စာမူ…၂၄၈
စဆုံး
ညနေခင်းအချိန်၌ မောင်တိုးတစ်ယောက် ဘွားမယ်စိန်တို့ရဲ့နေအိမ်ဆီကိုရောက်လာခဲ့သည်။
မောင်တိုးရဲ့မျက်နှာကလည်း သိသိသာသာပင်
ညိုးနွမ်းလို့နေခဲ့၏။မောင်တိုးရဲ့မျက်နှာအမူအရာကို
ဘွားမယ်စိန်တို့ကလည်းသတိထားမိကြလေသည်။
“ခါတိုင်းဆိုရင် စနောက်နေတဲ့သူကဒီကနေ့
ဖြင့် ငြိမ်နေသလားလို့ကွယ်…
ဘယ့်နဲ့တုန်း…ခင်မြချစ်နဲ့များစကားများလာတာလားမောင်ရင်ရဲ့…”
ဘွားမယ်စိန်ကမေးတော့ မောင်တိုးက သက်ပြင်းကို
အရင်ချလိုက်သည်။
ဒေါ်ဝင်းနဲ့ရှင်ညိုတို့ကလည်း မောင်တိုးကို
အကဲခတ်နေကြ၏။
“ကျုပ်ဖြင့်ပြောရမှာတောင် ပြောကိုမပြောချင်ပါဘူး
ဘွားရယ်”
“မောင်တိုးရယ်…နင်ပြောမှငါတို့က သိရမှာလေ…
ပြောစမ်းပါဦးဟယ်…ဘာများဖြစ်လာကြတာလဲ”
“ဘာဖြစ်ရမှာလဲဗျာ…အရီးတူမကကျုပ်ကိုအမြဲတစေ
ဆူငေါက်နေတာဗျ…တစ်ခါနှစ်ခါဆိုရင်တောင်
ကျုပ်ဘက်ကသည်းခံနိုင်ပါသေးတယ်ဗျာ…
အခုက ကျုပ်ဖြင့် သူ့မျက်စိရှေ့ကိုတောင်
မသွားချင်တော့ဘူးဗျ…”
မောင်တိုးက သူ့စိတ်ထဲမှာဖြစ်နေတဲ့မကျေနပ်ချက်များကို
ထုတ်ပြောလေတော့ ဒေါ်ဝင်းတို့ပင်အံ့သြသွားခဲ့သည်။
ခင်မြချစ်ကမောင်တိုးအပေါ်၌ ဂရုတစိုက်
ချစ်တဲ့သူဖြစ်သည်။မောင်တိုးပြောသမျှ၊ မောင်တိုးစီစဥ်သမျှကိုလည်း နားထောင်ပြီး
အရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်သူဖြစ်တာကိုလည်း
ဒေါ်ဝင်းတင်မက အားလုံးကသိကြသည်။
ယခုမောင်တိုးပြောလိုက်သောခင်မြချစ်ရဲ့ပြောင်းလဲမှုက
ဒေါ်ဝင်းတို့ကို အံ့သြသွားစေခဲ့သည်။
“နေစမ်းပါဦး…ဒါဆိုရင်ခင်မြချစ်က မောင်ရင့်ကို
မြင်လိုက်တာနဲ့ စိတ်မကြည်မသာဖြစ်ပြီး
ရန်တွေ့နေတဲ့သဘောပေါ့လေ…အဲ့တာ ဟုတ်သလားကွဲ့…”
“ဟုတ်တယ်ဘွား…အဲ့သည်လိုကိုဖြစ်နေတာဗျ…”
မောင်တိုးရဲ့စကားကိုကြားတော့ဘွားမယ်စိန်က
ခေါင်းညိတ်လိုက်ပြီး မောင်တိုးကိုသေချာ
ကြည့်လိုက်သည်။သေချာကြည့်ပြီးလေတော့…
“မောင်ရင်တို့အိမ်ကိုတခြားက ဧည့်သည်တွေများ
လာသွားသေးလားကွဲ့”
“ဗျာ…ဧည့်သည်…ဧည့်သည်ဆိုလို့ လွန်ခဲ့တဲ့နှစ်ရက်လောက်က ကျုပ်မိန်းမရဲ့ညီမဝမ်းကွဲလာသွားသေးတယ်ဗျ…ယောက်ျားနဲ့ရန်ဖြစ်တယ်လို့ပြောတာပါပဲဗျာ…
ဟိုကောင်ကလည်း ရှာမကျွေးတဲ့အပြင် မိန်းမကို
ခွေးရိုက်၊နွားရိုက် ရိုက်နေတာဗျ…
အခုတော့ပြန်သွားပါပြီ…”
“အင်း…အဲ့တာကြောင့် အခုလိုဖြစ်နေတာ…”
“ဗျာ…ဘွားဘာပြောချင်တာလဲ ကျုပ်နားမလည်ဘူးဗျ…”
“အပူသည်လာသွားတော့ မောင်ရင်တို့မှာ
အပူတွေက ကူးနေခဲ့တဲ့သဘောကွဲ့…ဒါကလည်း
ဖြစ်တတ်ပါတယ်…အပူဆိုတာကလည်း
ကူးတတ်တဲ့အမျိူးကိုးကွဲ့…”
“အပူကူးတယ်…ဒါဆိုရင် ကျုပ်မိန်းမက
ကျုပ်ကိုရန်တွေ့နေတာ အပူကူးနေလို့ပေါ့နော်ဘွား”
မောင်တိုးကမေးတော့ ဘွားမယ်စိန်က ပြုံး၍
ခေါင်းညိတ်လိုက်သည်။
“ဖြစ်တတ်တယ် တချို့လူတွေမှာ
မမြင်နိုင်တဲ့အရာတွေကကပ်တွယ်နေတတ်တယ်…
မောင်ရင်တို့နားလည်အောင်ဘွားပြောပြပါ့မယ်…
နားထောင်ကြည့်လိုက်ပေါ့….ရွာတစ်ရွာမှာ မအိုဆိုတဲ့အမျိုးသမီးရှိတယ်…မအိုက သူ့ယောက်ျားရယ်
သားသမီးတွေရယ်နဲ့အတူနေတာပေါ့ကွယ်…
သားသမီးတွေကလည်း အားလုံးလူပျို၊အပျိုအရွယ်
တွေပဲရှိသေးတယ်…မအိုနဲ့ သူ့ယောက်ျားက အလုပ်ဟူသမျှကြိုးစားပြီးလုပ်ကြတယ်…ဒါပေမယ့်လည်း
ကြွေးမြီးကမကင်းကြဘူးကွဲ့…တစ်နေ့တော့သူတို့အိမ်ကို ဧည့်သည်တစ်ယောက်ရောက်လာတယ်…
ဆွေမျိုးနီးစပ်တော်တဲ့သူပေါ့ကွယ်….
