စာမူ…၂၅၀
စဆုံး
“အရီးရေ…အရီး…ကျုပ်တို့လာတယ်နော်…”
“ဟယ်…ဆောင်းသဇင်နဲ့ခင်မြချစ်တို့ပါလား…
လာ…လာ…ငါ့တူမတို့လာထိုင်ကြဦး…”
ဆောင်းသဇင်နဲ့ခင်မြချစ်တို့ လက်ချင်းချိတ်ပြီး
ရောက်လာခဲ့ကြသည်။
“အရီး…ရှင်ညိုရော ပြန်မလာသေးဘူးလားတော့်”
“အမယ်လေး…ညည်းတို့ ညီမပြန်လာမယ့်ပုံမရသေးပါဘူးအေ…သူ့အဘွားဒေါ်ရှိန်က ကျန်းမာလာပေမယ့်
သူ့မြေးကို မပြန်ခိုင်းသေးဘူးတဲ့အေ”
“ရှင်ညိုလေးလည်း…အခုမှပဲ သူ့ဘဝလေးပြည့်စုံသွားသလိုခံစားမိတယ်အရီးရယ်…”
ခင်မြချစ်စကားကြောင့် နံဘေးမှာထိုင်နေတဲ့ နန်းကြိုင်ရဲ့မျက်နှာက သိသိသာသာပျက်ယွင်းသွားသည်။
ဒေါ်ဝင်းက ခင်မြချစ်ကိုမှေးငေါ့ပြလိုက်လေမှ
မိမိစကားမှားသွားသည်ကို သတိထားမိလိုက်လေသည်။
“ဟို…ဟိုလေ…အရီး…”
“ကဲ… ခင်မြချစ် ညည်းစေတနာကိုအရီးသိပါတယ်အေ…ညည်းလည်းရှင်ညိုကို ချစ်သလို…
ကျုပ်တို့တွေကလည်း ရှင်ညိုကိုချစ်ပါတယ်အေ့…
ဒါပေမယ့် ညည်းညီမ ရှင်ညိုကတော့ သူ့ညီမလေး
နန်းကြိုင်ကိုပိုပြီးချစ်ရှာတာ…
အခုလည်း သူ့ညီမစိတ်ဆိုးနေမှာစိုးလို့.သူပြန်လာမယ့်အကြောင်းအသေအချာကိုမှာလိုက်ရှာပါတယ်အေ…
သူလည်း ချက်ချင်းပြန်လာဖို့ ခက်နေလို့ပါအေ”
“ဟုတ်တယ်နော်အရီး…ကျုပ်တွေ့မိသလောက်ကတော့
ရှင်ညိုက နန်းကြိုင်လေးကိုအတော်ချစ်တာ…
သူ့ညီမကိုမျက်စိအောက်က ကိုအပျောက်မခံနိုင်ဘူးထင်တယ်”
“ဟုတ်ပါ့…ဟုတ်ပါ့…သူ့ညီမအတွက်ဆို
အသက်တောင်ပေးဝံ့တဲ့သူပါအေ…
ကဲ…ကဲ…ညည်းတို့ ထိုင်နေကြဦး…
အရီးလက်ဖက်လေးသွားသုပ်ပေးမယ်…”
“လက်ဖက်သုပ်ဆိုရင် ပုဇွန်ခြောက်များများလေး
ထည့်ခဲ့နော်အရီး”
“ခင်မြချစ်…ညည်းလည်းမောင်တိုးနဲ့အနေကြာလာလို့ထင်တယ် အကောင်းချည်းပဲစားချင်နေတော့တာပဲအေ”
“တူဆို…လင်မယားလေအရီးရဲ့…
ဒီလောက်တော့တူရမှာပေါ့”
“အေး…အေး…ခဏစောင့် အရီးသွားသုပ်ခဲ့မယ်”
ဒေါ်ဝင်းက မီးဖိုထဲဝင်သွားတော့ ခင်မြချစ်ရယ် ဆောင်းသဇင်ရယ်နဲ့အတူ နန်းကြိုင်လေးက ထိုင်နေခဲ့သည်။
“နန်းကြိုင်လေး…ဒီနေ့ပေတိုးတို့နဲ့
သွားမကစားဘူးလား”
“ကျုပ်ကစားချင်စိတ်လည်းမရှိပါဘူး မကြီးသဇင်ရယ်…
ကျုပ်ဖြင့် မမကိုပဲလွမ်းနေတာ…”
“သြော်…ညီမလေးရယ် ရှင်ညိုက ပြန်လာမှာပါ….
ခါတိုင်းလည်း လနဲ့ချီပြီးတောင် ခရီးသွားနေကြမဟုတ်ဘူးလားညီမလေးရဲ့”
“မကြီးခင်ပြောတာလည်းဟုတ်ပါတယ်…
ဒါပေမယ့် အခုတစ်ခေါက်က ခရီးထွက်တာမဟုတ်ဘူးလေ…အခုက မမက သူ့ရဲ့အဘွားအရင်းဆီကိုပြန်တာ…
ဟိုမှာလည်း မမရဲ့ဦးလေးတွေအဒေါ်တွေ
ဆွေမျိုးတွေကရှိနေတယ်…
ပြီးတော့ လေးလေး ဘိုးကြည်ရဲ့သားသမီးတွေကလည်း
ရှိနေတော့ မမကသူတို့နဲ့ပဲပျော်နေတော့မှာ မကြီးခင်ရဲ့”
နန်းကြိုင်ကပြောရင်းနဲ့ မျက်ရည်များဝဲလာတော့
ဆောင်းသဇင်နဲ့ခင်မြချစ်တို့မှာ နန်းကြိုင်အတွက်
စိတ်မကောင်းဖြစ်သွားကြသည်။
“ဒါဆို…ဒီလိုလုပ်ပါ့လား…ညည်းအစ်ကိုတွေကို
သွားခေါ်ခိုင်းလိုက်မယ်လေ.. ဘယ့်နဲ့လဲ ညီမလေး”
ခင်မြချစ်စကားကြောင့် နန်းကြိုင်ရဲ့မျက်လုံးများ
အရောင်တောက်သွားသော်လည်း ချက်ချင်းပြန်၍
ညိုးငယ်သွားခဲ့သည်။
“မဖြစ်လောက်ပါဘူးမကြီးခင်ရယ်….မမကတစ်ပတ်ထပ်နေပြီးရင်ပြန်လာမယ်လို့တော့မှာလိုက်ပါတယ်…
တော်နေသူမှာသလိုမဖြစ်ရင် မမစိတ်ဆိုးနေမှ
ကျုပ်နေရခက်နေပါ့မယ်…”
“အေးလေ…ဒါလည်းဟုတ်တာပဲ…
ကဲပါ နန်းကြိုင်ရယ် ညည်းအစ်မကလည်း ညည်းကိုလွမ်းနေမှာသေချာပါတယ်…
ဘာမှမတွေးနဲ့ကစားစရာရှိတာသွားကစား…
စားစရာရှိတာလည်းစားစမ်းပါအေ…
တော်နေညည်းအခုလိုနေတာကိုသိရင် ညည်းအစ်မက
စိတ်ဆင်းရဲနေရမှာနော်…”
“ဒါလည်းဟုတ်တာပဲနော်…မမစိတ်ဆင်းရဲရမှာကိုတော့
ကျုပ်မလုပ်ချင်ပါဘူး…”
“ကဲ…ဒါဖြင့်ရင်လည်း…ညည်းသူငယ်ချင်း
ပေါက်စမတို့ ပေတိုးတို့က မန်ကျည်းပင်အောက်မှာ
စောင့်နေကြရောမယ်အေ့…သူတို့နဲ့အတူကစားချေလေ….”
