ဘွားမယ်စိန်နှင့် တမာတန်းကအဘွားအို
မိုးများကတဖြိုက်ဖြိုက်ရွာသွန်းလို့ကောင်းနေခဲ့သည်။
သောင်ထွန်းရွာအပြင်ရှိ လယ်ကွင်းများမှာလည်း
ရေများကတဖွေးဖွေးဖြစ်လို့နေ၏။
တစ်မိုက်သာသာရှိသေးတဲ့ကောက်ပင်စိမ်းစိမ်းများက
လည်းကွင်းပြင်တစ်ခုလုံး၌ စိမ်းလန်းလို့နေခဲ့သည်။
“ရှင်ညို…ခမောက်ကြီးဆောင်းပြီး
ဘယ်ကိုသွားမလို့တုန်းအေ့”
ထဘီကို ခပ်တိုတိုပြင်ဝတ်ထားပြီး ဝါးခမောက်ကို ကောက်ဆောင်းနေသည့်ရှင်ညိုကို မိုးအေးအေးဖြင့် အကြမ်းရည်သောက်နေသည့် ဒေါ်ဝင်းကမေးလိုက်ခြင်းပင်။
“ကျုပ်တို့ စိုက်ကွက်မှာ စိုက်ဖို့ကျန်သေးတယ်လေ
အရီးရဲ့…အဲ့တာ လေးလေးတို့ကိုသွားကူပေးမလို့”
“ဟယ်…ညည်းလုပ်နေကြလည်းမဟုတ်ပါဘူး…
မသွားစမ်းပါနဲ့ရှင်ညိုရယ်…ညည်းလေးလေး က
ကောက်စိုက်သမတွေ ငှားထားပါတယ်အေ့”
“ဘယ်ဖြစ်မလဲအရီးရယ်…
ကျုပ်လည်းကူရမှာပေါ့…နောက်ပြီး အိမ်ထဲမှာ
နေရတာလည်းပျင်းလှတယ်…ကဲ…ကဲ…ကျုပ်သွားပြီနော်…
အဘွား ကျုပ်သွားပြီ”
“ဟဲ့…ရှင်ညို…ဟဲ့…သြော်…တားမရပါလားအမေရယ်”
ဒေါ်ဝင်းက ရှင်ညိုကိုတားနေပါသော်လည်း
ရှင်ညိုက ခမောက်ကိုဆောင်းပြီးသည်နှင့် အိမ်ထဲမှ
လစ်ခနဲထွက်သွားတော့သည်။
ဘွားမယ်စိန်နဲ့နန်းကြိုင်တို့ကတော့ အကြမ်းရေလေးသောက်ရင်း ကွပ်ပျစ်၌ထိုင်နေခဲ့ကြ၏။
“အမေ…ကျုပ်ပြောတာကိုကြားရဲ့လားတော့်…”
“ကြားပါတယ် မိဝင်းရယ်…
အမေတို့တားလည်း သွားမယ့်သူကို
ဘာကိစ္စတားနေရဦးမှာလည်း…
ဒီလယ်တွေယာတွေဆိုတာကလည်း
ညည်းတို့ငါတို့မရှိရင်သူတို့ပဲ ဦးစီးရမှာလေ
အခုကတည်းကကျွမ်းကျင်ထားတော့
ကောင်းတာပေါ့အေ…”
“အမေကလည်းတော်…ရှင်ညိုက
နုနုယွယွလေးတော့်…ရွံ့တွေဗွက်တွေနဲ့
သူ့ခြေဖဝါးနုနုနဲ့က လားလားမှမသက်ဆိုင်တာ
အမေရယ်…သူတို့တွေဦးစီးတဲ့အချိန်ကျရင်လည်း
အငှားချထားလို့ရတာပဲတော်…”
“ညည်းက ညည်းတူမကို ညှာတာနေတာ…
ဟိုက လူကသာနုတာ စိတ်ကမနုဘူးအေ့…
သူကြိုက်တာသူလုပ်ပါစေအေ…”
“ဟင်း…အင်းပါအမေရယ်…ကျုပ်ကလည်း
သူ့အတွက်ပဲပြောတာပါတော်…”
ဒေါ်ဝင်းလည်းပြောချင်သမျှကို ဟင်းခနဲ
သက်ပြင်းချပြီးနောက် စိတ်ထဲကစကားများကို
မြိုသိပ်ရင်း အကြမ်းရည်ဖြင့် မျှောချလိုက်တော့သည်။
“ရှင်ညို…….”
“ဟော…ကိုကြီးတိုးပါလား…
ဘယ်ကိုသွားမလို့တုန်း…”
“ညည်းကိုမေးရမှာ…
ငါကလယ်တောကိုသွားမလို့ဟ”
“ကျုပ်လည်းလယ်တောကိုသွားမလို့ပဲလေ…
လေးလေးလယ်မှာ ကောက်စိုက်ဖို့ရှိတယ်ကိုကြီးတိုးရဲ့”
“အမယ်…ညည်းတောင် လယ်တောဆင်းနေပြီပေါ့…
အားကိုးရလှပါလားရှင်ညို…”
“ဒါကတော့ ကျုပ်လုပ်ရမယ့်ကိစ္စမလို့ပါ
ကိုကြီးတိုးရယ်…ကိုယ်တတ်နိုင်တာလေးနဲ့
ကူညီနေတာပါ…”
“အေးဟာ…ဒါဖြင့်လည်းနိုင်တာကူလိုက်ပေါ့…
ငါလည်းသွားပြီဟေ့ရှင်ညိုရေ…”
“ဟုတ်…ဟုတ်…သြော်…ဒါနဲ့ ကိုကြီးအုန်းတို့ကော
မလာကြသေးဘူးလား”
“နောက်တစ်ပတ်နေရင် ပြန်လာကြတော့မယ်လို့ကြားတယ်ဟ…ဆောင်းသဇင်က ငါတို့ရွာလိုက်နေတော့မှာလေ”
“ကိုကြီးအုန်းက ကျုပ်တို့ကိုမေ့ပြီးပျော်နေပြီထင်ပါ
ရဲ့နော်…”
“အမယ်လေး…ငါကတော့ ကိုကြီးအုန်း ပြန်ချင်လွန်းလို့
ဖင်တကြွကြွဖြစ်မှာမြင်ယောင်နေသေးတယ်…
ငါ့ကိုတောင်တိုးတိုးတိတ်တိတ် မှာထားသေးတယ်လေ…
ဘွားခရီးသွားစရာရှိရင် သူ့ကိုချန်မထားခဲ့ပဲ
လာခေါ်ပေးပါတဲ့…ဘယ်ဖြစ်မလဲဟာ…
သောင်ထွန်းနဲ့စလင်းက နီးမှမနီးတာ…”
“ဒါလည်းဟုတ်တာပဲ…
ကျုပ်တို့တွေအရင်လိုခရီးအတူထွက်ဖို့…
ဆောင်းသဇင် ခွင့်ပြုပါစေလို့ပဲ မျှော်လင့်ရတော့မှာပဲတော်”
“ဒီလောက်ကတော့ခွင့်ပြုမှာပါ…
ညည်းကလည်း မလိုတာတွေစိတ်ပူမနေစမ်းနဲ့…
ကဲ…ကဲ…ငါသွားပြီရှင်ညိုရေ……”
မောင်တိုးက ရှင်ညိုကို ကျောခိုင်း၍
ထွက်သွားတော့သည်။
ရှင်ညိုလည်း လယ်ကန်သင်းအတိုင်း ဆက်လျှောက်လာခဲ့တော့၏။
ဘွားမယ်စိန်ရဲ့သားအလတ်ကောင် ဦးစီးနေသော
လယ်ကွက်၌ ကောက်စိုက်သမ များပင်ရောက်နေကြလေပြီ။
“ရှင်ညို ပါလားဟေ့…ကောက်စိုက်လာကူတာလား”
“ဟုတ်တယ်….မပု…ကျုပ်ကောက်စိုက်လာကူတာ”
“လာဟေ့…လူလိုနေတာနဲ့အတော်ပဲ….”
“ဖြစ်ပါ့မလားဗျာ…ရှင်ညိုက အသားနုနုလေး…
ထိခိုက်ကုန်မှဗျာ…”
“ဟဲ့…မသာ…ငါတို့ကရော ဘယ်လောက်တောင်
ကြမ်းတမ်းနေလို့…နင်ကရှင်ညိုကိုမှရွေးပြီး စိတ်ပူနေရတာလဲဟဲ့”
“ဟာ…ခင်ဗျားတို့က မွေးကတည်းက လယ်လုပ်စားလာကြတာလေ…ရှင်ညိုက.မလုပ်ဖူးလောက်ဘူးဗျ…”
အောင်မိုးက ရှင်ညိုကို ကြိုက်နေသူပီပီ ရှင်ညိုဘက်မှ
ပြောပေးနေခဲ့သည်။
မပုတို့မရွှေတို့ကတော့ အောင်မိုးကို မျက်စောင်းထိုး၍
ကြည့်နေကြသည်။
ကလေးမအေမအေးခင်ကတော့ လူငယ်သဘာဝကို
သိနေသည့်အလား ပြုံး၍သာကြည့်နေခဲ့၏။
ရှင်ညိုလည်းသူတို့စကားဝိုင်း၌ ဝင်မပြောဖြစ်ဘဲ
အလုပ်ကိုသာလုပ်နေခဲ့တော့သည်။
“လယ်တောရယ်ကသာရာ….ဟောသည်က
နှမပျိုချောရယ်နဲ့…အယ်…နှမပျိုချောရယ်နဲ့….