အဲ့သည်ဧည့်သည်ကလည်း မိန်းကလေးကွဲ့…
နောက်ပြီး ဘုရားတရားကိုအလွန်ရိုသေကိုင်းရှိုင်းတဲ့သူ…
မအိုတို့အိမ်မှာလာတည်းတဲ့ကာလတစ်လျှောက်လုံး မိန်းကလေးက ဘုရားတရားကိုမပြတ်လုပ်တာပေါ့…
တစ်ရက်ကျတော့ မိန်းကလေးက မအိုကိုတိုးတိုးတိတ်တိတ်ခေါ်ပြောတယ်…
မအိုတို့အိမ်အပေါ်ထပ်မှာညဆို မည်းမည်းရိပ်ကြီးကို
မြင်နေရတယ်တဲ့လေ…ဒါတင်မကသေးဘူး
ညဘက်ဆိုရင် မိန်းကလေးကိုလာလာနိုးတတ်တယ်တဲ့…
အဲ့သည်အကြောင်းကို မအိုကိုလည်းပြောပြတော့ မအိုကပြူံးပြုံးလေးနဲ့ အဲ့တာကသူတို့ကိုစောင့်ရှောက်နေတဲ့
အစောင့်အရှောက်လို့ပြောသတဲ့…မိန်းကလေးကတော့ လက်မခံဘူးတဲ့…ဒါကောင်းတဲ့အရာမဟုတ်ဘူးလို့လည်း
မိန်းကလေးကသေချာပြောတာပေါ့…ဒါပေမယ့်
မအိုကလက်မခံဘူး…အိမ်ရှင်ကိုယ်တိုင်ကျေကျေနပ်နပ် ခေါ်ထားတဲ့အရာဖြစ်နေတော့ မပြောသာဘူးပေါ့ကွယ်…
ဒီလိုနဲ့မိန်းကလေးကလည်းသူ့ရွာသူပြန်သွားခဲ့တယ်…
လအနည်းငယ်ကြာတော့ မိန်းကလေးတို့နေတဲ့ရွာမှာ
အလှုရှိတယ်…အဲ့သည်အလှုရှင်ကလည်းမအိုတို့နဲ့
ဆွေမျိုးမကင်းတော်စပ်တယ်…
ဒီတော့ မအိုတို့လင်မယားက ရောက်လာခဲ့တာပေါ့…
မိန်းကလေးရဲ့အိမ်မှာတည်းခိုကြပြီး…
ရွာထဲအနှံ့လျှောက်လည်ကြသေးတာပေါ့…
မကြာပါဘူး မအိုတို့လည်း အလှုပြီးလို့ပြန်သွားရော
သူတို့အလည်သွားတဲ့အိမ်တွေမှာ ကျန်းမာရေးမကောင်းတဲ့သူ…လင်မယားအဆင်မပြေတဲ့သူ…ငွေရေးကြေးရေး
အခက်တွေ့တဲ့သူဆိုပြီး ပြဿနာတွေဖြစ်လာတယ်…
အဲ့တာတွေက ဘာကြောင့်လို့ မောင်ရင်ထင်သလဲ”
“အဲ့တာက အပူကူးလို့များလားဘွား”
ဘွားမယ်စိန်က မောင်တိုးရဲ့အဖြေကိုကြားတော့
ခေါင်းညိတ်၍ပြုံးကာ ဆက်ပြောလေသည်။
“အပူကူးတယ်ဆိုတာထက်သူတို့ဆီမှာ
ကပ်တွယ်နေတဲ့ မကောင်းတဲ့အရာကြောင့်ပေါ့ကွယ်…
အဲ့သည်အရာက လူတွေဆီက ကံကောင်းခြင်းတွေ
အဆင်ပြေခြင်းတွေကိုစားသောက်သွားတာ…
သူက အဲ့တာတွေကို စုပ်ယူစားသောက်သွားတော့
စုပ်ယူစားသောက်ခံရတဲ့သူတွေက ဒုက္ခဖြစ်ပြီပေါ့ကွယ်…
ဒါကြောင့် ကိုယ့်အိမ်ကို သောကနဲ့ရောက်လာသူတွေ…
ကိုယ့်စိတ်ထဲအလိုမကျနေတဲ့သူတွေများ
အိမ်ကိုလာလည်တဲ့အခါသူတို့ပြန်သွားရင်
ကိုယ့်အပူကိုယ်ပြန်ယူသွား ဆိုပြီး ပြောရတယ်…
ဘွားတို့မြန်မာလူမျိုးတွေက နိမ့်ကျသူဆိုရင်
ကူညီချင်တယ်အဆင်မပြေတဲ့သူဆိုရင်လည်း
မေတ္တာနဲ့ နှစ်သိမ့်ပေးချင်ကြတယ်…ဒါပေမယ့်
လုပ်သင့်တာကိုတော့ လုပ်ရမှာပဲလေ…
မဟုတ်ရင်ဖြင့် အပူဆိုတဲ့အမျိုးက ကူးတတ်တာကိုးကွဲ့”
“ဒါဆို…ကျုပ်တို့ကရောဘာလုပ်ရမလဲဘွား”
“မောင်ရင်လုပ်ရမှာကတော့ ဘွားပေးထားတဲ့
ရေမန်းကိုမောင်ရင်တို့တစ်အိမ်လုံးသောက်လိုက်ကြ…
ပြီးရင် အိမ်အတွင်းအိမ်ပြင်ကိုလည်းအဲ့သည်ရေမန်းနဲ့
ဖြန်းလိုက်ကွဲ့…မကောင်းတဲ့ဓာတ်တွေ မကောင်းတဲ့
အရာတွေသူ့အလိုလို ပျောက်ကွယ်သွားလိမ့်မယ်…”
“ဟုတ်ကဲ့ပါဘွား…ဒါဆိုရင် ကျုပ်အိမ်ကို
ပြန်လိုက်ဦးမယ်ဗျာ…”
“ဟဲ့…မောင်တိုး…လောလှချည်လားဟယ်…
နေပါဦး…ထိုင်စမ်းပါဦးဟဲ့”
“မနေတော့ဘူးအရီးရေ…
ကျုပ်အိမ်ကိုမြန်မြန်ပြန်ပြီးဘွားပြောသလိုလုပ်ထားမှပဲ
ကျုပ်နားပူသက်သာတော့မှာဗျ…
မဟုတ်ရင် ဒီညတောင် ကျုပ်
ကောင်းကောင်းအိပ်ရမှာမဟုတ်ဘူးဗျ…”
“ဟယ်…မောင်တိုးတို့များ ခင်မြချစ်ကို အတော်လေး
ကြောက်သွားပုံရပါတယ်ဟယ်…”
ဒေါ်ဝင်းစကားကြောင့်ရှင်ညိုတို့ပြုံးသွားကြသည်။
ကာယကံရှင်ဖြစ်တဲ့ မောင်တိုးကတော့အိမ်ပြန်ဖို့လောနေ၍ ဒေါ်ဝင်းစကားကို မကြားရှာပေ။
မောင်တိုးအိမ်ပြန်သွားပြီးလေတော့…
“နန်းကြိုင်ရေ…နန်းကြိုင်…အဘွားနန်းကြိုင်ရှိလားဗျ…”
“ရှိပါ့…ရှိပါ့…အစောလေးကမှရေချိုးပြီးလို့
သနပ်ခါးလူးနေရဲ့…”
ပေတိုးနဲ့စိုးအောင်ကခြံဝိုင်းထဲဝင်လာပြီးတဲ့နောက် ပေတိုးကဘွားမယ်စိန်ကိုမြင်တော့ မဝံ့မရဲဟန်နဲ့
မေးလိုက်ရှာသည်။
“ဟဲ့…ပေတိုး…အရင်ရက်က
ဘယ်တွေပျောက်နေတာတုန်း”
“မပျောက်ပါဘူးဗျာ…ကျုပ်အစ်ကိုဝမ်းကွဲတွေဆီကို
အလည်သွားနေလို့ပါအရီးရဲ့…”
“ဒါနဲ့ …နင်တို့တွေ ညနေတောင်စောင်းနေပြီ
ဘယ်ကိုသွားဆော့ဖို့ ကြံနေကြတာလဲ”
“ဟို…ဟို…အရီးမြတို့ကောက်ရိုးပုံမှာဆော့ကြမလို့အရီး”
“ဟိုကအခုမှရေချိုးပြီးတာ မဖြစ်သေးပါဘူးဟယ်…
အရီးတော့နန်းကြိုင်ကို နင်တို့နဲ့မထည့်သေးပါဘူး”
“အရီးရယ်…ကျုပ်တို့မှာရှိတာမှ ဒီသူငယ်ချင်းတွေပဲ
ရှိတာဗျ…မလုပ်ပါနဲ့ဗျာ…ကျုပ်တို့နဲ့ ထည့်ပေးလိုက်ပါ….”
