ဘွားမယ်စိန်နှင့်ကဝေမလေးရှင်ညိုရဲ့သွေးသားရင်းချာ

ဘွားမယ်စိန်နှင့်ကဝေမလေးရှင်ညိုရဲ့သွေးသားရင်းချာ
ဤဇာတ်လမ်းသည် တမာတန်းမှအဘွားအိုရဲ့
ဇာတ်လမ်းအဆက်ဖြစ်ပါတယ်ရှင်။

မောင်တိုးတစ်ယောက်ယောက်ဖဖြစ်သူ
ခင်မောင်ချစ်ကိုလှည်းအထက်၌
တင်ဆောင်၍အင်ကြင်းမြိုင်ရွာသို့ ခရီးထွက်လာခဲ့သည်။
ခရီးထွက်လာခြင်းသည်က အမေရှိန်ဆိုသောအဘွားအိုရဲ့
ဇစ်မြစ်ကို သိရှိဖို့ဖြစ်၏။

“ယောက်ဖ…နွားမောင်းတာများကွာ…
အဆင်ကိုချောလို့ဟေ့”

“နွားမောင်းတာဘာများခက်လို့လဲ ယောက်ဖကြီးရဲ့”

“ခက်တယ်…မခက်ဘူးကိုပြောနေတာမဟုတ်ပါဘူးကွာ…
ငါ့ယောက်ဖ လှည်းမောင်းတာနွားတွေကို
အတော်ညှာတာ ​တာပဲ…လှည်းလမ်းကြောင်းနဲ့တစ်သားထဲ မောင်းတတ်တာတော့ကျုပ်ဖြင့် မချီးကျုးဘဲ
မနေနိုင်ဘူးဟေ့…”

“ကိုယ့်ငါးချဥ်ကိုယ်ချဥ်နေပြန်ပြီယောက်ဖရာ…”

ခင်မောင်ချစ်စကားကြောင့် မောင်တိုးတစ်ယောက်
ကျေနပ်ပြုံးကြီးဖြင့်နွားလှည်းမောင်းလာခဲ့သည်။

“ဒါနဲ့…နေစမ်းပါဦး​ယောက်ဖရ…
အဲ့သည် အမေရှိန်ဆိုတဲ့အဘွားကြီးက…
ငါတို့ မြင်းသွားဝယ်တုန်းက တွေ့ခဲ့တဲ့အဘွားကြီးဆိုတာ
သေချာရဲ့လား”

“သေချာပါတယ်ဗျာ…
ကျုပ်ဒီအဘွားကြီးမျက်နှာကို မှတ်မိတယ်ဗျ…”

“ဟုတ်မှလည်းပြောနော်ယောက်ဖ…
ငါတို့မြင်းသွားဝယ်တာအတော်ကြာနေပြီကွ…
မြင်းတောင် ငါမကြိုက်လို့သူများကို
ပြန်ရောင်းလိုက်ပြီလေကွာ…”

“သေချာပါတယ်ဆိုဗျာ…
ဘာလဲ ယောက်ဖက ကျုပ်ကိုမယုံကြည်တာလား”

“အဲ့သည်လိုလည်းမဟုတ်ရပါဘူးကွာ…
ငါတို့အလာကြီး လာပြီးမှ အဖျားရှုးသွားမှာ
စိုးလို့ပါ…”

“အဲ့သည်လိုတော့ မဖြစ်စေရပါဘူးဗျာ…
စိတ်သာချထားလိုက်…ကျုပ်ဘက်ကသေချာပါတယ်ဗျ…”

မောင်တိုးစကားကို ခင်မောင်ချစ်လည်း ခေါင်းညိတ်လက်ခံလိုက်ရတော့သည်။
သို့သော် မောင်တိုးစကားမှန်ပါစေဟုလည်း စိတ်ထဲ၌
ကြိတ်၍သာဆုတောင်းနေခဲ့တော့၏။

“နွားကြီးတွေက အခုလိုခရီးဝေးသွားမှပဲ
အကြောင်းသေချာသိရတော့တယ်…
အတော် အရုန်းကောင်းတဲ့နွားတွေပဲကွ…”

ခင်မောင်ချစ်က မောင်တိုးရဲ့နွားတွေကို ချီးကျုးနေ၍
မောင်တိုး အတော်လေးသဘောကျနေသည်။
သဘောကျလွန်း၍ ပြုံးနေခဲ့သည်မှာ ပါးစပ်များပင်
မစိနိုင်အောင်ဖြစ်နေခဲ့တော့၏။
ထိုသို့ဖြင့် မောင်တိုးတို့နှစ်ယောက်
နေ့တစ်ဝက်ကျိုးတော့အင်ကြင်းမြိုင်ရွာကို
ရောက်လာခဲဲ့ကြသည်။
ခင်မောင်ချစ်က အင်ကြင်းမြိုင်ရွာမှာအသိမိတ်ဆွေ
ရှိသည်မို့ ထိုလူရဲ့အိမ်ကိုသာ.အရင်ဆုံးဝင်လာခဲ့ကြရသည်။ခင်မောင်ချစ်ရဲ့မိတ်ဆွေ အမည်က
ကိုမိုးကောင်းဟုခေါ်၏။မိုးခေါင်ရေရှားကာလမှာ
မွေးလာ၍ အတိတ်နိမိတ်ဖြင့်မိုးကောင်းဟု ခေါ်ခဲ့ကြခြင်းဖြစ်တယ်လို့ ခင်မောင်ချစ်ကမောင်တိုးကို ပြောပြခဲ့သည်။

“ကိုမိုးကောင်း ကို ကျုပ်အပူကပ်စရာရှိတယ်ဗျ…
ကိစ္စက အတော်လေးလည်း အရေးကြီးလှတယ်
ကိုမိုးကောင်းရဲ့…”

“နေစမ်းပါဦးခင်မောင်ချစ်ရယ်…
မင်းပါးစပ်ဟလိုက်ရင်ကို ကျုပ်ရဲ့နှလုံးတွေက
တဒိန်းဒိန်း…တဒုန်းဒုန်းနဲ့သံစုံမြည်လာတယ်…
မင်းကဘာတွေများအရေးကြီးနေပြန်တာလဲ
ခင်မောင်ချစ်ရာ…”

ကိုမိုးကောင်းက ခင်မောင်ချစ် ရဲ့ အနွံတာကို
အခံရဆုံးလူဆိုတာ မောင်တိုးသိလိုက်သည်။
ရွာချင်းဝေးကွာပေမယ့် လူချင်းက အတော်လေး
ရင်းနှီးကြသည်။ ကိုမိုးကောင်းက မောင်တိုးတို့
ခင်မောင်ချစ်တို့နဲ့အသက်ကွာလှသူဖြစ်၏။
ကိုမိုးကောင်းအသက်က လေးဆယ်လောက်တော့
ရှိပြီဖြစ်သည်။ခင်မောင်ချစ်နဲ့ ကိုမိုးကောင်းတို့က
အတော်ပင်ရင်းနှီးကြသည်။
ရင်းနှီးဆို ကိုမိုးကောင်းက ခင်မောင်ချစ်တို့ရွာ၌
အဘိုးအဘွားများရှိသူဖြစ်သည်။
အဘိုးအဘွားများဆီအလည်လာရင်း ခင်မောင်ချစ်နဲ့
ခင်မင်ခဲ့ကြခြင်းဖြစ်၏။
ယခုလည်း ခင်မောင်ချစ်စကားကြောင့် ကိုမိုးကောင်းတစ်ယောက် မျက်ခုံးများပင်ခပ်လှုပ်လှုပ်ဖြစ်နေခဲ့လေသည်။

“ခင်ဗျားကလည်းဗျာ…ကျုပ်အခုလာတာ
သူများအကျိုးအတွက်ဗျ…ဒါနဲ့ ဟောဒါ ကျုပ်ယောက်ဖ မောင်တိုး…ခင်ဗျားသိတယ်မဟုတ်လား”

“ဟ ခင်မောင်ချစ်…မင်းယောက်ဖကိုငါသိသားပဲ…
ပြောစရာရှိတာပြောစမ်းပါကွာ…”

“ယောက်ဖ မင်းပြောပြလိုက်တော့…
ငါပြောရင် ရှေ့ရောက်မယ်မထင်ဘူး”

ခင်မောင်ချစ်ကမောင်တိုးကို ပြောစေသည်။
မောင်တိုးက ခေါင်းညိတ်၍…

“ဒီလိုဗျ ကိုမိုးကောင်းရဲ့..ကျုပ်တို့ရွာမှာ
အဘွားကြီးတစ်ယောက်ရောက်နေတယ်…
အဲ့သည်အဘွားကြီးက စိတ်ကလည်း ပုံမှန်ဖြစ်ဟန်မတူဘူးဗျ…နောက်ပြီး.ကျုပ်ဖြင့်အဲ့သည်အဘွားကြီးကို
ကိုမိုးကောင်းတို့ရွာမှာတစ်ခါဆုံခဲ့ဖူးသေးတယ်…
အဲတာကိုအမှတ်ရပြီးအဘွားကြီးကိစ္စကြောင့်ပဲ
ကျုပ်တို့ဒီရွာကိုရောက်လာခဲ့ရတာပဲဗျ…”

“အဘွားကြီး…ဟုတ်သလားကွ…
နေစမ်းဦး မင်းတို့ရွာကိုရောက်နေတဲ့အဘွားကြီးက
ဘယ်လိုပုံစံလဲ…”

“အသားကတော့ ညိုတယ်…
ခန္ဓာကိုယ်က ပိန်ပါးပါးနဲ့လေတိုက်ရင်တောင်လဲသွားနိုင်တယ်ဗျ…သူ့ကိုယ်သူတော့ အမေရှိန်လို့ပြောတယ်…”

“အမေရှိန်…ဟုတ်သလား…
ဒါဖြင့် တို့ရွာက ဘွားရှိန်ကြီးထင်တယ်…”

“ဘွားရှိန်….ဟုတ်သလား…ဒါဆိုရင်
ကျုပ်ထင်တာအမှန်ပဲပေါ့ဗျ…”

“နေပါဦး မောင်တိုးရဲ့…
ဘွားရှိန်က မင်းတို့ဆီကိုဘယ်လိုလုပ်ပြီး
ရောက်လာရတာလဲ”

“ဒါတော့ကျုပ်လည်းဘယ်သိမလဲဗျာ…
ကိုမိုးကောင်းတို့ရွာက အဲ့သည်အဘွားကြီးရဲ့
သားသမီးတွေ အဘွားကြီးကိုလိုက်မရှာကြဘူးလား…”

“ဘွားရှိန်က မိသားစုမရှိတော့ဘူး မောင်တိုးရဲ့”

“ဗျာ…ဒါဆို အဘွားကြီးမှာဆွေမျိုးတွေတော့
ရှိလောက်ပါရဲ့နော်…”

“အေး…ဆွေမျိုးရယ်လို့တော့ရှိတာပေါ့ကွာ…”

