
အကိုက်ပါကြမ်းလှ၍ ဘိုးကြည်ကသတိပေးရှာသည်။

“တို့ရွာက သူကြီးတင်​ကြောက်ရတာမဟုတ်ဘူး…
သူကြီး မွေးထားတဲ့ခွေးဝဲစားကအစကြောက်ရတာကွ”

ဘိုးကြည်ရဲ့စကားကြောင့် မောင်တိုးတို့ပြုံးမိကြသည်။

“ဗျို့…သူကြီး…သူကြီးဦးကောင်း…လူရှိလားဗျို့…
လူရှိရင်လည်းခွေးကြည့်ပေးကြဦး…
ခွေးကိုက်မှာဆိုးလို့ဗျ”

“ရှိတယ်ဟေ့…လာကြ…ခွေးက ရွာထဲသွားတယ်…
စိတ်ချလက်ချသာဝင်ခဲ့ကြကွာ…”

“ဟုတ်ပြီဗျို့…ဒါဆိုလည်းဝင်ခဲ့ပြီဗျာ…”

ဘိုးကြည်ဦးဆောင်ပြီး သူကြီးအိမ်ထဲဝင်လာခဲ့သည်။

“ဘိုးကြည်ပါလား…လာ…ထိုင်ဗျာ…
ဒီကောင်လေးတွေက ခင်ဗျားကြီးတော်ကြီးအိမ်က
ဧည့်သည်တွေမဟုတ်လား”

“ကျုပ်တူတွေပဲဆိုပါတော့ဗျာ…”

“အေးဗျာ…ကဲ…ငါ့တူတို့ထိုင်ကြကွဲ့”

သူကြီးဦးကောင်းက မောင်တိုးနဲ့မောင်အုန်းကို
မှတ်မိဟန်ဖြင့် အရေးတယူစကားပြောသည်။

“သူကြီးကို ကျုပ်မေးစရာရှိလို့လာခဲ့လိုက်တာဗျ…”

“ဘာများမေးချင်တာလဲ ဘိုးကြည်ရဲ့”

“အကြောင်းက ဒီလိုဗျာ…ကျုပ်တို့ရွာမှာ
စမ်းကြည်ဆိုတဲ့မိန်းမရဲ့အကြောင်းတွေသူကြီးများသိသလားလို့…”

“ဘယ်ကစမ်းကြည်လဲဗျ…
ကျုပ်ရွာထဲတော့ ဒီနာမည်ကို မကြားဖူးပါဘူးဗျာ…”

“ကျုပ်တို့အဘိုးအဘွားလက်ထပ်က လူပဲဗျ…
စမ်းကြည်လို့ခေါ်တယ်…
အခုကျုပ်တို့ရွာမှာဖြစ်နေတဲ့အသုဘတွေက
အဲ့သည်မိန်းမနဲ့ဆက်စပ်နေတယ်သူကြီး”

“ဘယ်လို…ဘယ်လို…ဟုတ်ရဲ့လားဘိုးကြည််ရယ်…
ကျုပ်တော့ယုံရခက်ခက်ဗျာ…”

“ယုံရခက်ခက်လုပ်မနေနဲ့သူ​ကြီးရဲ့…
ခင်ဗျားအသုဘတွေက ရိုးရိုးသားသားသေနေတယ်လို့များခင်ဗျားထင်နေတာလား…”

“အေး…အဲ့တာတော့ဟုတ်တယ်ဗျ…
လူကြီးတွေကလည်းရွာမှာထူးဆန်းနေတယ်လို့ပြောသွားကြတယ်…ခက်တာက သက်ရွယ်ကြီးရင့်သူက သိပ်မရှိကြတော့ဘူးလေ…မရှိတော့ဘူးဆိုတာထက်
ရှိကိုမရှိကြတော့တာဗျ…”

“အေးဗျာ…ကျုပ်လည်း အဲ့သည်ကိစ္စကို
ဘယ်လိုစုံစမ်းရမလဲမသိတော့ဘူးဗျာ…
သောင်ထွန်းရွာကအမေကြီးကလည်း ဒီကိစ္စကို
သေချာစုံစမ်းခိုင်းနေတာ အဲ့တာမှလည်းအားလုံးအဆင်ပြေမှာဗျ”