အမောပြေလှတယ်လေး….”
အောင်မိုးက ကောက်စိုက်ရင်းသီချင်းအော်ဆိုလေတော့
“မတန်မရာကိုသူမို့မှန်းတယ်ဟယ်…
တကယ် ပါပဲ…”
ဟု…မသင်းက အဖော်များကို တီးတိုးပြောလေတော့သည်။
“ကဲ…ထမင်းစားနားကြမယ်ဟေ့…….”
ကန်သင်းရိုးအတိုင်း အိုးကြီးကို ခေါင်းပေါ်ရွက်လို့
ရောက်လာသည်က မိထားဖြစ်သည်။
ရှင်ညိုတို့အားလုံးကတော့ အရီးထားလို့ခေါ်ပြီး…
ဒေါ်ဝင်းနဲ့ဘွားမယ်စိန်တို့သည်က မိထားဟုသာ
အခေါ်များသူဖြစ်သည်။
“အရီးရောက်လာပြီဟေ့…
ထမင်းစားနားကြတာပေါ့….”
“ထမင်းမြန်မြန်စားပြီးရင် ဒီတစ်ကွက်တော့အပြီးစိုက်ရမယ်အေ့…ဟိုမှာတွေ့တယ်မဟုတ်လား…တိမ်ခဲကြီးက
ရွာချမယ့်ပုံရတယ်”
မအေးခင်စကားကြောင့် ရှင်ညိုတို့လည်း မည်းမှောင်နေတဲ့ တိမ်ခဲထုကြီးကိုမော့ကြည့်မိကြသည်။
မိုးက တဖြိုက်ဖြိုက်ရွာလို့ကောင်းနေတဲ့ကြားက
ထမင်းစားနားကြရ၏။
လယ်ကန်သင်းပေါ်၌ ထမင်းဝိုင်းဖွဲ့စားနေကြရင်း…
“ရှင်ညို…ညည်းမပင်ပန်းဘူးလားအေ့”
“ဘာလို့လဲအရီးထားရဲ့”
“သြော်အေ…ညည်းက ဒါမျိုးတွေမလုပ်ဖူးလောက်ပါဘူး…
မမဝင်းကရော မတားဘူးလားအေ့”
“အရီးကတော့တားပါတယ်…
ဒါပေမယ့် ကျုပ်ကကူပေးချင်လို့ပါအရီးထားရဲ့”
“အေးပါအေ…အိမ်ရောက်ရင် ဆေးခါးကြီးသောက်ဦးနော်…ဖျားနေမှာစိုးလို့အေ့”
“ဟုတ်ကဲ့အရီးထား”
ချက်လာပေးတဲ့ ထမင်းပူပူနဲ့ဟင်းကောင်းတစ်ခွက်ဖြစ်တဲ့
ဝက်သားချက်က မိုးအေးအေးနဲ့ခတွင်းမြိန်စေခဲ့သည်။
ကောက်စိုက်သမ များမှာ ထမင်းကို
အားပါးတရစားနေကြချိန် အောင်မိုးတစ်ယောက်
နေရာမှ ပျောက်နေခဲ့၏။
ပြန်ရောက်လာချိန်၌ လက်ထဲတွင် ကြာပန်းများပါလာခဲ့သည်။ အပြာရောင်ကြာပန်းပွင့်တွေက
မိုးကြောင့် လှပစွာဖူးပွင့်နေခဲ့ကြသည်။
“ရှင်ညို…ရော့…ဒါနင့်အတွက်…”
“ဘာလို့ကျုပ်ကိုပေးတာလဲ…”
“သြော်…ရှင်ညိုရယ်…ဒီအကောင် ထမင်းမစားနိုင်ဘဲ
ကြာပန်းသွားခူးတယ်ဆိုကတည်းက
ညည်းကိုပေးချင်လို့ဖြစ်မှာပေါ့…”
မပုက ပြောတော့ အောင်မိုးက ခေါင်းညိတ်ထောက်ခံလေသည်။
“ကျုပ်က ကြာပန်းမကြိုက်ဘူး…
မပုတို့ကိုပဲပေးလိုက်ပါ…”
ရှင်ညို ရဲ့ စကားကြောင့် အောင်မိုးရဲ့မျက်နှာက
ရွာတော့မည့်တိမ်မဲများထက်ပင်
မည်းမှောင်ကျသွားခဲ့၏။
မပုတို့ကောက်စိုက်သမများကတော့ ပြဇာတ်ပြနေသည့်အလား မျက်တောင်မခတ်တမ်း ကြည့်နေခဲ့ကြသည်။
မိထားကလည်း ဆေးလိပ်ကြီးကိုဖွာရှိုက်ရင်း
အကဲခတ်နေခဲ့၏။
“ယူပါရှင်ညိုရယ်…နင့်အတွက်ငါသွားခူးလာတာဟ”
“ကျုပ်မယူချင်လို့ပါ ကိုအောင်မိုး…
ကျုပ်အလုပ်ပဲ ကျုပ်အေးအေးဆေးဆေးလုပ်ပါရစေ”
ရှင်ညိုက လယ်ထဲပြန်ဆင်းရင်း စိုက်လက်စနေရာ၌
ကောက်ပင်များစိုက်နေခဲ့တော့သည်။
ကျန်ကောက်စိုက်သမ များမှာလည်း
ရှင်ညို မျက်နှာထားတည်နေသည်ကိုမြင်၍ စဖို့ပင်
မရဲ ဖြစ်နေကြတော့၏။
“အောင်မိုး…”
“ဗျာအရီး…”
“ငါ့တူမက မလိုချင်ဘူးပြောနေရင်
ထပ်မပြောတော့နဲ့ပေါ့…
ဟိုက စိတ်ကရှည်တတ်တဲ့သူမဟုတ်ဘူး…
တော်နေ မျက်နှာပျက်စရာတွေဖြစ်ကုန်ရင်
မကောင်းဘူးနော်…”
“ဟုတ်ကဲ့ပါအရီးရယ်…ကျုပ်က သူ့ကိုစေတနာနဲ့ပေးတာပါဗျာ…”
“အမယ်လေး…စေတနာနောက်ကွယ်မှာ
ဘာတွေပါသလဲဆိုတာ…ဒီက မိထားကသိပါတယ်နော်…
သူ မကြိုက်တာကိုဆက်မလုပ်ပါနဲ့အောင်မိုးရဲ့…
မမဝင်းအကြောင်းက်ိုနင်လည်းသိပါတယ်…
ငါ့ထက်တောင်သူ့တူမကိုအထိခံတာမဟုတ်ဘူးနော်…”
“ဟုတ်ကဲ့ပါအရီးရယ်…”
မိထားစကားကြောင့် အောင်မိုးမှာ အလုပ်လုပ်ရသည်ကိုပင်စိတ်မပါလက်မပါဖြစ်နေခဲ့တော့၏။
ကောက်စိုက်လို့ပြီးလေတော့ ရှင်ညိုလည်းမပုတို့နဲ့အတူ
ပြန်လိုက်လာခဲ့သည်။
“ဟဲ့…မိုးကသည်းလာပြီ…ပြေးကြအေ့…
ပြေးကြ…”
ကောက်စိုက်သမများက မိုးရွာထဲ တဟေးဟေးအော်ကာ
ပြေးလွှားသွားကြသည်။
ရှင်ညိုကတော့ မိုးရွာတာကိုမမူဘဲ ဖြေးဖြေးမှန်မှန်သာလျှောက်လာခဲ့၏။
