ဘွားမယ်စိန်နှင့် လင်သူတော်မယားစုန်းမ

ဘွားမယ်စိန်နှင့် လင်သူတော်မယားစုန်းမ


ရှင်ညိုတစ်​ယောက်လွယ်အိတ်ကြီးကိုလွယ်ပြီး
ရွာလမ်းအတိုင်းလျှော​က်လာခဲ့သည်။

“ရှင်ညို…ဘယ်သွားမို့လို့လဲအေ့…”

ရှင်ညိုနဲ့ လမ်းမှာဆုံ၍မေးကြသူများကို
ရှင်ညိုက မမြင်၊မကြားဟန်ဖြင့် လှည့်၍မဖြေဘဲ
သူ့လမ်းသူသာ ဆက်လျှောက်သွားခဲ့သည်။

“ရှင်ညိုကိုကြည့်ရတာ တစ်မျိုးပဲအေ့…
စိတ်များဆိုးနေသလားမသိဘူးနော်…”

“ဟုတ်မယ်အေ့…ငါတို့မေးတာကိုတောင်
မမြင်ဟန်ဆောင်သွားတာဆိုတော့ တစ်ခုခု ဖြစ်နေပုံရတယ်”

ရွာသူတို့က ရှင်ညိုအကြောင်းပြောရင်းရွာလမ်းမအထက်၌ကျန်ရစ်ခဲ့ကြသည်။
ရှင်ညိုသည်က ရွာအပြင်ဘက်ရှိ တမာတန်းဆီကိုသာ
ထွက်လာခဲ့တော့၏။

“ဟူးး….”

တမာပင်အောက်မှာထိုင်ရင်း ရှင်ညိုသက်ပြင်းချမိသည်။

“မမရှင်ညို…”

“ဟော…ပိန်သေးမ…
ဒါဘယ်သွားဆော့မလို့တုန်းအေ့…”

“ကျုပ်က မမရှင်ညိုကိုတွေ့လို့လိုက်လာတာ…”

“ဟင်…ဒါဖြင့် ရွာထဲကနေလိုက်လာတာပေါ့…
ပြောစမ်းပါဦး…ညည်းက အစ်မနောက်ကိုဘာကြောင့်
လိုက်လာရတာလဲအေ့”

“မမရှင်ညိုကို စိတ်မချလို့ပေါ့တော်…”

“အစ်မကိုစိတ်မချလို့ ဟုတ်လား”

ပိန်သေးမက ရှင်ညိုရဲ့အမေးကိုပြုံး၍
ခေါင်းညိတ်ပြလေသည်။

“အရီး…ကျုပ်တို့ကိုခေါ်တယ်ဆို”

မောင်တိုးနဲ့မောင်အုန်းကို နန်းကြိုင်က သွားခေါ်လာခဲ့သည်။အရေးကြီးတယ်ဆိုလို့ မောင်တိုးတို့လည်းချက်ချင်းပင်လိုက်လာခဲ့ကြရှာ၏။

“ဟောဗျာ…လေးလေးလည်းရောက်နေတာပဲဗျ…”

ဒေါ်ဝင်းကိုမေးနေကြရင်းမှဘေးကိုကြည့်လိုက်တော့
ဘွားမယ်စိန်နဲ့ကွပ်ပျစ်ခင်းမှာအတူထိုင်နေခဲ့တဲ့
ဘိုးကြည်ကို မောင်တိုးတို့တွေ့သွားခဲ့သည်။

“အေး…ငါ့တူတို့နေကောင်းကြတယ်နော်…”

“ကောင်းပါတယ်လေးလေး…”

ဘိုးကြည်ရောက်နေတာကိုမြင်တော့ မောင်တိုးတို့လည်း
အခြေအနေကိုနားလည်သွား၏။

“နင်တို့ညီမကို သွားရှာစမ်းပါဦးဟယ်…
အကျိုးအကြောင်းပြောမယ်လုပ်တုန်း စိတ်ဆိုး၊မာန်ဆိုးနဲ့
ထွက်သွားလေရဲ့”

“ဟာဗျာ…အရီးတို့ကလည်းရှင်ညိုကိုတစ်ယောက်ထဲ
လွှတ်လိုက်ပြန်ပြီလား…”

“မလွှတ်ရပါဘူးဟယ်…သူ့ဘာသာသူစိတ်ဆိုးပြီး
ထွက်သွားတာပါ…အဲ့တာကြောင့်လည်း
နင်တို့ကိုခေါ်ခိုင်းရတာပေါ့မောင်တိုးရဲ့…”

“အရီးကလည်းဗျာ…ရှင်ညိုကစိတ်ကြီးတယ်…
ထွက်မသွားနိုင်အောင်တားကြပါရောလားဗျာ…”

“အမေ့ကိုအပြစ်မ​ပြောပါနဲ့ကိုကြီးတိုးရယ်…
မမကို ကျုပ်လည်းဝင်တားပါသေးတယ်…
မမက စိတ်တွေတအားကြီးဆိုးနေတာဆိုတော့
ကျုပ်တို့လည်းဆက်မတားရဲတော့လို့လွှတ်လိုက်ရတာပါတော်”

“အေးလေ…ဒါဆိုရင်တော့ ရှာရတော့မှာပေါ့ဟာ….
ပြီးမှပဲအကျိုးအကြောင်းဆက်မေးရတော့မှာပဲဗျာ…
ကဲ…ကဲ…ကိုကြီးအုန်းကျုပ်တို့သွားကြမယ်ဗျာ….ရှင်ညို
ရှိတတ်တဲ့နေရာတွေရှာကြတာပေါ့”

“အေးကွာ…သွားကြတာပေါ့…”

“ကျုပ်လည်း မမကိုအတူလိုက်ရှာမယ်…
ပေါက်စမတို့သုံးယောက်ကိုလည်း
အတူလိုက်ရှာခိုင်းရမယ်…အမေကျုပ်လည်းသွားပြီနော်…”

မောင်တိုးတို့ထွက်သွားပြီးနောက် နန်းကြိုင်ကလည်း
ရှင်ညိုကို ရှာဖို့ထွက်သွားတော့သည်။
ဒေါ်ဝင်းကတော့ သက်ပြင်းကြီးချ၍ ငူငူကြီးကျန်ရစ်ခဲ့သည်။ဘိုးကြည်ကလည်း မျက်နှာမကောင်းရှာ။
ဘွားမယ်စိန်ကတော့ ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို
ဖွာရှိုက်ရင်းသာငြိမ်သက်နေခဲ့လေသည်။

“ပေါက်စမ…ငါတို့ရွာအရှေ့ပိုင်းသွားရှာရင်ကောင်းမယ်ထင်တယ်…ကိုကြီးတိုးတို့က ဘုန်းကြီးကျောင်းထဲသွားရှာလောက်တယ်…”

“အေး…သွားကြမယ်ဟာ…”

“မမရှင်ညိုကလည်းလေ ကလေးလည်းမဟုတ်ဘူး
အိမ်ကထွက်သွားရတယ်လို့ဟာ…”

“စိုးအောင်…မင်းမသိဘဲဘာမှလျှောက်မပြောနဲ့…
လူကြီးတွေနဲ့နေရတာဘယ်လောက်တောင်စိတ်ညစ်ရလဲ
မင်းသိလို့လား…ဟိုဟာမလုပ်နဲ့ဒီဟာမလုပ်နဲ့
ဟိုဟာမဆော့နဲ့ ဆိုပြီး မျိုးစုံအပြစ်ပြောနေကြတာကွ…
ငါလည်းတစ်နေ့ကျရင်မမရှင်ညိုလို ထွက်သွားဖြစ်အောင်
ထွက်သွားဦးမယ်ကွာ…”

“အမယ်လေးပေတိုး…
မင်းက မျိုးစုံအောင်ဆော့လို့ မင်းအမေကဆူတာလေကွာ…မမရှင်ညိုက ကလေးမှမဟုတ်တာ…
ဘယ်သူကဆူမှာလဲကွ…
အရီးနဲ့အဘွားကလည်းမမရှင်ညိုကိုချစ်ကြပါတယ်ကွ
နော့ နန်းကြိုင်”

“ဟေ…ဒါဖြင့် ငါ့အမေက ငါ့ကိုမချစ်ဘူးလို့.မင်းပြောချင်တာပေါ့ ဟုတ်လားစိုးအောင်…”

“အေးလေကွာ…မင်းအမေကမင်းမချစ်လို့နေမှာပေါ့”

စိုးအောင်စကားကြောင့် ပေတိုးမျက်နှာကြီး
ရှုံ့မဲ့သွားသည်။

“ကဲ…နင်တို့စကားများမှာလား မမကိုကူရှာပေးမှာလားပြောကြ…နင်တို့ကူမရှာရင် ငါ့ဘာသာပဲသွားရှာတော့မယ်ဟာ…”

“ဟာ…နင်ကလည်းစိတ်ကြီးပဲ နန်းကြိုင်ရာ…
ငါတို့ကူရှာပေးပါ့မယ်ဟ…”

နန်းကြိုင်က ခြေကိုဆောင့်အောင့်ကာသွားလေတော့
ပေတိုးနဲ့စိုးအောင်၊လည်း ကုပ်ကုပ်ကလေးလိုက်လာကြတော့သည်။ပေါက်စမကတော့ ပေတိုးနဲ့စိုးအောင်ကို အလိုက်မသိကြလေခြင်းဟူသည့်အကြည့်ဖြင့်
မျက်စောင်းထိုးကာ ကြည့်လိုက်သည်။