“နေပါဦးအဲ့သည်မိန်းမရဲ့အကြောင်းကိုသိရရင်
ကျုပ်တို့ရွာအေးချမ်းပြီလို့ ခင်ဗျားဆိုလိုချင်တာလား”

“ဟုတ်တာပေါ့ဗျာ…
အခုကျုပ်တို့ရွာကို စမ်းကြည်ဆိုတဲ့မိန်းမရဲ့ဝိညာဥ်က
အငြိုးထားနေတာ…သူ့အကြောင်းသေချာသိမှ
သူ့ကိုရှင်းထုတ်နိုင်မှာသူကြီးရဲ့”

“ထူးတော့ထူးဆန်းသားဗျာ…
ကျုပ်စဥ်းစားစမ်းဦးမယ်ဗျာ…
ဒီမိန်းမအကြောင်းဘယ်သူများသိနိုင်မလဲတာ…”

သူကြီးဦးကောင်းကလည်းဘိုးကြည်စကားကို
ယုံကြည်ပုံရသည်။
အနေတည်သောဘိုးကြည်က ယခုကိစ္စကို
စနောက်နေခြင်းမဟုတ်တာကိုလည်းသူကြီးဦးကောင်း
နားလည်လေသည်။

“ဟော…ကျုပ်သိပြီ…ကျုပ်တို့ရွာဦးကျောင်းက
ဆရာတော်ကြီးရှိတာပဲဗျ…”

“ဟာ…ဟုတ်သားပဲဗျာ…
ဆရာတော်ကြီးကလည်း သက်တော်အတော်ကြီးရင့်
နေပြီဆိုတော့ ဒီကိစ္စကို သိနိုင်လောက်တယ်သူကြီး…”

“ဟုတ်တယ်ဘိုးကြည်…ကဲဗျာ…ခင်ဗျားတို့သိချင်နေတဲ့ကိစ္စကို ဆရာတော်ကြီးဆီသွားမေးကြတာပေါ့…”

သူကြီးဦးကောင်းက စိတ်မြန်လက်မြန်ရှိလှသည်။
ရှေ့ဆုံးမှဦးဆောင်ကာ ဘုန်းကြီးကျောင်းကိုထွက်လာခဲ့၏။

“သူကြီးဘယ်ကိုလဲဗျ…”

“အကြောင်းရှိလို့ဟေ့…နောက်မှပြောမယ်”

လမ်း၌ တွေ့သမျှလူများက သူကြီးဦးကောင်းကို
နှုတ်ဆက်နေကြသည်။

ဘုန်းကြီးကျောင်းသို့ရောက်လာတော့…

“ကပ္ပိယကြီး…ဆရာတော်ကော ကျောင်းပေါ်ရှိသလား”

“ရှိတယ်သူကြီး…တက်သွားလိုက်ကြဗျ…”

ကျောင်းပေါ်ကိုတက်လာကြတော့ ဆရာတော်ကြီးကိုတွေလိုက်ကြသည်။
ဆရာတော်ကြီးကို ဦးချကန်တော့ကြပြီးနောက်…

“တပည့်တော်တို့သိချင်တာလေးရှိလို့ရောက်လာတာပါဘုရား”

ဆရာတော်ကြီးက သက်တော်ကြီးရင့်နေပြီး
ပါးရည်နားရည်များပင်တွ့န်လှိမ့်လျက်ရှိသည်။
သွားများပင်မရှိတော့သော ဆရာတော်ကြီးရဲ့
မျက်ခုံးမွှေးများသည်က ထူထပ်ကာဖြူဖွေးလျက်ရှိနေစဲ ဖြစ်သည်။

“ဘာများသိချင်တာလဲကွဲ့”

တိုးလျတဲ့အသံနဲ့ ဆရာတော်ကြီးကမေးလေသည်။

“တပည့်တော်တို့သိချင်တာ စမ်းကြည်ဆိုတဲ့
မိန်းမအကြောင်းပါဘုရား…
အဲ့သည်စမ်းကြည်ကြောင့် တပည့်တော်တို့ရွာဒုက္ခရောက်နေပါတယ်ဘုရား”

