ဘွားမယ်စိန်နှင့်မြစိမ်းရောင်မိန်းကလေး

ဘွားမယ်စိန်နှင့်မြစိမ်းရောင်မိန်းကလေး

အချိန်က ညနေစောင်းနေလေပြီ​။
ပတ်ဝန်းကျင်တစ်ခုလုံးကို အမှောင်ထုက
တစတစနဲ့ ဖုံးလွှမ်းလို့လာခဲ့၏။
ရွာအလယ်ပိုင်းက မြေနေရာလွတ်၌
ဆော့ကစားနေကြကလေးငယ်များရဲ့အသံကလည်းယနေ့မှာဖြင့် တိတ်ဆိတ်လို့နေခဲ့သည်။
ဒါ့အပြင် သက်ရွယ်ကြီးရင့်သူတို့ရဲ့ ဘုရားရှိခိုးသံ…
စကားပြောသံတို့ပင် ထွက်ပါ်လာခြင်းမရှိတာကပို၍
ထူးဆန်းလို့နေခဲ့သည်။

“ရှင်ညို…ငါ့တူမ…”

အရီးအေးမိက ရှင်ညိုနေတဲ့အခန်းထဲကို ဝင်လာခဲ့သည်။

“အရီးတို့ရွာတော့ ဘာတွေဖြစ်နေပြီလဲမသိဘူး
မနေ့ညကလည်း ရွာထဲမှာလမ်းလျှောက်သံတွေကြားတယ်တဲ့…ထွက်ကြည့်တဲ့သူက ကြည့်တော့လည်း
ဘယ်သူ့ကိုမှမတွေ့ဘူးတဲ့ရှင်ညို”

အရီးအေးမိပြောနေတဲ့စကားကို ရှင်ညိုတစ်ယောက်
ငေးမောရင်း နားထောင်နေခဲ့သည်။
အရီးအေးမိစကားများက ရှင်ညိုနားထဲသို့ မဝင်ခဲ့ပေ။

“ရှင်ညို…အရီးပြောတာကိုကြားရဲ့လား…
ညည်း နေများမကောင်းဘူးလားအေ…
မျက်တွင်းတွေကလည်းညိုလို့ပါလား”

ရှင်ညိုရဲ့မျက်လုံးများက အိပ်မပျော်သူတစ်​ယောက်အလားညိုမဲလျက်ရှိသည်။

“ရှင်ညို…အရီးပြောတာကိုကြားရဲ့လားကောင်မလေး”

အရီးအေးမိက ရှင်ညိုပုခုံးကို ဆွဲကိုင်လှုပ်၍
မေးတော့…

“ဟင်…အရီး…အရီးဘယ်တုန်းကရောက်နေတာလဲ”

“ရှင်ညို…သတိထားစမ်း…
ညည်းဘာတွေဖြစ်နေတာလဲ…
နေမကောင်းဘူးလားရှင်ညို”

“ကျုပ်…ကျုပ်နေကောင်းပါတယ်…”

“သေချာရဲ့လားအေ…ညည်းကြည့်ရတာ
ငေးငေးငိုင်ငိုင်နဲ့အရီးတော့ စိတ်ပူလာပြီအေ…”

“ရ….ရပါတယ်အရီး…ကျုပ်ဘာမှမဖြစ်ပါဘူး”

“ဟင်း……တစ်ခုခုဆိုရင်အရီးကိုပြောပြပါရှင်ညိုရယ်…
တို့ရွာထဲလည်း တစ်ခုခုဖြစ်တော့မယ်ထင်တယ်…
လူကြီးတွေက မိုးချုပ်တာနဲ့ အိမ်ထဲက အိမ်အပြင်မထွက်ဖို့ သတိပေးထားတယ်…ရှင်ညိုလည်း တစ်ခုခုဆိုအရီးကိုပြောနော်…ကြားသလားရှင်ညို…”

“ဟုတ်…ဟုတ်ကဲ့ ကျုပ်ကြားပါတယ်…”

အရီးအေးမိက ရှင်ညိုကိုကြည့်ရင်း သက်ပြင်းများချသည်။ စိတ်ထဲ၌တော့ ရှင်ညိုတစ်ယောက်ဘွားရှိန်ဆုံးပါးသွား၍ စိတ်မကောင်းဖြစ်နေခြင်းဟု မှတ်ယူမိရင်း သနားနေခဲ့ရှာသည်။ခဏကြာတော့ အရီးအေးမိ အခန်းထဲက
ထွက်သွားသည်။
အခန်းထဲ၌ရှင်ညိုတစ်ယောက်သာကျန်ရစ်ခဲ့၏။
အမှောင်ကျနေတဲ့ရှင်ညိုအခန်းကို အရီးအေးမိက
မီးအိမ်လေးထားပေးခဲ့သည်။
အခန်းထောင့်ဆီကို ရှင်ညို ရဲ့အကြည့်များ
ရောက်လာခဲ့၏။
ထိုအခန်းထောင့်၌လည်း လူလည်းမဟုတ်…အငွေ့အသက်လည်း မဟုတ်သော အမည်းရောင်အခိုးအငွေ့များ
သဏ္ဌာန်ရှိ ထူးဆန်းသောအရာတစ်ခုကကပ်တွယ်လျက်
ရှိနေခဲ့သည်။
ရှင်ညိုရဲ့အကြည့်များကအေးစက်စက်ရှိလှသည်။
ယခင်က ရွှင်လန်းတက်ကြွမှုများသည် ရှင်ညိုထံ၌
လုံးဝရှိမနေခဲ့ပေ။နှုတ်ခမ်းများကလည်း လူသေကောင်တစ်ယောက်ကဲ့သို့.အေးစက်စက်အပြုံးကြီးဖြင့်
ပြုံးရယ်လျက်ရှိလေသည်။

ညသည်ကလည်းတဖြေးဖြေးနက်လာခဲ့သည်။
ပုရစ်အော်သံမှအပ ကျန်အသံတို့သည်က
တိတ်ဆိတ်လျက်ရှိသည်။
အူတတ်…ဟောင်တတ်သော ခွေးတို့ပင် ခြံဝန်းထဲ၌ ငြိမ်ကုပ်လျက်ရှိလေသည်။

“ရှက်…ရှက်…ရှက်…….”

​ခြေသံခပ်သဲ့သဲ့နှင့်အတူ
ရွာလမ်းမအတိုင်းလျှောက်လာခဲ့သူသည်က
အင်္ကျီအစိမ်း…ထဘီအစိမ်းတို့ကို ဝတ်ဆင်ထားသည့်
မိန်းမငယ်တစ်​ယောက် ဖြစ်သည်။
ဆံပင်ကိုပင်ဖျားလျားချလျက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ရွာလမ်းမအတိုင်း
သွားလာနေခဲ့သည်။ထိုမိန်းမငယ်သည် ​ခြေဗလာဖြင့်လမ်းမအထက်ရှိ မြေစိုင်ခဲများနဲ့ ရွံ့ဗွက်အိုင်တို့ကိုပင်
ဂရုမစိုက်ဟန်….နာကျဥ်မှုမရှိဟန်ဖြင့်
ဖြတ်နင်း၍သွားနေခဲ့သည်။

ရွာလမ်းမတန်းတန်းထွက်လာခဲ့ပြီးနောက်မှာတော့
ရွာအစွန်မှာရှိတဲ့ အိမ်တစ်အိမ်ရဲ့အရှေ့၌
ခြေစုံရပ်လိုက်သည်။
ခဏမျှငြိမ်သက်ကာ ရပ်နေစဥ် အိမ်ခြံဝန်းအတွင်းဆီမှ
လူတစ်ယောက်ထွက်လာခဲ့သည်။
ထိုသူသည်က အသက်အရွယ်အားဖြင့် အိုမင်းနေသော
အဘွားအိုတစ်ယောက်ဖြစ်၏။
အဘွားအိုသည် ပိတ်လျက်ရှိသော ခြံတံခါးကို ဖြတ်ကျော်လာပြီး မိန်းမငယ်ရဲ့အနောက်ဆီသို့ လိုက်ပါလာခဲ့သည်။
မိန်းငယ်နဲ့အဘွားအိုတို့သည် စကားပြောခြင်းမရှိဘဲ
တိတ်တဆိတ်ပင် ရွာအနောက်ဘက်ဆီသို့
ထွက်လာခဲ့ကြ၏။
ရွာအနော​က်ဘက်ရှိ ထနောင်းပင်တို့ အုံစိုင်းနေသော နေရာဆီကိုရောက်တော့ အဘွားအိုသည် အော်ဟစ်ငိုယိုပြီး မိန်းမငယ်အား တောင်းပန်နေခဲ့သည်။
မိန်းမငယ်သည်က မတုန်လှုပ်ဟန်ဖြင့် စကားတစ်ခွန်းမျှမပြောဘဲ အဘွားအိုအား ထနောင်းပင်ဆီကို လက်ညိုးထိုး၍သွားစေခဲ့သည်။ မိန်းမငယ်ကို မလွန်ဆန်နိုင်သည့်အဘွားအိုသည်ငိုယိုလျက် ထနောင်းပင်တန်းအနီး၌ ပျောက်ကွယ်သွားခဲ့တော့သည်။