ဒေါ်ဝင်းက မီးဖိုထဲမှလက်ဖက်ပန်းကန်လေးကိုင်ကာ
ပြန်ထွက်လာသည်။
“အမေ…ကျုပ်သွားကစားဦးမယ်…”
“ဟယ်…ချက်ချင်းကြီးပါလား…
ဒီမှာလက်ဖက်သုပ်လေးတော့စားသွားဦးလေသမီးရဲ့…”
“တော်ပြီမစားတော့ဘူး…
ကျုပ်စားမယ့်ပုဇွန်ကွေးကြီးကို မကြီးခင်ကိုပိုကျွေးလိုက်တော့”
ဟု…ပြောကာ နန်းကြိုင်က ခြံဝိုင်းထဲမှပြေးထွက်သွားတော့သည်။
“ခင်မြချစ်…တစ်နေကုန်မှိုင်နေတဲ့ကလေးမကို
ညည်းဘယ်လိုမှများ တရားချလိုက်တာလဲအေ…”
“ဒီလိုပါပဲအရီးရယ်…
ချော့မော့ပြောရတာပေါ့”
“အေးအေ…ငါလည်းချော့ပါတယ်…
ညည်းတို့ညီမကိုကအလွမ်းပိုနေတာအေ့”
“ဖြစ်တတ်ပါတယ်အရီးရယ်…
သူ့မှာဒီအစ်မကိုပဲခင်တွယ်နေရတာကိုး…”
“အဲ့တာတော့ဟုတ်တယ်အေ့…
ကဲ…ကဲ…လက်ဖက်လေးစားကြပါဦးအေ…
ညည်းပြောထားသလို ပုဇွန်ခြောက်ကွေးကြီးတွေလည်း
အများကြီးထည့်သုပ်ပေးထားပါတယ်အေ့…”
“စားမှာပေါ်အရီးရယ်…
ကျုပ်က အရီးသုပ်ကျွေးတာဆို သိပ်ကိုကြိုက်တာတော့်”
“အင်….ခင်မြချစ်တို့ကတော့ အဲ့လိုအပြောတွေနဲ့ပဲ
ညာ ညာစားနေတာပါအေ…
ဆောင်းသဇင်လည်း ဒင်းနဲ့မပေါင်းနဲ့နော်…
ဒင်းရဲ့အကျင့်တွေညည်းဆီကိုကူးကုန်ဦးမယ်အေ့”
ခင်မြချစ်ကတော့ လက်ဖက်သုပ်ကိုအားပါးတရစားနေသည်မို့ ဒေါ်ဝင်းရဲ့စကားကို ခွန်းတုန့်မပြန်နိုင်ပေ။
ဆောင်းသဇင်ကတော့ ပြုံး၍သာကြည့်နေခဲ့၏။
ဆောင်းသဇင်နဲ့ခင်မြချစ်တို့လည်း လက်ဖက်လည်းကုန်
စကားလည်းကုန်လေမှ အိမ်သို့ပြန်သွားခဲ့ကြသည်။
ဘွားမယ်စိန်ကလည်း ရွာထဲရှိ အရီးလှအေး အိမ်၌
သွားရောက်စကားစမြည်ပြောနေတာကြောင့် အိမ်၌မရှိပေ။
“ဟေ့…မိဝင်း…ဘာတွေလုပ်နေတာလဲအေ့”
“ဟောတော်…အရီးလိုက်လာတာပဲ”
“အေး …ညည်းအမေနဲ့သူ့အိမ်လည်
ကိုယ့်အိမ်လည်ပေါ့အေ”
“ထိုင်ပါဦးအရီးရယ်…ကျုပ်လက်ဖက်လေး
သုပ်လိုက်ဦးမယ်”
“မသုပ်ပါနဲ့အေ…လက်ဖက်အသားလေးပဲ
ချပေးစမ်းပါ…”
“ဟုတ်ပြီ…ဟုတ်ပြီ အရီး…ထိုင်ဦးနော်…”
“ဒါနဲ့ ဟိုမိန်းကလေးများက ဘယ်သွားကြတာလဲ”
“လှအေး…ညည်းလည်း တယ်ပြီးမေ့တတ်နေပြီကိုး
ညည်းတူမရှင်ညိုက သူ့အဘွားရွာကိုခဏသွားတယ်လို့.ငါပြောထားတယ်လေ…ငါ့မြေးကတော့ ထုံးစံအတိုင်း
သွားဆော့နေလောက်ပြီအေ့…”
“ဟုတ်ပါ့တော်…ကျုပ်လည်းမေ့တတ်နေပြီ အစ်မရယ်…”
ဘွားမယ်စိန်နဲ့အရီးလှအေးတို့ကိုကြည့်ပြီး
ဒေါ်ဝင်းပြုံးမိသည်။
ငယ်ရွယ်စဥ်အချိန်က မတည့်အတူနေကြတဲ့
သမီးယောင်းမနှစ်ယောက် ယခုတော့ သားသမီးအကြောင်း၊မြေးများအကြောင်းကို ရင်ဖွင့်ဖော်…
စကားပြောဖော်များဖြစ်လို့နေကြ၏။
အင်ကြင်းမြိုင်ရွာကိုရောက်နေတဲ့ ရှင်ညိုကတော့
အရီးအေးမိနဲ့ထမင်းဟင်းများ ဝိုင်းကူကာ ချက်ပေးရင်း
အရီးအေးမိရဲ့စကားပြောဖော်ဖြစ်နေခဲ့သည်။
“ညည်းအဘွားဒေါ်ရှိန်ကလေ သိပ်ကိုမာနကြီးသလို
ဒေါသကလည်းကြီးချက်ပါအေ…
သူ့အကြည့်တစ်ချက်နဲ့တင် ငါတို့မှာ တုန်နေအောင်ကြောက်ရတာအေ့…တို့မိဘတွေဆိုရင်
ပိုဆိုးပေါ့ရှင်ညိုရယ်”
“အရီးပြောတာလည်းဟုတ်လောက်မယ်…
နောက်ပြီး ဘွားရှိန်က ငယ်ငယ်ကအတော်ချောမယ့်ပုံနော်အရီး”
“အမယ်လေး…ချောတာပေါ့အေ…
ညည်းအတိုင်းပဲအေ့…”
“ဟင်…ဘာဆိုင်လို့လည်းအရီးရဲ့”
“ဘာလို့မဆိုင်ရမှာလဲအေ…
ညည်းက ညည်းရဲ့အမေမကြီးမြသွေးနဲ့သိပ်တူတာ
မကြီးမြသွေးကလည်း သူ့အမေဒေါ်ရှိန်ငယ်ရုပ်နဲ့
တူတယ်လို့ ပြောကြတယ်အေ့…ဒီတော့ ညည်းအတိုင်းပဲပေါ့ ရှင်ညိုရယ်”
“အရီးအေးမိကတော့ အပိုတွေပြောပြန်ပြီ…
ဘွားရှိန်လိုတော့ ကျုပ်ကမချောပါဘူး
ဘွားရှိန်က ပါးရေနားရေတွေတွန့်နေပေမယ့် အခုထိကို
ချောမောလှပနေတုန်းပဲအရီးအေးမိရဲ့”
“ညည်းကတော့အေ ကိုယ့်ဘက်ကိုယ်ယက်တဲ့
လိပ်ပါပဲရှင်ညိုရယ်…ဒီကနေ့ဖြင့်…
ညည်းအဘွားကို အမွှန်းတင်လို့ပြီးပါဦးမလားအေ့”
အရီးအေးမိစကားကြောင့် ရှင်ညိုပြုံးမိသည်။
“ရှင်ညိုရေ…ရှင်ညို………”
“ဟော…အဲ့တာ ကျွဲမ အသံပဲ…
ညည်းဆီကိုလာပြန်ပြီထင်တယ်အေ့…
သွားလိုက်ဦး…သွားလိုက်ဦး…
ညည်းကိုမတွေ့မချင်းအော်ခေါ်နေမှာ….”