“ဒါဆိုရင် ကျုပ်တို့ရွာကိုရောက်နေတဲ့
အဘွားကြီးကို ပြန်ခေါ်ခိုင်းရတော့မှာပေါ့…
အဲ့သည်အဘွားကြီးက စိတ်ကသာမမှန်တာ
လက်သံကပြောင်ချက်ဗျ…”

“မင်းကြည့်ရတာ ဘွားရှိန်လက်စာမိခဲ့ပြီထင်ပါရဲ့”

“အောင်မယ်…ဒီအဘွားကြီးကို ကျုပ်တို့တွေ
မြင်းလာဝယ်တဲ့အခေါက်ကတည်းက တစ်ခါဆုံခဲ့
ဖူးသားပါဗျာ…ကျုပ်ရွာမှာထပ်ဆုံတော့ စိတ်ထဲ
တန်းခနဲပဲမှတ်မိလိုက်တာ မှတ်မိဆိုရင်
ကျုပ်အသားကိုနာအောင်လုပ်ထားတဲ့သူကိုးဗျ…”

“အေးကွာ…မင်းအနေနဲ့တော့ မုန်းစရာကောင်းရင်ကောင်းနေမှာပေါ့…ဒါပေမယ့်ဘွားရှိန်က
သနားစရာလည်းကောင်းပါတယ်မောင်တိုးရာ…”

“ဘယ်လိုကြောင့်လဲဗျ…”

“ဒီလိုကွ…ဘွားရှိန်က ငါတို့ငယ်စဥ်က သိပ်ကို
ချမ်းသာပြီး သိပ်ကို မာနကြီးတဲ့သူကွ…
တို့ရွာမှာ မိုးခေါင်တုန်းကလည်း ဘွားရှိန်ဆီက ငွေချေးပြီး
မငတ်အောင်စားခဲ့ကြရတာတဲ့လေ…
ဘွားရှိန်က တို့ငယ်ငယ်လေးကတည်းက
ချစ်ကြောက်ရိုသေရတဲ့သူ…
ဟောသည် အင်ကြင်းမြိုင်ရွာမှာ ဘွားရှိန်က
သူကြီးထက် အာဏာရှိတဲ့သူပေါ့ကွာ…”

“ဒါဆို အဲ့သည်ဘွားရှိန်ကနေ အခုလိုစိတ်မမှန်တဲ့သူ
အဖြစ် ဘာကြောင့်များပြောင်းလဲသွားခဲ့တာလဲ
ကိုမိုးကောင်း…”

“အေး…ကျုပ်လည်းသိချင်လှတယ်
ကိုမိုးကောင်းရာ..ပြောပြစမ်းပါဦး…”

မောင်တိုးနဲ့ ခင်မောင်ချစ်တို့က ဘွားရှိန်အကြောင်းကို
စိတ်ဝင်စားသွားကြသည်။
ကိုမိုးကောင်းကလည်း ပြောပြချင်ပုံရ၏။

“အေး…သိချင်နေကြရင်လည်းပြောရတာပေါ့ကွာ…
ဒီလိုကွ…ဘွားရှိန်က မိဘတွေအစဥ်အဆက် ချမ်းသာလာတဲ့သူ…ဘွားရှိန်ယောကျ်ားဘကြီးသြကလူရိုးလူအေး…
ရိုးအေးလွန်းလို့ဆိုပြီး ဘွားရှိန်ရဲ့မိဘများက
သူတို့သမီးနဲ့ပေးစားခဲ့တာတဲ့လေ…
ဘကြီးသြဘက်ကတော့ ရိုးဂုဏ်ပဲရှိပြီး
အရည်အချင်းကတော့ မိန်းမဖြစ်သူ ဦးဆောင်ရာကို
လိုက်ရတဲ့သူပေါ့ကွာ…”

“ဒါဆိုရင် ဘွားရှိန် ယောကျာ်းကရော
ရှိသေးရဲ့လားဗျ…သားသမီးတွေဘာတွေကော
မထွန်းကားခဲ့ကြဘူးလား”

“ဘွားရှိန်တို့မှာ သမီးတစ်ယောက်ရှိခဲ့တယ်…
သူ့နာမည်က ​မြသွေးတဲ့…ငါတို့က ဟောသည်လောက်အရွယ်လေးရှိချိန် မကြီးမြသွေးက
အပျိုအရွယ်ဖြစ်နေပြီကွ…
ငါတို့ကတော့ မကြီးမြသွေးလို့ခေါ်တာပေါ့ကွာ…”

ကိုမိုးကောင်းက သူ့ရဲ့လက်ကို ဗိုက်နားရွယ်ပြရင်း
ပြောပြရှာသည်။
ဆက်၍…

“မကြီးမြသွေးက မိန်းမချောကွ…
အသားကညိုစိမ့်စိမ့်နဲ့အတော်လေးချောတဲ့သူ…
သူ့အမေနဲ့အဖေဆိုတာကလည်း မကြီးမြသွေးကို
ချစ်ကြတာပေါ့ကွာ…ချစ်ဆိုလည်း သူတို့ရဲ့
တစ်ဦးတည်းသောသမီးကိုးကွ…
မကြီးမြသွေးက သူဌေးသမီးဆိုပေမယ့် မာနမကြီးရှာဘူး…တို့လိုကလေးတွေကအစ စားစရာရှိရင် အိမ်ခေါ်ပေးတတ်သေးတာ…ရွာက မရှိတဲ့မိန်းကလေးတွေဆို
သူမဝတ်တော့တဲ့အဝတ်အစားကောင်းတွေကို
နှမြောခြင်းမရှိပဲပေးရှာတာကွ…”

“ဒါဆို အဲ့သည် မကြီးမြသွေးက အတော်လေး
သဘောလှတဲ့သူပေါ့နော်…”

“ဟာ…မင်းတို့နဲ့ကျ အရီးမြသွေးလို့ခေါ်ရတော့မှာကွ…
ငါ့ထက်ဆယ်နှစ်လောက်ကြီးတယ်…
မင်းတို့ကသာ ကိုမိုးကောင်းလို့ခေါ်တာ…
ဟောသည်တစ်ရွာလုံးက ငါ့ကို ဦးမိုးကောင်းလို့
ခေါ်နေကြပြီကွ”

“ဒါလည်းဟုတ်မှာပဲဗျ…
ကျုပ်တို့လည်း ဦးမိုးကောင်းလို့ခေါ်ရတော့မှာပေါ့”

“ဟာ…မင်းတို့ကတော့ ထူးပြီးပြောင်းမခေါ်ပါနဲ့ကွာ…
ခေါ်မြဲအတိုင်းသာခေါ်ကြပါကွ”

“ကဲဗျာ…ဒါဖြင့် အရီးမြသွေးအကြောင်းဆက်
ပြောစမ်းပါဦးကိုမိုးကောင်းရဲ့”

ခင်မောင်ချစ်က စကားဝင်ပြောနေ၍ သိချင်နေသော
မောင်တိုးက စိတ်မရှည်ဟန်ဖြင့် ပြောလိုက်တော့၏။

“အေးပါကွာ…ငါပြောပါ့မယ်…
ဘွားရှိန်နဲ့ဘကြီးသြက သူတို့သမီးကို သိပ်ချစ်ကြတာ…
တစ်ဦးတည်းသောသမီးဖြစ်တဲ့အပြင် အသက်ကြီးမှ
ရလာတဲ့ကလေးကွ…ဘွားရှိန်နဲ့ဘကြီးသြက
ကလေးအရမ်းလိုချင်လို့ ယတြာယာတွေချေ…
နတ်တွေမေး…ဗေဒင်တွေမေး အစုံလုပ်ခဲ့ကြရတယ်လို့
လူကြီးတွေက ပြောဖူးတယ်…
အဲ့သည်လိုကနေ အသက်ကြီးမှ မကြီးမြသွေးကို
မွေးခဲ့ကြတာတဲ့လေ…
ဘွားရှိန်တို့လင်မယားအနေနဲ့ မကြီးမြသွေးကို
ဘယ်​လောက်တောင် ချစ်ကြမလဲဆိုတာ
မင်းတို့စဥ်းစားကြည့်ကြပေါ့ကွာ…”

ကိုမိုးကောင်းစကားကြောင့် မောင်တိုးလည်း
တွေးမိသည်။
မိမိသာဆိုလျှင်လည်း သမီးလေးကို မည်သူနဲ့မှ
သဘောမတူနိုင်အောင် ချစ်မြတ်နိုးနေမည်ဖြစ်သည်။

“ဟုတ်တယ်နော်…ကျုပ်ဆို ဘယ်လိုကောင်ရဲ့လက်ထဲမှ
မထည့်နိုင်အောင် နှမြောချစ် နဲ့ချစ်နေမိမှာဗျ…”

“ဒါတော့ မင်းများသွားပြီယောက်ဖရဲ့…
ငါ့နှမကျတော့ မင်းခိုးပြေးသွားပြီး
မင်းရဲ့သမီးကျမှနှမြောနေလို့မရဘူးကွ…
သူလည်းသူ့အရွယ်နဲ့သူ သူ့ဖူးစာနဲ့သူ.ပေါ်လာမှာပဲလေ…”

“ဟာဗျာ…ယောက်ဖနှမက ကျုပ်သမီးမှမဟုတ်တာဗျ…”

“အောင်မယ်…မင်းက ငါ့နှမကျ ယူပြီး
မင်းရဲ့သမီးကျ နှ​မြောတယ်ပေါ့လေ
မင်းဟာက မဟုတ်သေးပါဘူးးကွာ…”

ခင်မောင်ချစ်နဲ့မောင်တိုးတို့နှစ်ယောက်
ခွန်းကြီးခွန်းငယ်ပြောနေကြသည်ကို
ကိုမိုးကောင်းကတားယူရသည်။

“နေကြပါဦးကွာ…မင်းတို့ကလည်း ငါက ဘွားရှိန်တို့မိသားစုအကြောင်းပြောပြရမှာလား…
မင်းတို့ရဲ့ကိစ္စကိုပဲအရင် ရှင်းပေးရမှာလားဆိုတာ
ပြောကြစမ်းပါဦးကွ…ဒါနဲ့ မောင်တိုး မင်းမိန်းမကကိုယ်ဝန်ရှိနေပြီလား…”

“မရှိသေးပါဘူး ကိုမိုးကောင်းရာ”

“ဒါဆိုရင် သမီးမိန်းကလေးမွေးထားပြီပေါ့…
ဟုတ်လား ငါတောင်မသိလိုက်ပါလားကွာ…”

“ဟာ…ဘာသမီးမိန်းကလေးမှမရှိသေးပါဘူးဗျာ…”

“ဟ…ဒါဆိုရင် ဘာကိစ္စနဲ့ မင်းရဲ့သမီးတွေ…
ငါ့ရဲ့နှမတွေဆိုပြီးအငြင်းသန်နေကြတာလဲ…
မင်းတို့နှမပေးယောက်ဖတွေရူးများ
ရူးနေကြတာလားကွာ…”