“အေးမိ…ဟေ့အေးမိ…”

ကျုပ်ဒီမှာအစ်ကိုကြီး…”

“အေး…ငါလာခဲ့မယ်”

အရီးအေးမိ ထံ ဘိုးကြည်ရောက်လာခဲ့သည်။
အရီးအေးမိကအခြောက်လှမ်းထားတဲ့
မြေပဲတောင့်များကို ဝါးညှပ်ဖြင့် ညှပ်ကာ
အတွင်းမှ​မြေပဲဆံများအား ထုတ်ယူနေခဲ့သည်။
ထုတ်ယူရသောမြေပဲဆံများကိုလည်း
စကောလေးထဲထည့်ထားလေသည်။

“အေးမိ…ရွာထဲကသတင်းကို ညည်းကြားပြီးပြီလား”

“ကျုပ်ကြားတယ်လေ…အဘွားတင်ဆုံးသွားတယ်ဆို…”

“အေး…ဟုတ်တယ်…ငါလည်းအဲ့သည့်အကြောင်း
ညည်းကိုလာပြောတာ…ငါတို့ရွာလည်းတစ်ခုခုဖြစ်နေပြီထင်တယ် အေးမိ… ပေါ့ပေါ့ဆဆနေလို့တော့ မဖြစ်ဘူးဟ”

“ဟုတ်တယ်…ကျုပ်လည်း ညဘက်အိပ်ရတာ
ရင်တထိတ်ထိတ်နဲ့ပါတော်”

“ဒါနဲ့…ညည်းတူမ ရှင်ညိုရော…ဘယ်မှာလဲ…
ရွာထဲများသွားသလား အေးမိ”

“ရှင်ညိုလား…မနိုးသေးဘူးထင်တယ်…
ဒီကလေးမလည်း ညဘက်တွေအိပ်မပျော်ဘူးထင်တယ်အစ်ကိုကြီး…”

“ဟေ…ဟုတ်သလား….
ဒါနဲ့ရှင်ညိုက သောင်ထွန်းရွာကို ပြန်မယ့်အကြောင်း
မပြောဘူးလားအေးမိ…
ကြီးတော်အသုဘပြီးရင် သောင်ထွန်းရွာကိုပြန်လာမယ်လို့ဟိုကို ပြောခဲ့တယ်လေ…ဟိုကလူတွေလည်း
မျှော်နေလောက်ရောမယ်ဟ”

“သူလည်းမပြောသလို…
ကျုပ်လည်း မမေးမိပါဘူးအစ်ကိုကြီးရယ်…
သူစိတ်ရှိသလိုနေပါစေလား”

“ငါလည်းပြန်စေချင်လို့ပြောတာမဟုတ်ပါဘူးဟာ…
ဟိုမှာလည်း သေချာပြောခဲ့တာမို့ပါဟ…”

အရီးအေးမိနဲ့ ဘိုးကြည်တို့မောင်နှမစကားပြောနေစဥ်
ရှင်ညိုသည် အိမ်အပေါ်ထပ်မှဆင်းလာခဲ့၏။
အောက်ထပ်၌စကားပြောနေကြတဲ့ ဘိုးကြည်တို့မောင်နှမအကြည့်များက ရှင်ညိုထံကိုရောက်လာခဲ့သည်။

“ဟယ်…ငါ့တူမ…ညည်းခြေထောက်တွေမှာလည်း
ရွံ့တွေသဲတွေပေပွလို့ပါလား…အရီးတို့မနိုးခင်
ဘယ်တွေသွားထားသေးတာလဲရှင်ညို”

အရီးအေးမိအမေးကြောင့် ရှင်ညိုက သူ့ခြေထောက်တွေကို ငုံ့ကြည့်သည်။
ခြေထောက်၌ ပေကျံနေသော ရွံ့များက ခြောက်၍ပင်နေပြီဖြစ်သည်။

“ကျုပ်ဘယ်မှမသွားပါဘူးအရီးရယ်…
မနေ့က မအိပ်ခင် ခြေထောက်ဆေးမအိပ်မိလို့ထင်ပါတယ်…”

“ကဲ…ကဲ…ဒါဖြင့်လည်းမျက်နှာသစ်…ကိုယ်လက်တွေပါ
ဆေးကြောခဲ့တော့ရှင်ညို…ပြီးမှ လေးလေးတို့စကားပြောကြတာပေါ့”

“ဟုတ်ကဲ့လေးလေး”

ရှင်ညိုက ခြံထဲက ရေတွင်းဆီကို မျက်နှာသွားသစ်တော့သည်။

“ရှင်ညိုကြည့်ရတာ ကျုပ်တော့ စိတ်ပူလာပြီအစ်ကိုကြီး”

“ဘာဖြစ်လို့လဲအေးမိ…ရှင်ညိုက ဘာများလုပ်ထားလို့လဲဟ”

“သူလုပ်တာမလုပ်တာတော့ကျုပ်မသိဘူးအစ်ကိုကြီး…
ကျုပ်သိတာတော့ ရှင်ညိုက တစ်နေကုန်အိမ်ထဲက
အိမ်ပြင်တောင်ထွက်တာမဟုတ်ဘူး…
စောစောက ရှင်ညိုရဲ့ခြေထောက်က ရွံ့တွေကို
အစ်ကိုကြီးလည်းတွေ့တယ်မဟုတ်လား…
အဲ့တာ ဒီကလေးမကျုပ်မသိအောင် အပြင်သွားထားလို့ပဲ
ဖြစ်ရမယ်အစ်ကိုကြီး…မဟုတ်မှလွဲရော ကျုပ်တ်ို့ရွာမှာ
ရည်းစားများရနေသလားမသိဘူးနော်…”

“အင်း…ညည်းပြောတာလည်းဖြစ်နိုင်တယ်…
အဲ့တာကြောင့်လည်း သောင်ထွန်းရွာကို
ပြန်မယ်လို့နှုတ်မဟသေးတာကိုး…”

“ကျုပ်တို့ဘယ်လို ထိန်းကြောင်းရမလဲအစ်ကိုကြီး…
မသင့်တော်တဲ့သူနဲ့ဆုံမှာလည်းစိုးရိမ်ရတယ်တော်…
နောက်ပြီး သောင်ထွန်းရွာက ဘွားမယ်စိန်တို့
သိရင်လည်းမကောင်းဘူး…ရှင်ညိုသာတစ်ခုခုဖြစ်ကြည့်
ကျုပ်တို့အပြစ်ပဲဝိုင်းပြောကြမှာ”

“အမေကြီးတို့ကတော့ ငါတို့ကိုအပြစ်မဆိုလောက်ပါဘူးအေးမိရယ်…အခုတော့ ညည်းတူမကိုသာ စောင့်ကြည့်ထားပေါ့…ညည်းအဖော်လိုရင်ငါ့သမီးကြီး
အေးလှကို ခေါ်ထားပေါ့ဟာ…”

“အဲ့တာလည်းမဆိုးဘူးအစ်ကိုကြီး…
အစ်ကိုကြီးပြန်ရင် အေးလှကို လွှတ်လိုက်လေ…
နှစ်ယောက်ဆိုတော့စောင့်ကြည့်ရတာ ပိုကောင်းတာပေါ့”

“အေး…အေး…”