“ဟုတ်ပါတယ်အရီးရယ်…ပေါက်စမလည်းပါတယ်ဗျ…
ခြံရှေ့မှာစောင့်နေတာ…”
“အမယ်…ဒင်းကဘာလို့ခြံထဲကိုအတူမလိုက်ရတာလဲ…
ဘာလဲ ငါဆူမှာကိုကြောက်လို့မဟုတ်လား”
“ဟုတ်တော့လည်းဟုတ်တယ်ဗျ…
ဒါပေမယ့် နန်းကြိုင်ကို ကျုပ်တို့နဲ့အတူတူကစားဖို့
ထည့်ပေးလိုက်ပါနော်အရီး”
ပေတိုးနဲ့စိုးအောင်က ဒေါ်ဝင်းကို ချွဲနွဲ့ကာ
တောင်းဆိုနေကြသည်။
ကလေးတွေရဲ့ပုံစံကိုကြည့်ပြီး ရှင်ညိုက သဘောကျနေခဲ့၏။
“ကဲပါအေ…ထည့်လိုက်စမ်းပါ…
ညည်းမထည့်လိုက်မခြင်း ဒင်းလေးတို့ကပူဆာနေဦးမှာ…
ဟိုမှာ…ညည်းသမီးကလည်း လိုက်ချင်နေပုံရတယ်အေ့…”
ဘွားမယ်စိန်စကားကြောင့်အိမ်အပေါ်ထပ်မှ
ချောင်းကြည့်နေတဲ့နန်းကြိုင်ဆီကိုလှမ်းကြည့်ကုန်ကြသည်။နန်းကြိုင်ကရှက်ပြုံးလေးပြုံးပြနေလေတော့ ဒေါ်ဝင်းလည်းသက်ပြင်းချပြီး…
“ကဲ…ကဲ…လိုက်ချင်သပဆိုရင်လည်းလိုက်သွားပါအေ…
အရီးမြတို့ဝိုင်းလွတ်ထဲမှာပဲဆော့ကြနော်…
လွှတ်သာလွှတ်ရတာပါအေ နင်တို့လေးတွေရွာထဲ
ဘာတွေများမွှေနေကြမလဲလို့ ငါကရင်တမမနဲ့
အိမ်ကနေစိတ်ပူနေရတာ…”
ဒေါ်ဝင်းက ခွင့်ပြုလိုက်လေတော့ ပေတိုးတို့ကလည်း
ပျော်ရွှင်သွားကြပြီးဟေးခနဲထအော်ကြသည်။
နန်းကြိုင်က အိမ်အပေါ်ထပ်မှ ပြေးဆင်းလာပြီး…
“ဒါဆို…သမီးလိုက်သွားတော့မယ်နော်အမေ”
“အေး…မလိုက်ရမချင်းညည်း ကောက်နေတော့မှာကို
ဒီအမေက မြင်ယောင်လို့ ခွင့်ပြုလိုက်တာနော်…
ဆော့လို့ဝရင်တော့အိမ် ပြန်လာခဲ့ဦးအေ့”
“ဟုတ်ကဲ့ပါအမေ…မမနဲ့အဘွား ကျုပ်သွားပြီနော်”
နန်းကြိုင်က သူ့စိတ်ကြိုက်ဆော့ကစားရတော့မှာမို့
တက်ကြွလို့နေခဲ့သည်။ပေတိုးနဲ့စိုးအောင်တို့ကိုခေါ်ပြီး
ခြံဝိုင်းထဲမှအတူတူထွက်သွားခဲ့ကြ၏။
“အဘွား…ကျုပ်တို့လည်း ခရီးမထွက်ဖြစ်တာကြာပြီနော်…
ထူးထူးဆန်းဆန်းလေးဆိုရင် လူတွေက
သိပ်ကိုသိချင်ကြတာ…ခက်တာက ကျုပ်တို့ကလည်း
ခရီးမထွက်ရတော့ ပြောစရာမရှိဘူးဖြစ်နေတယ်တော့်”
“ဘာလဲ…ဟိုအပျိုမ တွေက ငါ့သမီးကို
လာပြီးစပ်စပ်စုစုလုပ်နေကြတယ်မဟုတ်လား…
ညည်းကလည်း ပြောပြရရင်ကို ကျေနပ်နေတော့တာပဲအေ…တချို့ကိစ္စတွေက လူတွေမသိလေ
ကောင်းလေသမီးရဲ့”
“အဲ့သည်လိုလည်းမဟုတ်ပါဘူးအဘွားရယ်…
မပြောသင့်တဲ့ကိစ္စဆိုရင် ကျုပ်ကမပြောပြ ပါဘူး…
ဖုံးကွယ်စရာမဟုတ်တာလောက်ကိုတော့
ပြောပြလိုက်ပါတယ်…သူတို့ကလည်း
သိပ်ကိုသိချင်နေကြတာအဘွားရဲ့…”
ဘွားမယ်စိန်က ရှင်ညိုစကားကို ခေါင်းညိတ်သည်။
ခရီးမထွက်ဖြစ်လို့အိမ်၌ မြဲနေတဲ့ရှင်ညိုဆီကို ရွာထဲမှ
အပျိုမတစ်သိုက်က အလည်လာတတ်ကြသည်။
ရှင်ညိုနဲ့စကားပြောကြရင်း ဘွားမယ်စိန်တို့နဲ့ခရီးထွက်ရတဲ့အကြောင်းများကို မေးမြန်းလာကြသည်။
တော်ယုံဆို စကားနည်းလှသောရှင်ညိုလည်း
ယခုတော့ သူတို့အုပ်စုနဲ့စကားပြောရတာ သဘောကျနေပြီဖြစ်သည်။ရွယ်တူတွေမို့စကားပြောရ…ပေါင်းသင်းရတာလည်းအဆင်ပြေသွားပုံလည်းရသည်။
“ဘွားရေ…ဘွား…ဘွားရှိလားဗျ…”
ဟု အသံကုန်အော်ဟစ်ပြီးရောက်လာသူက လောလောလတ်လတ်ကပင် ရွာကာလသားခေါင်းဆောင်
ဖြစ်လာသောမောင်သီပင်ဖြစ်လေသည်။
“ဟဲ့မောင်သီ…ဘယ့်နဲ့ဖြစ်လာတာလဲ”
“အရီး…ကျုပ်ကအရေးကြီးနေလို့ဗျ…”
“အမယ်လေးဟယ်…ဘာတွေများအရေးကြီးနေရတာလဲ…
နင်က မနေ့တစ်နေ့ကမှ ရွာကာလသားခေါင်းဆောင်
တာဝန်ကို ရထားတာမဟုတ်ဘူးလားမောင်သီရယ်…”
ဒေါ်ဝင်းက မောင်သီကို နည်းနည်းလေးမှကြည့်၍မရပေ။
ကြည့်မရဆို မောင်သီက ရှင်ညိုကို သဘောကျနေ၍ဖြစ်၏။မောင်သီရဲ့ရုပ်ရည်က အဆိုးကြီးဆိုးတဲ့
အထဲပါရှာသည်။
