ဘွားမယ်စိန်နှင့်မင်္ဂလာရှိတဲ့နေ့
ဘွားမယ်စိန်တို့သည် အောက်လမ်းဂိုဏ်းကို ရှင်းလင်းပြီးနောက် သောင်ထွန်းရွာသို့ ပြန်ရောက်လာခဲ့ကြ၏။
ဘပုံက ရွာသို့ပြန်လိုက်ပို့ပေးဖို့ ပြောသွားသည့်အတိုင်း
မြယဥ်ကိုလည်း သောင်ထွန်းရွာသို့ အတူခေါ်လာခဲ့ကြသည်။
“မြယဥ်…စလင်းရွာမှာမြယဥ် တစ်ယောက်ထဲ
နေတတ်ပါ့မလား”
ဒေါ်ဝင်း သုပ်ပေးထားသောလက်ဖက်သုပ်လေးကို
အကြမ်းရည်ပူပူလေးဖြင့် စားနေသော မြယဥ်သည်
ရှင်ညိုရဲ့စကားကြောင့် စားလက်စ
လက်ဖက်ဇွန်းလေးအား
ပန်းကန်ထဲသို့အသာအယာပင်ပြန်ချလိုက်တော့သည်။
ရှင်ညိုစကားကို ပြန်မဖြေခင်မှာ မြယဥ်က
ပြုံးလိုက်သည်။ရှင်ညိုတင်မက ဒေါ်ဝင်းနဲ့
နန်းကြိုင်တို့ကလည်းမြယဥ်ဖြေမည့်အဖြေကို စိတ်ဝင်စားနေခဲ့ကြ၏။
“ကျုပ် အဆင်ပြေပါတယ် အစ်မရှင်ညို”
မြယဥ်အသံက တိုးလျလို့နေခဲ့သည်။
တစ်စပ်တည်း…
“ကျုပ် ရွာကိုပြန်ခဲ့ရင် အစ်မစံပယ်ကိုတော့
သတိရမိမှာအမှန်ပါပဲ…”
“မြယဥ်ကို ကိုယ်ချင်းစာပါတယ်…
အစ်မလည်းကြုံဖူးတာပေါ့မြယဥ်ရယ်…
ကိုယ်ချစ်ရတဲ့သူခေါင်းချသွားတဲ့နေရာမှာ
ကိုယ့်တစ်ယောက်ထဲ ကျန်ရစ်နေခဲ့တဲ့ သောက အပူက
ဘာနဲ့မှ လဲလို့ရမှာမဟုတ်ဘူးမြယဥ်…”
“ဟိုလေ…မြယဥ်…တူမလေး….တူမလေး
စလင်းရွာကိုမပြန်တော့ဘဲ ဒီမှာပဲ အရီးတို့နဲ့အတူတူ
နေပါလားအေ”
ဒေါ်ဝင်းစကားကို ရှင်ညိုက ခေါင်းညိတ်၍…
“ဟုတ်တယ်မြယဥ်…အစ်မက အရီးတို့ရဲ့
သဘောထားကိုမသိလို့သာ အတင်းမခေါ်ထားတာပါ…
အခု အရီးကလည်းအစ်မသဘောထားနဲ့တူနေတယ်ဆိုတော့ မြယဥ်လည်းအစ်မတို့နဲ့ အတူတူပဲလာနေပါ့လား…”
ဟု…ပြောရှာသည်။
မြယဥ်က ခေါင်းလေးကို ဖြေးဖြေးလေးခါရမ်းရင်း…
“မနေဖြစ်ပါဘူး အစ်မရှင်ညိုရယ်…
အရီးကိုလည်းကျေးဇူးတင်ပါတယ်…
နောက်များတော့ဖြင့် ကျုပ်မပြောတတ်ပေမယ့်…
အခုချိန်မှာတော့ စလင်းရွာကိုပဲ ကျုပ်ပြန်လိုက်ပါဦးမယ်…”
“ဖြစ်ပါ့မလားမြယဥ်ရယ်…
စလင်းရွာက တချို့လူတွေ မြယဥ်အပေါ်
အမြင်မကြည်လင်မှာကို အစ်မက စိုးရိမ်လို့ပါ…”
“အစ်မရှင်ညိုနဲ့ အရီးတို့ရဲ့စေတနာကိုကျုပ်နားလည်ပါတယ်…ကျုပ်အတွက်အစ်မရှင်ညိုရယ်…အရီးရယ်
ဟောသည်က နန်းကြိုင်လေးရယ်…အဘွားရယ်က
ဒုတိယမိသားစုလေးပါ…အခုချိန်မှာ ကျုပ်ဆုံးဖြတ်ထားတာလေးကိုတော့ မပြင်ပါရစေနဲ့ဦးအစ်မရှင်ညိုရယ်”
မြယဥ်စကားကြောင့် ရှင်ညိုသည်ခေါင်းကို
လေးပင်စွာ ညိတ်လိုက်ရသည်။
“မကြီးမြယဥ်…မကြီးကိုလေ ကျုပ်ကအစ်မတစ်ယောက်ရသလို ချစ်တာကိုသိတယ်မဟုတ်လား…
မကြီးကလည်းကျုပ်တို့ကိုချစ်ရင် အကြာကြီးတော့
ပစ်မထားရဘူးနော်…ကျုပ်တို့ဆီကိုလာခဲ့ရမယ် သိလား”
“အစ်မသိပါတယ် နန်းကြိုင်…အစ်မပြန်လာခဲ့မှာပါ”
မြယဥ်နဲ့နန်းကြိုင်က အသက်ဆယ်နှစ်မျှကွာခြားသည်။
မြယဥ်က ရှင်ညိုကဲ့သို့ ကလေးတွေနဲ့လိုက်ရောညီထွေ
နေတတ်သူဖြစ်ရာ နန်းကြိုင်တို့ကလေးအုပ်စုရဲ့
ပါးစပ်ဖျား၌ မကြီးမြယဥ်ဟူ၍ မချနိုင်ဖြစ်နေခဲ့သည်။
“အဘွားကလည်း နေကပူပါဘိနဲ့…
ရွာထဲကိုသွားလည်နေတာအတော်ကြာပြီနော်အရီး”
“အမယ်လေး…မြယဥ်က သူ့အဘွားကြောင်းမသိရှာဘူး…
ညည်းအဘွားက အိမ်မှာဧည့်သည်ပေါ်လာမှ
ပြန်လာတတ်တာ…
မဟုတ်ရင် နေအေးမှပဲပြန်လာတာအေ့…
သူ့ယောင်းမ အရီးလှအေးနဲ့စကားပြောရင် ပြောလို့ကို
မပြီးကြဘူးလေ…”
“အမေကအဘွားသာ ပြောနေတာ အမေလည်းဘာထူးလည်း…ရွာထဲတစ်ခါသွားရင်အကြာကြီးပဲ…
ကျုပ်ပဲလိုက်ခေါ်နေရတာမဟုတ်ဘူးလား”
“အမယ်လေးအေ…ဒီအမေကမွေးတော့လည်း
ဒီသမီးက ဒီပုံစံပေါ့…နေဦး ညည်းကြီးလာရင်လည်း