“ကိုမိုးကောင်းက ဘွားရှိန်တို့လင်မယား
သူ့သမီးအရီးမြသွေးအပေါ်ချစ်တဲ့အချစ်တွေကို
ကျုပ်က ဟောသည် ရင်ဘက်ကြီးနဲ့ ခံစားပြီး
တွေးမိလိုက်တာဗျ…”

“ဟာကွာ…တကယ့်ကောင်တွေပဲဟေ့…”

ကိုမိုးကောင်းက စိတ်ရှုပ်သွားဟန်ဖြင့် ခေါင်းကြီးကို
တဗြင်းဗြင်းထိုင်ကုပ်လေတော့ မောင်တိုးနဲ့ခင်မောင်ချစ်တို့လည်း ပြုံး၍ကြည့်နေကြသည်။

“ကိုမိုးကောင်းခေါင်းကအတော်ကိုယားနေတာလားဗျ…”

“ဟ…မင်းတို့ကိုပြောနေရတာနဲ့ငါလည်း
ဘာဆက်ပြောရမယ်ကိုမသိတော့ပါဘူး
ခင်မောင်ချစ်ရာ…”

“ကိုမိုးကောင်းကလည်း ကျုပ်တို့အကြောင်းကိုသိရဲ့
သားနဲ့ဗျာ…လုပ်စမ်းပါဦးဗျ…ဆက်ပြောပါဦး”

“အေး ပြောဆိုလည်းပြောပါ့မယ်ကွာ…
ငါပြောတာကိုတော့ဝင်မနှောက်ကြနဲ့တော့နော်…
ဒီတစ်ခါဆိုရင် ငါလည်းထပ်ပြောပြ
မှာမဟုတ်တော့ဘူးကွ…”

“စိတ်ချ…စိတ်ချ…ခင်ဗျားပြောစရာရှိတာကိုသာ
ဆက်ပြောဗျာ…ကျုပ်တို့မစတော့ပါဘူးဗျ…
ကတိပေးပါတယ်”

မောင်တိုးစကား​ကြောင့် ကိုမိုးကောင်းလည်းခေါင်းညိတ်သည်။

“အေး…ဒါဆိုရင်ငါဆက်ပြောမယ်…
ဘွားရှိန်တို့ရဲ့အုပ်ထိန်းမှုအောက်မှာကြီးပျင်းလာတဲ့
မကြီးမြသွေးက အတော်လေး လိမ်မာရေးခြားရှိတဲ့သူ…
ရွာကာလသားတွေဆိုတာ မကြီးမြသွေးမှ မကြီးမြသွေးဖြစ်ကြတဲ့အထိပဲတဲ့ကွာ…တချို့ဆို တခြားရွာကနေကို
မကြီးမြသွေးကို လာချောင်းကြည့်ကြတယ်…
မကြီးမြသွေးကလည်းအတော်လှတာဆိုတော့
ပိုးကြပန်းကြသူတွေအပြည့်ပေါ့ကွာ…
ဘွားရှိန်တို့ကတော့ သာမာန်တောသူတောင်သားနဲ့
သူ့သမီးကိုပေးစားချင်ပုံမရဘူးဟေ့…
ရွာက ကာလသားတွေကိုဆို သူ့သမီးအနားအကပ်ကို
မခံကြတာ…လာပိုးပန်းတဲ့သူများရှိရင်
ဘကြီးသြက အိမ်အပေါ်ထပ်ပြတင်းပေါက်ကနေ
လောက်လေးခွနဲ့ပစ်ပြီးမောင်းထုတ်တတ်တယ်ကွ…
ဘွားရှိန်ကလည်း သူ့သမီးကိုလာတောင်းတဲ့သူရှိရင်
သဘောမတွေ့တဲ့သူဆို ငါ့သမီးနဲ့တူသလား…
တန်သလားဆိုပြီး မောင်းထုတ်တတ်သေးတာဟေ့…
ကြာလာတော့လည်း မကြီးမြသွေးနားကို
တို့ရွာသားတွေမကပ်ရဲကြတော့ဘူးကွ…
သူ့မိဘတွေကိုကြောက်တာထက် ပြောဆိုခံရမှာ
ကြောက်ကြတာကိုးကွ…
အေး…အဲ့သည်လိုနဲ့မကြာပါဘူး…မကြီးမြသွေးတစ်​ယောက် ယောက်ျားနောက်လိုက်သွား​လေရဲ့…
မကြီးမြသွေးလိုက်သွားတဲ့သူက ဘယ်သူများမှတ်သလဲကွာ…အဲ့သည်လူက သူတို့ရဲ့အိမ်မှာအလုပ်လုပ်တဲ့
မောင်တင်လှိုင်ဆိုတဲ့သူပဲကွ…
ငါတို့ကတော့ ကိုကြီးတင်လှိုင်လို့ခေါ်တာပေါ့ကွာ…
ကိုကြီးတင်လှိုင်က လူရိုး၊လူအေး​ သဘောမနှောကောင်းတဲ့သူကွ…ငါတို့ကလေးတွေကတော့ ကိုကြီးတင်လှိုင်နဲ့
မကြီးမြသွေးကို သဘောတူကြတာပေါ့ကွာ…
ကိုကြီးတင်လှိုင်က မကြီးမြသွေးကို ခိုးပြေးသွားတယ်ဆိုတဲ့ သတင်းရွာထဲ ပျံ့လာတော့ ဘွားရှိန်ကိုအားလုံးက
မေးငေါ့ကုန်ကြတာပေါ့…ငါ့သားကျ မတူဘူးမတန်ဘူးလေးပြောပြီး အခုတော့ ဒင်းဘာတတ်နိုင်သလဲပေါ့ကွာ…
ပြောကြဆိုကြတာဆိုတာ တစ်ရွာလုံးလိုလိုပဲဟေ့…
ဘွားရှိန်ဆိုတာ သမီးစိတ်ကြောင့် အိမ်ထဲက အိမ်ပြင်ကို
မထွက်ရဲ​တော့တာပဲကွာ……..”

ကိုမိုးကောင်းက စကားကိုရပ်လိုက်ပြီး ငှဲ့ထားတာကြာပြီဖြစ်တဲ့ အကြမ်းရည်အေးအေးကို မော့သောက်လ်ိုက်သည်။
မောင်တိုးနဲ့ခင်မောင်ချစ်ကတော့ ကိုမိုးကောင်း
ဆက်အပြောကိုစောင့်နေခဲ့ကြ၏။
ကိုမိုးကောင်းက မောင်တိုးတို့ကိုကြည့်ပြီး
သဘောကျဟန်နဲ့တစ်ချက်ပြုံးပြီးစကားဆက်လေသည်။

“မကြီးမြသွေးနဲ့ကိုကြီးတင်လှိုင်တို့
ခိုးပြေးပြီးတစ်နှစ်လောက်ကြာတော့ ဘွားရှိန်က
သူကိုယ်တိုင်လိုက်ခေါ်ခဲ့တာကွ…
သူတို့နေတဲ့နေရာတွေစုံစမ်းပြီးရှာတာနေမှာပေါ့ကွာ…
သမီးနဲ့သားမက်ကို အိမ်ပေါ်ခေါ်တင်ပြီး မကြာပါဘူး
မကြီးမြသွေးကိုယ်ဝန်ရှိလာတယ်…
​မကြီးမြသွေးကိုယ်ဝန်ရှိလာတော့ ထူးဆန်းတာတွေဖြစ်လာပြန်တယ်တဲ့ဟ…
အဲ့တာဘာလဲဆိုတော့ မကြီးမြသွေးက ထူးထူးဆန်းဆန်း
မြွေသားတွေစားချင်တယ်လို့ ပြောသတဲ့…
ကိုကြီးတင်လှိုင်ကတော့အစပိုင်းက ချော့မော့ပြောသေးတယ်တဲ့…မကြီးမြသွေး ကလည်း
သူစားချင်တာမစားရတော့ထမင်းတောင်
မစားတော့ဘူးတဲ့…ဒီအကြောင်းတွေငါက
ဘာလို့သေချာသိသလဲဆိုရင်
ငါ့အမေက ဘွားရှိန်ကို လိုအပ်တာရှိရင် သွားကူပေးနေရတော့ အိမ်တွင်းရေးတွေသူများထက် ထဲထဲဝင်ဝင်သိရတာပေါ့ကွာ…ကဲ…မင်းတို့ကြည့်ရတာလည်းသိပ်ကို
သိချင်နေပုံရတယ် ငါဆက်ပြောစမ်းမယ်…
အဲ့သည်လိုမြွေသားစားချင်နေတဲ့မကြီးမြသွေးရဲ့ဆန္ဒကို
ဖြည့်ဆည်းဖို့ ဘွားရှိန်က ကိုကြီးတင်လှိုင်ကို
ခိုင်းလိုက်တယ်တဲ့လေ…ကိုကြီးတင်လှိုင်လည်း
ယောက္ခမစကားနဲ့…မိန်းမအလိုကို မငြင်းနိုင်တဲ့အဆုံး တောထဲမြွေဖမ်းရတော့တာပေါ့ကွာ…
ငါတို့ကိုကြီးတင်လှိုင်က ကံဆိုးရှာတယ်…
မြွေဖမ်းသွားရင်း တောထဲမှာ တောဝက်ပက်လို့ ဆုံးရှာတယ်…အလောင်းတောင်ရွာကိုမနည်းပြန်သယ်ရတယ်ကွာ…ယောကျာ်းသေတာမြင်တော့ မကြီးမြသွေးလည်း
အရူးတပိုင်းပဲဟေ့… ဘွားရှိန်ကတော့သမီးကို
ချော့မော့ပြီး နှစ်သိမ့်ရတာပေါ့ကွာ…
ဒါပေမယ့် ဘွားရှိန်ရဲ့စိတ်ထဲမှာကိုကြီးတင်လှိုင်ကိုမုန်းနေတာကွ…ဖြစ်သမျှအကြောင်းတွေက ကိုကြီးတင်လှိုင်ကြောင့်ဆိုပြီး မကြာခဏအပြစ်တင်ကြိမ်းဝါးနေတတ်တာ…အဲ့သည်လိုကနေပဲ မကြီးမြသွေးလည်း
နေ့စေ့လစေ့ကြီးဖြစ်ပြီး ကလေးမွေးတော့တာပဲ…
မကြီးမြသွေး ကလေးမွေးတဲ့နေ့က ငါ့အမေရယ်
ရွာထဲကလက်သည်ကြီးရယ်အတူတူ ရှိနေခဲ့တာ…
အမေပြောတာတော့ သမီးမိန်းကလေး​မွေးတယ်တဲ့…
မကြီးမြသွေး ကတော့ အားတင်းထားခဲ့သမျှမာန်လျော့ချလိုက်ပုံရပါတယ်ကွာ…ကလေးလည်းမွေးပြီးရော
အသက်ပါသွားရှာရဲ့…ကလေးကို ဘွားရှိန်လက်ထဲ
အမေကိုယ်တိုင်အပ်ခဲ့ရတယ်တဲ့လေ…
မကြီးမြသွေးရဲ့ အသုဘပြီးမကြာပါဘူး…
ကလေးလေးလည်း ဆုံးသွားတယ်လို့ပြောတာပါပဲကွာ…
တစ်ရွာလုံးက ဘွားရှိန်စကားယုံကြည်ကြပေမယ့်
အဲ့သည်အထဲငါ့အမေတော့မပါဘူးကွ…
ငါ့အမေက ဘွားရှိန်တစ်ယောက် သမီးအတွက်အမုန်းတွေကို မြေးဖြစ်သူအပေါ်ပုံချလိုက်တယ်လို့
ထင်နေခဲ့တာ…အမေပြောတာတော့ ကလေးလေးကို
တစ်နေရာရာမှာသွားလွှင့်ပစ်လိုက်ပုံရ​တယ်တဲ့လေ…”