ရုပ်ရည်ထက် မောင်သီရဲ့ နေရာတကာဆရာကြီး
လုပ်ချင်လှသော စိတ်ကို ဒေါ်ဝင်းက သဘောမကျခြင်းဖြစ်၏။
“ကဲ…မောင်ရင် ဘာကိစ္စများဖြစ်လို့တုန်းကွဲ့”
ဒေါ်ဝင်းစကားကြောင့် ငူငူကြီးရပ်နေတဲ့ မောင်သီကို
ဘွားမယ်စိန်က မေးလိုက်ရသည်။
“ရွာအရှေ့ပိုင်းက အပျိုကြီး မနှင်းအိ သရဲပူးတာလားမသိ
နတ်ပူးတာလားမသိ ဖြစ်နေလို့ဗျ…”
“ဟေ…ဘယ်က သရဲများဝင်ပူးတာလဲကွဲ့…”
“ဒါတော့ကျုပ်လည်းသေချာမသိဘူးဗျ…
သူကြီးက ဘွားကိုခေါ်ခိုင်းလိုက်လို့သာ လာခေါ်ရတာဗျ…
ဒါပေမယ့်…ကျုပ်ထင်တာတော့ သူတို့ဝိုင်းထဲက မန်ကျည်းပင်ကြီးမှာနေတဲ့ သရဲထင်တာပဲဗျ…ညညဆိုရင်
အဲ့သည်မန်ကျည်းပင်ကြီးမှာ
မည်းမည်းကောင်ကြီးကိုတွေ့ရတယ်တဲ့လေ…”
“အဲ့သတင်းက မောင်ရင့်ကိုဘယ်သူကများပြောတာလဲ”
“ဘယ်သူရှိမလဲ…သူ့တူလေး…အောင်ပုပြောတာပေါ့ဗျ”
“ကလေးပြောတာကို နင်မို့လို့ပဲယုံတယ် မောင်သီရယ်…
မသိရင် သူကိုယ်တိုင်များ မြင်ခဲ့သလိုလိုနဲ့”
မောင်သီကို ဒေါ်ဝင်းက ဝင်ကာပြောလေတော့
မောင်သီလည်း ငြိမ်သွားခဲ့ပြန်သည်။
“ကဲ…ကဲ…သမီးရှင်ညို…မောင်သီနဲ့လိုက်သွားလိုက်အေ့”
“ရှင်…သူကအဘွားကိုလာခေါ်တာလေ…”
“အိုအေ…ဒီလောက်ကတော့ သမီးလည်းရှင်းထုတ်နိုင်ပါတယ်…သမီးပဲလိုက်သွားလိုက်ပါအေ…
သူကြီးက မေးရင်လည်း ဘွားက ဒီလိုပဲပြောပြီး
လွှတ်လိုက်တာလို့ ပြောလိုက် ကြားသလား”
“ဟုတ်ကဲ့ပါအဘွား…ဒါဆိုကျုပ်လွယ်အိတ်လေး
သွားယူလိုက်ဦးမယ်”
“ရှင်ညို ချည်းပဲတော့ မလွှတ်နိုင်ပါဘူးအမေရယ်…
ကျုပ်လည်း လိုက်သွားပါ့မယ်…
ကျုပ်တူမကို စိတ်ကိုမချတာပါ…”
ဒေါ်ဝင်းက မောင်သီကို မျက်စောင်းထိုးပြီး
ပြောလိုက်သည်။ရှင်ညိုကလည်း အိမ်အပေါ်ထပ်အခန်းထဲမှာရှိတဲ့သူ့ရဲ့လွယ်အိတ်လေးကိုသွားကာယူလိုက်သည်။
လွယ်အိတ်လေးကိုလွယ်ပြီးလေမှ ဘွားမယ်စိန်ကို
နှုတ်ဆက်ပြီး ဒေါ်ဝင်းကိုခေါ်ကာ အပျိုကြီး မနှင်းအိ အိမ်ဆီသို့ ထွက်လာခဲ့ကြတော့သည်။
မောင်သီတစ်ယောက်ကတော့ ခပ်လှမ်းလှမ်းမှ
လိုက်လာခဲ့ရှာသည်။
အပျိုကြီး မနှင်းအိတို့အိမ်၌ ဆွေမျိုးသားချင်းများနဲ့
ရွာထဲမှလူများ ဝင်ချည်ထွက်ချည် ခြေရှုပ်နေခဲ့ကြသည်။
“အရီး…ဘွားကောမပါဘူးလားဗျ…”
မနှင်းအိ ရဲ့အစ်ကိုက မေးတော့ ဒေါ်ဝင်းက ခေါင်းကိုရမ်း၍…
“နင်တို့အဘွားက ဒီကိစ္စလောက်တော့ ရှင်ညိုနိုင်တယ်တဲ့
အဲ့တာကြောင့်ရှင်ညိုကိုပဲလွှတ်လိုက်တာ…”
“ကဲပါလေ…ဘွားပဲလာလာ…ရှင်ညိုပဲလာလာ…နှင်းအိကို
အမြန်ဆုံးသာကြည့်ပေးစမ်းပါအေ…ကျုပ်သမီးလေးကို
ကြည့်ပြီး ကျုပ်ဖြင့် စိတ်မချမ်းသာလွန်းလို့ပါ”
မနှင်းအိရဲ့ အမေ ဒေါ်စန်းက ရှင်ညိုလက်ကိုဆွဲ၍
အိမ်အပေါ်ထပ်ဆီကိုခေါ်လာခဲ့သည်။
ထိုအပေါ်ထပ်ရှိအခန်းကလည်း မနှင်းအိရဲ့အခန်းဖြစ်ဟန်ရ၏။
ရှင်ညိုတို့ အခန်းထဲရောက်လာတော့ အခန်းထဲက ပစ္စည်းများက ပွစာကျဲလို့နေတာကို တွေ့လိုက်ရသည်။
ဒါတင်မက မနှင်းအိက ကြမ်းခင်းပေါ်မှာ တင်ပုလ္လင်ခွေကာထိုင်ရင်း တစ်ကိုယ်လုံးကလည်း ရှေ့နောက်လှုပ်ခါရမ်းလို့နေခဲ့၏။ မနှင်းအိရဲ့ဆံပင်ကြီးကလည်း
ဖျားလျားချထားပြီးသူ့ရဲ့ခေါင်းကြီးကရှေ့ဆီကို ငိုက်စိုက်ချထားလျက်ရှိသည်။
“သမီး နှင်းအိ…ရှင်ညို ရောက်လာပြီနော်သမီး…
သမီးကို ရှင်ညို ကုပေးတော့မယ်နော်သမီး”
ဒေါ်စန်းက အခန်းထဲဝင်ဖို့ ကြောက်လန့်နေပုံရ၏။
ရှင်ညိုကို အခန်းထဲသို့ ဝင်စေပြီး သူကိုယ်တိုင်က အခန်းအပြင်၌သာ ရပ်နေလေသည်။
“လာခဲ့…ဘယ်သူပဲလာလာ…ငါကတော့
မကျေနပ်ဘူးဟဲ့….မကျေနပ်ဘူး….”