ကျုပ်ကြည့်နေဦးမယ်…ညည်းကြရင် လှည်းနဲ့တောင်လိုက်ခေါ်ရမယ်ထင်တယ်…”
ဒေါ်ဝင်းစကားကြောင့် ရှင်ညိုတို့သုံးယောက်
ပြုံးကြလေသည်။
“ဟော…ဘာတွေရယ်မောနေကြတာလဲဗျ…”
“အမယ်…ကိုယ်တော်ချောတို့လင်မယားအတူရောက်လာတာပဲ”
“ဟုတ်တယ်အရီးရေ…မနက်က ရွာသစ်ကိုသွားနေလို့
အရီးတို့ဆီကိုအခုမှပဲထွက်လာရတော့တယ်”
“ရွာသစ်ဆိုလို့ ငါမေးစမ်းပါဦးမယ်ခင်မြချစ်ရယ်…
ညည်းကြီးတော်များ ဖြေသာရဲ့လားအေ့…
ချွေးမဖြစ်သူ မိန်းမယုတ်ကြောင့် သားကလည်းသေ
ဥစ္စာကလည်းဆုံး ဖြစ်ခဲ့ကြတာမဟုတ်လား”
“အရီးရယ် အကြောင်းစုံသိစကတော့
ဘယ်ဖြေသာကြမလဲ…အခုတော့လည်း
ဖြစ်ပြီးခဲ့သမျှကို ဝဋ်ကြွေးရယ်လ်ို့ပဲ သတ်မှတ်လိုက်ကြပါပြီ…”
“ဟုတ်သားပဲဗျာ…ပြန်တွေးတိုင်းနာကျည်းနေရင်
ကိုယ်ပဲ ပူလောင်ရတာမဟုတ်ဘူးလား…
ကိုယ်ကပဲပူလောင်ပြီး သူတို့ကအေးချမ်းသလားဆိုတော့
သူတို့ကလည်း သူတို့လုပ်ရပ်နဲ့သူတို့ ဇာတ်သိမ်းခဲ့ကြ
ပြီပဲလေ…”
“ဟုတ်ကဲ့ပါ သူတော်ကောင်းကြီးရယ်…
မေးမိတဲ့ကျုပ်ပဲ မှားပါတယ်တော်…”
“အရီးကလည်းဗျာ…ကျုပ်ကပြောပြတာပါ…”
“အမယ်လေး မောင်တိုး…ပြောပဲပြော ပြတော့မပြနဲ့ဟဲ့…”
“ဟာဗျာ…”
ဒေါ်ဝင်းက စတော့ မောင်တိုးက ခေါင်းကြီးကိုကုပ်၍
နေရခက်နေသည်။
ရှင်ညိုတို့ ခင်မြချစ်တို့ကတော့ ပြုံးနေခဲ့ကြ၏။
“နေစမ်းပါဦးဟဲ့…မောင်အုန်းကိုလည်း မတွေ့ပါလား…
ဒီကောင်လေး ခရီးကပြန်လာကတည်းက
သိပ်မတွေ့ရဘူးနော်…သူ့အဘရဲ့လယ်အလုပ်တွေနဲ့များ
ရှုပ်နေသလားဟယ်…”
“ကျုပ်လည်းမသိဘူးဗျ…
ဒါပေမယ့် ကျုပ်လည်းသတိထားမိတယ်…
ကိုကြီးအုန်း အခုတလော မျက်နှာမရွှင်မလန်းဖြစ်နေတာ…”
“ဟင်…ရည်းစားပူတွေဘာတွေများမိနေသလား…
ဒင်းလည်းအပူဆိုလို့အဲ့တာပဲရှိတာမဟုတ်လား”
“ကျုပ်လည်းအဲ့တာကြောင့်လို့ပဲ ထင်တယ်ဗျ…”
“နေစမ်းပါဦး…သူကစလင်းရွာက ကောင်မလေးနဲ့
ကြိုက်နေတယ်ဆို…ဘယ်အချိန်များသွားတွေ့သလဲမောင်တိုးရဲ့ သွားတွေ့သံလည်းမကြားရပါလား”
“တစ်လမှ တစ်ခါလောက်ပဲသွားတွေ့ပုံရတယ်ဗျ…
ကျုပ်တို့ကိုကြီးအုန်းက ရိုးသားတာလား အ တာလား
မသဲကွဲပါဘူးဗျာ…မြင်းကမလှုပ်ခုံကလှုပ်ဆိုသလို
ဖြစ်နေတော့တာ…”
“ဟဲ့…မြင်းကမလှုပ် ခုံကလှုပ်ဆိုတာ
ဘာကိုဆိုလိုတာလဲ မောင်တိုးရဲ့”
“ဒါကဒီလိုရှိတယ်အရီးရဲ့…
ကျုပ်ကို တလောက ကိုကြီးအုန်းပြောပြဖူးတယ်…
ဆောင်းသဇင်က ကိုကြီးအုန်းကို တောင်းရမ်းခိုင်းချင်နေပုံရတယ်…ဒါကို ကိုကြီးအုန်းက ချီတုံချတုံဖြစ်နေပုံပဲဗျ…”
“မဟုတ်ရပါဘူးကွာ…
ငါလည်းခရီးထွက်တာများတော့ ဒီကိစ္စကို
အရေးမပေးဖြစ်သေးတာပါမောင်တိုးရဲ့”
“ဟာ…ကိုကြီးအုန်းပါလား….
ဘယ်တုန်းကရောက်နေတာလဲဗျ…”
မောင်အုန်းတစ်ယောက် ရောက်နေ၍ မောင်တိုးပင်
လန့်သွားခဲ့သည်။
မောင်အုန်းကတော့ ပြုံးပြုံးရွှင်ရွှင်ဖြင့် ကွပ်ပျစ်၌ဝင်ထိုင်လေသည်။
“မောင်အုန်း …နင်ဆောင်းသဇင်ကို တောင်းရမ်းဖို့အတွက်
အချိန်မဆွဲနဲ့တော့နော် ကောင်လေး…
တော်နေ သူများနောက်ကိုပါသွားဦးမယ်ဟဲ့”
“ကျုပ်လည်း အချိန်မဆွဲတော့ပါဘူးအရီးရာ…
ဒီတစ်ခေါက် မြယဥ်ကို ပြန်လိုက်ပို့ရင်
ဆောင်းသဇင်ကိုတောင်းရမ်းဖို့အတွက် ဘွားနဲ့
လာတိုင်ပင်တာပါဗျ…”
“အေး..နင့်အဘွားက အရီးလှအေးအိမ်ကိုသွားတယ်…
ဆိုစမ်းပါဦးဟဲ့…ဒီတစ်ခေါက်တော့ မောင်အုန်းကြီး
လူပျိုကြီးဘဝက တကယ်ကျွတ်လွတ်တော့မယ်ပေါ့လေ
ဟုတ်သလား…”
” ဒါပေါ့အရီးရာ…”
မောင်အုန်းကိုကြည့်၍ မောင်တိုး၊ရှင်ညို၊ခင်မြချစ်နဲ့
မြယဥ်တို့သာ ဝမ်းသာနေခဲ့ကြ၏။