အရီးအေးမိစကားကြောင့် ရှင်ညိုလည်း မီးဖိုထဲမှ
ထွက်လာခဲ့သည်။
မီးဖိုလှေကားအတိုင်းဆင်းလာခဲ့ပြီးနောက်
အိမ်အောက်ထပ်ကိုရောက်လာခဲ့သည်။
ဘွားရှိန်ရဲ့အိမ်က လှေကားနှစ်ခုရှိသည်။
လှေကားတစ်ခုက အိမ်မကြီးဆီကိုတက်သည့်
လှေကားဖြစ်ပြီး ကျန်လှေကားမှာက မီးဖိုဆောင်ကို
တက်သည့်လှေကားပင်ဖြစ်သည်။ရွာအခေါ်အရမီးဖိုဆောင်လှေကားကိုနောက်ဖေးလှေကားဟုလည်းယခေါ်ကြလေသည်။
ရှင်ညိုအောက်ထပ်ကိုဆင်းလာတော့
ကျွဲမက ခြံဝိုင်းထဲရှိအပင်ရိပ်တွင် ချထားတဲ့
ခုံတန်းရှည်တွင် ဘွားရှိန်နဲ့အတူ ထိုင်နေခဲ့သည်။
ကျွဲမက အင်ကြင်းမြိုင်ရွာထဲကဖြစ်သည်။
စိတ်ကသိပ်ပြီးမနှံ့ရှာသူမို့ အရီးအေးမိက
အစားအသောက်များကိုခေါ်ခေါ်ပေးတတ်လေသည်။
ကျွဲမတို့ အိမ်ကလည်းဆင်းရဲသည်။
ကျွဲမ ရဲ့အစ်ကို၊အစ်မ များက အိမ်ထောင်ကိုယ်စီ
ခွဲသွားသော်လည်း ကျွဲမတစ်ယောက်သာ မိအို၊ဖအိုတို့နဲ့ကျန်ရစ်ခဲ့လေသည်။စိတ်မနှံ့သော်လည်း
ရွာထဲရှိလူများကိုရေခပ်ပေး…ထင်းခွဲပေးသည့်အလုပ်တွေကို ကျွဲမက ကျွမ်းကျင်စွာလုပ်ကိုင်ပေးနိုင်သည်။
တချို့က ထိုအလုပ်များကို ကိုယ်တိုင်လုပ်ကိုင်နိုင်သော်လည်း ကျွဲမကိုသနား၍ မုန့်ဖိုးပဲဖိုးပေးကာ
ခိုင်းကြရှာသည်။
ကျွဲမကလည်း လက်ထဲကိုငွေရောက်သည်ဆိုတာနှင့်
အမေအိုကြီးဆီကိုသွားအပ်တတ်သည်။
အဲ့သည်လို စိတ်ထားလေးကြောင့်လည်း တစ်ရွာလုံးက
ကျွဲမအတွက်ဆို စေတနာရှိကြလေသည်။
“အစ်မ…အလုပ်တွေပြီးခဲ့ပြီလား”
ရှင်ညိုကမေးတော့ ကျွဲမက ပြုံး၍ ခေါင်းညိတ်သည်။
ကျွဲမက ရှင်ညိုကိုအတော်ခင်နေခဲ့သည်။
ရှင်ညိုကိုစတွေ့ချိန်မှစ၍ ရှင်ညိုရဲ့အမည်ကို
တတွင်တွင်ခေါ်ပြီး နေ့စဥ်လိုလို လာလည်တတ်ရှာသည်။
ယခုလည်း အလုပ်ပြီးပြီးချင်း ရှင်ညိုဆီကိုရောက်လာခဲ့ပြန်သည်။ကျွဲမရဲ့ နဖူးနဲ့ လည်ပင်းတို့၌ချွေးများက ရွဲနစ်လို့နေခဲ့သည်။
အင်္ကျီအဖြူလေးမှာလည်း အရောင်ပင်ပျောက်ကာ
ဂျေးများ ဖုန်များကြောင့်မည်းညစ်လို့နေခဲ့သည်။
ဒါတင်မကသေးကျွဲမ ဝတ်ထားတဲ့ ထမိန်အဝါလေးက
ပါးလျလို့နေပြီး အရောင်ပင် ပြယ်လုလုဖြစ်နေခဲ့သည်။
ကျွဲမကိုကြည့်ရင်း ရှင်ညို သတိတစ်ချက်ဝင်လာခဲ့သည်။
“အစ်မ…အဘွားနဲ့ထိုင်နေခဲ့ဦးနော်…
ကျုပ်သွားယူစရာရှိလို့”
ကျွဲမက ရှင်ညိုရဲ့စကားကို ခေါင်းညိတ်ကာ
ဘွားရှိန်နဲ့အတူကျန်ရစ်ခဲ့သည်။
ဘွားရှိန်ကလည်း ကျွဲမအတွက် အကြမ်းရေခွက်လေးလှမ်းပေးရင်းပြုံးပြသော်လည်း ကျွဲမကတော့
ဘွားရှိန်ရဲ့ မျက်နှာကိုပင် စေ့စေ့မကြည့်ရဲဖြစ်နေသည်။ ကျွဲမတစ်ယောက်ဘွားရှိန်ကို ကြောက်ရွံ့ပုံရသည်။
အိမ်အပေါ်ထပ်အခန်းထဲမှ ရှင်ညိုပြန်ထွက်လာတော့
လက်ထဲ၌အဝတ်အစားတစ်စုံပါလာခဲ့သည်။
“အစ်မ…ဒါအစ်မအတွက်”
ရှင်ညိုက ကျွဲမကို သူ့ရဲ့အဝတ်အစားကောင်းတစ်စုံကို
ပေးလိုက်သည်။
ကျွဲမက ရှင်ညိုပေးတဲ့အဝတ်အစားများကို
ကြည့်ရင်း အတော်လေးပျော်ရွှင်သွားပုံရသည်။
ဘွားရှိန်ကတော့ မြေးဖြစ်သူရှင်ညိုရဲ့စိတ်ကို
သဘောကျစွာပြုံးပြီး အိမ်ထဲကိုဝင်သွားခဲ့၏။
ဘွားရှိန်မရှိတော့မှ ကျွဲမက ရှင်ညိုဘေးကို ကပ်ထိုင်ရှာသည်။
“အစ်မ…ဒီအဝတ်အစားတွေကို ဝတ်မယ်မဟုတ်လား”
“ဝတ်…ဝတ်…မှာ…ပေါ့….”