“ဘာကိုမကျေနပ်နေတာလဲ”
“ဒီအိမ်ကလူတွေကို မကျေနပ်တာ…
ငါက သူတို့ကိုမကျေနပ်တာဟဲ့”
ရှင်ညို တစ်ယောက် မနှင်းအိကို သေချာ စူးစိုက်ကြည့်သည်။မနှင်းအိကတော့ သူ့မကျေနပ်ချက်များဖြင့် ဒေါသတကြီးအော်ဟစ်လို့နေခဲ့သည်။
မနှင်းအိကိုသေချာကြည့်ပြီးလေမှ ဒေါ်စန်းတို့ဘက်ကို
လှည့်ပြီး…
“ကြီးတော် နဲ့အရီးတို့က အောက်ထပ်ကိုဆင်းပေးကြပါ
ကျုပ်ဘက်က မနှင်းအိကိုသေချာစစ်ဆေးကုသရမှာမို့လို့
လူတွေရှိရင် ကျုပ်မကုတတ်ဘူး”
“ဖြစ်ပါ့မလားရှင်ညိုရယ်…
ညည်းတစ်ယောက်ထဲနိုင်ပါ့မလား…
အရီးတို့ရှိတော့ ညည်းလိုရင်ကူလို့ရတာပေါ့အေ…”
ဒေါ်ဝင်းက ရှင်ညိုစကားကိုလက်ခံချင်ပုံမရပေ။
“ဖြစ်ပါတယ်အရီး…အရီးတို့ကသာ ကျုပ်ပြောသလို
လုပ်ပေးကြပါ…”
“အေး…အေး…အေး…ဒါဆိုလည်း မစန်း ကျုပ်တို့
အောက်ထပ်မှာပဲနေကြတာပေါ့…
တစ်ခုခုဆို အရီးတို့ကိုလှမ်းခေါ်လိုက်နော်ရှင်ညို”
“ဟုတ်ကဲ့အရီး”
ဒေါ်ဝင်းတို့ အောက်ထပ်ကို ဆင်းသွားကြသည်။
အနား၌ လူရှိ၊မရှိကိုစစ်ဆေးပြီးမှ
လွယ်အိတ်ကို ကြမ်းပေါ်ချ၍ရှင်ညိုသည်
မနှင်းအိနဲ့ မျက်နှာချင်းဆိုင်တွင် ထိုင်ချလိုက်တော့၏။
မနှင်းအိကတော့ မူလအတိုင်း ခန္ဓာကိုယ်ကြီးလှုပ်ရမ်းလျက်သာရှိ၏။
မနှင်းအိကိုကြည့်နေရင်းမှ ရှင်ညိုပြုံးလိုက်သည်။
“အစ်မ…ကျုပ်ရှင်ညိုပါ…
အစ်မရာ လုပ်မနေစမ်းပါနဲ့…တော်လုပ်ပူးကြီးဆိုတာ
ကျုပ်သိပါတယ်…”
ရှင်ညိုစကားကြောင့် မနှင်းအိ လှုပ်ရမ်းနေရာမှ
ရုတ်တရက် ရပ်သွားသည်။
ဒါပေမယ့် ခေါင်းကြီးကတော့ ငုံ့၍သာနေနေစဲဖြစ်၏။
“အစ်မ…ကျုပ်ကိုပြောစမ်းပါ…
ဘာတွေများ အခက်တွေ့နေလို့ အခုလိုတွေလုပ်နေရတာလဲ…ကျုပ်ဘက်ကကူညီပေးနိုင်တာဆိုရင်
ကူညီပေးပါ့မယ်…”
ရှင်ညိုစကားကြောင့် မနှင်းအိက ခေါင်းမော့လာပြီး
ဖျားလျားကျနေတဲ့ဆံပင်ကို လက်ဖြင့် ဖယ်လိုက်ကာ
ဘေးဘယ်ညာကိုအကဲခတ်လေသည်။
“ဘယ်သူ မှ အနားမှာမရှိပါဘူး…
အကုန်လုံးကိုလည်း ကျုပ် အောက်ထပ်မှာပဲ
နေခိုင်းထားပါတယ်အစ်မရယ်…
အစ်မသာ စိတ်ချလက်ချပြောစမ်းပါတော်…”
ရှင်ညိုစကားကြားတော့ မနှင်းအိကကြမ်းပေါ်မှ စွေ့ခနဲ.ထ၍ ရှင်ညိုအနားကိုရောက်လာခဲ့သည်။
ရှင်ညိုရဲ့လက်မောင်းကိုကိုင်ပြီး အားကိုးဟန်နဲ့…
“ရှင်ညိုရယ်….အစ်မကို ကူညီပါဦး…”
ဟုပြောလေတော့သည်။
“အစ်မမှာ ဘာတွေများအခက်တွေ့နေလို့လဲ…”
“အခက်တွေ့ဆိုရင်ငါ့အိမ်ကငါ့ကို
ယောက်ျားပေးစားတော့မှာရှင်ညိုရဲ့”
“ဟင်…ဘယ်သူနဲ့လဲ”
“မသိပါဘူးဟယ်…သူတို့လူကြီးချင်း သဘောကျတဲ့သူတဲ့…ငါတော့ ကိုကိုသန်းကလွဲပြီးတခြားသူကို မယူနိုင်ဘူးရှင်ညို”
“ကိုကိုသန်း….ဘယ်က ကိုကိုသန်းကိုပြောနေတာလဲ
ကျုပ်အစ်မရဲ့”
“ဘယ်က ကိုကိုသန်း မှာလဲ…
လူပျိုကြီး ကိုဖေသန်းကို ပြောတာပေါ့ရှင်ညိုရယ်”
“နေစမ်းပါဦး လူပျိုကြီးကိုဖေသန်းနဲ့ အစ်မနဲ့က…”
ရှင်ညိုမေးတော့ မနှင်းအိက ရှက်ဟန်ဖြင့် ခေါင်းကို
ငုံ့သွားသည်။
“အမယ်လေး…ဖြေမှာသာဖြေစမ်းပါအစ်မရယ်…
ရှက်နေလို့လည်းမထူးတော့ပါဘူး…
အစ်မမွှေထားတဲ့ကိစ္စက သေးသေးလေး
မဟုတ်ဘူးနော်အစ်မ…တော်နေသူကြီးက
အပြစ်ပေးနေမှကြီးကောင်ကြီးမားနဲ့ထိပ်တုံးစာမိနေဦးမယ်…”
“အယ်…အဲ့သည်လိုတော့မဖြစ်ပါရစေနဲ့ရှင်ညိုရယ်…
အစ်မပြောပါ့မယ်…ဒီလိုပါဟယ်…ကိုဖေသန်းနဲ့ငါနဲ့က
ချစ်နေကြတာ…အဲ့တာကို အိမ်က
အမေ့ကိုဖွင့်ပြောပြရာက…အမေတင်မကဘူး
တစ်အိမ်လုံးသိသွားခဲ့တာပဲရှင်ညိုရယ်…