“ဒါဆိုရင်တော့ ကျုပ်လည်းသောင်ထွန်းရွာနဲ့
အဆက်အသွယ်မပြတ်တော့ဘူးပေါ့နော်…
ကိုကြီးအုန်းက စလင်းရွာမှာပဲ
လိုက်နေတော့မှာမဟုတ်ဘူးလား”
“ဟာ…ဒီကောင်မလေး…ခရီးက စ မစရသေးဘူး…
ဘယ်တော့ပြန်မှာလဲမေးသလိုဖြစ်နေပြီဟေ့…
ညည်းအစ်ကိုဘက်ကသာ မိန်းမအရင်တောင်းပါစေဦး
မြယဥ်ရဲ့…”
“ဟီး…ဟုတ်သားပဲနော်…
ကျုပ်လည်း ကိုကြီးအုန်းနဲ့အစ်မဆောင်းသဇင်တို့အတွက်
ဝမ်းသာနေလို့ပါတော်…”
ထိုသို့ဖြင့် မောင်အုန်းတစ်ယောက် မိန်းမသွားတောင်းမည့်ကိစ္စ သောင်ထွန်းရွာထဲ၌ ပျံ့နှံ့သွားခဲ့သည်။
“အမယ်လေး…ကျုပ်တို့လူပျိုကြီးတော့ စွံတော့မယ်တဲ့…
ကျုပ်တော့ ဝမ်းသာတယ်တော်…”
“အေးဟဲ့…မောင်အုန်းက လိမ်မာတဲ့အပြင်
မိဘအပေါ်သိတတ်တယ်…ရိုးကလည်းရိုး အေးကလည်းအေးဆိုတော့ ဘယ်မိန်းကလေးက ငြင်းနိုင်မှာလည်း…
ဒီလို ယောကျာ်းမျိုးရှားတယ်ဟဲ့”
“ဟုတ်ပါ့…ကျုပ်တို့လင်များ နေ့ရှိသ၍ သောက်မယ်…
မိန်းမကိုရန်လုပ်မယ်ပဲသိတတ်တာ…
မောင်အုန်းလိုလူမျိုးသာရရင်ဘာမှမလုပ်ခိုင်းဘဲ
ဟောသည် ခေါင်းပေါ်တင်ထားပြီးရှာကို
ကျွေးလိုက်ချင်ရဲ့တော်…”
“အမယ်လေး…ညည်းကသာပြောနေတာ…
ဒေါ်ခင်သိန်းကဖြင့် သူ့သမီးနဲ့မတူဘူးမတန်ဘူးဆိုပြီး
ပြောဆိုခဲ့တာလေ”
“အဲ့သည်မိန်းမကြီးအကြောင်းပြောမနေစမ်းပါနဲ့တော်…
မောင်အုန်းလိုလူမျိုးနဲ့မပေးစားနိုင်ဖြစ်နေပြီး…
ဟို အင်တိုင်းသားကိုမှ ရွှေသားမက်၊ငွေသားမက်တော်ခဲ့တာလေ….အခုတော့လည်းသူ့သမီးက မျက်ရည်နဲ့မျက်ခွက်ဖြစ်နေရပြီမဟုတ်လား….
ဒေါ်ခင်သိန်းတော့ လွတ်တဲ့ငါးကကြီးနေမှာ မြင်ယောင်မိပါရဲ့တော်…”
“ဟုတ်ပါ့…အဲ့သည်မိန်းမကြီးလည်း ဒီသတင်းကို
မကြားမရှိလောက်ဘူး…စိတ်ထဲတော့ ဘယ်လောက်တောင်နှမြောနေမလဲဆိုတာ ကျုပ်ဖြင့်သွားသာ
ကြည့်လိုက်ချင်ရဲ့…”
သောင်ထွန်းရွာသူတွေက မောင်အုန်းဘက်မှ မခံနိုင်၍
ဒေါ်ခင်သိန်းအကြောင်းများပြန်ကာပြောနေကြသည်။
ဒေါ်ခင်သိန်းကတော့ သမီးဖြစ်သူနဲ့အင်တိုင်းရွာ၌သာ
အတူနေထိုင်နေပြီဖြစ်လေသည်။
ထိုသို့ဖြင့် မြယဥ်ကို.ပြန်လိုက်ပို့မည့်နေ့၌…
သောင်ထွန်းရွာသူကြီး ဦးနောင်ချို၊ဦးဘစီတို့နဲ့အတူ
မောင်အုန်းအပြင် မောင်အုန်း ၏မိဘများက
နွားလှည်းတစ်စီးဖြင့်…။ဘွားမယ်စိန်၊ရှင်ညို၊မြယဥ်တို့က မောင်တိုးနဲ့အတူလှည်းတစ်စီးဖြင့် စလင်းရွာသို့ ခရီးထွက်လာကြတော့သည်။မောင်အုန်းအမေ အရီးမှုန်၏အရှေ့၌တော့ မိန်းမတောင်းဖို့ပြင်ဆင်လာသော အုန်းသီး၊ငှက်ပျောသီးပွဲအား ချ၍ထားလေသည်။
ထိုသို့ဖြင့် မောင်အုန်းတစ်ယောက်မိန်းမသွားတောင်း
လေတော့သည်။
စလင်းရွာသို့ရောက်တော့…
“ဟယ်…အမေကြီးတို့ပဲ…မြယဥ်…ညည်းရွာကို
ပြန်လာတော့တာလား”
“ဟုတ်တယ်ကြီးတော်…”
ရွာသူ၊ရွာသားတို့က ဘွားမယ်စိန်တို့နွားလှည်းကို
မြင်တော့ ဦးစွာနှုတ်ဆက်ကြသည်။
“ဟို…ငှက်ပျောပွဲကြီးကဘာလုပ်ကြမလို့လဲ…”
“မိန်းမလာတောင်းတာဗျ…”
“ဟယ်…ဘယ်သူ့ကိုတုန်း”
“မကြာခင်သိမှာပေါ့ဗျာ…ကဲ…ကဲ…ကျုပ်တို့လည်း
သွားဦးမယ်ဗျို့…”
ရွာသူမိန်းမကြီးများထပ်မေးလာမယ့်မေးခွန်းကို
မဖြေနိုင်သေး၍ မောင်တိုးက နွားလှည်းကို ဆက်မောင်းလာခဲ့တော့သည်။
စလင်းရွာသူကြီးရဲ့ အိမ်ဝိုင်းထဲသို့ လှည်းနှစ်စီးကို
ရှေ့ဆင့် နောက်ဆင့်ရပ်လိုက်တော့၏။
“အဖေရေ အမေကြီးတို့လာတယ်ဗျ…”
လှမော်က ဝမ်းသာအားရအော်ပြောပြီးနောက်
လှည်းအနီးသို့ရောက်လာပြီး ဘွားမယ်စိန်တို့ကို ကူတွဲကာ ချပေးလေသည်။
“ဟော…မင်းသားပြောတာဟုတ်နေတာပဲ…
အမေကြီးတို့ရောက်လာတယ်..ကဲတင်မာ…
