စုန်းထီးကြီးဦးဘသာနှင့် အညာနွားပြိုင်ပွဲ




(၁)

ကျုပ်တို့တွေ တန်းမြင့်ရွာကိုရောက်နေကြတာဗျ၊ ကျုပ်လည်းပါတယ်၊ အဖေလည်းပါတယ်၊ ရွာခံလူကြီးတွေလည်း လေးငါးဆယ်ယောက်ပါတယ်၊ ဦးဘသာတော့ မပါဘူးဗျ၊ ကျုပ်တို့ဘာဖြစ်လို့ ဒီရွာရောက်နေကြတာလဲဆိုရင် အစည်းအဝေးတစ်ခုရှိလို့ပေါ့ဗျာ၊ တန်းမြင့်ရွာသူကြီး ဦးကျော်ဝင်းက ရွာထိပ်က ဇရပ်ကြီးမှာ ဖျာတွေခင်းပြီး လူတွေကိုဧည့်ခံတယ်ဗျ၊ မြိုင်သာမြို့က ပါတီကောင်စီလူကြီးတွေလည်း တော်တော်များများရောက်နေကြပြီ။ ကျုပ်ကတော့ ကျုပ်တို့ကိုဧည့်ခံတဲ့ လက်ဖက်ရည်သောက်လိုက် စမူဆာတွေစားလိုက်ပေါ့ဗျာ။ အီကြာကွေးလည်းပါသေးတယ်၊ လက်ဖက်ရည်တို့ အီကြာကွေးတို့ဆိုတာက ကျုပ်တို့ရွာမှာမရှိဘူးဗျို့၊ မြိုင်သာမြို့တို့ အနီးစပ်ဆုံးဆိုရင် တန်းမြင့်ရွာတို့မှာပဲ ရတာဗျ၊ အစားအသောက်ကို အသားကုန်စားနေလို့ ထပ်လိုက်ဖြည့်ပေးတဲ့ မိန်းကလေးတွေက ကျုပ်ကို မျက်စောင်းတွေချည်းထိုးနေတာဗျ၊ ထိုးလည်းထိုးချင်စရာပဲဗျာ၊ အစည်းအဝေးက မစရသေးဘူး စမူဆာက လေးခု၊ အီကြာကွေးက နှစ်ချောင်း၊ လက်ဖက်ရည်က သုံးခွက်ရှိပြီကိုး၊ ကျုပ်တို့အနားလာနေရင် လက်ဖက်ရည်ချည်း ထပ်ဖြည့်ခိုင်းနေမှာစိုးလို့ ဟိုးခပ်လှမ်းလှမ်းမှာ မသိမသာကလေးသွားရပ်နေရှာသဗျာ။

အစားအသောက်ငမ်းနေလိုက်တာ အစည်းအဝေးစနေမှန်းတောင် မသိတော့ဘူးဗျို့၊ သူကြီးဦးကျော်ဝင်းက အစည်းအဝေးအစီအစဉ်ဆိုပြီး ဖတ်ပြတယ်၊ ကျုပ်တို့ကတော့ ဘာနားလည်မှာလဲဗျာ၊ သူများလက်ခုပ်တီးရင် လိုက်တီးလိုက်တာပါပဲ။

“ဇီးကုန်းရွာကလူတွေကို ဒီကိုခေါ်လိုက်တဲ့အကြောင်းကတော့ ကျုပ်တို့တွေ နွားပြိုင်ပွဲကျင်းပဖို့အတွက် အစည်းအဝေးလုပ်ချင်လို့ပါပဲ”

အဖေက ခေါင်းညိတ်ရင်း

“ဟုတ်သားပဲ ကိုကျော်ဝင်းရဲ့၊ ဘာလိုလိုနဲ့ သုံးနှစ်တစ်ခါကျင်းပမယ့် နွားပွဲက နီးတောင်နီးလာပါရောလား”

“နီးလာရုံတင်ဘယ်ကမလဲ ကိုဘမောင်ရဲ့၊ နောက်လဆို ကျင်းပရတော့မှာဗျ၊ လွန်ခဲ့တဲ့သုံးနှစ်က နွားပြိုင်ပွဲကျင်းပဖို့ မဲနှိုက်ကြတော့ ကျုပ်တို့ရွာနဲ့ ဇီးကုန်းရွာက ပူးတွဲကျင်းပဖို့ မဲကျထားတယ်မဟုတ်လားဗျာ”

“ကျုပ်တောင် ခပ်မေ့မေ့ဖြစ်နေတယ် ကိုကျော်ဝင်းရေ”

“နွားပွဲဆိုတာ ကျုပ်တို့အညာမှာပဲရှိတဲ့ ပွဲတစ်ခုဗျ၊ အညာမှာတောင်မှ နေရာတိုင်းကျပနိုင်တာမဟုတ်ဘူး၊ ကျုပ်တို့ မြိုင်သာနယ်ကတော့ သုံးနှစ်တစ်ကြိမ်ကျနဲ့ အစဉ်အဆက်ကျင်းပလာခဲ့တာ အခုဆိုရင် သုံးဆယ့်ခုနစ်ကြိမ်မြောက်ခဲ့ပြီပေါ့ဗျာ၊ သုံးနှစ်တစ်ခါကျင်းပလာခဲ့တာဆိုတော့ သုံးဆယ့်ခုနစ်ကို သုံးနဲ့မြှောက်ကြည့်ရင် တစ်ရာတစ်ဆယ့်တစ်ရတယ်ဗျ၊ ကျုပ်တို့ဒေသမှာ နှစ်ပေါင်းတစ်ရာကျော်လောက် ကျင်းပလာခဲ့တဲ့ပွဲတစ်ခုဆိုတော့ ကျုပ်တို့ ဒေသရဲ့ ပြယုဂ်တစ်ခုဆိုရင်လည်း မမှားဘူးပေါ့”

“ဒါပေါ့ ကိုကျော်ဝင်းရာ၊ ကျုပ်တို့ဗမာတွေ နွားပြိုင်ပွဲကို ဘယ်လောက်ဝါသနာပါသလဲဆို အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်မှာတောင်မှ အစဉ်အလာပျက်ခဲ့တာမှမဟုတ်ဘဲဗျာ၊ ဒုတိယကမ္ဘာစစ်ဖြစ်ပြီး တစ်နိုင်ငံလုံး စစ်မီးတောက်လောင်နေတဲ့အချိန်မှာတောင်မှ တောတောင်တွေထဲ နွားပွဲကို ဖြစ်အောင်ကျင်းပခဲ့သေးတယ်မဟုတ်လား”

“ဒီလိုအစဉ်အလာကြီးမားတဲ့ နွားပွဲကြီးကို အခု ကျုပ်တို့နှစ်ရွာပေါင်းပြီး ကျင်းပရတော့မယ် ကိုဘမောင်၊ အဲဒါအတွက်ကြောင့်မို့ ဘယ်လိုပြိုင်ပွဲတွေ ကျင်းပမယ်၊ ဘယ်နေရာမှာကျင်းပမယ်၊ ဘယ်နေ့ရက်မှာ ကျင်းပမယ်ဆိုတာကို ဆွေးနွေးတိုင်ပင်ချင်လို့ အခုလို အစည်းအဝေးခေါ်လိုက်တာပါဗျာ”

အဖေက တစ်ချက်စဉ်းစားရင်း

“နေရာကတော့ နောက်ဆုံးအကြိမ် ကျုပ်တို့နှစ်ရွာပေါင်းပြီး ကျင်းပခဲ့တုန်းက ကျုပ်တို့နှစ်ရွာကြားက ဘုရားပျက်ကုန်းကွင်းမှာ လုပ်ခဲ့ကြတယ်မဟုတ်လားဗျာ၊ အခုလည်း အဲဒီမှာပဲလုပ်ကြရင်မကောင်းဘူးလား၊ ဒီကွင်းက ကျုပ်တို့ဇီးကုန်းရွာရော ခင်ဗျားတို့တန်းမြင့်ရွာနဲ့ပါ အလယ်ခေါင်လောက်သွားကျတယ်၊ ဒါ့အပြင် တခြားဧည့်သည်တွေလာဖို့ တည်းဖို့ခိုဖို့အတွက်လည်း နေရာကျယ်ကျယ်ဝန်းဝန်းရှိတယ်ဆိုတော့ ကျုပ်ဖြင့် အဲဒီနေရာမှာပဲ လုပ်ရင်ကောင်းမယ်လို့ ထင်မိတယ်”

“သိပ်ကောင်းတာပေါ့ ကိုဘမောင်ရာ၊ ဒါနဲ့ ဘယ်လိုပြိုင်ပွဲတွေ ထည့်ကြမလဲဗျ”

“ထုံးစံအတိုင်း နွားအလှပြိုင်ပွဲ၊ နွားလှည်းယဉ်ပြိုင်ပွဲ၊ နောက်ပြီး နွားလေလံပွဲတွေ ထည့်မယ်လေဗျာ”

ဦးကျော်ဝင်းက ခေါင်းညိတ်ပြီး

“ဒါတွေက ထည့်သင့်ပါတယ်၊ ဒါပေမယ့် ကျုပ်တစ်ခုအကြံပေးရရင်တော့ နွားဒုန်းတိုက်ပွဲကိုလည်း ထည့်သွင်းသင့်တယ်လို့ ထင်တယ်ဗျ”

အဖေက မျက်လုံးပြူးမျက်ဆန်ပြူးဖြစ်သွားတယ်။

“နွားဒုန်းတိုက်ပွဲက အပြိုင်အဆိုင်များတယ်နော် ကိုကျော်ဝင်း၊ ပြီးတော့ လောင်းကစားသဘောမျိုးလည်းဆန်တယ်ဆိုတော့ ထည့်လို့ကောင်းပါ့မလားဗျာ”

“ကျုပ်ကတော့ ထည့်ချင်တယ်ဗျာ၊ လူဆိုတာက အပြိုင်အဆိုင်ကလေးပါတော့မှ ပိုစိတ်ဝင်စားကြတာမဟုတ်လား၊ နွားအလှပြိုင်ပွဲတို့ လှည်းယာဉ်ပြိုင်ပွဲတို့ဆိုတာ သိပ်ပြီးလူစိတ်ဝင်စားတာမဟုတ်ဘူးဗျ၊ လူအကုန်လုံး တစ်နယ်လုံးစိတ်ဝင်စားတာ အဲဒီနွားဒုန်းတိုက်ပွဲပဲ၊ လွန်ခဲ့တဲ့သုံးနှစ်က နိဗ္ဗာန်ရွာမှာကျင်းပတဲ့ နွားပွဲမှာ ဒုန်းတိုက်ပွဲမထည့်တော့ လူမှမစည်တာပဲဗျာ၊ ကျုပ်ကတော့ အခုတစ်ခါကျင်းပမယ့်ပွဲကို တစ်နယ်လုံးက စိတ်ဝင်စားကြတဲ့ပွဲဖြစ်စေချင်တယ်၊ လူလည်း ကြက်ပျံမကျစည်ကားစေချင်တယ်ဗျာ၊ ဒါကြောင့် လူစိတ်ဝင်စားတဲ့ လှည်းဒုန်းတိုက်ပွဲကို ထည့်မှကောင်းမယ်လို့ယူဆတယ်”

“ကျုပ်လည်း ဒါမျိုးကို အားပေးပါတယ်ဗျာ၊ ဒါပေမယ့် ဒုန်းတိုက်ပွဲမှာ လောင်းကြစားကြရင်း ထိုးကြနှက်ကြ၊ ရိုက်ကြပုတ်ကြနဲ့ သွေးထွက်သံယိုတွေဖြစ်ရင် မကောင်းဘူးဗျ၊ ဟိုးတစ်ခါ နတ်ချောင်းရွာ နွားပွဲမှာ ဒုန်းတိုက်ပွဲထည့်လိုက်လို့ ပွဲအပြီး လူသုံးယောက်သေသွားတယ်မဟုတ်လားဗျ၊ လူနှစ်ဆယ်လောက် ဆေးရုံတင်လိုက်ရတယ်ဆိုဗျာ၊ ကျုပ်ကတော့ အပျော်တမ်းလုပ်တဲ့ပွဲမှာ သွေးထွက်သံယိုတွေ မဖြစ်စေချင်တာအမှန်ပဲ”

“ရပါတယ်ဗျာ၊ ကျုပ်တို့တွေ လုံခြုံရေးကို သေချာတိုးမြှင့်ထားလိုက်ရင် အဆင်ပြေပါတယ်ဗျ”

“အင်း . . . ကျုပ်ကတော့ ဘယ်လိုပြောရမလဲ လုပ်လို့လည်းမပြောချင်သလို ကန့်လည်းမကန့်ကွက်ချင်ပါဘူး ကိုကျော်ဝင်းရာ”

“ဒါဆိုရင်တော့ အားလုံးသဘောတူ နွားဒုန်းတိုက်ပွဲ ထည့်ကြမယ်ဗျာ၊ လုံခြုံရေးအတွက်ကတော့ ကျုပ်တို့ရွာခံတွေက သေသေချာချာကြပ်မတ်ရင် ရမှာပါဗျ”

အဖေက ဘာမှမပြောဘဲ သက်ပြင်းတစ်ချက်ချလိုက်တယ်ဗျ၊ ကျုပ်ဖြင့် အဖေတို့ပြောနေတာတွေကို နားသာထောင်နေရတယ် ဘာတွေပြောနေမှန်းကိုမသိဘူး။

“ဒါဆိုရင်တော့ ဒီအတိုင်းပဲလုပ်ကြတာပေါ့ဗျာ၊ ကိုဘမောင်တို့ ဇီးကုန်းရွာခံတွေက နွားပွဲမှာအသုံးပြုဖို့အတွက် ကွင်းတွေ၊ တာတွေ ပြင်ဆင်ဖို့ကို တာဝန်ယူကြ၊ ကျုပ်တို့ တန်းမြင့်ရွာကတော့ နွားပွဲလာတဲ့ဧည့်သည်တွေ နေဖို့ထိုင်ဖို့ စားဖို့သောက်ဖို့အတွက် တာဝန်ယူတယ်ဗျာ၊ ပြီးတော့ နွားပွဲမှာထည့်မယ့် ပွဲဈေးတန်းတွေနေရာချထားပေးဖို့လည်း တာဝန်ယူဆောင်ရွက်ပေးမယ်”

မြိုင်သာကောင်စီက လူကြီးတွေကလည်း ဆုချတဲ့အစီအစဉ်တွေကို ဆောင်ရွက်ပေးမယ်တဲ့ဗျာ၊ ပွဲခင်းလုံခြုံစိတ်ချရအောင်လို့ ရဲတပ်ဖွဲ့တွေကိုလည်း နေရာချထားပေးမယ်ဆိုပဲဗျ၊ အစည်းအဝေးပြီးလို့ လှည်းတန်းကြီးနဲ့ အိမ်ပြန်လာကြတဲ့အခါ လှည်းပေါ်ပါလာတဲ့ လူကြီးတွေက အတွေးကိုယ်စီနဲ့ ပျော်လို့ရွှင်လို့ဗျာ။ ကျုပ်ကတော့ နွားပွဲဆိုတာကို သိပ်ပြီး ရေရေရာရာမသိဘူးဗျ၊ ငယ်ငယ်က လှည်းလမ်းခွရွာမှာလုပ်တဲ့ နွားပွဲကို အမေတို့နဲ့တစ်ခေါက်လားရောက်ဖူးတာ၊ ကလေးဆိုတော့ ပွဲဈေးတိုးမယ်၊ မုန့်ဝယ်စားမယ်၊ ပွဲဈေးမှာဝင်တဲ့ မျက်လှည့်ပွဲ၊ ရုပ်သေးပွဲတွေ ကြည့်မယ်ဆိုတာလောက်ပဲရှိတယ်။ နွားပွဲဆိုတော့ နွားတွေလာတာတော့ အများကြီးပဲဗျ၊ နွားတွေချည်း အကောင်ရေထောင်ချီရှိမယ်ထင်တယ်၊ ငယ်သေးတော့ ရွာနားမှာလုပ်ဖြစ်တဲ့ နွားပွဲလောက်ပဲသွားဖူးတာဗျ၊ နွားပွဲတွေကျရင် ရန်တွေဖြစ်ကြ ခုတ်ကြထစ်ကြတယ်ကြားလို့ အမေတို့က မသွားခိုင်းတာလဲပါတယ်။

ခုတော့ ဘဝမှာ နွားပွဲဆိုတာကြီးကို နဖူးတွေ့ဒူးတွေ့ကြုံရပြီပေါ့ဗျာ၊ လှည်းပေါ်ပါလာတဲ့လူကြီးတွေက ဟိုနှစ်တုန်းက ဘယ်လို ဘယ်နှစ်တုန်းကတော့ နွားပွဲမှာ ဘာတွေဖြစ်ခဲ့တာဆိုပြီး စားမြုံ့ပြန်ပြီးပြောလာကြတယ်၊

“သူကြီးကသာ မေ့နေတယ်ပြောတာ ကျုပ်တို့ကတော့ နွားပွဲကိုမမေ့ဘူးဗျို့၊ ဒီနှစ်နွားပွဲအတွက်လည်း ကျုပ်တို့အတော်ကလေး အားခဲထားသဗျ”

“ကျုပ်ကလည်း အိမ်က ဖိုးဝါကြီးကို အသေအချာပြုစုထားတာ ဒါကြောင့်ပဲဗျ၊ ဒီကောင်ကြီးက လက္ခဏာကောင်းတယ်၊ ဒီနှစ် နွားအလှပြိုင်ပွဲဝင်ပြိုင်ရင် ပထမမဟုတ်ရင်တောင် ဆုတစ်ခုခုတော့ ရအောင်လုပ်မယ်ဗျို့”

လူကြီးတွေ အားတက်နေတာကိုကြည့်ပြီး ကျုပ်လည်း စိတ်ထဲပျော်နေမိတာအမှန်ပဲဗျ၊ ရွာရောက်တော့ အဖေက ကျုပ်ကိုတာဝန်ပေးတယ်၊ နွားပွဲကျင်းပဖို့အတွက် ရွာကလူကြီးတွေကို စုဝေးခိုင်းဖို့ပေါ့ဗျာ၊ ကျုပ် ဟိုအိမ် ဒီအိမ်ကို လိုက်ပြောရင်းကနေ နောက်တော့ ဦးဘသာကြီးအိမ်ကိုရောက်လာခဲ့တယ်ဗျ၊ ဦးဘသာက အိမ်ရှေ့ထိုင်ပြီး ကွမ်းဝါးရင်း ကြိုးကျစ်နေတာဗျ။

“ဦးဘသာရေ သတင်းကောင်းပါတယ်ဗျို့”

“ဘာတုန်းကွ၊ တို့ရွာမှာ နွားပွဲကျင်းပမယ်ဆိုတဲ့သတင်းလား”

ကျုပ်တော်တော်အံ့သြသွားမိတယ်ဗျ။

“ဟိုလေ ဦးဘသာ ဗိုက်ထဲမှာ ပုဏ္ဏားလေးရှိနေလို့များလား ဒါမှမဟုတ် ဦးဘသာရဲ့အစောင့်အရှောက်တွေက ဒီအကြောင်းကို ကြိုသိထားတာလားဗျာ”

“မဟုတ်ပါဘူးကွာ၊ ခုနက ခြေရင်းအိမ်က ပြောသံကြားလို့ကွ၊ ဒီတစ်ကြိမ်နွားပွဲကို တို့ရွာနဲ့ တန်းမြင့်ရွာက အိမ်ရှင်အဖြစ် ပူးတွဲကျင်းပရမယ်ဆိုပဲ”

“ဟုတ်တယ်ဦးဘသာ၊ လူကြီးတွေကတော့ နွားပွဲလုပ်မယ်ဆိုတော့ တော်တော်ပျော်နေကြတယ်ဗျ၊ ဒါပေမယ့် ကျုပ်က နွားပွဲဆိုတာကို ဒီအသက်ဒီအရွယ်အထိ သိပ်မကြုံဖူးသေးဘူး၊ ဟိုးငယ်ငယ် ရှစ်နှစ်သားလောက်ကတစ်ခါ လှည်းလမ်းခွရွာက နွားပွဲကိုလိုက်သွားဖူးတာပဲရှိတာဗျ၊ ဒါနဲ့လေ အဲဒီ နွားပွဲဆိုတာ ဘာလဲဦးဘသာ”

“ငါတို့ တောင်သူလယ်သမားတွေဆိုတာက နွားကိုအဓိကထားပြီး လုပ်ကိုင်နေကြရတာမဟုတ်လားကွ၊ မြို့ကြီးပြကြီးတွေမှာ စက်မှုလယ်ယာဆိုပြီး လယ်ထွန်စက်တွေဘာတွေနဲ့လုပ်ကြပေမယ့် တို့လိုတောရွာတွေမှာကျတော့ အခုထိ နွားနဲ့ဖက်ပြီး ရုန်းနေရတုန်းပဲလေကွာ၊ ဒီတော့ နွားဆိုတာ တို့တောမှာ လူပြီးရင် ဒုတိယအရေးကြီးဆုံးအရာလို့ပြောလို့ရတယ်မဟုတ်လား”

“ဒါတော့ဟုတ်တာပေါ့ ဦးဘသာရာ၊ မြို့မှာကျတော့ ဘယ်သူဘယ်လောက်ချမ်းသာတယ်ဆိုတာ အိမ်ဘယ်နှလုံးပိုင်တယ် ကားဘယ်နှစီးရှိတယ်ဆိုပြီး ပြိုင်ဆိုင်တတ်ကြပေမယ့် ကျုပ်တို့တော့မှာကတော့ ဒီအိမ်ဘယ်လောက်ချမ်းသာတယ်ဆိုတာကို နွားဘယ်နှရှဉ်းပိုင်တယ်၊ နွားဘယ်နှကောင်ပိုင်တယ်ဆိုတာနဲ့ တိုင်းတာတယ်မဟုတ်လား”

“ဒါပေါ့ကွာ၊ ဒီလိုအရေးပါတဲ့ နွားတွေကို ရောင်းကြဝယ်ကြဖို့အတွက် ပွဲကြီးတွေကျင်းပကြတယ်ကွ၊ ခပ်သေးသေးနွားအရောင်းပွဲကိုတော့ နွားဈေးလို့ခေါ်တယ်၊ တော်တော်ကြီးတဲ့ နွားအရောင်းပွဲတွေကိုတော့ နွားပွဲလို့ခေါ်ကြတာပေ့ါကွာ၊ အနယ်နယ်အရပ်ရပ်က နွားကုန်သည်တွေလာကြ နွားတွေထောင်ချီမောင်းလာပြီး ရောင်းကြတဲ့ပွဲမို့လို့ နွားပွဲခေါ်တာပေါ့၊ အဲဒီလိုနဲ့ လူတွေများများစုံမိတော့ ဒီလူတွေစားဖို့သောက်ဖို့ ဝယ်ဖို့ခြမ်းဖို့အတွက် ဈေးဆိုင်ကလေးတွေတည်လာကြတာပေါ့ကွာ၊ ဒီလိုနွားပွဲကြီးတွေက တို့အညာမှာ ဟိုးအရင် အင်းဝခေတ်လောက်ကတည်းက ရှိခဲ့ကြတယ်လို့ ဆိုကြသကွ၊ နှစ်စဉ်နှစ်တိုင်း နယုန်လရောက်တဲ့အခါ နွားပွဲကြီးတွေကို ကျင်းပကြတယ်၊ ဒါကြောင့် ရှေးလူကြီးတွေက နယုန်လဟာ ရဟန်းပွဲ၊ နွားပွဲရှိတဲ့လလို့ ပြောကြတာပေါ့”

“နေပါအုံး ဦးဘသာ၊ တစ်နှစ်ပတ်လုံး အချိန်တွေရှိရဲ့သားနဲ့ ဘာဖြစ်လို့ နယုန်လကျမှ ရွေးပြီးကျင်းပကြတာလဲဗျာ”

“တို့အညာက အောက်ပြည်နဲ့မတူဘူးကွ၊ မိုးအဝင်က အမြဲနောက်ကျတယ်၊ အောက်ပြည်မှာ နယုန်လဆို မိုးရွာနေတတ်ပေမယ့် တို့အညာမှာတော့ နယုန်လဟာ မိုးတစ်ပြိုက်နှစ်ပြိုက်လောက်ပဲ ရွာတဲ့လပေါ့ကွာ၊ လယ်ယာလုပ်ငန်းတွေဆိုတာ ဝါဆို ဝါခေါင်လောက်မှ စတင်နိုင်တယ်မဟုတ်လား၊ အဲဒီလို ဝါဆို ဝါခေါင်ဆိုရင် နွားတွေမအားတော့ဘူးကွ၊ အဲဒီကနေ ဆောင်းတွင်း၊ ဆောင်းတွင်းကနေ နွေဖက်ရောက်တာတောင်မှ နွားတွေအားတာမဟုတ်ဘူး၊ နွားတွေတကယ်အားတဲ့လဟာ ကဆုန်နဲ့နယုန်ကြားကာလပဲ၊ အဲဒါကြောင့်မို့ နယုန်လမှာရွေးလုပ်ကြတာ၊ နောက်တစ်ခုကတော့ နယုန်လဟာ နွေပြီးတဲ့လကွ၊ နွေရာသီဆိုတာ အစာရေစာရှားပါးတယ်မဟုတ်လား၊ နွေရာသီမှာ အစာ၀၀မစားရတဲ့နွားဟာ နယုန်လလောက်ဆို ပိန်နေတတ်တယ်၊ ဒီနွားအစာကောင်းမကောင်း သခင်က ဂရုစိုက်မစိုက်သိချင်ရင် ဒီလိုအချိန်မှာကြည့်တာအကောင်းဆုံးပေါ့ကွာ”

“နားလည်ပါပြီ ဦးဘသာရာ၊ ဒါဆို နွားပြိုင်ပွဲတွေက အင်းဝခေတ်ကတည်းက စခဲ့တာပေါ့”

“အဲဒီလိုလည်းပြောလို့မရဘူးကွ၊ ဟိုးရှေးရှေးတုန်းကတော့ စာပေအထောက်အထားတွေမရှိလို့ သူတို့ဘယ်လိုလုပ်သလဲမသိဘူးပေါ့၊ နွားပွဲမှာ ပြိုင်ပွဲတွေထည့်လာတာက ကုန်းဘောင်ခေတ်နှောင်းပိုင်းရောက်မှလို့သိရတယ်၊ ကိုလိုနီခေတ်ရောက်တော့ နွားပြိုင်ပွဲရယ်လို့ တသတ်တမှတ်ဖြစ်လာကြတယ်၊ နွားရောင်းတဲ့ပွဲမှာ နွားပြိုင်ပွဲတွေထည့်တယ်၊ နွားပြိုင်ပွဲကလည်း အမျိုးမျိုးရှိတယ်၊ မပါမဖြစ်ကတော့ နွားအလှပြိုင်ပွဲပေါ့ကွာ၊ နွားပိုင်ရှင်တွေက ကြန်အင်လက္ခဏာကောင်းတဲ့ နွားတွေကို သေသေချာချာဂရုတစိုက်ကို ပိုးမွေးသလို မွေးကြသကွ၊ ပြီးရင် နွားအလှပြိုင်ပွဲမှာ ထည့်ပြိုင်တယ်၊ နွားအလှပြိုင်ပွဲဆိုတဲ့အတိုင်း နွားရဲ့အသွေးအရောင်၊ နွားရဲ့ကြန်အင်လက္ခဏာ ကောင်းမကောင်းဆိုတာတွေကို နွားကြည့်ဆရာတွေပါတဲ့ သမာဓိလူကြီးတွေက အမှတ်ပေးဆုံးဖြတ်ပြီး အမှတ်အများဆုံး အလှဆုံးနွားကို ပထမဆုပေးတယ်၊ ကျန်တဲ့နွားတွေကိုတော့ အမှတ်အပေါ်မူတည်ပြီး ဒုတိယ တတိယဆုတွေ ပေးကြတာပေါ့ကွာ၊ အင်္ဂလိပ်ခေတ်တုန်းကဆို နွားအလှပြိုင်ပွဲကို ဒိစတြိတ်လူကြီးတွေ၊ မြို့ပိုင်၊ ဝန်ထောက်တွေနဲ့ ဘုရင်ခံပါ တက်ရောက်အားပေးကြတယ်ဆိုပဲ၊ တစ်ချိန်က မကွေးနွားပွဲတို့၊ မင်းဘူးနွားပွဲတို့ဆိုတာ နာမည်ကြီးပေါ့ကွာ၊ နွားတွေလည်း ထောင်ချီလာသလို အနယ်နယ်အရပ်ရပ်ကနေ နွားရောင်းနွားဝယ်ဆင်းလာကြတဲ့ လှည်းတွေဆိုရင်လည်း ထောင်ချီရှိတယ်ဆိုပဲ၊ လူကတော့ ပြောမနေနဲ့ဟေ့၊ ကြက်ပျံမကျဆိုတာ အဲဒီလိုပွဲမျိုးကိုပြောတာကွ၊ အဲဒီမှာ လှည်းပြိုင်ပွဲတို့ ဘာတို့လည်းပါတာပေါ့ကွာ၊ ခုနကပြောသလို ရောင်းတဲ့လူကရောင်း ဝယ်တဲ့လူကဝယ်ကြပေါ့၊ အလှပြိုင်ပွဲမှာ ဆုရတဲ့နွားတွေကို ပိုင်ရှင်က ရောင်းချင်တယ်ဆိုရင် လေလံဆွဲကြတဲ့ပွဲလည်းပါသေးတယ်၊ နွားချောရင်ချောသလို လှရင်လှသလို ပုံမှန်နွားဈေးထက် ဆယ်ဆ အဆနှစ်ဆယ်လောက်ကိုရတာကွ”