“ဟိုလေးယောက် ဒါဘယ်လဲ”

“ဟင်…ဒီအသံကိုငါ ကြားဖူးသလိုပဲ”

“အေး…ဘယ်ကနေများအော်နေတာလဲ”

အရှေ့ဆီမှထွက်လာတဲ့အသံစူးစူးကလေးကြောင့်
ရှင်ညိုတို့လေးယောက် ခြေလှမ်းတွေရပ်သွား​ကြသည်။
ဘေးဘယ်ညာကိုကြည့်တော့လည်း လူရိပ်ကိုရှာမတွေ့ဖြစ်နေကြ၏။
မလှမ်းမကမ်း၌ရှိတဲ့ တမာပင်…ထနောင်းပင်တို့ကြောင့်
နေရာကလည်း အရိပ်ရသလိုဖြစ်နေခဲ့သည်။

“သရဲများခြောက်တာလားမသိဘူးနော်…
ငါကြောက်လာပြီကွ…”

“နေ့ခင်းဘက်ကြီးကို ဘယ်သရဲကခြော​က်မှာလည်းကွ”

“အေးလေဟယ်…သရဲဆိုလည်းမကြောက်ပါဘူး…
ငါတို့မှာအဘွားပေးထားတဲ့ကြိုးတွေရှိတာပဲ”

“ဟုတ်သားပဲ…ငါတို့လက်ကကြိုးကိုဒီသရဲကြောက်လောက်တယ်ဟ”

နန်းကြိုင်က လက်ကောက်ဝတ်မှာ ဝတ်ထားတဲ့
ချည်မန်ကြိုးအနီလေးကို ကြည့်ရင်း ပြောလိုက်တယ်။
လက်ကိုမပြီး…ဘေးဘယ်ညာကိုကြည့်တော့
ကျန်သုံး​ယောက်ကလည်းနန်းကြိုင်နည်းတူလုပ်ကြသည်။
ချည်မန်းကြိုးအနီလေးတွေက ဆော့ကစားကြတဲ့သူများပီပီ အရောင်ပင် ပျောက်လုလုဖြစ်နေခဲ့၏။

“ဟီးး..ဟီးး…ဟီး……”

“ဟ…သရဲက ရယ်တယ်ဟ…ကြည့်ရတာဒီကြိုးကို
မကြောက်ဘူးထင်တယ်”

“အေးဟုတ်လောက်တယ်…နန်းကြိုင်တစ်ခုခုလုပ်ဦးဟ”

“ငါကဘာလုပ်ရမှာလဲ…”

“ဟာ…နင်ကလည်း နင့်အဘွားနဲ့နင့်အစ်မတောင်
ဒီသရဲတွေကိုနိုင်တာ နင်လည်း နိုင်လောက်တယ်လေ…
လုပ်စမ်းဟာ..ဒီသရဲကို အပြစ်ပေးလိုက်စမ်း…”

“ဟာ…ငါက ဘုရားစာပဲရတာဟ…
မမနဲ့အဘွားလို ဂါထာတွေဘာတွေ ငါမရဘူး…”

“ဘုရား…ဘုရား…ဒါဆိုငါတို့တော့ဒီသရဲကြောင့်
သေရတော့မယ်ထင်ပါရဲ့ဟာ…”

“ဟီး…ဟီး….ဟီး…..”

ရယ်မောသံစူးစူးလေးကဆက်လက်ထွက်ပေါ်နေတာကြောင့် နန်းကြိုင်တို့လေးယောက်မှာ ကြောက်လွန်း၍
လေးယောက်သာစုနေခဲ့တော့သည်။

“မမ…မမရေ…ကျုပ်တို့ကိုကယ်ပါဦး…”

နန်းကြိုင်ကအသံကျယ်ကျယ်နဲ့အော်လေတော့
ကျန်သုံးယောက်ကလည်း…

“မမရှင်ညိုရေ ကျုပ်တို့ကိုကယ်ပါဦးဗျ…
ဒီမှာသရဲက ကျုပ်တို့ကိုစားတော့မယ်ထင်တယ်…”

“မမရှင်ညိုရေ…ကျုပ်တို့ကိုကယ်ပါဦးဗျ…
အီးးးးးဟီးးးးးဟီးးးးးးးးးးးးး”

စိုးအောင်က တစ်ယောက်ထဲထူးပြီး ငိုသံထွက်နေခဲ့သည်။
ကလေး လေးယောက်ရဲ့အော်သံကြောင့် မလှမ်းမကမ်းမှာရှိတဲ့ တမာတန်းမှာထိုင်နေတဲ့ ရှင်ညိုပင် အထိတ်တလန့်ဖြစ်သွားခဲ့ရသည်။သေချာနားထောင်ကြည့်တော့
ညီမဖြစ်သူ နန်းကြိုင်ရဲ့အသံမှန်းသိကာ ချက်ချင်းပင်အသံကြားရာဆီကို ပြေးလာခဲ့မိ၏။

“ညီမလေး…ညီမလေးဘာဖြစ်လို့လဲ…
ညီမလေး…”

“မမ…မမကျုပ်တို့ကိုကယ်ပါဦး”

“မမရှင်ညိုသားတို့က်ိုလည်းကယ်ပါဦး”

ရှင်ညိုရောက်လာတော့ နန်းကြိုင်တို့လေးယောက်က
ရှင်ညိုကိုပွေ့ဖက်ထားပြီး ငိုယိုကြလေသည်။

“ဘာဖြစ်လို့လဲညီမလေး…ပေတိုး…ဘာဖြစ်ကြတာလဲ
အစ်မကိုသေချာပြောကြစမ်းပါ…”

“သရဲ…သရဲခြောက်ခံရလို့ပါမမရှင်ညို…
သားတို့ကို သရဲက စားတော့မယ်ထင်တယ်…
တဟီးဟီးနဲ့ရယ်နေခဲ့တာဗျ…”

“ဟင်…သရဲ…ဟုတ်လား”

ရှင်ညိုက မယုံကြည်ဟန်နဲ့မေးတော့ နန်းကြိုင်တို့လေးယောက်က ခေါင်းကိုပြိုင်တူညိတ်လိုက်ကြသည်။

“ဘယ်မှာလဲအဲ့သည်သရဲ…”

“မသိဘူး…သားတို့လည်းရှာတာပဲ သရဲကို သားတို့မှ
မမြင်ရတာ အသံပဲကြားနေရတာ…”

ပေတိုးစကားကြောင့် ရှင်ညိုမျက်မှောင်ကျုံ့လိုက်သည်။
ဖက်ထားတဲ့ နန်းကြိုင်တို့လေးယောက်ကို ဘေးကို
ဖယ်လိုက်ပြီး သရဲရှာရတော့၏။
မကြာပါ တမာပင်ဘေးကိုကြည့်မိတော့ ပြုံးပြုံးလေး
ထွက်လာတဲ့ ပိန်သေးမကိုတွေ့လိုက်ရတော့သည်။

“ပိန်သေးမ…ရွာထဲကိုမပြန်သေးဘဲ ဒီမှာ
ဘာလာလုပ်နေတာလဲ”

“ဟီး..ဟီး…မမရှင်ညိုတောင်ရောက်လာတာပဲ”

“ဟာ…စောစောကသရဲရယ်သံအတိုင်းပဲဟ…
ပိန်သေးမ နင်မကြောက်ဘူးလား…
ဒီမှာသရဲရှိတယ်…ငါတို့တောင်သရဲခြောက်ခံရလို့
မမရှင်ညိုရောက်လာတာဟ…”

“ကဲဟယ်…ဒီလောက်တောင်တုံးအ ရသလား…
ကဲဟယ်…”

နန်းကြိုင်က ပေတိုးရဲ့ခေါင်းကို အဆက်မပြတ်ခေါက်ချလိုက်လေတော့ ပေတိုးမျက်နှာကြီးညိုမည်းသွားသည်။

“မငိုနဲ့နော်…ငိုရင်ထပ်ခေါက်မှာ…
ပိန်သေးမ…စောစောက နင့်အသံမဟုတ်ဘူးလား…
ငါတို့ကို နင်လာခြောက်နေတာမဟုတ်လား”

“အဲ့တာကြောင့်အသံကြားဖူးတယ်လို့ထင်နေတာ…
ဒင်းအသံဖြစ်နေတာကိုး…ပိန်သေးမ…ငါနင့်ကို
အမေနဲ့တိုင်ပြောမယ်သိလား…”

“အခုမှ တိုင်မယ်တောမယ်လုပ်မနေနဲ့ပေါက်စမ…
ကိုယ့်ညီမအသံတောင်မမှတ်မိတဲ့အရူးမ…”

“ငါတင်မမှတ်မိတာလား နင်တို့လည်းအတူတူပဲလေ
နန်းကြိုင်ရဲ့”

လေးယောက်သားဖြစ်ပျက်နေတဲ့ပုံစံကိုကြည့်ရင်း
ရှင်ညိုနားလည်သွားသည်။
သူတို့ထက်ငယ်တဲ့ ပိန်သေးမရဲ့လူလည်ကျခြင်းကို
နန်းကြိုင်တို့လေးယောက် အကွက်ကျကျခံလိုက်ကြရသည်။