ကိုဖေသန်းလို လူရိုးလူအေးကြီးက မချမ်းသာတော့
သဘောမတူကြဘူးတဲ့လေ…
ငါတို့ကလည်း တိုင်ပင်ထားပါတယ်ဟယ်…
သူလည်းကြိုးစားမယ် ငါလည်းအတူတူ
ရုန်းကန်မယ်လို့ပေါ့…အခုကျတော့ ငါ့ကို
ကိုဖေသန်းနဲ့သဘောမတူဘူးဆိုပြီး
တခြားရွာကလူနဲ့ပေးစားဖို့ကြံနေကြတယ်ရှင်ညိုရဲ့”
မနှင်းအိခမျာလည်း ရှင်ညိုကိုရှင်းပြနေရင်းမှ
မျက်ရည်များကျလာခဲ့သည်။
မနှင်းအိကိုကြည့်ပြီး ရှင်ညိုလည်း
စိတ်မကောင်းဖြစ်မိ၏။
“အဘွားက ဒါကြောင့်လည်းကျုပ်ကိုဒီဆီအရအမိ
လွှတ်လိုက်တာပဲအစ်မရဲ့…အဘွားလည်းအစ်မအကြောင်း
ကြိုသိနေပုံရတယ်…ကဲပါလေ…အစ်မကို
ကူညီီဖို့ ကျုပ်စဥ်းစားစမ်းပါ့မယ်…”
ရှင်ညိုလည်း မနှင်းအိကိုပြောပြီးနောက် ကူညီနိုင်မယ့်နည်းလမ်းကို စဥ်းစားရှာတော့သည်။
ခဏမျှကြာတော့…
“ကျုပ်အကြံရပြီအစ်မ…အစ်မဘက်က ကျုပ်ပြောသလို
လုပ်နိုင်ပါ့မလား”
” ဘာများလဲရှင်ညို…ငါ့ကိုအရင်ပြောပြလေဟယ်…”
“ဒီလို….အစ်မချစ်တဲ့သူနဲ့ပဲအစ်မလက်ထပ်
ချင်တယ်မဟုတ်လား…”
ရှင်ညိုအမေးကို မနှင်းအိက ခေါင်းကို အဆင်မပြတ်
ငြိမ့်၍ဖြေသည်။
“အေးလေ…ငါချစ်တဲ့သူနဲ့ပဲ
ငါလက်ထပ်ချင်တာပေါ့…”
“ဒါဆို…ကျုပ်ပြောသလိုလုပ်ပေတော့အစ်မ…
ဒီလို……….”
ရှင်ညိုက မနှင်းအိရဲ့နားအနီးဆီကို တိုးကပ်ပြီး
သူ့ရဲ့အကြံအစည်ကိုပြောပြလေတော့သည်။
မနှင်းအိကတော့ ခေါင်းကိုညိတ်လိုက် ပြုံးလိုက်နဲ့
ရှင်ညိုပြောသမျှ နားထောင်နေခဲ့၏။
ပြောလို့ပြီးလေတော့မှ လူချင်းခွာလိုက်ကြသည်။
“ကဲ…အစ်မ…ကျုပ်ပြောသလိုသာ လုပ်ပေတော့…”
ရှင်ညိုစကားဆုံးတော့ မနှင်းအိက အခန်းထဲရှိသမျှ
ပစ္စည်းတွေကိုပေါက်ခွဲပြီး…
“မရဘူး…နင်တို့ငါပြောသလိုလုပ်မှရမယ်…
မဟုတ်ရင်တော့ ငါ့နှမလေးကိုငါပြန်ခေါ်သွားရမယ်ဟဲ့”
“ရှင်ညို…အဆင်ပြေရဲ့လား…
ဘွားကိုပြေးခေါ်ရမလား”
အောက်ထပ်ကလူတွေအပေါ်ထပ်ကို ရောက်လာကြသည်။
မနှင်းအိက ဒေါသတကြီးအော်ဟစ်နေတာကိုကြည့်ပြီး
အခန်းထဲကို ဘယ်သူမှဝင်မလာရဲဘဲ အခန်းပေါက်ဝ၌သာ
ရပ်ကြည့်နေကြသည်။
“ကြီးတော်နဲ့ဦးကြီးတို့…ဦးကြီးတို့ရဲ့သမီးကိုကျုပ်
ကုပေးဖို့ကအတော်ကိုနောက်ကျသွားပြီ…”
“ဟေ…ဘယ်လိုများဖြစ်ရတာလဲရှင်ညိုရယ်”
“ဟုတ်ပါ့ရဲ့ ဘယ်လိုများဖြစ်ရတာလဲရှင်ညိုရယ်”
ဒေါ်စန်းနဲ့ ဦးသီလက ရှင်ညိုကိုမေးကြသည်။
သူတို့က မနှင်းအိရဲ့မိဘတွေဖြစ်ကြ၏။
“ကြီးတော်တို့သမီးမှာပူးကပ်နေတာ တခြားမဟုတ်ဘူး…
သူ့ရဲ့ဘဝဟောင်းက အစ်ကိုတော်ဖြစ်နေတယ်ကြီးတော်…
မနှင်းအိစိတ်ဆင်းရဲနေတာကို မကြည့်ရက်လို့ သူ့နှမကို
သူပြန်ခေါ်သွားတော့မယ်တဲ့”
“ဘယ်လို…ငါ့သမီးကိုပြန်ခေါ်မယ်…ဟုတ်လား”
“ဟုတ်တယ်…ငါ့နှမလေးစိတ်ဆင်းရဲနေတာကို
ငါမကြည့်ရက်ဘူးဟဲ့…ဘယ့်နဲ့ စိတ်ချမ်းသာရအောင်လို့ လူ့ပြည်ကိုလွှတ်လိုက်ပါတယ်…အခုတော့နင်တို့လက်ထဲမှာငါ့နှမလေးက မျက်ရည်နဲ့.မျက်ခွက်ကိုဖြစ်နေပါကောလားဟဲ့…”
“အမယ်လေး…အစ်ကိုတော်ရယ်…
အစ်ကိုတော်နှမကိုစိတ်ချမ်းသာအောင်ထားပါ့မယ်…
ပြန်တော့မခေါ်ပါနဲ့အစ်ကိုတော်ရယ်…”
ဒေါ်စန်းက လက်အုပ်ကြီးချီပြီး ရှိခိုးမတတ်ပြောရှာသည်။
ဒေါ်စန်းကိုကြည့်ပြီးရှင်ညိုစိတ်မကောင်းသော်လည်း
စမိတဲ့ဇာတ်မို့ ဆုံးအောင် ကရတော့မည်ဖြစ်၏။
“ကျုပ်မေးပေးပါ့မယ် ကြီးတော်ရယ်…
စိတ်ကိုလျော့ထားပါဦး”
ရှင်ညိုကဒေါ်စန်းကို နှစ်သိမ့်ပြီး ခါးကြီးထောက်၍
လက်ညိုးကြီးတထိုးထိုးဖြင့် မကျေမနပ်ဖြစ်နေတဲ့
မနှင်းအိကိုကြည့်ကာ….