“စမ်းကြည်…စမ်းကြည်ပြန်လာပြီလားကွဲ့”

“ခင်ဗျာ…”

ဆရာတော်ကြီးရဲ့စကားကြောင့်အားလုံးအံ့သြသွားခဲ့ကြသည်။

“ဆရာတော်ဘုရား အဲ့သည်မိန်းမအကြောင်း
သိထားလားဘုရား”

သူကြီးအမေးကို ဆရာတော်ကြီးက ခေါင်းကိုဖြေးညှင်းစွာညိတ်လေသည်။

“သိတာပေါ့…သိတာပေါ့ကွယ်…”

“တင်ပါ့…ဒါဆို တပည့်တော်တို့ကို ပြောပြပေးပါလားဘုရား”

သူကြီးရဲ့စကားကို ဆရာတော်ကြီးက ခေါင်းညိတ်ပြန်သည်။

ဆရာတော်ကြီးပြောပြတဲ့စမ်းကြည်ဆိုတဲ့မိန်းမအကြောင်းကို သူကြီးတို့အားလုံးလည်းသေချာနားထောင်နေကြတော့၏။

ဘုန်းကြီးကျောင်းမှပြန်လာတော့ မောင်တိုးက အရင်ဆုံးအိမ်ကို အပြေးပြန်လာခဲ့သည်။

“အရီး…ဘွားကော…ဘယ်သွားလဲဗျ”

ဘွားမယ်စိန်ကိုအိမ်ထဲ၌မတွေ့ရ၍ အရီးအေးမိကို
မောင်တိုးမေးလိုက်သည်။

“အမေကြီးက ရှင်ညိုကိုသွားကြည့်တယ်…
အိမ်ပေါ်ကိုတက်သွားတာတော့ကြာပြီမောင်တိုးရဲ့…
သွားခေါ်ချင်ခေါ်လေ”

“ဟုတ်ကဲ့အရီး…ကျုပ်တို့ဟိုမိန်းမအကြောင်းသိခဲ့ရပြီဗျ…”

“ဟေ…ဟုတ်လား…ဝမ်းသာစရာပဲ…
ဒါဆိုငါ့တူမလေးကိုကယ်နိုင်တော့မှာပေါ့”

“ဟုတ်တယ်အရီး.. ကျုပ်ဘွားကိုသွားခေါ်ဦးမယ်…
ဘွားသိရင်လည်းဝမ်းသာမှာဗျ…”

“အေး…အေး…သွားခေါ်လိုက်ဦး”

မောင်တိုးက အိမ်အပေါ်ထပ်ကိုတက်လာခဲ့သည်။

“ဘွား…ကျုပ်ဝင်လာခဲ့မယ်နော်…”

အခန်းထဲကိုရောက်တော့ ဘွားမယ်စိန်က
ပြတင်းပေါက်၌ မတ်တပ်ရပ်နေခဲ့သည်။

ကုတင်အထက်၌ ရှိတဲ့ရှင်ညိုက မျက်နှာလေးညိုးနွမ်းနေပြီး မောင်တိုးကိုလှမ်းကြည့်နေခဲ့သည်။
မောင်တိုးက ရှင်ညိုကိုတစ်ချက်ကြည့်ပြီး ဘွားမယ်စိန်အနားကိုသွား၏။

“ဘွား…ကျုပ်တို့သိလာခဲ့ပြီဗျ…”

ဟု…ပြောသောအခါ ဘွားမယ်စိန်က လှည့်၍မကြည့်ဘဲ
ရပ်မြဲအတိုင်းရပ်နေခဲ့၏။

“ဘွား…ကျုပ်ပြောတာကြားလား…
ဘွား.. ဘာဖြစ်နေတာလဲ…နေ…နေကောင်းရဲ့လား”