အမေကြီးတို့အတွက် နေရာထိုင်ခင်းသေချာပြင်တော့ဟေ့…”
ဒေါ်တင်မာက ဆောင်းသဇင်ကိုခေါ်၍ အိမ်အတွင်းရှိ
ခုံများကိုသေချာစီလေတော့သည်။
“သူကြီး…ဘွားတို့က မိန်းမလာတောင်းတာကွဲ့”
“ခင်ဗျာ…ဘယ်သူ့ကိုလဲ…ကျုပ်တို့ရွာသူလားဗျ…”
“ဟုတ်တယ် ဒီစလင်းရွာသူပဲ…ဒါပေမယ့် ဒီအိမ်က
သမီးကိုကွဲ့”
“ဗျာ…ဒီအိမ်ကသမီးဆိုတော့ ကျုပ်…ကျုပ်သမီးကိုလား
ဘွား”
“ဟုတ်တာပေါ့…ကဲ…ကဲ…မင်္ဂလာစကားကို
ဒီလိုပဲရပ်ပြောနေလို့မကောင်းဘူး…
မိမှုန်…ပွဲကိုရွက်ပြီး အိမ်ထဲကိုအရင်ဝင်အေ့…”
“ဟုတ်ကဲ့ဘွား”
သူကြီးဦးသိုက်က အံ့သြနေသည်။
လှမော်ကတော့ ပြုံးနေခဲ့၏။
“အခုတော့ ယောက်ဖလို့ခေါ်လို့ရပြီပေါ့နော်
ယောက်ဖကြီး…”
လှမော်စကားကြောင့် မောင်အုန်းက ရယ်ကျဲကျဲမျက်နှာထားဖြင့်သာကြည့်လေသည်။
အမှန်မှာ မောင်အုန်းတစ်ယောက် ရှက်နေခဲ့ခြင်းဖြစ်၏။
“ကဲ…ကိုကြီးအုန်း…ဒီလိုပဲရပ်နေတော့မှာလားဗျ…
ဘွားတို့ရှင်ညိုတို့တောင်အိမ်ထဲရောက်ကုန်ကြပြီ…
လာဗျ…ကျုပ်တို့လည်းအိမ်ထဲဝင်ကြစို့”
မောင်အုန်းကို မောင်တိုးကအိမ်ထဲသို့ ဆွဲခေါ်သွားရသည်။
အိမ်ထဲဝင်လာတော့ဘွားမယ်စိန်တို့နဲ့အတူစကားပြောနေသော သူကြီးဦးသိုက်ရဲ့အကြည့်များ မောင်အုန်းထံသို့
စူးခနဲကျရောက်လာခဲ့ရာ မောင်အုန်းမှာ ခေါင်းကိုငုံ့သွားခဲ့တော့သည်။
“ဒါကြောင့်…ဒီကောင် ကျုပ်ရွာကိုမကြာခဏလာနေတာကိုးဗျ…ကျုပ်ကရွာကတခြားမိန်းကလေးတွေကို
ပိုးနေတယ်ထင်ပြီး သဘောတွေတူနေခဲ့ရတာ…
လတ်စသတ်တော့ဒင်းလာပိုးတာ
ကျုပ်သမီးဖြစ်နေတာပဲ…”
“အေး…ဘွားတို့ကသူတို့အကြောင်းသိထားတာကြာပါပြီကွယ်…တစ်ယောက်နဲ့တစ်ယောက်ချစ်ကြိုက်နေကြရဲ့သားနဲ့ မပွင့်မလင်းတွေဖြစ်ခဲ့ကြတယ်လေ…
အခုတော့လည်း သူတို့အချစ်ကို ဆက်ပြီး ဖုံးဖိမရတော့လို့
ဘွားတို့လူကြီးတွေက လာပြီးတောင်းရမ်းပေးတာပါ…”
“ဟုတ်ပါတယ်အဖေ…ကျုပ်နဲ့အစ်ကိုကအချင်းချင်း
မေတ္တာမျှနေကြတာပါ…”
“ဟဲ့…ဆောင်းသဇင် ညည်းကို ငါမေးနေလို့လား…
တိတ်တိတ်လေးပဲထိုင်နေစမ်း…ဘာမှထပ်ဟမလာနဲ့…
ကြားသလား”
“ဟုတ်…ဟုတ်ကဲ့အဖေ…”
သူကြီးဦးသိုက်က ဆောင်းသဇင်ကို ငေါက်လိုက်၍
မောင်အုန်းနဲ့သဘောမတူလေသလား အတွေးများက
အားလုံးစိတ်ထဲဝင်လာခဲ့ကြသည်။
“အမေကြီး…ကျုပ်တို့က အမေကြီးကို အားကိုးနေရတဲ့သူတွေပါ….အဲ့သည်လိုပဲ အမေကြီးနဲ့အတူပါလာတဲ့
အမေကြီးသားတပည့်တွေကိုလည်း ကိုယ့်တူကိုယ့်သားလို
သဘောထားပါတယ်….အခုလည်း ကျုပ်သမီးကို
လူကြီးစုံရာနဲ့ လာရောက်တောင်းရမ်းတယ်ဆိုတော့
ကျုပ်သဘောမတူဘဲ မနေနိုင်ပါဘူးဗျာ…
ကျုပ်သဘောတူပါတယ်…ဟုတ်တယ်နော် တင်မာ…”
“ဟုတ်ပါ့တော်…ကျုပ်တို့ဘက်က ကျေကျေနပ်နပ်ကြီးကို
သဘောတူပါတယ်…”
သူကြီးဦးသိုက်နဲ့ဒေါ်တင်မာတို့က သဘောတူသည်ဟု
ပြောကြလေရာ အားလုံးဝမ်းသာကုန်ကြသည်။
ဘွားမယ်စိန်က မောင်အုန်းရဲ့မိဘများနဲ့ထပ်မံကာ
မိတ်ဆက်ပေးပြီးနောက် မင်္ဂလာစကားများပြောဆိုနေခဲ့ကြသည်။လူကြီးများတိုင်ပင်ပြောဆိုပြီးနောက် နေ့ကောင်းရက်မြတ်ကိုရွေး၍ မင်္ဂလာရက်ကို သတ်မှတ်လိုက်ကြတော့သည်။
ဘွားမယ်စိန်တို့လည်း မောင်အုန်းရဲ့မင်္ဂလာရက်များသတ်မှတ်ကြပြီးနောက်တစ်နေ့နံနက်၌ သောင်ထွန်းရွာ
သို့ပြန်ဖို့ပြင်ဆင်ကြ၏။
မြယဥ်ကတော့ စလင်းရွာ၌သာကျန်ရစ်ခဲ့ရှာသည်။
“မြယဥ်အတွက်တော့မပူပါနဲ့အမေကြီး…
သူ့အိမ်ကို ကျုပ်တို့ပြန်ဆောက်ပေးမှာပါ…
ပြီးတော့ မြယဥ်အပ်နှံထားတဲ့ရွှေတွေကိုလည်း
အမေကြီးတို့ရှေ့တင် ပြန်ပေးလိုက်ပါတယ်ဗျာ….”