“ဒါကတော့မဖြစ်သင့်တဲ့ကိစ္စပါဗျာ…
တွေးကြည့်ရင်ဒီကလေးက သူ့ရဲ့မြေးပဲလေ…
သူ့ရဲ့သမီးကမွေးတဲ့သူ့ရဲ့သွေးသားပဲမဟုတ်ဘူးလားဗျ…”

“အေး…မောင်တိုး မင်းပြောသလိုပေါ့ကွာ…
ဒါပေမယ့် ဘွားရှိန်က စိတ်ပုံမှန်မဟုတ်တော့ဘူးလို့
ငါတို့လည်းအဲ့အချိန်ကတည်း ထင်မိကြတယ်…
ဘွားရှိန်က သူ့သမီးဆုံးကတည်းက တစ်ယောက်ထဲနေတတ်တော့တာ…ဘကြီးသြတောင်အနားအကပ်မခံတော့ဘူးတဲ့ကွ…သားမက်ဖြစ်သူ ကိုကြီးတင်လှိုင်အပေါ်မှာ
မုန်းနေတဲ့အမုန်းက ယောကျာ်းတွေကိုမြင်ရင်ပိုဆိုးတယ်…
မင်းတို့ကြုံခဲ့သလိုပဲ ရိုက်မောင်းထုတ်တတ်တဲ့
အကျင့်ပေါ့ကွာ…နှစ်တွေကြာလာတော့ ဘကြီးသြလည်း
ဆုံးသွားရှာတယ်…လယ်တွေယာတွေရှိပေမယ့်
ဆွေမျိုးတွေကပဲဦးစီးလုပ်ပေးရတော့တာပေါ့
ဘွားရှိန်က စိတ်မှမမှန်တော့တာ…
ဆွေမျိုးနီးစပ်တော်တဲ့တူမတွေက ဘွားရှိန်ကို
ထမင်းကျွေးအဝတ်အစားလဲ အနီးကပ်လုပ်ပေးကြတယ်…ဘွားရှိန်က စိတ်ဖောက်ရင်ဖောက်သလို
ရွာထဲလျှောက်သွားတတ်ပြန်တယ်ဟေ့…
ဘွားရှိန်လာပြီဆိုရင်ငါတို့တွေမှာ ပြေးပုန်းရတာအမောပဲကွာ…မပုန်းလို့လည်းရမလား…ဘွားရှိန်ရဲ့လက်သံက
ပြောင်သလားမမေးနဲ့ ပြေးချိန်ကိုမရတာကွ…”

“အဲ့တာတော့အမှန်ပဲဗျ..
အလစ်မှာတင် ရိုက်တာ တန်းခနဲထိတာပဲ
ကိုမိုးကောင်းရာ…”

“အေးပါဆိုကွာ…ဘွားရှိန်အဖြစ်ကအဲသည်လိုကွ…
မင်းတို့ပြောမှ ငါလည်းသေချာစဥ်းစားမိတယ်
ဘွားရှိန်ပျောက်နေတာ နှစ်ပတ်လောက်ရှိနေပြီ…
ဘယ်ကနေဘယ်လိုများ မင်းတို့ရွာကိုရောက်သွားတာပါလိမ့်…”

“ကျုပ်တို့လည်းမစဥ်းစားတတ်ပါဘူးဗျာ…
အခုတော့အကြောင်းစုံကိုသိရပြီဆိုတော့
သူ့တူမတွေကို သွားပြောရတော့မှာပဲကိုမိုးကောင်းရဲ့…
အဲ့သည်ကိုသွားရင်ခင်ဗျားကောအတူတူလိုက်ခဲ့မယ်မဟုတ်လား…ခင်ဗျားကရွာခံဆိုတော့သူတို့နဲ့
စကားပြောလို့ကောင်းတာပေါ့ဗျာ…”

“အရီးအေးမိတို့ဆီကိုသွားရင်ငါလိုက်ခဲ့ပါ့မယ်ကွာ…
အရီးအေးမိက သဘောကောင်းပါတယ်ကွ”

ကိုမိုးကောင်းက ဘွားရှိန်အကြောင်းကိုပြောပြပြီးနောက်
မောင်တိုးနဲ့ခင်မောင်ချစ်ကို ဘွားရှိန်ရဲ့တူမဆီသို့
လိုက်ပို့ပေးရှာသည်။

“အရီးအေးမိ…ဗျို့အရီးအေးမိ…”

“ဟဲ့…ဘယ်သူတုန်း”

“ကျုပ်…ကျုပ်…မိုးကောင်းဗျအရီးရဲ့”

“မိုးကောင်း…လာခဲ့လေ…ခြံထဲကိုအရင်ဝင်ခဲ့ဟဲ့”

“ဟုတ်…ဟုတ်…ကျုပ်တို့လာပြီနော်အရီး”

ကိုမိုးကောင်းက ခြံထဲဝင်လေတော့ မောင်တိုးတို့လည်း
အနောက်မှအတူတူလိုက်လာကြသည်။

အရီးအေးမိက ခြံထဲ၌ စိုက်ထားတဲ့ ဆူးပုတ်ပင်၌
ဆူးပုတ်ရွက်များကိုခူးနေခဲ့သည်။
အရီးအေးမိသည် အရပ်ကပုပု…ခန္ဓာကိုယ်က
မဝလွန်းမပိန်လွန်းဘဲအနေတော်မှာရှိသည်။
ချည်တဘက်ကြီးကို ခေါင်းအထက်၌ ပေါင်းထားသည်ကလည်း အရီးမိအေးရဲ့အကျင့်ဖြစ်ပုံရ၏။

“ပြောစမ်းပါဦး မိုးကောင်းရဲ့…
ငါ့ဆီကိုလာတာဘာကိစ္စရှိလို့လဲ…
ဒီကောင်လေးတွေက နင့်ဧည့်သည်တွေလား”

“ဟုတ်တယ်အရီး…ကျုပ်ညီတွေပါ…
သူတို့က သောင်ထွန်းရွာကလာကြတာလေ”

“သောင်ထွန်းရွာ…သောင်ထွန်းရွာဆိုတာဘယ်ဆီမှာလဲဟဲ့”

“ကျုပ်တို့ရွာက အရီးတို့ရွာနဲ့ဆို နေ့တစ်ဝက်လောက်
လှည်းမောင်းရတယ်ဗျ…”

“ဝေးသားပဲဟဲ့…”

အရီးအေးမိအမေးကို မောင်တိုးက ​ဝင်ဖြေလိုက်သည်။

“အရီး…အရီးကို ကျုပ်ပြောစရာရှိလို့လာခဲ့တာဗျ…”

ကိုမိုးကောင်းစကားကြောင့် အရီးအေးမိက
ဆူးပုတ်ရွက်များခူးနေသည့်လက်ကို ရပ်တန့်လိုက်ပြီး
ကိုမိုးကောင်းကိုသေချာကြည့်လေသည်။

“ဘာလဲ…မိန်းမတောင်းဖို့ ငါကလူကြီးနေရာက
လိုက်ပေးရမှာလား…ပြောစမ်း..တို့ရွာသူလား…
တခြားရွာကလား”

“ဟာဗျာ…ကျုပ်ကဘာကိစ္စ မိန်းမတောင်းရမှာလဲဗျ…
အရီးကတော့ဗျာ…ကျုပ်ပြောမှာကတခြားကိစ္စပါဗျ…”

“ဘာကိစ္စများလဲမိုးကောင်းရဲ့..
ကဲ…ကဲ…ပြောစမ်းပါဦး”

“အရီးရဲ့ကြီးတော်…ဘွားရှိန်ပျောက်နေတယ်မဟုတ်လားဗျ…”

“အေး…အေး…ဟုတ်တယ်​လေမိုးကောင်းရဲ့…
နင်ဘာများသိလာလို့လဲဟယ်…ဆက်ပြောစမ်းပါဦး”

အရီးအေးမိက ဘွားရှိန်ရဲ့နာမည်ကိုကြားသည်နှင့်
သိချင်စိတ်များ ပြင်းပြလာခဲ့သည်။

“ကျုပ်တို့က ဘွားရှိန်ရှိတဲ့နေရာကိုသိတယ်အရီး…
ဘွားရှိန်က ဟောသည်ကျုပ်ညီတွေရဲ့ရွာကို
ရောက်နေတာဗျ…ဒီကောင်တွေက.ကျုပ်ဆီကို
အလည်လာရင်း ဘွားရှိန်နဲ့တစ်ခါဆုံဖူးခဲ့ကြတယ်
အခုလည်းသူတို့ရွာမှာဘွားရှိန်ရောက်နေတာ သိတော့ ကျုပ်ဆီကိုလာပြောကြတာဗျ…”

“ဝမ်းသာလိုက်တာမိုးကောင်းရယ်…
ငါတို့လည်းကြီးတော်ကိုရှာနေကြတာ…
တော်ပါသေးရဲ့ဟယ်…တခြားသူတွေကိုလည်းပြောရဦးမယ်…ငါတို့အခု ချက်ချင်းလိုက်ခေါ်မယ်သိလား…”

“အခုချက်ချင်းတော့မလုပ်ပါနဲ့အရီးရယ်…
အရီးကြီးတော်က ဟိုမှာလည်းကောင်းကောင်းမွန်မွန်ရှိပါတယ်ဗျ…သူ့ကိုသေချာစောင့်ရှောက်ထားကြတာပါဗျာ..
အရီးတို့သွားချင်ရင်.မနက်ဖြန်မနက်လောက်မှ သွားကြပေါ့…အခုနေသွားရင် လမ်းတင်မိုးချုပ်သွားမှာဗျ…”

“အေး…အေး…ကျေးဇူးတင်ပါတယ်မိုးကောင်းရယ်…
ကောင်လေးတွေကိုလည်းအရီးကျေးဇူးတင်တယ်နော်…”

အရီးအေးမိကအတော်ပင်ဝမ်းသာပျော်ရွှင်နေပုံရသည်။
အရီးအေးမိပျော်လေတော့ ထိုအပျော်က မောင်တိုးတို့ကိုပင် ကူးစက်သွားခဲ့လေသည်။