“ဘယ်သူတွေက ဝယ်ကြတာလဲဗျာ၊ နွားတစ်ကောင်တည်းကို နွားအကောင်နှစ်ဆယ်စာပေးပြီး ဝယ်မယ့်အစား ကျုပ်ဆိုရင်တော့ နွားအကောင်နှစ်ဆယ်ပဲဝယ်မှာပေါ့”

“နွားကို အရမ်းရူးသွပ်တဲ့ သူဌေးကြီးတွေရှိတယ်ကွ၊ သူတို့အယူအဆအရဆိုရင် ကြန်အင်လက္ခဏာကောင်းတဲ့ နွားရှိရင် သူတို့နွားခြံမှာ မင်္ဂလာရှိတယ်၊ ဒီလိုနွားကောင်းပိုင်တဲ့ ပိုင်ရှင်က ကျက်သရေရှိတယ်လို့ယူဆကြတာကိုး၊ ခုခေတ် တချို့သူဌေးကြီးတွေ ကားအကောင်းစားတွေဝယ်ပြီး စုကြသလို အဲဒီခေတ်တုန်းကလည်း နွားကောင်းတွေဝယ်စုတဲ့ သူဌေးတွေရှိတာကိုးကွ၊ သူတို့က လေလံဆွဲပြီး အပြိုင်ဝယ်ကြတာ”

“ဒီလိုကိုးဗျ”

“တို့မြိုင်သာနယ်က နွားပွဲကလည်း အစဉ်အဆက်ကျင်းပလာခဲ့တာ နှစ်တစ်ရာကျော်ပြီဆိုတော့ အစဉ်အလာတော့ရှိတယ်ကွ၊ နွားပွဲဟာ ဘုရားပွဲနဲ့မတူဘဲ တအားကြီးကျယ်လွန်းအားကြီးလို့ ရွာတစ်ရွာတည်း တာဝန်မယူနိုင်ဘူး၊ ဒီတော့ နွားပွဲကျင်းပဖို့ အလှည့်ကျတဲ့ရွာနဲ့ ဘေးချင်းကပ်ရွာက ပူးတွဲတာဝန်ယူရတယ်၊ နွားပွဲကို ရွာထဲမသွင်းရဘူးဆိုတဲ့ စကားရှိလေတော့ ရွာတွေနဲ့လွတ်ကင်းတဲ့နေရာမှာ ရွေးချယ်လုပ်ရပြန်တယ်ကွ၊ ဘာဖြစ်လို့ရွာထဲ မသွင်းခိုင်းတာလဲဆိုရင် နွားပွဲဖြစ်တော့ လူတွေနွားတွေ အုံးအုံးထအောင် ရောက်လာကြတာမဟုတ်လား၊ အဲဒီအခါ ရွာခံတွေနဲ့ နွားပွဲလာတဲ့ဧည့်သည်တွေ အရှုပ်အထွေးတွေဖြစ်ကုန်မှာစိုးလို့ ဒီလိုဆုံးဖြတ်တယ်ထင်တာပဲ”

“ဟုတ်မယ်ဗျ၊ ဒါကြောင့်လည်း အဖေက နွားပွဲကို ကျုပ်တို့ရွာနဲ့ တန်းမြင့်ရွာကြားထဲက ဘုရားပျက်ကုန်းရှိတဲ့အနားက ကွင်းမှာ လုပ်ဖို့ရွေးချယ်လိုက်တာဖြစ်မှာဗျ”

“နွားပြိုင်ပွဲ လှည်းပြိုင်ပွဲတွေမှာလည်း အမျိုးမျိုးရှိသေးတယ်၊ များသောအားဖြင့်ကတော့ လှည်းဆင်ပြိုင်ပွဲ ပြိုင်ကြတာများတယ်ကွ၊ လှည်းဆင်ပြိုင်ပွဲဆိုတဲ့အတိုင်း ပြိုင်ပွဲဝင်တဲ့ရွာကနေ လှည်းနှင်တစ်ယောက်ရယ် အကူတစ်ယောက်ရယ် ဝင်ပြိုင်ရတယ်၊ ပြိုင်ပွဲပြိုင်တဲ့အခါ လှည်းတစ်စီးစာ ပစ္စည်းတွေကို အားလုံးတစ်စစီဖြုတ်ပြီး မြေမှာချထားပေးတယ်၊ ပြိုင်ပွဲစရင် လှည်းနှင်နဲ့ အကူက လှည်းဘီးကစလို့ ပစ္စည်းတွေအကုန်လုံးကို ကောက်ဆင်ကြရတယ်၊ မြန်မြန်နဲ့မှန်မှန်ဆင်ပြီးရင် လှည်းနှင်ရော လှည်းအကူရော လှည်းပေါ်တက်ပြီး မောင်းထွက်ရသကွ၊ မြန်မြန်မှန်မှန်နဲ့ တာအရင်ဝင်တဲ့အဖွဲ့က အနိုင်ပေါ့ကွာ”

“အဲ့လိုလည်းရှိတာလား၊ ပြီးတော့ အဖေတို့ပြောပါသေးတယ်ဗျာ၊ ဒုန်းတိုက်ပွဲဆိုလား . . . အဖေကတော့ အဲဒီပွဲကို မထည့်ချင်ဘူးဗျ၊ ဒါပေမယ့် တန်းမြင့်ရွာသူကြီး ဦးကျော်ဝင်းကတော့ ဒီပွဲကိုထည့်ချင်တယ်ဆိုပြီး ထည့်ဖို့ဆုံးဖြတ်လိုက်တယ်”

ဦးဘသာက နည်းနည်းအံ့သြသွားတယ်။

“ဟာ . . . ဒုန်းတိုက်ပွဲထည့်မယ်တဲ့လားကွာ”

“ဘာဖြစ်လို့လဲဦးဘသာ၊ ဒုန်းတိုက်ပွဲဆိုတာ နွားတိုက်ပွဲကိုပြောတာမို့လို့လား”

“မဟုတ်ဘူးကွ၊ ဒုန်းတိုက်ပွဲဆိုတာ နွားလှည်းနှစ်စီး ဒုန်းတိုက်မောင်းပြိုင်တဲ့ပွဲကွ၊ ဒါပေမယ့် ဒုန်းတိုက်ပွဲက လူစိတ်ဝင်စားမှုလည်းများသလို ပြိုင်ဆိုင်မှုလည်း အလွန်ပြင်းထန်တဲ့ပွဲကွ၊ တစ်ရွာနဲ့တစ်ရွာ အပြိုင်အဆိုင်ပြိုင်ကြတာ၊ ပြီးတော့ကွာ လောင်းကစားသဘောမျိုးတွေလည်းပါတယ်၊ နွားပွဲမှာ ရန်ဖြစ်ကြ သေကြကြေကြပြီဆိုရင် အဲဒီဒုန်းတိုက်ပွဲကြောင့်ပဲဖြစ်ကြတာကွ၊ သူကြီးမထည့်ချင်တာကလည်း ဒုန်းတိုက်ပွဲမှာ သေကြကြေကြမှာစိုးလို့ပဲ”

“ဒါပေမယ့် လူစိတ်ဝင်စားမှုများတယ်မဟုတ်လား”

“များတာတော့ အတော်များတယ်ဟေ့၊ ကြည့်နေ ဒီတစ်ခါနွားပွဲမှာ ဒုန်းတိုက်ပွဲပါတယ်ဆိုရင် ဘယ်ကမှန်းမသိတဲ့လူတွေ တစ်ပုံတခေါင်းကြီး ရောက်လာကြလိမ့်မယ်ကွ”

“ဒါနဲ့ဗျာ ဦးဘသာရော နွားပွဲမှာ ဝင်မပြိုင်ဘူးလားဗျ”

“ပြိုင်မှာပေါ့ကွ၊ တခြားပြိုင်ပွဲတော့ မပြောတတ်ပေမယ့် နွားအလှပြိုင်ပွဲမှာတော့ ဝင်ပြိုင်ဖြစ်အောင် ဝင်ပြိုင်မှာကွ”

ကျုပ်တို့စကားပြောနေတုန်း ကာလသားခေါင်းကိုမြင့်က အိမ်ရှေ့ကနေဖြတ်သွားရင်း ကျုပ်တို့ကိုလှမ်းတွေ့သွားတယ်ဗျ၊ ကိုမြင့်က ခြံထဲဝင်လာရင်းနဲ့

“အလတ်ကောင် မင်းက ဒီမှာ ဦးဘသာနဲ့ လေဖောနေတာကိုးကွ၊ ငါ့မှာတော့ မင်းကိုလိုက်ရှာလိုက်ရတာကွာ”

“ဘာဖြစ်လို့လဲ ကိုမြင့်ရ”

“ဘာဖြစ်ရမလဲ သူကြီးမှာလိုက်တယ်၊ အလတ်ကောင်ကို ရှာပြီး အိမ်ကိုပြန်ခေါ်ခဲ့ပါတဲ့၊ ငါတို့နှစ်ယောက် နွားပွဲအတွက် ဖိတ်စာတွေ လိုက်ပို့ရမယ်တဲ့ကွ”

ကျုပ် ဦးဘသာကိုနှုတ်ဆက်ပြီး ကိုမြင့်နဲ့လိုက်လာခဲ့တယ်ဗျ၊ အိမ်ရောက်တော့ အဖေက သူ့အရှေ့ကစားပွဲမှာ စာရွက်အခေါက်လေးတွေတင်ထားတယ်၊

“ခုမှပဲ ပေါ်လာတော့တယ် မင်းဘယ်တွေသွားနေတာလဲကွ အလတ်ကောင်ရ”

“အဖေပြောလို့ ရွာထဲကလူကြီးတွေကို နွားပွဲအကြောင်းသွားပြောနေတာလေဗျာ”

“အောင်မယ်လေးကွာ၊ ဒါလေးပြောတာ ဒီလောက်ကြာစရာအကြောင်းရှိလို့လား၊ ကဲ အဲဒါထားပါတော့ မင်းနဲ့ ငမြင့်နဲ့ ဖိတ်စာတွေလိုက်ဖိတ်ရမယ်ကွ၊ တခြားတော့သွားစရမလိုပါဘူး ပေတောရွာကို တစ်စောင်၊ လှည်းလမ်းခွရွာကိုတစ်စောင် သွားပေးရမယ်၊ ကျန်တဲ့ရွာတွေကိုတော့ အဲဒီရွာက သူကြီးတွေဆက်ပြီး လက်ဆင့်ကမ်းအကြောင်းကြားပေးလိမ့်မယ်ကွ၊ အဲဒီရွာတွေမှာရှိတဲ့ နွားကြည့်တော်တဲ့ နွားဆရာတွေကို နွားအလှပြိုင်ပွဲအတွက် သမာဓိဒိုင်လူကြီးလုပ်ပေးဖို့ပေါ့၊ နွားလှည်းပြိုင်ပွဲတွေမှာ ဝင်ပြိုင်မည့် လူစာရင်းတွေလည်း တစ်ခါတည်း လုပ်ပေးထားပါလို့ပြောလိုက်၊ လှည်းလမ်းခွအထိသွားမှာဆိုတော့ မိုးတော့ချုပ်မှာကွ၊ သိပ်မိုးချုပ်ရင် ပြန်မလာနဲ့ အဲဒီက အသိအိမ်မှာပဲ တစ်ညတလေတည်းလိုက် ဟုတ်ပြီလား”

ကျုပ်တို့ခေါင်းညိတ်ပြီး စာတွေယူလို့ထွက်လာခဲ့ကြတယ်၊ သွားရလာရမြန်အောင် ကိုရှည်ကြီးရဲ့ စက်ဘီးကိုလည်း ငှားခဲ့တာပေါ့ဗျာ။

(၂)

စက်ဘီးတစ်စီးကို လူနှစ်ယောက်စီးရတာဆိုတော့ ခရီးကတော့ သိပ်မတွင်ဘူးဗျ၊ ဒါပေမယ့် အဖော်မပါဘဲ ခရီးမသွားနဲ့ဆိုတဲ့စကားအတိုင်း ကျုပ်တို့ရွာဘက်တွေမှာက တစ်ခုခုဆိုရင် အနည်းဆုံးတော့ လူနှစ်ယောက်သွားကြတာချည်းပဲဗျ၊ စက်ဘီးနင်းတဲ့အခါလည်း တစ်ယောက်ညောင်းရင် တစ်ယောက်တစ်လှည့်နင်းလို့ရတာပေါ့ဗျာ။ စက်ဘီးက လှည်းထက်တော့မြန်တယ်ပြောရမယ်၊ ကျုပ်တို့ရွာကနေ နေ့လည်လောက်ထွက်လာခဲ့လိုက်တာ ပေတောရွာကို ညနေနေချိုချိန်လောက်ရောက်ကြတယ်ဗျာ၊ ပေတောရွာသူကြီးအိမ်မှာ စကားပြောကြ ခရီးတစ်ထောက်နားကြပြီး ဆက်ထွက်လာခဲ့လိုက်တာ လှည်းလမ်းခွရွာကို ညနေခြောက်နာရီကျော်ကျော်လောက်ရောက်ခဲ့တယ်ဗျ၊

လှည်းလမ်းခွရွာထဲမှာ နာရေးတစ်ခုဖြစ်နေတယ်ဗျ၊ ကျုပ်က စပ်စပ်စုစုနဲ့သွားကြည့်တော့ သေတဲ့လူက ဦးသံခဲတဲ့ဗျာ၊ အလောင်းကို မြေချပြီးပုံရတယ်ဗျ၊ အခုက ရက်လည်လုပ်ဖို့လူစုနေတဲ့သဘောပဲ၊ ထူးဆန်းတာတစ်ခုက ဦးသံခဲအသုဘက တော်တော်ကိုစည်စည်ဗျ၊ ပုံမှန်အသုဘဆိုရင်တော့ အိမ်ရှေ့မှာ ကနားဖျင်းထိုးပြီးပြင်ထားကြရုံပေါ့၊ အခုဟာက လမ်းဟိုဘက်ဒီဘက်ကို ကနားဖျင်းအရှည်ကြီးဆွဲပြီး တော့ကိုလုပ်ထားတာ၊ လူတွေဆိုရင်လည်း မနည်းဘူးဗျို့။ သူ့ဝိုင်းနဲ့သူထိုင်ပြီး စကားတွေပြောနေကြတာ၊ ဖဲဝိုင်းမပါဘဲနဲ့တောင် တော်တော်စည်နေတယ်ဆိုတော့ ကျုပ်လည်းသိချင်တာအမှန်ပဲ၊

“ဦးသံခဲက ဘယ်သူမို့ ဒီလောက်တောင်စည်ရတာလဲဗျာ”

ကျုပ်က စပ်စပ်စုစုနဲ့ ဘေးနားကလူတစ်ယောက်ကိုမေးကြည့်လိုက်တယ်ဗျ၊ ဒီလူ့မျက်နှာကလည်း ကြေကွဲနေသလိုပါပဲဗျာ။

“စည်တာပေါ့ဗျာ၊ ဦးသံခဲဆိုတာ ကျုပ်တို့ရွာက အထက်လမ်းဆရာကြီးဗျ၊ ကျုပ်တို့ရွာမှာ စုန်းတိုက် သရဲဖမ်း ပယောဂ ဘာညာဆိုရင် ဒီဆရာကြီးပဲ ဒိုင်ခံကုပေးနေရတာဗျ”

“စိတ်မကောင်းစရာပဲဗျာ၊ ဒါနဲ့ ဆရာကြီးက ဘယ်လိုဖြစ်ပြီးသေသွားတာလဲ ဘာရောဂါဖြစ်လို့လဲဗျ”

“စုန်းက ပညာပြိုင်ရင်း ဆရာကြီးထက်ပညာသာတော့ ဆရာကြီးကို ရက်ရက်စက်စက်သတ်ဖြတ်သွားခဲ့တာပါပဲကွာ”

“ဗျာ . . . ဒါဖြင့်ရင် စုန်းလုပ်လို့သေရတာပေါ့”

“အစစ်ပေါ့ကွ၊ ငါ့ဖြင့် အဲဒီစုန်းကိုတွေ့လို့ကတော့ တစ်ခါတည်း အပိုင်းပိုင်းဖြစ်အောင်ခုတ်ထည့်မှာကွ”

ရွာသားတွေက ဒေါသထွက်နေတာနဲ့ ကျုပ်တို့အဲဒီနာရေးကနေ ခပ်မြန်မြန်ထွက်လာခဲ့ရတယ်ဗျာ၊ ကိုမြင့်က စက်ဘီးတွန်းလာရင်း

“အဲဒါပေါ့အလတ်ကောင်ရ၊ ရေကူးကျင်လည်တဲ့လူဟာ ရေနစ်လို့သေတယ်ဆိုတာပေါ့ကွ”

“ဦးသံခဲ ရေကူးတတ်မှန်း ကိုမြင့်ဘယ်လိုသိသလဲဗျာ”

“ဟာကွာ၊ ဒီလူကြီးရေကူးတတ်မှန်းတော့ ငါသိမလားကွ၊ ငါက တင်စားပြီးပြောတာ၊ ခုနကလူပြောတာ ကြားတယ်မဟုတ်လားကွ၊ ဒီလူကြီးက ပယောဂတို့ စုန်းတိုက် နတ်တိုက်တာတွေကို ကုသပေးတဲ့ဆရာကြီးတဲ့ကွ၊ စုန်းတွေဘာတွေကို သူဒိုင်ခံ ကုသပေးခဲ့ပေမယ့် အခုသေတော့လည်း စုန်းလုပ်လို့သေရတာပဲမဟုတ်လားကွ၊ ငါပြောတာ အဲဒီသဘောနဲ့ပြောချင်တာကွ”

“ဒါကတော့ဗျာ၊ လူဆိုတာ သူ့ထက်သူ လူစွမ်းကောင်းတွေချည်းပဲကိုးဗျ၊ အဲဒါအသာထားပါ ကိုမြင့်ရာ၊ အခု မိုးချုပ်လာပြီ ကျုပ်တို့ဘယ်မှာတည်းမလဲ”

“ငါတော့မတည်းချင်ဘူးကွာ၊ အခု သိပ်လည်းမမှောင်သေးဘူးဆိုတော့ တို့တွေ ပေတောရွာကိုပြန်ရင်ကောင်းမယ်ထင်တယ်၊ လှည်းလမ်းခွမှာက အသိအကျွမ်းမိတ်ဆွေ အရင်းမရှိဘူးကွ၊ သူများအိမ်သွားတည်းရမှာ အားနာတယ်၊ နောက်ပြီး . . . နောက်ပြီး”

“ကျုပ်သိပါတယ် ကိုမြင့်ရာ၊ လှည်းလမ်းခွတို့ ဒွေးချောင်းရွာတို့ဆိုတာ စုန်းကဝေတွေ သိပ်ပေါတယ်မဟုတ်လားဗျ”

“အေး . . . အဲဒါလည်းပါတယ်ကွ၊ ခုနက အထက်လမ်းဆရာကြီးတောင် စုန်းလုပ်လို့သေရပြီမဟုတ်လား၊ တို့တွေကို မကျေနပ်လို့ပဲဖြစ်ဖြစ် အပျော်သဘောနဲ့ပဲဖြစ်ဖြစ် ပြုစားထည့်လိုက်မှ ကုမရဘဲဖြစ်နေပါအုံးမယ်ကွာ၊ ခြောက်နာရီကျော်ပြီဆိုပေမယ့် နေရောင်လေးနည်းနည်းရှိသေးတယ်ဆိုတော့ ငါတို့ပေတောရွာကို ခပ်မြန်မြန်နင်းသွားရင် ညခုနစ်နာရီ ရှစ်နာရီနီးပါးလောက်ဆိုရင် ရောက်မယ်ထင်တယ်ကွ၊ ဟိုရောက်တော့ မှုန်ကြီးတို့အိမ်မှာတည်းကြတာပေါ့ကွာ၊ မဟုတ်ရင်လည်း တည်းဖို့ပြုဖို့အိမ်ပေါပါတယ်၊ ပေတောရွာက တို့ရွာလိုဖြစ်နေတာမဟုတ်လားကွ”

ကိုမြင့်ပြောတာ ကျုပ်လည်းလက်ခံတယ်ဗျာ၊ ကျုပ်တို့တွေ လှည်းလမ်းခွရွာကနေ ခပ်မြန်မြန်နင်းထွက်လာခဲ့ကြတယ်ဗျ၊ ရွာအပြင်လမ်းရောက်တော့ အရက်မူးသမားကြီးတစ်ယောက်က ဒယိမ်းဒယိုင်နဲ့လမ်းလျှောက်လာတယ်။ စက်ဘီးဘဲလ်တီးတော့ ဒီလူကြီးက လမ်းကိုဟိုဘက်ပြေးကပ်မလိုလို ဒီဘက်ပြေးကပ်မလိုလိုနဲ့ဖြစ်နေတယ်ဗျာ၊ သူက ဟိုဘက်လိုလို ဒီဘက်လိုလိုလုပ်နေတော့ ကျုပ်တို့စက်ဘီးကလည်း ဘယ်ကိုရှောင်ရမလို ညာကိုရှောင်ရမလိုဖြစ်သွားပြီး သူ့ကိုတိုက်မိမလိုဖြစ်သွားတယ်၊ ဘရိတ်မိလို့တော်သေးတာပေါ့ဗျာ၊ မဟုတ်လို့ကတော့ ဒီလူကြီးခွကြားထဲ စက်ဘီးရှေ့ဘီးထိုးဝင်သွားမှာဗျ။ ဒီလူကြီးက ရီဝေနေတဲ့မျက်လုံးတွေနဲ့ ကျုပ်တို့ကိုကြည့်ရင်း

“ဟေ့ကောင်လေးတွေ မင်းတို့ဘယ်သွားကြမလို့လဲကွ”

“ပေတောရွာသွားမလို့ဗျ၊ ကျုပ်တို့အလျင်လိုနေပြီ ဖယ်စမ်းပါဗျာ”

“အောင်မယ်၊ ငါက မင်းတို့ကို လမ်းပြပေးမလို့ကွ”

“ပေတောရွာကိုသွားတဲ့လမ်းက ဒီတစ်လမ်းတည်းရှိတာကိုဗျာ”

“မဟုတ်ဘူးကွ၊ ဖြတ်လမ်းရှိသေးတယ်၊ ဖြတ်လမ်းကသွားမယ်ဆိုရင် ပုံမှန်ကလေးနင်းသွားရင် ပေတောရွာကို တစ်နာရီခွဲလောက်ဆိုရောက်တယ်၊ ခပ်မြန်မြန်နင်းသွားရင် တစ်နာရီမကြာပါဘူးကွာ”

ကျုပ်နဲ့ကိုမြင့် တစ်ယောက်ကိုယ်တစ်ယောက်ကြည့်လိုက်မိတယ်။

“ခင်ဗျား ဟုတ်ရောဟုတ်လို့လားဗျာ”

“အောင်မလေးကွာ၊ ဒီမှာ ငါက ဟောဒီလှည်းလမ်းခွရွာမှာမွေးပြီး လှည်းလမ်းခွရွာမှာပဲ ကြီးလာတဲ့ကောင်ပါကွ၊ ဒီနားက လမ်းတွေအားလုံးကို ငါကနောကျေနေပြီးသား”

“ကဲ အဲဒါဆိုရင်လည်းပြောဗျာ”

“ဟဲ ဟဲ အကြံကောင်းဆိုတာ အလကားမရဘူးကွ”

“အရေးထဲ အရက်ဖိုးလာတောင်းနေသေးတယ်၊ ကျုပ်တို့ဆီမှာ ပိုက်ဆံမပါဘူးဗျ၊ ခင်ဗျားဖြတ်လမ်းပြောရင်ပြော မပြောရင် ကျုပ်တို့လမ်းဟောင်းကပဲ သွားတော့မယ်”

“မင်းတို့ကလည်း မွဲလိုက်တာကွာ၊ ငါ့ထက်တောင်မွဲလိုက်ကြတာ၊ ကဲပါ မင်းတို့ကို ကူညီတဲ့အနေနဲ့ ဖြတ်လမ်းကိုပြောလိုက်မယ်၊ အရှေ့တည့်တည့်ဆက်နင်းသွား၊ ထန်းပင်ကြီးနှစ်ပင် ကပ်ပေါက်နေတဲ့နေရာတွေ့ရင် ညာဘက်က လမ်းကလေးအတိုင်းချိုးသွားလိုက်၊ အဲဒီလမ်းအတိုင်း ဆက်သာနင်းသွားရင် မကြာဘူး ပေတောရွာကိုသွားတဲ့လမ်းပေါ်ရောက်သွားလိမ့်မယ်၊ မင်းတို့ ခရီးနှစ်မိုင်လောက်တော့ သက်သာသွားမှာကွ”

“လမ်းရော ကောင်းလို့လားဗျာ”

“ကောင်းလိုက်တာဗျ ဖြူးနေတာပဲဟေ့၊ အဲဒီလမ်းက ကုန်းဆင်းလမ်းဆိုတော့ မင်းတို့သိပ်အားစိုက်ပြီး နင်းစရာမလိုဘူးကွ”

“ကျေးဇူးပါပဲဗျာ၊ နောက်ကြုံမှပဲ ခင်ဗျားကိုအရက်တိုက်တော့မယ်”

အသွားတုန်းက ကျုပ်နင်းတာဆိုတော့ အပြန်ကျတော့ ကိုမြင့်နင်းအလှည့်ပေါ့ဗျာ၊ ကျုပ်တို့လမ်းအတိုင်းနင်းလာခဲ့ရင်း သိပ်မကြာဘူး ထန်းပင်နှစ်ပင်ပူးပေါက်နေတဲ့ နေရာတစ်ခုကိုရောက်ခဲ့တယ်၊ အဲဒီထန်းပင်ကြီးကနေ ညာဘက်ကိုကွေ့ဝင်သွားတဲ့ လမ်းကလေးတစ်ခုကလည်း ဖြူးနေတယ်ဗျ၊ လမ်းဆုံရောက်တော့ ကိုမြင့်က စက်ဘီးကိုထိုးရပ်လိုက်တယ်။

“အလတ်ကောင် . . . ငါတို့ ဘယ်လိုလုပ်ကြမလဲ၊ လမ်းဟောင်းအတိုင်းပဲဆက်သွားမလား၊ ဟိုလူကြီးပြောတဲ့ ဖြတ်လမ်းဆိုတာကနေသွားကြမလား”