သူကြီးဦးသိုက်က ဘွားမယ်စိန်တို့အတူရှိခိုက်မှာပင်
မြယဥ်ရဲ့ရွှေများကို ပြန်လည်အပ်နှံလိုက်လေသည်။
ထိုရွှေတွေက မြယဥ်တစ်ယောက် စလင်းရွာမှဘပုံနဲ့အတူတူ ထွက်မသွားခင်အချိန်တွင် သူကြီးဦးသိုက်ထံသို့အပ်နှံထားခြင်းဖြစ်သည်။
အပ်နှံစဥ်ကလည်း ဘွားမယ်စိန်တို့ ရှိခဲ့ကြသလို…
ပြန်လက်ခံစဥ်လည်း ဘွားမယ်စိန်တို့ ရှိနေခဲ့ကြသည်။
ယခုတော့ ဘွားမယ်စိန်တို့လည်း
စိတ်ကြည်ကြည်နူးနူးဖြင့်စလင်းရွာမှ ထွက်လာခဲ့ကြသည်။ဆောင်းသဇင်ကတော့ မောင်အုန်းကို လက်ပြ၍ ကျန်ရစ်ခဲ့ရှာသည်။
စလင်းရွာနဲ့အတော်လေးခပ်လှမ်းလှမ်းက်ိုရောက်တော့
ခြုံကွယ်တစ်ခုဆီမှ ပုဆိုးကို ခေါင်းလုံအောင်ဖုံးကွယ်ထားသည့် လူငါးယောက်က တုတ်များ၊ဓားများ ကိုယ်စီကိုင်၍
မောင်အုန်းနဲ့မောင်တိုးတို့မောင်းနှင်လာသော
နွားလှည်းများကို တားဆီထားကြသည်။
“ဆင်း…လှည်းပေါ်ကဆင်းကြစမ်း “
“ဟ…ဘယ်သူတွေလဲ…ဓားပြတွေလား”
သူကြီးဦးနောင်ချ်ိုက ထိုလူတို့ကိုကြည့်၍အော်ဟစ်ချိန်
မောင်တိုးနဲ့မောင်အုန်းက လှည်းထိပ်၌ စိုက်ထားတဲ့ ဓားများကို ကိုင်ကာ တိုက်ခိုက်လာလျှင်ပြန်လည်ခုခံဖို့
အသင့်ဖြစ်နေကြသည်။
“စလင်းရွာကို မိန်းမလာတောင်းတဲ့ကောင်
ဆင်းခဲ့…အခုဆင်းခဲ့နော် အဘွားကြီးတွေလည်း
လှုပ်ဖို့မကြိုးစားနဲ့ ကျုပ်တို့ဓားက ခင်ဗျားတို့လည်ပင်းကို
တိခနဲဖြစ်သွားမယ်”
မောင်အုန်းရဲ့မိဘများကို ဓားနဲ့ရွယ်ထားသလို
ရှင်ညိုနဲ့ဘွားမယ်စိန်ရဲ့လည်ပင်းကိုလည်း ဓားဖြင့်
ရွယ်ထားကြ၏။
“ဟေ့…မိန်းမလာတောင်းတဲ့ကောင်ကဘယ်သူလဲ…
မင်းလား…မင်းလား”
မောင်အုန်းနဲ့မောင်တိုးကိုတစ်လှည့်ဆီ
လက်ညိုးထိုး၍မေးလေတော့ မောင်အုန်းက…
“ကျုပ်ပဲ…”
ဟု…ဖြေလိုက်သည်။
“အေး…မင်းဆိုရင် ဆင်းခဲ့စမ်း…”
“ပစ္စည်းလိုချင်ရင်ပါလာတာတွေယူပါတော်…
ကျုပ်သားကိုတော့ ဘာမှမလုပ်ပါနဲ့”
“ဟုတ်ပါတယ်ကွယ်…မောင်ရင်တို့ ပစ္စည်းလိုချင်ရင်
အကုန်သာယူသွားပါ…လူတွေကိုတော့ ချမ်းသာပေးပါကွယ်…”
မောင်အုန်းရဲ့မိဘများက သားဖြစ်သူ ထိခိုက်မည်ကို
စိုးရိမ်ပြီးအသနားခံနေကြရှာသည်။
“ခင်ဗျားတို့ကဘယ်သူတွေလဲ…
ဘာလို့ ကျုပ်တို့ကို ရန်မူနေကြတာလဲ…
မိန်းမလာတောင်းတာကို သိနေကြတယ်ဆိုတော့
ခင်ဗျားတို့က စလင်းရွာသားတွေပဲ ဖြစ်ရမယ်”
မောင်တိုးစကားကြောင့် လူငါးယောက်လှုပ်လှုပ်ရွရွ
ဖြစ်သွားကြသည်။
“ဟေ့ကောင် မင်းကအတော်လျာရှည်တဲ့ကောင်ပဲ…
ဒီကောင့်ကိုအရင်သတ်ကြစမ်း..
ကျန်တဲ့သူတွေကို သူ့နောက်မှပဲသတ်”
“အဘွား…ဒီလူတွေက ကျုပ်တို့ကို အစကတည်းက
သတ်ဖို့အကြံနဲ့လာကြတာ…
ကျုပ်တို့ပြန်ခုခံမှရလိမ့်မယ်အဘွား”
ဘွားမယ်စိန်ကရှင်ညိုရဲ့လက်ကို ဆွဲထား၍
ရှင်ညိုက ပြန်ပြောလေသည်။
ထိုအခါ ရှင်ညိုကို ဆွဲထားတဲ့ဘွားမယ်စိန်ရဲ့လက်များက
ပြေလျော့သွားခဲ့၏။
ရှင်ညိုကလှည်းအထက်မှ ဆင်းလာတော့ ရှင်ညိုလည်ပင်းအား ဓားဖြင့်ရွယ်ထားသူသည် ရှင်ညိုကို
တိုက်ခိုက်ဖို့ပြင်လေတော့သည်။
“အဲ့ကောင်မက တို့ရွာက မြယဥ်လိုပဲ…
စုန်းမ…ဒင်းကို သတ်ဖို့ ဆို ရော့ ဒီဓားကိုယူ”
“ဓားမှာဘာတွေပေနေတာလဲ….”
“ခွေးသွေးတွေ…ဒင်းတို့ပညာလျော့ဖို့ ငါသေချာသုတ်လာတာ”
ခွေးသွေးများလူးထားတဲ့ ဓားကိုကြည့်၍
ရှင်ညိုပြုံးလိုက်သည်။
တစ်ဖက်လူကလည်း ဓားဖြင့် ရှင်ညိုကိုတိုက်ခိုက်လေရာ
ရှင်ညိုက ထိုဓားချက်များကို ရှောင်ရှားနေခဲ့၏။
လွှားခနဲလွှားခနဲ ဖြင့်သွက်လက်စွာရှောင်ရှားနေတဲ့
ရှင်ညိုကိုကြည့်ရင်း တိုက်ခိုက်နေသူပင် လက်ပန်းကျလာခဲ့သည်။
မောင်တိုးနဲ့မောင်အုန်းကလည်း လှည်းပေါ်မှ ခုန်ဆင်း၍
ဓားခြင်းယှဥ်ကာ ခုတ်ကြတော့သည်။
ကျန်လူနှစ်ယောက်ကိုတော့ ဦးဘစီနဲ့သူကြီးဦးနောင်ချိုအပြင် မောင်အုန်းရဲ့အဖေ ဘိုးတင့်အောင်က
အတူကူကာ တိုက်ခိုက်တော့၏။
“တင့်အောင်တဲ့ကွ…
မင်းတို့လောက်ကတော့ တင့်အောင်က ဟောသည်လို
ဟောသည်လိုကို လုပ်ပစ်လိုက်မယ်”
ဘိုးတင့်အောင်ကြီးက ရန်မူလာသူတို့ကို အတင်းဝင်ကာလုံး၍ တိုက်ခိုက်လေသည်။
ရှင်ညိုကလည်း ပညာကိုထုတ်မသုံးဘဲ
ပြန်လည်ခုခံနေခဲ့၏။
ရှင်ညိုရဲ့လက်ဝါးက ထိုလူရဲ့ပါးပြင်သို့အဆက်မပြတ်
ရိုက်ချခြင်းကိုလည်းတစ်ဖက်လူသည်
အလူးအလဲခံနေရ၏။ထိုလူ့လက်၌ကိုင်ထားသော
ဓားပင်မြေပေါ်သို့ကျသွားခဲ့ရပြီးပါးနှစ်ဖက်၌ ရှင်ညိုရဲ့လက်ဝါးရာများက အထင်းသားဖြစ်နေမည်မှာမလွဲပေ။
“လာ… ဟောသည်မှာဒူးထောက်ကြစမ်း…
မင်းတို့ပြောသလိုပဲ…ငါတို့ရဲ့ဓားတွေက မင်းတို့လည်ပင်းကိုတိခနဲ ပြတ်သွားစေရမယ်ကွ…ဘာမှတ်နေလဲ…”
သူကြီးဦးနောင်ချိုက သူတို့အားရှုံးနိမ့်သွားသည့်
ပုဆိုးခြုံနဲ့ငါးယောက်ကို မြေပေါ်၌ ဒူးထောက်၍
ထိုင်ခိုင်းတော့သည်။
“ချွတ်လိုက်စမ်း…ခင်ဗျားတို့ဘယ်သူတွေလဲ…
ကြည့်ရသေးတာပေါ့ဗျာ…”
မောင်တိုးက ခေါင်းအထိလုံအောင်ဖုံးထားသည့်
ပုဆိုးများကို ချွတ်ခိုင်း၍ ထိုလူတွေလည်း မငြင်းသာဘဲ
ချွတ်ကြရသည်။
“နေပါဦး…ခင်ဗျားကို ကျုပ်သိပါတယ်…
ခင်ဗျားက.ကိုလှမော်ရဲ့ သူငယ်ချင်းမဟုတ်ဘူးလား”
“ဟုတ်…ဟုတ်ပါတယ်…ကျုပ်တို့ကိုခွင့်လွှတ်ပါဗျာ…
ကျုပ်တို့ကိုဘာမှမလုပ်ကြပါနဲ့နော်….”