ရွာထိပ်ကိုရောက်တော့…တမာတန်း၌ ထိုင်နေတဲ့ အဘွားအိုတစ်ယောက်ကို တွေ့လိုက်ရသည်။
“မိုးတွေရွာနေတာကို ဒီအဘွားကဒီမှာ
ဘာထိုင်လုပ်နေတာပါလိမ့်”
ရွာထဲကိုဝင်မယ့်ရှင်ညိုရဲ့ခြေလှမ်းတွေက တမာတန်း
ဆီကို ရောက်လာခဲ့သည်။
“အဘွား…ဒီမှာဘာထိုင်လုပ်နေတာလဲ…
မိုးခိုနေတာလား…”
အဘွားအိုရဲ့အဝတ်အစားများက ဟောင်းနွမ်း၍နေသည်။
ထိုအဝတ်အစားများကိုပင် ထပ်ဖန်တလဲလဲ ဝတ်ဆင်နေပုံရပြီး ချေးညှော်များက ထူပိန်းလျက်ရှိလေသည်။
“ကောင်မလေး…ညည်းကဘယ်သူတုန်း”
“ကျုပ်က ဒီသောင်ထွန်းရွာကပါအဘွား…
ဒါနဲ့ အဘွားက ဘယ်သူတုန်း…
ဘယ်ကိုများသွားမလို့လဲအဘွားရဲ့”
“အေး…ကျုပ်ကလည်းဒီရွာကိုလာတာပဲကောင်မလေးရဲ့”
“မိုးတွေကသည်းနေပြီအဘွားရဲ့…
ရွာထဲက ဘယ်အိမ်ဆီကိုများသွားမလို့လဲ”
“အိမ်…ဟုတ်သလား…ကောင်မလေး…
ကျုပ်လည်းဘယ်အိမ်ကိုသွားမလို့ပါလိမ့်”
အဘွားအိုရဲ့စကားကြောင့် ရှင်ညို နှုတ်ဆိတ်သွားသည်။
အဘွားအိုကိုအကဲခတ်ရင်း စိတ်မူမမှန်သူဟုသာ
ရှင်ညို တွေးလိုက်မိ၏။
အဘွားအိုကို ထပ်၍မမေးတော့ဘဲ.ကျောခိုင်း၍
ရွာဆီကိုပြန်ဖို့ ခြေလှမ်းနှစ်လှမ်းမျှ လှမ်းပြီးသော်လည်း
ရှင်ညိုရဲ့ ခြေလှမ်းများက အဘွားအိုရှိရာဆီကိုသာ
ပြန်ရောက်လာခဲ့တော့သည်။
“အဘွား…ထ…ကျုပ်နဲ့အိမ်ကိုအတူလိုက်ခဲ့ပါ…
ပြီးတော့မှ အဘွားသွားချင်တဲ့နေရာကို
ကျုပ်ကိုယ်တိုင်ပဲလိုက်ပို့ပေးပါ့မယ်…
ဒီနေရာမှာအဘွားကိုတစ်ယောက်ထဲ ထားခဲ့ဖို့ဆိုတာ
ကျုပ်စိတ်က လက်မခံနိုင်လို့ပါ…”
“ကောင်မလေးက ကျုပ်ကို အတူခေါ်သွားမယ်ပေါ့”
အဘွားအိုရဲ့အမေးကို ရှင်ညိုက ခေါင်းညိတ်လိုက်တော့
အဘွားအိုက ပြုံး၍ ရှင်ညိုလက်ကိုလာတွဲလေသည်။
“ဒီခမောက်ကိုအဘွားပဲဆောင်းခဲ့လိုက်တော့နော်…”
ရှင်ညိုက သူမရဲ့ခေါင်းအထက်ရှိခမောက်ကို
အဘွားအိုအားဆောင်းပေးလိုက်သည်။
မိုးများရွာသွန်းနေတဲ့ကြားမှ တစ်ယောက်လက်ကို
တစ်ယောက်တွဲ၍ ရွာထဲဝင်လာခဲ့ကြ၏။
“အမေ…အဘွား…မမပြန်လာပြီ…
မမ မိုးတွေစိုရွဲနေတာပဲ……”
“ဟုတ်ပါ့ရှင်ညိုရယ်…
အရီးတို့က ညည်းကိုလိုက်ခေါ်တော့မလို့အေ့….
မိုးတွေအတော်စိုလာတာပဲ….”
“ဟဲ့…မိဝင်း…ဧည့်သည်လည်းပါလာပုံပဲအေ့…
စကားနောက်မှပြောစမ်း….ညည်းတူမနဲ့ဧည့်သည်ကို
အဝတ်အစားလဲခိုင်းလိုက်ဦးလေအေ… “
“ဟုတ်သားပဲတော်…ကျုပ်မေ့သွားလို့ပါအမေရယ်…
ကဲ….ကဲရှင်ညို…ရေသွားချိုးချေ….ရေအဝချိုးပြီးမှ
အဝတ်အစားလဲလိုက်နော်…ပြီးတော့ ဒီဘက်ကကြီးတော်ကိုလည်း သေချာလုပ်ပေးလိုက်ဦးအေ့”
“ဟုတ်ကဲ့အရီး…ဒါနဲ့လေ ဒီအဘွားက အဝတ်အစားပါ
ပုံမရဘူး…အဲ့တာ အဘွားရဲ့ အဝတ်အစားလေး
ငှားပေးရမယ်ထင်တယ်အရီး”
“ငှားစရာလားသမီးရယ်…မိဝင်းအမေ့အဝတ်တစ်စုံ
ထုတ်ပေးထားလိုက်…ဝတ်ပါစေ…သူလည်းချမ်းနေရော့မယ်အေ့”
“ဟုတ်….ဟုတ်…အမေ…ကဲ…ရှင်ညိုညည်းလည်း
ကြားတယ်နော်…အရီးထုတ်ပေးထားလိုက်မယ်…”
ရှင်ညို ကအဘွားအိုကို သူနဲ့အတူခေါ်ကာ နောက်ဖေး၌
ရေချိုးလေသည်။
ရေအဝချိုးပြီးနောက် အဘွားအိုကို သူမရဲ့ချည်တဘက်ဖြင့် သေချာရေသုတ်ပေးပြီး ဘွားမယ်စိန်ရဲ့အဝတ်အစားများကို လဲပေးလိုက်လေသည်။
“အဘွား…ခဏထိုင်ဦးနော်…
ကျုပ်အဝတ်အစားသွားလဲလိုက်ဦးမယ်”
အဘွားအိုကို ဘွားမယ်စိန်တို့ထိုင်ရာကွပ်ပျစ်၌
ဝင်ထိုင်ခိုင်းပြီး ရှင်ညိုကအိမ်ပေါ်ကို
တက်သွားတော့သည်။
“အကြမ်းရေလေးသောက်ပါဦး…ကြီးတော်က
ဘယ်ရွာကများလဲ….ကျုပ်တော့ဒီအနီးအနားမှာ
မတွေ့ဖူးသလိုပဲနော်…”
အဘွားအိုကဒေါ်ဝင်းကမ်းပေးတဲ့အကြမ်းရည်ကို
ယူကာမော့သောက်လိုက်သော်လည်း ဒေါ်ဝင်းရဲ့အမေးကိုပြန်မဖြေဘဲထိုင်နေခဲ့သည်။
ဒေါ်ဝင်းက ဘွားမယ်စိန်ကို ဘယ်လိုပါလိမ့်ဆိုတဲ့
အကြည့်နဲ့ကြည့်တော့…
“ထမင်းကောစားပြီးရဲ့လား….”
ဟု….ဘွားမယ်စိန်ကမေးတော့….