“ကဲ…တော်ကြပါတော့…
တော်တို့လေးယောက်ကဘယ်သွားကြမလို့လဲ
ပြောစမ်းပါဦး”

“ဟင်…ဟုတ်သားပဲ…ကျုပ်တို့က
မမကိုလိုက်ရှာနေကြတာမမရဲ့”

“ဟုတ်တယ်သားတို့က မမရှင်ညိုကိုလိုက်ရှာနေတာ…”

“အမယ်လေး တသားသားနဲ့နားတွေယားလိုက်တာ
ပေတိုးရယ်…”

“ဘာဖြစ်လဲကွာ…ငါပြောချင်သလိုပြောမှာပေါ့”

နန်းကြိုင်တို့ကိုကြည့်ပြီး ရှင်ညိုသက်ပြင်းချလိုက်သည်။

“မမကို ဘာလို့ရှာနေကြတာလဲပြောစမ်းပါဦး”

“အိမ်ကလူကြီးတွေက စိတ်ပူနေတယ်မမရဲ့…
ပြီးတော့ ကျုပ်လည်းစိတ်ပူတယ်…အဲ့တာကြောင့်
အိမ်ကိုပြန်လိုက်ခဲ့ပါနော်မမ..
ကိုကြီးတိုးနဲ့ကိုကြီးအုန်ကလည်းမမကိုလိုက်ရှာနေတယ်…”

“အင်းပါ…မမလည်း ရုတ်တရက်မို့ဒေါသနဲ့
ထွက်လာမိတာပါ…ညီမလေးတို့နဲ့မမပြန်လိုက်ခဲ့မှာပါ…”

“တကယ်နော်မမ…”

“ဟေးးးးးး….မမရှင်ညိုကပြန်လိုက်မယ်တဲ့ကွ”

နန်းကြိုင်တို့တတွေ ပျော်ရွှင်သွားကြသည်။
ရှင်ညိုကလည်းနန်းကြိုင်နဲ့ ပိန်သေးမရဲ့လက်ကိုဆွဲပြီး
ရွာထဲပြန်ဝင်လာခဲ့တော့၏။
ပေါက်စမတို့သုံးယောက်ကတော့ ပိန်သေးမကို
မျက်စောင်းတထိုးထိုးနဲ့နောက်မှလိုက်လာခဲ့ကြသည်။
ရွာထဲကိုရောက်လာတော့ ပုဆိုးကို ခပ်တိုတိုပြင်ဝတ်ရင်း
အလောသုံးဆယ်လျှောက်လာတဲ့မောင်တိုး၊မောင်အုန်းနဲ့
ဆုံကြလေသည်။

“အမယ်လေး…ရှင်ညို…
ငါတို့က ညည်းကိုလိုက်ရှာနေတာ…
ဘယ်တွေကိုများလျှောက်သွားနေတာလဲဟ”

“ကျုပ်ဘယ်မှမသွားပါဘူးကိုကြီးတိုးရယ်…
ကျုပ်တမာတန်းမှာသွားထိုင်နေတာပါ”

“တမာတန်းမှာသွားထိုင်နေတာဟုတ်လား…
အဲ့တာကြောင့်ကျုပ် ကိုကြီးအုန်းကိုပြောပါတယ်…
အဲ့သည်ကိုအရင်သွားရှာကြမယ်ဆိုတာ ကိုကြီးအုန်းကလက်မှမခံတာဗျာ…”

“ဟ…ငါလည်းဒီကလေးမ ဘုန်းကြီးကျောင်းထဲက
ကြာကန်မှာပဲရှိလောက်မယ်ထင်တာပေါ့ဟ”

“အခုတော့ဖြင့် မမကိုကျုပ်ကပဲအရင်ရှာတွေ့ခဲ့တာနော်
ကိုကြီးတိုး”.

“နင်တစ်ယောက်ထဲမဟုတ်ပါဘူးဟာ…
ငါတို့လည်းပါပါတယ်နန်းကြိုင်ရဲ့”.

“အေးပါ…နင်တို့လည်းပါတယ်…ဟုတ်ပြီလား”

“အမယ်…မမရှင်ညိုကို ကျုပ်ရှာတွေ့တာပါနော်…
ကျုပ်ပြောတာ ဟုတ်တယ်နော်မမရှင်ညို”

“ဟုတ်ပါ့….ဟုတ်ပါ့….”

ပိန်သေးမရဲ့စကားကို ရှင်ညိုကထောက်ခံတော့
နန်းကြိုင်တို့လေးယောက်ကလည်း ပိန်သေးမကို
မကြည်ကြည့် ဖြင့် ဝိုင်းကြည့်ကြတော့သည်။

ရှင်ညိုနဲ့မောင်တိုး၊မောင်အုန်းတို့ကလည်း ကလေးတစ်သိုက်နဲ့အတူ ဘွားမယ်စိန်တို့အိမ်ကို ပြန်လာခဲ့ကြသည်။
ရှင်ညိုပြန်လိုက်လာတာကိုမြင်တော့ ဒေါ်ဝင်းက
ကွပ်ပျစ်ပေါ်မှပြာပြာသလဲဆင်းလာပြီး…

“ရှင်ညို…ဘယ်တွေထွက်သွားတာလဲအေ…
အော်မရ…ခေါ်မရနဲ့ငါ့တူမရယ်…
အရီးဖြင့်စိတ်ပူနေတာအေ့”

“ကျုပ်ဘယ်မှမသွားပါဘူးအရီးရယ်…
ကျုပ်ရွာထဲခဏသွားတာပါ…”

“ကဲ…ကဲ…ဒါဖြင့် အပေါ်တက်နားချေဦး…
အရီးတို့ဘာမှမပြောတော့ဘူးနော်…
ငါ့တူမ စိတ်ရှိသလို…စိတ်ပျော်သလိုပဲနေနော်သိလား”

“အပေါ်မတက်တော့ပါဘူးအရီးရယ်…
ကျုပ် ဒီမှာပဲခဏထိုင်ပါဦးမယ်…”

ရှင်ညိုက ကွပ်ပျစ်မှာဝင်ထိုင်လိုက်သည်။
ဘွားမယ်စိန်က ရှင်ညိုကို အကဲခတ်သလိုကြည့်နေခဲ့၏။
ဘိုးကြည်ကလည်း ရှင်ညိုကို ညိုးငယ်တဲ့မျက်လုံး
များ​ဖြင့်ကြည့်နေတာမြင်တော့ ရှင်ညိုကပြုံးပြီး…

“လေးလေးနဲ့အတူတူ အင်ကြင်းမြိုင်ရွာကို
ကျုပ်လိုက်လာခဲ့ပါ့မယ်…”

“ဟင်…တကယ်ပြောတာလား တူမလေး…”

ဘိုးကြည်က ရှင်ညိုစကားကြောင့် အံ့သြသွားပြီး
သေချာအောင်ထပ်မေးလေသည်။
ရှင်ညိုကခေါင်းညိတ်၍…

“တကယ်ပြောတာပါလေးလေး…
ဘွားရှိန်ရဲ့ကျန်းမာရေးကအတော်ဆိုးနေတယ်ဆိုလို့
ကျုပ်လိုက်ခဲ့တာပါ…ဒါပေမယ့် ကျုပ်ဘက်က
သွေးသားတော်စပ်နေတဲ့အတွက် တာဝန်အရလိုက်လာခဲ့တာပါ ပြီးရင်​တော့ ကျုပ်ကို ပြန်လိုက်ပို့ပေးပါလေးလေး”

“စိတ်ချ…စိတ်ချ…တူမလေးပြန်ချင်တဲ့အချိန်
လေးလေးကိုယ်တိုင် ပြန်လိုက်ပို့ပေးမယ်သိလား…”

“ဟုတ်ကဲ့…အဘွား…စောစောက ကျုပ်ရဲ့အမူအရာအတွက်တောင်းပန်ပါတယ် နောက်ကိုမဖြစ်စေရပါဘူးလို့
အဘွားကို ကျုပ်ကတိပေးပါတယ်…”

“အေးပါအေ…ဘွားက ဘယ်လိုမှမဖြစ်ပါဘူး…
ငါ့သမီးအဆင်ပြေဖို့ပဲ လိုပါတယ်အေ…”

“ဟုတ်ကဲ့အဘွား”

“မမရှင်ညို…ကျုပ်တ်ို့ကို သံပုရာသီးသုပ်ကျွေးပါ့လား…
နော်မမရှင်ညို”

“ဟေ့ကောင်စိုးအောင် မင်းကလည်း ဒီမှာလူကြီးတွေစကားပြောနေတာကိုကွာ…ငတ်နေလိုက်တာများ”

“ဒါဆိုရင်မင်းကမစားဘူးပေါ့…”

“ဟ…မမရှင်ညိုသုပ်ကျွေးရင်တော့စားမှာပေါ့ကွာ…”

“ကဲပါ…မမသုပ်ကျွေးပါ့မယ်နော်…
ငရုပ်သီးစပ်မှ မငိုကြနဲ့နော်…”

“မငိုပါဘူးဗျာ…
မမလက်ရာဆိုကြိုက်ပြီးသားပါဗျ…”

“ကဲ…ဒါဆို သံပုရာသီးသွားခူးကြမယ်…
လာ…လာ…မမကိုဝိုင်းကူပေးကြဦး….”