“ဟ…ဘာမှမလုပ်လို့တော့မရဘူး…
မင်းတို့ကလူ့အသက်ကိုချိန်းခြောက်ယုံတင်မကဘူး…
သတ်ဖို့အထိပါ လုပ်ခဲ့ကြတာ…
ကဲ…ပြောစမ်း…ငါတို့ကိုဘာကြောင့် ရန်မူကြတာလဲ”
သူကြီးဦးနောင်ချိုကမေးတော့ အားလုံးရဲ့အကြည့်က
လှမော်ရဲ့သူငယ်ချင်းထံရောက်သွားခဲ့ကြသည်။
“ဒီလူ အောင်စိန်ကြောင့်ပါ…
ဒီလူက ကျုပ်တို့ကို အရက်အဝတိုက်မယ်ဆိုလို့
ကျုပ်တို့လိုက်လာကြတာပါဗျာ…”
“အောင်စိန်…ခင်ဗျားနာမည်ကအောင်စိန်နော်…
ပြောစမ်းပါဦးဗျာ…ကျုပ်တို့ကိုဘာကြောင့်များ
သတ်ချင်နေရတာလဲ”
“ဟေ့လူ…မေးနေတာဖြေနော်…
မဟုတ်ရင်ကျုပ်ရဲ့ဓားချွန်က ခင်ဗျားလည်ပင်းထဲ
စိုက်ဝင်သွားလိမ့်မယ်”
မောင်တိုးက ဝင်ကာဟောက်လိုက်တော့ အောင်စိန်လည်း
တကယ်လုပ်ခံရမည်စိုး၍…
“ကျုပ်…ကျုပ်ကဆောင်းသဇင်ကို သဘောကျနေတာပါ…
အဲ့တာကြောင့် ဆောင်းသဇင် ယောကျာ်းယူတော့မယ်ဆိုတဲ့ သတင်းကြောင့် အခုလို လုပ်မိတာပါဗျာ…”
“ဘာပြောတယ် ခင်ဗျားက ဆောင်းသဇင်ကို ကြိုက်နေတာ ဟုတ်လား”
“ဟုတ်….ဟုတ်ပါတယ်…”
“ခင်ဗျားကြိုက်နေရင်လည်း ရိုးရိုးသားသားနဲ့
ကြိုးစားပါလားဗျာ…အခုလို ကျုပ်တင်မကဘူး…
ကျုပ်နဲ့ပါလာတဲ့လူတွေကိုပါရန်ပြုတာတော့
ကျုပ် ခင်ဗျားတို့ကိုခွင့်မလွှတ်နိုင်ဘူး”
မောင်အုန်းစကားကြောင့် အောင်စိန်ရဲ့မျက်နှာပျက်ယွင်းသွားသည်။
“ကဲ…ဒီနေ့တော့ ကျုပ်တို့လည်းသောင်ထွန်းရွာကို
ပြန်လို့မဖြစ်တော့ဘူး…ဒီကောင်တွေကို
သူတို့ခြုံထားတဲ့ပုဆိုးတွေနဲ့လက်တွေကို
သေချာတုပ်ကွာ…
ပြီးရင် စလင်းရွာကိုပြန်ကြတာပေါ့”
မောင်တိုးနဲ့မောင်အုန်းက အောင်စိန်တို့ငါးယောက်ကို
ပုဆိုးဖြင့် လက်တွေကို သေချာတုပ်နှောင်လိုက်သည်။
ဘိုးတင့်အောင်နဲ့ဦးဘစီတို့က ဓားများဖြင့် ချိန်ရွယ်ကာထားကြသည်။
“ကျုပ်တို့ကလှည်းနောက်ကနေ ဒီလူတွေမပြေးနိုင်အောင်
အတူခေါ်လာခဲ့လိုက်မယ်…ဦးဘစီကတော့
ကျုပ်လှည်းကိုမောင်းခဲ့လိုက်ဗျာ…”
“ရတယ်ကိုကြီးတိုး…လှည်းက ကျုပ်မောင်းလည်းရတယ်…ကိုကြီးတိုးရယ် ကိုကြီးအုန်းရယ် ဦးကြီးရယ်က
သူတို့နဲ့အတူလိုက်ခဲ့ပါ….
ဦးဘစီက ဟိုဘက်လှည်းကိုမောင်းလာပါလိမ့်မယ်”
“အေး…ရှင်ညို နင်ကလှည်းမောင်းလေ့မောင်းထ
မရှိဘဲဖြစ်ပါ့မလားဟာ…”
“ဖြစ်ပါတယ်ကိုကြီးတိုးရဲ့…
ကျုပ်လှည်းမောင်းတတ်ပါတယ်…”
ထိုသို့ဖြင့် ဦးဘစီကတစ်လှည်း ရှင်ညိုက တစ်လှည်းမောင်းလာခဲ့လိုက်သည်။
မောင်တိုး၊မောင်အုန်း၊ဘိုးတင့်အောင်နဲ့သူကြီးဦးနောင်ချိုက အောင်စိန်တို့ထွက်မပြေးနိုင်အောင် စလင်းရွာသို့
လမ်းလျှောက်၍အတူခေါ်လာခဲ့တော့သည်။
စလင်းရွာထဲရောက်တော့ ရွာသူ၊ရွာသားတို့မှာ
မြင်လိုက်ရသော အခြေအနေကြောင့် အံ့သြကုန်ကြသည်။
“ဘာဖြစ်လာတာလဲအမေကြီး…
အောင်စိန်တို့က ဘာလို့ ဒီလိုကြီးအတူပါလာတာလဲ”
“ဟုတ်ပါရဲ့…အောင်စိန်ဘာဖြစ်လာကြတာလဲဟဲ့”
“ခင်ဗျားတို့အားလုံးသိချင်ရင် သူကြီးအိမ်ကိုသာ
လိုက်လာခဲ့ကြတော့….ဒီနေရာမှာရှင်းပြနေလို့
ပြီးတဲ့ကိစ္စမဟုတ်ဘူး”
မောင်တိုးစကားကြောင့် အားလုံးလည်း သူကြီးဦးသိုက်
အိမ်သို့ အတူလိုက်လာကြတော့သည်။
သူကြီးဦးသိုက်တို့မိသားစုမှာလည်း
ဘွားမယ်စိန်တို့နဲ့အတူရွာသူ၊ရွာသားများပါ
အတူပါလာ၍ အံ့သြနေကြရှာသည်။
“အစ်ကိုဘာဖြစ်လာကြတာလဲ”
ဆောင်းသဇင်က မောင်အုန်းဆီကိုရောက်လာပြီး
မေးလေသည်။
“ဒီလူ အောင်စိန်ကို ဆောင်းသိတယ်မဟုတ်လား”
“သိတယ်လေအစ်ကို…သူက ကျုပ်တို့ရွာသားလေ…
ပြီးတော့ ကိုကြီးလှမော်ရဲ့သူငယ်ချင်း…
သူတို့ဘာဖြစ်လာကြလို့လဲအစ်ကို…”
“ဘာဖြစ်ရမှာလဲဆောင်းရယ်…
ဆောင်းကို အစ်ကိုက လာတောင်းရမ်းလို့…
အစ်ကိုတို့ဒီရွာကအပြန်မှာအလစ်ချောင်းပြီး
သတ်ဖို့ကြံစည်နေကြတာလေ…”
“ဗျာ….”