“မစားရသေးဘူး…ကျုပ်ဗိုက်တွေလည်းဆာနေလှပြီ”
ပြန်ဖြေလေသည်။
“ဧည့်သည်ကိုထမင်းအရင်ခူးကျွေးလိုက်ဦး…
အတော်ဆာနေပုံရတယ်အေ့”
အကြမ်းရည်ခွက်ကိုကိုင်ထားသောလက်များက
တုန်ရီနေတာကိုဘွားမယ်စိန်သတိထားမိလိုက်သည်။
ဒေါ်ဝင်းကလည်း မီးဖိုထဲ၌ ထမင်းများ၊ဟင်းများကို
ခူးခပ်၍ အဘွားအိုကို ခူးခပ်ကျွေးရှာသည်။
အဘွားအိုက ထမင်းပန်းကန်ကိုမြင်တော့လှမ်း၍ယူပြီး
အားပါးတရပင်စားရှာသည်။
“အတော်လေးဗိုက်ဆာနေတယ်ထင်တယ်…
ဒီကြက်သားလေးလည်းထည့်စားဦးလေကြီးတော်ရဲ့”
ဒေါ်ဝင်းမှာအဘွားအိုကိုကြည့်ရင်းအသနားပိုလာရှာသည်။
ဟင်းကိုပင်ကိုယ်တိုင်ထည့်ပေးနေရှာ၏။
အဝတ်အစားလဲနေသော ရှင်ညိုဆီကို နန်းကြိုင်ရောက်လာသည်။
“မမ ဧည့်သည်အဘွားကဘယ်သူလဲဟင်…”
ရေစိုနေသော ဆံပင်ရှည်များကို တဘက်ဖြင့်သေချာသုတ်နေသောရှင်ညိုက နန်းကြိုင်ကိုလှည့်မကြည့်ဘဲ…
“တမာတန်းမှာထိုင်နေတာတွေ့လို့ခေါ်လာခဲ့တာညီမလေးရဲ့
အဘွားက နဂိုစိတ်ရှိပုံမရဘူး”
“ဟင်…ဒါဆို စိတ်လွတ်နေတဲ့သူပေါ့…
ဟုတ်လားမမ”
နန်းကြိုင်အမေးကို ရှင်ညိုက ခေါင်းညိတ်လိုက်သည်။
“ဒါကြောင့်အမေမေးတာကိုမဖြေတာဘဲမမရဲ့…
အမေကဖြင့် ထမင်းတွေဟင်းတွေတောင်
ခူးခပ်ကျွေးနေပြီ”
“ညီမလေးကောထမင်းစားပြီးပြီလား”
“မစားသေးဘူးလေ…ကျုပ်တို့က မမပြန်အလာကိုစောင့်နေကြတာ..မိုးတွေအုံ့လိုက်ရွာလိုက်ဖြစ်နေတော့
မိုးတောင်ချုပ်တော့မလိုဖြစ်နေပြီ…
အမေနဲ့ကျုပ်က မမကိုစိတ်ပူပြီး လိုက်ခေါ်
ကြတော့မလို့…”
“ဒါဖြင့်လည်း မမတို့ထမင်းအတူတူစားကြတာပေါ့…
လာ….လာ…အောက်ဆင်းကြစို့ညီမလေး”
“ဆံပင်တွေရေခြောက်အောင်သုတ်ပါဦးမမရယ်…
နှာတွေစီးပြီး နေမကောင်းဖြစ်ဦးမယ်…”
“ရတယ်ညီမလေး…ဆံပင်တွေက ရေခြောက်နေပါပြီ…”
ရှင်ညိုနဲ့နန်းကြိုင်တို့လည်း ဘွားမယ်စိန်တို့ရှိရာ
ကွပ်ပျစ်ဆီကိုရောက်လာကြသည်။
အဘွားအိုက ထမင်းနဲ့ဟင်းများကိုအားပါးတရစားနေ၍
ရှင်ညိုစိတ်ထဲ ကျေနပ်သွားခဲ့သည်။
အဘွားအိုထမင်းစားသောက်လို့ပြီးလေတော့
ဘွားမယ်စိန်တို့လည်း ထမင်းစားဖို့ပြင်ဆင်ကြတော့၏။
“ဆေးလိပ်သောက်တတ်လား”
ဘွားမယ်စိန်ကမေးတော့အဘွားအိုက ခေါင်းကိုညိတ်၏။
ဘွားမယ်စိန်က ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို
မီးညှိပြီးပေးလိုက်လေတော့ လက်ကမ်းယူပြီး
အားပါးတရဖွာရှိုက်တော့သည်။
ဘွားမယ်စိန်တို့ရှင်ညိုတို့ထမင်းစားနေကြစဥ်
အဘွားအိုက ရွာသွန်းနေသည့် မိုးရေစက်များကို
ငေးမောရင်း ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို
အားပါးတရဖွာရှိုက်နေသည်မှာ မီးခိုးခေါင်းတိုင်မှ
မီးခိုးငွေ့များထွက်သည့်အလား ဆေးလိပ်ငွေ့များက
နေရာ၌ ရစ်ဝဲလွှင့်ပျံလို့နေခဲ့သည်။
ထမင်းစားသောက်ပြီးနောက်ဘွားမယ်စိန်တို့သည်
အဘွားအိုကိုသာထိုင်ငေးနေခဲ့ကြ၏။
“ရှင်ညို…မေးလိုက်လေ…သူ့နာမည်ဘယ်သူလဲ…
ဘယ်ကလာသလဲလို့”
ဒေါ်ဝင်းက အဘွားအိုရဲ့ဇစ်မြစ်ကိုသိချင်နေခဲ့သည်။
ဘွားမယ်စိန်ကတော့ ချိုသည်ခါးသည်ဝင်မပြောဘဲ
ဆေးလိပ်ကြီးကိုသာဖွာရှိုက်နေခဲ့၏။
ရှင်ညိုကလည်း မေးဖို့ တွန့်ဆုတ်နေ၍…
“ဘွားဘွားကြီး…ဘွားဘွားကြီးနာမည်ကဘယ်လိုခေါ်သလဲဟင်…”
လို့ နန်းကြိုင်ကမေးလိုက်တော့သည်။
အဘွားအိုက နန်းကြိုင်ကို လှည့်ကြည့်လာ၏။
ဆေးလိပ်ကြီးဖွာရှိုက်နေတာကိုရပ်လိုက်ပြီး
ပြုံးပြုံးရွှင်ရွှင်ဖြင့်…
“ကျုပ်ကိုမေးတာလားအေ့…”
ဟု…ပြောလေတော့ နန်းကြိုင်က ခေါင်းညိတ်လိုက်သည်။
“ကျုပ်နာမည်က မိရှိန်…အားလုံးကတော့ အမေရှိန်လို့ခေါ်တယ်….ညည်းနာမည်ကရောဘယ်လိုခေါ်လဲအေ့ကောင်မလေးရဲ့”
“ကျုပ်နာမည်က နန်းကြိုင်လို့ခေါ်ပါတယ်ဘွားဘွားကြီး”
“နန်းကြိုင်…ဟုတ်သလား….နန်းစံစံနဲ့ ဂုဏ်သတင်းကြိုင်ကြိုင်လှိုင်လှိုင်ရှိတဲ့သဘောပေါ့…ဒါပေမယ့် ကောင်မလေး…ညည်းကိုကြည့်ရတာ မျောက်ကလေးကြနေတာပဲအေ…”
“ဟီး… ဟီး…ဘွားဘွားကြီးက အမြင်ရှိသားပဲနော်…
သြော် ဒါနဲ့ ဘွားဘွားကြီးက ဘယ်ရွာကနေရောက်
လာတာလဲဟင်”
နန်းကြိုင်ကို လိုရင်းမေးရန် ဒေါ်ဝင်းက ခါးကိုတို့လေမှ
နန်းကြိုင်လည်း မိရှိန်ခေါ် အမေရှိန်ကို ဆက်မေးလေတော့သည်။
“ကျုပ်က ဒီရွာကိုလာတာကောင်မလေးရဲ့”
“ဒီရွာကိုလာတာဆိုတော့ ဘွားဘွားကြီးက
ဒီရွာမှာဆွေမျိုးတွေရှိလို့ပေါ့နော်…”
နန်းကြိုင်အမေးကြောင့် အမေရှိန်က တန်း၍မဖြေဘဲ
စဥ်းစားနေပုံရသည်။
“ဟုတ်လားလို့ဘွားဘွားကြီးရဲ့…”
“ကောင်မလေး…ရှုး တိုးတိုး….ဘယ်သူ့ကိုမှ
မပြောရဘူးနော်…”
“ဘာဖြစ်လို့လဲဘွားဘွားကြီးရဲ့…”
“ဒီရွာမှာ ငါ့မြေးလေးရှိတယ် ကောင်မလေးရဲ့….
ငါ့မြေးလေးက်ို သူများတွေကို ပေးသိလို့မရဘူးနော်…
ကြားလား ကောင်မလေး…ဘယ်သူ့ကိုမှပြန်
မပြောရဘူးနော်…”
“ဟုတ်…ဟုတ်ကဲ့ပါဘွားဘွားကြီး”
“ဝါး…အိပ်ချင်ပြီအေ…ခြေတွေလက်တွေကလည်း
မလှုပ်ချင်တော့ဘူးအေ့….”