“ညည်းတူမ မျက်နှာသစ်တာလည်းကြာလှပါလား…
သွားကြည့်စမ်းဦးအေးမိရဲ့…”

ဘိုးကြည်စကားကြောင့် အရီးအေးမိလည်း ရေတွင်းဆီကို
ထွက်လာခဲ့သည်။
မျက်နှာသစ်ဖို့အတွက် ရေခွက်ကြီးကိုကိုင်ကာ ငူငူငိုင်ငိုင်ကြီး ရပ်နေတဲ့ရှင်ညိုကိုမြင်တော့…

“ဟယ်….ရှင်ညို…ညည်းဘာတွေငေးနေတာလဲ…
ပေါ်မလာပေါ်မလာနဲ့အရီးကလိုက်လာတာ…
မျက်နှာတောင်မသစ်ရသေးပါလားအေ”

“ကျုပ်…ကျုပ် မေ့သွားလို့ပါအရီးရယ်…”

အရီးအေးမိရောက်လာမှ ရှင်ညိုလည်း မျက်နှာကို
ခပ်မြန်မြန်သစ်လိုက်သည်။

“ကဲ…လာ…အရီးနဲ့အတူသွားမယ်”

ရှင်ညို မျက်နှာသစ်လို့ပြီးမှ အရီးအေးမိက အိမ်ထဲကို အတူတူပြန်ခေါ်လာခဲ့သည်။

“ထမင်းစားတော့မလားရှင်ညို…
ကြက်သားချက်လေးလည်းချက်ထားတယ်…
အစပ်ကတော့ ငရုတ်သီးနဲ့ကြက်သွန်နီလေးသုပ်ပေးထားတယ်အေ့…ဟင်းချိုကလည်း ဒန့်သလွန်ရွက်ဟင်းချိုလေးလုပ်ပေးထားတယ်…အရီးချက်ထားတာတွေ
ငါ့တူမလေး​ကြိုက်ရဲ့လား…”

“ကျုပ်ကြိုက်ပါတယ်အရီး”

“အေး…အေး…ဒါဖြင့် အတူစားကြတာပေါ့”

အရီးအေးမိက ရှင်ညိုနဲ့အတူ ထမင်းစားဖို့ပြင်​လေသည်။

“အစ်ကိုကြီးလည်းထမင်းအတူစားသွားပါလား”

“ငါမစားတော့ပါဘူးဟာ…
နင်တို့ပဲစားကြတော့”

အကြမ်းရည်သောက်နေရင်းမှ ဘိုးကြည်ကပြောလိုက်သည်။
အရီးအေးမိကလည်း ရှင်ညိုနဲ့ထမင်းအတူစားတော့၏။

“ရော့…ငါ့တူမလေးက ကြက်သားလေးစား”

“အရီးလည်းစားပါအရီးရယ်…ကျုပ်ကတောင်အရီးကို
အရင်ဆုံး ဦးချပေးရမှာလေ…”

“စားပါရှင်ညိုရယ်…အရီးက ညည်းကိုအရသာရှိရှိလေး
စားစေချင်တာ…”

ရှင်ညိုက အရီးအေးမိ ထည့်ပေးသမျှကို စားရှာသည်။
အရီးအေးမိကလည်း သူချက်သမျှကို
အားပါးတရစားနေတဲ့ရှင်ညိုကိုကြည့်ပြီး
ကျေနပ်သောဟန်ဖြင့် ကြည့်နေခဲ့သည်။

အရီးအေးမိနဲ့ဘိုးကြည်တို့မောင်နှမသည် ရှင်ညိုကို
အရိပ်တကြည့်ကြည့်ဖြင့် ကြည့်နေခဲ့ရှာသည်။
ထမင်းစားပြီးနောက် ဘိုးကြည်ထိုင်နေတဲ့စားပွဲဝိုင်း၌
ဝင်ထိုင်ကြသည်။

“ရှင်ညို…ငါ့တူမ…သောင်ထွန်းရွာကို ပြန်ဖို့ရှိသေးလား…”

“ရှင် .. လေးလေး….”

ဘိုးကြည်ရဲ့အမေးကို ရှင်ညိုဖြေရခက်နေသည်။
ဘိုးကြည်ရဲ့အကြည့်များက ရှင်ညိုလက်ကောက်ဝတ်မှာရှိတဲ့ လက်ကောက်လေးဆီကိုရောက်သွားခဲ့၏။

“အမယ်…ငါ့တူမက လက်ကောက်လေးနဲ့လှနေတာပါလား”

“ဒါ…အရီးအေးမိပေးထားတာပါလေးလေးရယ်…”

“ဟေ…အရီးပေးတာ…ဟုတ်သလားရှင်ညို…
အရီးက ညည်းကိုမပေးမိပါဘူးအေ…
နေပါဦး…ပြစမ်းပါဦး…ဒီလက်ကောက်က ဘယ်ကနေများရတာလဲငါ့တူမရယ်…”

အရီးအေးမိက လက်ကောက်ကိုတစ်ခါမျှမမြင်ဖူးတဲ့အလား ရှင်ညိုလက်ကို ဆွဲယူကာကြည့်လေသည်။

“အရီး…ဒါအရီးကိုယ်တိုင် ပေးတာလေ…
အဘွားက အဘွားက ကျုပ်ကိုပေးဖို့ အရီးဆီအပ်ထားတာဆို”

“မဟုတ်တာရှင်ညိုရယ်…အရီးကိုကြီးတော်
အပ်ထားတဲ့ပစ္စည်းထဲ ဒါမျိုးမပါပါဘူးအေ…”

“ဘာတွေလဲအရီး…အရီးက ကျုပ်ကလိမ်နေတယ်လို့ထင်တာလား”

“မဟုတ်ဘူးလေ ငါ့တူမရယ်…
အရီးတကယ်ဒီပစ္စည်းကို မသိတာပါအေ…
အခုမှ ပထမဆုံးမြင်ဖူးတာပါရှင်ညိုရယ်…”

ရှင်ညိုနဲ့အရီးအေးမိတို့သည် တစ်ယောက်နဲ့တစ်ယောက်အပြိုင်အဆိုင်ပင် ငြင်းဆန်နေကြသည်။
သူတို့ရဲ့မျက်လုံးများက လိမ်ညာခြင်းမရှိ အဟုတ်အမှန်အတိုင်းပြောနေကြတယ်ဆိုတာ ဘိုးကြည်ကသတိထားမိလိုက်သည်။

“သမီးရှင်ညို လေးလေးကို သေချာပြောပြစမ်းကွယ်…
ညည်းအရီးကဘယ်တုန်းကများ ဒီပစ္စည်းကိုလာပေးထားတာလည်း…”

“ဒီပစ္စည်းကို အရီးကိုယ်တိုင် ကျုပ်ကိုပေးခဲ့တာပါလေးလေး…အဲ့နေ့တုန်းက….”

ရှင်ညိုက အရီးအေးမိသူ့အခန်းထဲရောက်လာပုံနဲ့
နှစ်သိမ့်စကားပြောရင်း ဘွားရှိန်အပ်နှံခဲ့တဲ့ဘိုးစဥ်ဘောင်ဆက် အမွေဆိုပြီး ပေးသွားခဲ့သည့်အကြောင်းများကို
ပြောပြလေတော့သည်။
အရီးအေးမိမှာရှင်ညိုပြောသမျှကို မျက်တောင်မခတ်တမ်းနားထောင်နေခဲ့ပြီး အံ့သြနေခဲ့၏။

“ဒါဆို အေးမိ…ညည်းရောအဲ့သည်နေ့က ရှင်ညိုနဲ့
စကား​ပြောခဲ့သေးလား”

“ကျုပ် ရှင်ညိုအခန်းကိုလာပြီးစကားပြောတာတော့အမှန်ပဲ အစ်ကိုကြီး…ဒါပေမယ့် ဒီပစ္စည်းကိုတော့ ရှင်ညိုကို
မပေးမိတာအမှန်ပဲ…”

“ဘာတွေဖြစ်ကုန်တာလဲအစ်ကိုကြီး
ကျုပ်က ဒီပစ္စည်းကို ရှင်ညိုကိုမပေးဘူးဆိုတော့
ဘယ်သူကများ ရှင်ညိုကိုပေးသွားခဲ့တာလဲ….”