“ကျုပ်ကတော့ ဖြတ်လမ်းကသွားရင်ကောင်းမယ်လို့ထင်တယ်ဗျာ”

“ဟိုလူကြီးက မူးနေတာကွ၊ သူ့စကားက ယုံရပါ့မလား”

“ကျုပ်တို့ ဗုဒ္ဓဘာသာဗမာလူမျိုးတွေဆိုတာ လူတစ်ဖက်သားကို သိပ်ကူညီတတ်ကြပါတယ် ကိုမြင့်ရာ၊ အဲဒီလူကြီးပြောတဲ့ ဖြတ်လမ်းကပဲသွားမယ်ဗျာ၊ မြန်မြန်ရောက်လေ မြန်မြန်အေးလေပဲ”

“အလျင်လို လမ်းအိုလိုက်တဲ့ကွ အလတ်ကောင်ရ စာဆိုတောင်ရှိသေးတယ်”

“သူ့ဟာသူ စာဆိုရှိရှိဘာရှိရှိဗျာ၊ ကျုပ်တို့မြန်မြန်ရောက်ဖို့ပဲ အရေးကြီးတယ်”

ကိုမြင့်က သက်ပြင်းချလိုက်ပြီး

“အေးကွာ၊ ဒါဆိုရင်လည်း မင်းကိုယုံလိုက်တာပေါ့၊ ကဲ သွားပြီဟေ့”

ကိုမြင့်က စက်ဘီးကိုထန်းပင်ညီနောင်လမ်းဆီ ကွေ့ချပြီး ဆက်နင်းလာခဲ့လိုက်တယ်ဗျ၊ လမ်းကတော့ အတော်ဖြူးတယ်ဗျာ၊ ဟိုလမ်းဟောင်းက လှည်းလမ်းကြီးဆိုတော့ တချို့နေရာတွေမှာ ဖုန်တွေ ချိုင့်တွေအပြည့်ပဲဗျ၊ ဒီလမ်းကလေးကတော့ လှည်းသိပ်မသွားဘူးထင်တယ်၊ လမ်းသားကိုမာနေတာပဲဗျာ၊ မသိရင် သံမံတလင်းခင်းထားတာကျနေတာပဲ။ စက်ဘီးကလည်း အတော်ပြေးတယ်ဗျ၊ ပြီးတော့ ဟိုလူကြီးပြောသလို လမ်းက ကုန်းဆင်းတွေများတယ်ဆိုတော့ သိပ်ပြီးအားစိုက်နင်းစရာ မလိုဘူးဗျာ။ နင်းနေတဲ့ကိုမြင့်တောင်မှ နည်းနည်းကျေနပ်လာပြီ။

“အလတ်ကောင် လမ်းကတော့ ကောင်းတယ်ကွ၊ စက်ဘီးကလည်း ငြိမ့်ပြီး ပြေးလိုက်တာပြောမနေပါနဲ့”

“ဒီအတိုင်းဆိုရင် သူပြောသလို တစ်နာရီတောင်မကြာလိုက်ဘဲ ပေတောရွာဆီရောက်မယ်ထင်တယ်ဗျ”

ကျုပ်တို့ဆက်နင်းလာကြရင်း ဆယ့်ငါးမိနစ်သာသာလောက်နင်းလာခဲ့တော့ ရှေ့မှာ သင်္ချိုင်းကုန်းကြီးကို ဘွားခနဲတွေ့လိုက်ရတယ်ဗျ၊ ကိုမြင့်က ဘရိတ်ကိုအသားကုန်ညှစ်ပြီး ကျွိခနဲမြည်အောင်ရပ်ထည့်လိုက်တယ်ဗျာ။

“အလတ်ကောင်ရေ ငါတို့ကို ဟိုလူကြီးတော့ လုပ်ထည့်လိုက်ပြီထင်တယ်ကွာ”

ခုနက လမ်းကလေးက အဲဒီသင်္ချိုင်းကုန်းကြီးအလယ်တည့်တည့်ကိုဝင်ထည့်သွားတာဗျ၊ လမ်းခွဲကလေးဘာလေး ရှိမလားဆိုပြီးကြည့်ကြည့်တော့လဲ ဘေးမှာ ဘာလမ်းခွဲမှမရှိဘဲ အညာဆူးပင်တွေ ရှားစောင်းပင်တွေပေါက်နေတဲ့ ကွင်းကြီးတွေပဲရှိတယ်ဗျို့။

“ကျုပ်တို့လမ်းများမှားလာပြီလား ကိုမြင့်ရာ”

ကိုမြင့်က သင်္ချိုင်းကုန်းအဝင်နားက သစ်သားဆိုင်းဘုတ်ကိုကြည့်လိုက်ရင်း

“လမ်းတော့မမှားဘူးကွ၊ ဒါဆူးရစ်ကုန်းသင်္ချိုင်းလို့ခေါ်တယ်၊ ဒီသင်္ချိုင်းကုန်းကြီးက ပေတောရွာနဲ့ လှည်းလမ်းခွရွာ နှစ်ရွာပေါင်းသုံးတဲ့ သင်္ချိုင်းကုန်းကွ၊ ဒီသင်္ချိုင်းကုန်းက နှစ်ဖက်ပေါက်တယ်လို့ပြောတယ်ကွ၊ လှည်းလမ်းခွရွာဘက်က ဝင်တဲ့တစ်လမ်းရယ်၊ ပေတောရွာဘက်က ဝင်တဲ့လမ်းရယ်ဆိုပြီးရှိတယ်၊ ဒီသင်္ချိုင်းကုန်းကြီးကို ငါတို့အလယ်ကနေဖြတ်သွားပြီး ပေတောရွာဘက်က ဝင်တဲ့လမ်းကိုရောက်ရင် ပေတောရွာကိုနီးပြီပေါ့ကွာ”

“ဟိုလူကြီးတော့ ကျုပ်တို့ကိုလုပ်ထည့်လိုက်ပြီဗျ၊ နောက်တစ်ခါလမ်းမှာတွေ့လို့ကတော့ တစ်ခါတည်း ပေါင်ခွကြားကို စက်ဘီးနဲ့တိုက်ထည့်လိုက်မယ်ဗျာ၊ ကိုမြင့် ကျုပ်တို့ဘယ်လိုလုပ်ကြမလဲဗျ၊ အနောက်ပြန်လှည့်ကြမလား”

“ဟာကွာ၊ ဒီလောက်နင်းလာပြီးမှ အနောက်ပြန်လှည့်မယ်ဆိုရင် မထူးတော့ဘူးကွ၊ ငါတို့အချိန်နာရီဝက်လောက်နစ်နာသွားမှာ၊ လမ်းဟောင်းက ပြန်နင်းမှာနဲ့ဆို ပေတောရွာကို ညကိုးနာရီဆယ်နာရီလောက်မှ ရောက်မှာကွ၊ ဒီလမ်းက ဖြတ်လမ်းဟုတ်တာတော့ အမှန်ပဲကွ၊ ငါတို့ ဒီလမ်းကနေ သွားကြမယ်”

“သင်း . . . သင်္ချိုင်းကုန်းအလယ်ကနေ ဖြတ်ရမှာလေဗျာ”

“အိုကွာ သင်္ချိုင်းကုန်းလည်း ဘာကြောက်စရာရှိလဲ၊ တို့ကပ္ပိယကြီးပြောတာ မကြားဖူးဘူးလား၊ သင်္ချိုင်းကုန်းဆိုတာ လူသေတွေချည်းနေတဲ့အရပ်မို့ ဘာမှကြောက်စရာမရှိဘူးတဲ့ကွ၊ လူတွေများတဲ့ ရပ်ရွာတွေသာ သိပ်ကြောက်ဖို့ကောင်းတာတဲ့”

“ကြောက်ဖို့မကောင်းဘူးဆိုရင် ကိုမြင့်လည်း ရွာထဲမနေဘဲ သင်္ချိုင်းကုန်းထွက်နေပါလားဗျာ၊ ဒုက္ခပဲ၊ မိုးကလည်းချုပ်၊ မီးကလည်းမပါ၊ ဒီကြားထဲ သင်္ချိုင်းကုန်းထဲက ဖြတ်ရအုံးမယ်”

“အလင်းရောင်ဖျော့ဖျော့တော့ ရှိပါသေးတယ်အလတ်ကောင်ရ၊ ငါတို့မြန်မြန်ဖြတ်ရင် ခဏဆိုရောက်မှာပါ၊ ယောက်ျားဖြစ်ပြီး ကြောက်မနေစမ်းပါနဲ့ကွာ၊ လာစမ်းပါကွ”

စက်ဘီးကယ်ရီယာပေါ်ကို ကျုပ်ခွထိုင်လိုက်မိတယ်၊ ကိုမြင့်အနောက်သာလိုက်ရမှာ စိတ်ထဲ ခပ်လန့်လန့်ပဲဗျ။ ကိုမြင့်ကလည်း စိတ်ကိုသေချာထိန်းပြီး စက်ဘီးကိုအသားကုန်နင်းချလိုက်တယ်ဗျာ၊ သင်္ချိုင်းကုန်းအဝင်ဝကနေ လမ်းကလေးအတိုင်းကျုပ်တို့နင်းလာခဲ့တယ်ဗျ၊ ဆူးရစ်ကုန်းသင်္ချိုင်းက ကျုပ်တို့ရွာသင်္ချိုင်းလို အပင်ကြီးတွေအုပ်အုပ်ဆိုင်းဆိုင်းမရှိဘူးဗျို့၊ သင်္ချိုင်းကုန်းနားမှာ ရှင်းထားသလားတော့မသိဘူး ဘာအပင်မှမရှိဘဲပြောင်ရှင်းနေတယ်၊ ချုံနွယ်ပိတ်ပေါင်းတွေနဲ့ လူတစ်ရပ်လောက်မြင့်တဲ့ ရှားစောင်းရိုင်းပင်ကြီးတွေပဲ မင်းမူနေတယ်ဗျ၊ အုတ်ဂူတွေ မြေပုံတွေက လမ်းကလေးရဲ့ ဘယ်ညာမှာ အစီအရီရှိနေကြတယ်၊ ဒီလိုနဲ့နင်းလာရင်း ဇရပ်ကြီးတစ်ဆောင်ကိုတွေ့လိုက်ရတယ်၊ ကိုမြင့်က

“အဲဒီဇရပ်ကြီးက လှည်းလမ်းခွရွာဘက်က နာရေးကိစ္စတွေစီရင်တဲ့ ဇရပ်ပေါ့ကွာ”

“အဲဒါတွေပြောမနေပါနဲ့ ကိုမြင့်ရာ နင်းမှာသာ မြန်မြန်နင်းပါဗျ”

ဇရပ်ကြီးကိုကျော်ပြီးတဲ့အခါ အုတ်ဂူတွေမြေပုံတွေ တဖြည်းဖြည်းကျဲသွားတယ်၊ လမ်းကလေးကတော့ ရှိနေတုန်းပဲဗျ၊ နောက်တော့ ကိုးတောင်ပြည့်စေတီကလေးတစ်ဆူ၊ လွမ်းစေတီကလေးတွေ၊ ဘုန်းကြီးပျံအရိုးတွေထည့်ထားတဲ့ အရိုးအိုးစေတီကလေးတွေပဲတွေ့တယ်၊ ဒီဘက်အပိုင်းက တော်ရုံတန်ရုံလူတွေ သိပ်မမြှုပ်ကြတဲ့အပိုင်းနေမယ်၊ အုတ်ဂူဆိုလို့ ရှေးဟောင်းအုတ်ဂူကြီးတွေပဲ တစ်လုံးစ နှစ်လုံးစ တွေ့ကြရတယ်၊ အခုမှ စိတ်နည်းနည်းအေးသွားတော့တယ်ဗျာ၊ ဒီလိုနဲ့နင်းလာရင်း အရှေ့ရောက်တော့ လမ်းလယ်ကောင်မှာ ခွေးတစ်ကောင်က ကျုပ်တို့ကို ကျောပေးပြီး အေးအေးလူလူထိုင်နေတယ်ဗျ၊ ကိုမြင့်က စက်ဘီးဘဲလ်ကို အသားကုန်တီးတာတောင် ဒီခွေးက ကြောင်တောင်တောင်နဲ့ ဒီအတိုင်းထိုင်ကြည့်နေတယ်။

“ဒီခွေးကတော့ ဘဲလ်တီးနေတာတောင် ရှောင်ရကောင်းမှန်းမသိဘူးပဲကွ၊ ဒါမျိုးခွေးကို ပညာပေးခဲ့မှရမယ်”

“ဟုတ်တယ်ကိုမြင့်ရာ၊ တောထဲနေတဲ့ တောခွေးမို့ထင်ပါရဲ့”

“အလတ်ကောင်ရေ မင်းက ခြေထောက်ရှည်တယ်၊ ငါတို့သူ့ဘေးက ဖြတ်တဲ့အချိန် နှုတ်သီးကိုဖြတ်ကန်ခဲ့ကွာ၊ ဒါမှ ဘဲလ်တီးရင် ရှောင်တတ်မှန်းသိသွားမှာကွ”

ကိုမြင့်ပြောပြီး မကြာခင်မှာပဲ ကျုပ်တို့ခွေးအနားကနေဖြတ်သွားတယ်၊ ခွေးက ခပ်သေးသေး ခပ်ပိန်ပိန်ပဲဗျ၊ ကျုပ်ကလည်း ခွေးဘေးနားကဖြတ်တုန်း ခွေးရဲ့ခေါင်းကို ခြေထောက်နဲ့ဖြတ်ကန်ထည့်လိုက်တယ်ဗျာ၊ ခွေးကထိချက်နာသွားတယ်ထင်တယ်ဗျ၊ တကိန်ကိန်နဲ့အော်ပြီးတော့ကို ကျန်ခဲ့တာ၊ ကိုမြင့်နဲ့ကျုပ် ခွေးအော်နေတာကိုကြည့်ပြီး တဟားဟားနဲ့ရယ်လိုက်မိတယ်။

“အဲဒါပဲအလတ်ကောင်ရ၊ ခွေးရှေ့၊ နွားနောက်တဲ့ကွ၊ စက်ဘီး ဆိုင်ကယ်တွေမောင်းတဲ့ခါ လမ်းမှာခွေးတွေ့လို့ ရှောင်ချင်ရင် ခေါင်းအရှေ့ဘက်နေ ရှောင်ရတယ်၊ ခွေးဆိုတာမျိုးက စက်ဘီးတွေ့တဲ့အခါ ကိုယ်ကိုအနောက်ဆုတ်တတ်တယ်ကွ၊ အနောက်ကနေ သွားရှောင်ရင် ခွေးကိုတိုက်မိတတ်တယ်၊ နွားများလို ဦးချိုပါတဲ့သတ္တဝါကျတော့ ရှောင်ရင် အနောက်ကနေရှောင်ရသကွ၊ သူတို့အရှေ့ကနေဖြတ်မောင်းမိလို့ကတော့ ဒီကောင်တွေက စိတ်မထင်ရင်မထင်သလို ချိုနဲ့ပြေးဝှေ့တတ်တယ်ကွ”

“ဘာပဲပြောပြော ဟိုခွေးကတော့ တော်တော်နာသွားမှာပဲ ကိုမြင့်ရေ”

ပြောရင်း ကျုပ်က ဘာရယ်မဟုတ်ဘဲ အနောက်ကိုလှည့်ကြည်လိုက်မိတယ်၊ ခုနက ကျုပ်တို့တိုက်ခဲ့တဲ့ ခွေးပိန်ကလေးက ကျုပ်တို့စက်ဘီးအနောက်ကို ပြေးလိုက်လာတယ်ဗျ။

“ကိုမြင့်ရေ ဟိုခွေးကတော့ ကျုပ်တို့ကိုမကျေနပ်လို့ စက်ဘီးနောက်ပြေးလိုက်လာတယ်ဗျ”

“ဒီခွေးကတော့ တော်တော်တုံးတာပဲကွ၊ စက်ဘီးအမြန်နှုန်းကို သူ့ခြေအမြန်နှုန်းနဲ့ မီမယ်ထင်နေတာ၊ ကဲပါလေ ဒီကောင်မောသွားအောင် နည်းနည်းပိုနင်းလိုက်တာပေါ့”

ကိုမြင့်က အားစိုက်ပြီးနင်းတယ်၊ စက်ဘီးက မြန်တာတော့ မြန်သွားတယ်၊ ဒါပေမယ့် အနောက်က လိုက်လာတဲ့ခွေးက ပိုမြန်လာသဗျ၊ ကျုပ်တို့စက်ဘီးကိုတောင် မီလုမီခင်ဖြစ်နေပြီဗျာ၊ သွားကြီးဖြဲပြီး တဂီးဂီးမာန်ဖီလို့ ပြေးလိုက်လာတာ၊ ကျုပ်ပဲမျက်စိမှားတာလား ဘာလားတော့မသိဘူး ခုနကတွေ့ခဲ့တဲ့ ခွေးပိန်ကလေးက အခုကျတော့ ခွေးနက်ကြီးဖြစ်ပြီး တော်တော်ထွားလာတာဗျ။

“ကိုမြင့်ရေ မြန်မြန်နင်းစမ်းပါဗျ၊ ဟိုခွေးကြီးက ကျုပ်တို့ကိုမီတော့မယ်ဗျ”

ကိုမြင့်က အနောက်တစ်ချက်လှည့်ကြည့်ရင်း

“ဟာ . . . အလတ်ကောင်၊ ခွေးကြီးက တော်တော်ကြီးပါလားကွ”

“ဟုတ်တယ်ကိုမြင့်ရေ ဒါကြီးနဲ့အကိုက်ခံရရင်တော့ လွယ်မှာမဟုတ်ဘူးဗျ”

“မင်းဟာက ဟုတ်ရောဟုတ်လို့လား အလတ်ကောင်ရာ၊ မျက်စိအောက်တင် ကြီးလာတာဆိုတော့ ငါ့စိတ်ထင် ဒါ . . . ဒါ သရဲခွေးကြီးဖြစ်မယ်ကွ”

ကိုမြင့်က အသားကုန်နင်းရောဗျာ၊ အနောက်က ခွေးကြီးကလည်း ပြေးရင်းပြေးရင်း ပိုပိုကြီးလာတာ သူ့အရပ်က လူကြီးခါးစောင်းလောက်ကို ရှိလာပြီဗျ၊ သွားကြီးတွေကလည်း တစ်ချောင်းတစ်ချောင်းကိုမနည်းဘူးဗျာ၊ မျက်လုံးကြီးကလည်း နီနီကြီးဖြစ်နေတယ်၊ ကျုပ်တို့နဲ့ လက်တစ်ကမ်းလောက်အကွာအထိရောက်လာလို့ အနီးကပ်ကိုမြင်နေရတာဗျ။

ကိုမြင့်က မတ်တပ်ရပ်ပြီးတော့ကို အသားကုန်နင်းနေတာဗျာ၊ နင်းရင်းနဲ့ အုတ်ဂူတွေကို ခပ်စိတ်စိတ်ပြန်မြင်လာရတယ်၊ တန်တော့ ကျုပ်တို့တွေ ပေတောရွာဘက်က သင်္ချိုင်းကုန်းအခြမ်းကို ရောက်လာခဲ့ပြီထင်တယ်။ အရှေ့ကလမ်းကိုကြည့်နေတုန်း အုတ်ဂူတွေကြားထဲကနေ ဘာကောင်ကြီးထွက်လာသလဲကိုမသိဘူးဗျာ၊ မည်းမည်းကြီးနဲ့ မြေကြီးမှာ တွားသွားနေတာဗျ၊ ကိုမြင့်က ဒီကောင်ကြီးကိုမြင်ပေမယ့် အရှိန်မထိန်းနိုင်တော့ဘူး၊ ကျုပ်တို့တွေ အဲဒီအကောင်ကြီးကိုဝင်တိုက်မိပြီး စက်ဘီးက မိုးပေါ်မြောက်တက်သွားတယ်၊ ကျုပ်တို့နှစ်ယောက်ကို ဆွဲလွှင့်ပစ်လိုက်သလိုဖြစ်ပြီး စက်ဘီးကလည်း အုတ်ဂူတွေကြားကိုကျသွားပြီး လူနှစ်ယောက်လည်း မြေပေါ်ကို ခွေးကျ ဝက်ကျ ပြုတ်ကျတော့တယ်ဗျ။

အားယူပြီး ကုန်းထနေတုန်းမှာပဲ ခွေးနက်ကြီးက ကျုပ်တို့အနားကိုရောက်လာပြီဗျ၊ ကျုပ်နဲ့ကိုမြင့် ကြောက်လန့်ပြီး တစ်ယောက်ကိုတစ်ယောက်ဖက်ထားမိတယ်၊ ခွေးနက်ကြီးက တစ်လှမ်းချင်းလျှောက်လာရင်း လူတစ်ယောက်အဖြစ် မတ်တပ်ကြီးပြောင်းလဲသွားပါလေရော၊ ဆံပင်စုတ်ဖွား အသားအရေက မွဲခြောက်ခြောက်နဲ့ မိန်းမကြီးတစ်ယောက်ဖြစ်သွားတာဗျ။

“မင်းတို့က ငါ့ကိုမခန့်လေးစားလုပ်တယ်ပေါ့လေ ဟုတ်လား”

အသံကလည်း အက်ကွဲကွဲကြီးဗျ၊ ကျုပ်တို့က ခေါင်းခါပြီး

“ကျုပ်တို့က ရိုးရိုးတန်းတန်းခွေးမှတ်လို့ ကန်မိတာပါ ဘွားတော်ရာ၊ ဘွားတော်မှန်းသိရင် မကန်ပါဘူးဗျာ”

“ဟေ့ လုပ်ပြီးမှ ဘွာခတ်လို့ရမတဲ့လား၊ နင်တို့နှစ်ယောက်စလုံး ငါ့ပိုင်နက်ထဲမှာ ငါ့ကိုစော်ကားတဲ့အတွက် နင်တို့ကို အစိမ်းလိုက်ဝါးစားပစ်မယ်ဟဲ့”

ပြောရင်း တဟားဟားနဲ့ရယ်တယ်ဗျ၊ ရယ်ရင်းနဲ့ ပါးစပ်ကြီးက ပြဲတက်သွားလိုက်တာ နားရွက်ကိုတက်ချိတ်တော့မယ့်အတိုင်းပဲဗျာ၊ အဲဒီပြဲသွားတဲ့ပါးစပ်ကြီးက တဖြည်းဖြည်းနဲ့အောက်ကို တွဲကျလာပြီး ပါးစပ်ပေါက်အကျယ်ကြီးဖြစ်သွားတယ်ဗျ၊ ခါးလောက်အထိရောက်မယ်ထင်တာပဲဗျာ၊ ပါးစပ်ထဲက သွားတွေ အစွယ်တွေကလည်း ဝါးချွန်တွေ သစ်ချွန်တွေထည့်ထားသလိုမျိုး အရှည်အတိုပုံစံပြောင်းစုံနဲ့ဖြစ်နေတယ်၊ အဲဒီပါးစပ်ထဲကနေ လျှာကြီးတစ်ချောင်းထိုးထွက်လာတယ်ဗျ။ လျှာကြီးကလည်း ရှည်လိုက်တာမှ တစ်လံလောက်ရှိမယ်ထင်တယ်၊ ကိုမြင့်က ကျုပ်ကိုလက်ညှိုးထိုးရင်း

“အဲဒါ ကျုပ်ကန်တာမဟုတ်ဘူး၊ သူ . . .သူကန်တာ သူ့ကိုအရင်စားပါ”

ကျုပ်တော့ထိုးထည့်ခံရပြီဗျာ၊ မြွေကြီးတစ်ကောင်လို ယိမ်းနွဲ့ပြီးထွက်လာတဲ့လျှာကြီးက ကျုပ်လည်ပင်းကိုလာပတ်တယ်ဗျ၊ နံလိုက်တာလည်း ပြောမနေပါနဲ့တော့ဗျာ၊ ဘယ်လိုအနံ့ကြီးမှန်းကိုမသိဘူး၊ အထိအတွေ့ကလည်း အိစက်စက် ခပ်ချောချောကြီးဗျ၊ ဒီလျှာကြီးနဲ့ ကျုပ်ကိုလိပ်ပြီး ပါးစပ်ထဲထိုးသွင်းတော့မယ်နဲ့တူတယ်ဗျို့၊ ဒီအချိန် လူတစ်ယောက်လမ်းလျှောက်လာသံကိုကြားရတယ်ဗျ။

“ဟိတ် . . . ဒီကလေးတွေကို အခုလွှတ်လိုက်”

အသံကတော့ လူကြီးအသံ ခပ်အောင်အောင်ပဲဗျ၊ ကျုပ်လှည့်ကြည့်လိုက်တော့ အသက်ခြောက်ဆယ်လောက်ရှိမယ့် ပုပု၀၀လူကြီးတစ်ယောက်က ခါးထောက်ပြီးမတ်တပ်ရပ်နေတယ်၊ မှောင်နေတော့ မျက်နှာတွေဘာတွေလည်း သေချာမမြင်ရဘူးဗျ။

“ဟိတ်သရဲမ နင်အခုလွှတ်လိုက်နော် မဟုတ်ရင် ငါ့အကြောင်းသိသွားမယ် ဘာမှတ်နေလဲ”

သရဲမက ကြောက်သွားပုံတော့ရတယ်ဗျ၊ ကျုပ်လည်ပင်းကို ပတ်မလို့လုပ်နေတဲ့လျှာကြီးကို ပြန်ခေါက်သိမ်းသွားတယ်ဗျာ၊ ပါးစပ်ကြီးကတော့ ပြဲနေတုန်းပဲ။

“ဟေ့လူကြီး ကိုယ်နဲ့မဆိုင်တာ ဝင်မရှုပ်နဲ့ ဒါငါ့ပိုင်နက် ဒါငါ့နယ်မြေ ငါ့နယ်မှာငါ လုပ်ချင်ရာလုပ်ခွင့်ရှိတယ်”

“သြော်၊ မင်းက ငါ့ကိုများ လေသံမာမာနဲ့ပြောဝံ့တယ်ပေါ့ဟုတ်လား၊ နင်တကယ်စွမ်းတယ်ဆိုရင် ငါနဲ့စမ်းကြည့်လိုက်လေ”

ခုနက လျှာကြီးက အဲဒီလူကြီးဆီကို လှစ်ခနဲပြေးဝင်သွားတာဗျ၊ ဒီလူကြီးက လျှာအရှည်ကြီးကို သူ့လက်နဲ့ဖမ်းဆွဲထားလိုက်တယ်၊ လျှာကိုအားကုန်ဆောင့်ဆွဲထည့်လိုက်တော့ သရဲမက အဲဒီလူကြီးဆီကို လွင့်ထွက်သွားတယ်ဗျ၊ လူကြီးက အနားရောက်တော့မှ သရဲမကို ဘယ်ပြန်ညာပြန် နပန်တွေချည်းကျင်းထည့်တာဗျာ၊ တဖောင်းဖောင်းနဲ့ နားထောင်ရတာ အားရစရာကြီးဗျ၊ အချက်နှစ်ဆယ်လောက် ရိုက်ပြီးတော့ သရဲမလည်း တော်တော်အထိနာသွားပုံရတယ်၊ ဒီတော့မှ ဟိုလူကြီးက သရဲမရဲ့လျှာကို လွှတ်ပေးလိုက်တာ၊ သရဲမလည်း မြေကြီးပေါ်လေးဖက်ထောက်လိုက်တာ ခွေးနက်ကြီးတစ်ကောင်အသွင် ချက်ချင်းပြောင်းသွားတယ်၊ ပြီးတာနဲ့ ကျုပ်တို့ဖြတ်လာခဲ့တဲ့ လှည်းလမ်းခွရွာသင်္ချိုင်းဘက်ကို ပြေးထွက်သွားတော့တာပဲဗျာ၊ ကျုပ်နဲ့ကိုမြင့် အခုမှ သက်ပြင်းချနိုင်တယ်ဗျာ။