“ဒါဆိုရင် အိပ်ကြမယ်လေဘွားဘွားကြီး…
ဒီည ဘွားဘွားကြီး ကျုပ်တို့နဲ့အတူတူအိပ်ရမယ်နော်…”
နန်းကြိုင်စကားကို အမေရှိန်က ခေါင်းညိတ်လေသည်။
“ကဲ…ကဲ…အမေ ကျုပ် အိပ်ရာသွားခင်း
ပေးလိုက်ဦးမယ်နော်…”
“အေး…အေး…သမီး…”
ဒေါ်ဝင်းက အိပ်ရာသွားခင်းပေးရှာသည်။
အိပ်ရာခင်းပြီးနောက် အမေရှိန်ကို နန်းကြိုင်အားခေါ်လာစေပြီး အိပ်ရာထဲ၌ ဝင်အိပ်ခိုင်းရတော့သည်။
ကွပ်ပျစ်ခင်း၌ ဒေါ်ဝင်း၊ရှင်ညိုနဲ့ဘွားမယ်စိန်တို့သာ
ရှိနေချိန်…
“ညည်းသမီးကောအိပ်သွားပြီလားအေ့”
“အမယ်လေးအမေ…အမေ့မြေးက အမေရှိန်ကို
ခင်မင်နေပုံရတယ်…အမေရှိန်အနားမှာ
အတူအိပ်ပေးနေလေရဲ့တော်…”
“အဘွား…အမေရှိန်ကိစ္စကိုဘယ်လိုဆက်လုပ်ကြမလဲ”
“ဒီနေ့တော့ နေပါစေတော့သမီးရယ်…
မနက်ရောက်မှ သူကြီးကိုအကျိုးအကြောင်းပြောပြပြီး
ဒီရွာထဲက သူ့မြေးကိုရှာခိုင်းရတော့မှာပေါ့”
“ဟုတ်ပါ့မလားအမေရယ်…
အဘွားကြီးကြည့်ရတာပြောချင်ရာပြောနေပုံပဲ…”
“အဲ့သည်လိုဖြစ်နေတယ်ဆိုရင်လည်း
တစ်ခုခုကြည့်လုပ်ရမှာပေါ့မိဝင်းရယ်…
သူ့ပုံစံကြည့်ရတာတော့ လူကောင်းပါအေ့”
“ဟုတ်တယ်အဘွားကျုပ်လည်း သူ့ကိုစတွေ့ကတည်းက
လူကောင်းတစ်ယောက်လို့ပဲထင်မိတယ်…
အဲ့တာကြောင့် မိုးရေထဲမှာတစ်ယောက်ထဲ မထားခဲ့ရက်တာနဲ့ ခေါ်လာခဲ့တာပါ…”
“အေးပေါ့သမီးရယ်…အကြောင်းအကျိူးတိုက်ဆိုင်နေမှတော့ ကူညီရတော့မှာပေါ့…ကဲ…ကဲ…သမီးလည်း
တစ်နေကုန်ပင်ပန်းလာတာ သွားအိပ်တော့လေ…”
“ဟုတ်ကဲ့အဘွား…အဘွားနဲ့အရီးကို ကန်တော့ပါတယ်…”
ရှင်ညိုက ဘွားမယ်စိန်နဲ့ဒေါ်ဝင်းကို ကန်တော့ပြီးနောက်
အိမ်ပေါ်သို့တက်လာခဲ့သည်။
ဘုရားခန်း၌ ဘုရားရှိခိုး တရားထိုင်ခြင်းကို နေ့စဥ်
လုပ်ဆောင်သည့်အတိုင်း မပျက်မကွက်လုပ်ဆောင်ပြီးမှ
မိမိအခန်းထဲကိုဝင်လာခဲ့တော့သည်။
မိုးကအေးနေသည့်အပြင် တစ်နေကုန်ပင်ပန်းထားသမျှကြောင့်အိပ်ရာပေါ်ရောက်သည်နှင့် ခဏမျှအကြာတွင်
အိပ်မောကျသွားတော့သည်။
ဘယ်လောက်ကြာကြာတောင်အိပ်မောကျသွားသည်မသိသော်လည်း မသိစိတ်ကနိုးဆော်သည့်အလား
တစ်စုံတစ်ယောက်က မိမိအားစူးစိုက်ကြည့်နေသည်ဟု
စိတ်ထဲတွင်ထင်မှတ်ကာ အိပ်ပျော်နေရာမှ လန့်
နိုးလာခဲ့သည်။မျက်လုံးကိုဖွင့်ကြည့်လိုက်တော့…
“ဟင်…အဘွား…အဘွားက ဒီမှာဘာထိုင်လုပ်နေတာလဲ”
ရှင်ညိုရဲ့အိပ်ရာထဲ၌ အမေရှိန်က ငုပ်တုပ်လာ
ထိုင်နေခဲ့သည်။ထိုင်နေတာနဲ့မပြီးသေး အိပ်မောကျနေသောရှင်ညိုကိုစူးစိုက်ကြည့်နေပုံရ၏။
ရှင်ညိုမေးပါသော်လည်း အမေရှိန်က ကြည့်မြဲသာကြည့်နေ၍ ရှင်ညိုလည်း နေရခက်စွာဖြင့် အိပ်ရာထဲမှ ထလာခဲ့လိုက်သည်။ပတ်ဝန်းကျင်ကိုကြည့်တော့ အနည်းငယ်မှောင်နေသေးသော်လည်း မီးဖိုထဲဆီမှ ဒေါ်ဝင်းရဲ့
ဆွမ်းလောင်းဖို့ ချက်ပြုတ်သံများပင်
ထွက်ပေါ်နေခဲ့ပြီဖြစ်သည်။
မိုးလည်း တိတ်နေပြီမို့ ရှင်ညိုလည်း မျက်နှာသစ်၍
ဘုရားခန်း၌ သန့်ရှင်းရေးလုပ်ကာ
ဘုရားမျက်နှာသစ်တော်လဲပြီးနောက် ဘုရားရှိခိုးလိုက်တော့သည်။ရှင်ညိုဘုရားရှိခိုးပြီးနောက်
ကွပ်ပျစ်ဆီဆင်းလာချိန်တွင်အမေရှိန်နဲ့ ဘွားမယ်စိန်တို့ ကွပ်ပျစ်၌ ထိုင်နေကြသည်ကိုတွေ့လိုက်ရ၏။
သူတို့အနီး၌ ဝင်မထိုင်တော့ဘဲ ဒေါ်ဝင်းရှိရာ
မီးဖိုထဲသို့ဝင်လာခဲ့ပြီး ကူညီကာ လုပ်ပေးနေခဲ့တော့သည်။
“ရှင်ညို…အရီးကို ပဲပြုတ်လေးဝယ်ပေးချေဦး…
ညည်းတို့အတွက် ပဲပြုတ်နဲ့ထမင်းကြော်ပေးမလို့…
ပြီးရင် အကြော်လေးလည်းဝယ်ခဲ့လိုက်ဦးနော်…”
“ဟုတ်ကဲ့အရီး….”
ဒေါ်ဝင်းဝယ်ခိုင်းသည်များကို ဝယ်ဖို့ရန် မီးဖိုထဲမှထွက်လာခိုက် အိပ်မှုန်စုတ်ဖွားဖြင့် အိမ်ပေါ်မှဆင်းလာသော
နန်းကြိုင်နဲ့ဆုံလေသည်။
“မမ ဘယ်သွားမလို့လဲ”
“အရီးက ပဲပြုတ်နဲ့အကြော်ဝယ်ခိုင်းလိုက်လို့ညီမလေးရဲ့”
“ဒေါ်ဆင်က ရွာထဲလှည့်နေလောက်ရောပေါ့မမရဲ့…”
“သူ့အိမ်ကိုပဲသွားဝယ်လိုက်မယ်လေ…
အဲ့သည်က အပြန်မှ အကြော်ဝင်ဝယ်လိုက်မယ်”
“ကျုပ်လည်းအတူတူလိုက်ခဲ့မယ်လေ…”
“အမယ်လေး…နေပါနော်…
မနေ့က မိုးတွေရွာထားတော့ ရွာထဲမှာ ဗွက်ပေါက်နေလောက်ပြီ…ညီမလေးကအိမ်မှာပဲနေခဲ့လိုက်…
မျက်နှာသစ်ပြီး ဘုရားရှိခိုး…ပြီးရင်အဘွားတို့
လိုအပ်တာရှိရင်ကူညီပေးလိုက်နော် “
“ဟုတ်ကဲ့မမ”
“ကဲ…မျက်နှာသွားသစ်တော့…မမလည်းသွားလိုက်ဦးမယ်”
ရှင်ညိုလည်းနန်းကြိုင်ကို မှာစရာများမှာကြား ပြီးနောက်
ပဲပြုတ်သည်ဒေါ်ဆင်ရဲ့ အိမ်ဆီကို ထွက်လာခဲ့သည်။
“ဦးကြီး…ပဲပြုတ်ကျန်သေးလား”
“ရှင်ညိုပါလား….ကျန်တယ်…ကျန်တယ်…
ဘယ်လောက်ဖိုးယူမလဲသာပြော…”
“ဦးကြီးကလည်းကျုပ်ကိုအရေးလုပ်မေးနေပြန်ပြီ…
ခါတိုင်းယူသလိုသာထည့်ပေးပါ…”
“အေး…အေး…ပိုထည့်ပေးလိုက်တယ်နော်…”
ပဲပြုတ်ဝယ်ပြီးနောက် အကြော်တဲဆီကို ထွက်လာခဲ့ပြန်သည်။
“ရှင်ညို…မနက်စောစောအကြော်လာဝယ်တာလားအေ့”
“ဟုတ်တယ် မပု…မပုတို့ရော ဒီနေ့ဘယ်လယ်ကွက်စိုက်ကြရမှာလဲ”
“ဒီနေ့တော့ တောင်ပိုင်းက လေးဆွေတို့အကွက်စိုက်ရမယ်ရှင်ညို…”
“ဒီနေ့တော့ နေပူလောက်တယ်မပုရဲ့”
“ဟုတ်တယ်ရှင်ညို…မိုးလေးအေးစေချင်တယ်အေ…
မိုးအေးအေးနဲ့စိုက်ရတာ မပင်ပန်းဘူးအေ့…
နေပူတော့ပင်ပန်းလှတယ်…”
“ဝေ့…မိပု သွားမယ်ဟေ့…
အကြော်ဆိုင်မှာညောင်မြစ်တွယ်နေသလားအောင့်မေ့ရတယ်ကောင်မရယ်….”
အကြော်တဲရှေ့၌ရှင်ညိုနဲ့စကားပြောနေသော မပုကို
အဖော်များက လှမ်းခေါ်လေတော့ မပုလည်းရှင်ညိုကို
နှုတ်ဆက်ပြီး အပြေးတပိုင်းထွက်သွားတော့သည်။
အကြော်ဝယ်ပြီးနောက်ရှင်ညိုလည်း အိမ်ကို
တန်းပြန်လာခဲ့သည်။
“အရီး…အကြော်နဲ့ပဲပြုတ်ရလာပြီ….