ရှင်ညိုက နန်းကြိုင်တို့ကိုခေါ်သွားတော့သည်။
ထိုအခါမှ ကျန်ရစ်တဲ့မောင်တိုးနဲ့မောင်အုန်းက
ကွပ်ပျစ်မှာဝင်ထိုင်ရင်း…

“ဘွား…ဘွားရှိန်က ကျန်းမာရေးမကောင်းရှာဘူးလားဗျ…”

လို့မေးကြရာ…ဘွားမယ်စိန်ကခေါင်းကိုညိတ်၍…

“အေးကွယ်…မောင်ဘိုးကြည်က အဲ့တာကြောင့်ပဲ
သူ့တူမကိုလာခေါ်ရှာတာ…မိရှိန်ရဲ့ကျန်းမာရေးကလည်းသိပ်ပြီး အားမရဘူးလို့ပြောတယ်…ဘွားတို့ကလည်း
မောင်ရင်တို့နှမကိုချော့မော့ပြီးလိုက်သွားဖို့
ပြောရတာပေါ့ကွယ်….ဘွားတို့ကလူကြီးတွေဆိုတော့
နှစ်ဖက်ပြေလည်အောင်ပြောရတာပေါ့…
အဲ့သည်မှာပဲ မောင်ရင်တို့နှမက သူ့အတွက်
မတွေးပေးကြဘူးလို့ထင်ပြီး စိတ်ဆိုးမာန်ဆိုးနဲ့
ထ ထွက်သွားတော့တာပဲ…အခုလည်း
သူကိုယ်တိုင်သေချာစဥ်းစားခဲ့လို့အင်ကြင်းမြိုင်က်ိုလိုက်ဖို့အတွက်သဘောတူလက်ခံခဲ့တာနေမှာပေါ့ကွဲ့”

“ရှင်ညိုက သနားစရာပါဘွားရယ်…
မွေးကင်းစကလေးလေးကို ရက်ရက်စက်စက်
စွန့်ပစ်ခဲ့တုန်းကစွန့်ပစ်ခဲ့ပြီး…
အခုအကြောင်းစုံသိရပြန်တော့လည်း
သူ့ဘက်ကပဲအလျော့ပေးခွင့်လွှတ်နေရတာမဟုတ်လားဗျာ…”

“ဟုတ်ပါတယ်ကွာ…ဒါပေမယ့်
ကြီးတော်ကြီးကလည်းနောင်တတွေရနေရှာတာပါ…
လေးလေးတို့ကတော့ ကိုယ့်သွေးသားတွေပဲမို့လို့
နှစ်ဖက်ကြည့်ပေးရတာပေါ့ငါ့တူတို့ရယ်”

“လေးလေးကိုတော့အားနာပါတယ်ဗျာ…
ဘွားရှိန်က သူ့အကျိုးဆက်တော့သူခံသင့်တာပေါ့ဗျာ…
ကျုပ်တို့နှမလေးကသူ့ထက်ပိုပြီး
သနားစရာကောင်းတယ်ဗျ…”

“အေးကွာ….ဟုတ်ပါတယ်…လေးလေးလည်း
ဘာပြောရမယ်မသိတော့ပါဘူးကွာ…”

“ဘာမှမပြောပါနဲ့ဘိုးကြည်ရယ်…
ထမင်းစားဖို့ကျုပ်ပြင်ပေးပါ့မယ်…
စောစောကတည်းက သူ့တူမထွက်သွားတော့
ဘာမှမစားနိုင်ဖြစ်နေတာဟဲ့…
နင်တို့လည်းတော်ကြတော့…ငါ့ကို
ထမင်းဝိုင်းခူးပေးကြဦး…”

ဒေါ်ဝင်းကဘိုးကြည်ကိုပြောရင်း
မောင်တိုးနဲ့မောင်အုန်းကို ငေါက်လိုက်တော့သည်။
မောင်တိုးနဲ့မောင်အုန်းလည်း ခေါင်းကိုပြိုင်တူညိတ်လိုက်ကြပြီးဒေါ်ဝင်းနဲအတူမီးဖိုထဲ၌ ထမင်းခူး၊ဟင်းခပ်
ဝိုင်းကူနေခဲ့ကြရတော့သည်။

ဘိုးကြည်က ဘွားရှိန်ရဲ့ကျန်းမာရေးအခြေအနေကို
ပြောပြပြီးတဲ့နောက် ရွာကို လိုက်ခဲ့ဖို့အတွက်ရှင်ညိုကို
ချော့မော့ကာခေါ်ယူလေသည်။
ထိုအခါအဘွားဖြစ်သူဘွားရှိန်အပေါ်အမုန်းကြီးမုန်းနေတဲ့
ရှင်ညိုကလည်း မလိုက်နိုင်ဟုငြင်းဆန်ခဲ့သည်။
ကြားလူတွေဖြစ်တဲ့ဘွားမယ်စိန်နဲ့ဒေါ်ဝင်းတို့ကလည်း
ရှင်ညိုကို လိုက်သွားသင့်တဲ့အကြောင်းချော့မော့၍
ပြောတဲ့အခါရှင်ညိုက သူ့အတွက်မကြည့်ပေးကြကောင်းလားဆိုတဲ့အတွေးဖြင့် လွယ်အိတ်ကိုတက်ယူပြီးနောက်
ဒေါ်ဝင်းတားမြစ်နေတဲ့ကြားမှ အိမ်ကနေ
ထွက်သွားခဲ့ခြင်းဖြစ်သည်။
ရှင်ညိုတစ်ယောက်အိမ်မှထွက်လာခဲ့ပြီးနောက်
တမာတန်းမှာထိုင်ရင်းစိတ်ကို တည်ငြိမ်အောင်ကြိုးစားကာ အကျိုးအကြောင်းကိုပြန်လည်စဥ်းစားခဲ့ရှာသည်။
စိတ်ဆိုးခြင်း၊ဒေါသထွက်ခြင်းများ မရှိတော့လေမှ
ဘွားရှိန်ရဲ့ကျန်းမာရေးအခြေအနေကို စဥ်းစားရင်း
မချစ်သော်လည်း သွေးသားဆိုတဲ့စိတ်နဲ့ သွားတွေ့ဖို့အတွက်ဆုံးဖြတ်လိုက်တော့ခြင်းဖြစ်သည်။

ရှင်ညိုရဲ့ဆုံးဖြတ်ချက်ကြောင့် ဘွားမယ်စိန်တို့လည်း
ဝမ်းသာသွားခဲ့ကြသည်။
အင်ကြင်းမြိုင်ရွာဆီကို ဘိုးကြည်နဲ့အတူ မောင်တိုး၊မောင်အုန်းတို့ကလည်း အတူလိုက်ကြသည်။

“ကျုပ်တို့လည်းရှင်ညိုနဲ့အတူတူလိုက်ခဲ့မယ်ဗျာ…
ကျုပ်တို့နှမကို ကျုပ်တို့စောင့်ရှော​က်ပါ့မယ်ဘွား…
ကျုပ်တို့မပါရင်ဒီကလေးမ လုပ်ချင်ရင်လုပ်နေမှ
ပိုခက်ကုန်မယ်ဗျ…”

“ဟုတ်တယ်ဘွား…ကျုပ်တို့လည်းအတူတူလိုက်သွားပါရစေ…”

မောင်တိုးနဲ့မောင်အုန်းစကားကြောင့် ဘွားမယ်စိန်က
ဘိုးကြည်ကိုကြည့်သည်။
ဘိုးကြည်က ခွင့်ပြုဟန်ဖြင့်ခေါင်းကိုညိတ်ပြလေတော့

“အေးလေ…လိုက်ချင်ရင်လည်းလိုက်သွားကြပေါ့…
ဒါပေမယ့် သူများရွာမှာတော့ ဘယ်လိုပြဿနာမျိုးမှ
မရှိစေကြနဲ့နော်…ကြားကြသလား”

“ဟုတ်ကဲ့…စိတ်ချပါဘွား”

“ဒါနဲ့ နင်တို့မိန်းမတွေကိုရောပြောကြဦးနော်…သူတို့ကခွင့်ပြုပါ့မလားဟဲ့”

“ခွင့်ပြုပါတယ်အရီးရယ်…
ဒီလောက်ကတော့ ပူပန်နေစရာမလိုပါဘူးဗျာ…”

“အေးပါဟယ်…နင်တို့မိန်းမတွေခွင့်ပြုရင်တော့
လိုက်သွားကြပေါ့…နင်တို့လိုက်ရင်
ရှင်ညိုအတွက်ပိုတောင်စိတ်ချရသေးတယ်…”

ဒီလိုနဲ့မောင်တိုးနဲ့မောင်အုန်းတို့က ရှင်ညိုနဲ့အတူ
ဘိုးကြည်ရဲ့လှည်းဖြင့် အင်ကြင်းမြိုင်ရွာကို လိုက်လာကြတော့သည်။
အင်ကြင်းမြိုင်ရွာကို ရောက်တော့ မိုးပင်ချုပ်နေခဲ့ပြီဖြစ်၏။

“ဟ…ဝိုင်းထဲမှာလူတွေဆုံလို့ပါလား…
တစ်ခုခုများဖြစ်သလားမသိဘူးကွာ…”