ခပ်လှမ်းလှမ်းက အုတ်ဂူတွေကြားကိုကျနေတဲ့ စက်ဘီးကိုသွားပြန်ယူကြည့်ရတယ်ဗျ၊ စက်ဘီးက အရှိန်နဲ့လဲတာဆိုတော့ ဘီးပေါက်ပြီး လေတွေထွက်ကုန်ပြီဗျ၊ ဒီအတိုင်းဆိုရင်တော့ စက်ဘီးစီးလို့ရမယ်မထင်တော့ပါဘူးဗျာ။ ကိုမြင့်က လက်အုပ်ချီရင်း

“ကျေးဇူးတင်လိုက်တာ ဆရာကြီးရာ၊ ကျုပ်တို့မှာလေ ဆရာကြီးပေးတဲ့အသက်ပဲရှိပါတော့တယ်ဗျာ”

ကျုပ်ကလည်း

“ဟုတ်ပါတယ်ဆရာကြီးရာ၊ ဆရာကြီးသာ ဝင်မကယ်ဘူးဆိုရင် အခုအချိန်လောက်ဆို ကျုပ်တို့နှစ်ယောက် သရဲမဗိုက်ထဲရောက်နေလောက်ပြီဗျ”

“ရပါတယ်ကွာ၊ ငါ့အလုပ်က လူတွေကိုကယ်တင်ရတဲ့အလုပ်ပဲကိုးကွ၊ ဒုက္ခရောက်နေကြတဲ့ ခုနစ်ရက်သားသမီးတွေကို ငါ့ပညာနဲ့ကယ်ပေးရတာပေါ့ကွာ၊ ဒီလောက်ကတော့ ဘာမှမပြောပလောက်ပါဘူးကွ ဟင်း ဟင်း”

“ဒါနဲ့ဗျာ၊ ဆရာကြီးနာမည်ကလေးသိပါရစေ၊ နောက်ကြုံတော့လည်း ကျုပ်တို့ဆရာကြီးကို ကျေးဇူးပြန်ဆပ်လို့ရနိုင်တာပေါ့ဗျာ”

“ရပါတယ်ကွာ၊ ကျေးဇူးတွေဘာတွေမလိုပါဘူးကွ၊ ဒါနဲ့ ငါ့နာမည်က ဦးသံခဲလို့ခေါ်တယ်ကွ”

ဦးသံခဲဆိုတဲ့အသံကြားလိုက်တော့ ကျုပ်တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းတွေထောင်ထသွားပြီး ခေါင်းတွေလည်းကြီးလာသလိုခံစားလိုက်ရတယ်ဗျ၊ ကျုပ်အသံတွေတောင်မှ တဖြည်းဖြည်းတုန်ယင်လာတယ်။

“ဦးသံခဲ . . . ဦးသံခဲဆိုတော့ လှည်းလမ်းခွရွာက အထက်လမ်းဆရာကြီး ဦးသံခဲဆိုတာလားဗျာ”

ဦးသံခဲက ပါးစပ်ကြီးဖြဲရင်း တဟင်းဟင်းနဲ့ရယ်တယ်ဗျ။

“မင်းတို့က ငါ့နာမည်ကိုတောင် သိနေကြတာကိုးကွ၊ အေးလေ ငါကလည်း ဒီနယ်တစ်ဝိုက်မှာ နာမည်ကြီးတဲ့ဆရာကြီးကိုးကွ”

ပြောနေရင်းနဲ့ သူ့မျက်လုံးကြီးတွေက မည်းနက်နေတယ်ဗျာ၊ မျက်သားအဖြူမမြင်ရဘဲ မျက်လုံးထဲ သွေးတွေပြည့်နေသလိုမျိုးကြီး မည်းနက်နေတာဗျ၊ တဟားဟားနဲ့ရယ်နေတဲ့ ပါးစပ်ကြီးထဲကနေလည်း ကတ္တရာစေးလို အနက်ရောင်အရည်ပျစ်ပျစ်ကြီးတွေက စီးကျလာတယ်၊ ကျုပ်နဲ့ကိုမြင့်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ခေါင်းပြိုင်တူညိတ်လိုက်ကြတယ်။

“ကဲ ကောင်လေးတွေ၊ ဒီအရှေ့လမ်းက အခြောက်အလှန့်အရမ်းကြမ်းတယ်ကွ၊ မင်းတို့ ငါနဲ့အတူတူလိုက်ခဲ့မလား”

ကျုပ်တို့ ကြောက်အားလန့်အားနဲ့ ခေါင်းကိုခပ်သွက်သွက်ခါလိုက်ပြီးတော့

“မလိုက်ဘူး . . . မလိုက်ဘူး၊ ကျုပ်တို့ ကိုယ့်ဖာသာကိုယ်ပြန်မယ်ဗျာ”

ကိုမြင့်နဲ့ကျုပ် စက်ဘီးယူပြီးပြေးဖို့ပြင်လိုက်တယ်ဗျ၊ ကိုမြင့်က စက်ဘီးကိုအမြန်ကောက်ကိုင်ရင်း

“အလတ်ကောင်ရေ စက်ဘီးကိုတွန်းရင် ကြာနေမယ်ကွ၊ မင်းနဲ့ငါ စက်ဘီးထမ်းပြီးပြေးရအောင်ဟေ့”

ကျုပ်တို့နှစ်ယောက် စက်ဘီးကို ကောက်ကိုင်ပြီး ထမ်းလိုက်ကြတယ်ဗျ၊ ထမ်းပြီးတာနဲ့ ခြေကုန်သုတ်ပြီးပြေးကြတာပဲဗျာ၊ ဒါပေမယ့် ထူးဆန်းတာကတော့ စက်ဘီးကိုတစ်ယောက်ယောက်က ဆွဲထားသလိုမျိုးဖြစ်ပြီး ပြေးလို့မရဘူးဗျ၊ ကျုပ်ခြေကုန်သုတ်ပြေးပေမယ့် အရှေ့ကိုနည်းနည်းပဲရောက်တယ်ဗျာ၊ အားစိုက်ပြီးပြေးလိုက်ရင် တစ်လှမ်းနှစ်လှမ်းလောက်တော့ အရှေ့ရောက်သွားတယ်၊ ဒါပေမယ့် အနောက်က ပြန်ဆွဲလို့ အနောက်ကိုပြန်ပါပါသွားတာချည်းပဲဗျ။

“အလတ်ကောင်ရေ ငါတို့ကို အနောက်ကနေ ဆွဲနေပြီကွ”

“ဟုတ်တယ်ကိုမြင့် ကျုပ်တို့ပြေးမရဘူးဖြစ်နေတယ်ဗျာ”

ပြောရင်းနဲ့ ကိုမြင့်ကိုလှည့်ကြည့်လိုက်တော့ ကိုမြင့်မျက်နှာကိုမတွေ့ရဘဲ ကျောဘက်ကိုပဲတွေ့ရတယ်ဗျ၊ ကိုမြင့်က စက်ဘီးထမ်းလို့ ကျုပ်ကိုကျောခိုင်းပြီး ဟိုဘက်ချည်းဆွဲပြေးနေတာဗျာ။ ကျုပ်ရပ်လိုက်ရင်း

“ကိုမြင့် ခင်ဗျားဘယ်ဘက်ကိုပြေးနေတာလဲဗျ”

ကိုမြင့်ကလည်း ကျုပ်ကိုလှည့်ကြည့်တယ်။

“ဟင် အလတ်ကောင် မင်းကရော ဘယ်ပြေးနေတာလဲကွာ”

“ကျုပ်က ပေတောရွာဘက်ပြေးနေတာလေ ကိုမြင့်က ဘာဖြစ်လို့ အနောက်လှည့်ပြေးနေတာလဲ”

“အေး . . . ငါလည်း ကြောက်အားလန့်အားနဲ့ဆိုတော့ ပြေးမိပြေးရာ ပြေးမိတာဟေ့”

ဖြစ်ချင်တော့ ကိုမြင့်နဲ့ကျုပ်က စက်ဘီးကြီးထမ်းပြီး တောင်တစ်ယောက် မြောက်တစ်ယောက်ပြေးနေမိတာကိုးဗျ၊ စက်ဘီးကို သူ့ဘက်ကဆွဲလိုက် ကိုယ့်ဘက်ကဆွဲလိုက်နဲ့ဖြစ်နေတော့ ဘယ်အရှေ့ရောက်မှာလဲဗျ၊ ကျုပ်တို့ဖြစ်နေတာကို ဦးသံခဲကြီးက ခါးထောက်ရင်း တဟားဟားနဲ့ရယ်ကြည့်နေတယ်ဗျာ၊ ကျုပ်နဲ့ကိုမြင့် စက်ဘီးပြန်ထမ်းပြီးတော့ ပေတောရွာဘက်ကို တစ်ချိုးတည်းပြေးခဲ့ကြတယ်၊ ဦးသံခဲက အသံနက်ကြီးနဲ့အော်ရယ်ရင်း ကျုပ်တို့အနောက်ကို ခေါင်းချည်းပဲ လိုက်လာတာဗျ၊ ကျုပ်တို့အနောက် တစ်လံလောက်အကွာ မိုးပေါ်ကနေ ခေါင်းပိုင်းချည်းပဲ ရယ်မောရင်းလိုက်လာတာဗျာ၊ ကျုပ်တို့ဆို ပြေးလိုက်ကြတာမှ ဖဝါးနဲ့ခြေထောက်ထိရုံတင်မကဘူး ခြေထောက်နဲ့မြေကြီးတောင် ထိတယ်လို့ကိုမထင်ဘူးဗျာ၊ ဒီလိုနဲ့ပြေးရင်း ဆူးရစ်ကုန်းသင်္ချိုင်းရဲ့ ပေတောရွာဘက်ထွက်တဲ့လမ်းကလေးကနေထွက်လာခဲ့တယ်ဗျ၊ မိုးပေါ်က လိုက်လာတဲ့ခေါင်းပြတ်ကြီးက သင်္ချိုင်းကုန်းအဝင်ဝနားလောက်မှာ ရစ်သီရစ်သီဖြစ်ပြီး ကျန်နေခဲ့ပါရော၊ ပြေးကောင်းကောင်းနဲ့ဆက်ပြေးတာ နောက်ဆုံးတော့ ပေတောရွာသွားတဲ့ လမ်းခွဲကလေးပေါ်တက်မိတော့မှ ကျုပ်တို့ရပ်လိုက်မိတယ်ဗျာ၊ သင်္ချိုင်းကုန်းကြီးနဲ့လည်း တော်တော်လှမ်းလှမ်းရောက်နေပြီ၊ နှစ်ယောက်စလုံး မောလိုက်တာလည်း ပြောမနေပါနဲ့ဗျာ၊ စက်ဘီးကြီးပစ်ချပြီးတော့ အသက်ကိုမနည်းလုရှူနေရတယ်။

သြော် အစွဲ အစွဲ၊ လူဆိုတာ သေပြီးပေမယ့်လည်း သူတို့လုပ်နေကျအလုပ်ကို စိတ်ဆွဲပြီး သရဲအဖြစ်နဲ့ဆက်လုပ်နေတတ်ကြတယ်မဟုတ်လား၊ အလုပ်သမားသေပြီးရင် အလုပ်ရုံကြီးမှာစိတ်ဆွဲနေလို့ သရဲအဖြစ်နဲ့အလုပ်လာဆင်းနေတာတို့၊ လယ်သမားသေပြီး သူ့လယ်တွေစိတ်မချလို့ သရဲအဖြစ်နဲ့လယ်ထွန်နေတာတို့တော့ ကြားဖူးပါတယ်ဗျာ၊ အခုကျတော့မှ အထက်လမ်းဆရာသေလို့ သရဲဖြစ်ပြီး အဲဒီသရဲအထက်လမ်းဆရာက သင်္ချိုင်းကုန်းထဲက သရဲမကို နှိမ်နင်းလိုက်တာကိုတော့ ကျုပ်အခုမှပဲ ကြုံဖူးတော့တာဗျ၊ လှည်းလမ်းခွက ဦးသံခဲတစ်ယောက် သူများလုပ်ခံရလို့သေတာဆိုတော့ ကျွတ်ပုံမရဘူးဗျ၊ ရက်လည်မလုပ်ရသေးတာလဲ ပါမှာပေါ့ဗျာ၊ အခုအဖြစ်က ခုနက ကျုပ်ပြောတဲ့ အလုပ်သမားအလုပ်ကိုစွဲပြီး အလုပ်ဆက်ဆင်းနေတာမျိုးနဲ့အဖြစ်ချင်းသွားတူတယ်ဗျာ။

စုန်းထီးကြီးဦးဘသာနှင့် အညာနွားပြိုင်ပွဲ
အတွဲ(၃) စာစဉ်(၄၁) ဒုတိယပိုင်း

သြော် အစွဲ အစွဲ၊ လူဆိုတာ သေပြီးပေမယ့်လည်း သူတို့လုပ်နေကျအလုပ်ကို စိတ်ဆွဲပြီး သရဲအဖြစ်နဲ့ဆက်လုပ်နေတတ်ကြတယ်မဟုတ်လား၊ အလုပ်သမားသေပြီးရင် အလုပ်ရုံကြီးမှာစိတ်ဆွဲနေလို့ သရဲအဖြစ်နဲ့အလုပ်လာဆင်းနေတာတို့၊ လယ်သမားသေပြီး သူ့လယ်တွေစိတ်မချလို့ သရဲအဖြစ်နဲ့လယ်ထွန်နေတာတို့တော့ ကြားဖူးပါတယ်ဗျာ၊ အခုကျတော့မှ အထက်လမ်းဆရာသေလို့ သရဲဖြစ်ပြီး အဲဒီသရဲအထက်လမ်းဆရာက သင်္ချိုင်းကုန်းထဲက သရဲမကို နှိမ်နင်းလိုက်တာကိုတော့ ကျုပ်အခုမှပဲ ကြုံဖူးတော့တာဗျ၊ လှည်းလမ်းခွက ဦးသံခဲတစ်ယောက် သူများလုပ်ခံရလို့သေတာဆိုတော့ ကျွတ်ပုံမရဘူးဗျ၊ ရက်လည်မလုပ်ရသေးတာလဲ ပါမှာပေါ့ဗျာ၊ အခုအဖြစ်က ခုနက ကျုပ်ပြောတဲ့ အလုပ်သမားအလုပ်ကိုစွဲပြီး အလုပ်ဆက်ဆင်းနေတာမျိုးနဲ့အဖြစ်ချင်းသွားတူတယ်ဗျာ။

အမောဖြေပြီးတော့ ကျုပ်တို့စက်ဘီးကြီးတွန်းပြီး ဆက်လျှောက်လာခဲ့လိုက်တယ်၊ ပေတောရွာနဲ့ သိပ်တော့မဝေးတော့ဘူးဗျ၊ ဟိုးခပ်လှမ်းလှမ်းမှာ ပေတောရွာက အိမ်ကလေးတွေ မီးရောင် မှိတ်တုတ် မှိတ်တုတ်ကလေးတွေကို မြင်နေရပြီ။

“အလတ်ကောင်ရာ ငါတို့မှာလဲ သရဲချည်းအခြောက်ခံနေရတာပဲကွာ၊ သရဲတွေဘာတွေနဲ့များ ရေစက်ပါခဲ့လို့လားမသိပါဘူး”

“ဖြစ်နိုင်တယ်ဗျ၊ ကျုပ်တစ်ခုကြားဖူးတာက အရင်ဘဝတုန်းက သရဲဖြစ်ခဲ့တဲ့လူဟာ ဒီဘဝမှာလည်း သရဲတွေကိုမြင်နိုင် သရဲတွေနဲ့ဆက်သွယ်နိုင်သတဲ့ဗျာ၊ ဒါကိုထောက်ရင် ကိုမြင့်အရင်ဘဝက သရဲဖြစ်ခဲ့တာနေမှာဗျ”

“ဘိန်းစားချင်း တစ်လုံးပိုရှူမနေပါနဲ့အလတ်ကောင်ရာ၊ ဒါဆို မင်းလည်းအရင်ဘဝက သရဲဖြစ်ခဲ့လို့ပေါ့ဗျ”

“တော်ပါတော့ကိုမြင့်ရာ၊ အချိန်မတော်ကြီးမှာ သရဲအကြောင်းတွေ မပြောပါနဲ့တော့ဗျာ”

“အေးကွာ၊ ပေတောရွာကိုရောက်ဖို့က တစ်မိုင်လောက်တော့လိုသေးတယ်ကွ၊ ဒီစက်ဘီးကြီးတွန်းလာရတာ မစားသာပါဘူးကွာ၊ တို့တွေ လှည်းကြုံလေးဘာလေးတွေ့ရင် ကောင်းမယ်ကွ”

“အေးဗျာ၊ ဒါပေမယ့် ဒီလိုအချိန်မတော်အချိန်တော်ကြီးမှာ ဘယ်လှည်းက သွားမှာလဲဗျ”

ကျုပ်တို့ဆက်လျှောက်လာရင်း ရှေ့နားရောက်တော့ ကိုမြင့်က ခြေလှမ်းတန့်သွားတယ်။

“အလတ်ကောင် သေချာနားထောင်စမ်း”

ကျုပ်ပြူးပြဲပြီးနားထောင်လိုက်ရတယ်၊ အသံကတော့ လှည်းသွားရင်မြည်တဲ့ တဂျောက်ဂျောက်အသံမျိုးဗျ၊ နွားတွေကို တစ်ချက်တစ်ချက် ဟန့်တဲ့ တောက်ခေါက်တဲ့အသံတွေကိုလည်းကြားရတယ်၊ နွားမှာချူဆွဲထားတယ်ထင်တယ် ချူသံကလေးတွေလည်း ကြားနေရတယ်ဗျာ။ ကျုပ်က အားတက်သရောနဲ့

“လှည်းသံပဲဗျ ကိုမြင့်ရ”

“ငါတို့ဆုတောင်းတွေ ပြည့်တော့မယ်ထင်ပါတယ် အလတ်ကောင်ရာ”

ကျုပ်တို့ လှည်းသံကြားတဲ့နေရာကို ဆက်လျှောက်လာခဲ့တယ်ဗျ၊ သိပ်ကြာကြာမသွားလိုက်ရပါဘူးဗျာ၊ လမ်းချိုးကလေးတစ်ခုကနေ လှည်းတစ်စီးက လှည်းမပေါ်ကို ချိုးတက်လာတယ်ဗျ၊ လရောင်ပျပျအောက်မှာ လှည်းကိုထင်ထင်ရှားရှားမြင်နေရတယ်၊ လှည်းပေါ်မှာလည်း ခမောက်ဆောင်းထားတဲ့ လူတစ်ယောက်က ထိုင်လိုက်လာသလိုပဲဗျ၊ ကျုပ်တို့ခပ်မြန်မြန်သွားလိုက်တော့ လှည်းကိုမီလာတယ်။

“နောင်ကြီး ရပ်ပါအုံးဗျာ၊ ခဏလောက်စောင့်ပါအုံးဗျ”

လှည်းသမားကလည်း ရပ်သွားတယ်ဗျ၊ ကျုပ်တို့နှစ်ယောက် လှည်းအနားကပ်ပြီး သေချာကြည့်လိုက်တော့မှ လှည်းကိုမောင်းလာတဲ့လူက ထိုင်နေတာမဟုတ်ဘူးဗျ၊ မတ်တပ်ရပ်လိုက်လာတာ၊ သူ့အရပ်က နှစ်တောင်တောင်ပြည့်မယ်မထင်ဘူးဗျာ၊ ခေါင်းမှာလည်း ခမောက်ချွန်ချွန်ကလေးတစ်ခုဆောင်းလို့ရယ်၊ သူ့မျက်နှာကတော့ နှာခေါင်းက လုံးလုံးနဲ့နှာတံတိုတို ခပ်ကောက်ကောက်ပဲဗျ၊ ရုပ်ကလည်း အတော်ဆိုးတယ်ဗျ၊ သူ့မြင်ပြီးမှ ကျုပ်တို့နှစ်ယောက် အသားကုန်လန့်သွားမိတာဗျ။

“ဟေ့ . . . မင်းတို့တွေ ပေတောရွာကို သွားမလို့မဟုတ်လားကွ၊ လှည်းကြုံလိုက်ချင်လို့ ငါ့ကိုခေါ်တာမဟုတ်လား”

ကျုပ် ကိုမြင့်ကိုတစ်ချက်ကြည့်လိုက်တယ်၊ ကိုမြင့်လည်း ကြောက်နေပုံပဲဗျာ၊

“ကိုမြင့်ရေ အဲဒါလူမဟုတ်လောက်ဘူး မှင်စာ . . . မှင်စာကလေးဖြစ်မှာဗျ၊ ခေါင်းက ဦးထုပ်အချွန်ကလေးကိုတွေ့တယ်မဟုတ်လား အဲဒါကို တစ္ဆေဦးထုပ်လို့ခေါ်သဗျ၊ တစ္ဆေကလေးတွေ မှင်စာကလေးတွေက ဒါမျိုးဦးထုပ်အမြဲဆောင်းလေ့ရှိတယ်”

ကိုမြင့်က အသံတုန်တုန်နဲ့

“ဟိုလေ . . . မ . . . မလိုက်တော့ပါဘူးဗျာ”

“လာစမ်းပါကွ၊ လှည်းက အချောင်ကြီးရှိပါသေးတယ်၊ မင်းတို့ကို ငါက ပေတောရွာကို အမြန်ဆုံးရောက်အောင် ပို့ပေးမှာပါကွ ဟား ဟား”

သူ့ရယ်သံက စူးရှရှနဲ့ဗျို့။

“ကိုမြင့် အဲဒါ မှင်စာရယ်သံဗျ၊ ကျုပ်တို့ သူနဲ့လိုက်သွားရင် ပေတောရွာမရောက်ဘဲ မှင်စာရွာကိုတန်းရောက်သွားမှာဗျ”

ကိုမြင့်က တစ်ခါတည်း စက်ဘီးဘားတန်းကြီးကို လက်သီးနဲ့ကျစ်နေအောင်ဆုပ်ကိုင်လိုက်တယ်။ သူဒါမျိုးလုပ်လိုက်တာနဲ့ စက်ဘီးထမ်းဖို့ပြင်နေတယ်ဆိုတာ ကျုပ်က သိပြီးသားဗျ၊ ကျုပ်လည်း စက်ဘီးအနောက်က ကယ်ရီယာခုံကို လက်နဲ့သေချာဆုပ်ကိုင်လိုက်တယ်ဗျာ၊ ကျုပ်တို့နှစ်ယောက် တိုင်ပင်မထားဘဲ စက်ဘီးကိုပြိုင်တူ စွေ့ခနဲ ကောက်ထမ်းလိုက်ကြတယ်၊ ပြီးတာနဲ့ ဖဝါးနဲ့တင်ပါး တစ်သားတည်းကျအောင် ပြေးထွက်လာခဲ့ကြတာပေါ့ဗျာ၊ မှင်စာကလေးက ကျုပ်တို့ကိုလှမ်းခေါ်သေးတယ်ဗျ၊ ကျုပ်တို့လည်း လှည့်တောင်ကြည့်မနေတော့ဘဲ အဲဒီနေရာကနေ အမြန်ဆုံးဖြစ်အောင် ပြေးထွက်ခဲ့ကြတယ်၊ ပေတောရွာအဝင်ရောက်မှ ကျုပ်တို့ရပ်လိုက်မိတယ်၊

“အလတ်ကောင်ရေ ငါတို့အဖြစ်ကလည်း တော်တော်ဆိုးဆိုးပါလားကွာ”

“ဟုတ်ပဗျာ၊ ပထမတုန်းကလည်း သရဲလိုက်လို့ပြေးရတယ်၊ အခုလည်း မှင်စာနဲ့လမ်းကြုံပြန်ပြီဗျာ၊ အဲဒါ ကိုမြင့် ပါးစပ်သရမ်းလို့ဖြစ်တာဗျ၊ ညကြီးမင်းကြီးကို လှည်းကြုံရှိရင်ကောင်းမယ်ဆိုပြီးပြောလိုက်လို့ မှင်စာက ကျုပ်တို့ကို လှည့်ဖျားပြီးလာခေါ်တာဖြစ်မှာ”

“ဒီနေ့ကတော့ ငါ့ဘဝမှာ ကံအဆိုးဆုံးနေ့ပဲထင်ပါတယ်ကွာ၊ ဘယ့်နှယ့်် စက်ဘီးကိုလူက မစီးရဘဲ၊ လူကို စက်ဘီးကစီးလာရတယ်လို့ကွာ၊ ငါတို့မှာ စက်ဘီးချည်းထမ်းပြီး ပြေးနေရတာပဲဟေ့”

ပြောရင်းနဲ့ ရွာထဲရောက်လာပြီဗျ။

“ငါတို့ မှုန်ကြီးတို့အိမ်မှာ သွားတည်းမယ်ဟေ့”

ပေတောရွာကသမားတော်ကြီး ဦးဖိုးခွေးရဲ့သားနဲ့ ကျုပ်တို့ရွာက မှုန်ကြီးဆိုတဲ့ မိန်းကလေးညားထားတာရှိတယ်လေဗျာ၊ ကျုပ်တို့နဲ့လည်း အတော်ရင်းနှီးတယ်ဆိုတော့ ပေတောရွာရောက်ရင် သူတို့အိမ်ပဲ သွားတည်းနေကျမဟုတ်လား၊ အခုလည်း ညည့်နက်နေပြီဆိုပေမယ့် မှုန်ကြီးတို့ကိုခေါ်လိုက်တော့ လာပြီးဖွင့်ပေးရှာပါတယ်၊ ကျုပ်တို့ ညကြီးအချိန်မတော်ရောက်လာလို့တောင် အံ့သြနေကြသေးတာ၊ ကျုပ်တို့ကို ကြက်ဥတွေဘာတွေကြော်ပြီး ရှိတဲ့ထမင်းဟင်းတွေနဲ့ ညစာခူးခပ်ကျွေးတယ်၊ ကျုပ်တို့ ထမင်းစားနေရင်း ခုနက တွေ့ကြုံခဲ့ရတာတွေကို ပြန်ပြောပြတာပေါ့ဗျာ၊ မှုန်ကြီးတို့လင်မယားလည်း ကျုပ်တို့ပြောတာနားထောင်ပြီး တော်တော်ထူးဆန်းနေကြတာဗျ။

ဒီအချိန် ခြံထဲကိုလှည်းတစ်စီးဝင်လာတယ်ဗျ၊ ရွာဘက်တွေမှာက ခြံတံခါးတွေဘာတွေ သိပ်ခတ်လေ့ခတ်ထမရှိဘူးဗျ၊ တချို့ခြံတွေဆိုရင် ခြံစည်းရိုးတို့ တံခါးတို့တောင်မရှိဘူး၊ လှည်းက အိမ်ရှေ့မှာထိုးစိုက်သွားတယ်၊ ကျုပ်တို့ထမင်းစားတဲ့နေရာကနေဆိုရင် အိမ်ရှေ့ကိုအတိုင်းသားမြင်နေရတယ်ဗျာ၊ လှည်းကိုသေချာကြည့်လိုက်တော့မှ ခုနက ကျုပ်တို့တွေ့ခဲ့တဲ့ မှင်စာလှည်းဖြစ်နေတာဗျ၊ မှင်စာကလေးက လှည်းပေါ်ကနေခုန်ဆင်းလာပြီး အိမ်လှေကားပေါ်ကို တက်ချလာတယ်၊ အိမ်ပေါက်ဝလည်းရောက်ရော ကျုပ်နဲ့ကိုမြင့် မှင်စာကလေးကိုကြည့်ပြီး ငယ်သံပါအော် အော်လိုက်မိတယ်ဗျ။

“သရဲ . . . သရဲ အဲမဟုတ်ပါဘူး . . . မှင်စာ . . . အဲဒါ မှင်စာ၊ ငါတို့လမ်းမှာတွေ့ခဲ့တဲ့ မှင်စာကလေးပဲ၊ လုပ်ကြပါအုံး မောင်းထုတ်ကြပါအုံးဟ”