“အစ်ကိုတော်က ဘယ်လိုများစီမံပေးမှ
ကျေနပ်နိုင်မှာလဲ…မနှင်းအိကိုတော့ သူ့ရဲ့ရှိမြဲအသက်အတိုင်းထားထားပေးပါ…အစ်ကိုတော့်ဘက်ကဖြစ်ချင်တာကိုသာပြောပါ…မနှင်းအိမိဘများကလည်း အစ်ကိုတော့်စကားအတိုင်းလုပ်ပေးကြမှာပါ…ဟုတ်တယ်နော်ကြီးတော်…”
“အေး….ဟုတ်…ဟုတ်ပါတယ်…ရှင်ညို ပြောတာဟုတ်ပါတယ်”
ဒေါ်စန်းက ပြာပြာသလဲခေါင်းညိတ်ရှာသည်။
“ငါ့နှမလေးက ဘာကြောင့်စိတ်ဆင်းရဲနေရတာလဲ
အဲ့တာကိုအရင်ပြောကြစမ်း…”
ဒေါ်စန်း မဖြေနိုင်ဘဲ နှုတ်ပိတ်သွားသည်။
“ကြီးတော်…ဖြေလိုက်လေ…ကြီးတော်သိထားတယ်မဟုတ်လား…သိထားရင်လည်းပြောလိုက်ပါကြီးတော်ရယ်…အစ်ကိုတော်ကသူ့ကိုလိမ်ရင် စိတ်ဆိုးလိမ့်မယ်နော်…သူကြမ်းရင်ကျုပ်လည်းဝင်ကူနိုင်မှာမဟုတ်ဘူး…”
ရှင်ညိုစကားကြောင့် ဒေါ်စန်းသက်ပြင်းချသည်။
ခေါင်းကိုညိတ်ပြီး…
“ကျုပ်သိပါတယ်…ကျုပ်သမီးက သူချစ်တဲ့သူနဲ့
ခွဲခံထားရလို့ ဝမ်းနည်းနေရှာတာပါ အစ်ကိုတော်ရယ်…”
“ငါသိတာပေါ့…ငါသိပ်သိတာပေါ့…
နင်တို့…နင်တို့က ငါ့နှမလေးကို နှိပ်စက်နေကြတာ…
သူနဲ့ချစ်ကြိုက်နေတဲ့ မောင်ဖေသန်းဆိုတဲ့ကောင်လေးက
လူကောင်းလေး…သူက ငါ့နှမလေးကို စောင့်ရှောက်မှာ
ကြီးပွားအောင်လို့လည်း ကြံဆောင်ရှာမှာ…
ငါကတော့သဘောတူတယ်ဟေ့…
ငါ့နှမစိတ်ချမ်းသာမယ်ဆိုရင်
ငါကတော့သဘောတူပြီးသားပဲ…”
“ဖြစ်…ဖြစ်ပါ့မလားအစ်ကိုတော်ရယ်…”
“မဖြစ်စရာအကြောင်းရှိလို့လား…
ငါကိုယ်တော်တိုင်ပြောနေတဲ့စကားဟဲ့…
နင်တို့တွေငါ့နှမကို ဒီသူငယ်နဲ့သဘောမတူနိုင်ရင်တော့
ငါကတော့ငါ့နှမကိုပြန်ခေါ်ရတော့မှာပဲ…
ကဲ…ဘယ့်နဲ့ရှိစ…ဆုံးဖြတ်ကြစမ်း…”
ဒေါ်စန်းနဲ့ဦးသီလတို့ အခက်တွေ့သွားကြသည်။
သမီးဖြစ်သူကို မောင်ဖေသန်းနဲ့သဘောမတူသော်လည်း
သမီးဖြစ်သူစိတ်မပျော်ရင် အသက်နုတ်ကာခေါ်သွားခံရ
မည့်အရေးကြောင့် စိတ်နှစ်ခွဖြစ်ကာ ဗျာများသွားကြရှာသည်။
“ကဲလေ…သမီးအသက်ထက်တော့ဘယ်အရာမှအရေးမကြီးဘူး…ကျုပ်သမီးလေးကို မောင်ဖေသန်းနဲ့
ပေးစားပါ့မယ်တော်…”
“ကောင်းပြီ ကိုယ့်ကတိကိုယ်တည်ဖို့သာကြံကြတော့
နှစ်ရက်လောက်နေရင်ငါ့နှမလေးကို မောင်ဖေသန်းနဲ့
လူကြီးချင်း စကားပြောဖို့ပြင်ထား…
ငါပြောသလိုမလုပ်ရင်တော့ ငါ့နှမအသက်ကို တစ်ခါထဲနုတ်သွားပြီသာ မှတ်ကြတော့……..”
ဟုပြောအပြီး မနှင်းအိတစ်ယောက် ကြမ်းပေါ်ကို ခွေခနဲ
လဲကျသွားတော့သည်။
ရှင်ညိုက မနှင်းအိကို ပွေ့ကာထားရ၏။
“ကြီးတော်…မနှင်းအိကို ကုတင်ပေါ်တင်ရအောင်…”
“ဖယ်…ဖယ်ရှင်ညို…အစ်ကိုပွေ့တင်လိုက်မယ်…”
မနှင်းအိရဲ့အစ်ကိုကနှမဖြစ်သူ မနှင်းအိကို
ကုတင်အထက်သို့ပွေ့ကာတင်လိုက်သည်။
“သမီး…နှင်းအိ…သတိထားဦးလေ”
“ကြီးတော်…မနှင်းအိ မကြာခင်သတိရလာမှာပါ
အခုတော့ သူလည်း အနားယူပါစေဦး…”
“အေး…အေးပါ ရှင်ညိုရယ်…
ကြီးတော်ဖြင့် စိတ်ညစ်လိုက်တာအေ”
“စိတ်မညစ်ပါနဲ့ကြီးတော်…
အစ်ကိုတော်ကလည်း အကြောင်းမဲ့တော့ ပေးစားခိုင်းမှာမဟုတ်ဘူး…သူလည်းသူ့နှမလေးစိတ်ချမ်းသာပျော်
ရွှင်မှာကိုမြင်လို့သာ ပေးစားခိုင်းတာထင်ပါရဲ့…
အဲ့တာကြောင့်ကြီးတော်လည်း ကြီးတော်ပေးထားတဲ့
ကတိကိုတည်ဖို့ ကြိုးစားပါ”
“အေးပါရှင်ညိုရယ်…ကြီးတော် ကတိတည်မှာပါအေ”
ဒေါ်စန်းရဲ့အဖြေကိုရှင်ည်ိုကျေနပ်သွားသည်။
စိတ်ထဲ၌လည်း မနှင်းအိကို ကူညီနိုင်လိုက်ပြီးမို့
စိတ်အေးသွားခဲ့ရ၏။
“အရီး…ကျုပ်တို့လည်းပြန်ကြစို့လေ…
အဘွားလည်း ထမင်းစားစောင့်နေလောက်ရောမယ်”
“အေးလေ…မှောင်တောင်မှောင်နေပြီ…
ပြန်ကြတာပေါ့ရှင်ညို…
မစန်း…ကျုပ်ပြန်ပြီနော်…”
ဒေါ်ဝင်းကအားလုံးကို နှုတ်ဆက်ပြီး ရှင်ညိုနဲ့အတူ
အိမ်သို့ပြန်လာခဲ့တော့သည်။
“အဘွား…ထမင်းဆာနေပြီလား…”
လွယ်အိတ်ကိုချွတ်နေရင်းနဲ့ ရှင်ညိုက ဘွားမယ်စိန်ကို
မေးလိုက်သည်။
“ရပါတယ်သမီးရယ်…
ဟိုမှာအဆင်ကောပြေခဲ့ရဲ့လား”
ဘွားမယ်စိန်ကမေးတော့ ရှင်ညိုက ပြုံး၍ခေါင်းညိတ်သည်။
ရှင်ညိုကအပေါ်ထပ်ကို လွယ်အိတ်တက်ထားနေစဥ်…
ဒေါ်ဝင်းက ထမင်းပွဲ၊ဟင်းပွဲများခူးခပ်ကာ ချနေရင်း…
“အမေသိလား…နှင်းအိရဲ့ဘဝဟောင်းက
အစ်ကိုဝင်ပူးတာတဲ့တော့်…
သူ့နှမလေးစိတ်ဆင်းရဲနေတာကိုမကြည့်ရက်လို့
ပြန်ခေါ်မယ်ပြောနေတာ..