အကျိုးအကြောင်းပြောပြပြီးနောက် မောင်တိုးနဲ့ခင်မောင်ချစ်လည်း ကိုမိုးကောင်းရဲ့အိမ်မှာတစ်ညအိပ်ကြရတော့မည်။ညစာစားခါနီးအချိန်၌…

“မိုးကောင်း…ဟေ့မိုးကောင်း”

“ဗျို့…ဘယ်သူလဲဗျ…”

“ငါဟေ့…ဘိုးကြည်ကွ…”

“ဟာ…အရီးအေးမိအစ်ကိုပဲကွ…”

ကိုမိုးကောင်းက အိမ်အပြင်ကိုထွက်ကြည့်လေသည်။
ကိုမိုးကောင်းရဲ့မိဘများကတော့ မောင်တိုးတို့နဲ့အတူ
ထမင်းစားဖို့ပြင်ဆင်နေကြသည်။

“ဘိုးကြည်…အရီးကလွှတ်လိုက်လို့လားဗျ…”

“အေး…ဟုတ်တယ်ဟေ့…မင်းတို့အရီးက
ဧည့်သည်ကောင်လေးတွေစားဖို့ဆိုပြီး
ဟင်းပို့ခိုင်းလိုက်လို့…”

“ဟာ…ဘာဟင်းတွေလဲဗျ..အရီးက ဒုက္ခရှာလို့ဗျာ…
ကျုပ်တို့လည်းထမင်းစားဖို့ ချက်ပြုတ်ထားပါတယ်ဘိုးကြည်ရာ…”

“ကြက်သားဟင်းကွ…
ငါ့အိမ်က ကြက်ကို လောက်လေးခွနဲ့ထုသတ်ပြီး
ချက်ပို့ရတာ…မင်းတို့အရီးအပျိုကြီးအကြောင်းသိရဲ့နဲ့ကွာ…သူကအခုလုပ်ဆိုရင်လုပ်ရတာဟေ့…
ငါတို့လည်းသူ့ပါးစပ်ကိုကြောက်ရတာမင်းလည်းသိရဲ့နဲ့
မိုးကောင်းရာ…ရော့…ရော့…ဟင်းတွေယူထားလိုက်ဦး”

ဘိုးကြည်က နှမဖြစ်သူ အရီးအေးမိကို ကြောက်ရကြောင်းများပြောလေတော့ အိမ်ထဲမှာနားထောင်နေသော
မောင်တိုးတို့ပင် ပြုံးမိသွားကြသည်။
ကိုမိုးကောင်းကလည်း ဟင်းပန်းကန်လှယ်ပေးပြီး
ဘိုးကြည်ကိုပြန်ပေးလိုက်ရ၏။

“သွားပြီဟေ့…မနက်ဖြန်မနက်အစော ငါတို့လာမယ်နော်…
မင်းတို့လည်းပြင်ထားကြပေါ့ကွာ…”

“ဟုတ်ကဲ့ဘိုးကြည်…”

ဘိုးကြည်ပြန်သွားတော့ကိုမိုးကောင်းအိမ်ထဲဝင်လာသည်။

“ကဲ…ငါ့ကောင်တွေ.. အရီးအေးမိက
မင်းတို့ကိုအတော်ကျေးဇူးတင်နေပုံရတယ်ကွ…
ငါတို့တောင်အခုချိန်ထိ သူ့ဆီက ကြက်ဥတစ်လုံး
မစားဖူးဘူး မင်းတို့ကတော့ ကြက်သားချက်
စားရပြီပေါ့ကွာ…”

ကိုမိုးကောင်းက စစနောက်နောက်နဲ့ပြောပြီး
ထမင်းဝင်စားတော့လေသည်။
နောက်တစ်နေ့နံနက်၌ မောင်တိုးနဲ့ခင်မောင်ချစ်တို့နဲ့အတူ
အရီးအေးမိတို့မောင်နှမသည် သောင်ထွန်းရွာသို့
အတူလိုက်လာကြတော့မည်ဖြစ်၏။

“ကောင်မလေး…”

တရားထိုင်နေသော ရှင်ညိုနံဘေးဆီမှ
ခေါ်သံသဲ့သဲ့ထွက်လာခဲ့သည်။
ရှင်ညို မျက်လုံးဖွင့်ကြည့်လေတော့ သူ့နံဘေး၌ ထိုင်နေသော အမေရှိန်ကို တွေ့လိုက်ရ၏။

“အဘွား…ကျုပ်က်ိုခေါ်တာလား”

ရှင်ညိုမေးတော့ အမေရှိန်က ခေါင်းညိတ်သည်။

“ကျုပ်ကိုပြောစရာရှိလို့လားအဘွား”

ရှင်ညိုကမေးတော့ အမေရှိန်က ပြုံး၍ခေါင်းညိတ်သည်။

“အဘွားတောင်းပန်ပါတယ်ကောင်မလေးရယ်…”

အမေရှိန်ရဲ့နှုတ်မှထွက်လာတဲ့စကားကြောင့် ရှင်ညို
အမေရှိန်ကိုအကဲခတ်မိသည်။
အမေရှိန်တစ်ယောက် လူကောင်းပကတိအတိုင်း
တည်ငြိမ်နေသည်ကိုသတိထားမိသည်။
ဒါတင်မက အမေရှိန်ရဲ့ မျက်ဝန်းများက စိုစွတ်နေသည်က်ိုလည်း ရှင်ညိုတွေ့၏။

“အဘွား…ကျုပ်ကို ပြောစရာရှိလို့လား”

“အဘွားတောင်းပန်ပါတယ်ကောင်မလေးရယ်…
အဘွားတောင်းပန်ပါတယ်အေ……..”

အမေရှိန်နှုတ်မှထွက်လာသောအသံသည်
တစတစကျယ်လောင်လာခဲ့၏။
စကားသံတို့က တုန်ရီလာပြီးနောက် အမေရှိန်တစ်ယောက်
ငို​ချတော့လေသည်။

“အဘွား…ဘာဖြစ်လို့ငိုနေရတာလဲ…”

ရှင်ညိုကမေးသော်လည်း အမေရှိန်မှာပြန်၍မဖြေနိုင်သေးဘဲ ငိုနေခဲ့သည်။

အခန်းထဲ၌ အိပ်ဖို့ပြင်နေသော ဒေါ်ဝင်းနဲ့
နန်းကြိုင်ပင်အခန်းအပြင်ကို.ထွက်လာကြ၏။
ဘွားမယ်စိန်ကလည်း ကွပ်ပျစ်မှအိမ်ပေါ်သို့
တက်လာရာ ဘုရားခန်း၌လူစုံသွားခဲ့သည်။

“အမေ…အမေရှိန်ကဘာများဖြစ်တယ်မသိဘူးနော်…”

“အမေသိတယ်သမီး…
သူရဲ့စိတ်တွေလူကောင်းလိုဖြစ်နေပြီအေ့….”

“ဟင်…တကယ်လားအမေ…ဒါဆို
အမေရှိန်က သူ့အကြောင်းတွေအကုန်မှတ်မိနေပြီပေါ့နော်…”

“ငါ့သမီး…သူက စိတ်နော​က်ကိုအလိုက်လွန်ပြီး
အရာရာကိုမသိတဲ့စိတ်ကဖုံးကွယ်မေ့လျော့နေခဲ့တာ…
အမေသတိထားမိသလောက်တော့ မိရှိန်ဟာ…
သာမာန်လူတွေလိုပဲ လူကောင်းတစ်ယောက်ပါ…”

“ဟုတ်ပါတယ် အစ်မပြောတာမှန်ပါတယ်…
ကျုပ်စိတ်နောက်ကိုလိုက်ပြီး ပြုမူနေမိတာပါ…
အခုလည်း ကျုပ်စိတ်တွေကိုကျုပ်စုစည်းနိုင်ပါပြီ…”

အမေရှိန်က မျက်ရည်များကိုသုတ်ရင်းပြောလိုက်သည်။

“ကောင်မလေး…အဘွားညည်းကိုပြောပြပါ့မယ်…
တကယ်တော့လေ အဘွားရဲ့မာနတွေ အဘွားရဲ့အမုန်းတွေကြောင့်ကောင်မလေးက ဓားစာခံဖြစ်ခဲ့ရတာပါ…
အဘွားရဲ့အမှားတွေပါကောင်မလေးရယ်…”

“ဘာတွေလဲ…ဘာတွေပြောနေတာလဲအဘွား”

“အဘွားပြောတာအမှန်တွေပါ..
အဘွားက ကောင်မလေးရဲ့အဘွားအရင်းပါကွယ်…”

“ဘာ…မဖြစ်နိုင်တာ…
အဘွားကျုပ်ကိုဘာတွေလာပြောနေတာလဲ…”

“တကယ်ပြောနေတာပါကွယ်…
ကောင်မလေးက အဘွားရဲ့သမီးမြသွေးမွေးတဲ့
အဘွားမြေးပါကွယ်”

ရှင်ညိုမယုံကြည်နိုင်စွာ ထရပ်လိုက်သည်။
ဒေါ်ဝင်းနဲ့နန်းကြိုင်မှာလည်း အံ့သြလွန်း၍ ပါးစပ်အဟောင်းသားဖြစ်နေခဲ့ကြသည်။
ဘွားမယ်စိန်ကတော့ ဝင်မပြောဘဲ နှုတ်ဆိတ်နေခဲ့၏။

“မဖြစ်နိုင်တာ…
မဖြစ်နိုင်တာတွေ ကျုပ်ကိုလာမပြောပါနဲ့…”

“အဘွားတောင်းပန်ပါတယ်မြေးရယ်…
အဘွားကိုယ်တိုင်မြေးကို သရက်ဖိုရွာက သင်္ချိုင်းမှာ
စွန့်ပစ်ခဲ့မိပါတယ်ကွယ်…အဘွားတောင်းပန်ပါတယ်နော်…”

“စွန့်ပစ်ခဲ့တယ်…ဟုတ်တယ် စွန့်ပစ်ခဲ့တယ်ဆိုရင်လည်း
ဘာလို့အခုမှမြေးလို့ခေါ်နေရတာလဲ…
ကျုပ်ကတော့်မြေးမဟုတ်ဘူး…
ကျုပ်ကိုစွန့်ပစ်လိုက်တဲ့နေ့ကတည်းက တော်နဲ့ကျုပ်က
ဘာမှမတော်စပ်တော့ဘူး…အဲ့တာကြောင့်
ကျေးဇူးပြုပြီး မြေးဆိုတဲ့အသုံအနှုန်းကို မသုံးနှုန်းပါနဲ့.ကျုပ်လက်မခံနိုင်လို့ပါ…”

“မြေးရယ်…အဘွားမှားပါတယ်…
အဘွားကိုခွင့်လွှတ်ပေးပါမြေးရယ်…
မြေးက အဘွားရဲ့တစ်ဦးတည်းသောသွေးသားပါ…
အဘွားမြေးကို တွေ့ချင်လွန်းလို့ ရှာဖွေနေခဲ့တာပါကွယ်”