ခြံဝန်းကျယ်ကျယ် တွင်တည်ဆောက်ထားတဲ့
နှစ်ထပ်ပျဥ်ထောင်အိမ်ကြီးရဲ့အရှေ့တွင် လူတွေ
ရပ်နေခဲ့သည်။
အားလုံးက အိမ်ကြီးထဲကိုစိတ်ဝင်တစားကြည့်နေခဲ့၏။

“ဘာဖြစ်တာလဲကွ…ဟေ့…ငါ့ကိုလည်းပြောကြစမ်းပါဦး”

“ဘိုးကြည်ပြန်လာပြီပဲဗျ…
ခင်ဗျားကြီးတော်ကြီးမှာဖုတ်ဝင်နေတယ်ဆိုပဲဗျ…”

“ဟ…ဒါဘယ်သူပြောတာလဲ…”

“အထဲမှာ ဆရာညွှန့်လည်းရောက်နေတယ်ဗျ…
ဝင်ကြည့်လိုက်ဦး ဘိုးကြည်…”

“ကွာ…အေးမိ ကတော့လုပ်ချင်ရာလုပ်နေပြန်ပြီ…”

ဘိုးကြည်က နွားလှည်းကိုပစ်ထားခဲ့ပြီး အိမ်ကြီးထဲ
ဝင်သွားသည်။
ရှင်ညိုတို့လည်း ဘိုးကြည်ရဲ့အနောက်မှလိုက်လာကြ၏။

“ဖြန်း…….ဖြန်း……..”

“ထွက်စမ်း….ဒီခန္ဓာကိုယ်ကနေထွက်သွားစမ်း….
ဖုတ်တစ္ဆေမ နင်မမှတ်သေးဘူးလား”

“အမယ်လေး….အေးမိ ကြီးတော်နာလှချည်ရဲ့အေ…
တော်ပါတော့…ငါနာလို့ပါအေ…”

အဝတ်အစားသန့်သန့်ပျံ့ပျံဝတ်ဆင်ထားပြီး
ကြိမ်လုံးကြီးကိုလက်ကတရွယ်ရွယ်နဲ့ကိုင်ဆောင်ထားတဲ့
နှုတ်ခမ်းမွှေးစစ နဲ့လူကြီးကဆရာညွှန့်ဖြစ်သည်။
ဘွားရှိန်ရဲ့အသံက အားပျော့လှစွာနာကျဥ်နေတာကိုပင်
အော်ဟစ်ဖို့ အင်အားရှိပုံမရ။
နံဘေး၌ အရီးအေးမိကလည်း မျက်ရည်လေးတစမ်းစမ်းနဲ့ ကြီးတော်ဖြစ်သူကိုကြည့်နေခဲ့သည်။

“ဟေ့…အေးမိ…ဒါဘာလုပ်နေတာလဲ”

“ဟင်…အစ်ကိုကြီး ပြန်လာပြီ…
ရှင်ညို…ရှင်ညိုလည်းပါလာတာပဲ”

ရှင်ညိုဆိုတဲ့အသံကြောင့် ဘွားရှိန်က ရှင်ညိုဆီကို
မျက်လုံးလေးအားယူဖွင့်ကာလှမ်းကြည့်ရှာသည်။

“ဒါဘာလုပ်တာလဲအရီး”

“ဟို…ဟိုလေ…ဆရာညွှန့်က ဖုတ်ထုတ်ပေးနေတာရှင်ညို”

“ဟုတ်တယ်ကလေးမ…ဘွားရှိန်ရဲ့ကိုယ်ထဲမှာ
ဖုတ်ဝင်စီးနေတာ…ကလေးမတို့မြင်နေရတာဘွားရှိန်မဟုတ်ဘူး…ဖုတ်ကွဲ့ … ဖုတ်…”

“ဖုတ်ဆိုတာဘာလဲ ကျုပ်သိတယ်…
အခုက သက်သက်ကြီး နှိပ်စက်နေကြတာပဲ…
ကျုပ်တို့မြန်မာလူမျိုးတွေက မရှိရင်တောင်းစား
သနားရင်ပေးကြပါတယ်…
သက်သက်ကြီး လိမ်စားနေတာတော့ ကျုပ်လက်မခံနိုင်ဘူး”

“ဘာပြောတယ်…ဟေ့…ညည်းစကားက
ငါ့ကိုစော်ကားနေတာပဲ…ညည်းက ငါ့ပညာကို စမ်းချင်တာလား”

“စမ်းချင်တာမဟုတ်ဘူး…
ကျုပ်ကအမှန်ကိုပြောနေတာ…
ကျုပ်စိတ်အတိုင်းသာလုပ်ရရင် တော်ကြီးဒီနေရာမှာပဲ
ခွေကျနေလောက်ပြီ…”

“ဟားးး…ဟားးးး….ဟားးး….ဟားးး…ဟားးး…
ညည်းကအတော်လေးမာန်တက်နေတာပဲ…
ဟေ့ အေးမိ….ငါကဒီရွာမှာဘာလဲဆိုတာ
နင့်ဧည့်သည်ကိုပြောပြလ်ိုက်စမ်း…”

“ရှင်ညို…စိတ်ကိုလျော့ပါတူမရယ်…
ဒီဘက်ကဆရာညွှန့်က ကြီးတော်သက်သာအောင်
ကုပေးနေတာပါ…”

အရီးအေးမိစကားကြောင့် ရှင်ညို နှုတ်ခမ်းကို
ဟင့်ခနဲ မှဲ့လိုက်သည်။

“ဒီမှာအရီး…ဘွားရှိန်မှာ ဘယ်ဖုတ်မှဝင်မစီးဘူး…
ဝင်စီးဖို့သာကြံစည်နေတာ…
ဒီလူကြီးက တကယ့်ဆရာဆိုရင်သိပါလိမ့်မယ်…
လူစင်စစ်တောင် မရိုက်မနှက်ဘဲဆုံးမလို့ရတဲ့နည်းလမ်းတွေရှိတာပဲ…သူတို့လိုဆရာတွေမှာလည်း စေတစ်လုံး
နှုတ်တစ်ပေါက်…အမိန့်တစ်ခွန်းနဲ့ စစ်လို့ရတာတွေ
ရှိတယ်ဆိုတာ သူမသိလေဘူးလားအရီးရဲ့…”

ရှင်ညိုရဲ့စကားကြောင့် ဆရာညွှန့်
မျက်နှာပျက်ကျသွားသည်။
ဘွားရှိန်ကတော့ ယဲ့ယဲ့လေးပြုံးနေခဲ့ရှာ၏။

“တောက်…ညည်းငါ့အကြောင်းသိစေရမယ်…”

ဆရာညွှန့်က ဒေါသထွက်ဟန်ဖြင့် ရှင်ညိုဆီလာဖို့ပြင်လေတော့ မောင်တိုးနဲ့မောင်အုန်းက ရှင်ညိုအရှေ့၌
ရပ်ကြသည်။ဘိုးကြည်ကလည်း…

“ဒီမှာမောင်ညွှန့်… ငါ့တူမကိုရန်ပြုဖို့တော့မစဥ်းစားနဲ့ကွ…
ဘိုးကြည်ဘာကောင်လဲဆိုတာမင်းသိပါတယ်နော်…”

ဟု…ဆရာညွှန့်ကိုသတိပေးလိုက်သည်။

“ဟေ့…မင်းတူမဆိုတဲ့ကောင်မက သူ့နေရာမှသူမနေတာကိုးကွ…ဒီရွာကလူတွေငါ့အပေါ်မှာလေးစားသလောက်
မင်းတူမက ငါ့ကိုစော်ကားနေတာမင်းလည်း
မြင်တယ်မဟုတ်ဘူးလားဘိုးကြည်…”

“ကိုကြီးတိုးတို့ဘေးကိုဖယ်ပါ…
ကျုပ်သူ့ကိုစော်ကားသလား…သူပဲလိမ်နေသလားဆိုတာ
ကျုပ်အဖြေရှာပေးပါ့မယ်”

“ဖြစ်ပါ့မလားရှင်ညို…”

“ဖြစ်တယ်ကိုကြီးတိုး…ကျုပ်ကိုယုံပေးပါ”

ရှင်ညိုစကားကြောင့် မောင်တိုးနဲ့မောင်အုန်းလည်း
ခေါင်းညိတ်သဘောတူကာ ဘေးကိုဖယ်ပေးလိုက်ကြသည်။

“အရီး…ဘွားရှိန်ကို ထူပေးထားပါ…”

အရီးအေးမိကလည်း ရှင်ညိုပြောသလို ဘွားရှိန်ကိုတွဲထူပေးထားရှာသည်။

“ဘွားရှိန်ကဘာနေ့သမီးလည်းအရီး”

“ဗုဒ္ဓဟူးသမီးပဲရှင်ညို…”

အရီးအေးမိအဖြေကိုခေါင်းတစ်ချက်ညိတ်ပြီးနောက်
ဘွားရှိန်ရဲ့ခေါင်းအထက်သူ့ရဲ့ညာဘက်လက်ကို
တင်လိုက်၏။
နှုတ်မှလည်း…

“ဗုဒ္ဓဟူးသမီးကိုနှောက်ယှက်ဖို့ကြိုးစားနေတဲ့
ပုဂ္ဂိုလ်အခုချက်ချင်း ဝင်စီးစေ…
ငါအမိန့်ပေးနေတယ် အခုချက်ချင်းလာခဲ့စမ်းဟဲ့”