“ငါလည်းစဥ်းစားရခက်တယ်အေးမိ…
ဘာပဲဖြစ်ဖြစ်…သမီးရှင်ညို…
အဲ့သည် လက်ကောက်ကို မဝတ်ထားနဲ့ကွယ်…ချွတ်ထားလိုက်စမ်း”

“ဟုတ်ကဲ့ပါလေးလေး…”

ရှင်ညိုက အိမ်အပေါ်ထပ်ကိုတက်သွားတော့သည်။
နေရာ၌ကျန်ရစ်ခဲ့သည့်အရီးအေးမိနဲ့ ဘိုးကြည်တို့လည်း စဥ်းစားရခက်နေကြတော့၏။

“ကဲ…ကဲ…ငါလည်းပြန်တော့မယ်အေးမိ…
ညနေကျရင် ညည်းတူမ အေးလှ လာလိမ့်မယ်…
သတိလေးတော့ထားကြ…ကြားသလား”

“ဟုတ်ကဲ့အစ်ကိုကြီး…”

ဘိုးကြည်ပြန်သွားတော့.အရီးအေးမိမှာ ရှင်ညိုပြောသွားခဲ့တဲ့စကားများကိုပြန်တွေးရင်း စဥ်းစားရခက်စွာဖြင့်
သက်ပြင်းသာချနေမိတော့သည်။
ညနေစောင်းတော့ ဘိုးကြည်ရဲ့သမီးကြီး အေးလှရောက်လာခဲ့သည်။
ဘိုးကြည်၌ သမီးနှစ်ယောက်ရှိသည်။
ညီမဖြစ်သူအရီးအေးမိနာမည်ပါစေဖို့အတွက်…
အသက်နှစ်ဆယ်အရွယ်သမီးကြီးကို အေးလှ လို့
ပေးထားပြီးဆယ့်ငါး နှစ် အရွယ်ရှိသမီးငယ်ကို အေးမြလို့ အမည်ပေးထားခဲ့သည်။
ယခု အရီးအေးမိနံဘေး၌ အေးလှရောက်နေခဲ့သည်။
ညစာအတူစားချိန်၌ နှုတ်ဆိတ်နေတဲ့ရှင်ညိုကို
အရီးအေးမိနဲ့အေးလှတို့က အကဲခတ်နေကြ၏။
ညစာစားပြီးနောက် ရှင်ညိုက အိမ်အပေါ်ထပ်ရှိအခန်းဆီကို ပြန်ဝင်သွားခဲ့သည်။

“အရီး…မမရှင်ညိုက စကားနည်းတယ်နော်…”

“အရင်ကဒီလိုမဟုတ်ဘူး အေးလှရဲ့…
ကြီးတော်ကြီးဆုံးပြီးမှ ဒီကလေးစကားနည်းသွားတာ”

“ဟုတ်လောက်တယ်နော် အရင်ကဆိုကျုပ်ကိုမြင်ရင်
ပြုံးပြသေးတယ်…အခုတော့ ကြည့်တောင်မကြည့်ဘူး”

“အေး…အဲ့တာအသာထားဦး…
ဒီည အရီးတို့နှစ်ယောက် ရှင်ညိုရဲ့
ဘေးခန်းမှာအိပ်ကြမယ်…
ဒီကလေးမ ကို တိတ်တဆိတ်စောင့်ကြည့်ရမယ်အေ့…”

“ဘာလို့လဲအရီး”

“မေးခွန်းမထုတ်စမ်းပါနဲ့အေးလှရယ်…
အရီးပြောသလိုသာလုပ်စမ်းပါအေ”

“ဟုတ်ကဲ့အရီး…”

အရီးအေးမိစကားကြောင့် အေးလှမှာထပ်၍မမေးရဲတော့ဘဲ ခေါင်းသာညိတ်ပြလိုက်တော့သည်။
ညသို့ရောက်တော့ အရီးအေးမိနဲ့အေးလှတို့က အပေါ်ထပ်ရှိ အခန်းထဲသို့ရောက်နေခဲ့ကြသည်။
မိမိတို့အခန်းထဲသို့မဝင်သေးခင်
ရှင်ညိုအခန်းထဲ၌ မီးအိမ်လေးထွန်းပေးထားခဲ့သည်။
ထိုမီးအိမ်လေးအလင်းကြောင့် အခန်းကန့်ထားသည့်
ဝါးထရံကြားမှ ရှင်ညိုကို ချောင်းကြည့်၍ မြင်ရသည်။
ကုတင်အထက်၌ ရှင်ညိုသည် အိပ်၍နေခဲ့သည်။
ယခင်ကဲ့သို့ ဘုရားရှိခိုးခြင်း၊တရားထိုင်ခြင်း
ကိစ္စများကိုပင်ရှင်ညို မလုပ်တာကြာပြီဆိုတာ အရီးအေးမိသတိထားမိသည်။

“ဝါး…”

အိပ်ရာထဲ၌ ထိုင်ကာစောင့်နေသည့် အေးလှထံမှ
ဝါးသန်းသည့်အသံထွက်လာခဲ့သည်။

“အ…”

အရီးအေးမိက အေးလှရဲ့ပေါင်ကို လိမ်ဆွဲလိုက်တာ
ကြောင့် အေးလှမှာ နာကျဥ်သွားသော်လည်း ရဲရဲပင်မအော်ရဲပေ။

“ရှုး…တိုးတိုးနေစမ်းပါအေးလှရဲ့”

အရီးအေးမိရဲ့သတိပေးစကားကိုအေးလှခမျာ ခေါင်းညိတ်ပြရှာသည်။

“ကျွီ….”

သန်းခေါင်ယံနားသို့ရောက်တော့ ရှင်ညိုအခန်းဆီမှ
တံခါးဖွင့်သံထွက်ပေါ်လာခဲ့သည်။
တံခါးဖွင့်သံကြားပြီးမကြာပါ…လှေကားဆီမှခြေသံကို
ကြားလိုက်ရပြန်သည်။

“အေးလှ…လာ…အရီးနောက်မှာနေစမ်း”

အရီးအေးမိက ငိုက်မျှင်းနေတဲ့အေးလှကို လက်နဲ့ပုတ်နိုးပြီးနောက်အိမ်အပေါ်ထပ်ပြတင်းပေါက်မှ
အောက်ထပ်ကိုလှမ်းကြည့်လိုက်သည်။
ခြံဝန်းထဲဆီမှလူရိပ်ကိုမြင်တော့ အရီးအေးမိက
တူမဖြစ်သူ အေးလှကိုခေါ်ပြီး လှေကားမှ
ဆင်းလာခဲ့ကြသည်။
လူရိပ်မှာတခြားသူမဟုတ်ရှင်ညိုပင်ဖြစ်လေသည်။
ရှင်ညိုသည် အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး
ပြုံးရွှင်နေသော မျက်နှာထားဖြင့် ရွာလမ်းမအတိုင်းသွားနေခဲ့၏။

“အရီး…ကျုပ်ကြောက်တယ်…”

“လာစမ်းပါအေ…ရှေ့က ညည်းအစ်မပါအေ့…
ဒင်းဘယ်အကောင်နဲ့ချိန်းတွေ့သလဲဆိုတာအရီးသိမှဖြစ်မှာ…”

ရွာကလည်း အလွန်ပင်တိတ်ဆိတ်လို့နေခဲ့သည်။
ညသန်းခေါင်ယံအချိန်ကြီးတွင်ရွာထဲကို
သွားလာနေရသည်မှာကလေးပီပီ
အေးလှတစ်ယောက်ကြောက်လန့်လို့နေရှာသည်။
သူတို့အရှေ့၌​တော့ ရှင်ညိုသည်
ခြေဗလာဖြင့် ကျောက်ခဲကိုမရှောင်…ရွံ့ဗွက်ကိုမရှောင်သွားလာလို့နေခဲ့လေသည်။