မစန်းဖြင့်သူ့သမီးကိုပြန်ခေါ်မှာဆိုးပြီး ငိုနေရှာတာ
သနားစရာပါအမေရယ်…
သြော်ပြီးတော့…နှင်းအိက လူပျိုကြီး ဖေသန်းနဲ့
ကြိုက်နေတာတဲ့…အဲ့တာ မစန်းတို့က
သဘောမတူကြဘူးတဲ့အမေရယ်…
အခုကျတော့ဖြင့် အစ်ကိုတော်က သူ့နှမလေး
စိတ်ဆင်းရဲနေလို့ပြန်ခေါ်မယ်လို့လည်းပြောကော ချက်ချင်းကိုဖေသန်းနဲ့ သဘောတူသွားရောပဲအမေရယ်…”
“အေးပေါ့…သားသမီးကိုအဆုံးရှုံးမခံနိုင်တဲ့
စိတ်ပေါ့မိဝင်းရယ်…”
“ကျုပ်တော့ နှင်းအိနဲ့ဖေသန်းကိုသဘောတူတယ်အမေ…
ဟိုက လူရိုးလူအေးပေမယ့် နှင်းအိခိုင်းရင်
ကုန်းကျုံးလုပ်မယ့်သူ အမေရဲ့…
သူတို့သာယူရင် စီးပွားတက်လောက်တယ်…”
“အေးပေါ့…ညည်းတူမရှင်ညိုကတော့
ဒီအတွဲလည်းအောင်သွယ်ကောင်းသွားပြန်ပြီပေါ့”
“ရှင်….ဒါကရှင်ညိုနဲ့မဆိုင်ပါဘူးအမေရယ်…
သူတို့ကိစ္စက ရှင်ညိုမသွားခင်ကတည်းက
ဖြစ်နေတာလေ…”
“အေးပါအေ…ကဲ…ကဲ…ထမင်းစားကြဦးစို့…
ထမင်းစားပြီးမှ ညည်းသမီးကိုသွားခေါ်ချေဦး…
ဒီကလေးက မခေါ်မချင်း ပြန်လာမှာမဟုတ်ဘူးအေ့”
“ဟုတ်ကဲ့ပါအမေ…”
ဘွားမယ်စိန်က စကားကိုရပ်လိုက်တော့ ဒေါ်ဝင်းလည်း
ထမင်းစားဖို့ဝင်ထိုင်လိုက်တော့သည်။
ရှင်ညိုကတော့ ဘွားမယ်စိန်ပန်းကန်ထဲသို့
ပဲသီးသုပ်ကို ဦးချကာထည့်ပေးလိုက်လေသည်။
နောက်တစ်နေ့နံနက်ရောက်တော့ ရွာထဲမှ
အပျိုမတစ်သိုက်ရှင်ညိုဆီကိုရောက်လာကြသည်။
“ရှင်ညိုရေ…ကိုဖေသန်းနဲ့ မနှင်းအိတို့အကြောင်းရွာထဲမှာပျံ့လို့အေ…ညည်းကိုလည်းဝိုင်းပြီးချီးကျုးနေကြတယ်တော့်”
“ဟုတ်ပါ့အေ…မနှင်းအိကိုသူ့အစ်ကိုတော်
ပြန်မခေါ်သွားအောင်ရှင်ညိုက ကူညီခဲ့ရတာဆိုပြီး
သတင်းကိုမွှေးလို့”
“ဟဲ့ကောင်မတွေ ညည်းတို့ပြောမှငါ့တူမက
သတင်းမွှေးတာမဟုတ်ပါဘူးအေ…
ငါ့တူမသတင်းကအစကတည်းကမွှေးပြီးသားပါအေ့”
ဒေါ်ဝင်းရဲ့စကားကြောင့် ရွှေမိတို့ အပျိုတစ်သိုက်
ဇတ်ကလေးများပုသွားကြသည်။
“အရီးကလည်းတော်…ကျုပ်တို့က ရွာထဲကသတင်း
ရှင်ညိုသိအောင်လာပြောပြတာပါ…
အရီးတူမက အိမ်ထဲကအိမ်အပြင်တောင်
အကြောင်းရှိမှထွက်တာလေ…ရွာထဲကသတင်းက
ကျုပ်တို့ပြောမှသူကသိတာ…
ဟုတ်တယ်နော်ရှင်ညို”
ရွှေမိစကားကို ရှင်ညိုက ပြုံး၍ ခေါင်းညိတ်လေတော့
ဒေါ်ဝင်းက မျက်စောင်းထိုးလေသည်။
ဒေါ်ဝင်းတစ်ယောက် ခမောက်ကြီးဆောင်းပြီး
ရွာထဲထွက်သွားတော့မှ အပျိုမတွေရဲ့အသံက
တဆာဆာ ထွက်လာခဲ့တော့၏။
ထိုသို့ဖြင့် ဘွားမယ်စိန်နဲ့ လူပူး ဆိုတဲ့ဇာတ်လမ်းလေးလည်း တိတ်တဆိတ်ပင်ပြီးဆုံးသွားခဲ့ပါတယ်။
ဇာတ်လေးလေးက ဖြစ်ရပ်မှန်ကို အခြေခံကာရေးသားထားတာဖြစ်လို့ အရေးအသားပေါ့လျော့တာရှိရင်
စာရေးသူရဲ့ ညံ့ဖျင်းမှုကြောင့်လို့ပဲ ပြောပါရစေ။
ဘွားမယ်စိန်ကိုအမြဲတစေအားပေးနေကြတဲ့
ပရိတ်သတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်
ယဥ်မင်း(ကန့်ဘလူ)