ရှင်ညိုရဲ့အမိန့်ပေးသံကြောင့် အရီးအေးမိပင် ကြက်သီးများ ထသွားခဲ့သည်။
ဆရာညွှန့်ကတော့ ရှင်ညိုလုပ်သမျှကို မျက်တောင်
မခတ်ဘဲ ကြည့်နေခဲ့၏။
ထိုအခိုက်မှာပင်
ဘွားရှိန်ရဲ့ ခန္ဓာကိုယ်က တုန်ခါလာသည်။

“ဝင်လာပြီလား…ပြောစမ်း..နင်ကဘယ်သူလဲ…
ဘာကြောင့်ဒီဗုဒ္ဓဟူးသမီးကိုနှောက်ယှက်ဖို့ကြိုးစားနေတာလဲ”

ရှင်ညိုကမေးတော့ အံကြီးကိုတင်းတင်းစေ့ပြီးပြန်၍
မပြောပေ။

“မဖြေဘူးပေါ့…ဟုတ်သလား…
​ ငါ့ ရဲ့အမိန့်ကိုမနာခံရင်ဘယ်လိုဖြစ်လာမလဲဆိုတာ
နင်သိလောက်ပါတယ်နော်…”

ရှင်ညိုကို မော့၍ပင်မကြည့်ရဲ အသားများက
တဆတ်ဆတ်တုန်နေခဲ့သည်။

“ကောင်းပြီ…နင့်ကိုရွေးချယ်ခိုင်းပြီးပြီ…
ဒီတစ်ခါငါ့အလှည့်ပေါ့…”

ရှင်ညိုက ဂါထာများစတင်ရွတ်ဆိုတော့သည်။
ဘွားရှိန်ထဲဝင်ပူးကပ်ထားသူက စတင်ကာ အော်ဟစ်လာခဲ့၏။
ကြမ်းခင်းပေါ်မှာ လှိမ့်ပိန့်နေအောင် နာကျင်ခံစားရင်း…

“အမယ်လေး…ကိုညွှန့်ရဲ့တော်ကြည့်ရက်သလား…
ကျုပ်ကိုမသနားတော့ဘူးလားကိုညွှန့်ရဲ့…
တားပါဦး…တားပေးပါဦးတော့်”

ဟုအော်ဟစ်လေရာ အားလုံးရဲ့အကြည့်များက ဆရာညွှန့်ထံရောက်လာတော့သည်။
ဆရာညွှန့်ခမျာလည်း ခြေမကိုင်မိလက်မကိုင်မိဟန်ဖြင့်
ပျာယာခက်လို့နေခဲ့သည်။
နောက်ဆုံးတော့ ရှင်ညိုရှေ့မှာဒူးထောက်ကာ…

“ကျုပ်တောင်းပန်ပါတယ် ကလေးမရယ်…
ဆက်မလုပ်ပါနဲ့တော့နော်
ကျုပ်မိန်းမရဲ့ အသက်ကိုတော့ ချမ်းသာပေးပါ…”

“ကျုပ်ဘက်ကအသက်ချမ်းသာပေးခဲ့ရင်
ရှင်တို့ဘက်ကကျုပ်ကိုဘာပြန်လုပ်ပေးမှာလဲ…”

“ကလေးမ ကျေနပ်တဲ့အထိတောင်းပန်ပါ့မယ်ကွယ်…
ကျုပ်တောင်းပန်ပါ့မယ်…”

“ရှင်တို့တွေရဲ့လုပ်ရပ်ကိုသာအားလုံးသိအောင်
ပြောပြလိုက်ပါ…ရှင်တို့ကြောင့် ဒီရွာကလူတွေ
ဘယ်လောက်တောင်ဒုက္ခရောက်ခဲ့ကြမလဲဆိုတာ
ကိုယ်ချင်းစာကြည့်သင့်တယ်”

“ကျုပ်အားလုံးကိုတောင်းပန်ပါ့မယ်…
ကျုပ်ဘက်ကတောင်းပန်မှာမို့ ကလေးမဘက်ကလည်း
ခွင့်လွှတ်ပေးပါ…”

“ကောင်းပြီ…ကိုယ့်ဝေဒနာကိုယ်ပြန်ယူပြီး
ထွက်သွားပေတော့…”

ရှင်ညိုက ဘွားရှိန်ရဲ့ခေါင်းအထက်ကိုလက်နဲ့
သပ်ချလိုက်တော့ ဘွားရှိန်ကအရီးအေးမိရင်ခွင်ထဲ၌ ခွေခွေလေး လဲကျသွားသည်။
ဆရာညွှန့်ကိုအားလုံးက ရွံရှာသလိုအကြည့်များဖြင့်
ဝိုင်းကြည့်နေခဲ့ကြသည်။

“မောင်ညွှန့် မင်းနဲ့မင်းမိန်းမအတော်ယုတ်မာတာပဲကွ…
လင်မယားနှစ်ယောက်ပေါင်းပြီး တို့ရွာကို
လိမ်ညာစားနေတာ မင်းတို့လူလိမ်တွေပဲကွ…”

“​တောင်းပန်ပါတယ်ကွာ…
ငါတောင်းပန်ပါတယ်…
နောက်ရက်မှမင်းတို့ကျေနပ်တဲ့အထိ တောင်းပန်ပါ့မယ်
အခုတော့ငါ့မိန်းမကိုသွားကြည့်ပါရစေကွာ…”

ဆရာညွှန့်က နေရာမှပြေးထွက်သွားသည်။
အားလုံးကလည်း ဆရာညွှန့်တို့လင်မယားရဲ့လုပ်ရက်များကို သိသွားခဲ့ကြပြီး ဒေါသများထွက်နေခဲ့ကြ၏။

“အရီး…ဘွားရှိန် အနားယူပါစေဦး…
အတော်လည်းပင်ပန်းသွားပုံရတယ်…”

“အေး…အေးပါရှင်ညိုရယ်…
အရီးတော့ စိတ်မကောင်းလိုက်တာအေ…
ငါ့ကြီးတော်သနားပါတယ်ရှင်ညိုရယ်”

အရီးအေးမိက ဘွားရှိန်ကိုကြည့်ကာ စိတ်မကောင်းလွန်း၍ ငိုနေခဲ့ရှာသည်။
ဘိုးကြည်ကလည်း သက်ပြင်းသာချနေခဲ့၏။

မိုးချုပ်နေပြီမို့ ရှင်ညိုလည်း အရီးအေးမိပြင်ပေးထားတဲ့
အခန်းမှာဝင်အိပ်ခဲ့သလို မောင်တိုးနဲ့မောင်အုန်းကလည်း
အောက်ထပ်ရှိကုတင်၌ အိပ်ခဲ့ကြသည်။
နောက်တစ်နေ့နံနက်ရောက်တော့…

“ရှင်ညို အစောကြီးဘာတွေလုပ်နေတာလဲအေ့”

“ဘွားရှိန်အတွက်ဆေးရွက်ကြိုနေတာပါအရီး”

“ဟင်…ရှင်ညိုက ဆေးကြိုပေးနေတယ်…
ဟုတ်လား…အရီးနားကြားမှားသလားရှင်ညို”

“နားကြားမမှားပါဘူးအရီးရယ်…
ဒီဆေးက ဘွားရှိန်အတွက်ပဲ…”

“တူမလေးက ချစ်ဖို့ကောင်းလိုက်တာအေ”

အရီးအေးမိက ရှင်ညိုကိုပွေ့ဖက်လိုက်သည်။
အတော်လေးလည်း ဝမ်းသာပျော်ရွှင်သွားပုံရ၏။

“အေးမိ…ဟေ့အေးမ်ိ…”

“အစ်ကိုကြီး…ကျုပ်မီးဖိုထဲမှာ…”

“ငါဝင်လာပြီဟေ့…”

ဘိုးကြည်ကမီးဖိုထဲဝင်လာသည်။

“ဟိုကောင်မောင်ညွှန့်တို့လင်မယားထွက်ပြေးသွားကြပြီတဲ့ဟ…”

“ဟင်…ထွက်ပြေးသွားကြတယ်ဟုတ်လား”

“အေးဟ…တို့ရွာကိုဒင်းတို့လိမ်စားလာတာအတော်ကြာပြီလေ…ဒီတော့တစ်ရွာလုံးက သူတို့ကိုလက်စားချေမှာ
သိလို့ထွက်ပြေးသွားတာနေမှာပေါ့…မနက်အစောကြီး
ပဲသူကြီးက သူတို့ကိုသွားခေါ်ခိုင်းတာတဲ့
အိမ်မှာလည်းဘယ်သူမှမရှိတော့ဘူးတဲ့ဟ”

“အင်းပေါ့…ဒင်းတို့က သူကြီးပေးတဲ့အပြစ်ထက်
ရွာကလူတွေပေးမယ့်အပြစ်ကိုပိုကြောက်ကြမှာပေါ့တော်…အဲ့တာရှင်ညိုလေးကျေးဇူးကြောင့်တော့်…
မဟုတ်ရင်ဒီလူယုတ်မာလင်မယားကို ကျုပ်တို့က
ဆက်ယုံနေကြဦးမှာ”

“ကဲအရီး…ဆေးလည်းရပြီ…
အရီး ကြီးတော်က်ိုသွားတိုက်ချေတော့…”