အစိမ်းရောင်ထဘီ…အစိမ်းရောင်အင်္ကျီကိုဝတ်ဆင်ထားတဲ့ရှင်ညိုရဲ့အသွင်က အရီးအေးမိကိုပင်ရင်တထိတ်ထိတ်ဖြစ်လို့နေခဲ့သည်။
ကျောပေး၍ ရွာထဲရှိ နေအိမ်တစ်အိမ်ဆီကို သွားလာနေတဲ့
ရှင်ညိုအနောက်ဆီကို အရီးအေးမိနဲ့အေးလှတို့
တိတ်တဆိတ်ပင်ဆက်၍လိုက်လာခဲ့ကြသည်။
ရှင်ညိုရဲ့ခြေလှမ်းများက အိမ်တစ်အိမ်အရှေ့ကိုရောက်တော့ ရပ်တန့်သွားခဲ့သည်။
အိမ်ထဲသို့စူးစိုက်ကြည့်နေတဲ့ရှင်ညိုကို ခြံစည်းရိုးအားအကွယ်ယူ၍ အရီးအေးမိတို့လှမ်းကြည့်နေကြသည်။
လရောင်နဲ့အမှောင်ရိပ်တို့ကြား၌ တွေ့မြင်နေရတဲ့ရှင်ညို
မျက်နှာသည်က အရီးအေးမိ မျက်လုံး၌ ဝေဝါးလျက်ရှိသည်။ တစ်ချက်တစ်ချက် ထိုမိန်းကလေးသည် ရှင်ညိုရဲ့
အသွင်ကိုမြင်ရပြီး နောက်တစ်ခါထပ်ကြည့်လျှင်
အရီးအေးမိတစ်ခါမျှမတွေ့ဖူးသော မိန်းကလေးတစ်ယောက်ရဲ့ ပုံသဏ္ဌာန်ပြောင်းလဲလို့နေခဲ့လေသည်။

“မဟုတ်သေးပါဘူး…”

အရီးအေးမိ မျက်လုံးများက အမြင်မှားနေသလားဆိုတဲ့အတွေးနဲ့ကြည့်နေစဥ် ရှင်ညိုသည် နေရာမှထွက်သွားခဲ့ပြန်၏။

“ဒါ ကြီးတော်ထွန်းအိမ်ပဲ…ဒီအိမ်မှာ
ယောကျာ်းသားရယ်လို့ ဖိုးမောင်လေးပဲရှိတာပါ…”

“အရီး ကျုပ်တို့ဆက်လိုက်ကြည့်ဦးမှာလား”

“အေး…ဟုတ်သားပဲ…ဆက်လိုက်ရမှာပေါ့အေးလှရယ်…”

အရီးအေးမိတွေးနေစဥ်မှာပင် ရှင်ညိုကထွက်သွားပြီဖြစ်တာကြောင့် အေးလှက အသိပေးရသည်။
ရွာအနောက်ဘက်ရှိ ထနောင်းပင်တန်းဆီကို ဆက်ထွက်လာခဲ့လေတော့ သူတို့သည်လည်း တိတ်တဆိတ်ပင်
ဆက်လိုက်လာကြရသည်။

“အရီး…မမရှင်ညိုက ဟိုထနောင်းပင်နားမှာ
ဘာရပ်လုပ်နေတာလဲဟင်”

အမှောင်ရိပ်ကျနေတဲ့ထနောင်းပင်တန်းနံဘေး၌ ရှင်ညိုသည် သူတို့အားကျောပေးလျက်ရပ်နေခဲ့၏။
ရှင်ညိုသည် ရွာသားတစ်ယောက်နဲ့များလာရောက်ချိန်းတွေ့သလားဆိုတဲ့အတွေးနဲ့အရီးအေးမိသည် ဘေးဘယ်ညာကို ရှာဖွေနေစဥ်…

“ဟားး…ဟားး…ဟားး…ဟားး…
ဟားး…ဟားးး…ဟားး…ဘာတတ်နိုင်ကြသေးလဲ…
နင်တို့ဘာတတ်နိုင်ကြသေးလဲဟဲ့…
နင်တို့ကငါ့ကိုမေ့နေကြတာကိုး…နင်တို့ကငါ့ကိုမေ့နေကြတာကိုး…ဟားး…ဟားး…ဟားး…ဟားး…ဟား..
စမ်းကြည်က မသေဘူးဟဲ့…စမ်းကြည်ကမသေဘူး…….”

ခြောက်ကပ်ကပ်ရယ်သံကြီးကို အရီးအေးမိတို့ကြားလိုက်သည်။ ရယ်မောသံကြီးက ကြောက်စရာကောင်းလှ၍
ကြက်သီးများပင်တဖြန်းဖြန်းထလာကြ၏။

“အရီး…ပြန်…ပြန်မယ်…ကျုပ်ကြောက်တယ်…
ကျုပ်ကြောက်တယ်”

အေးလှက နောက်ကိုလှည့်၍ပြန်ပြေးတော့သည်။
အရီးအေးမိလည်း ရှင်ညိုဆီကိုသွားဖို့မရဲဖြစ်ကာ အေးလှအနောက်သို့ လိုက်လာခဲ့ရတော့သည်။

နောက်တစ်နေ့ရောက်တော့ ဘိုးကြည်ကအိမ်ကိုအစောကြီးရောက်နေခဲ့သည်။
ဘိုးကြည်နဲ့အရီးအေးမိတို့ ခေါင်းချင်းဆိုင်ကာ
တိုင်ပင်နေကြ၏။

“အေးမိ…နင်ပြောတာသေချာရဲ့လားဟာ…
နင်နားကြားများမှားသလား…
စမ်းကြည်လို့ ကြားတာသေချာပါတယ်နော်…”

“ကျုပ်နားနဲ့အသေအချာကိုကြားတာပါ အစ်ကိုကြီးရယ်…
အခုလည်း ရွာထဲမှာကြီးတော်ထွန်းတစ်ယောက်
ဆုံးသွားပြီမဟုတ်ဘူးလားတော့်…”

“အေး…ကြီးတော်ထွန်းဆုံးတာတော့အမှန်ပဲဟ…
ဒါပေမယ့် နင်တို့ကြားလိုက်တဲ့စမ်းကြည်ဆိုတာကို
ငါကမယုံနိုင်ဖြစ်နေတာ…”

“ကျုပ်လည်းသူများပြောရင်တော့ ယုံနိုင်မှာမဟုတ်ဘူး…
ဒါပေမယ့် ကျုပ်ကိုယ်တိုင်ကြားတာဆိုတော့
သေချာတယ်အစ်ကိုကြီး”

“အဖေ…စမ်းကြည်ဆိုတာဘယ်သူလဲဟင်”

အေးလှကမေးတော့ ဘိုးကြည်က…

“စမ်းကြည်ဆိုတာ အဖေတို့လည်းမမြင်ဖူးဘူးငါ့သမီး…
ဒါပေမယ့် စမ်းကြည်ဆိုတဲ့နာမည်ကိုတော့ကြားဖူးတယ်…
စမ်းကြည်ဆိုတာ အဖေတို့ရွာကို ဒုက္ခပေးသွားတဲ့
မိန်းမတစ်ယောက်ပဲကွဲ့”

“ဘယ်လိုများဒုက္ခပေးတာလဲဟင်အဖေ…”

“ဒုက္ခပေးဆို သူကအောက်လမ်းပညာတတ်တဲ့သူ…
အဖေတို့ရွာမှာရှိတဲ့လူတွေကို ဒုက္ခပေးလွန်းလို့ဆိုပြီး
ရွာကလူတွေက သူ့ကိုဝိုင်းပြီး
သတ်လိုက်ကြတယ်တဲ့လေ…အဖေတို့ငယ်ငယ်က
.ငိုတဲ့အခါမျိုးဆို ထနောင်းတန်းမှာ
စမ်းကြည်ရှိတယ်…နင်တို့ကိုလာခေါ်ပြီးခြောက်လိမ့်မယ်ဆိုပြီး မိဘတွေက ခြောက်လန့်တတ်တယ်သမီးရဲ့…
အခု ညည်းတို့ကြားတဲ့ စမ်းကြည်ဆိုတာ
သူမှဟုတ်ရဲ့လားလို့ အဖေဖြင့် အံ့သြနေတာ…”

“အဖေရယ်…မနေညက အကြောင်းကို
ပြန်တောင်မတွေးချင်တော့ဘူး…မမရှင်ညိုက
ကြောက်စရာကြီး…
သူ့ပါးစပ်ကနေ တဟားဟားအော်ရယ်ပြီး
ပြောနေခဲ့တာကို ကျုပ်သေချာကြားခဲ့ရတာ…”