ကျုပ်ဒီမှာပဲချထားခဲ့မယ်နော်…”
“အေး…အေး…ရှင်ညို….”
ရှင်ညို အိမ်ပေါ်တက်လာတော့ အမေရှိန်က
ရှင်ညိုကို လိုက်ကြည့်နေသည်ကို ရှင်ညို သတိထားမိသည်။
နေ့ခင်းအချိန်လောက်ရောက်တော့ ဘွားမယ်စိန်က
နန်းကြိုင်ကို သူကြီးအား သွားခေါ်စေသည်။
သူကြီးဦးနောင်ချိုကလည်း ဘွားမယ်စိန်ခေါ်ခိုင်းသည်ဆိုတာနဲ့ နန်းကြိုင်နဲ့အတူတူလိုက်လာခဲ့လေသည်။
“ဟော…ဧည့်သည်ရောက်နေတာပဲဗျ…”
သူကြီးဦးနောင်ချိုက အမေရှိန်ကိုကြည့်ရင်း ကွပ်ပျစ်၌
ဝင်ထိုင်လိုက်သည်။
အမေရှိန်ကတော့ သူကြီးဦးနောင်ချိုကို ဂရုမစိုက်သည့်အလား ထန်းလျက်ခုံ၌ အကျအနထိုင်နေပြီး ပြောင်းဖူးဖက်ဆေးလိပ်ကြီးကိုသာဖွာရှိုက်လို့နေခဲ့၏။
“မောင်နောင်ချိုရေ…ဧည့်သည်တော့မဟုတ်ဘူး…
အကြောင်းကဒီလိုရှိတယ်ကွဲ့”
ဘွားမယ်စိန်က သူကြီးဦးနောင်ချိုကို အကြောင်းစုံပြောပြလိုက်လေတော့မှ အမေရှိန်အကြောင်းကိုသိသွားခဲ့တော့သည်။
“ဒီလိုဆိုရင်တော့ ရွာထဲ ဗျို့ဟစ်ပြီး လာကြည့်ခိုင်းရတော့မှာပဲဗျ…ဒီအဘွားကိုတော့ တစ်အိမ်တက်ဆင်း
ခေါ်သွားလို့လည်းဖြစ်နိုင်မှာမဟုတ်ဘူး ဘွားရဲ့”
“အေးပေါ့ကွယ်…ဒီလိုပဲလုပ်ရတော့မှာပေါ့”
သူကြီးဦးနောင်ချိုက အမေရှိန်ရဲ့မြေးကိုရှာပုံတော်ဖွင့်ဖို့အတွက် ရွာထဲ၌ ဗျ်ို့ဟစ်ခိုင်းရတော့သည်။
“ဗျို…သောင်ထွန်းရွာသူ၊ရွာသားအပေါင်းတို့ခင်ဗျား…
ခင်ဗျားတို့အားလုံး ဘွားမယ်စိန်အိမ်ကိုသွားကြပါဗျို့…
အရေးကြီးပါတယ်ဗျို့….”
ဗျို့ဟစ်သူက မောင်အုန်းရဲ့သူငယ်ကြီးအရှည်ကြီးပင်ဖြစ်ပေသည်။
“ဟိုအကောင် ဘာတွေအော်နေတာလဲ….ဘွားအိမ်ဘာများဖြစ်လို့လဲဟ…”
“ဘွားများနေထိုင်မကောင်းလို့လားမသိဘူးဟေ့…
အမြန်သွားကြစို့ဟ…”
“ဘုရား…ဘုရား…ဘွားဘာမှမဖြစ်ပါစေနဲ့တော်…”
အရှည်ကြီးရဲ့ဗျို့ဟစ်သံက ထိရောက်သွားသည်။
သောင်ထွန်းတစ်ရွာလုံး ဘွားမယ်စိန်အိမ်သို့ အပြေးသွားကြတော့၏။
“ဘွား…ဘွားရေ…ဘွားဘာများဖြစ်လို့လဲ”
“အရီး…အရီး…ဘွားဘာဖြစ်လို့လဲတော့်…”
ခြံဝိုင်းထဲတင်မက ခြံပြင်မှာပါ တစ်ရွာလုံးလိုလိုရောက်လာပြီး လူများ တရုန်းရုန်းဖြစ်လို့သွားသည်။
“ဟဲ့…တစ်အိမ်တစ်ယောက်မလာကြဘဲ
ဘယ့်နဲ့တစ်ရွာလုံး ကလေးကခွေးမကျန်
ရောက်လာရတာလဲ…”
ရွာသူ၊ရွာသားတို့ကိုကြည့်၍ ဒေါ်ဝင်းအော်လေတော့သည်။
“ဟုတ်ပါ့ကွာ…ခင်ဗျားတို့ဘယ့်နဲ့ဖြစ်လာကြတာလဲ…
ဒီအဘွားကြီးကိုဘာလို့များ အဲ့သည်လောက်တောင်စိတ်ဝင်စားသွားကြရတာလဲ”
“သူကြီး…ဘယ်အဘွားကြီးကိုပြောနေတာလဲ…
ကျုပ်တို့က ဘွားများတစ်ခုခုဖြစ်သလားလို့
စိတ်ပူပြီးရောက်လာကြတာဗျ…”
“ဟုတ်ပါ့…ဘွားနေကောင်းပါတယ်နော်…”
“ဘွားကောင်းပါတယ်…ဘွားဘာမှမဖြစ်ပါဘူး…
ဘယ်ကနေဘာတွေများကြားလာကြလို့လဲအေ့”
“ဟိုကောင်အရှည်ကြီးက ဘွားတို့အိမ်မှာအရေးတကြီးဖြစ်တယ်ဆိုပြီးအော်နေလို့ ကျုပ်တို့တွေစိတ်ပူပြီး
ရောက်လာကြတာဗျ…”
“ဟယ်…”
“ဟာ…ခွေးမသား….”
“သူကြီးကျုပ်ကိုဘာလို့ဆဲတာလဲဗျ…
ကျုပ်က သူကြီးဘာလုပ်နေလို့တုန်း”
“ဟာ…ရာကျော် ရာ ငါကမင်းကိုဆဲမလား…
ဟိုကောင်အရှည်ကြီးကိုဆဲတာပါကွာ…
ငါအော်ခိုင်းတာကတစ်မျိုး…ဒင်းအော်တာကတစ်မျိုးဖြစ်နေလို့ဟေ့….နေ…နေ….ငါအားလုံးကိုရှင်းပြပါ့မယ်ကွာ…”
သူကြီးဦးနောင်ချိုလည်း ကွပ်ပျစ်မှဆင်းလာပြီး
ရွာသူ၊ရွာသားတို့အား အမေရှိန်ကိုလက်ညိုးထိုးပြီး
အကြောင်းစုံရှင်းပြရတော့သည်။
“ကဲ… ကဲ…အားလုံးလည်းရောက်လာကြပြီဆိုတော့
မထူးဘူးဟေ့…တစ်ယောက်ချင်းဝင်သာကြည့်ကြတော့ဟေ့…”
သောင်ထွန်းရွာသူ၊ရွာသားတို့လည်း အကြောင်းစုံသိသွားပြီးနောက် အရှည်ကြီးကို ကြိမ်ဆဲကြတော့သည်။
ပြီးနောက် အမေရှိန်ကို တစ်ယောက်ဆီဝင်ကြည့်သွားပြီး
ကိုယ့်အဘွားဟုတ်မဟုတ်…ကိုယ့်အသိဟုတ်မဟုတ်ကြည့်ကြတော့၏။
သို့သော် တစ်ရွာလုံးလူသာကုန်သွားခဲ့သည်။
အမေရှိန်ကိုသိသူတစ်ယောက်တစ်လေမျှပင်မရှိခဲ့ပေ။
အားလုံးလည်း အလျှိုအလျှိုပြန်သွားကြပြီးနောက်
ဘွားမယ်စိန်၊ရှင်ညို၊ဒေါ်ဝင်း၊ဦးဘစီနဲ့ဦးနောင်ချိုသာကွပ်ပျစ်ခင်း၌ ကျန်ရစ်ခဲ့သည်။
အမေရှိန်ကတော့အစောကလူတွေများလှ၍ မျက်စိနောက်သွားပုံရပြီး ယခုတော့ ထန်းလက်ခုံကို မှီ၍ အိပ်ပျော်နေခဲ့လေသည်။
အိပ်ပျော်နေသောအမေရှိန်ကိုကြည့်ပြီး…
“ဒီအဘွားကြီးကို ကျုပ်တို့ရွာမှာသိတဲ့သူရှိပုံမရဘူးဘွား…
ကျုပ်တို့ဘာဆက်လုပ်ကြမလဲ”
“ရွာနီးချုပ်စပ်မှာ လူပျောက်တာရှိလား
စုံစမ်းရမှာပေါ့…မောင်ရင်ကသူကြီးဆိုတော့
သူကြီးတွေအချင်းချင်းသတင်းပါးထားလိုက်ကွဲ့”
“ဟုတ်ကဲ့ဘွား…နေရာမှန်ပြန်မရောက်ခင်အထိတော့
ဘွားတို့စောင့်ရှောက်ထားရဦးမှာပဲဗျ…
အဲ့တာဘွားတို့အတွက်အဆင်ပြေရဲ့လား”
“ရပါတယ်ကွယ်…
လူတစ်ယောက်ပိုလာလို့ ဘွားတို့ဘာမှမဖြစ်ပါဘူး…
စောင့်ရှောက်ထားနိုင်ပါတယ်ကွဲ့…
သူ့ကိုကြည့်ရတာလည်း အေးရှာပါတယ်…”
“ကျုပ်တော့ဗျာ…မောင်အုန်းမရှိတဲ့နောက်
ကာလသားခေါင်းဆောင်နေရာကို ဟိုကောင်အရှည်ကြီးကို ပေးမိတာမှားပြီထင်ပါရဲ့…
ဒီကောင်က တလွဲကောင်ဗျ….ခိုင်းသမျှအလွဲလုပ်နေတော့တာပဲဗျာ…”
“ဒါကတော့ သင့်တော်သူကိုရှာပေါ့ကွယ်…
ကာလသားခေါင်းဆိုတာ ခေါင်းဆောင်ကောင်းဖြစ်ဖို့
လ်ိုတယ်…ကာလသားတွေအချင်းချင်းကတောင်
လေးစားရမယ့်မသောက်မစားနဲ့အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမယ်မောင်ရင်ရဲ့”
“ဟုတ်ကဲ့ပါဘွား…ကျုပ်သေချာရှာရွေးလိုက်ပါဦးမယ်…”
သူကြီးဦးနောင်ချိုနဲ့ဦးဘစီလည်း ဘွားမယ်စိန်တို့နဲ့စကားပြောပြီးနောက် အိမ်သို့ပြန်သွားကြတော့သည်။
ညနေစောငအချိန်၌…
“အမယ်လေးဗျ….”