“တကယ်ဝတ်ရမှာနော်အစ်မ…
ဒီအဝတ်အစားလေးတွေဝတ်ထားရင် အစ်မနဲ့သိပ်လိုက်မှာ…မိုးလင်းရင် သနပ်ခါးလေးလည်းလူးရမယ်နော်…
မိန်းကလေးဆိုတာ သနပ်ခါးလေးနဲ့မှ ကြည့်လို့
ကောင်းတာအစ်မရဲ့”
ရှင်ညိုစကားကို ကျွဲမက နားလည်သည့်သဘောဖြင့်
ခေါင်းညိတ်သည်။
“ရှင်ညို…ရှင်ညို သရဲကို မြင်ဖူးလား”
“သရဲ…သရဲကို ကျုပ်မြင်ဖူးတာပေါ့အစ်မရဲ့”
“တစ္ဆေ ကရော ဘယ်လိုပုံစံရှိလဲဟင်…”
“တစ္ဆေ …တချို့က လူနဲ့တူတယ်…
သရဲကျ သူလာရင် အပုပ်နံ့နံတယ်အစ်မရဲ့”
“အပုပ်နံ့…အပုပ်နံ့က ဘယ်လိုမျိုးလဲဟင်…”
“အပုပ်နံ့ဆိုတာ ခွေးသေကောင်ပုပ်အနံ့ကိုအစ်မသိတယ်မဟုတ်လား…
အဲ့သည်လိုအနံ့မျိုးပဲအစ်မရဲ့”
“ဒါဆို…ရှင်ညိက သရဲတွေကို နိုင်တယ်ပေါ့နော်…”
“ဟောတော်…ကျုပ်အကြောင်းဘယ်ကကြားလာပြန်တာလဲ…ပြောစမ်းပါဦး…ဘယ်သူက ဘာများအစ်မကို
ပြောလိုက်ပြန်ပြီလဲ”
“ဟို…ဟိုလေ…ကျုပ်…အဝတ်…အဝတ်လျှော်တဲ့အိမ်က
ပြောတာ…ရှင်…ရှင်ညိုက မဂျမ်းကို နှင်လွှတ်လိုက်တာတဲ့…အဲ့တာကြောင့် ရှင်ညိုက စုန်းတွေ သရဲတွေကို
နိုင်တယ်လို့…ပြောကြတယ်…”
ကျွဲမစကားကြောင့် ရှင်ညိုပြုံးလိုက်သည်။
“ဟုတ်ပါရဲ့…ကျုပ်ကသူတို့ပြောသလိုပဲစုန်းတွေ၊သရဲတွေကိုနိုင်တယ်အစ်မရဲ့…”
“ဟို…ဟိုလေ…အဲ့တာ ဆို ကျုပ်…ကျုပ်နဲ့
သင်္ချိုင်းကုန်းကိုလိုက်ခဲ့ပါလား”
“ဟင်…သင်္ချိုင်းကုန်းကို ကျုပ်က ဘာလိုက်လုပ်ရမှာလဲအစ်မရဲ့”
ကျွဲမ စကားကြောင့် ရှင်ညို အံ့သြ သွားသည်။
“သင်္ချိုင်းကုန်းက ထိန်…ထိန်ပင်မှာ ဖိုးနီကြီးရှိတယ်…
ဖိုး ဖိုးနီကြီးကို နှင်ထုတ်နိုင်ရင် ကျုပ်က ဆန်တစ်အိတ်ရမှာ”
“ဆန်တစ်အိတ်…အဲ့သည် ဆန်တစ်အိတ်က အစ်မကို
ဘယ်သူက ပေးမှာလဲ…”
“ကိုပေါက်…ကိုပေါက်တို့ကပေးမှာ…”
“အစ်မရယ်…အစ်မကို သူတို့က
သပ်သပ်စနောက်နေကြတာပါ…
သင်္ချိုင်းကုန်းဘက်ကို ယောင်လို့တောင်မသွားရဘူးနော်အစ်မ…ကျုပ်ပြောတာကြားလားအစ်မ”
ရှင်ညိုစကားကြောင့် ကျွဲမ စိတ်ညစ်သွားဟန်နဲ့
ခေါင်းကုပ်လေသည်။
ကျွဲမမှာ စိတ်ပုံမှန်မဟုတ်၍ သာမာန်လူများတွေးသလို
မတွေးတတ်ရှာပေ။
သူ့ကို တစ်ရွာလုံးက ကျွဲမ…မိကျွဲ…ဟဲ့ကျွဲမလို့ ခေါ်တတ်ကြပေမယ့် ရှင်ညိုတစ်ယောက်ကသာ သူ့ကိုအစ်မဟုခေါ်တာကြောင့် ရှင်ညိုကို ကျွဲမက ခင်တွယ်နေခဲ့ရှာသည်။
ရွာထဲကလူများပြောသည့်စကားများကိုလည်း ရှင်ညိုကို
ပြန်ပြောတတ်လေသည်။
“ရှင်ညိုရေ…ကျွဲမအတွက် ထမင်းနဲ့ဟင်း အရီးထည့်ထားပြီ လာယူပေးလိုက်ဦးအေ့…”
“လာပြီအရီး…ကျုပ်လာပြီ…အစ်မ ခဏထိုင်နေခဲ့ဦးနော်…”
ကျွဲမက ရှင်ညိုမှာတာကိုခေါင်းညိတ်လိုက်သည်။
ရှင်ညိုလည်း အရီးအေးမိရှိရာ မီးဖိုဆီကို
ရောက်လာခဲ့သည်။
အရီးအေးမိက ဟင်းနဲ့ထင်းတို့ကို ဖက်ကလေးများဖြင့်
ထုပ်ပေးထားရှာသည်။
ဟင်းကတစ်ထုပ်…ထမင်းကတစ်ထုပ်ဖြစ်၏။
“အဲ့သည်မှာ ပဲချက်လေးရယ်…ဝက်သားဟင်းလေးရယ်
ရောထည့်ပေးထားတယ်…သူ့မိဘတွေလည်းစားချင်စားရအောင် သပ်သပ်လေးထည့်ပေးထားတာအေ့…
ယူပေးလိုက်တော့နော်ရှင်ညို”
“ဟုတ်ကဲ့အရီး”
“ရှင်ညိုတို့များ သူတစ်ပါးကို
ပေးရကမ်းရရင်ပျော်နေလိုက်တာအေ…”
“အရီးရယ် မရှိတဲ့သူကိုပေးရ ကူညီရတာ ကျုပ်တော့
ရင်ထဲကကို တလှိုက်လှိုက်နဲ့ဝမ်းသာပီတိဖြစ်ရတယ်တော့်…”
“အေးပါအေ…ယူပေးလိုက်…ယူပေးလိုက်”
“ဟုတ်ကဲ့အရီး…”
ထမင်းထုပ်နဲ့ဟင်းထုပ်ကို ယူပြီး လှေကားမှ
ပြန်ဆင်းလာခဲ့သည်။
“အစ်မ…ဒီမှာအရီးအေးမိက အစ်မစားဖို့ ထမင်းထုပ်နဲ့
ဟင်းထုပ်ပေးလိုက်တယ်…”
ရှင်ညို ပေးတဲ့ထမင်းထုပ်နဲ့ဟင်းထုပ်ကို ကျွဲမက လှမ်းယူလိုက်သည်။
“ဟောတော်…ပြန်တော့မလို့လားအစ်မရဲ့”
“အဖေ…အဖေနဲ့အမေ စားဖို့ သွား…သွားပို့ပေးမလို့…”
“ကဲ…ဒါဆိုရင်လည်း ပြန်ချင်ပြန်ပါအစ်မရယ်…
ဒါပေမယ့် ကျုပ်မှာတာကိုမမေ့လိုက်နဲ့နော်…
သင်္ချိုင်းကုန်းဘက်ကို ယောင်လို့တောင်မသွားရဘူးနော်အစ်မ…”
ကျွဲမက ထမင်းထုပ်ဟင်းထုပ်များကိုကိုင်ထားရင်း
ရှင်ညိုကို ခေါင်းညိတ်ပြသည်။