“အင်း…ခက်တော့ခက်နေပြီ…
ဒါနဲ့ရှင်ညိုရော…ဘယ်ရောက်နေတာလဲ”

“မိုးလင်းခါနီးမှ အိမ်ကိုပြန်ရောက်လာတာ
အစ်ကိုကြီး…အခုထိလည်း အိပ်နေတုန်းပဲ”

“အေးဟာ…တို့တော့ သောင်ထွန်းရွာက အမေကြီးတို့ကို
ဒီအကြောင်းသွားပြောထားမှသင့်တော့မယ်ထင်တယ်…
ရွာမှာလည်း အသုဘက ဆက်နေပြီလေ…”

“ဟုတ်တယ်အစ်ကိုကြီး…သွားပြောထားမှဖြစ်တော့မယ်…
ရှင်ညိုကြည့်ရတာလည်း အရင်နဲ့မတူတော့ဘူး…”

အရီးအေးမိနဲ့ဘိုးကြည်တို့က ရှင်ညိုအတွက်စိတ်ပူပြီး
ဘွားမယ်စိန်တို့ကိုအကြောင်းကြားဖို့ တိုင်ပင်နေကြသည်။

“ငါတော့ လှည်းကောက်ပြီးချက်ချင်းသွားရင်ကောင်းမလားလို့အေးမိရဲ့…”

“အစ်ကိုကြီးမသွားဘဲ တခြားသူခိုင်းလို့ကောမဖြစ်ဘူးလား…ကျုပ်တော့ ညကလိုမျိုးထပ်ဖြစ်ရင် ကြောက်တယ်အစ်ကိုကြီးရဲ့…ညဘက်တွေတော့ အစ်ကိုကြီးဒီကိုလာနေမှဖြစ်တော့မယ်”

“နင်ကလည်းဟာ…အဲ့သည်လိုဆို ငါက သောင်ထွန်းရွာကို
ဘယ်သူ့ကိုလွှတ်ရမှာလဲ…”

“အစ်ကိုကြီးကလည်း မိုးကောင်းကို အကူအညီတောင်းလို့ရတာပဲလေ…မိုးကောင်းက အဲ့သည်ရွာတွေမှာ
အသိမိတ်ဆွေပေါ်တယ်လေတော်…”

“အေးဟာ…ဒါဖြင့် ငါ မိုးကောင်းကိုသွားပြော
ကြည့်စမ်းဦးမယ်”

ဘိုးကြည်က ချက်ချင်းပင် ကိုမိုးကောင်းအိမ်ကို ထွက်လာခဲ့သည်။

“မိုးကောင်းရေ…မိုးကောင်း”

“ဗျို့…ဘယ်သူတုန်း”

“ငါ ဘိုးကြည်ဟေ့…”

“ဟာ…လေးလေး.. လာဗျာ…”

“အေး…မင်းအိမ်မှာရှိနေလို့တော်သေးတာပေါ့ကွာ…”

“ဘာတွေများအရေးတကြီးရှိလို့လဲလေးလေးရဲ့…”

“အရေးကြီးတာတော့ရှိတယ် မိုးကောင်းရေ…
အကြောင်းက ဒီလိုကွ”

ဘိုးကြည်က စကားမချန်ဘဲ ကိုမိုးကောင်းကို ချက်ချင်းပင်ပြောပြတော့သည်။
ကိုမိုးကောင်းက ဘိုးကြည်ပြောသမျှကို သေချာနားထောင်နေခဲ့သည်။

“မင်း…ငါပြောတဲ့စမ်းကြည်ဆိုတဲ့မိန်းမကို
သိသလား မိုးကောင်း”

“ကျုပ်မသိဘူး လေးလေး…”

“အေး မသိဆို…စမ်းကြည်အကြောင်းသိတဲ့ လူကြီးရယ်လို့
သိပ်မရှိတော့ဘူးလေကွာ…”

“လေးလေးကရော သူ့ရဲ့အကြောင်းကို သိလား…”

“ငါလည်း လူကြီးတွေပြောပြတာလောက်ပဲသိတာကွ…
ထပ်မေးပြန်ရင်လည်း မကြိုက်ကြတော့ မမေးမိပါဘူးကွာ”

“အင်း…ဒါဆို ဒီစမ်းကြည်ဆိုတဲ့မိန်းမက
သေပြီးတာအတော်ကြာမှ ပြန်ပေါ်လာတယ်ဆိုတဲ့သဘောပေါ့နော်လေးလေး”

“ငါလည်းသေချာမသိဘူးကွာ…သေချာတာတော့
ငါ့တူမရှင်ညိုရဲ့ အမူအရာတွေ ပြောင်းနေတာပဲကွ…
အဲ့တာ မင်းကို သောင်ထွန်းရွာကဘွားမယ်စိန်ဆီကိုအကျိုးအကြောင်းလေးပြောပြဖို့ သွားခိုင်းချင်တယ်ကွာ…ရွာမှာကလည်းမင်းအရီးအေးမိက လေးလေးကို ရှိစေချင်ပြန်သေးတာဟေ့…အဲ့တာကြောင့် မင်းကိုပဲ
အကူအညီလာတောင်းရတာပါကွာ…”

“လေးလေးကလည်းဗျာ…ဒီလောက်တော့
ကျုပ်ကူညီနိုင်ပါတယ်ဗျ…”

“အေးကွာ…ဒါနဲ့မင်းမိဘတွေကောဘယ်သွားလဲ”

“အဘနဲ့အမေက အသုဘသွားထိုင်ကြတယ်ဗျ…”

“အေးပါကွာ…ဒီလိုဆိုမင်းသွားဖြစ်ရင် လေးလေးပြောပြတာလေးတွေ အမေကြီးကိုပြောပြပေးခဲ့ပါ မိုးကောင်းရာ”

“စိတ်ချလေးလေး…အမေကြီးတို့လိုက်လာချင်ရင်လည်း
လိုက်လာနိုင်တယ်ဗျ…ဒီတော့ ကျုပ်မိဘတွေကိုပြောပြပြီးတာနဲ့ သောင်ထွန်းရွာကိုသွားလိုက်ပါ့မယ်”

“ဟုတ်ပြီမိုးကောင်းရာ…လေးလေး
မင်းကိုကျေးဇူးတင်ပါတယ်”

“ရပါတယ်လေးလေးရာ ပြောစရာလူလည်းမဟုတ်တာကို”

ကိုမိုးကောင်းက ဘိုးကြည်တောင်းတဲ့အကူအညီကို
ကူညီပေးဖို့ သဘောတူလိုက်သည်။
ကိုမိုးကောင်းနဲ့စကားခဏမျှပြောပြီးတဲ့နောက်တော့
ဘိုးကြည်လည်း အိမ်ကိုပြန်သွားတော့သည်။

ညသို့ရောက်တော့ အရီးအေးမိတို့နဲ့အတူ ဘိုးကြည်လည်း
လာနေပေးရှာသည်။
အေးလှကတော့ အရီးအေးမိကိုကြောက်၍ အိမ်ကိုမပြန်ရဲဘဲ ဆက်နေပေးရှာ၏။

“သမီးရှင်ညို…လေးလေးတို့နဲ့စကားထိုင်ပြောရအောင်လေ…”

ညစာစားပြီးတဲ့နောက်အိမ်ပေါ်တက်ဖို့ပြင်နေတဲ့ရှင်ညိုကို
ဘိုးကြည်ကတားလိုက်သည်။

“ဒီနေ့တော့ ကျုပ်စောစောအိပ်လို့ရမလားလေးလေး…
ကျုပ်အရမ်းအိပ်ချင်နေလို့ပါ”

“သမီးနေများမကောင်းဘူးလားကွယ်”

“ကျုပ်ခုရက်ပိုင်း ခေါင်းတွေမူးနောက်နေတယ်လေးလေး…မျက်ခွံတွေလည်းလေးပြီး လူက အမြဲအိပ်ချင်နေတာ”

“မဖြစ်သေးပါဘူး…မနက်ဖြန်တော့ အေးမိ…
ညည်းဆေးဆရာပင့်မှရတော့မယ်…
ရှင်ညိုကြည့်ရတာ အားမရှိသလိုပဲ…”