“ထွက်…အခုထွက်သွား…မဝင်ခဲ့နဲ့…
ထွက်သွား….”
“အားလားလား….ခင်ဗျားကဘယ်သူတုန်း….
ဘွားရေ…ဘွား….ရှင်ညို…အရီး…ဘယ်သူမှမရှိကြဘူးလားဗျ….”
မောင်တိုးတစ်ယောက် ဝိုင်းထဲဝင်လာလာချင်း
ထင်းကိုင်းဖြင့် အရိုက်ခံလိုက်ရသည်။
အမေရှိန်က ထင်းကိုင်းကြီးတရွယ်ရွယ်ဖြင့် မောင်တိုးကို
မောင်းထုတ်နေပြီး မောင်တိုးမှာ ဘွားမယ်စိန်တို့ကို
အော်၍ခေါ်နေခဲ့သည်။
“အမေရှိန်…မလုပ်ရဘူးလေ…
ဒါ သမီးအစ်ကိုပါ…မလုပ်ရဘူးနော်…
အဲ့သည်ထင်းကိုင်းကြီးသမီးကိုပေး…”
ရှင်ညိုက အမေရှိန်ကိုချော့မော့၍ ထင်းကိုင်းကြီး
သိမ်းယူလိုက်သည်။
“ဘွားဘွားကြီး…လာ သမီးနဲ့လိုက်ခဲ့နော်…
ဟိုနားက စံပယ်ပင်မှာပန်းတွေအများကြီးပဲဘွားဘွားကြီးရဲ့…သမီးတို့ဘုရားတင်ရအောင် ကူခူးပေးဦးနော်…”
နန်းကြိုင် က အမေရှိန်ကို.ချော့မော့၍ခေါ်သွားသည်။
ဒေါ်ဝင်းကတော့ကွပ်ပျစ်ပေါ်မှ ရင်တမမကြည့်နေခဲ့၏။
ဘွားမယ်စိန်ကတော့ အမေရှိန်ကိုအကဲခတ်သလို
ကြည့်နေခဲ့သည်။
မောင်တိုးတစ်ယောက်အရိုက်ခံလိုက်ရသည့် လက်မောင်းကို ပွတ်သပ်ရင်း ကွပ်ပျစ်ဆီ ရောက်လာခဲ့၏။
“အဲ့တာရွာထဲမှာသတင်းကြီးနေတဲ့
အဘွားကြီးမဟုတ်လားရှင်ညို…”
“ဟုတ်တယ်ကိုကြီးတိုး…ဒါနဲ့ကိုကြီးတိုးက
ဘာလို့အခုမှရောက်လာရတာလဲ”
“ငါက မနက်အစောကတည်းက ငါ့ယောက်ဖနဲ့လိုက်သွားလို့ပါဟာ…အဲ့တာ အစောလေးကမှပြန်ရောက်လာတာ…”
“အဲ့တာနဲ့သတင်းကြားကြားခြင်းရောက်လာခဲ့တယ်ဆိုပါတော့”
“အေးပေါ့ဟာ…အဘွားကြီးကအတော်
လက်သံပြောင်တာပဲဟ…”
“ကျုပ်တို့တောင် အံ့သြသွားတာကိုကြီးတိုးရဲ့…
အမေရှိန်က ကျုပ်တို့ကိုတောင် စကားသေချာပြောတာမဟုတ်ဘူး…အခုကိုကြီးတိုးကိုမြင်တော့ ရန်တောင်
တွေ့နေတာ အံ့သြစရာပဲ…”
“နင့်ကြီးတော်အံ့သြပါလား…
အဘွားကြီးကိုင်တားထာ ထင်းကိုင်းဖြစ်နေလို့တော်သေးတယ်ဟ…ဓားသာကိုင်ထားရင်ငါအဲ့သည်နေရာမှာတင်
သေရောပေါ့ရှင်ညိုရာ…”
မောင်တိုးပြောမှ ရှင်ညိုလည်း အမေရှ်ိန်ကို သေချာကြည့်မိသည်။.အမေရှိန်ကတော့ စောစောကသူမဟုတ်သည့်အလား နန်းကြိုင်နဲ့အတူ စံပယ်ပန်းများ ပျော်ရွှင်စွာ
ခူးဆွတ်နေခဲ့၏။
“မောင်ရင်…ဒီကိုလာထိုင်လေကွယ်…”
“ဟုတ်ကဲ့ဘွား”
“မောင်တိုး…ပြစမ်းဟဲ့…အရိုက်ခံရတာဒဏ်ရာပေါ်သွားသေးလား”
“အဆင်းရာလောက်ပဲရှိတာပါအရီးရယ်…
ဒဏ်ရာပေါ်ရင် ကျုပ်သေမှာပေါ့ဗျ…”
“အေးပါဟယ်…ငါကစေတနာနဲ့မေးတာပါ
အကောင်စုတ်ရဲ့”
“ဘွား…ဒီအဘွားကြီးကိုဘယ့်နဲ့မြင်လဲဗျ…
စိတ်များဂယောက်ဂယက်များဖြစ်နေသလားမသိဘူးနော်…”
“အေး…ဘွားတို့ သူကြီးတို့လည်း လူပျောက်ရှိသလား
စုံစမ်းနေကြတာပဲ…သေချာတာကတော့ဘွားတို့ရွာကတော့ မဟုတ်ဘူးကွဲ့”
“ရှင်ညို…ညည်းလည်းအတော်မွှေတာပဲနော်…
ဘယ်ကနေဘယ်လိုများခေါ်လာရတာလဲဟ”
“ကိုကြီးတိုးကလည်း ဒုက္ခရောက်နေသူကို
ကယ်ကောင်းပါတယ်တော်…”
“အေးပါဟာ…နင်ပဲ စေတနာရှင်မကြီး…
မေတ္တာရှင်မကြီး…ခံရတော့ငါ…ဟုတ်နေတာပဲ”
မောင်တိုးက ရန်တွေ့ခံထားရ၍ အမေရှိန်ကို
အမြင်မကြည်ပေ။
အမေရှိန်ကိုစိုက်ကြည့်ရင်း…
“နေဦးဟ…ဒီအဘွားကြီးငါမြင်ဖူးသလိုရှိနေတယ်…”
“ဟင် ကိုကြီးတိုးမြင်ဖူးတယ်ဆိုတော့…
ဘယ်မှာမြင်ဖူးတာလဲကိုကြီးတိုး…”
“အေး…လုပ်စမ်းမောင်တိုးရဲ့သေချာစဥ်းစားစမ်းဟဲ့…”
“မနှစ်လောက်တုန်းက ငါ့ယောက်ဖကြီး
မြင်းရူးရူးနေချိန်ဟ…မြင်းစီးချင်လို့ မြင်းကောင်းရှာဝယ်မယ်ဆိုပြီး ငါ့ကိုအတူခေါ်သွားတာ…
အဲ့မှာတွေ့ခဲ့တာပဲ…”
“ရွာကိုမှတ်မိလားကိုကြီးတိုး”
“ငါလည်းတစ်ခါပဲရောက်ဖူးတာ…
ရွာကဘာတဲ့….အင်ကြင်းမြိုင်ဆိုလားပဲ…
ငါတို့မြင်းဝယ်ပြန်လာတဲ့လမ်းမှာ
ဒီအဘွားကြီးကိုတွေ့တာ…သေချာပါတယ်…
ဒီအဘွားကြီးမှဒီအဘွားကြီးပါ…
အဲ့သည်တုန်းကလည်းငါနဲ့ငါ့ယောက်ဖကို
တုတ်နဲ့လိုက်ရိုက်လို့ပြေးခဲ့ရသေးတယ်ဟ…”
“အင်ကြင်းမြိုင်ဆိုတော့ ဝေးမယ်ထင်တယ်နော်…”
“ဟာ…ရှင်ညိုကလည်း နင်နေခဲ့တဲ့သရက်ဖိုရွာနဲ့