ဦးဖိုးခွေးရဲ့သားက သေချာကြည့်ပြီး

“ဒါ မှင်စာမဟုတ်ပါဘူးဗျ၊ ကျုပ်နဲ့ ဆွေမျိုးတော်တဲ့ အကိုကြီး ကိုဗလပါဗျ”

“ဟင် . . . ဒါဆို သူက လူပေါ့၊ လူဖြစ်ပြီး ဘာဖြစ်လို့ ဒီလောက်တောင် သေးနေရတာလဲဗျာ”

“အောင်မယ် ငါ့များ သေးတယ်လေး ဘာလေးနဲ့ လာစမ်းပါ၊ မင်းတို့နှစ်ယောက်နဲ့ ငါနဲ့ ယှဉ်ထိုးကြည့်ကြမလား”

“စိတ်လျှော့ပါ ကိုဗလကြီးရာ၊ သူတို့ကလည်း မသိလို့ပြောမိတာပါဗျ”

“ဟေ့ . . . လူပုမျိုးဆိုပြီး အထင်မသေးနဲ့ကွ၊ ဗလကြီးဆိုတဲ့နာမည်က အလကားပေးထားတာမဟုတ်ဘူး၊ နေစမ်းပါအုံး . . . မင်းတို့ . . . မင်းတို့နှစ်ယောက်က ခုနက ငါ့လှည်းကိုတားတဲ့ကောင်တွေမဟုတ်လား၊ မပြောမဆိုနဲ့ စက်ဘီးကြီးထမ်းပြီး ပြေးချသွားတာလေကွာ”

ဒီတော့မှ မှုန်ကြီးတို့လင်မယားက တဟားဟားနဲ့ခွက်ထိုးခွက်လန်ရယ်လိုက်ကြတယ်ဗျ၊ အခုမှ အဖြစ်မှန်ကိုသိရတာဗျို့၊ ကျုပ်တို့တွေ့ခဲ့ရတာက မှင်စာကလေးမဟုတ်ဘဲ လူပုကလေးတစ်ယောက်ပဲဗျ၊ နိဗ္ဗာန်တိုက်နယ်မှာနေတာတဲ့၊ သွားတာကတော့ လှည်းလမ်းခွရွာကိုသွားတာ ဒါပေမယ့် လမ်းမှာ လှည်းပျက်လို့ပြင်ရင်း မိုးချုပ်သွားတာနဲ့ ပေတောရွာမှာ တစ်ညလောက်ဝင်တည်းတာဆိုပဲဗျ၊ မသိဘူးလေဗျာ၊ လူပုံက နှစ်တောင်လောက်နဲ့ ရုပ်ဆိုးဆိုးဆိုတော့ မှင်စာလို့ပဲထင်မိတာပေါ့ဗျ၊ အဲဒီအဖြစ်ကို တစ်ညလုံး ပြောလိုက် ရယ်လိုက်နဲ့ ညည့်တော်တော်နက်မှပဲ အိပ်ရာဝင်ခဲ့ကြတယ်ဆိုပါတော့။

(၃)

ဖိတ်စာတွေဖိတ်ပြီးတော့ ပြိုင်ပွဲဝင်ချင်တဲ့နွားတွေကို စာရင်းသွင်းကြရတယ်ဗျ၊ နွားပြိုင်ပွဲဝင်မယ့်လူက ဘယ်ပြိုင်ပွဲမဆိုဝင်ကြေးပေးရတယ်၊ နွားအလှပြိုင်ပွဲအတွက်ဝင်ကြေးကတော့ နွားလှည်းပြိုင်ပွဲထက် ဝင်ကြေးနည်းနည်းပိုများတယ်၊ ကောင်းပေ့ဆိုတဲ့ နွားတွေချည်းဝင်ပြိုင်ကြမှာကိုးဗျာ၊ ဘာလို့ နွားအလှပြိုင်ပွဲက ဝင်ကြေးနှစ်ဆလောက်ပိုများတာလဲဆိုရင် အဲဒီဝင်ကြေးတွေထဲက တစ်ဝက်ကို သမာဓိဒိုင်လူကြီးတွေအတွက် ဉာဏ်ပူဇော်ခဆိုပြီး ချီးမြှင့်ရတယ်ဗျ၊ ကျန်တဲ့ဝင်ကြေးတစ်ဝက်ကတော့ ပြိုင်ပွဲမှာဆုရတဲ့ နွားတွေ ကိုဆုချဖို့ပေါ့ဗျာ၊ နွားတွေကတော့ ပိုက်ဆံဘယ်သုံးတတ်ပါ့မလဲ နွားပိုင်ရှင်က ဆုကြေးရတာပေါ့၊ ဒါက ပြိုင်ပွဲလုပ်တဲ့လူတွေဘက်က ပေးတဲ့ဆုကြေးဗျ၊ ကျန်တဲ့ဆုကြေးနဲ့ ဆုတံဆိပ်တွေဘာတွေကိုတော့ လယ်ယာစိုက်ပျိုးရေးနဲ့ ကျေးလက်ကြီးပွားတိုးတက်ရေးကောင်စီဆိုလား အဲဒီအဖွဲ့က ချီးမြှင့်ပေးတာဗျ။

ဦးဘသာအိမ်ရောက်တော့ ဦးဘသာက သူ့နွားကြီးတွေကို သေချာပြုစုနေတယ်။

“ဦးဘသာ နွားအလှပြိုင်ပွဲဆိုတာ ဘာလဲဗျာ၊ နွားလှမလှကြည့်ပြီးပြိုင်တဲ့ပွဲမဟုတ်လား”

“အေးလေကွာ၊ များသောအားဖြင့်ကတော့ ဒီနယ်တစ်ကြောမှာ နွားကြည့်တော်ပါတယ်ဆိုတဲ့ ဆရာကြီးတွေချည်း ဖိတ်ပြီး သူတို့ကိုနွားကြည့်ခိုင်းတာကွ၊ ဒီလူကြီးတွေကို သမာဓိခုံအဖွဲ့လို့ခေါ်ကြတယ်၊ ဒီလူတွေက နွားအလှပွဲဝင်ပြိုင်တဲ့နွားတွေကို တစ်ကိုယ်လုံးကြည့်တာမဟုတ်ဘူးကွ၊ တစ်ယောက် တစ်ကဏ္ဍဆီခွဲပြီးကြည့်ကြတာ၊ ဒိုင်အဖွဲ့က ဘယ်လောက်ရယ်လို့တော့ ကန့်သတ်မထားဘူးကွ၊ လူများရင်တော့ နွားရဲ့အစိတ်အပိုင်းတွေကို တစ်ယောက်တစ်မျိုးလောက် တာဝန်ယူပြီးကြည့်ကြတယ်၊ တကယ်လို့ ဒိုင်က လူအင်အားနည်းနေတယ်ဆိုရင်တော့ တစ်ယောက်ကို နှစ်မျိုးသုံးမျိုးလောက်ကြည့်တာပေါ့ဗျာ”

“ဘယ်လိုအချက်တွေကိုကြည့်ပြီး အကဲဖြတ်တာလဲဗျာ”

“လူခွဲကြည့်တော့မှ ညီတူညီမျှဖြစ်တာပေါ့ကွာ၊ နွားအလှပြိုင်တဲ့လူတွေအထဲ ဒိုင်တွေရဲ့ဆွေမျိုးတွေ ဒိုင်ရဲ့မျက်နှာသိနွားတွေလည်းပါတာကိုးကွ၊ ဒိုင်လုပ်တဲ့လူက ကိုယ့်အသိနွားကိုယ် အမှတ်တိုးပေးမှာစိုးလို့ ဒီလိုမျိုး တစ်ပိုင်းချင်းကြည့်ခိုင်းတာကွ၊ ပြိုင်ပွဲမှာကျတော့ နွားရဲ့အစိတ်အပိုင်းဆယ့််တစ်မျိုးကိုကြည့်တယ်၊ ပထမဆုံးကတော့ အမွေးအရောင်ပေါ့ကွာ၊ အမွှေးအရောင်ကိုကြည့်ပြီး ရွှေနီလား၊ ရွှေဝါလား၊ နွားဖြူ၊ နွားနက်၊ နွားညို၊ နွားသံရောင် စသဖြင့် အမွှေးကိုကြည့်တယ်၊ အမွှေးပေါက်တဲပုံ၊ အမွှေးအတိုအရှည်၊ အမွှေးအကြမ်းအချောကိုကြည့်ပြီးတော့ ဒီအစိတ်အပိုင်းကို တာဝန်ယူရတဲ့ဒိုင်က ကောင်း၊ သင့်၊ ညံဆိုပြီး အမှတ်ပေးတယ်၊ ကောင်းတယ်ဆိုရင် သုံးမှတ်၊ သင့်တယ်ဆိုရင်နှစ်မှတ်၊ ညံ့ရင်တော့ တစ်မှတ်ပေါ့ကွာ၊ ဒီလိုအမွှေးကိုကြည့်ပြီးရင် နောက်ဒိုင်တစ်ယောက်ဆီ နွားကိုဆွဲသွားရတယ်၊ နောက်ဒိုင်တစ်ယောက်က ပါးစပ်နဲ့နှာခေါင်းကိုကြည့်တယ်၊ အာပေါင်ကျယ်ပြီး နှုတ်သီးကြီးရင် အစားအသောက်မရွေးဘဲနဲ့ အစားကောင်းတယ်၊ အာပေါင်ကျဉ်းပြီး နှုတ်သီးငယ်ရင် မကောင်းဘူး၊ နောက်သွားဖြဲကြည့်ပြီး သွားစုံမစုံ သွားကျဲသလား ယိုင်သလား စသဖြင့် အပြစ်အနာအစာရှိမရှိကိုကြည့်ပြီး အမှတ်ပေးရတယ်၊ တတိယတစ်ယောက်ကတော့ မျက်စိကိုကြည့်ရတယ်၊ မျက်တောင်ကောင်းလား၊ မျက်စိကြည်လား၊ မျက်စိစွေနေလားပေါ့၊ နောက်တစ်ယောက်ကတော့ နားရွက်ကြည့်ရတယ်၊ ပြီးရင် လည်ပင်းကြည့်ရတယ်၊ လည်ပင်းက သမင်လည်ပင်းနဲ့တူသလား၊ ဝက်လည်ပင်းနဲ့တူသလားပေါ့ကွာ၊ လည်ပင်းပေါက်အောက်နည်းနည်းကျတဲ့နွားကျတော့ ဝက်လည်ပင်းပေါက်နွားလို့ခေါ်တယ်၊ ဒီလိုနွားတွေက ထမ်းပိုးမကောင်းဘူး၊ လှည်းတန်းနိမ့်တတ်တယ် အဲဒါမျိုးကျအမှတ်လျှော့တာပေါ့၊ နွားရဲ့လည်ပင်းနဲ့ တစ်ဆက်တည်းရှိတဲ့ ဘို့ရဲ့အောက်က အရိုးကို အုံးတားလို့ခေါ်သကွ၊ အဲဒီအုံးတားကျယ်သလား၊ ကျဉ်းသလား၊ အုံးတားကောင်းသလားဆိုပြီး တစ်ယောက်ကကြည့်ရတယ်၊ အုံးတားကြည့်ပြီးရင် ဘို့ကိုကြည့်ရတယ်၊ ဘို့က လဲနေသလား၊ ထောင်နေသလား၊ လဲနေတယ်ဆိုရင် ဘယ်ဘက်ကိုလဲသလား ညာဘက်ကိုလဲသလားဆိုပြီးစစ်ဆေးအမှတ်ပေးရပြန်တယ်၊ ဘို့နဲ့အုံးတားတို့အောက်မှာ ရင်ဒူးလို့ခေါ်တဲ့ ရင်ဘတ်ရှိတယ်၊ ရင်ဒူးကိုကြည့်တာက အထဲက အသည်းကောင်းမကောင်းသိရအောင်ပဲ၊ ရင်ဒူးကောင်းရင် ပြေးနိုင်တယ် အမောခံနိုင်တယ်ပေါ့၊ အဲဒါကြည့်ပြီးတော့ နွားကိုယ်လုံးကိုကြည့်ရတယ်၊ ကိုယ်လုံးပုံသဏ္ဍာန်မှန်သလား၊ အချိုးအစားကျသလားပေါ့၊ ကိုယ်ရဲ့နောက်ပိုင်းအဆုန်ကို နွားချိတ်ခုန်(နချိတ်ခုံ)လို့ခေါ်သကွ၊ အဲဒီ နချိတ်ခုံကောင်းမှ နွားက အကန်အကျောက်ကောင်းတယ်၊ ဆွဲအားကောင်းတယ်၊ နောက်တစ်ခါ အမြှီးကိုကြည့်ရတယ်၊ ပြီးရင် ခြေတွေလက်တွေ အချိုးကျသလားကြည့်ပေါ့၊ နွားခြေလက်တွေ ဖြောင့်သလား၊ ခွင်သလားပေါ့၊ ခြေခွင်ရင် ပဒပ်လက်လို့ခေါ်ကြတယ်၊ ပြေးတဲ့အခါ ခွာချင်းခတ်တတ်လို့ မကောင်းဘူးယူဆကြတာပေါ့ကွာ၊ တစ်ခါ လက်မှာ အမှတ်တွေ အကွက်တွေပါသလားဆိုပြီးစစ်ဆေးရပြန်တယ်၊ နွားလက်မှာ အဖြူသေးသေးကလေးပါရင် အဲဒါကို အိမ်မြှောင်ခေါ်တယ်၊ တစ်လက်မလောက်အကွက်ရှိရင် တောက်တဲ့တဲ့ကွ၊ အိမ်မြှောင်တောက်တဲ့ စီးပွားဖဲ့ ဆိုတဲ့စကားရှိတဲ့အတွက် မကောင်းဘူးပေါ့၊ နောက်ဆုံးကတော့ နွားရဲ့ ဗွေကိုကြည့်ရတာပဲ၊ ဗွေမှာလည်းအမျိုးမျိုးရှိသေးတယ်ကွ၊ အဲ . . . ပြောရရင်တော့ အဲဒီလိုအချက်တွေကို နွားကြည့်တဲ့ဆရာတွေကကြည့်ပြီး ဒီနွားက လှမလှ၊ အဲ . . . နောက်ပြီးတော့ ဗမာ့ရိုးရာနွားကြည့်ပညာထဲက နွားတွေရဲ့အတိုက်အခိုက် နိမိတ်လက္ခဏာကောင်းမကောင်းကိုကြည့်ပြီး အမှတ်တွေခွဲကြတယ်၊ နောက်ဆုံး ရလာတဲ့ အစိတ်အပိုင်းက အမှတ်တွေကိုစုပေါင်းလိုက်တဲ့အခါကျတော့ စုစုပေါင်းအမှတ်တွေထွက်တာပေါ့ကွာ၊ အဲဒီအမှတ်ကိုကြည့်ပြီး ပထမ၊ဒုတိယ လျာထားလိုက်တယ်၊ တစ်ခါ ဒီလူတွေအကုန်စုပေါင်းပြီး ဒီနွားက ပထမရထိုက်ရဲ့လား၊ ဒိုင်တစ်ယောက်ယောက်က သူ့အသိနွားမို့ မကောင်းပေမယ့် အကောင်းလုပ်ပြီးအမှတ်တွေတိုးပေးထားသလားဆိုတာ ပြန်စစ်ဆေးတာပေါ့၊ များသောအားဖြင့်ကတော့ သမာသမတ်ရှိရှိဆုံးဖြတ်ကြတာများပါတယ်၊ မဟုတ်ရင် နာမည်ပျက်တာကိုးကွ၊ နွားကြည့်တဲ့ဆရာတွေဆိုတာ နာမည်ပျက်သွားရင် အလုပ်မဖြစ်တော့ဘူးမဟုတ်လားကွ”

“ဒါဆို အနိုင်ရဖို့ တော်တော်ခက်မှာပဲနော် ဦးဘသာ”

“ခက်တာပေါ့ကွာ၊ ဒါပေမယ့် နွားတကယ်ကောင်းရင်တော့ နိုင်မှာသေချာတယ်ကွ၊ နွားမွေးတဲ့လူတွေကလည်း ကိုယ့်နွားကောင်းမကောင်း အပြစ်ပါမပါဆိုတာကို သေချာကြည့်ပြီး အလားအလာရှိတဲ့နွားတွေကို သေသေချာချာ ကျကျနနမွေးကြတာ၊ နွားအလှပြိုင်ပွဲမှာ ဆုရတဲ့နွားဆိုကတည်းက အတော်ကောင်းပြီးသားနွားကွ၊ ဒါကြောင့်လည်း ငါဟိုတစ်ခါပြောသလို နွားတွေကို တကယ်ဝယ်စုတဲ့ သူဌေးကြီးတွေက ဆယ်ဆ အဆနှစ်ဆယ်ပေးလို့ လေလံပစ်ပြီးဝယ်ကြတာပေါ့”

“နွားပိုင်ရှင်တွေက ရောင်းကြတာပဲလားဗျာ”

“ကြိုက်ရောင်းကြိုက်ဝယ်ကိုးကွ၊ တချို့လည်းရောင်းကြတယ်၊ တချို့လည်း သံယောဇဉ်ဖြစ်နေလို့ မရောင်းကြဘူး၊ တစ်နှစ်မှာ ပထမရပြီးသားနွားက နောက်သုံးနှစ်နေလို့ထပ်ပြိုင်ရင် ပထမပြန်ရဖို့က မသေချာဘူးကွ၊ တချို့ကလည်း ဈေးကောင်းရတုန်းရောင်းထုတ်လိုက်တာရှိတယ်၊ တချို့ကျတော့လည်း ပထမရဖူးတဲ့နွားကြီးဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာနဲ့ ဆက်မွေးထားတာပေါ့ကွာ”

“ကျုပ်ကတော့ ဘာပဲပြောပြော ဒီပွဲမှာ ဦးဘသာကြီးကို နိုင်စေချင်တယ်ဗျာ၊ ဦးဘသာနွားတွေက တကယ့််နွားချောတွေကြီးမဟုတ်လားဗျ”

“အောင်မယ်လေး ပထမဆုတော့ မမှန်းရဲပါဘူးကွာ၊ မင်းအသာကြည့်နေအလတ်ကောင်၊ နွားပိုင်ရှင်တွေက ဒီလိုပွဲမှာဝင်ပြိုင်ဖို့အတွက် ကိုယ့်နွားကိုယ် စပါယ်ရှယ်မွေးထားကြတာကွ၊ ပွဲရောက်ရင် နွားချောနွားလှတွေအများကြီးတွေ့ရပါလိမ့်မယ်ကွ၊ ချောရင်ချောသလောက် ကောင်းရင်ကောင်းသလောက် ဆုရမှာဟေ့”

ဦးဘသာက ကွမ်းဖတ်တွေကို ထွေးထုတ်လိုက်ရင်း

“ဒါနဲ့ နေစမ်းပါအုံး၊ မင်းတို့ရော ဝင်မပြိုင်ဘူးလားအလတ်ကောင်ရ၊ ဒီအခွင့်အရေးက ဆယ်နှစ်တစ်ခါတောင်ရတဲ့အခွင့်အရေးမဟုတ်ဘူးနော်၊ တို့ရွာနားမှာလာလုပ်တုန်း ဝင်ပြိုင်ရတာကွ၊ ငါတို့နဲ့အတော်လှမ်းတဲ့ရွာတွေမှာလုပ်ရင် တကူးတကသွားဝင်ပြိုင်ရမှာ၊ ဘာပဲဖြစ်ဖြစ်ပြိုင်စမ်းပါကွာ အတွေ့အကြုံရတာပေါ့ကွ”

“အိမ်က နွားတွေက အကြမ်းမွေးထားတဲ့နွားတွေဗျ၊ နွားချောနွားလှမရှိလို့ အဖေကတော့ နွားအလှပြိုင်ပွဲမပြိုင်ဘူးတဲ့၊ ဟိုလေဗျာ . . . လှယဉ်ကျေးမယ်ရွေးပွဲ မယ်ကမ္ဘာရွေးပွဲလိုဟာမျိုးမှာ တောသူမရုပ်ဆိုးဆိုးကြီး သွားပြိုင်သလိုဖြစ်နေပါ့မယ်တဲ့ဗျာ ဟား ဟား”

ဦးဘသာကလည်း ရယ်တယ်။

“ဒါဖြင့် နွားလှည်းအလှပြေးပြိုင်တဲ့ပွဲရော ဝင်ပြိုင်ပါလားကွ”

“အဲဒါကရော ဘာလဲဗျာ”

“နွားလှည်းပြိုင်တာတော့ ပြိုင်တာပဲ၊ ဒါပေမယ့် သူက ဘယ်လောက်မြန်မြန်ပြေးနိုင်တယ်ဆိုတာကို ပြိုင်တာမဟုတ်ဘူးကွ၊ နွားက ဘယ်လောက်လှလှနဲ့မြန်မြန်ပြေးနိုင်သလဲဆိုတာကိုကြည့်တာ၊ ဒိုင်တွေက နွားပြေးတာလှမလှ ခြေကျလှသလားဆိုတာကိုကြည့်ပြီး အမှတ်ပေးတဲ့ပွဲကွ”

“အဲဒါကြီးလည်း လွယ်မယ်မထင်ပါဘူးဗျာ၊ အဲ . . . အကိုကြီးကတော့ ဒုန်းတိုက်ပွဲမှာ ဝင်ပြိုင်မယ်လို့ပြောတယ်ဗျ”

“မင်းအကိုကြီးက အလောင်းအစားဝါသနာပါတဲ့ကောင်ကွ၊ ဒီပွဲတော့ ဝင်ပြိုင်မယ်လို့ ငါထင်ပြီးသားပါ”

“ကျုပ်လည်း ပြိုင်တော့ပြိုင်ချင်တယ်၊ နွားလှည်းမောင်းတာကျတော့ အကိုကြီးတို့လောက်မကျွမ်းဘူးဗျ”

“ဆင်မောင်းပြိုင်ပွဲရှိတယ်လေ အလတ်ကောင်ရာ မင်းအဲဒီမှာဝင်ပြိုင်ပါလားကွ”

“ဗျာ . . . နွားပြိုင်ပွဲမှာ ဆင်တွေပါ ပါမှာတဲ့လား”

“မဟုတ်ပါဘူးကွာ ဆင်မောင်းပြိုင်ပွဲဆိုတာ လှည်းဆင်ပြီးမောင်းတဲ့ ပြိုင်ပွဲကိုပြောတာပါကွ၊ အဲဒီပြိုင်ပွဲက ဒုန်းတိုက်မောင်းတဲ့ပွဲလို လှည်းတအားမောင်းတတ်စရာမလိုဘူးကွ၊ အရေးကြီးတာက လှည်းကို မြန်မြန်နဲ့မှန်မှန်ဆင်ပြီး ပန်းဝင်အောင်မောင်းနိုင်ရင်ရပြီ”

“အဟီး . . . လွယ်ရင်တော့ ပြိုင်ချင်တယ်ဗျာ”

“ဆင်မောင်းပြိုင်ပွဲက လူတွေသိပ်စိတ်ဝင်စားတာမဟုတ်ဘူးကွ၊ မင်းပြိုင်ချင်ရင် ငါသင်ပေးမယ်၊ ဒါနဲ့ အကူတစ်ယောက်တော့ လိုတယ်ကွ၊ မင်းနဲ့ လူတစ်ယောက်နဲ့တွဲပြိုင်မှရမှာ”

ကျုပ်သေချာစဉ်းစားရင်း

“နှစ်ယောက်တွဲပြိုင်ရမှာဆိုတော့ ဟုတ်ပြီ၊ ကိုမြင့်ရှိတယ်လေ ဦးဘသာ၊ ကိုမြင့်နဲ့ကျုပ်နဲ့ တွဲပြိုင်မှာပေါ့ဗျ”

“ဟုတ်မှလည်းလုပ်စမ်းပါ အလတ်ကောင်ရာ၊ မင်းကနဂိုကတည်းကမှ နည်းနည်းလွဲတဲ့ကောင်၊ ငမြင့်ကလည်း ခပ်လွဲလွဲကွ၊ မင်းတို့နှစ်ယောက်ပေါင်းလိုက်ရင် အကြီးကြီးလွဲကုန်ရော၊ ဟိုနေ့ကတောင် မင်းတို့နှစ်ယောက် စက်ဘီးကြီးထမ်းပြီးပြေးလာခဲ့ရတာ မမှတ်သေးဘူးလားကွ”

“ဗျာ . . . ကျုပ်တို့ စက်ဘီးထမ်းပြေးရတာကို ဦးဘသာဘယ်လိုသိသလဲဗျာ၊ ပညာတွေဘာတွေ သုံးလိုက်တာများလား”

“ဘာပညာမှ မသုံးပါဘူးကွ၊ ပေတောရွာက ဒိုင်လုပ်မယ့်လူကြီးတွေရောက်လာတော့ သူတို့ပြောတာကွ၊ မင်းနဲ့ငမြင့်က ပေတောရွာမှာ ရယ်စရာပြောစရာကြီးဖြစ်နေတယ်ဆိုပဲ၊ လူပုလေးကို မှင်စာဆိုပြီး ထွက်ပြေးတဲ့အကြောင်း ပေတောရွာမှာ တစ်ရွာလုံးသိနေပြီဆိုပဲကွ”

ကျုပ်ဖြင့််ရှက်လိုက်တာဗျ၊ အရယ်သန်တဲ့ ဦးဘသာအရှေ့မှာ ဆက်မနေရဲလို့ ပြန်လာခဲ့ရတယ်၊ ဘာပဲဖြစ်ဖြစ် ဝင်ပြိုင်မယ်ဆိုရင် ကိုမြင့်နဲ့ပဲ ဝင်ပြိုင်မှဗျ၊ အကိုကြီးကလည်း ဒုန်းတိုက်ပွဲမှာ ဝင်ပြိုင်မှာဆိုတော့ ဒီပွဲကိုဝင်ပြိုင်နိုင်မှာမဟုတ်ဘူးဗျို့။ ကိုမြင့်ကိုသွားပြောတော့ ကိုမြင့်က မတုန်မလှုပ်မျက်နှာပေးနဲ့

“ဖြစ်ပါ့မလား အလတ်ကောင်ရာ၊ ငါဖြင့် မျက်ခုံးခပ်လှုပ်လှုပ်ပဲကွ”

“လုပ်ပါဗျာ၊ ပြိုင်ပွဲဆိုတာ အနိုင်ရဖို့အဓိကမဟုတ်ပါဘူးဗျ၊ ယှဉ်ပြိုင်ချင်းသာ အဓိကပါ၊ ဦးဘသာက ကျုပ်တို့ကိုသင်ပေးမယ်တဲ့ဗျ”

“အေး . . . ဒါဆိုရင်လည်းလုပ်ကွာ၊ မင်းကိုယုံလို့တော့မဟုတ်ဘူးဟေ့ ဦးဘသာကိုယုံလို့ကွ”

ဒီလိုနဲ့ပဲ ကျုပ်တို့ ဆင်မောင်းပြိုင်ပွဲဝင်ဖို့ဆုံးဖြတ်လိုက်ကြတယ်၊ အိမ်မှာ လှည်းယာဉ်ကလေးတစ်ခုရှိတယ်ဗျ၊ မြို့က ဧည့်သည်တွေဘာတွေလာတဲ့အခါ၊ ဒါမှမဟုတ်ရင်လည်း ရှင်ပြုနားသအလှူရှိတဲ့အခါမျိုး၊ မင်္ဂလာဆောင်တွေဘာတွေရှိတဲ့အခါမျိုးမှာ သုံးတဲ့လှည်းယာဉ်ကလေးပေါ့ဗျာ၊ အဲဒီလှည်းယာဉ်ကလေးကို နည်းနည်းပါးပါးပြန်သပြီး သုံးရတာပေါ့၊ ကျုပ်တို့တွေရဲ့ စုရပ်ကတော့ ရွာထိပ်က ကုက္ကိုပင်ကြီးအောက်မှာပဲဗျ၊ အဲဒီမှာ လှည်းယာဉ်ရပ်ပြီး ဦးဘသာကြီးနဲ့စကားပြောကြတယ်၊ ကိုမြင့်တစ်ယောက်ကတော့ နေမပူခင်လာခဲ့ပါဆိုပေမယ့် အခုအချိန်အထိပေါ်မလာသေးဘူးဗျာ၊ ဒါနဲ့ပဲ ဦးဘသာနဲ့ ရောက်တတ်ရာရာတွေလျှောက်ပြောမိတယ်။