ပြီးနောက် ရှင်ညိုကိုကျောခိုင်းကာ
ခြံဝိုင်းထဲမှထွက်သွားတော့၏။
ကျွဲမထွက်သွားတာကို လှမ်းကြည့်ရင်း ရှင်ညို
သက်ပြင်းလေးချလိုက်သည်။
ရွာ၌ကလည်းကောင်းတဲ့သူများရှိသလို…
သူတစ်ပါးအားနည်းချက်ကို စနောက်ချင်သူများကလည်းရှိနေ၍ ကျွဲမအတွက်ရှင်ညို ရင်မောမိလေသည်။
ထိုနေ့ကုန်ဆုံးသွားပြီးနှစ်ရက်မျှကြာသည်အထိ
ကျွဲမတစ်ယောက်ရှင်ညိုဆီကို ရောက်မလာခဲ့ပေ။
“ရှင်ညိုရေ…ရှင်ညို…ကျွဲမ အိမ်ကိုရောက်မလာတဲ့
အကြောင်းအရီးသိခဲ့ရပြီအေ့…
လာ…လာ…အရီးပြောပြမယ်…”
“အစ်မ ဘာများဖြစ်လို့လဲအရီး…
အရီးဘာများကြားခဲ့ လို့လဲ”
“လာပါအေ…အရီးပြောပြပါ့မယ်…”
ရွာထဲသွားခဲ့တဲ့ အရီးအေးမိက ကျွဲမရဲ့အကြောင်းကို
ရှင်ညိုအားပြောပြတော့သည်။
“ကျွဲမကို သူ့မိဘတွေကတောင် ရှာမတွေ့လို့
သူကြီးကိုရှာပေးဖို့ အကူအညီတောင်းထားရတယ်တဲ့အေ…ကျွဲမ စိတ်ဖောက်ပြီး တစ်နေရာရာထွက်သွားတယ်လို့တော့ ရွာကလူတွေ ပြောနေကြတယ်အေ့”
“သူတို့ပြောတာ ဟုတ်လို့လားအရီးရယ်…
အစ်မကြည့်ရတာအရမ်းကြီး ဆိုးဝါးမနေပါဘူး”
“ရွာထဲကတော့ အဲ့သည်လိုပဲပြောနေတာပဲအေ့…
ကျွဲမက အရီးတို့ဆီလည်း လာမှမလာတော့တာအေ
တစ်နေရာရာ ထွက်သွားလို့ဖြစ်မှာပေါ့…”
“ဘယ်နေ့ကများပျောက်သွားတာတဲ့လဲအရီး”
“ညည်းပေးလိုက်တဲ့ထမိန်တွေ အင်္ကျီတွေတောင်
ရေမိုးချိုးပြီးတာနဲ့တန်းဝတ်ရှာတယ်တဲ့…
အဲ့တာ သူ့အမေ ဒေါ်မိုးကအရီးကို ပြောပြရှာတာပါအေ…
အဲ့နေ့တစ်နေကုန်အကောင်းပဲတဲ့…
မိုးလင်းလို့ရှာတော့ ရွာထဲသွားတယ်ထင်နေကြတာ
မိုးချုပ်တဲ့အထိပေါ်မလာမှ ကျွဲမပျောက်တာကို
သိကြတာတဲ့လေ…”
“ဖြစ်မှဖြစ်ရလေတော်…အစ်မဘယ်တွေများ
ထွက်သွားသလဲမသိဘူး”
ကျွဲမအတွက် ရှင်ညိုစိတ်မကောင်းဖြစ်နေမိသည်။
စိတ်မကောင်းဖြစ်တာထက် ကျွဲမက
စိတ်မနှံ့တဲ့သူမို့ စိတ်လည်းပူနေခဲ့ရသည်။
နွမ်းလျနေတဲ့ရှင်ညိုမျက်နှာကို ဘွားရှိန်က အကဲခတ်နေခဲ့သည်။
“မြေးလေးရယ်…စိတ်တွေလည်းတအားကြီးပူမနေစမ်းပါနဲ့…ညည်းအစ်မက ရွာကိုပြန်လာမှာပါအေ…
စိတ်ဖောက်တုန်းလျှောက်သွားနေတာထင်ပါတယ်”
“အဲ့သည်လိုပဲ ဖြစ်ပါစေလို့ ကျုပ်လည်းဆုတောင်းပါတယ်အဘွားရယ်…ဒါပေမယ့် ကျုပ်စိတ်ထဲက
လေးလံနေတယ်…”
“အဘွားမြေးက သံယောဇဥ်အတော် ကြီးရှာတာပဲ…”
ဘွားရှိန်က မြေးဖြစ်သူရှင်ညိုကိုကြည့်ရင်း မှတ်ချက်ပြုလိုက်လေသည်။
ညသို့ရောက်တော့လည်း ရှင်ညိုတော်တော်နဲ့
အိပ်မပျော်ပေ။
အိပ်၍မပျော်သည့်အဆုံးစိတ်တည်ငြိမ်စေရန်အတွက် ဘုရားခန်း၌ တရားထိုင်ပုတီးစိပ်ခြင်းကို တစ်စိုက်မတ်မတ် ပြုလုပ်နေခဲ့၏။
စိတ်တည်ငြိမ်ပြုစအချိန်တွင်…
“ရှင်ညို…ရှင်ညိုရေ…ရှင်ညို……..”
“အစ်မ…အစ်မအသံပဲ…”
ကျွဲမရဲ့အသံကို ရှင်ညို ရင်းနှီးနေသည်မို့ ခြံအပြင်မှခေါ်နေသူသည် ကျွဲမဆိုတာ ချက်ချင်းပင် သိလိုက်သည်။
ပုတီးကို ချထားခဲ့ပြီး အိမ်မကြီးလှေကားမှတစ်ဆင့်
အောက်ထပ်ကိုဆင်းလာခဲ့လိုက်သည်။
ခြံအပြင်မှအရိပ်ကို လှမ်းမြင်လိုက်တော့ ရှင်ညို
ဝမ်းသာသွားသည်။
“အစ်မ…အစ်မပြန်လာတယ်…
ဘယ်တွေသွားနေတာလဲအစ်မရယ်…”
ရှင်ညိုက ခြံတံခါးကိုဖွင့်ပြီး ကျွဲမဆီကိုသွားတော့
ကျွဲမက ရှင်ညိုကို ခပ်ခွာခွာနေခဲ့သည်။
ကျွဲမရဲ့အမူအရာကြောင့် ရှင်ညိုရဲ့ ဝမ်းသာနေစိတ်များပင် ရပ်တန့်သွားခဲ့ပြီး ကျွဲမကိုအကဲခတ်ရသည်။
“အစ်မ…အစ်မ ဘာဖြစ်နေတာလဲ…”
“ကျုပ်….ကျုပ်နဲ့လိုက်ခဲ့ပါ…”
ရှင်ညိုအမေးကို မဖြေဘဲ ကျွဲမကရှေ့မှထွက်သွားသည်။
“အစ်မဘယ်သွားမလို့လဲ…”
ရှင်ညိုလည်း တုံ့နှေးမနေဘဲ ကျွဲမအနောက်မှအမြန်လိုက်သွားသည်။
ကျွဲမက ရွာလမ်းမအတိုင်းသွားနေခဲ့သည်။
ရှင်ညိုလည်းကျွဲမတစ်ခုခုဖြစ်နေသည်ဆိုတာကို
သဘောပေါက်၏။
သို့သော် ကျွဲမအနောက်မှ လိုက်လာခဲ့လိုက်သည်။
ကျွဲမကလည်း ရှင်ညို လိုက်မလာမည်ကိုစိုးရိမ်ပြီး
လှည့်ကြည့်လှည့်ကြည့်နဲ့သွားရှာသည်။
ကျွဲမရဲ့အနောက်ကိုလိုက်လာရင်း တဖြေးဖြေးနဲ့