“ဟုတ်တယ်အစ်ကိုကြီး…ကျုပ်လည်းရှင်ညိကိုကြည့်ရတာအားမရဘူး…မနက်ဖြန်တော့ဆေးဆရာပင့်မှရတော့မယ်တော်…”

“ဒါဆို…ကျုပ်အိမ်ပေါ်တက်​တော့မယ်နော်လေးလေး…
အရီးနဲ့ညီမလေးလည်းကျုပ်တက်နှင့်ပြီနော်”

ရှင်ညိုက နွမ်းလျတဲ့အသံနဲ့ ဘိုးကြည်တို့ကို ခွင့်တောင်းပြီး အိမ်အပေါ်ထပ်ရှိ သူ့အခန်းဆီကို တက်လာခဲ့တော့သည်။အခန်းထဲရောက်တော့
ကုတင်အထက်သို့ လှဲလှောင်းလိုက်သည်နှင့်ရှင်ညိုတစ်​ယောက် အိပ်မောကျသွားခဲ့သည်။

သို့သော်…ရှင်ညိုရဲ့နားထဲ၌ တဟင့်ဟင့်နဲ့ ငိုရှိုက်နေသံက
ထွက်ပေါ်နေခဲ့သည်။
မှိတ်လျက်ရှိတဲ့မျက်လုံးများကို အားယူကာဖွင့်လေတော့
မျက်ခွံများအား​လေးလံတဲ့အရာတစ်ခုနဲ့ဖိထားသည့်အတိုင်း ဖွင့်ရခက်နေခဲ့သည်။
နောက်ဆုံးရှိသမျှအားလေးဖြင့် မရမကဖွင့်လေမှ
မျက်လုံးများကပွင့်လာခဲ့တော့သည်။
ရှင်ညိုရဲ့အရှေ့၌ အစိမ်းရောင်ဝတ်စုံနဲ့ မိန်းကလေးတစ်ယောက် ကျောပေးကာထိုင်နေရင်း တသိမ့်သိမ့်ရှိုက်ငိုနေတာကို ရှင်ညိုတွေ့လိုက်သည်။

“ဒီမှာ…ဒီမှာ…ဘာလို့ငိုနေရတာလဲ…
ဘာများဖြစ်လို့လဲ…”

ရှင်ညိုမေးတော့ မိန်းကလေးဆီက ရှိုက်သံများတိတ်ဆိတ်သွားခဲ့သည်။

“ကျုပ်မေးတာကိုကြားရဲ့လား…
ဘာများဒုက္ခရောက်နေလို့လဲ…”

“ဒုက္ခရောက်တယ်…ဟုတ်တယ် ဒုက္ခရောက်တယ်…
နင်တို့ကြောင့် ငါဒုက္ခရောက်တယ်”

“ဟင်…ရှင်…ရှင်…ရှင်ကဘယ်သူလဲ…”

“ငါ့နာမည်စမ်းကြည် …
ကြည့်စမ်း…ငါ့ရဲ့မျက်နှာ…ငါ့ရဲ့မျက်နှာ ပျက်စီးနေပြီ…
ဟောသည်လက်တွေ.. ဟောသည်လက်တွေကိုလည်း
ကြည့်စမ်းပါဦး…ငါ့လက်တွေ…ငါ့လက်တွေမရှိတော့ဘူး….”

“ဟင်…သွား…သွား…ငါ့အနားမလာနဲ့…
ငါပြောနေတယ်လေ…ငါအနားကိုမလာခဲ့နဲ့…”

မျက်နှာတစ်ခြမ်း၌ ဓားရာ​ကဲ့သို့ ပြတ်ရှနေတဲ့ဒဏ်ရာကြီးပေါ်လာခဲ့ပြီးနောက်သွေးများကထိုဒဏ်ရာမှတစ်ဆင့်
ဒလဟောပင်စီးကျလာခဲ့သည်။
ဒါတင်မကသေး လက်ကောက်ဝတ်မှ ပြတ်နေတဲ့
လက်ပြတ်ကြီးကို မြှောက်ရင်း ရှင်ညိုနံဘေးဆီကို
တိုးကပ်လာတဲ့ ​မိန်းကလေးရဲ့ ကြောက်မက်ဖွယ်ရုပ်သွင်ကြီးကြောင့်ရှင်ညိုမှာ အလွန်အမင်းထိတ်လန့်လာခဲ့သည်။
ယခင်ကကြောက်ရွံ့စိတ်ကင်းမဲ့သောရှင်ညိုသည်
ယခုတော့ နှလုံးများပင် တဒိန်ဒိန်းခုန်ကာ
ထိုနေရာမှ ထွက်ပြေးနေခဲ့သည်။
ကြောက်စရာကောင်းတဲ့မိန်းကလေးကလည်း ရှင်ညိုအနောက်ဆီသို့ သဲကြီးမဲကြီးပင် ပြေးလိုက်လို့နေခဲ့တော့သည်။

“ရှင်ညို…ညည်းဒါ ဘယ်ကိုသွားမလို့တုန်း”

အိမ်အပေါ်ထပ်လှေကားဆီမှဆင်းလာခဲ့တဲ့ရှင်ညိုကို
အောက်ထပ်မှာရှိတဲ့ဘိုးကြည်ကဆီးကြိုကာ
မေးလိုက်သည်။
ရှင်ညိုက ဘိုးကြည်ကိုတစ်ချက်မျှပင်မကြည့်ဘဲအော​က်ထပ်သို့ ရောက်လာခဲ့၏။
အရီးအေးမိနဲ့အေးလှတို့လည်း အောက်ထပ်ကို
ဆင်းလိုက်လာခဲ့ကြသည်။

“ရှင်ညို…ဘယ်သွားမလို့လဲငါ့တူမရယ်…”

“ရှင်ညို…လေးလေးပြောနေတာကြားသလား…
ညည်းရပ်လိုက်စမ်း”

အရီးအေးမိရဲ့အမေးကို ရှင်ညိုက ဂရုမစိုက်ဟန်ဖြင့်
ခြံဝိုင်းထဲထွက်ဖို့ပြင်နေတာကြောင့် ဘိုးကြည်က
အသံမာမာ​ဖြင့်ပြောလေတော့သည်။
ရှင်ညိုက ဂရုမစိုက်သွားစရာရှိတာကိုဆက်၍သွားနေခဲ့သည်။

“ရပ်လိုက်စမ်းရှင်ညို…”

ဘိုးကြည်က ရှင်ညိုရဲ့လက်ကိုလှမ်းဆွဲထားပြီး
အရီးအေးမိနဲ့အေးလှတို့ကလည်း ရှင်ညိုထွက်မသွားစေဖို့
အရှေ့မှ ကာရပ်ထားကြပြန်သည်။

“ဖယ်ကြစမ်း”

“ရှင်ညို…ငါ့တူမ ညည်းစိတ်ကိုထိန်းစမ်းပါအေ…
အရီးတို့က ညည်းကောင်းဖို့တားနေကြတာပါ”

“ဟား…ဟားး…ဟားး…ဟားး…ဟား…
ငါကောင်းဖို့ဟုတ်သလား…
အလကားကောင်မ…ငါ့ရှေ့ကနေ အခုဖယ်လိုက်စမ်း…”

“ဟင်…”

“ဟာ…ရှင်ညို…ညည်းဘယ်လိုပြောလိုက်တာလဲ…
ဒါညည်းရဲ့အဒေါ်နော်…ညည်းမခန့်လေးစားတော့
မလုပ်နဲ့ရှင်ညို…ဒီလိုအချိုး ချိုးနေမယ်ဆိုရင်
ညည်းကိုသောင်ထွန်းရွာပြန်ပို့ရလိမ့်မယ်”

“ဘာပြောတယ်…ငါ့ကိုပြန်ပို့မယ်ဟုတ်လား…
ငါဘာကောင်မလဲ နင်သိချင်နေတာလား…
သိစေရမယ် သိစေရမယ်…စမ်းကြည်အကြောင်းသိစေရမယ်…”

“ဟင်…အစ်ကိုကြီး…အမယ်လေး လုပ်ကြပါဦး…
ရှင်ညို…ရှင်ညို မလုပ်ပါနဲ့ မလုပ်ပါနဲ့ အရီးတောင်းပန်ပါတယ်”