“လှည်းမြင်မှ သတိရတယ်၊ လူတွေဘယ်တုန်းကစပြီး လှည်းကိုစတင်သုံးခဲ့တာလဲ ဦးဘသာ”

“အတိအကျပြောဖို့ကတော့ခက်မယ်ကွ၊ ငါဖတ်ဖူးသလောက်ဆိုရင် လှည်းဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်း ငါးထောင်လောက်ကတည်းက လူတွေစသုံးနေပြီတဲ့ကွ၊ မက်ဆိုပိုတေးမီးယားဆိုတဲ့ အရပ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးထောင်လောက်က သုံးခဲ့တဲ့ လှည်းတွေတွေ့ခဲ့တယ်၊ အရှေ့တိုင်းမှာကတော့ တိဗက်ဒေသမှာ အစောဆုံးလှည်းကိုတွေ့ရတယ်၊ ပြီးတော့ အိန္ဒိယနဲ့ တရုတ်ပြည်မှာ ခရစ်တော်မပေါ်ခင် နှစ်ပေါင်းတစ်ထောင်လောက်ကတည်းက လှည်းတွေကို တွင်တွင်ကျယ်ကျယ်သုံးနေပြီကွ၊ ဒါက အထောက်အထားကိုလိုက်ပြီး သိပ္ပံနည်းကျပြောတာပေါ့ကွာ၊ တစ်ဖက်က လှည့်တွေးကြည့်ရင် ဘုရားအလောင်း နုစဉ်ဘဝမှာကတည်းက လှည်းကုန်သည်ငါးရာနဲ့ ကုန်ကူးထွက်ကြတဲ့ နိပါတ်တော်ဇာတ်လမ်းတစ်ခုရှိတယ်လေကွာ၊ မိုက်မဲတဲ့လှည်းကုန်သည်မှူးခေါင်းဆောင်တဲ့ လှည်းသားငါးရာက ကန္တာရထဲမှာ ဘီလူးတွေရဲ့လှည့်စားမှုကိုခံရပြီး သေဆုံးကုန်ကြတယ်မဟုတ်လား၊ ဒါကိုတွေးကြည့်ရင် ဘုရားမဖြစ်ခင်ကတည်းကဆိုတော့ လွန်ခဲ့တဲ့ အသေင်္ချအနန္တ ကမ္ဘာ့ကမ္ဘာတွေကတည်းက လူတွေက လှည်းကိုသုံးခဲ့ပုံရတယ်လို့ တွေးလို့မရဘူးလား”

“ဦးဘသာကတော့ ကမ္ဘာနဲ့ချီပြီးတော့ကို ပြောတာပါပဲဗျာ၊ အဲဒါအသာထားပါ၊ ကျုပ်တို့ မြန်မာပြည်မှာရော လှည်းကိုဘယ်အချိန်က စသုံးခဲ့တာလဲဗျ”

“မြန်မာပြည်ကို လှည်းဘယ်လိုရောက်သလဲဆိုတာလည်း အတိအကျပြောဖို့ခက်တယ်ကွ၊ ဒါပေမယ့် တိကျသေချာတဲ့ သက်သေအထောက်အထားနဲ့ပြောရမယ်ဆိုရင်တော့ ဘုရားမပွင့်ခင်ကတည်းက လှည်းကိုသုံးနေကြပြီ၊ ရွှေတိဂုံဘုရားတည်တဲ့ တဖုဿနဲ့ ဘလ္လိက ညီနောင်နှစ်ယောက်ဟာ မဇ္ဈိမဒေသကို ကုန်ကူးထွက်ကြရင်း လောလောလတ်လတ် ဘုရားဖြစ်ထားတဲ့ ဂေါတမမြတ်စွာဘုရားနဲ့တွေ့လို့ ဆံတော်ရှစ်ဆူရလာတယ်မဟုတ်လား၊ အရင်ဆုံး ကုန်တွေကို သင်္ဘောနဲ့တင်ပြီး ဟိုရောက်တော့ လှည်းငါးရာပေါ်ကုန်တွေတင်လို့ ကုန်ကူးကြတဲ့ညီနောင်တွေလို့ ဖတ်ဖူးတာပဲ၊ ဒီသမိုင်းကိုထောက်ထားရင်တော့ ဘုရားပွင့်စအချိန်ကတည်းက လှည်းနဲ့ကုန်ကူးနေပြီဆိုတော့ ဘုရားမပွင့်ခင်အချိန်တုန်းကတည်းကလည်း တို့မြန်မာပြည်မှာ လှည်းသုံးနေပုံရတယ်ကွ၊ ပျူ သရေခေတ္တရာခေတ်မှာလည်း လှည်းသုံးခဲ့တဲ့အထောက်အထားတွေကို ထပ်တွေ့ရသေးတယ်ဆိုတာပဲ”

“ဒီလောက်ဆို ဟုတ်ပြီဗျာ၊ ဒါနဲ့လေ လှည်းလို့ ဘာဖြစ်လို့ခေါ်တယ်ဆိုတာရော သိသလား”

“မဂဓဘာသာ ပါဠိဘာသာတွေမှာတော့ လှည်းကို ရထ လို့ခေါ်တယ်၊ အဲဒီကနေ ရထားဆိုပြီးဖြစ်လာတာပေါ့ကွာ၊ အဓိပ္ပါယ်ကတော့ မြင်းတွေ နွားတွေဆွဲတဲ့ ယာဉ်တစ်မျိုးကိုခေါ်တာပေါ့၊ လှည်းဆိုတဲ့ စကားကတော့ ဗမာစကားစစ်စစ်လို့ပြောရမယ်ထင်တယ်၊ စာပေအထောက်အထားနဲ့ပြောရရင် လှည်းဆိုတဲ့စကားကို အစောဆုံးတွေ့ရတာကတော့ သက္ကရာဇ် ၅၉၈ ခုနှစ်ထိုးတဲ့ စောလှဝန်းဘုရားကျောက်စာမှာ လှည်းလို့တွင်တွင်သုံးထားတယ်၊ တခြားကျောက်စာတွေမှာတော့ လှည်လို့သုံးတာတွေ့တယ်ကွ၊ လှည်ဆိုတာ တကယ်တော့ လှည့်လည် တယ်ဆိုတဲ့စကားက လာတာ၊ လှည်းမှာပါတဲ့ ဘီးကြီးလှည့်တာကိုကြည့်ပြီး လှည့်လို့ အလွယ်ခေါ်ကြမယ်ထင်တယ်၊ လှည်းမှာလည်း ကြည့်စရာက ဒီဘီးကြီးနှစ်လုံးပဲရှိတာကိုးကွ၊ အဲဒီလို လှည့်လို့ လှည့်လို့အလွယ်ခေါ်ရင်းနဲ့ လှည်းဆိုပြီး ဖြစ်လာတယ်ထင်တာပဲကွ၊ ပုဂံခေတ်နှောင်းကစပြီး ပင်းယ အင်း၀ ခေတ်တစ်လျှောက်တော့ လှည်းဆိုပြီးတော့ပဲ ဆက်တိုက်တွင်တွင်ကျယ်ကျယ်သုံးလာခဲ့ကြတာပဲ၊ ခုခေတ်ထိပေါ့ကွာ”

“ဦးဘသာပြောတာ ဖြစ်နိုင်ပါတယ်ဗျ၊ ရှေးခေတ်က လှည်းဘီးတွေက ဒီလိုလှည်းဘီးတွေမဟုတ်ဘဲ သစ်သားကို အပြားလိုက်ဆက်ထားတဲ့ လှည်းဘီးကြီးတွေဆိုဗျ”

“အဲဒါလည်း မမှန်ဘူးကွ၊ ရှေးခေတ်ကတည်းက ဒေါက်လို့ခေါ်တဲ့ တိုင်တွေတပ်ထားတဲ့လှည်းဘီးတွေ ပေါ်နေခဲ့ပြီကွ၊ အသောကမင်းရဲ့ ကျောက်စာတိုင်တွေမှာပါတဲ့ လှည်းဘီးပုံဟာ တို့တွေဒီဘက်ခေတ်မှာသုံးတဲ့ လှည်းဘီးပုံပဲကွ၊ ပုဂံက အာနန္ဒာဘုရားမှာရှိတဲ့ နိမိတ်ကြီးလေးပါးတွေ့မြင်ခန်းကို ပုံဖော်ထားတဲ့ ကျောက်ဆစ်လက်ရာမှာ ခုခေတ်လှည်းဘီးတွေလို ဒေါက်တိုင်တွေတပ်ထားတဲ့လှည်းဘီးပုံကိုတွေ့ရတယ်၊ ဒါကိုကြည့်ချင်းအားဖြင့် ရှေးခေတ်ကတည်းက ဒီလိုလှည်းဘီးအပေါ့စားတွေကို အသုံးပြုနေကြပြီ၊ ဒါပေမယ့်လည်း အင်းဝခေတ်နံရံဆေးရေးပန်းချီတွေမှာတော့ မင်းပြောတဲ့ ချပ်ဘီး၊ စပ်ဘီးလို့ခေါ်တဲ့ လှည်းဘီးပြားကြီးတွေပုံကိုရေးဆွဲထားတယ်၊ ဒီတော့ ကောက်ချက်ချနိုင်တာက ဒီလိုလှည်းဘီးအပေါ့စားတွေကို ရှေးက သာမန်လူတွေတော်ရုံမသုံးစွဲနိုင်ခဲ့လောက်ဘူးထင်တယ်၊ နောက်တစ်ခုရှိတာက ချပ်လှည်းဘီးကြီးတွေက ငါတို့ဒေါက်လှည်းဘီးတွေထက် ပိုပြီးအကြမ်းခံတာတော့အမှန်ပဲ၊ လေးလည်းပိုလေးတယ်၊ ဒီတော့ သာမန်ဝန်တင်တာ ကုန်သယ်တာတွေမှာ ချပ်ဘီးလှည်းဝိုင်းကြီးတွေကို သုံးခဲ့ပုံရတယ်ကွ၊ ဒါပေမယ့် စာပေတွေထဲမှာတော့ ရထားတွေမှာသာ ဒေါက်တွေပါတဲ့လှည်းဘီးကိုသုံးပြီး အကြမ်းသုံးတဲ့လှည်းတွေမှာတော့ ချပ်ဘီးတွေသုံးကြတယ်လို့ပြောတယ်”

“ရထားနဲ့လှည်းနဲ့အတူတူပဲဆိုဗျ”

“အေး . . . သဘောကတော့ တူတယ်၊ ဒါပေမယ့် အသုံးအနှုန်းမတူတာကွ၊ ရှင်ဘုရင်တွေ မင်းမျိုးမင်းနွယ် တော်ဝင်တွေသုံးတဲ့လှည်းကိုကျတော့ ရထားလို့ခေါ်ရတယ်၊ သာမန်အရပ်သားတွေသုံးတဲ့လှည်းကိုတော့ လှည်းလို့ပဲခေါ်တယ်၊ ရှေးက ဘုရင်အဆက်ဆက်စီးတဲ့ နိုင်ငံတော်ရထားဆိုတာရှိတယ်၊ အဲဒီရထားဟာ တစ်နိုင်ငံတစ်လုံးမှာ တစ်စီးတည်းရှိပြီး ရှင်ဘုရင်ပဲစီးလို့ရတဲ့ရထားတဲ့ကွ၊ ကိုလိုနီခေတ်ရောက်ပြီးတဲ့နောက်တော့ ရထားဆိုတဲ့အသုံးအနှုန်းက ပျောက်ကွယ်သွားတယ်၊ ခုခေတ် ရထားလို့ပြောရင် မီးခိုးတအူအူနဲ့သံလမ်းပေါ်ခုတ်မောင်းကြတဲ့ စက်ရထားတွေကိုပဲ ပြေးမြင်ကြတော့တာမဟုတ်လား”

“ရထားဆိုလို့အခုမှ သတိရတယ်၊ ဖုတ်သွင်းရထားဆိုတာလည်း ရှိတယ်မဟုတ်လားဗျာ၊ ရာဇဝင်တွေ ပုံပြင်တွေထဲမှာ ခဏခဏပါတယ်လေဗျာ၊ ကျုပ်ကြားဖူးသလောက်တော့ အဲဒီရထားဟာ ဆွဲတဲ့မြင်းတွေနွားတွေမပါဘဲ ဖုတ်ကောင်တွေသွင်းပြီးဆွဲခိုင်းတာဆိုပဲ”

“မင်းပြောတာ မှန်လည်းမှန်သလို မှားလည်းမှားတယ်ကွ၊ မှားတာကိုအရင်ပြောမယ်၊ ပါဠိတော်မှာပဲ ရထားကိုနှစ်မျိုးနှစ်စားဖော်ပြထားတယ်၊ သန္ဒနရထ ဆိုတာကတော့ စစ်ရထားကိုပြောတာကွ၊ ရှေးခေတ် မဇ္ဈိမဒေသမှာ စစ်ဆင်စစ်တိုက်ကြတဲ့အခါ စစ်ရထားတွေကိုအသုံးပြုတယ်၊ စစ်အင်္ဂါလေးပါးမှာတောင်မှ ရထားဆိုတာပါသေးတယ်မဟုတ်လားကွ၊ နောက်ရထားတစ်မျိုးကတော့ ဖုဿရထားလို့ခေါ်တယ်၊ ဖုဿဆိုတာ မင်္ဂလာကိုပြောတာပေ့ါကွာ၊ ဒီရထားကျတော့ စစ်ရထားတွေလို မဟုတ်ဘဲ အလှအပတွေ အပျောက်အမွှန်းတွေနဲ့ တန်ဆာဆင်ထားတယ်၊ ရှင်ဘုရင်တွေက မင်္ဂလာကိစ္စတွေရှိလို့ သွားမယ်လာမယ်ဆိုရင် ဒီလိုရထားကိုစီးတာပေါ့ကွာ၊ ငါတို့ခေါ်ခေါ်နေတဲ့ ဖုတ်သွင်းရထားဆိုတာ အဲဒီ ဖုဿရထား မင်္ဂလာရထားကိုခေါ်တာကွ၊ ပါဠိတော်ကို ဗမာပြန်ကြတဲ့ ဆရာတွေကြားထဲမှာ အမှားကြာ အမှန်ဖြစ်ဆိုသလိုမျိုး ဖြစ်လာခဲ့တာ၊ မူရင်း မဟာဇနက္က ဇာတ်တော်မှာ တိုင်းပြည်က ရှင်ဘုရင်ကြီးသေဆုံးသွားလို့ ရှင်ဘုရင်ရဲ့ ဖုဿရထားကြီးကို အာဇာနည်မြင်းလေးကောင်ကပြီး ကကြိုးတန်ဆာတွေအစုံတပ်လို့ ရှင်ဘုရင်ကဲ့သို့ ဘုန်းတန်ခိုးရှိသူအရှေ့မှာ ဤဖုဿရထားရပ်တန့်ဆိုက်ရောက်ပါစေဆိုပြီး သစ္စာပြုလို့ နန်းတော်ကနေလွှတ်လိုက်တယ်ဆိုပဲကွ၊ အဲဒီမှာ မေခလာနတ်သမီးကယ်ပြီး ကျောက်ဖျာပေါ်တင်ခဲ့တဲ့ မဟာဇနက္ကရှေ့မှာ ရထားကသွားရပ်တာပေါ့ကွာ၊ ဒါကြောင့် ဖုတ်သွင်းရထားလွှတ်ပြီး မင်းလောင်းရှာတယ်ဆိုတာ မင်းပြောသလို ဖုတ်ကောင်တွေဆွဲတဲ့ရထားမဟုတ်ဘူးကွ”

“မသိပါဘူးဗျာ၊ ဒါဆိုရင် ဖုတ်ကောင်ဆွဲတဲ့ရထားဆိုတာ အလကားလျှောက်ပြောတာပေါ့နော်”

“ဒီလိုလည်းမဟုတ်ဘူးကွ၊ ဒီဖုတ်သွင်းရထားဇာတ်လမ်းက ပုဂံခေတ်က စတယ်ပြောရမှာပဲ၊ ပုဂံခေတ်ဦး သမုဒ္ဒရာဇ်မင်း ပုဂံကိုမတည်ထောင်ခင်ကတည်းက တန္တရ မန္တရ ရဟန်းတွေရဲ့ အယူဝါဒတွေ ကြီးစိုးနေပြီကွ၊ အလွယ်ပြောရရင်တော့ လူတွေခေါ်ခေါ်နေတဲ့ အရည်းကြီးတွေပေါ့ကွာ၊ တကယ်တော့ အရည်းကြီးတွေဆိုတာ နှိမ်ပြီးခေါ်ကြတာကွ၊ တကယ်တော့ အဲဒီအရည်းကြီးတွေဆိုတာက ဝိဇ္ဇာကျင့်စဉ်လမ်းကို လျှောက်လှမ်းနေကြတဲ့လူတွေပေါ့ကွာ၊ တို့တွေအခုသုံးနေကြတဲ့ အင်းပညာ၊ မန္တန်ပညာ၊ အဂ္ဂိရတ်ပညာ အဌာရဿ ဆယ့််ရှစ်ရပ်တို့ ဘာတို့ဆိုတာ အဲဒီအရည်းကြီးတွေဆီကနေ ရခဲ့တဲ့ပညာတွေကွ၊ အရည်းကြီးဆိုတာ အရညဝါသီလို့ခေါ်တဲ့ တောနေရဟန်းတွေကို ခေါ်တဲ့စကားကနေဆင်းသက်လာသကွ၊ ဗေဒင်ပညာ၊ မန္တန်ပညာ၊ အင်းပညာ၊ ဆေးပညာတွေကို ကျင့််နေတဲ့ရဟန်းတွေကိုဆိုတာပေါ့၊ ဒီရဟန်းတွေက နိဗ္ဗာန်ရောက်ရေးကို ဦးစားပေးကျင့်နေတာမဟုတ်ဘဲ တန်ခိုးရရေး အသက်အတည်အတေအထိရှည်ရေးဆိုတဲ့ ကျင့်စဉ်တွေကို ကျင့်နေကြတဲ့လူတွေပေါ့ကွာ၊ အင်းဝခေတ်က ကျော်ကြားခဲ့တဲ့ ဗားမဲ့ဆရာတော်တို့ဘာတို့ဆိုတာလည်း သင်္ကန်းဝတ်ထားပြီး ဘုရင်ကိုးကွယ်လို့သာ ဆရာတော်လို့ခေါ်ပေမယ့် သူတို့ဝတ်ပုံစားပုံ ကျင့်ကြံအားထုတ်ပုံတွေဟာ အရည်းတွေနဲ့တူတူပဲကွ၊ ခုခေတ်လည်း လောကုတ္တရာအရေးအားမထုတ်ဘဲ သင်္ကန်းဝတ်ပြီး ဗေဒင်၊ ဆေး၊ အဂ္ဂိရတ်တွေ လိုက်စားနေတဲ့ဘုန်းကြီးတွေကို အရည်းလို့ ရှင်ယောင်လို့ခေါ်ရင်လည်း မှားမယ်မထင်ဘူး၊ အဲ . . . ပြောရင်း လမ်းလွဲသွားပြီ ထားပါတော့ကွာ၊ အဲဒီအရည်းတွေရဲ့ပညာမှာ ဖုတ်တွေကိုအသုံးပြုတဲ့ပညာပါတယ်၊ ပြောရရင် အစိမ်းသရဲတွေကို ခိုင်းစားတဲ့ပညာပေါ့ကွာ၊ အခုခေတ် အောက်လမ်းဆရာတွေသုံးတဲ့ ဖုတ်ကြီးလေးဆယ်ပညာတို့ဘာတို့ဆိုတာ အဲဒီကနေဆင်းသက်လာတာကွ၊ အဲဒီပညာထဲမှာ ဖုတ္တရထား ဆိုတဲ့ပညာပါတယ်၊ မြေဖုတ်ဘီလူးတွေကို ရထားဆွဲခိုင်းတဲ့ပညာပေါ့၊ မင်းခုနကပြောသလို ရထားကိုသာမန်လူကကြည့်လိုက်ရင် ဆွဲတဲ့မြင်းတွေ နွားတွေမပါဘဲ သူ့အလိုလိုသွားနေတာပေါ့ကွာ၊ အဲဒီပညာရပ်ရဲ့ ဖုတ္တရထားဆိုတဲ့စကားက ငါခုနကပြောတဲ့ ဖုဿရထားဆိုတဲ့ စကားနဲ့ အသံထွက်ချင်းသွားပြီးဆင်တူတယ်ကွ၊ ပုံပြင်ဆိုတာကလည်း လူကြိုက်အောင်၊ ကလေးတွေနားထောင်ကောင်းအောင် ရေးကြပြောကြရတာကိုးကွ၊ အဲဒီမှာ ပုံပြင်ဆရာတွေက ဖုဿရထားအစား ဖုတ်သွင်းထားတဲ့ရထားကြီးလို့ပြောတဲ့အခါ ပိုထူးဆန်းပြီး ပိုနားထောင်ကောင်းတာကိုး အဲဒီကနေတဆင့် ဒီလိုဖြစ်လာတယ်ဆိုပါတော့ကွာ”

ဦးဘသာက တံတွေးတစ်ချက်ထွေးလိုက်ရင်း

“နွားလှည်းမှာတောင်မှ အမျိုးအစားအများကြီးရှိသေးတယ်ကွ၊ လှည်းယာဉ်၊ ခြံအိမ်လှည်း၊ ပေါင်းမိုးလှည်း၊ လှည်းမြီးတို၊ ရေစည်လှည်း၊ ဘုံသျှိုလှည်းနဲ့ မယားကန်လှည်းဆိုပြီးရှိသေးတယ်”

“ဘာတွေလဲဗျာ နာမည်တွေကလည်းထူးဆန်းလိုက်တာ”

“လှည်းယာဉ်ဆိုတာကတော့ လှည်းယာဉ်ကြော့ကိုခေါ်တာကွ၊ ခြောက်စထောင်လှည်းလို့လည်းခေါ်တယ်၊ တစ်ချို့ကျတော့ ညောင်ကန်လှည်းလို့လည်းခေါ်ကြတယ်၊ မောင်းသူအပါ လူလေးယောက်ထက်ပိုစီးလို့မရဘူး၊ လှည်းကို ပန်းပုရုပ်တွေ ပွတ်လုံးတွေနဲ့အလှဆင်ထားပြီးတော့ အလှစီးဖို့ အလှူမင်္ဂလာတွေမှာ ကြော့ကြော့မော့မော့စီးဖို့လုပ်ထားတဲ့လှည်းပေါ့ကွာ၊ ခြံအိမ်လှည်းဆိုတာကတော့ ခြံအလုပ်တွေ အိမ်အလုပ်တွေသုံးဖို့လှည်းကိုပြောတာ၊ လှည်းကြမ်းပေါ့ကွာ၊ စပါးသယ်၊ ပဲသယ် စတာတွေလုပ်တဲ့လှည်းပေါ့၊ ပေါင်းမိုးလှည်းဆိုတာကတော့ တစ်နေရာကနေတစ်နေရာကို သွားဖို့လာဖို့ ပေါင်းမိုးတပ်ထားတဲ့လှည်းပေါ့၊ လှည်းမြီးတိုဆိုတာကတော့ လူထိုင်တဲ့ လှည်းကပ်အိမ်ကြီးမပါဘဲ တိုင်ငုတ်ကလေးတွေပဲစိုက်ထားတဲ့လှည်းကိုပြောတာ များသောအားဖြင့် သစ်တိုက် ဝါးတိုက် ကျောက်တုံးတွေသယ် စတာတွေသုံးဖို့လုပ်ထားတဲ့လှည်းပေါ့၊ တချို့ကလည်း လှည်းကတုံးလို့ခေါ်တယ်၊ ရေစည်လှည်းဆိုတာကတော့ လှည်းအိမ်နေရာမှာ တိုင်ကီကြီးနဲ့ရေစည်တပ်ထားတဲ့လှည်းပေါ့၊ ဘုံသျှိုလှည်းဆိုတာကတော့ လှည်းအိမ်ကို ခပ်မြင့်မြင့်လုပ်ပြီး အတွင်းကိုနိမ့်သွားအောင်လုပ်ထားတဲ့လှည်းကွ၊ သူက လှည်းအိမ်ဆိုပေမယ့် လုံလည်းလုံတယ်၊ ရှေးက လူကုံထံတွေ ဘုန်းကြီးတွေစီးကြတဲ့လှည်းပေါ့၊ အထဲမှာ လူက အေးအေးဆေးဆေးထိုင်နိုင်တဲ့အပြင် အဝတ်အစားတွေ ထန်းခေါက်ဖာတွေ ငှက်ပျောခိုင်တွေပါ သယ်လို့ရတာပေါ့၊ မယားကန်လှည်းဆိုတာကတော့ လှည်းဦးနိမ့်ပြီး လှည်းနောက်ပိုင်းကို မြင့်အောင်လုပ်ထားတဲ့လှည်းကိုခေါ်တာကွ၊ လင်က ရှေ့ကနေလှည်းမောင်းတဲ့အခါ မယားဖြစ်တဲ့လူက အနောက်ကထိုင်လိုက်ရင် လင်ကိုကန်ထားရသလိုဖြစ်နေလို့ မယားကန်လှည်းလို့ခေါ်ကြတာ၊ ဒါ့အပြင် ပြိုင်လှည်းတို့ ဒုန်းလှည်းတို့ဆိုတာလည်းရှိသေးတယ်၊ ဒီလှည်းတွေကျတော့ သာမန်လှည်းတွေနဲ့မတူဘဲ အပေါ့ပါးဆုံးဖြစ်အောင် လုပ်ထားရတယ်ကွ၊ ဒုန်းလှည်းမောင်းတဲ့အခါ “လှည်းစက္ကူ၊ လူသိကြား” ဆိုတဲ့ စာဆိုလည်းရှိသေးတယ်၊ လှည်းဟာ စက္ကူလိုပေါ့ပါးနေမှ မြန်မြန်ပြေးသလို လှည်းမောင်းတဲ့လူကလည်း လှည်းကိုကျင်လည်မှ နွားရဲ့အကြော နွားရဲ့စိတ်ကိုသိတဲ့လူမှ ရမယ်ဆိုတဲ့စာဆိုပေါ့ကွာ”

“တခြားလှည်းအမျိုးအစားတွေရော မရှိဘူးလားဦးဘသာ”