အမေရှိန်က ငိုရှိုက်ရင်းပြော​နေပါသော်လည်း
ရှင်ညိုရဲ့စိတ်ထဲ၌ သနားစိတ်ဆိုတာမရှိပေ။
သူမကို သင်္ချိုင်းကုန်း၌လာစွန့်ပစ်သွားပြီးနောက်
သူမကြုံတွေ့ခဲ့ရသမျှက နာကျည်းစရာတွေသာ
များခဲ့ရသည်။

“ကျုပ်အခုအချိန်အထိ ကိုယ့်မိဘအရင်းက
ဘယ်သူတွေလဲ…ဘယ်ရွာကများလဲလို့
တွေးမိတာမျိုးတစ်ခါတောင်မှမရှိခဲ့ဖူးဘူး…
အဲ့တာဘာလို့လဲ သိလား… ကိုယ့်ကို မလိုချင်လို့
စွန့်ပစ်ခဲ့သူတွေကို ကျုပ်ဘက်ကလည်း မလိုအပ်လို့ပဲ…
ဒီတော့ ကျုပ်ကိုမေ့လိုက်ပါ…ကျုပ်ကိုဘယ်တော့မှ
မြေးလို့လည်းမခေါ်ပါနဲ့ ကျုပ်ရှေ့ကိုလည်းထပ်ပြီး
ပေါ်မလာခဲ့ပါနဲ့…”

ဟု…ရှင်ညိုကပြောပြီး ကြမ်းခင်းကိုဆောင့်နင်း၍
အိမ်ပေါ်မှ ဆင်းချသွားခဲ့သည်။

“မမ…ဘယ်သွားမလို့လဲ…မမ…”

“ရှင်ညို…ရှင်ညို…ဘယ်သွားမလို့လဲငါ့တူမရယ်…”

နန်းကြိုင်နဲ့ဒေါ်ဝင်းက ရှင်ညိုကို လှမ်းခေါ်ကြသည်။

“နေပါစေ…သူလည်းစိတ်ညစ်သွားမှာပဲအေ့…
ဒီကိစ္စက သူ့အတွက်စိတ်ပြေဖို့မလွယ်ဘူးလေ …”

ဘွားမယ်စိန်က ရှင်ညိုကို လွှတ်ထားဖို့ပြောလိုက်သည်။
အမေရှိန်ကတော့ ငိုကြွေး နေ၍ ဘွားမယ်စိန်တို့ဒေါ်ဝင်းတို့သည်လည်း သက်ပြင်းသာချနေကြရ၏။

“ကဲ…ငိုနေလို့လည်းမပြီးသေးဘူး မိရှိန်…
လာ…လာ…ကျုပ်တို့ ကွပ်ပျစ်မှာစကားထိုင်ပြောကြတာပေါ့…”

ဘွားမယ်စိန်က ဦးဆောင်ပြီး ကွပ်ပျစ်ဆီကို
ဆင်းသွားခဲ့သည်။
ဒေါ်ဝင်းနဲ့နန်းကြိုင်က ရေနံဆီမီးခွက်ကို ယူ၍
ကွပ်ပျစ်ကိုလိုက်လာခဲ့ကြ၏။
ကွပ်ပျစ်၌ထိုင်နေကြသော်လည်စ အမေရှိန်က
တိတ်ဆိတ်နေသည်။
ဘွားမယ်စိန်တို့လည်း အမေရှိန်ပြောလာမည့်အချိန်ကိုအကြမ်းရည်သောက်ရင်းထိုင်စောင့်ကြ၏။

နန်းကြိုင်ကတော့ခြံအပြင်ဘက်ကိုကြည့်ရင်း
အစ်မဖြစ်သူ ရှင်ညို ဘယ်ကိုများထွက်သွားပါလိမ့်ဆိုတဲ့အတွေးနဲ့ စိတ်ပူနေခဲ့ရှာသည်။

“ကျုပ်ဘက်ကမောင်တင်လှိုင်ကို
အမုန်းကြီးမုန်းခဲ့ပါတယ်…
ကျုပ်သမီးမြသွေးကို လူချမ်းသာတွေဘက်က
လာတင်တောင်းကြတာကိုတောင်
ကျုပ်ဘက်ကငြင်းခဲ့တဲ့ကြားက…
ဒင်းလို သူရင်းငှားက ခိုးပြေးသွားတယ်တဲ့လေ…
ကျုပ်ဒင်းကို သိပ်မုန်းခဲ့တယ် အစ်မစိန်ရယ်…
ကျုပ်သမီးလေးကိုမှဒင်းကြံရက်တယ်ပေါ့ဆိုတဲ့
အတွေးနဲ့ ကျုပ်အိမ်မှာ သူတို့လင်မယားကို
ပြန်နေစေပြီးတော့ဒင်းကို ကျွန်လို နွားလို ခိုင်းပစ်ခဲ့တယ်…
ကျုပ်သမီးကိုယ်ဝန်ဆောင်တဲ့အချိန်အထိ
ကျုပ်စိတ်တွေကသူ့အပေါ်မှာပိုပိုပြီးတော့
မုန်းတီးလာခဲ့တယ်…
ကျုပ်သမီးကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ
ထူးထူးဆန်းဆန်း ချဥ်ခြင်းတက်တယ်လေ…
မြွေသားဟင်းမှစားချင်တယ်တဲ့…
ရွာက မုဆိုးတွေကိုအခပေးပြီး ခိုင်းလို့ရပေမယ့်လည်း
ကျုပ်မခိုင်းခဲ့ပါဘူး…ဒင်းကိုပဲကျုပ်ကိုယ်တိုင်
တောထဲသွားပြီးမြွေရှာခိုင်းခဲ့တာ…
သူ့ကံကပဲဆိုးသလား မသိပါဘူးတော်…
တောထဲမှာ​ပဲ​တောဝက်ပ​က်လို့ဆုံးသတဲ့လေ…
ကျုပ်သမီးကလည်း လင်စိတ်နဲ့အစားမမှန်အအိပ်မမှန်ဖြစ်လာတာပေါ့…ကလေးမွေးတော့လည်း ကျုပ်သမီးရဲ့
အသက်ကိုပါပေးလိုက်ရပြန်တယ်…
ကျုပ်သမီးကိုကျုပ်လက်ထဲကနေလုပြေးသွားတဲ့
မောင်တင်လှိုင်ကိုရော…ကျုပ်သမီးအသက်ကို
ထပ်ယူသွားတဲ့ ကျုပ်မြေးမကိုရော
ကျုပ်မုန်းတီးခဲ့မိတယ်…
အဲ့တာကြောင့် ဘယ်သူမှမသိတဲ့အချိန်မှာပဲ
သရက်ဖိုရွာက သင်္ချိုင်ထဲကိုသွားပစ်ထားခဲ့တာပေါ့…
ရွာမှာတော့ ကလေးဆုံးသွားလို့ မြေမြုပ်လိုက်ပြီလို့ပဲ
သတင်းလွှင့်ရတာပေါ့အစ်မစိန်ရယ်…
ကျုပ်ကငွေရှိတဲ့သူကိုး ကျုပ်စကားဆိုဘယ်သူက
အတွန့်တတ်မေးရဲပါ့မလား…ဒါ့အပြင်ကျုပ်​ယောက်ျားကလည်း ကျုပ်တစ်ခွန်းပဲဆိုတော့ ကျုပ်လုပ်ချင်ရာ
လုပ်ခဲ့တာပေါ့…အဲ့သည်နောက်တော့ကျုပ်စိတ်တွေ
ဖောက်လာတယ် ကောင်းတစ်လှည့်မကောင်းတစ်လှည့်ပေါ့….တစ်ခါတစ်လေကျုပ်ရဲ့အိပ်မက်တွေထဲမှာ
ကျုပ်သမီးက ကျုပ်ကို မုန်းတီးနေတဲ့ မျက်လုံးတွေနဲ့
စိုက်ကြည့်တတ်တယ်…ကျုပ်သူ့အမုန်းကိုကြောက်တယ်အစ်မစိန်…ကျုပ်သမီးက ကျုပ်ကိုမုန်းနေမယ်ဆိုတာလည်းကျုပ်သိတယ်…ကျုပ်ယောက်ျား ဆုံးတာကိုလည်းကျုပ်သိပါတယ်…အဲ့သည်နောက်တော့
ကျုပ်တူမအေးမိက ကျုပ်အနားနေပြီး
စောင့်ရှောက်ပေးခဲ့တာကိုလည်းကျုပ်သိတယ်…
တစ်ရက်တော့ကျုပ်စိတ်တွေဘယ်လိုမှမနေနိုင်တော့တာနဲ့
သရက်ဖိုရွာကိုတစ်ယောက်ထဲ ထွက်လာခဲ့မိတယ်…
သရက်ဖိုရွာက သင်္ချိုင်းမှာစွန့်ပစ်ခဲ့တဲ့ကျုပ်မြေးအကြောင်းစုံစမ်းတော့ ကျုပ်ရင်တွေနာလိုက်တာ…
ကျုပ်နောင်တတွေလည်းရတယ်…ကိုယ့်ကိုကိုယ်အပြစ်တင်ရင်း အစ်မစိန်တို့ရဲ့ရွာကို အရောက်လာခဲ့​တာပါ
အစ်မစိန်ရယ်…”

အမေရှိန်က သူ့ရဲ့အဖြစ်အပျက်အလုံးစုံကို
ပြောပြသည်။ဘွားမယ်စိန်ကတော့ ဆေးလိပ်ကြီးကိုသာဖွာရှိုက်ရင်းနှုတ်ဆိတ်နေပြန်သည်။

“အမေရှိန် …အမေရှိန်သိပ်လွန်တာပဲ…
ကျုပ်တူမရှင်ညိုရဲ့ဘဝက ဘယ်လောက်တောင်
ဆိုးဝါးခဲ့သလဲ အမေရှိန်သိလား…
သင်္ချိုင်းကုန်းက သုဘရာဇာကြီးရဲ့ စောင့်ရှောက်မှုကြောင့်သာ ဒီကလေးအသက်ရှင်ခဲ့ရတာ…
ဒါတင်မကသေးဘူး သရက်ဖိုတစ်ရွာလုံးရဲ့ ဖယ်ကျဥ်တဲ့ဒဏ်…လူကိုလူလိုအဆက်ဆံမခံရတဲ့ဒဏ်တွေ
ဒီကလေးခံစားခဲ့ရတာ…ဒီကလေးရဲ့ရင်ထဲမှာ
ဘယ်လောက်တောင်ဒဏ်ရာတွေများမလဲ
အမေရှိန်သိရဲ့လား…အခုချ်ိန်မှလာပြီးတော့
ကျုပ်တူမလေးကို အနာဟောင်းတွေပြန်မတူးစွပါနဲ့လားတော်…”