ဘွားမယ်စိန်ကို မောင်တိုး အဆက်မပြတ်မေးနေတော့
ဘွားမယ်စိန်ကမောင်တိုးကိုလှည့်ကြည့်သည်။
တစ်ခါမှမတွေ့ဖူးတဲ့ဘွားမယ်စိန်ရဲ့ အပြုံးကြီးကြောင့် မောင်တိုးမှာခေါင်းမွှေးများပင်ထောင်သွားသယောင် ထိတ်လန့်သွားခဲ့ရသည်။

“ကိုကြီးတိုး…”

“ရှင်ညို…ဘွား…ဘွားက”

“ကိုကြီးတိုး…အဲ့တာအဘွားမဟုတ်တော့ဘူး”

“ဟင်…ဘွားက ဘွားကဘာဖြစ်လို့လဲရှင်ညို”

“မောင်တိုး…ဘွားဘာဖြစ်လို့လဲ…”

မောင်အုန်းနဲ့ဘိုးကြည်တို့အိမ်ပေါ်ရောက်လာကြသည်။
ဘွားမယ်စိန်ကိုကြည့်၍ မောင်တိုးတင်မက
နောက်မှရောက်လာတဲ့မောင်အုန်းတို့ပင်အံ့သြ သွားကြ၏။

“ကျုပ်နဲ့…ကျုပ်နဲ့နေရာချင်းလဲ ပေးလိုက်ပြီ…
အဲ့တာ…အဘွားမဟုတ်ဘူး”

“ဟင်….”

ရှင်ညိုရဲ့စကား​ကြောင့် မောင်တိုးတို့မှာ
နားမလည်နိုင်ဖြစ်သွားတော့လေသည်။
ရှင်ညိုကလည်းအားတင်းကာပြောနေပုံရပြီး
မျက်နှာများက ဖြူဖျော့လျက်ရှိလေသည်။

“ကျုပ်ကို အောက်ကိုခေါ်သွားပေးပါ..
ကျုပ်တို့ ဒီအခန်းထဲကထွက်ရမယ်ကိုကြီးတိုး”

ရှင်ညိုစကားကြောင့် မောင်တိုးတို့လည်း စိတ်များ
ယောက်ယက်ခတ်နေရာမှ သတိဝင်လာကြသည်။

“ကိုကြီးအုန်း…ရှေ့ကဆင်းတော့…
ကျုပ် ရှင်ညိုကို မသယ်လာခဲ့မယ်”

မောင်တိုးက ရှင်ညိုကို ပွေ့မလိုက်ပြီး မောင်အုန်းကို
အရင်ဆင်းစေသည်။
မောင်အုန်းက ဘွားမယ်စိန်ကို ဝမ်းနည်းဟန်ဖြင့်
ကြည့်ရင်း ရှင်ညိုကုတင်ဘေး၌ထားတဲ့ ဘွားမယ်စိန်ရဲ့
တောင်ဝှေးကို ရအောင်ပြန်ယူလာခဲ့တော့သည်။

ရှင်ညိုကိုအောက်ထပ်ရှိကုတင်ဆီသို့ခေါ်လာကြရာ
ဘွားမယ်စိန်တစ်ဦးသာ အပေါ်ထပ်အခန်းထဲ၌ ကျန်ရစ်ခဲ့တော့သည်။
ပြောင်းလဲသွားသော အဖြစ်အပျက်ကြောင့်မောင်တိုးနဲ့
မောင်အုန်းတို့မှာမည်သို့ဆက်လုပ်ကြရမည်မသိတော့ဘဲ
ငုပ်တုပ်ထိုင်ကာ မှိုင်နေကြရှာသည်။
ရှင်ညိုကတော့ အရီးအေးမိရဲ့ပြုစုမှုနဲ့အိပ်ရာထဲ၌
မှေးနေခဲ့ရှာတော့သည်။

ထိုသို့ဖြင့် ဇာတ်လမ်းလေးရပ်နားပါရစေရှင်။
စာစဥ်များကိုသေချာကြည့်ရှု့ပြီးအဆင်လိုက်လေး
ဖတ်ရှု့ ပေးကြပါရှင်။


ယဥ်မင်း(ကန့်ဘလူ)

Leave a Reply

Your email address will not be published. Required fields are marked *