“ရှိတာပေါ့ကွ၊ ဆင်ဆွဲတဲ့လှည်းကျတော့ ဆင်လှည်းလို့ခေါ်တယ်၊ ရှေးက ရတနာဆင်ဖြူတော်ဆွဲတဲ့ ဘုရင်စီးတဲ့ရထားကို ဆင်ရထားပေါ့ကွာ၊ အောက်ပြည် ကျွဲပေါတဲ့အရပ်မှာကျတော့ ကျွဲလှည်းတွေစီးကြတယ်၊ ကျွဲလှည်းက နွားလှည်းလောက်မမြန်ပေမယ့် ဝန်တင်တာတော့ အတော်တင်လို့ရတယ်ကွ၊ ရှေးက ရှမ်းကုန်သည်တွေဟာ ကျွဲလှည်းနဲ့ဝန်တင်ကြသတဲ့၊ နောက်ပြီး သစ်လုပ်ငန်းတွေမှာလည်း ဆင်ဆွဲမရတဲ့နေရာတွေမှာ ကျွဲတွေနဲ့သစ်လုံးတွေကို ဆွဲယူရတယ်ဆိုပဲ၊ ဘီရိုလှည်းဆိုတာကတော့ လှည်းက ဘီရိုကြီးလို တံခါးတွေဘာတွေဖွင့်ပြီး ဝင်ရတဲ့လှည်းအိမ်တစ်မျိုးကိုခေါ်တာကွ၊ သီပေါမင်းပါတော်မူတဲ့အချိန် စီးတဲ့လှည်းက ဘီရိုလှည်းပေါ့ကွာ၊ ဘီရိုလှည်းဆိုတာ အမှန်တော့ ဘုရင်စီးတဲ့လှည်းမဟုတ်ဘူးကွ၊ ဘီရိုလှည်းကိုလည်း နွားကဆွဲလေ့မရှိဘူး၊ သီပေါမင်းကို နန်းတွင်းကချပြီး ဂေါဝိန်ဆိပ်ပို့တဲ့အချိန် ဘုရင့်အသုံးအဆောင်လှည်းတွေမသုံးဘဲနဲ့ ဘီရိုလှည်းကို နွားတပ်ဆွဲပြီး စီးစေတာကွ၊ တစ်နည်းပြောရရင် ရှင်ဘုရင်ဆိုတဲ့မာနကို ချိုးနှိမ်လိုက်တဲ့သဘောပဲ၊ နောက်ပြီးတော့ ဘာဂီလှည်းဆိုတာလည်းရှိသေးတယ်၊ ရှေးကတော့ ဘာဂီလှည်းဆိုတာ မင်းညီမင်းသားတွေ စီးရတဲ့လှည်းပေါ့၊ အခုခေတ်တော့ ဘာဂီလှည်းဆိုတာကို ကြားဖူးတဲ့လူတောင်မရှိတော့ဘူးထင်တယ်၊ သူ့ပုံစံကတော့ တို့အခုခေတ် မြင်းလှည်းသမားတွေသုံးတဲ့ မြင်းလှည်းလိုပုံစံမျိုးပေါ့၊ အဲ မြင်းလှည်းအကြောင်းပြောရရင်တော့ ပြောကုန်မယ်မထင်ပါဘူးကွာ၊ တစ်နိုင်ငံလုံးမှာ မြင်းလှည်းတွေ တွင်တွင်ကျယ်ကျယ်သုံးကြတာပဲ၊ ရှေးကတော့ မြင်းလှည်းက ပုံစံမျိုးစံရှိပေမယ့် အခုခေတ်တော့ မန္တလေးမြင်းလှည်းလို့ခေါ်ကြတဲ့ မြင်းလှည်းဟာ တစ်နိုင်ငံလုံးသုံးကြတဲ့ စံပြမြင်းလှည်းပုံစံမျိုးဖြစ်သွားပြီ၊ ထူးထူးခြားခြားဆိုရင်တော့ မြေမြို့မှာစီးတဲ့ ရထားလုံးပေါ့၊ သူက အနောက်တိုင်းလှည်းအိမ်ပုံစံမျိုးလိုက်လုပ်ထားတာ၊ တံခါးတွေဘာတွေနဲ့ လုံလုံခြုံခြုံစီးရတဲ့လှည်းမျိုး၊ သူ့ရာသီဥတုက ခပ်အေးအေးဆိုတော့ ဒါမျိုးလှည်းစီးမှပဲ တော်ကာကျမှာကွ၊ မော်လမြိုင်မှာတော့ မြင်းလှည်းကို ဘုံပြတ်လို့ခေါ်တယ်ကွ၊ ဘုံပြတ်ဘမောင်ဆိုတဲ့ဇာတ်လမ်းတောင်ရှိသေးတယ်၊ သူ့လှည်းပုံစံကတော့ တခြားမြင်းလှည်းတွေလို ခြေချစီးလို့မရဘဲ လှည်းကြမ်းပြင်ကို အိမ်ကြမ်းပြင်လိုမျိုး တစ်ပြေးတည်းလုပ်ထားတော့ ဖိနပ်ချွတ်ပြီး တက်ထိုင်စီးမှရတယ်၊ ထားဝယ်လှည်းဆိုတာကျတော့ လှည်းဝင်ရိုးကို အဖြောင့််မတပ်ဘဲ အင်္ဂလိပ်ယူပုံသဏ္ဍာန်မျိုးတပ်ထားတဲ့လှည်းကွ၊ နောက် မကွေးမှာသုံးတဲ့ ဆိပ်ဖြူလှည်းဆိုတာကျတော့ လှည်းကို ကားဘီးတပ်ထားကြတာကွ၊ သူ့အရပ်အပေါ်မူတည်ပြီး လှည်းတွေအမျိုးမျိုးပြောင်းလဲသွားတာပေါ့၊ ကိုလိုနီခေတ်က ရန်ကုန်မှာစီးခဲ့ကြတဲ့ လန်ချားဆိုတာ တကယ်တော့ လူဆွဲတဲ့လှည်းတစ်မျိုးပဲ”

ဦးဘသာက ဖြေရင်းမောသွားတယ်ဗျ၊ ပြောရင်းနဲ့ ကိုမြင့်တစ်ယောက်ရောက်လာတယ်။

“ကိုမြင့်ရာ အခုမှလာရသလားဗျာ၊ ဒီမှာ ဦးဘသာတောင် ပါးစပ်အမြှုပ်ထွက်တော့မယ်ဗျ”

“ဟေ . . . ဦးဘသာက ဘာဖြစ်လို့ ပါးစပ်အမြှုပ်ထွက်ရမှာလဲကွ”

“ဒီကောင် လျှာရှည်ပြီး မေးသမျှကို ဒိုင်ခံပြောနေရလို့ဟေ့”

“အေးကွာ . . . အမေက ရွာဦးကျောင်းကို ဆွမ်းချိုင့်ပို့သွားတာ အခုမှပြန်လာတာနဲ့ အခုမှထွက်လာခဲ့ရလို့ပါကွ”

ဦးဘသာက လှည်းယာဉ်ကလေးကိုကြည့်လိုက်ပြီး

“လှည်းယာဉ်မှာလည်း ဟောဒီဘေးနားက လှည်းကပ်အိမ်လုပ်ထားတဲ့ပုံကို အစွဲပြုပြီး ဆင်စွယ်ညွတ်၊ စင်ရော်တောင်၊ မွန်းတည့််ကောက်ဆိုပြီးတော့ အမျိုးမျိုးရှိသေးတယ်၊ ကဲ ထားပါတော့လေ မင်းတို့က အခုဆင်မောင်းပြိုင်ပွဲမှာ ဝင်ပြိုင်မှာမဟုတ်လား၊ လှည်းတစ်စီးလုံးမှာ ပုံတောင်း(ပဒေါင်း)၊ ထောက်ကူ(တကူ)၊ ခွေသတ်ဘီးထောက်၊ နန်းရင်းခွေ၊ နန်းဖျားခွေ၊ သံဖိနပ်၊ ဆိတ်မျက်လုံး၊ လှည်းနားစောင့် ၊ ဝင်ရိုး၊ ဆင့်တုံး၊ ဝက်စွယ်၊ ဝင်ရိုးဖုံး၊ ခြံအိမ်၊ ရံတန်း၊ လက် တင်တန်း၊ ရံတိုင်၊ ရံမတိုင်၊ ထုပ်၊ ယက်ဖောက်ထုပ်၊ လှည်းသန်၊ လှည်း သန်တုပ်၊ ကတ်ကျည်း၊ ခြံအိပ်ကပ်၊ ကပ်ဖုံးငြိမ်၊ ဝန်ကော်၊ ဆောင်ပန်း၊ ဆောင်ပန်းကပ်၊ စွယ်ရန်း၊ စွယ်ရန်းတိုင်၊ ဓားမချပ်၊ ထမ်ပိုးတုံး၊ ထမ်းပိုး ကျည်း၊ ဘွဲ့ကြိုး၊ ဦးပွတ်ကြိုး၊ ဦးပွတ်ကျည်း၊ ကုပ်နှိပ်ကြိုး၊ ဦးကင်း၊ ဦးထောက်၊ ပြန်ကထောက်၊ နောက်ထောက်နှင့် ပေါင်းမိုး စတဲ့အစိတ်အပိုင်းတွေရှိတယ်ကွ”

ဦးဘသာပြောသမျှကို ကျုပ်တို့က လက်ချိုးပြီးလိုက်မှတ်နေရတယ်၊ လက်ဆယ်ချောင်းတောင် နှစ်ခါပြန်လောက်ချိုးရတယ်ဗျာ။

“အစိတ်အပိုင်းတွေကလည်း များလိုက်တာဗျာ၊ ဒါတွေကို ကျုပ်တို့က အစအဆုံးဆင်ရမှာလားဗျ”

“ဒီဟာက ပြိုင်ပွဲဆိုတော့ အစအဆုံးတစ်ခုချင်းစီ ဆင်စရာမလိုပါဘူးကွာ၊ အရေးကြီးတဲ့အစိတ်အပိုင်းတွေပဲ ဆင်ရမယ်၊ ပထမတစ်ချက်က ဘီး၊ နောက်တစ်ခုက လှည်းတံ၊ အဲဒါပြီးတော့ လှည်းအိမ်၊ နောက်တော့ ကြိုးနဲ့ အကြွဆိုပြိး ငါးချက်ကိုပဲပြိုင်ရတယ်၊ ကဲ လှည်းကိုဖြုတ်စို့ဟေ့”

ကျုပ်နဲ့ကိုမြင့် လှည်းကိုဖြုတ်လိုက်တယ်ဗျ၊ လှည်းဆိုတာက သစ်သားကို သံတွေဘာတွေနဲ့ရိုက်ပြီး အသေလုပ်ထားတာမဟုတ်ဘူးဗျာ၊ စရွေးဖောက်ပြီး အရှင်စွပ်လို့ရအောင်လုပ်ထားတာဆိုတော့ ဖြုတ်ရတာ သိပ်မခက်ပါဘူး။ ဘီးကိုတော့ တစ်စစီဖြုတ်မရဘူးဗျ၊ ဒီအတိုင်း ဝန်ရိုးဖြုတ်ပြီး ဘီးနှစ်ချပ်ဖြစ်အောင်လုပ်ရတယ်၊ အားလုံးဖြုတ်ပြီးတော့ ပစ္စည်းတွေကို မြေပေါ်ချလိုက်တယ်။

“ကဲ ဦးဘသာ ဖြုတ်တော့ပြီးပြီဗျာ”

“အေး ပြီးရင်ပြန်ဆင်ရမယ်၊ ဘီးကစပြီး ဝင်ရိုးတပ်၊ လှည်းတံဆင်၊ နောက်တော့ လှည်းအိမ်ကြီးပြန်ဆင်ပေါ့ကွာ၊ လှည်းတွေဆင်တုန်း လှည်းမှာရှိသင့်ပါသင့်တဲ့ ကြိုးတွေတုပ်ရချည်ရတယ်၊ အဲဒါအားလုံးပြီးပြီဆိုရင် လှည်းမောင်းတဲ့လူရော အကူရောက လှည်းပေါ်တက်ပြီး တာပေါ်တက်လို့ ပန်းဝင်အောင်မောင်းရတယ်ကွ၊ လှည်းမှာတပ်တဲ့ပစ္စည်းတွေ အပိုအလိုကျန်နေလို့မရသလို လှည်းမောင်းတဲ့လူနဲ့ လှည်းအကူကလည်း ဖိနပ်၊ ခေါင်းပေါင်း၊ တိုက်ပုံ၊ ပုဆိုးတွေ သေသေချာချာဝတ်ပြီး ကျကျနနဖြစ်အောင်ပြိုင်ရတယ်၊ လှည်းပေါ်အတက်မှာ ဖိနပ်မေ့ကျန်ခဲ့တာတို့ လှည်းမောင်းရင်း ခေါင်းပေါင်းပြုတ်ကျခဲ့တာ၊ နှင်တံလွတ်ကျတာမျိုးဆိုရင် အမှတ်လျော့တယ်ကွ၊ ကဲ ငါအချိန်မှတ်ထားမယ်၊ မင်းတို့ လှည်းစဆင်တော့ဟေ့”

ဦးဘသာက ကွမ်းယာနေတယ်ဗျ၊ ကျုပ်နဲ့ကိုမြင့်ကတော့ ဖြုတ်ထားတဲ့လှည်းပစ္စည်းတွေကိုကောက်ပြီး ဆင်ကြတာပဲဗျာ၊ ဝင်ရိုးတပ် ဘီးတပ်လောက်က ကိစ္စမရှိပေမယ့် လှည်းအိမ်တပ်ရတဲ့အလှည့်ကျတော့ တိုင်ပတ်ရောဗျာ၊ ဒီသစ်သားကလေးက ဒီနေရာကလား ဟိုသစ်ချောင်းကလေးက ဟိုနေရာကလား၊ ဒီသစ်ချောင်းက အတည့်တပ်ရတာလား ပြောင်းပြန်တပ်ရတာလား စသဖြင့် တိုင်တွေပတ်နေရောဗျို့။

“မင်းတို့ကွာ ငါတောင် ကွမ်းတစ်ယာညက်သွားပြီ၊ မင်းတို့က အခုထိ လှည်းအိမ်တပ်ရသေးဘူးလားဗျ”

ကျုပ်တို့က စပ်ဖြီးဖြီးနဲ့

“ဟိုလေ ဖြုတ်တုန်းကတော့ မြန်တယ်ဦးဘသာ၊ ပြန်တပ်တော့မှ ခက်နေတာဗျ၊ ဟိုလေ လှည်းဖြုတ်ပြိုင်ပွဲတွေဘာတွေမရှိဘူးလား၊ ရှိရင်ဝင်ပြိုင်မလို့”

“တိတ်စမ်း၊ မင်းတို့ကောင်တွေ လှည်းဖြုတ်တုန်းက ဘယ်ပစ္စည်းက ဘယ်နားကဟာလဲဆိုတာ သေသေချာချာကြည့်မထားကြဘူးလားကွ”

“ဟီး . . . ဦးဘသာက ဖြုတ်ဆိုတာနဲ့ ဒီအတိုင်းဆော်ထည့်လိုက်တာ၊ အခု ပြန်မတပ်တတ်တော့ဘူး”

“တိတ်စမ်း၊ မင်းတို့ကောင်တွေ လှည်းဖြုတ်တုန်းက ဘယ်ပစ္စည်းက ဘယ်နားကဟာလဲဆိုတာ သေသေချာချာကြည့်မထားကြဘူးလားကွ”

“ဟီး . . . ဦးဘသာက ဖြုတ်ဆိုတာနဲ့ ဒီအတိုင်းဆော်ထည့်လိုက်တာ၊ အခု ပြန်မတပ်တတ်တော့ဘူး”

“မတပ်လို့ရမလားကွ၊ ငါဘေးနားကနေ ပြောပေးမယ် မင်းတို့သေချာပြန်တပ်ကြ”

ဆယ်မိနစ်မကြာအောင်ဖြုတ်လိုက်တဲ့လှည်းကို ကျုပ်တို့တွေ တစ်နာရီလောက်ကြာအောင်ပြန်ဆင်လိုက်ရတယ်ဗျာ၊ ဦးဘသာက ခါးထောက်ကြည့်ပြီး ခေါင်းတရမ်းရမ်းနဲ့ဗျ။

“မင်းတို့တွေ အများကြီးလိုသေးတယ်ကွ၊ အခု မင်းတို့လုပ်ပုံက ဒိုင်လူကြီးထမင်းငတ်မယ့်ပုံပဲကွ”

“ဘာဖြစ်လို့လဲဗျာ”

“မင်းတို့လှည်းဆင်တာ ကြာလွန်းလို့ ပြီးမပြီးစောင့်ကြည့်နေတဲ့ဒိုင်က နေ့လယ်စာငတ်သွားနိုင်တယ်ကွ၊ ကဲ ပြန်ဖြုတ်ဟေ့၊ ဒီတစ်ခါ နည်းနည်းမြန်အောင်ပြန်တပ်ကြမယ်”

ကိုယ်ခက်ခက်ခဲခဲဆင်ထားတဲ့လှည်းကလေးကို ပြန်ဖြုတ်ရမယ်ဆိုတော့ နှမြောမိတာအမှန်ပဲဗျ၊ ပစ္စည်းတွေပြန်ဖြုတ်ပြီး ချထားရပြန်တယ်ဗျ၊ ဒီတစ်ခါတော့ လျှင်သွားပြီဗျာ၊ ဘယ်ပစ္စည်းက ဘယ်နေရာကဆိုတာကို သေချာမှတ်ပြီး မြေပေါ်ချထားတဲ့အခါမှာလည်း ဒီအတိုင်းပုံမထားဘဲ လှည်းအိမ်ဆို လှည်းအိမ်အစိတ်အပိုင်းတွေသပ်သပ် လှည်းတံအစိတ်အပိုင်းတွေသပ်သပ် တန်းစီချထားလိုက်တယ်၊ ဦးဘသာက ပြန်တပ်ဆိုတာနဲ့ ကျုပ်တို့တွေ ကောက်ကောက်ပြီးတပ်ကြတာ နာရီဝက်မကြာခင်မှာပဲ လှည်းဆင်လို့ပြီးသွားတယ်။ ဦးဘသာက ခပ်ပြုံးပြုံးနဲ့ဗှ။

“အေး မဆိုးဘူးကွ၊ ဒီအတိုင်းဆို တစ်ပတ်လောက်ဆက်လေ့ကျင့်လိုက်ရင် မင်းတို့ကောင်တွေ တော်တော်သွက်သွားမှာ၊ ကဲ လှည်းဆင်ပြီးပြီဆိုရင်တော့ မောင်းဖို့အလှည့်ရောက်ပြီကွ”

လှည်းမှာ နွားတွေတပ်ပြီး ဆင်မောင်းထည့်လိုက်တယ်ဗျာ၊ ကျုပ်တို့လည်းပျော်နေကြတာပေါ့၊ လှည်းက ခပ်လှမ်းလှမ်းရောက်ရုံရှိသေးတယ်၊ ညာဘက်က လှည်းဘီးကြီးက အကွင်းလိုက်ကြီး ကျွတ်ထွက်သွားပါရောဗျာ၊ လှည်းကြီးလည်း တစ်ဖက်စောင်းနင်းဖြစ်ပြီး လှည်းပေါ်ကကျုပ်တို့ ဘေးကိုလွင့်ထွက်ပြီး ပြုတ်ကျကုန်တယ်ဗျ၊ နွားနှစ်ကောင်က လှည်းစောင်းကြီးကိုလန့်ပြီး ကမူးရှူးထိုးနဲ့ ဆက်ဆွဲပြီးပြေးထွက်သွားတယ်ဗျာ။ ဦးဘသာက ကျုပ်တို့အနားရောက်လာတယ်၊ ကိုမြင့်ကတော့ မြေကြီးပေါ်မှာ ငုတ်တုတ်ကလေးထိုင်လို့ဗျ။

“လှည်းဘီးအကွင်းလိုက် ကျွတ်ထွက်သွားပုံထောက်တော့ မင်းတို့ကောင်တွေ လှည်းဘီးမှာ နားစောင့်မထည့်ဘူးလားကွ၊ အကွပ်မရှိတဲ့ကြမ်း ဗရမ်းဗတာဆိုသလို နားစောင့်မရှိတဲ့ဘီးကလည်း အခုလိုဖြစ်တတ်တယ်၊ သိင်္ဂါလောဝါဒ ဆုံးမစာမှာ လှည်းဘီးအပြင်က နားစောင့်ချ ဆိုတဲ့စာပါတယ်လေကွာ”

“ထင်တော့ထင်တယ်ဗျ”

“ဘာထင်တာလဲ ငမြင့်ရာ”

“လှည်းဘီးဆင်တုန်းက တုတ်ကလေးတစ်ချောင်းပိုနေပါတယ်မှတ်တာ၊ လတ်စသတ်တော့ ဒါလေးကိုးဗျ”

ကျုပ်နဲ့ဦးဘသာ ကိုမြင့်ကို အသားကုန်ဝိုင်းဆဲပြီး ဝိုင်းထုလိုက်ကြပါတော့တယ်ဗျာ။

(၄)

ပွဲရက်နီးလာတာနဲ့အမျှ ရွာသားတွေအလုပ်ရှုပ်ကြတာပေါ့ဗျာ၊ အရင်ဆုံး အဲဒီ ဘုရားပျက်ကုန်းနားက ကွင်းကို ရှင်းရတယ်ဗျ၊ ကျုပ်တို့တာဝန်က လှည်းပြိုင်ပွဲလုပ်ဖို့အတွက် တာတွေ၊ ပြိုင်ပွဲကွင်းတွေလုပ်ဖို့ပေါ့ဗျာ၊ လှည်းပြိုင်ပွဲမှာ ပြိုင်ကြမယ့်လမ်းကြီးကို တာလို့ခေါ်တယ်ဗျ၊ အဲဒီတာကြီးကို မြေညီပြီး မြေသားကျစ်အောင်လို့ ကျုပ်တို့တွေ မြေကြီးတွေကိုလှည်းနဲ့သယ်ပြီးခင်းကြရတယ်၊ အဲဒီမြေကြီးတွေကို ရေလောင်းလိုက် လှည်းနဲ့နင်းလိုက်နဲ့ မြေမာသွားအောင် နင်းယူရတာဗျ။ အပြောလွယ်ပေမယ့် အလုပ်ကျတော့ခက်သဗျို့၊ မြေကညီနေမှ ပြိုင်မယ့်လှည်းတွေ ညီတူညီမျှဖြစ်မယ်မဟုတ်လားဗျာ၊ တာလုပ်တာကိုတော့ ဦးဘသာက ဦးဆောင်ပြီးလုပ်တယ်။

မြေသားတွေဖို့ပြီး ဟိုဘက်မညီသေးဘူးဆိုရင် ဟိုဘက်ကိုမြေသားထပ်ထည့် လှည်းတွေနဲ့နင်း၊ ဒီဘက်က နည်းနည်းမြင့်နေသေးတယ်ဆိုရင် မြေသားတွေပြန်ညှိနဲ့တော်တော်လက်ဝင်တယ်ဗျ။ ကျုပ်ကတော့ သိပ်မလုပ်ရပါဘူးဗျာ၊ အကိုကြီးတို့နဲ့ ကာလသားတွေလုပ်ကြရတာဗျ၊ ကျုပ်ကတော့ ဦးဘသာအနားမှာ ပေကြိုးကြီးကိုင်ပြီးရပ်နေတယ်၊ ဦးဘသာကတော့ ကွမ်းကလေးမြုံ့လို့ပေါ့ဗျာ။

“နွားလှည်းပြိုင်မယ့် တာမှာ သတ်မှတ်ချက်ရှိတယ်ကွ၊ တာကို ပေငါးရာသတ်မှတ်ထားတယ်ကွ၊ ပေငါးရာမှာ ပေတစ်ရာအကွာရောက်တိုင်း တိုင်တစ်တိုင်စိုက်ရတယ်၊ ပြေးလမ်းတာလမ်းတွေ တစ်ခုနဲ့တစ်ခု မရောယှက်သွားရအောင်လို့ စည်းရိုးတိုင်တွေကာရတယ်၊ နွားလှည်းပြိုင်ပွဲလုပ်ဖို့ ဒိုင်ခြောက်ယောက်လိုတယ်ကွ၊ ပထမဆုံး တာလွှတ်တဲ့နေရာမှာ တာလွှတ်ဒိုင်ရှိတယ်၊ လွှတ်ဒိုင်လို့ခေါ်တယ် လွှတ်ဒိုင်ရဲ့တာဝန်က တာမလွှတ်ခင်နေရာယူတဲ့အခါ စည်းခိုးသလား ညီသလားဆိုတာကို စစ်ဆေးပြီး တာလွှတ်အလံချိုးပေးဖို့ပဲ၊ တာလွှတ်ပြီးရင် ပေနှစ်ရာနဲ့ သုံးရာကြားမှာ ဒိုင်တစ်ယောက် ပေသုံးရာနဲ့ ငါးရာကြားမှာ ဒိုင်တစ်ယောက်ရှိတယ်၊ ပြေးလမ်းက နှစ်ဖက်ဆိုတော့ ဒိုင်လေးယောက်ပေါ့ကွာ၊ အဲဒီဒိုင်တွေကိုတော့ မုန်ဒိုင်လို့ခေါ်တယ်၊ မုန်ဒိုင်ရဲ့တာဝန်ကတော့ ပြိုင်ပွဲပြေးလမ်းတစ်လျှောက်မှာ မှန်မှန်ကန်ကန်ရှိမရှိကိုကြည့်ပေးရတယ်၊ နွားလှည်း အလှမောင်းပြိုင်ပွဲမှာတော့ နွားတွေရဲ့ ခြေကိုစစ်ရတယ်၊ ခွာလေးဖက်လုံး မြေကိုကျသလား၊ သုံးချောင်းထောက်ပြီးပြေးသလား၊ ရှေ့ကျနောက်ခုန်ဖြစ်သလား၊ ရှေ့ခြေစုံကျပြီး နောက်ခြေက ခုန်သလား၊ ပြေးတဲ့အခါ ခြေမညီဘဲ ခြေထောက်တွေက ဘေးကိုကားထွက်လာသလားစတဲ့အချက်တွေကိုကြည့်ပြီး ခြေထောက်အကျမလှတာတို့ ဘာတို့ဆိုရင် အမှတ်တွေနှုတ်ပစ်ရတယ်ကွ၊ မုန်ဒိုင်တွေပြီးရင်တော့ နောက်ဆုံး ပန်းတိုင်နေရာမှာ အဝင်ဒိုင်လို့ခေါ်တဲ့ဒိုင်ရှိတယ်၊ ပန်းဝင်ဒိုင်လို့လည်းခေါ်ကြတယ်၊ ဒီဒိုင်ကတော့ ပန်းတိုင်ကို ဘယ်သူအရင်ရောက်တယ်ဆိုတာ ကြည့်ဖို့ပေါ့ကွာ”

“သူ့အလုပ်နဲ့ သူတွေချည်းပါလားဗျ”

“ဒါ့အပြင် ပန်းအဝင်ဖမ်းပေးဖို့ သမာဓိလူရုပ်ကြီးလည်း လိုတယ်ကွ၊ ဟော ပြောရင်း ငမြင့်တို့တောင် သမာဓိအရုပ်ကြီးထမ်းလာပြီ”

ကျုပ်လှမ်းကြည့်လိုက်တော့ ကိုမြင့်နဲ့ကာလသားတွေ လူရုပ်ကြီးတစ်ရုပ်ကိုထမ်းလာတယ်ဗျ၊ လူရုပ်ကြီးက ပုတ်တောင်းကြီးတွေအပေါ်မှာ စက္ကူပျော့ဖတ်တွေကပ်၊ ဆေးတွေခြယ်၊ ပိတ်စတွေပတ်ပြီးလုပ်ထားတဲ့ လူရုပ်ကြီးပေါ့ဗျာ၊ ကျုပ်တို့ သီတင်းကျွတ် တန်ဆောင်တိုင်ဆိုရင် လူရုပ်တွေချိုးပြီး အလှူခံထွက်တတ်တဲ့ စက္ကူရုပ်ကြီးလိုမျိုးပေါ့၊ ပုဆိုးနဲ့ တိုက်ပုံနဲ့ဗျ၊ ခေါင်းမှာလည်း ခေါင်းပေါင်းကြီးပေါင်းထားပြီး ခေါင်းပေါင်းစကြီးက တလူလူလွင့်နေသေးတယ်၊ ကြီးတာကတော့ အတော်ကြီးတာဗျာ၊ အဝေးကကြည့်တာတောင် အထင်းသားမြင်နေရတာဆိုတော့ ရှစ်ပေဆယ်ပေလောက်တော့ရှိမှာဗျ။

“ဒီအရုပ်ကြီးက ဘာလုပ်ဖို့လဲဦးဘသာ”