“မိဝင်း…ဒါ ညည်းတို့ငါတို့ဝင်ပြောရမယ့်ကိစ္စမဟုတ်ဘူး…
ကာယကံရှင်တွေကသွေးသားအရင်းတွေအေ့…
သူတို့တွေဘာသာပဲ ဖြေရှင်းကြပါလိမ့်မယ်ငါ့သမီးရယ်…”

“အမေ…ကျုပ်ကရှင်ညိုကို ကိုယ့်တူမလေးလို…
ကိုယ့်သမီးလေးတွေချစ်ခဲ့တာအမေလည်းသိပါတယ်…
ကျုပ်တူမအရေးဟာ ကျုပ်အရေးပဲအမေ…
ကျုပ်တို့က အေးစက်စက်နိုင်လှတဲ့ဒီကလေးကို
မေတ္တာတွေပေးပြီး ပြုပြင်လာရတယ်ဆိုတာ
ဟောသည်သောင်ထွန်းတစ်ရွာလုံးသိပါတယ်အမေရယ်…
ကျုပ်တူမကိုတော့ ကျုပ်ထပ်ပြီး သောကရောက်မယ့်
အဖြစ်မျိုးမကြုံစေချင်ဘူးတော်…”

“ဟုတ်တယ်ဘွားဘွားကြီး…ဘွားဘွားကြီးကို
ကျုပ်ခင်ပါတယ်…ချစ်ပါတယ်…
ဒါပေမယ့် မမကိုတော့ နာကျည်အောင်ထပ်မလုပ်ပါနဲ့…
မမကိုနာကျည်အောင်လုပ်ရင် ဘွားဘွားကြီးကို
ကျုပ်မုန်းမိလိမ့်မယ်နော်…”

ဟုဆိုကာနန်းကြိုင်က ကွပ်ပျစ်မှဆင်းသွားပြီး
အိမ်ပေါ်သို့တက်သွားခဲ့သည်။
အိမ်ပေါ်အိပ်ရာထဲကိုရောက်သည်နှင့်
နန်း​ကြိုင်တစ်ယောက်တစ်သိမ့်သိမ့်ရှိုက်ငိုနေခဲ့တော့၏။

“အားလုံးလည်းသောကတွေကိုယ်စီပါပဲအေ…
အမေကတော့အေးချမ်းမယ့်လမ်းကိုပဲ ရွေးစေချင်တယ်…
သောကဆိုတာ ရင်မှာကြာကြာပိုက်ထွေးထားရင်
ပိုက်ထွေးတဲ့သူကို ဒုက္ခဖိစီးစေတယ်…
ဒါကြောင့် အားလုံးစိတ်ချမ်းသာရမယ့် လမ်းကိုပဲ
ရွေးကြပါလို့ပဲ ပြောချင်တယ်…”

ဘွားမယ်စိန်ကွပ်ပျစ်မှဆင်းသွားသည်။
ဒေါ်ဝင်းနဲ့ အမေရှိန်သာ ကွပ်ပျစ်၌ ကျန်ရစ်ခဲ့၏။
အိမ်ပေါ်အိမ်အောက်သာ ကွာခြားကြပါသော်လည်း
အားလုံးရဲ့ရင်ထဲမှာတော့သောကများက တူညီစွာ
တည်ရှိနေခဲ့လေသည်။

နောက်တစ်နေ့နံနက်သို့ရောက်တော့
ရှင်ညိုက ခြံဝိုင်းထဲမှာ ဖျာကြမ်းခင်းပြီး ထိုင်နေခဲ့သည်။
ဘွားမယ်စိန်နဲ့အမေရှိန်တို့ထိုင်နေတဲ့ ကွပ်ပျစ်ကို
ကျောခိုင်း၍ထား၏။
နန်း​ကြိုင်နဲ့ဒေါ်ဝင်းတို့ကလည်း မီးဖိုထဲ၌ ချက်ပြုတ်နေကြရင်း သက်ပြင်း များသာချနေခဲ့ကြသည်။

“အမေ…ဘယ်လိုတွေဖြစ်လာမယ်မသိဘူးနော်…
ဘွားဘွားက မမကိုပြန်ခေါ်သွားတော့မှာလားဟင်”

“အမေလည်း မပြောတတ်ပါဘူးသမီးရယ်…
ဒီနေ့တော့ ညည်းအစ်ကိုတွေလည်း အင်ကြင်းမြိုင်ရွာ
က ပြန်ရောက်လာမယ်ထင်တယ်…”

“ဟင်း….ကျုပ်ကတော့မမကိုလိုက်မသွားစေချင်ဘူး
အမေ…မမကိုကျုပ်မခွဲနိုင်ဘူး”

“ဘာလို့ငိုနေရတာလဲအမေ့သမီးရယ်…
သမီးမမက လိုက်သွားမှာမဟုတ်ပါဘူး…
သမီးတို့အမေတို့ကို သူချစ်ရှာပါတယ်အေ…
လိုက်မှာမဟုတ်ပါဘူး”

နန်းကြိုင်ငိုနေတာကို နှစ်သိမ့်နေရှာသော်လည်း
ဒေါ်ဝင်းကိုယ်တိုင်မျက်ရည်ကျချင်နေရှာသည်။
သူငိုလျှင် နန်း​ကြိုင်ပို၍ ငိုလာတော့မည်ကိုသိတာကြောင့်
ချုပ်ထိန်း၍ထားရှာသည်။

​နေ့လယ်ပိုင်းအချိန်လောက်ရောက်တော့
မောင်တိုးတို့နွားလှည်းနောက်မှ
ဘိုးကြည်တို့ရဲ့နွားလှည်းလည်းအတူတူ
ရွာထဲဝင်လာခဲ့သည်။
ဘွားမယ်စိန်ရဲ့အိမ်ရှေ့ထိ နွားလှည်းကို
မောင်းလာကြပြီး…

“ဒီအိမ်ပဲဗျ…”

“ကဲ…အေးမိ…ညည်းအရင်ဝင်နှင့်…
ငါလှည်းချွတ်ပြီးတာနဲ့လိုက်ခဲ့မယ်…”

ဘိုးကြည်က လှည်းနံဘေးကျန်ခဲ့ပြီး
အရီးအေးမိက ခြံဝိုင်းထဲကို မောင်တိုးနဲအတူဝင်လာခဲ့သည်။

“ဘွား..ကျုပ်တို့ပြန်ရောက်လာပြီ…”

“အေးကွယ်…ထိုင်ကြပါဦး…”

“ကြီးတော်…ကြီးတော်ဘယ်လိုများဒီရွာထိ
ရောက်နေခဲ့တာလဲကြီးတော်ရယ်…
ကျုပ်တို့မှာကြီးတော်ကိုစိတ်ပူပြီး ရှာနေကြရတာ…”

“ညည်းက မိရှိန်ရဲ့တူမထင်တယ်…”

“ဟုတ်ပါတယ် ကျုပ်က ကြီးတော်နဲ့ဆွေမျိုးနီးစပ်တော်တဲ့
တူမပါ… ဒီကအမေကြီးက ကြီးတော်ကိုစောင့်ရှောက်ထားတဲ့သူထင်ပါရဲ့”

ဘွားမယ်စိန်ကခေါင်းညိတ်လိုက်သည်။
ထိုအချိန် ရှင်ညိုက ခြံပြင်ကိုထွက်ဖို့ပြင်နေရာ…

“ရှင်ညို…ဘယ်သွားမလို့လဲဟ…
ဒီမှာ ငါတို့နင်ခေါ်လာတဲ့ဘွားရှိန်ကို သူ့တူမလက်ထဲ
ပြန်ထည့်တော့မှာလေဟာ…
လာဦးလေဟ…”

ဟု…မောင်တိုးကပြောတော့ ရှင်ညိုကလှည့်ကြည့်လာသည်။
ရှင်ညိုရဲ့မျက်လုံးများက စူးရှနေ၏။
ရှင်ညိုမျက်လုံးထဲမှာဝမ်နည်းရိပ်ဟူ၍ ရှိမနေခဲ့ပေ။

“ဟင်…ဒါ…ဒါ…မြသွေး…မြသွေးနဲ့တူလိုက်တာ…”

အရီးအေးမိကရှင်ညိုကိုမြင်တော့ အံ့သြသွားသည်။
ရှင်ညိုကတော့ သူ့အားကြည့်​နေသည့် အရီးအေးမိကို
အရေး မစိုက်သယောင်ဖြင့် ကျောခိုင်းကာထွက်သွားတော့လေသည်။

“အေးမိ…”

“ရှင် ကြီးတော်…”

“အဲ့တာငါ့မြေးပဲ…မြသွေးရဲ့သမီးပေါ့”

“ရှင်…မြသွေးရဲ့သမီး…ဟုတ်သလားကြီးတော်…
မြသွေးရဲ့သမီးက မွေးကင်းစကတည်းက
ဆုံးသွားပြီဆို…”

“ငါ့အမှားတွေပေါ့အေးမိရယ်…
ငါဒီကလေးကို သရက်ဖိုသင်္ချိုင်းမှာသွားပစ်ခဲ့မိတယ်…
အခုတော့ ငါသူ့ရဲ့အမုန်းတွေကိုပဲရနေခဲ့ပါပြီအေ”

“ဖြစ်မှဖြစ်ရလေကြီးတော်ရယ်…
အဲ့တာကြောင့်သူ့အကြည့်တွေက နာကျဥ်းရိပ်တွေပါနေခဲ့တာကိုး…ဖြစ်မှဖြစ်ရလေကြီးတော်ရယ်…”

အရီးအေးမိက ရှင်ညိုကို သနားသွားသည်။
ရှင်ညိုခံစားချက်ကို စာနာမိသော်လည်း ကြီးတော်ဖြစ်သူကိုလည်း အပြစ်မတင်ရက်ခဲ့။

“ငါ့မြေးလေးက ငါ့ကိုမုန်းနေပြီ…
ငါသေတဲ့အထိ သူ့အမုန်းတွေကိုပဲရနေတော့မှာအေးမိရဲ့”

အမေရှိန်က အရီးအေးမိကိုပြောရင်းငိုပြန်သည်။
အရီးအေးမိကတော့ဖြစ်ပျက်သမျှဟာ ပြီးဆုံးခဲ့ပြီဖြစ်တဲ့အရာတွေမို့ ပြင်ဆင်လို့မရတော့မှန်းသိကာ
သက်ပြင်းသာချနေခဲ့တော့သည်။

“ကြီးတော်…ကြီးတော်အခုလို ကျုပ်တို့တွေနဲ့
စကားထိုင်ပြောနိုင်တာ ကြီးတော်အရင်လို
လူကောင်းပကတိပြန်ဖြစ်လာပြီပဲ …
ကြီးတော်မြေးကိုလည်းအချိန်လေးတစ်ခုတော့
ပေးလိုက်ပါကြီးတော်ရယ်….
ဒီကလေးစိတ်ထဲမှာလည်း နာကျဥ်နေရှာမှာပေါ့…”