“ဟင်…”
“ဟာ….”
လှမော်ရဲ့အသံက ကျယ်လောင်စွာထွက်လာ၍
ကျန်လူတို့ရဲ့အံ့သြသင့်သံတို့မှာပင် တိုးလျသွားခဲ့ရသည်။
“ယောက်ဖ မင်းပြောတာအမှန်ပဲလား…”
“ဟုတ်တယ်ကိုလှမော်…ဒီလူတွေက
ကိုကြီးအုန်းတင်မကဘူးကျုပ်တို့အားလုံးကိုပါသတ်ပစ်ဖို့ အကြံအစည်နဲ့လမ်းမှာစောင့်နေကြတာဗျ….အခုလည်းကျုပ်တို့တွေက သူသေကိုယ်သေ
ပြန်ခုခံလို့သာ အသက်ဘေးက လွတ်ခဲ့ကြရတာ…
ဒီလူက ဆောင်းသဇင်ကိုကြိုက်နေတာဗျ…
ဆောင်းသဇင်ကို ကိုကြီးအုန်းက တောင်းရမ်းလို့
ဒီလူအခုလိုလုပ်တာ…”
မောင်တိုးစကားကြောင့် လှမော်မှာ ဒေါသများထွက်လာသည်။
လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍…
အောင်စိန်အနီးသို့သွားလေသည်။
“လှ…လှမော်…သူငယ်ချင်း…”
အောင်စိန်က.လှမော်ကို ကြောက်လန့်ဟန်ဖြင့်ခေါ်လေသည်။
လှမော်က အောင်စိန်ရဲ့မျက်နှာကိုစေ့စေ့ကြည့်ပြီး…
“ခွေးမသား….မင်းကများငါ့နှမကို မှန်းရတယ်လို့…
ဒါငါ့နှမအတွက်….ဒါ ငါ့ယောက်ဖအတွက်ကွ……”
လှမော်ရဲ့လက်သီးချက်များက အောင်စိန်ရဲ့မျက်နှာအထက်သို့ အဆက်မပြတ် ကျရောက်လာခဲ့သည်။
ဘွားမယ်စိန်တို့ကတော့ ခပ်လှမ်းလှမ်း၌သာ
ထိုင်၍ ကြည့်နေခဲ့ကြတော့သည်။
“ကိုသိုက်…ခင်ဗျား ဘာဆက်လုပ်မလဲ…”
“ခင်ဗျားဆီကလည်းအကြံတောင်းချင်သေးတယ်
ကိုနောင်ချို…”
“အေးဗျာ…ဒီကောင်တွေက လူသတ်ဖို့တောင်
ကြိုးပမ်းခဲ့တာဆိုတော့ မြို့ဂိတ်ပို့ရတော့မှာပဲ…”
“ဟုတ်တယ်ဗျာ…ဒီကောင်တွေကိုမြို့ဂတ်ပို့ရမယ်…
ဒါမှ ကျုပ်တို့လည်းစိတ်အေးရမှာ”
သူကြီးဦးနောင်ချိုနဲ့သူကြီးဦးသိုက်တို့က
အောင်စိန်တို့ကို မြို့ဂတ်ပို့ဖို့ စီစဥ်ကြတော့သည်။
“အစ်မရှင်ညို…အဆင်ပြေရဲ့လား…
ထိခိုက်မိတာရှိသေးလား”
မြယဥ်က နွားစာကျွေးနေတဲ့ရှင်ညိုအနီးသို့ရောက်လာပြီး
မေးလေသည်။
“အစ်မအဆင်ပြေပါတယ်မြယဥ်ရယ်…
အခုတော့ မြယဥ်နဲ့တစ်ရက်ထပ်နေရပြန်ဦးမယ်…”
“အဲ့တာလည်းကောင်းတာပဲ….
ကျုပ်လည်း အိမ်ပြန်မဆောက်ရသေးခင်
အစ်မဆောင်းသဇင်တို့နဲ့အတူတူနေရဦးမှာ…”
“ဟိုမှာကြည့်စမ်းပါဦး…
သူတို့တွေများပျော်နေလိုက်ကြတာ…
တစ်ရက်ကိုတစ်သက်မှတ်နေကြပုံပဲ”
ရှင်ညိုက မလှမ်းမကမ်းရှိ တမာပင်အောက်၌ ထိုင်၍
စကားပြောနေသော မောင်အုန်းနဲ့ဆောင်းသဇင်တို့ကို
မေးငေါ့ပြရင်းပြောလိုက်သည်။
မြယဥ်ကလည်း လှမ်းကြည့်ရင်း ပြုံးလိုက်လေသည်။
“ဟေ့…ကောင်မလေးကိုလွတ်လိုက်….”
ဟူသောအသံကျယ်ကျယ်ကြောင့်လှမ်းကြည့်ရာ
မောင်တိုးဖြစ်နေခဲ့သည်။
“မောင်တိုးရာ မင်းကလည်း နှောက်ယှက်လိုက်တာ”
“အမယ်လေးဗျာ…နှောက်ယှက်တာမဟုတ်ရဘူး…
အိမ်ရှေ့မှာ အောင်စိန်မိဘတွေက ငိုယိုပြီး
သူကြီးကိုတောင်းပန်နေကြလို့…
ကျုပ်လည်းအပူရှောင်ဖို့အိမ်အနောက်ကို
ထွက်လာခဲ့တာပါ…
ဒီမှာတော့သာယာလိုက်ကြတာဗျာ…”
“အောင်စိန်မိဘတွေက တောင်းပန်နေတယ်ဆိုတော့
ဒီလူတွေကိုမြို့ဂတ်ပို့မယ့်ကိစ္စကရောဘယ့်နဲ့ဖြစ်သွားပြီလဲ”
“ဒါတော့မပူပါနဲ့အစ်ကိုရယ်…
အဖေက ဘူးဆို ဖရုံမသီးဘူး…
သူတို့ဘာသာငိုလို့ သတ်ပါသေသေ…
အဖေက လွတ်ပေးမှာမဟုတ်ဘူးတော့်….”
“တကယ်ပြောနေတာလားဆောင်းရဲ့…
ကိုယ့်ယောက္ခမကြီးက အဲ့လောက်တောင်
သမာသမတ်ကျတာလား”
“အမယ်လေးဗျာ…ယောကခမကြီးတဲ့…
ဟား…ဟားး…ဟား…ဟား…ဟား…..”