အင်းကြင်းမြိုင်ရွာရဲ့ သင်္ချိုင်းကုန်းဆီကို
ရောက်လာခဲ့သည်။
သင်္ချိုင်းထိပ်ကိုရောက်တော့ ကျွဲမကလှည့်ကြည့်လာသည်။ ပြီးနောက် သင်္ချိုင်းထဲကို တန်းမတ်စွာဝင်သွားခဲ့သည်မို့ ရှင်ညိုမှာ နေရာ၌ ကျန်ရစ်ခဲ့သည်။
ရှင်ညိုရဲ့စိတ်ထဲ၌ ကျွဲမအနောက်ကိုဆက်လိုက်သင့်
ဆက်မလိုက်သင့်တွေးနေခဲ့၏။
သို့သော် လိုက်ချင်စိတ်က များနေ၍ သင်္ချိုင်းထဲကို
ခြေစုံချကာ ဝင်ရောက်လာခဲ့တော့သည်။
ကျွဲမသည် သင်္ချိုင်းအတွင်းသို့ရှင်ညိုဝင်လာတာကိုမြင်တော့ သင်္ချိုင်းရဲ့အနောက်ဘက် အပင်များ အုပ်အုပ်စိုင်းစိုင်း ရှိနေသည့်နေရာကို ခေါ်သွားခဲ့ပြန်သည်။
ထိုနေရာကိုကြည့်ရင်း ရှင်ညိုသတိရမိသွားသည်။
ရှင်ညိုသတိရတာက ကျွဲမပြောဖူးတဲ့ ထိန်ပင်က ဖိုးနီကြီးဆိုတာကိုသတိရမိခြင်းဖြစ်၏။
ကျွဲမကလည်း ထိန်ပင်ကြီးအောက်ကို ရှင်ညိုကို
ခေါ်ချသွားသည်။
သင်္ချိုင်းထဲ၌အမှောင်ရိပ်ကျနေသော်လည်း
ရှင်ညိုကတော့ အမှောင်နဲ့ကျင့်သားရနေခဲ့ပြီဖြစ်သည်။
ကျွဲမက ထိန်ပင်ကြီးအောက်ကိုရောက်တော့
ရှင်ညိုကို မျက်ရည်များအဝဲသားဖြင့် စိုက်ကြည့်နေခဲ့၏။
“အစ်မ…အစ်မဘာလို့ ကျုပ်ကို ဒီနေရာကို
ခေါ်လာခဲ့တာလဲ…အစ်မကျုပ်ကို ဘာပြောချင်တာလဲ”
ရှင်ညိုက မေးသော်လည်း ကျွဲမ နှုတ်ဆိတ်နေခဲ့သည်။
ထိုအခိုက် ထိန်ပင်ကြီးက လှုပ်ရမ်းလာခဲ့သည်။
တခြားသောအပင်များမှာက ငြိမ်သက်လျက်ရှိ၏။
“ဟားး…ဟားး…ဟားး…ဟားး….ဟား….ဟားးး….”
ရယ်မောသံအကျယ်ကြီးက ထိန်ပင်မှတဆင့်
သင်္ချိုင်းထဲကို ပျံ့နှံ့သွားခဲ့သည်။
သင်္ချိုင်းထဲရှိအပင်များ၌အိပ်တန်းတက်နေတဲ့
ဗျိုင်းများ…ကျီးများပင် ထိုအသံကြီးကြောင့်
အလန့်တကြား ထပျံသွားကြသည်။
ရယ်သံကြီးကလည်း တစတစ် ရှင်ညိုနဲ့နီးကပ်လာခဲ့၏။
ထိန်ပင်ကြီးကို ရှင်ညိုမော့ကြည့်နေခိုက် ကျွဲမတစ်ယောက် နေရာမှပျောက်ကွယ်သွားခဲ့သည်။
“ဟဲ့…နင်ဘယ်သူလဲ…
သတ္တိသိပ်ရှိနေရင်လည်း ကိုယ်ထင်ပြလိုက်စမ်းဟဲ့…”
“အမယ်…မလောက်လေးမလောက်စားလေးကများ
ငါ့ကိုအာဏာပြနေပါရောလား…”
ထိန်ပင်ပေါ်မှ ခေါင်းပြောင်ပြောင်နဲ့လူကြီးတစ်ယောက်
ဇောက်ထိုးကြီးဆင်းလာခဲ့သည်။
ထိုလူကြီးရဲ့ခန္ဓာကိုယ်၌ ပုဆိုးအတိုလေးတစ်ထည်သာ
ရှိလေသည်။
ဇောက်ထိုးကြီးဆင်းလာတဲ့ထိုလူကြီးနဲ့ ရှင်ညိုတို့ မျက်လုံးချင်းဆုံကြည့်ကြသည်။
ရှင်ညိုကတော့ နည်းနည်းမှမကြောက်ရွံ့ဟန်ဖြင့်
ထိုလူကြီးကိုကြည့်နေခဲ့သည်။
အပွဲပွဲနွဲလာခဲ့သူမှာသူ့အားမကြောက်မလန့်ကြည့်နေတဲ့
ရှင်ညိုကြောင့် အကြပ်တွေ့သွားပုံလည်းရရှာသည်။
“ဟဲ့အကောင်…နင်ဇောက်ထိုးနေတာအကြောင်းမဟုတ်ဘူး..နင့်ကိုကြည့်ရတာငါခေါင်းမူးလှတယ်…
မြေပေါ်ကိုဆင်းခဲ့လိုက်စမ်း”
စိတ်မရှည်ဟန်ဖြင့် ရှင်ညိုကပြောတော့
ကတုံးပြောင်နဲ့လူကြီးသည် မြေပေါ်သို့ ဆင်းလာကာ
ရှင်ညိုကိုခါးကြီးထောက်၍ ကြည့်လေသည်။
ထိုလူကြီးရဲ့မျက်လုံးများက နီရဲလို့နေတာကို ရှင်ညို
သတိထားမိ၏။
“ငါ့အစ်မ ဘယ်မှာလဲ…နင်ငါ့အစ်မကို
ခေါ်ထားတယ်မလား”
“နင့်အစ်မ…ဟုတ်သလား…
ဘာလဲ နင့်အစ်မဆိုတာ ဟိုအရူးမကိုပြောတာမဟုတ်လား”
“ဟဲ့ အကုသိုလ်ကောင်….
လူ့ဘဝတုန်းက အကုသိုလ်တွေလုပ်ထားလို့
ဒီဘဝမှာမကျွတ်မလွတ်နိုင်ဖြစ်နေတာတောင်
နင်ကလူတွေကို ဒုက္ခဆက်ပေးနေတာပဲ…
ပြောစမ်း…ငါ့အစ်မဘယ်မှာလဲ”
“ဟားး….ဟားး….ဟား..
ဟား….ဟားး….ဟား….နင့်အစ်မဆိုတဲ့ကောင်မက
ငါ့ကိုလာစိန်ခေါ်တယ်လေ…အခုတော့ ဒင်းလည်း
ငါခိုင်းတာကိုလုပ်နေရပြီ…နင်တို့တွေ
ဘာတတ်နိုင်သေးလဲ…ဘာများတတ်နိုင်ကြသေးသလဲ….
ဟားး….ဟားးး….ဟားးး….ဟားးး…..ဟားးး…ဟားး….”
ကတုံးပြောင်ကြီးစကားကြောင့် ရှင်ညို တုန်လှုပ်သွားသည်။
ကျွဲမတစ်ယောက် ယခုပျောက်ကွယ်နေသည်မှာ
ကတုံးပြောင်ကြီးကြောင့်ဖြစ်နိုင်သည်ဆိုတဲ့
သံသယများက ပို၍ခိုင်မာလာခဲ့၏။
“နင်…နင်.. ငါ့အစ်မကိုဘာလုပ်လိုက်လဲ….ပြော…
ပြောစမ်း….”
“နင့်အစ်မကို ဟောသည်လို မချီပြီး…
ဟောသည်…ဟောသည်……….”