“ရှင်ညိုကိုယ်တိုင်ပဲ တိုက်လိုက်ပါ့လားရှင်ညိုရယ်…”

အရီးအေးမိစကားကို ရှင်ညိုက ခေါင်းခါသည်။

“သြော်…ဒါနဲ့တူမလေး…မောင်ညွှန့်နဲ့သူ့မိန်းမကလူလိမ်တွေလား…ဒါမှမဟုတ်ပညာသည်တွေများလား….
တစ်မျိုးတော့မထင်ပါနဲ့လေးလေးကိုရွာထဲကလူတွေကမေးလာခဲ့ရင်လေးလေးပြောပြနိုင်ဖို့မေးရတာပါ…”

“လေးလေးတို့ခေါ်နေတဲ့ဆရာညွှန့်ဆိုတဲ့သူထက်
သူ့မိန်းမက ပညာပိုရှိတယ်လေးလေးရဲ့…
သူ့မိန်းမကစုန်းမ…ပြောရရင်လင်ကမသူတော်…
မယားကစုန်းမပေါ့လေးလေးရယ်…
မယားကပြုစားထားတဲ့ဟာကို လင်ကပြန်ကုတဲ့သဘောပေါ့….အခုဘွားရှိန်ကိုလည်းသူ့မယားကပြုစားဖို့ကြံနေတာ…မယားကပြုစားထား လင်က ပျောက်အောင်ကုပေးရင်း လူတွေဆီကငွေညာယူနေတဲ့သူတွေပေါ့”

“အေးကွယ်…မောင်ညွှန့်နဲ့သူ့မယားမိဂျမ်းတို့
သွားလေရာမှာခလုတ်ထိပါစေ…
ဘေးရန်သင့်ပါစေကွယ်…
ရိုးသားတဲ့သူတွေအပေါ်မှာမှလိမ်ရက်လိုက်ကြတာ”

“ဒါဆို ကျုပ်လည်းခြံထဲခဏဆင်းလိုက်ဦးမယ်နော်…”

မီးဖိုထဲမှရှင်ညိုထွက်သွားတော့ အရီးအေးမိနဲ့ဘိုးကြည်တို့က သက်ပြင်းပြိုင်တူချလိုက်ကြသည်။

“ရှင်ညို…လာလေ…အကြမ်းရည်သောက်…
ဒါက လေးလေးယူလာပေးတဲ့ ငှက်ကြော်…”

“တော်ပါပြီကျုပ်မစားတတ်ပါဘူး…
ကိုကြီးတိုးတို့ပဲစားကြ”

“အင်း…ဒါနဲ့ ဘွားရှိန်အခြေအနေကရော
ဘယ်လိုရှိလဲရှင်ညို”

“ကျုပ်အထင်တော့ ဆွဲထားလို့ရနိုင်သေးပါတယ်…
ဒါပေမယ့်သူ့စိတ်ကရှိဦးမှပါ…”

“သူ့စိတ်ကဘာရှိရမှာလဲဟ”

“သြော်…ကိုကြီးအုန်းရယ်…
အသက်ရှင်ချင်စိတ်ကိုပြောတာပေါ့တော်…”

“အေး…အဲ့တာလည်းဟုတ်တာပဲနော်…
ဒါပေမယ့် နင်လိုက်လာတာသိတော့ဘွားရှိန်
ဝမ်းသာနေလောက်တယ်…ကြည့်နေပါဟာ…
ဘွားရှိန်ကျန်းမာလာမှာပါ…နော့ကိုကြီးအုန်း”

“မောင်တိုးပြောတာဟုတ်တယ်…
မနေ့ညကတောင်အရီးအေးမိအသံကြောင့် နင့်ကို
လှမ်းကြည့်လိုက်တာငါတွေ့လိုက်ရသေးတယ်”

“မပြောတတ်ပါဘူးကိုကြီးအုန်းရယ်…”

“မပြောတတ်ရင်မပြောနဲ့ရှင်ညို…
ငါတို့ကတော့ လေးလေးနဲ့ လယ်ထဲလိုက်ကူဦးမယ်….
အိမ်မှာနေရတာပျင်းတယ်ဟ…နင်ကတော့
အရီးအေးမိနဲ့နေခဲ့ပေါ့ဟာ”

“ဟင်…တကယ်ကြီးလား…
အင်ကြင်းမြိုင်ကိုလိုက်လာတာ
လယ်တောဆင်းဖို့ပေါ့… ဟုတ်လားကိုကြီးတိုး”

“အမယ်…အဲ့လယ်တွေယာတွေက နင့်ဟာတွေတဲ့
သူဌေးမရဲ့…ကိုယ့်နှမလယ်တွေမို့ကူတာပါနော်…
တခြားသူဟာဆိုကူပါ့မလားဟ…နော့ကိုကြီးအုန်း”

“ဟုတ်ပါ့ဗျာ…ဟုတ်ပါ့…
ဟော လေးလေးထွက်လာပြီ…ကဲ…ကဲ…ငါတို့လိုက်သွားတော့မယ်ရှင်ညို…”

မောင်တိုးနဲ့မောင်အုန်းက ပုဆိုးကိုယ်စီပြင်ဝတ်ရင်း
ဘိုးကြည်နောက်ကိုလိုက်သွားကြတော့သည်။
ရှင်ညိုကတော့ သူတို့ကိုလှမ်းကြည့်ရင်း
ပြုံးနေခဲ့ရှာ၏။

သုံးရက်မြောက်ရောက်တဲ့နေ့အထိ ရှင်ညိုက
ဘွားရှိန်ရဲ့အခန်းထဲသို့ တစ်ခါလေးမျှမဝင်ခဲ့ပေ။
ဘွားရှိန်သောက်ဖို့အတွက်ဆေးများကျိုပေးသော်လည်း
အရီးအေးမိကသာ ဘွားရှိန်နဲ့အနီးကပ်နေပေးခဲ့ရရှာသည်။

“အေးမိ…”

“ရှင်ကြီးတော်…”

“ငါ့မြေးလေးက ငါ့ကိုအတော်စိတ်နာနေမယ်ထင်တယ်နော်…”

“ဘာလို့အဲ့သည်လိုမေးရတာလဲကြီးတော်…”

“ငါ့လုပ်ရပ်ကိုငါသိလို့ပေါအေးမိရယ်…”

“ကျုပ်အထင်တော့လေ ရှင်ညိုလေးက ကြီးတော်ကို
မမုန်းတော့ပါဘူး…စိတ်ဆိုးနေယုံလေးပဲစိတ်ဆိုးနေတယ်လို့ ကျုပ်ကတော့ထင်တယ်…
ဘာလို့ဆိုရင် အခုပဲကြည့်လေ ကြီးတော်သောက်ဖို့
ဆေးတွေကအစသေချာကျိုချက်ပေးနေရှာတာ…
ပြီးတော့ ကျုပ်ဖြင့်လေ ရှင်ညိုကိုကြည့်လေ
မကြီးမြသွေးကိုသတိရလေပါပဲကြီးတော်ရယ်…”

“ငါ့မြေးက ငါ့သမီးမြသွေးနဲ့တစ်ထေရာထဲပဲဆိုတာ
ညည်းတွေ့တယ်မဟုတ်လား…
ငါတော့ သမီးကိုသတိရလိုက်တာအေးမိရယ်…”

“မငိုပါနဲ့ကြီးတော်ရယ်…
ကျန်းမာအောင်သာနေပြီး အားတင်းထားစမ်းပါတော်…
အခုဆို ကြီးတော်မြေးမလေးကလည်း
ကြီးတော်အနားမှာလာနေပေးနေတာပဲလေ…
ကြီးတော်ဘက်က ကျန်းမာအောင်
ကြိုးစားသင့်တယ်…နောက်ပြီး ဒီကလေးရဲ့စိတ်ထဲက
ဒဏ်ရာကိုလည်း ကြီးတော်ပဲ ကုပေးနိုင်မှာ”

“အေးပါအေ…ငါလည်းကြိုးစားပါ့မယ်အေးမိရယ်…”

ဘွားရှိန်ခမျာလည်း ရှင်ညိုနဲ့မျက်နှာချင်းဆိုင်တွေ့ရမည်ကို တုန်လှုပ်နေခဲ့သည်။
ဘွားရှိန်ကျန်းမာလာတာကိုသိတော့…

“အရီးနဲ့လေးလေးကို ကျုပ်ပြောစရာရှိတယ်…”

“တူမလေးကလေးလေးတို့ကို
ဘာများပြောမလို့လည်း…”

“ဘွားရှိန်လည်းကျန်းမာနေပြီဆိုတာကျုပ်သိပါတယ်…
ကျုပ်တို့လည်းဒီမှာရောက်နေတာတစ်ပတ်လောက်ရှိပြီဆိုတော့ ပြန်သင့်​နေပြီလို့ထင်တယ်လေ”

“ဟင်…တူမလေးက ပြန်တော့မယ်ဟုတ်လား”

“ရှင်ညိုရယ်…မပြန်ပါနဲ့ဦးအေ…
ဆက်နေလို့ရရင် ဆက်နေပါဦးလား”

“ဒီမှာဆက်နေရမယ့်အကြောင်းကမရှိတော့ဘူးလေ
အရီးရယ်….ပြီးတော့ကိုကြီးတိုးတို့ ရဲ့အိမ်ထောင်ဖက်တွေကလည်း မျှော်နေလောက်ရောမယ်…
ကျုပ်ကိစ္စကြောင့်သာသူတို့ကလိုက်လာကြတာ…
ကျုပ်သူတို့ကိုလည်းအားနာတယ်အရီး”

“အရီးတော့ဘယ်လိုတားရမလဲမသိ​တော့ဘူးရှင်ညို…
အရီးကတော့မပြန်စေချင်သေးဘူးအေ”

“ဟုတ်တယ်တူမလေး…
လေးလေး မောင်တိုးတို့ပြန်ချင်ရင်
ပြန်ပို့ပေးလိုက်ပါ့မယ်…
တူမလေးကတော့ နေခဲ့ပါဦးလား”

“လေးလေးကတိကိုလေးလေးတည်မယ်လ်ို့
ထင်လို့ကျုပ်ကလိုက်လာခဲ့တာပါ…
ကျုပ်သောင်ထွန်းရွာကို ပြန်ပါရစေတော့လေးလေး….”