ရှင်ညိုက ဘိုးကြည်ရဲ့လည်ပင်းကို လက်တစ်ဖက်ထဲနဲ့
ဆွဲကိုင်မကာ ညှစ်သတ်နေ၍ အရီးအေးမိနဲ့အေးလှတို့
မှာပျာယာခတ်ကုန်ကြသည်။

“မမရှင်ညို…အဖေ့ကိုလွှတ်ပေးပါ…
ကျုပ်တောင်းပန်ပါတယ်တော်….ကျုပ်အဖေကို
လွှတ်ပေးပါ…”

အေးလှကလည်း ရှင်ညိုရှေ့ဒူးထောက်ကာ ရှိခိုးတောင်းပန်နေတော့ ရှင်ညိုက ပြုံးရယ်၍
အသက်ရှုရခက်ပြီး မျက်နှာတစ်ခုလုံးပင်နီမြန်းနေသည့်
ဘိုးကြည်ကို လွှတ်ချပေးလိုက်သည်။

“ငါ့ကိုလာမနှောက်ယှက်ကြနဲ့…
နောက်တစ်ခါဆိုရင် စမ်းကြည်
အ​ကြောင်းကောင်းကောင်းသိစေရမယ်”

“အစ်ကိုကြီး…အစ်ကိုကြီးအဆင်ပြေလား…
အဆင်ပြေရဲ့လားဟင်”

အရီးအေးမိနဲ့အေးလှတို့ခမျာ…
ရှင်ညိုကိုကြောက်သည်က တစ်ကြောင်း…ဘိုးကြည်အတွက် စိတ်ပူသည်က တစ်ကြောင်းပေမို့ သူတို့ခမျာ
ငိုယိုနေခဲ့ကြ၏။
ဘိုးကြည်ကို လွှတ်ချပေးပြီးတဲ့နောက် ရှင်ညိုက ရွာထဲကို
ထွက်သွားခဲ့သည်။

“ရှင်ညို အနောက်ကိုငါတို့လိုက်မှဖြစ်မယ်ဟ…”

“ကျုပ်တော့မလိုက်ရဲဘူးအစ်ကိုကြီးရဲ့…
အစ်ကိုကြီးကိုတောင် လက်တစ်ဖက်ထဲနဲ့ ဆွဲမသွားတာ…
ကျုပ်တို့သာဆို လက်တစ်ချောင်းထဲနဲ့ ဇတ်ကျိုးသွားနိုင်တယ်တော့်…”

“ဟုတ်တယ်အဖေ…ကျုပ်လည်းကြောက်တယ်…”

“ဟင်း…ဒါဆိုရင်တော့ မိုးလင်းတဲ့အထိစောင့်ကြည့်ယုံပဲ
တတ်နိုင်တော့မှာပေါ့ဟာ…ငါ့တူမရှင်ညိုတော့
စမ်းကြည် ဝင်ပူးကပ်နေပြီထင်တယ်…
ဘုရား…ဘုရား…အခုလိုအဖြစ်ဆိုးကြီးအမြန်ဆုံး
ပျောက်ကွယ်သွားနိုင်ပါစေဘုရား…”

ဘိုးကြည်လည်းသက်ပြင်းသာ ချ၍ ဆုတောင်းနေခဲ့ရှာသည်။ဘိုးကြည်ရဲ့လည်ပင်းကတော့
လက်ငါးချောင်းရာကြီးထင်းလျက်ကျန်ရစ်ခဲ့လေသည်။
ဘိုးကြည်တို့သုံးယောက်သည် စိုးရိမ်စိတ်များနဲ့
အိပ်မရကြသည့်အဆုံး အောက်ထပ်ရှိ ခုံတန်း၌သာ
ထိုင်၍နေကြသည်။
တစ်​ယောက်နဲ့တစ်ယောက်စကားလည်းမပြောနိုင်ကြဘဲ
သက်ပြင်းတွေသာ ချနေခဲ့ကြ၏။
မိုးလင်းလုလုအချိန်ကိုရောက်တော့ ရှင်ညိုပြန်ရောက်လာခဲ့သည်။
ဘိုးကြည်တို့အရီးအေးမိတို့ထိုင်နေသည်ကိုပင်
ရှင်ညိုလှည့်မကြည့်ဘဲ အိမ်အပေါ်ထပ်ဆီသို့သာ
တက်သွားခဲ့၏။

“တွေ့လားအစ်ကိုကြီး…ခြေထောက်မှာရွံ့တွေပေလို့…
ဆူးတွေဆူးတာတောင် မနာဘူးထင်တယ်…သွေးတွေတောင်စို့လို့တော်”

“အေးဟာ…ငါ့တူမလေးသနားပါတယ်ဟာ…
ဘယ်လိုကနေဘယ်လိုများဟိုကောင်မကပူးကပ်နေရတာလဲမသိဘူးဟာ…”

အရီးအေးမိစကားကို ဘိုးကြည်ကထောက်ခံရင်း
တူမဖြစ်သူ ရှင်ညိုကို သနားနေခဲ့ရှာသည်။

“အဖေ…ဒီအတိုင်းကြည့်နေတော့မှာလား…
တစ်ခုခုလုပ်မှရတော့မယ်နော်…”

“အဖေသိပါတယ်သမီးကြီးရယ်…
အဖေလည်းစဥ်းစားထားပါတယ်…
မိုးကောင်းကိုလည်း သောင်ထွန်းရွာဆီကို
လွှတ်ထားတယ်ဆိုတော့အမေကြီးတို့လိုက်လာနိုင်တယ်…
သူတို့လိုက်လာမှပဲ သူတို့စီစဥ်တာကို
ဘေးကကူညီပေးရတော့မှာပဲဟာ…
အေးမိ ညည်းလည်းဟင်းတွေဘာတွေစီစဥ်ထားဦးနော်…
အမေကြီးတို့လာရင် စားစရာဖွယ်ဖွယ်ရာရာစီစဥ်ပေးရမယ်…”

“ဟုတ်ကဲ့အစ်ကိုကြီး…ကျုပ်ပြင်ဆင်ပေးထားပါ့မယ်”

“အေး…အေး…ရှင်ညိုကိုလည်းသွားမနှောက်ယှက်ကြနဲ့ဦးနော်…ဒီမှာတွေ့လား…ငါ့လည်ပင်းကိုသာကြည့်ထားကြ”

“ဟုတ်ကဲ့ပါအစ်ကိုကြီးရယ်…ကျုပ်တို့သိပါတယ်တော်”

ဘိုးကြည်က ညီမဖြစ်သူကို မှာစရာများမှာပြီးနောက်
အိမ်ကိုပြန်သွားခဲ့သည်။
အရီးအေးမိနဲ့ အေးလှတို့သာ အိမ်၌ ကျန်ရစ်ခဲ့၏။
ရှင်ညိုသည်ကတော့ သူ့ရဲ့အခန်းထဲ၌ အိပ်မောကျနေခဲ့ရှာသည်။

ထိုနေ့မနက်က အင်ကြင်းမြိုင်ရွှာ၌အသုဘရှိလာခဲ့ပြန်သည်။
သေဆုံးသူအမည်က အဘိုးပွေးနီဖြစ်လေသည်။

ရက်ဆက်နေသောအသုဘတို့ကြောင့်အင်ကြင်းမြိုင်
ရွာသူ၊ရွာသားတို့မှာလည်း စိတ်မချမ်းသာကြပေ။
အင်ကြင်းမြိုင်ရွာသူကြီးကလည်း ခေါင်းခဲနေခဲ့ပြီး
အမှားတစ်ခုခုများလုပ်ထားကြလေသလားလို့
လိုက်လံ မေးမြန်းနေခဲ့ရှာ၏။

ထိုသို့ဖြင့် အင်ကြင်းမြိုင်ရွာထဲမှအဖြစ်အပျက်ဆိုးများနဲ့
ကဝေမလေးရှင်ညိုတစ်​ယောက်ကြုံတွေ့နေရတဲ့
အဖြစ်အပျက်များကို ဆက်လက်၍ရေးသားသွားပါဦးမည်။



ယဥ်မင်း(ကန့်ဘလူ)

Leave a Reply

Your email address will not be published. Required fields are marked *