ရှင်ညိုကို ကတုံးပြောင်ကြီးက သူ့ရဲ့လက်ဖြင့်ဆွဲမလိုက်သည်။
ပြီးနောက် ရှင်ညိုရဲ့ ခေါင်းကို သူလက်ဖြင့် လှည့်ချိုးဖို့လုပ်နေစဥ်မှာ ကတုံးပြောင်ကြီးရဲ့လက်များရပ်တန့်သွားခဲ့ရသည်။
ရှင်ညိုတစ်ယောက် ဒေါသများထွက်နေလေပြီ။
ကဝေမလေးရှင်ညိုတစ်ယောက် အသားများတဆတ်ဆတ်တုန်ရီကာ ဒေါသထွက်နေစဥ် မျက်လုံးများကလည်း မီးများထွက်နေသည့်အတိုင်း နီကာရဲလာ၏။
ကတုံးပြောင်ကြီးပင် ရှင်ညိုရဲ့ပြောင်းလဲသွားပုံကြောင့်ကြောင်အမ်းနေကာလက်များတင်မက အသံပါ.ရပ်တန့်သွားခဲ့တော့သည်။
“ဟဲ့အကောင်ဖိုးနီ…ဒီနေ့ မှနင်ငရဲမသွားရင်
ငါရှင်ညိုမဟုတ်ဘူးဟဲ့”
ဟုဆိုကာ ကတုံးပြောင် ဖိုးနီရဲ့ ခေါင်းကို သူ့လက်နှစ်ဖက်နဲ့ ရိုက်ချရင်း ဂါထာများကိုရွှတ်ဆိုတော့သည်။
ရှင်ညိုရဲ့ဂါထာရွှတ်သံများက သင်္ချိုင်းတစ်ခုလုံးကို
ရိုက်ခတ်ပျံ့နှံ့လာခဲ့သည်။
ဖိုးနီကြီးကလည်းအလွန်အမင်းကြောက်လန့်လာပြီး
ရှင်ညိုရဲ့လက်များကို ဖယ်ရှားဖို့ကြိုးစားသော်လည်း
နည်းနည်းမှအရာမထင်ခဲ့ပေ။
ရှင်ညိုကလည်းသူ့လက်အစုံက ဖိုးနီရဲခေါင်းကို
အုပ်မိုးကာမလွတ်တမ်း ကိုင်ထားလေသည်။
“အား….ပူတယ်….ပူတယ်….အား….
ရပ်ပါတော့….ပူတယ်….ပူတယ်….
ကြောက်ပါပြီ…မလုပ်ပါနဲ့တော့…ရပ်ပါတော့……….”
ဖိုးနီရဲ့ငယ်သံပါပါအော်ဟစ်သံကြီးက သင်္ချိုင်းတစ်ခုလုံးကို တုန်ခါသွားခဲ့သည်။
“ဟဲ့အကောင်ဖိုးနီ ငရဲကိုမသွားခင် ငါ့ကိုသေချာကြည့်ထားစမ်း…ငါ့နာမည်က ရှင်ညို…နင့်ကို ငရဲဆီကိုအရောက်ပို့ပစ်မယ့် ကောင်မဟဲ့… “
ရှင်ညိုက ထိုသို့ကြိမ်းဝါးအော်ဟစ်ပြီးနောက်
ဖိုးနီရဲ့ ရင်ဘက်ကို ဆောင့်ကန်ကာ မြေပေါ်သို့
လွှားခနဲဆင်းလိုက်သည်။
ပြီးနောက် ဖိုးနီကို လက်ညိုးငေါက်ငေါက်ထိုး…
မြေကြီးကို အားအပြည့်နဲ့ဖနောင့်ဖြင့်ပေါက်ကာ
ဂါထာများရွှတ်လေတော့ ဖိုးနီကြီးရဲ့ကြောက်လန့်တကြားအော်ဟစ်သံကြီးက ကြောက်ခမန်းလိလိ ထွက်ပေါ်လာခဲ့၏။
တဖြေးဖြေးနဲ့ဖိုးနီကြီးရဲ့ခန္ဓာကိုယ်ကြီးကို မီးများကဝါးမြိုသွားပြီး ပြာမှုန်ပြာစများအဖြစ်လေထဲ၌ လွှင့်ပျံကာ
ဖိုးနီတစ်ယောက် အဆုံးသတ်သွားခဲ့ရသည်။
ဖိုးနီ ကိုရှင်းလင်းပြီးတော့ ရှင်ညိုတစ်ယောက် မြေပေါ်သို့
လဲကျသွားခဲ့သည်။
“အစ်မ…အစ်မဘယ်မှာလဲ…”
ရှင်ညို ကျွဲမကို ရှာနေခဲ့သည်။
ထိန်ပင်အကွယ်မှ ကျွဲမထွက်လာခဲ့သည်။
.
“အစ်မ…အစ်မ…ကျုပ်စကားကိုနားမထောင်ဘူး…
အစ်မကျုပ်စကားကိုနားမထောင်ဘူး”
ရှင်ညို မျက်ရည်တွေစီးကျလာသည်။
ကျွဲမကလည်း ထိန်ပင်ကို မှီ၍ ငိုရှိုက်နေခဲ့သည်။
“အစ်မ…ကျုပ်စကား…ကျုပ်စကားကို….”
စကားကိုရှေ့မဆက်နိုင်ခင်
ရှင်ညိုရဲ့ မျက်လုံးများမှိတ်သွားခဲ့တော့သည်။
ခန္ဓာကိုယ်က အားကုန်သုံးလိုက်ယုံတင်မက စိတ်ကပါ
ပင်ပန်းသွားခဲ့ပုံရ၏။
ရှင်ညိုတစ်ယောက် ထိန်ပင်ကြီးအရှေ့၌ သတိလစ်လဲကျနေခဲ့တော့သည်။
ကျွဲမတစ်ယောက် ရှင်ညိုကို အော်ခေါ်နေတာကိုလည်း
ရှင်ညို မသိနိုင်ခဲ့ပေ။
“မြေး…မြေးလေး….မြေးလေး.. သတိရပြီလား”
ရှင်ညိုမျက်လုံးဖွင့်ကြည့်တော့ အနားမှာဘွားရှိန်နဲ့
အရီးအေးမိတို့ရှိနေခဲ့သည်။
“အဘွား…ဟို…အစ်မ…အစ်မရော…”
“မြေးလေး…ကိုယ်တွေပူနေသေးတယ်…
ဘာမှမမေးနဲ့ဦးနော်…မြေးလေးအနားယူရဦးမယ်”
“ဟုတ်တယ်ရှင်ညို…ညည်းအဖျားတွေကြီးနေတယ်…
အရီးတို့ဆေးဆရာပင့်ထားရတယ်ရှင်ညိုရယ်…”
“ကျုပ်…ကျုပ်ဘာမှမဖြစ်ပါဘူး…
အစ်မ…အစ်မပြန်လာပြီလားအဘွား”
ရှင်ညို အိပ်ရာထဲမှအားယူကာထရင်းမေးလိုက်သည်။
ဘွားရှိန်ကသက်ပြင်းချ၏။
အရီးအေးမိကတော့ စိတ်မကောင်းဟန်ဖြင့်သာ
ကြည့်နေခဲ့ရှာသည်။
“ဒီနေ့ ကျွဲမမြေချတဲ့နေ့ပဲ မြေးလေး…”
“ရှင်…. “
“ဟုတ်တယ် ကျွဲမရဲ့အလောင်းကို သင်္ချိုင်းထဲကထိန်ပင်ကြီးအနောက်မှာရှာတွေ့ခဲ့တယ်မြေးလေး…
ပြီးတော့ မြေးလေး…မြေးလေးကိုလည်း အဲ့မှာပဲရှာတွေ့ခဲ့တာ…”