“ငါသိပါတယ် အေးမိရယ်…
ငါ့မြေးလေးကငါ့ကိုမြင်နေရရင် စိတ်သောက​ဖြစ်နေရရှာမှာ…ဒီတော့အေ…ငါတို့တွေအင်ကြင်းမြိုင်ကို ပြန်ကြတာပေါ့”

“ကြီးတော်သဘောပါတော်…ကြီးတော်ပြန်ချင်ရင်
ပြန်ကြတာပေါ့”

အမေရှိန်က ချက်ချင်းပင်ထပြန်ဖို့လုပ်လေတော့သည်။
အရီးအေးမိကတော့ ဘွားမယ်စိန်တို့ကို
ကျေးဇူးတင်စကားများအထပ်ထပ်ပြောနေခဲ့ရှာသည်။

“ကျုပ်တူမလေးကို စောင့်ရှောက်ကြမယ်ဆိုတာသိပါတယ်…ဒါပေမယ့် ကြီးတော်အပေါ်မှာလည်း
ခွင့်လွှတ်ပေးဖို့ နားချပေးကြပါဦးလို့
ကျုပ်တောင်းဆိုပါရစေရှင်…”

“ဒီကညီမနာမည်ကအေးမိနော်…
အစ်မပြောမယ်အေ့…ညည်းကြီးတော်ကို ဖြစ်ပျက်ခဲ့သမျှ
အကြောင်းစုံနဲ့သူရဲ့လုပ်ရက်တွေကိုသေချာမေးကြည့်ပြီးမှ ကျုပ်တူမလေးကသူ့အပေါ်မုန်းတီးသင့်မမုန်းတီး
သင့်ဆိုတာ ငါ့ညီစဥ်းစားကြည့်လိုက်စမ်းပါ…
အစ်မတို့ကတော့ ဒီကိစ္စကိုကြားဝင်ဖျန်ဖြေဖို့ တွေးကိုမထားဘူးအေ…”

ဒေါ်ဝင်းက အရီးအေးမိကို ထိုသို့ပြောတော့
အရီးအေးမိကလည်းခေါင်းကိုသာညိတ်လိုက်ရတော့သည်။
ခဏမျှကြာတော့ အမေရှိန်ကို အရီးအေးမိနဲ့ဘိုးကြည်တို့မောင်နှမက အင်ကြင်းမြိုင်ရွာသို့ ပြန်ခေါ်သွားကြသည်။
ထိုအခါမှ ငြိမ်၍နားထောင်နေသော မောင်တိုးက…

“အရီး…ဘွား…တကယ်ကြီးလားဗျ…
ရှင်ညိုက ဘွားရှိန်ရဲ့မြေးပေါ့လေ…
အဲ့တာ အမှန်ပဲလားဗျာ…”

“အမှန်ပဲမောင်တိုး…နင်ပဲစဥ်းစားကြည့်စမ်းဟယ်……”

ဟုဆိုကာ ဒေါ်ဝင်းက အမေရှိန်တစ်​ယောက်ရှင်ညိုကို
စွန့်ပစ်ခဲ့သည့်အကြောင်းစုံကိုပြောပြလေတော့
မောင်တိုးပင် ရှင်ညိုစိတ်ကိုနားလည်သွားရှာသည်။

“ကျုပ်နှမလေးကသနားစရာပါလားဗျာ…
လုပ်ရက်လိုက်တာ…ဒီကလေးမှာဘာများအပြစ်ရှိလို့လဲဗျာ…”

“အဲ့တာနောက်ထားဦး..
မောင်ရင်နှမကိုသွားရှာချေဦးကွဲ့…
ဒီကလေးမနက်ကတည်းကထမင်းသေချာမစားသေးဘူး…မိရှိန်တို့ပြန်သွားပြီဆိုတာသေချာပြောပြီး
ခေါ်လာခဲ့ပါဦးကွယ်…”

“ဟုတ်ကဲ့ဘွား…ကျုပ်သွားရှာလိုက်ပါ့မယ်…”

“ကျုပ်လည်းအတူတူလိုက်မယ်ကိုကြီးတိုး”

မောင်တိုးက ရှင်ညိုကိုရှာဖို့ထွက်သွားလေတော့
နန်းကြိုင်ကလည်းအတူလိုက်လာခဲ့သည်။
ခင်မောင်ချစ်ကတော့အိမ်၌ ကျန်ရစ်ခဲ့၏။

“နင့်အစ်မဒီအချိန်ဘယ်မှာများရှိလောက်မလဲနန်းကြိုင်…
ရွာအပြင်ကိုများသွားသလား”

ဟုပြောရင်းစဥ်းစားလေရာ နန်းကြိုင်ကလည်း…

“ဘုန်းကြီးကျောင်းထဲက ကြာကန်မှာရှိရင်ရှိလိမ့်ကိုကြီးတိုး…ကျုပ်တို့အဲ့နေရာကိုအရင်ရှာရမယ်”

“အေး…ဟုတ်တယ်နော်…အဲ့သည်ကိုသွားကြတာပေါ့…”

မောင်နှမနှစ်ယောက် ဘုန်းကြီးကျောင်းထဲက ကြာကန်ဆီကို ထွက်လာခဲ့ကြသည်။
သူတို့အထင်အတိုင်း ရှင်ညိုက ကြာကန်နံဘေး၌
ထိုင်နေခဲ့၏။

“မမ…”

“ရှင်ညို… “

နန်းကြိုင်နဲ့မောင်တိုးတို့ကခေါ်တော့ရှင်ညိုလှမ်းကြည့်သည်။

“ဘာလဲ…ဘွားက ကျုပ်ကိုနားချခိုင်းလိုက်တာလား”

“မဟုတ်ပါဘူးရှင်ည်ိုရာ
ငါတို့က ညည်းကိုလာခေါ်တာပါ”

မောင်တိုးကပြောရင်းပင်ရှင်ညိုနံဘေးဝင်ထိုင်လိုက်သည်။
နန်းကြိုင်ကလည်း ရှင်ညိုဘေးတစ်ဖက်လွတ်တဲ့​နေရာ၌
ဝင်ထိုင်လိုက်၏။

“ကျုပ်မလိုက်ချင်ဘူးကိုကြီးတိုး…
သူ့ကိုမြင်ရတာကျုပ်ရဲ့စိတ်တွေကို ကျုပ်ထိန်းချုပ်လို့
မရဖြစ်လာတယ်…တော်နေကျုပ်စိတ်ကိုလွတ်ချလိုက်ရင်
သူတို့တွေ ထိခိုက်ကုန်လိမ့်မယ်…”

“ငါ့နှမစိတ်ကို ကိုကြီးတိုးသိပါတယ်…
ငါ့နှမ မမှားဘူး…ငါ့နှမ မှန်ပါတယ်…
အခုကိုကြီးတိုးတို့လိုက်လာတာက သူ့ကိုခွင့်လွှတ်ဖို့
လာပြောတာမဟုတ်ပါဘူး…သူတို့တွေလည်း
အင်ကြင်းမြိုင်ကိုပြန်သွားကြပြီ…
အခုက ကိုကြီးတိုးတို့ထမင်းအတူစားရအောင်လာခေါ်တာဟ…ဗိုက်တွေလည်းဆာလှပြီ
ထမင်းအတူတူပြန်စားကြရအောင်ဟာ…”

မောင်တိုးစကားကိုမယုံသလိုနဲ့ရှင်ညိုကကြည့်သည်။

“ကိုကြီးတိုးပြောတာအဟုတ်ပဲမမရဲ့…
ဘွားဘွားကြီးတို့ပြန်သွားကြပြီ…
အဲ့တာမမကို အိမ်ပြန်ဖို့လာခေါ်တာပါ…”

“ဟုတ်ပါတယ်ဆိုရှင်ညိုရာ…
ငါလည်းဗိုက်ဆာလှပြီဟ…
လာပါပြန်ကြစို့ဟာ…”

မောင်တိုးနဲ့နန်းကြိုင်က ရှင်ညိုကိုဆွဲထူ၍ခေါ်ကြတော့သည်။

“စောစောကကျတော့ သူ့ကိုယ်သူ ကိုကြီးတိုးတဲ့…
အခုကျတော့ငါတဲ့….တတ်လည်းတတ်နိုင်တယ်တော်…”

“ဒါကတော့ ငါ့နှမကို ချော့ရတာပေါ့ဟ…
နန်းကြိုင် ညည်းနော် ကြားကနေ သွေးမခွဲနဲ့”

“အောင်မာ…အောင်မာ…ကျုပ်ကဘယ်မှာသွေးခွဲလို့လဲ”

“ညည်းစကားကသွေးခွဲတာပဲလေ”

“ကဲပါ…တော်ကြပါတော့…
သူတို့တွေပြန်သွားတာသေချာရင်ကျုပ်လိုက်ခဲ့ပါ့မယ်…
ပြန်ကြတာပေါ့…”

ဟုဆိုကာ ရှင်ညိုကရှေ့မှသွားလေတော့ မောင်တိုးနဲ့
နန်းကြိုင်က ပြုံး၍ကြည့်နေကြသည်။

“ဘာလဲ အဲသည်မှာနေရဦးမှာလား..
ဒါဆိုလည်းအိမ်မပြန်သေးဘူး…”

“ဟာ…မဟုတ်ဘူး အိမ်ပြန်မယ်…အိမ်ပြန်ကြမယ်နော်…
ကိုကြီးတိုးနှမက လိမ်မာပါတယ်…
လာ…လာ…နန်း​ကြိုင်ငါတို့အိမ်ပြန်ကြမယ်ဟေ့”

ရှင်ညိုကသူတို့အနားပြန်လာမည်လုပ်လေတော့
မောင်တိုးက နန်းကြိုင်ကိုခေါ်၍ ရှင်ညိုလက်ကို ဆွဲကာ
အိမ်သို့ ပြန်လာခဲ့ကြတော့သည်။
အိမ်သို့ရောက်တော့ ရှင်ညိုက မည်သည်မှမဖြစ်ခဲဲ့တဲ့အတိုင်း ထမင်းအတူစားကာ စကားဝိုင်းဖွဲ့ပြောနေလေတော့ ဒေါ်ဝင်းပင် စိတ်အေးသွားခဲ့ရှာသည်။
ဘွားမယ်စိန်သည်လည်း မောင်တိုးတို့နဲ့စကား​ပြောနေသော ရှင်ညိုကိုကြည့်ရင်း ပြုံးနေခဲ့ရှာသည်။

အမေရှိန်သည်က ရှင်ညိုရဲ့ ဥပက္ခာနဲ့အမုန်းများကို
ပိုက်ထွေး၍ အင်ကြင်းမြိုင်ရွာသို့ပြန်သွားခဲ့ရတော့၏။

ထိုသို့ဖြင့် ကဝေမလေးရှင်ညိုရဲ့ သွေးသားရင်းချာဆိုတဲ့
ဇာတ်လမ်းလေးလည်း ရပ်နားလိုက်ပါတယ်ရှင်။

ယဥ်မင်း(ကန့်ဘလူ) 

Leave a Reply

Your email address will not be published. Required fields are marked *