“ဒီကောင်ကတော့ကွာ….စကားကောင်းကိုပြောမရဘူး”
စနောက်နေသောမောင်တိုးကိုမောင်အုန်းက
ခဲဖြင့်ထုဖို့ပြင်လေတော့မောင်တိုးလည်း
ရှင်ညိုတို့ရှိရာကို ထွက်ပြေးလာခဲတော့သည်။
“ကိုကြီးတိုးနော်…သွားစမနေနဲ့ဦး…
ဟိုက တကယ်လုပ်လိမ့်မယ်…”
“အေးပါဟာ…နွားတွေအစာကျွေးနေတာလား…
ငါလုပ်ပါ့မယ်ရှင်ညိုရာ…”
“အမယ်လေး….နွားမောင်းတတ်ရဲ့လားမေးပြီးကတည်းက
နွားတွေကို မေ့နေတာဘယ်သူတုန်း…
ကျုပ်ပဲ လှည်းဖြုတ်ရတယ်…ကျုပ်ပဲနွားစာကျွေးရတယ်လေ…”
“အေးပါဟာ…ငါလည်းဟိုကောင်တွေကိစ္စကြောင့်
မေ့သွားလို့ပါရှင်ညိုရဲ့…ကဲ…ကဲ…ငါ့နှမလည်းပင်ပန်းနေရောမယ် သွားနားတော့”
ရှင်ညိုလည်း မြယဥ်နဲ့အတူ အိမ်ထဲဝင်လာခဲ့တော့သည်။
အိမ်ထဲ၌တော့ ဘွားမယ်စိန်၊ဘိုးတင့်အောင်တို့အပြင်
သူကြီးဦးသိုက်တို့လူကြီးများက စကားလက်ဆုံကြနေခဲ့သည်။
“မြယဥ်…အစ်မတို့ ကွပ်ပျစ်မှာပဲထိုင်ကြရအောင်…
အထဲမှာလူကြီးတွေစကားပြောနေကြတယ်….”
“ဟုတ်ကဲ့အစ်မရှင်ညို…
ထိုင်နေခဲ့ဦးနော်…
ကျုပ်လက်ဖက်ပွဲနဲ့အကြမ်းအိုးလေးသွားယူခဲ့ဦးမယ်…
အဲ့တာလေးတွေရှိတော့စကားပြောလို့ပိုကောင်းတာပေါ့”
မြယဥ်က မီးဖိုထဲဝင်သွားသည်။
ရှင်ညိုကတော့ ကွပ်ပျစ်ခင်း၌ ကျန်ရစ်ခဲ့လေသည်။
နောက်တစ်နေ့နံနက်သို့ရောက်တော့ ရှင်ညိုတို့တတွေလည်း သောင်ထွန်းရွာသို့ အနှောက်အယှက်မရှိပြန်ရောက်လာကြသည်။
“ကဲ…ကျုပ်တို့ရွာသားမောင်အုန်းနဲ့စလင်းရွာကသူကြီးသမီးဆောင်းသဇင်တို့ မင်္ဂလာဆောင်ကြတော့မယ်ဗျို့..
မင်္ဂလာရက်လည်းသတ်မှတ်ပြီးပါပြီ…စလင်းရွာကို
မင်္ဂလာပွဲလာရောက်တက်ရောက်ပေးကြဖို့လည်း သောင်ထွန်းတစ်ရွာလုံးကို
သတင်းကောင်းပါးအပ်ပါတယ်ဗျို့….”
မောင်တိုးနဲ့ကာလသားများက တစ်ရွာလုံးကို
ဗျို့ဟစ်ထားကြသည်။
ဒါတင်မက မောင်တိုးတို့က တစ်အိမ်တက်ဆင်းဝင်၍
နဂါးနီဆေးလိပ်လေးပေးကာ မင်္ဂလာဆောင်အတွက်
လိုက်လံဖိတ်ကြားကြလေသည်။
မင်္ဂလာပွဲရက်မတိုင်ခင်ပင် ဘွားမယ်စိန်၊ဒေါ်ဝင်း၊ရှင်ညိုနဲ့
နန်းကြိုင်တို့အားလုံးက မောင်တိုး၊မောင်အုန်းတို့အားလုံးနဲ့အတူ စလင်းရွာသို့ရောက်နေခဲ့ကြသည်။
မင်္ဂလာဆောင်အတွက်လိုအပ်တာမရှိစေရန်
ဝိုင်းဝန်း၍ ကူညီပေးကြ၏။
သူကြီးဦးသိုက်ကလည်း စလင်းရွာသူကြီးဖြစ်၍
အသိမိတ်ဆွေများကပေါများလှသည်။
မောင်အုန်းနဲ့ဆောင်းသဇင်တို့ရဲ့မင်္ဂလာပွဲက စလင်းရွာ၊သောင်ထွန်းရွာကလူများတင်မက ရွာနီးချုပ်စပ်များကပါ
အကုန်လာရောက်ကြ၍ အတော်ပင်စည်ကားခဲ့လေသည်။
မိဘမောင်နှမများက မောင်အုန်းတို့ကိုကြည့်၍
ပီတိဖြာရသလို…မောင်အုန်းနဲ့ဆောင်းသဇင်တို့မှာလည်း
ပျော်၍မဆုံးဖြစ်နေခဲ့ကြတော့သည်။
ထိုသို့ဖြင့် သောင်ထွန်းရွာသား လူပျိုကြီးတစ်ယောက်
မိန်းမရသွားခဲ့ပြီဖြစ်သည်။
အလိမ်မာအိမ်ပါ မိန်းမချောလေးကို အရယူနိုင်သော
မောင်အုန်းကိုလည်းအားကျသူများရှိသလို
ချီးကျုးသူများကလည်းချီးကျုးကြလေသည်။
ထိုနည်းတူစွာပင် ဆောင်းသဇင်ကိုလည်းမောင်အုန်းနဲ့
လိုက်ဖက်လှသည်ဟု ဝိုင်းဝန်းချီးကျုးကြပြန်၏။
မောင်အုန်းဘက်၌ မောင်တိုးတို့ရှင်ညိုတို့ရှိကြသလို…
ဆောင်းသဇင်ဘက်၌ လှကျော်နဲ့လှမော်အပြင်
လှသဇင်လည်းရောက်နေခဲ့သည်။
မိသဘောမတူသူကို ယူထားသောလှသဇင်ကို
ဆောင်းသဇင်ကိုယ်တိုင် မိမိမင်္ဂလာဆောင်ကို လာခဲ့ပေးပါဟု သွားရောက်ခေါ်ယူထားရာ ယခုတော့ သူမတို့ပွဲ၌
မိသားစုစုံညီရှိခဲ့ကြလေသည်။
မင်္ဂလာပွဲလေးသည်လည်းအောင်မြင်စွာပြီးဆုံးသွားခဲ့၏။
မောင်အုန်းတစ်ယောက်သတိုးသားဘဝမှ ဆောင်းသဇင်ရဲ့
လင်ယောက်ျား အဖြစ် ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
ထိုသို့ဖြင့် ဇာတ်လမ်းလေးကို ရပ်နားလိုက်ပါတယ်။
အားလုံးလည်းကြိုက်နှစ်သက်ကြမယ်လို့
ယုံကြည်ပါတယ်ရှင်။
ယဥ်မင်း(ကန့်ဘလူ)