“ကျုပ်ကိုဘယ်သူရှာတွေ့တာလဲအဘွား”
“မနေ့ညက သင်္ချိုင်းထဲက အသံတွေဆူနေလို့
ရွာကလူတွေထွက်ကြည့်ကြရတယ်ရှင်ညို…
ညည်းလေးလေးဘိုးကြည်လည်းပါတာပေါ့…
အဲ့သည်မှာညည်းကိုတွေ့ခဲ့ကြတယ်တဲ့…
ညည်းက ဂါထာတွေရွှတ်ပြီး ဖိုးနီကြီးကို ရှင်းပစ်ခဲ့တယ်ဆို…အဲ့တာအခုတစ်ရွာလုံးလည်း သတင်းပျံ့နေပြီ…
ဖိုးနီကြီးက ကျွဲမကိုသတ်ပစ်လိုက်တယ်တဲ့…
လည်ပင်းကြီးကိုကျိုးလို့အေ…”
“ဟဲ့အေးမိ…တိတ်စမ်း…ငါ့မြေးစိတ်မကောင်းဖြစ်လိမ့်မယ်
ဆက်မပြောစမ်းနဲ့…”
“ရပါတယ်အဘွား…ကျုပ်…ကျုပ်ထင်ပြီးသားပါ…
အစ်မသေရတာ ဟိုကိုပေါက်ဆိုတဲ့လူကြောင့်ပဲ…
ထိန်ပင်ကဖိုးနီကို စိန်ခေါ်ရဲရင် ဆန်ပေးမယ်ဆိုပြီး
ပြောတယ်တဲ့လေ…ကျုပ်တားပါသေးတယ်…
ကျုပ်တားပါသေးတယ်အဘွားရယ်…
သူမှကျုပ်စကားကိုနားမထောင်တာ…”
ရှင်ညိုကပြောရင်းငိုလေတော့ ဘွားရှိန်လည်း
ရှင်ညို ကို ပွေ့ဖက်ကာနှစ်သိမ့်ပေးရှာသည်။
အရီးအေးမိကတော့ ရှင်ညိုနဲ့ကျွဲမတို့ကိုအတွက်
စိတ်မကောင်းဖြစ်နေခဲ့လေသည်။
“ဒီနွားတွေကို သူကြီးနဲ့တိုင်မယ်ရှင်ညို…
သူကြီးအပြစ်ပေးမှ အရီးတို့လည်းကျေနပ်မယ်အေ”
ကိုပေါက်တို့အုပ်စုကိုလည်း အရီးအေးမိက သူကြီးနဲ့တိုင်လေသည်။
“ကျုပ်တို့က စနောက်တာပါသူကြီးရယ်…
ဘယ်သူက သူအခုလိုလုပ်မယ်လို့ထင်ပါ့မလဲဗျာ…”
“ဟဲ့ နင်တို့ ဒီလိုတော့မပြောနဲ့လေ…
ကိုယ့်အပြစ်ကိုယ်ဝန်ခံစမ်း”
“အရီး…ကျုပ်တို့ကအမှန်ပြောနေတာဗျ…
ပြီးတော့သူကအရူးမ…အရူးမပါဆို…
လျှောက်လုပ်လို့အခုလိုဖြစ်တာပေါ့ဗျ…
အခုကိစ္စက ကျုပ်တို့နဲ့ဘာမှမဆိုင်ဘူး”
“ဟုတ်တယ်…ကျုပ်တို့နဲ့မဆိုင်ပါဘူးဗျာ…”
ကိုပေါက်တို့အုပ်စုကအရီးအေးမိတိုင်တန်းသည်များကို အသည်းအသန်ပင်ငြင်းကြသည်။
သူကြီးကလည်း ကိုပေါက်တို့အုပ်စုကို
အပြစ်ပေးလို့မရနိုင်ဟုဆိုကာ ပြန်လွှတ်လိုက်တော့၏။
အရီးအေးမိကတော့ထိုမျှနဲ့ မကျေနပ်နိုင်ဘဲ ရွာထဲကိုလိုက်လံ၍ပြောရာ ကျွဲမဘက်မှသည်းမခံနိုင်သူများကလည်းကိုပေါက်တို့ကို ဆဲဆိုကြသဖြင့်
ကိုပေါက်တို့မိဘများမှာသားသမီးအစား
အရှက်ရကြသည်။ကိုပေါက်တို့ကိုလည်း မိဘများက
ရိုက်ဟယ်…ဆဲဟယ်ဖြင့် လုပ်လေတော့ ကိုပေါက်တို့အုပ်စုမှာရွာထဲ၌ မျက်နှာမပြရဲကြတော့ပေ။
မည်သို့ပင်ဖြစ်လာပါစေကျွဲမတစ်ယောက်သည်က
ထိန်ပင်စောင့်ဖိုးနီရဲ့လက်ချက်ဖြင့် သေဆုံးသွားခဲ့ရှာသည်။
ရှင်ညိုခမျာလည်း တွယ်တာမိသောသံယောဇဥ်မို့
သနားစိတ်နဲ့ ဝမ်းနည်းစိတ်တို့
ဒွန်တွဲကာခံစားနေရရှာသည်။
ဘွားရှိန်ကလည်းမြေးဖြစ်သူကျန်းမာလာစေရန်
ဆေးဆရာပင့်၍သေချာကုသပေးရှာသည်။
ရှင်ညို ကျန်းမာလာတော့…
“အဘွား…ကျုပ်သောင်ထွန်းရွာကိုပြန်တော့မယ်…”
“ဟင်…မြေးလေးကပြန်တော့မယ်ပေါ့”
“ဟုတ်တယ်အဘွား…ကျုပ်ဒီမှာတစ်ပတ်ထပ်နေမယ်ဆိုပြီး အခုဆိုနှစ်ပတ်နီးနီးရှိသွားပြီ…ညီမလေးက
ကျုပ်ကိုမျှော်နေလောက်ပြီအဘွား”
“အေးပေါ့လေ…မြေးမှာလည်းသံယောဇဥ်တွေက
များတာကိုး…မြေးဘယ်နေ့ပြန်မလဲသာပြောပါ…
မြေးလေးလေးကို အဘွားလိုက်ပို့ခိုင်းပေးပါ့မယ်”
“မနက်ဖြန်ပဲ ပြန်တော့မယ်အဘွား…
အဘွားဆီကို မကြာမကြာလာလည်ပါ့မယ်…
အဘွားလည်းသောင်ထွန်းရွာကို လာလည်လို့ရပါတယ်”
“အေးပါမြေးရယ်…အေးပါအေ…”
ရှင်ညိုကသောင်ထွန်းရွာကို ပြန်တော့မည်ဖြစ်သည်။
အင်ကြင်းမြိုင်ရွာထဲမှာတော့ ရှင်ညိုရဲ့သတင်းများက
ပျံ့နှံ့လို့နေခဲ့၏။မဂျမ်းနဲ့ဆရာညွှန့်တို့ရဲ့အကြောင်းများကိုပါပြန်ပြောကြရင်း ရှင်ညိုရဲ့ အစွမ်းကို ချီးကျုးနေခဲ့ကြသည်။
ကျွဲမအတွက်သနားကြသော်လည်း
ထိန်ပင်စောင့်ဖိုးနီကြီးမရှိတော့၍ အင်ကြင်းမြိုင်ရွာသူ၊ရွာသားတို့မှာ ဝမ်းသာနေခဲ့ကြရသည်။
ထိုသို့ဖြင့် ဘွားမယ်စိန်နှင့် ထိန်ပင်စောင့်ဖိုးနီဆိုတဲ့
ဇာတ်လမ်းလေးလည်းပြီးဆုံးသွားခဲ့ပါတယ်ရှင်။
ဖတ်ပြီးရင် likeပေးခဲ့ကြဦးနော်
ယဥ်မင်း(ကန့်ဘလူ)