ရှင်ညိုစကားကြောင့် ဘိုးကြည်လည်းသက်ပြင်းချသည်။

“အေးလေ…တူမလေးသဘောပါပဲ…
လေးလေးဘက်က ကတိတည်မှာပါကွယ်…”

ဒီလိုနဲ့ဘွားရှိန်ကို ရှင်ညိုတို့ပြန်တော့မည့်အကြောင်း
အရီးအေးမိကပြောပြရှာသည်။
ဘွားရှိန်ကလည်း ရှင်ညိုတို့ပြန်တော့မှာကိုကြားတော့
စိတ်မကောင်းဖြစ်နေခဲ့၏။
မနက်ဖြန်မနက်ဆို မြေးဖြစ်သူရှင်ညိုပြန်တော့မည်ဆိုတဲ့
အတွေးကဘွားရှိန်ကို အိပ်ပျော်ဖို့ခက်စေသည်။
အိပ်မရသည့်အဆုံး မြေးဖြစ်သူအခန်းရှိရာကို ဘွားရှိန်
တရွေ့ရွေ့လျှောက်လာခဲ့လိုက်သည်။
ခန်းစည်းလိုက်ကာစကို ဖယ်ရှားရင်း အခန်းထဲကို
ဝင်လာခဲ့တော့ကုတင်အထက်မှာအိပ်မောကျနေတဲ့
ရှင်ညိုကိုတွေ့လိုက်ရသည်။
မြေးဖြစ်သူရှင်ညိုကို ကြည့်ရင်း ကုတင်နံဘေးမှာ
ထိုင်ချလိုက်သည်။
မြေးဖြစ်သူရဲ့မျက်နှာကိုပင်ထိဖို့ မရဲဖြစ်နေကာ
ဘွားရှိန်မှာ တသိမ့်သိမ့်ရှိုက်ကာငိုနေခဲ့ရှာ၏။

“ဘွားရှိန်…..”

“ဟင်…မြေးလေး….မြေးလေးနိုးသွားတာလား”

ရှင်ညိုက မျက်လုံးပွင့်လာကာ ဘွားရှ်ိန်ကို
စိုက်ကြည့်နေခဲ့သည်။
ဘွားရှိန်က သူ့အားစိုက်ကြည့်နေတဲ့ရှင်ညိုရဲ့အကြည့်များကို နေရခက်လာ၍ အခန်းပြင်ကိုထွက်ဖို့အထမှာ…
ရှင်ညိုက ဘွားရှိန်ရဲ့လက်ကို ဆွဲထားလိုက်ပြီး…

“ဘွားရှိန်…ဘွားရှိန်ကို ကျုပ်ခွင့်လွှတ်ပါတယ်…”

“မြေး…မြေးဘာပြောလိုက်တယ်…”

“ကျုပ်ဘွားရှိန်ကိုခွင့်လွှတ်ပါတယ်…
ဖြစ်ခဲ့သမျှအရာရာကိုကျုပ်ဘက်က
ခွင့်လွှတ်ပါတယ်ဘွားရှိန်…”

“မြေးရယ်…ဟောသည်က မိရှိန်အမိုက်မကြီးကို
ဘယ်လိုတောင်နားလည်ပေးနိုင်ရတာလဲ…
ဒီအမိုက်မကြီးက ဒီထက်တောင်ခံစားသင့်ပါတယ်ကွယ်…”

“ဘွားရှိန်လည်းလုံလုံလောက်လောက် နာကျဥ်ခဲ့ပြီးပြီပဲ…
ဒီထက်ပိုပြီး မနာကျဥ်ပါနဲ့တော့ဘွားရှိန်…
ကျုပ်မှာလည်းဘွားရှိန်ပဲရှိတော့သလို…
ဘွားရှိန်မှာလည်းကျုပ်ပဲရှိတော့တာမဟုတ်ဘူးလား”

“ဘွားမြေးလေးရယ်…ဘွားတောင်းပန်ပါတယ်….
ဘွားတောင်းပန်ပါတယ်ကွယ်…”

ဘွားရှ်ိန်က မြေးဖြစ်သူကိုပွေ့ဖက်ထားရှာသည်။
ရှင်ညိုကတော့ မျက်ရည်များဖြင့် ဘွားရှိန်ကိုပြန်လည်ပွေ့ဖက်ထားရှာသည်။
ထိုနေ့တစ်ညလုံး ​မြေးအဘွားနှစ်ယောက် တောင်းပန်လိုက်…ငိုလိုက်ဖြင့် စိတ်ထဲရှိသမျှနာကျဥ်မှုအကုန်ကို
ချေမွ ဖျက်ဆီးပြီးစိတ်ထဲမှအလုံးစုံ
ဖယ်ရှားလိုက် ကြတော့သည်။

မိုးလင်းလာတော့ သောင်ထွန်းရွာကိုပြန်ဖို့
ပြင်ဆင်နေကြတဲ့မောင်တိုးနဲ့မောင်အုန်းဆီကိုရှင်ညိုရောက်လာခဲ့သည်။ရှင်ညိုတစ်ယောက်ထဲတင်မဟုတ်ဘဲ ရှင်ညိုကဘွားရှိန်ရဲ့လက်မောင်းကိုတွဲပြီး ရောက်လာခဲ့ခြင်းဖြစ်တာမို့ မောင်တိုးတို့တင်မကအရီးအေးမိတို့ကပါ အံ့သြကုန်ကြသည်။

“ရှင်ညို…ဒါ…ဒါဘယ်လိုဖြစ်တာလဲဟ”

“ကိုကြီးတိုးနဲ့ကိုကြီးအုန်း….ကျုပ်ဘွားရှိန်အပေါ်မှာ
စိတ်မဆိုးတော့ပါဘူး…ဘွားရှိန်နဲ့ကျုပ်က
အဆင်ပြေသွားပါပြီ..အဲ့တာကြောင့် ကျုပ်ဒီရွာမှာပဲ
တစ်ပတ်လောက်ဆက်နေလိုက်ဦးမယ်…
ကိုကြီးတိုးတို့ကိုတော့ လေးလေးလိုက်ပို့လိမ့်မယ်…
ကိုကြီးတိုးတို့ရွာကိုပြန်ရောက်ရင်လည်း
အရီးနဲ့ဘွားတို့ကိုကျုပ်အဆင်​ပြေတဲ့အကြောင်းနဲ့.
တစ်ပတ်လောက်ကြာရင်ပြန်လာခဲ့မယ်ဆိုတာ
ပြောပေးပါဦး…ညီမလေးကတော့ ကျုပ်ကို
စိတ်ဆိုးနေမှာကျုပ်သိပါတယ်…
အဲ့တာကြောင့် ပြန်လာမှပဲချော့မယ်လို့ပြောပေးပါနော်…”

“အေးပါရှင်ညိုရာ…ငါတို့တော့နင့်ကိုအခုလိုမြင်ရတာ
ဝမ်းသာတယ်ဟာ…..”

“ဟုတ်တယ်…ဘွားတို့သိရင်လည်းဝမ်းသာကြမှာ…
စိတ်ချ…စိတ်ချ…နင်မှာလိုက်တာအကုန်လုံးဘွားတို့ကို
ပြောပြပါ့မယ်ဟာ…”

မောင်တိုးနဲ့မောင်အုန်းက ရှင်ညိုနဲ့ဘွားရှိန်ကိုကြည့်ပြီး
ဝမ်းသာနေကြသည်။
ဘိုးကြည်တို့မောင်နှမခမျာဝမ်းသာလွန်းလို့
မျက်ရည်များပင် ဝဲနေကြ၏။

ထိုနေ့က မောင်တိုးနဲ့မောင်အုန်းကို ဘိုးကြည်က
သောင်ထွန်းရွာသို့ ပြန်လိုက်ပို့ပေးခဲ့သည်။
ရှင်ညိုကတော့အဘွားဖြစ်သူဘွားရှိန်ကိုဂရုစိုက်ရင်း
အင်ကြင်းမြိုင်ရွာ၌ ကျန်ရစ်ခဲ့၏။

ထိုသို့ဖြင့် ဇာတ်လမ်းလေးလည်းပြီးဆုံးသွားပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်…။

ယဥ်မင်း(ကန့်ဘလူ)

Leave a Reply

Your email address will not be published. Required fields are marked *