နှစ်ရွာကျော်ကဟ…”
“ဟင်…သရက်ဖိုရွာနဲ့နီးတယ်ပေါ့…”
“အေးပေါ့ဟ…”
သရက်ဖိုရွာဆို၍ရှင်ညိုအတွေးများက အတိတ်ကို
ပြန်ရောက်သွားသည်။
မွေးစားအဖေဖြစ်သူ ဦးဘကျော်ကိုပြေးမြင်မိ၏။
“ဟဲ့….ရှင်ညို ငါပြောတာကြားလား…
ဒီအဘွားကြီးကို ဘယ်လိုဆက်လုပ်ကြမလဲဟ”
ရှင်ညိုက မောင်တိုးမေးတာကို မကြား၍ မောင်တိုးက
ထပ်မံကာမေးရပြန်သည်။
“ဘယ်လိုလုပ်ရမှာလဲကွယ်…
သူ့ရွာကိုပြန်ပို့ရတော့မှာပေါ့…”
“အသာတကြည်ပြန်လိုက်ပါ့မလားဘွားရယ်…
သွားရင်းနဲ့ လမ်းမှာလှည်းပေါ်ကဆင်းပြေးရင်
ဘယ်လိုလုပ်ကြမလဲ…”
မောင်တိုးစကားကြောင့် ဘွားမယ်စိန်လည်း စဥ်းစားရပြန်သည်။
“ကျုပ်ပြောမယ်ဗျာ…ဒီလိုလုပ်ရင်ကောမကောင်းပေဘူးလားဗျ…ကျုပ်နဲ့ကျုပ်ယောက်ဖက တစ်ခါရောက်ဖူးပြီးသားဆိုတော့ အဲ့သည်ရွာကို သွားဖို့က မခက်ပါဘူးဗျ…
ဒီတော့ကျုပ်နဲ့ကျုပ်ယောက်ဖကအဲ့သည်ရွာကိုသွားပြီး
အဘွားကြီးရဲ့မိသားစုကိုခေါ်လာခဲ့မယ်ဗျာ…
သူတို့ကိုခေါ်လာတော့ အဘွားကြီးကို သူတို့လက်ထဲ
အပ်ပြီးသားဖြစ်သွားတာပေါ့ဘွားရယ်…
နောက်ပြီးပြန်လိုက်ပို့စရာလည်းမလိုတော့ဘူးပေါ့”
“အေး…အဲ့သည်လ်ိုလည်းကောင်းတယ်…
ဒါပေမယ့် မောင်ရင်တို့ကအားကောအားကြရဲ့လား”
“အားပါတယ်ဘွားရယ်…
ကျုပ်တို့သွားလို့ဖြစ်ပါတယ်ဗျ…”
“အေးလေ…ဒီလိုဆိုရင်လည်း အပင်ပန်းခံပြီး
ကူညီကြပါဦးကွယ်…အဘွားကြီးနာမည်လည်းမှတ်သွားဦး သူပြောတာတော့ သူ့နာမည်ကအမေရှိန်လို့ခေါ်သတဲ့…”
“ဟုတ်ကဲ့ဘွား…ကျုပ်တို့မနက်ဖြန်ပဲသွားလိုက်ပါ့မယ်…
ကဲဗျာ…မိုးမချုပ်ခင်အကျိုးအကြောင်းသွားပြောထားမလို့
ကျုပ်ပြန်ဦးမယ်ဗျ…”
“အေး…အေး…အေး…လမ်းခရီးမှာဂရုတော့စိုက်ကြကွဲ့”
“ဟုတ်ကဲ့ဘွား…အရီးကျုပ်ပြန်ပြီနော်…
ရှင်ညိုငါသွားပြီဟေ့”
မောင်တိုးက ဘွားမယ်စိန်တို့ကိုနှုတ်ဆက်ပြီး
ပြန်သွားတော့သည်။
ဘွားမယ်စိန်တို့ရှင်ညိုတို့လည်း အမေရှိန်ရဲ့လာရာအရပ်ကို သိကြမည်မို့တစ်မျိုးစိတ်အေးသွားကြ၏။
“မိဝင်း…မောင်တိုးတို့က သူ့ရဲမိသားစုကို
သွားခေါ်တော့မယ်ဆိုတော့ သူ့ကိုပျောက်မသွားအောင်
ညည်းတို့ဂရုစိုက်ကြရမယ်နော်…”
“ဟုတ်ကဲ့အမေ”
“အေး…ညည်းသမီးကိုလည်းရွာထဲမလည်ခိုင်းနဲ့ဦး…
ညည်းသမီးနဲ့အတူတူရှိမှစိတ်ချရမှာအေ့”
“ဟုတ်ကဲ့အမေ…”
အမေရှိန်က နန်းကြိုင်ကို ခင်မင်နေသည်ဆိုတာ
ဘွားမယ်စိန်ကသိသည်။
အဲ့တာကြောင့် ဒေါ်ဝင်းကိုသေချာမှာကြားနေခြင်းဖြစ်၏။
ညသို့ရောက်တော့ ရေနံဆီမီးခွက်လေးကို ကွပ်ပျစ်အလယ်၌ ချထားပြီး ဘွားမယ်စိန်တို့ထိုင်နေခဲ့ကြသည်။
အမေရှိန်ကတော့ နန်းကြိုင်နဲအတူ အိပ်မောကျနေပြီဖြစ်၏။
ရောက်တတ်ရာရာစကားများပြောရင်း
အိပ်မရဖြစ်နေသော ဘွားမယ်စိန်တို့လည်း ညနက်လေမှ
အိပ်ရာဝင်ခဲ့ကြသည်။
အိပ်ရာထဲသို့ရောက်သည်နှင့် ရှင်ညိုတစ်ယောက်
အိပ်မပျော်ဖြစ်နေသည်။
စိတ်တို့က အိပ်၍မပျော်အောင်လေးလံလို့နေခဲ့၏။
အိပ်ပျော်စေဖို့ မျက်လုံးတို့ကိုမှိတ်ထားပါသော်လည်း
အိပ်စက်ခြင်းက ပျောက်ဆုံးနေခဲ့ပြန်သည်။
ထိုစဥ် ရှင်ညိုရဲ့ခြင်ထောင်ကို တစ်စုံတစ်ယောက် မကာ
ခြင်ထောင်အတွင်းဝင်လာသည့်လှုပ်ရှားမှုကို ရှင်ညို
သိလိုက်သည်။
မျက်လုံးတို့ဖွင့်ကာကြည့်မိတော့ ရှင်ညိုနံဘေး၌
လှဲလျောင်းလိုက်သူမှာ အမေရှိန်ဖြစ်နေခဲ့၏။
အမေရှိန်သည် ရှင်ညိုနံဘေးတွင် တိုးဝင်ကာ အိပ်စက်လေတော့ ရှင်ညိုတစ်ယောက်မောင်းလည်းမထုတ်သလို…
တွန်းဖယ်၍လည်းမပစ်ခဲ့။
အမေရှိန်ကိုကြည့်နေရင်းပင် ရှင်ညိုစိတ်တို့က
အေးချမ်းသွားသယောင်ဖြင့် အိပ်မောကျသွားခဲ့တော့သည်။
အမေရှိန်သည်လည်း ရှင်ညိုနံဘေး၌ အိပ်ရသည်ကိုပင်
သဘောကျနေပုံရပြီး မျက်နှာထက်၌အပြုံးများဖြင့်
အိပ်စက်နေခဲ့ရှာသည်။
ထိုသို့ဖြင့်အမေရှိန်ရဲ့ဇာတ်လမ်းလေးကိုခဏရပ်နားလိုက်ပါတယ်။
ဆက်၍လည်းစိတ်ဝင်စားဖွယ်ဇာတ်လမ်းလေးကို
တင်ဆက်ပါဦးမယ်ရှင်။
ယဥ်မင်း(ကန့်ဘလူ)