“ဘယ်သူပန်းအရင်ဝင်လဲဆိုတာကို ဖမ်းပေးဖို့လေကွာ၊ သူ့လက်နှစ်ဖက်က အရှင်ကွ၊ ဝါးလုံးကြီးတစ်လုံးကို ဟိုဘက်ဒီဘက်ထိုးပြီး မောင်းတံကြီးလုပ်ထားရတာ၊ ဝါးလုံးထိပ်နှစ်ဖက်မှာတော့ ကတ်ထူပြားကြီးကို လက်ညှိုးထိုးတဲ့ပုံစံလုပ်ပြီး ကပ်ထားပေးရတယ်၊ ပြိုင်လမ်းနှစ်ခုရဲ့အလယ် ပန်းဝင်တဲ့နေရာမှာ အဲဒီသမာဓိရုပ်ကြီးကို ချပေးထားရတယ်၊ သူ့လက်နှစ်ဖက်ကိုတော့ ပန်းဝင်တဲ့ကြိုးနဲ့ချိတ်ဆက်ပြီး လက်နှစ်ဖက်ကို ခပ်တန်းတန်းထားပေးရတာပေါ့ကွာ၊ ပထမဆုံး ပန်းဝင်တဲ့ နွားလှည်းက ဒီပန်းဝင်ကြိုးကိုတိုးမိလိုက်တာနဲ့ အရင်ပန်းဝင်တဲ့ဘက်မှာရှိတဲ့ လက်က အောက်ကိုလျှောကျပြီး နောက်မှပန်းဝင်တဲ့ဘက်က လက်ကတော့ မိုးပေါ်ကိုထောင်တက်သွားတယ်ကွ၊ ချိန်ခွင်လိုပဲဆိုပါတော့ကွာ၊ ဒါကြောင့် အဝေးကကြည့်နေတဲ့လူတွေဟာ သမာဓိရုပ်ကြီး လက်ညှိုးထိုးပြတဲ့ဘက်က အနိုင်ဆိုတာကို တန်းသိနိုင်တာပေါ့ကွ၊ နွားလှည်းပြိုင်ပွဲမှာ သမာဓိရုပ်ဆိုတာ မပါမဖြစ်ပဲဟေ့”

ကိုမြင့်တို့က သမာဓိရုပ်ကြီးကို သူ့နေရာမှာသူချတယ်ဗျာ၊ ပြီးတော့ ကန်တော့ပွဲတွေဘာတွေ အရှေ့မှာချပြီး ပွဲပေးတယ်၊ သမာဓိရုပ်ကြီး မှန်မှန်ကန်ကန်ဆုံးဖြတ်ဖို့ ဘာဖို့ညာဖို့ဆိုပြီး တိုင်တည်ရသေးတယ်ဗျ။ ဒီအချိန် အကိုကြီးက ဒေါသတကြီးနဲ့ထွက်လာပြီး ကျုပ်တို့ထိုင်တဲ့သစ်ပင်ရိပ်အောက်ကို ဝင်ချလာတယ်။

“မတရားဘူးကွ၊ ဒါလုံး၀ မတရားဘူး”

“ဘာတွေဖြစ်လာတာလဲ အကိုကြီးရာ”

“ဘာဖြစ်ရမလဲကွ၊ သူကြီးဦးကျော်ဝင်းပေါ့ကွာ၊ ငါတို့ရွာကိုတော့ ပိုက်ဆံတစ်ပြားမှမရတဲ့ တာလမ်းပြေးလမ်းကြီးလုပ်ခိုင်းတယ်၊ သူတို့ကျတော့ ဟိုဘက်မှာ လူတွေနေဖို့ နွားတွေတည်းဖို့ဆိုပြီး တဲတန်းကြီးတွေထိုးနေပြီကွ”

“အဲဒါ ဘာဖြစ်သလဲဗျာ”

“ဟ . . . ဘာဖြစ်ရမလဲကွ၊ သူက အဲဒီတဲတွေ တင်းကုပ်တွေမှာ အလကားနေခိုင်းမှာမှမဟုတ်ဘဲ၊ ဒီတဲတွေထဲမှာ အခန်းလေးတွေကန့်လို့ တစ်ညကိုဘယ်လောက်ဆိုပြီး ငှားစားမှာတဲ့ကွ”

“ဗျာ . . . ဒါဆို ဒီငှားခတွေ ဘယ်ရောက်သွားမလဲဗျာ”

“ဘယ်ရောက်ရမလဲကွ သူတို့ရွာက တာဝန်ယူလုပ်ပေးရတာဆိုပြီး သူ့အိတ်ထဲ အကုန်ထည့်မှာပေါ့”

“ဟာဗျာ . . . ဒါတော့ တရားလွန်တာပေါ့”

“ဒါတင်ဘယ်ကသေးမလဲကွ၊ အခု ဈေးဆိုင်တန်းတွေဆောက်နေပြီ၊ အဲဒါတွေလည်း တစ်ခန်းဘယ်လောက်ဆိုပြီး ရောင်းစားမှာဆိုပဲ၊ နောက် ဒီကိုလာကြတဲ့ နွားတွေစားဖို့အတွက် နွားစာတွေကိုလည်းထုတ်ရောင်းအုံးမယ်တဲ့၊ ဒီပွဲလာကြတဲ့လူတွေ နွားတွေ သုံးဖို့အတွက် ရေပါ အထမ်းနဲ့ရောင်းဖို့ အစီအစဉ်ရှိတယ်တဲ့ကွာ”

အကိုကြီးက တော်တော်မကျေမနပ်နိုင်ဖြစ်နေတယ်ဗျ။

“ငါတို့ရွာကလူတွေကျတော့ ဘာပိုက်ဆံမှမဝင်တဲ့ တာလမ်းကြီးအတွက် မြေဖို့ရ မြေညှိရနဲ့ကွ၊ ပင်ပန်းလိုက်တာတော့ ပြောမနေပါနဲ့ကွာ”

ဦးဘသာက ချောင်းဟန့်လိုက်ပြီး

“ဦးကျော်ဝင်းက စီးပွားရေးသမားကွ၊ သူက စီးပွားဖြစ်တာမှန်သမျှ အကုန်လုပ်မှာပဲ၊ ဖြစ်ပြီးမှတော့ ဘယ်တတ်နိုင်မလဲကွာ၊ တာလမ်းပြေးလမ်းမကောင်းရင် ငါတို့ရွာအပြစ်ပြောခံနေရပါအုံးမယ်ကွ၊ လုပ်လက်စနဲ့ စေတနာကလေးထည့်ပြီးလုပ်ဟေ့”

ကျုပ်တို့က ဒီဘက်မှာ နွားလှည်းပြိုင်ပွဲတွေ နွားအလှပြိုင်ပွဲတွေအတွက် ကွင်းကြီးလုပ်နေသလို ဟိုဘက်မှာလည်း တန်းမြင့်ရွာကလူတွေက ပွဲဈေးတန်းဆိုင်ခန်းတွေဆောက်နေတယ်၊ လူတွေတည်းဖို့ နွားတွေထားဖို့ တဲတန်းကြီးတွေ နွားတင်းကုပ်ကြီးတွေ အပြိုင်အဆိုင်ဆောက်နေကြတာပေါ့ဗျာ။ ဒီလိုဆောက်နေရင်း တန်းမြင့်ရွာဘက်ကလူတွေ ရုတ်ရုတ်သဲသဲဖြစ်ကုန်တယ်ဗျ၊ အစကတော့ ရန်ဖြစ်တာလား သူတို့အချင်းချင်းစတာလားလို့ထင်နေမိတာ၊ နောက်တော့မှ ဈေးဆိုင်ဆောက်နေတဲ့လူတွေပါ အဲဒီနေရာကိုပြေးသွားပြီး လူတွေအကုန်စုကုန်တယ်ဗျာ၊ ဒီအတိုင်းဆိုရင် တစ်ခုခုဖြစ်နေပြီဆိုတာ သေချာပြီဗျ၊ ကျန်တဲ့လူတွေအလုပ်လုပ်နေတုန်း ကျုပ်က စပ်စပ်စုစုနဲ့အဲဒီကိုသွားကြည့်လိုက်တယ်။

လူတွေဝိုင်းကြည့်နေတဲ့အလယ်မှာ မိန်းကလေးတစ်ယောက် ခြေတွေလက်တွေကွေးကောက်ပြီး မြေကြီးပေါ်မှာ ခုန်နေတာဗျ၊ ဒီမိန်းကလေးကြည့်ရတာ အကတွေဘာတွေသေချာသင်ခဲ့ပုံရတယ်၊ သူခုန်ခုန်ပြီးကတာ ကြည့်လို့ကောင်းချက်ဗျာ မသိရင် အငြိမ့်မင်းသမီးကနေသလိုပဲ၊ ဘေးနားက လူတွေကလည်း အံ့သြပြီးဝိုင်းကြည့်နေကြတယ်၊ ကျုပ်က ဘေးနားကလူကိုလက်တို့လိုက်ရင်း

“ဒီမိန်းကလေး ကတာ တော်တော်ကြည့်ကောင်းတာပဲဗျာ၊ အငြိမ့်မင်းသမီးလုပ်စားဖို့ကောင်းတယ်”

“ဟာ . . . အဲဒါ ကနေတာမဟုတ်ဘူးကွ တက်နေတာ တက်နေတာ”

“ဗျာ . . . တက်နေတာကလည်း ကနေတဲ့အတိုင်းပါပဲလားဗျာ”

ကျုပ်ပြောသလို မသိရင် ကနေသလိုပါပဲဗျာ၊ သေချာကြည့်တော့မှ မျက်ဖြူကြီးလန်ပြီး ခြေတွေလက်တွေချိုးလို့ တစ်ကိုယ်လုံးတုန်ယင်တက်နေတာဗျ၊ ပါးစပ်ကနေလည်း မကျေနပ်ဘူး မကျေနပ်ဘူးနဲ့ တဟင်းဟင်း ညည်းညူနေသေးတယ်၊ လူတွေကြည့်နေကြတဲ့အချိန် ယောက်ျားတစ်ယောက် ပြေးလာတယ်ဗျ၊ အဲဒီယောက်ျားက တက်နေတဲ့မိန်းမကိုကြည့်ပြီး

“ဟာ . . . မိန်းမ မင်းဘာဖြစ်နေတာလဲ”

သူက အရှေ့တိုးသွားပြီး မြေပေါ်မှာခုန်ပေါက်နေတဲ့မိန်းမကို ပြေးဆွဲတယ်ဗျ၊ အဲဒီမိန်းမက သူ့ယောက်ျားအနားကပ်လာတာနဲ့ သူ့ယောက်ျားကို မျက်ထောင့်နီကြီးနဲ့ကြည့်ပြီး တစ်ခါတည်း ယောက်ျားအပေါ် ခုန်တက်လိုက်ပါရောဗျာ၊ ဟိုလူလည်း ရုတ်တရက်ဆိုတော့ သူ့မိန်းမခုန်တက်လိုက်တဲ့အခါ အားလွန်ပြီးအနောက်ကို လဲကျသွားတယ်ဗျ၊ သူ့မိန်းမက သူ့ရဲ့ဒူးခေါင်းနဲ့ ဒီလူ့ရဲ့လည်ပင်းကို တက်ဖိထားတယ်ဗျာ၊ ဒေါ်သထွက်နေတဲ့မျက်လုံးနဲ့ ဒီလူကြီးကိုကြည့်ပြီး

“သတ်မယ် . . . နင့်ကိုငါသတ်မယ်ဟေ့”

လည်ပင်းကို ဒူးနဲ့ဖိထားတာဆိုတာ့ နာတာပေါ့ဗျာ၊ သူ့ယောက်ျားလည်း အောက်ကနေပြီး တအင့်အင့်နဲ့ဖြစ်နေပြီဗျ၊ ဘေးကလူတွေက ဝိုင်းအော်ပြောကြတယ်။

“ဟဲ့ ခင်ထား . . . အဲဒါ ညည်းယောက်ျားလေဟယ်၊ ညည်းယောက်ျားကို ညည်းကဘာဖြစ်လို့သတ်ချင်တာလဲဟဲ့”

ဘေးနားကလူတွေက ဝင်မဆွဲတဲ့အပြင် တစ်ယောက်တစ်ခွန်းပြောနေကြတယ်၊ ကျုပ်က ဝင်ပါမယ်လုပ်တော့ ကျုပ်ဘေးနားရပ်နေတဲ့လူူကြီးက ကျုပ်ကိုလက်နဲ့တားလိုက်တယ်ဗျ။

“နေအုံး ရှေ့မတိုးနဲ့၊ ကြားသုံးကြား ဝင်မပါရဘူးဆိုတဲ့စကားရှိတယ်မဟုတ်လား၊ သူတို့လင်မယားအချင်းချင်းဖြစ်တဲ့ကိစ္စကို မင်းက မဆီမဆိုင်ဝင်မပါချင်စမ်းပါနဲ့ကွာ”

ကျုပ်ကတော့ လင်မယားချင်းရန်ဖြစ်တယ်မထင်ဘူးဗျာ၊ ခုနကလို တက်နေပုံထောက်တော့ ဒါ အပမှီတာပဲဗျ၊ အပမှီပြီး သူ့ယောက်ျားကို သူသတ်နေတာ”

ကျုပ်ပြောရင်း ဒီလူ့လက်ကိုတွန်းပြီး ပြေးဝင်သွားလိုက်တယ်ဗျ၊ အပမှီနေတဲ့အဲဒီမိန်းမဆီကို အရှိန်နဲ့ပြေးပြီး သူ့ကိုယ်လုံးကို လက်နှစ်ဖက်နဲ့အားကုန်ပစ်တွန်းထည့်လိုက်တယ်၊ ဒါပေမယ့်ဗျာ ဒီမိန်းမကိုတွန်းရတာက လူကိုတွန်းရတာနဲ့မတူဘဲ သစ်ပင်ကြီးတစ်ပင်ကို တွန်းထည့်လိုက်ရသလိုဖြစ်နေတယ်၊ အတွန်းခံရတဲ့လူက မရွေ့ဘဲနဲ့ တွန်းတဲ့ကျုပ်ကပဲ အနောက်ကိုလွင့်ထွက်သွားတယ်ဗျ၊ ကျုပ်လူးလဲထပြီး အပမှီနေတဲ့မိန်းမကို လက်ညှိုးထိုးလိုက်တယ်။

“လုပ်ကြပါအုံးဗျာ၊ ခင်ဗျားတို့ ဒီအတိုင်းရပ်ကြည့်နေရင် ဒီလူသေတော့မှာဗျ”

ကျုပ်ပြောလိုက်တော့မှ ယောက်ျားသားတွေပြေးလာဆွဲကြတယ်၊ ဒီမိန်းမခန္ဓာကိုယ်က သိပ်ကြီးကြီးမဟုတ်ဘူးဗျ၊ ဒါပေမယ့် ယောက်ျားသားကြီးငါးယောက်လောက် ဝိုင်းဆွဲတာတောင်မှ တစ်ချက်မကြွဘူးဗျို့၊ သူ့ယောက်ျားကတော့ အောက်မှာဆန့်ငင် ဆန့်ငင်ဖြစ်နေပြီ၊ သူ့လက်ကိုခါထုတ်လိုက်တာ ဝိုင်းဆွဲတဲ့ယောက်ျားသားကြီးနှစ်ယောက် လွင့်ကိုထွက်သွားတာဗျ၊ ကျုပ်သေချာကြည့်လိုက်တော့မှ သူ့မျက်လုံးသူငယ်အိမ်က အစိမ်းရောင်တောက်တောက်ကြီးဖြစ်နေတာဗျို့။ ဆွဲကြပြုကြ လဲပြိုကုန်ကြနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်နေတုန်း ဦးဘသာကြီးရောက်ချလာတယ်ဗျ၊ ဒီမိန်းမကိုလက်ညှိုးတစ်ချက်ထိုးလိုက်တာ ဟိုက တွန့်ခနဲဖြစ်သွားတယ်။

“မင်းရပ်လိုက်စမ်း . . . မင်းလုပ်ရပ်ကို အခုချက်ချင်း ရပ်တန်းကရပ်လိုက်စမ်း”

ဦးဘသာက အသံကျယ်ကျယ်နဲ့အော်လိုက်မှ ဒီမိန်းမက သူ့ယောက်ျားကိုယ်ပေါ်ကနေဆင်းလိုက်တယ်ဗျ၊ ဘေးနားက မြေကြီးပေါ်မှာ ဒူးတစ်ဖက်ထောင်ပြီးထိုင်ချလိုက်တာ၊ သူထိုင်တဲ့ပုံစံက မိန်းကလေးတွေ သာမန်ယောက်ျားကလေးတွေထိုင်တဲ့ပုံမျိုးမဟုတ်ဘူးဗျို့၊ ဘုရားမှာရှိတဲ့ ဘီလူးရုပ်တွေထိုင်သလိုမျိုး ဒူးတစ်ဖက်ထောင်ပြီး မာန်ဝင့်လို့ထိုင်နေတာဗျ။

“မင်းငါဘယ်သူလဲဆိုတာ သိတယ်မဟုတ်လား”

“သိပါ့”

ဖြေတာကလည်းအသံပြတ်ကြီးနဲ့ဗျာ။

“အေး သိရင်ပြီးရော၊ ငါရှည်ရှည်ဝေးဝေးတွေမပြောချင်ဘူး၊ သူ့ကိုအခုလွှတ်လိုက်”

“မလွှတ်ဘူး၊ ဒင်းကိုငါ အသေကိုသတ်ပစ်မှာ”

“သူက ဘာလုပ်လို့တုန်းဟ”

“ဒီကောင်က ငါ့နေရာမှာအညစ်အကြေးလာစွန့်တယ်၊ အခု ငါ့ကိုယ်လုံးရော ငါ့ဗိမာန်မှာပါ အညစ်အကြေးတွေနဲ့ နံစော်နေပြီဟဲ့၊ ဒင်းကို မသတ်ရသရွေ့ ငါမကျေနပ်ဘူး”

“မသိလို့လုပ်မိတာပဲဟာ၊ နည်းနည်းပါးပါးသည်းခံလိုက်ပေါ့”

“မသိလို့လုပ်တာမဟုတ်ဘူး သိသိကြီးနဲ့ကို လုပ်သွားတာ၊ ဒီလိုလုပ်မှာစိုးလို့ ငါအရင်ဆုံး တောက်ခေါက်ပြတယ်၊ ဒါကိုဒင်းက မထီမဲ့မြင်လုပ်တယ်၊ နောက်တော့ သစ်ကိုင်းချိုးချပြတယ်၊ အနံ့အသက်ပြပြီးတားတယ်၊ဒါကိုတောင် ဒင်းက နောက်မဆုတ်ဘဲ ရှေ့ဆက်တိုးတာလေ၊ ဒီတော့ ကျုပ်မှားသလား၊ ကျုပ်လွန်သလား”

“ကဲပါလေ၊ မင်းတို့နဲ့ ပြဿနာမတက်ချင်ဘူး၊ ငါ့ကိုလည်း မင်းတို့မယှဉ်နိုင်ဘူးဆိုတာ သိတယ်မဟုတ်လား၊ ဒါကြောင့် ဖြစ်ခဲ့သမျှကို သည်းခံပေးပါလို့ ငါမေတ္တာရပ်ခံပါတယ်၊ နောက်နောင် သိသိကြီးနဲ့ဆက်လုပ်လို့ကတော့ မင်းတို့ကြိုက်သလိုသာလုပ်တော့ ဟုတ်ပြီလား”

“အေး ငါလည်း လူတွေနဲ့ပြဿနာမဖြစ်ချင်ဘူး၊ ပြဿနာမဖြစ်ချင်လို့ ကိုယ့်ဟာကိုယ် လူသူဝေးရာမှာ ကင်းကင်းနေတာ၊ အဲဒါကိုတောင် ဒီလူသားတွေက လာပြီးနှောင့််ယှက်သေးတယ်၊ ဒီတစ်ခါတော့ရှိစေတော့၊ နောက်ဒါမျိုးထပ်ဖြစ်လို့ကတော့ ဘယ်သူ့ဖြစ်ဖြစ် ငါသတ်မှာပဲ”

ပြောပြီးတာနဲ့ မြေကြီးကိုလက်သီးနဲ့ ဒုတ်ခနဲထိုးချတာဗျ၊ မြေပြောင်ပြောင်မာမာကြီးမှာ လက်သီးနေရာက တစ်မိုက်လောက်ကိုချိုင့်ဝင်သွားတယ်ဗျာ၊ ပြီးတာနဲ့တုံးလုံးကြီး လဲကျသွားပါလေရော၊ ဦးဘသာက ယောက်ျားကိုရော မိန်းမဖြစ်သူကိုပါ မျက်နှာကိုရေနည်းနည်းယူပြီး ဖြန်းပေးလိုက်တော့မှ နှစ်ယောက်စလုံးသတိရလာကြတယ်၊ မိန်းမဖြစ်သူဆိုရင် ဘာမှကို မမှတ်မိတော့ဘူးတဲ့ဗျာ။

“မင်း ဘာတွေလျှောက်လုပ်ခဲ့တာလဲကွ ကျော်ကြီးရ”

“ဒီ . . . ဒီလိုပါဗျာ၊ ဟောဟိုတောစပ်က ကုန်းတန်းကလေးနားမှာ အိမ်သာဆောက်ဖို့ကျုပ်တို့လုပ်ကြပါတယ်၊ လုပ်ပြုနေရင်းနဲ့ ကျုပ်က အပေါ့သွားချင်လို့ အိမ်သာလုပ်မယ့်နေရာမှာ အပေါ့သွားဖို့စိတ်ကူးမိပါတယ်၊ ဒီအချိန် ဘယ်ကမှန်းမသိတဲ့ တောက်ခေါက်သံကြားရတယ်၊ အနားက သစ်ပင်ကြီးတစ်ပင်က သစ်ကိုင်းကြီးတစ်ခုကလည်း ပြုတ်ကျလာပါတယ်၊ ပြီးတော့ လူသေပုပ်နံ့လို အပုပ်နံ့တွေလည်းရပါသေးတယ်”

“မင်းတို့ကွာ ဒီလောက်မူမမှန်တာကို သတိမထားမိဘူးလားကွ”

“သတိထားမိပါတယ်ဗျာ၊ ဒါပေမယ့် ကျုပ်က နဂိုကတည်းက သရဲမကြောက်တတ်တဲ့လူဆိုတော့ ဒီသရဲကို ပညာပြန်ပေးမယ်ဆိုပြီး ခုနက သစ်ပင်ကြီးကို သေးနဲ့ကော့ပန်းမိပါတယ်ဗျာ”

“အဲဒါပဲကွ၊ မင်းတို့တွေ မဆင်မခြင်မလုပ်ကြနဲ့၊ မင်းက ကံမြင့်နေတဲ့အချိန် မင်းကိုသူက တိုက်ရိုက်လုပ်ပြုမရတဲ့အခါကျတော့ ကံနိမ့်နေတဲ့ မင်းမိန်းမကိုဝင်ပူးပြီး မင်းကိုသတ်ဖို့လုပ်ခဲ့တာပဲကွ၊ ငါသာအရောက်နောက်ကျရင် အခုလောက်ဆို မင်းသေပြီ၊ မင်းသေသွားတဲ့အခါ မင်းမိန်းမလည်း လူသတ်မှုနဲ့အဖမ်းခံရမယ်၊ မင်းရဲ့ကလေးတွေလည်း အဖေကသေ အမေကထောင်ကျလို့ သောင်ပြင်လွတ်တဲ့ခွေးတွေလိုဖြစ်ပြီး မင်းတို့တစ်မိသားစုလုံး ဒုက္ခရောက်ကုန်မယ်မဟုတ်လားကွ၊ ကိုယ်မခံရဘူးဆိုတိုင်း အတင့်မရဲကြနဲ့ဟေ့၊ ကိုယ့်မိသားစုကိုလည်း နည်းနည်းပါးပါးထည့်တွေးအုံးကွ”

“ကျုပ် . . . ကျုပ်သဘောပေါက်သွားပါပြီဗျာ”

တန်းမြင့်ရွာကလူတွေလည်း ဦးဘသာကြီးကို ကျေးဇူးတင်သွားကြတယ်၊ တန်းမြင့်ရွာကလူတော်တော်များများက ဦးဘသာကြီးနဲ့ အဆက်အစပ်မရှိဘူးဆိုတော့ ဦးဘသာကြီးကို ထူးဆန်းနေကြတာအမှန်ပဲဗျ။ ဦးဘသာက

“ဒီနေရာက နယ်ကြမ်းတယ်ကွ၊ ဟိုးအရင်ကတည်းက စေတီပျက်ကြီးရှိသလို သိုက်နန်းရှင်တွေလည်းရှိတယ်၊ တို့ရွာမှာလုပ်တဲ့ ကပွဲကိုတောင်မှ ဒီက သိုက်နန်းရှင်တွေ တစ်ခါလာဖျက်ဖူးသေးတယ်မဟုတ်လား၊ ငါဖြင့် ဘာဖြစ်လို့ ဒီမြေကြမ်းတဲ့နေရာကြီး ရွေးလုပ်သလဲဆိုတာ စဉ်းစားလို့ကိုမရတော့ပါဘူးကွာ၊ ဘာပဲဖြစ်ဖြစ် သူကြီးကို အကျိုးအကြောင်းပြောပြပြီး ကန်တော့ပွဲတွေဘာတွေပေးလို့ တောင်းပန်တာမျိုးလုပ်သင့်တယ်ကွ၊ အညစ်အကြေးစွန့်တဲ့နေရာကိုလည်း ဒီတောတန်းနားမှာထက် ဟိုးကွင်းပြင်လိုအရပ်တွေမှာ သွားလုပ်ရင်ပိုကောင်းမယ်၊ မကြာခင်လာကြမယ့် ဧည့်သည်တွေကိုလည်း ဒီဘုရားပျက်ကုန်းနားမှာ အပေါ့အလေးမစွန့်ဖို့ မဖွယ်မရာမလုပ်ဖို့ ကြိုပြီးသတိပေးဆိုင်းဘုတ်တွေ ထောင်ထားကြကွ”

ဦးဘသာအကြံကို တန်းမြင့်ရွာသားတွေ လက်ခံလိုက်ကြတယ်ဗျာ၊ အဲဒီနေ့ပဲ ဦးကျော်ဝင်းက ကန်တော့ပွဲတွေဘာတွေပေးပြီး တောင်းပန်လိုက်တယ်ကြားတယ်။

(၅)

နွားပွဲကတော့ စပြီဗျာ၊ သုံးရက်ပဲလုပ်မယ်ဆိုပေမယ့် အနယ်နယ်အရပ်ရပ်က ဈေးသည်တွေနဲ့ နွားပွဲလာကြတဲ့လူတွေက ပွဲမစခင် သုံးရက်လောက်အလိုကတည်းက ရောက်လာကုန်ကြပြီဗျ၊ ဦးဘသာပြောတာလည်းမှန်တယ်ဗျာ၊ ဒီစေတီပျက်ကုန်းနားက ကွင်းကြီးတစ်ခုလုံးမှာ လူတွေကို အုံးအုံးထနေတာပါပဲ၊ အဖေတို့ ဦးဘသာတို့က မအားတော့ဘူးဗျ၊ နွားပွဲအတွက် အမှတ်ပေးဒိုင်တွေဖွဲ့တယ်၊ ဘယ်လိုအမှတ်ပေးမယ်ဆိုတာ ဆွေးနွေးကြတယ်၊ ပွဲမစခင် တစ်ရက်အလိုကျတော့ ဝင်ပြိုင်မယ့်နွားတွေကို စာရင်းပေးကြရတယ်၊ နွားလှည်းပြိုင်ပွဲမှာ ဝင်ပြိုင်မယ့်နွားတွေကိုတော့ အတန်းတွေခွဲပေးရတယ်၊ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း၊ စတုတ္ထတန်း၊ ပဉ္စမတန်း၊ ဆွဲစပ်တန်းဆိုပြီး ခွဲရတယ်ဗျ၊ များသောအားဖြင့််ကတော့ နွားရဲ့ဒေါက်လို့ခေါ်တဲ့ အရပ်အမောင်းအပေါ်မူတည်ပြီးခွဲကြတာ ပထမတန်းက နွားအရပ် နှစ်တောင့်ထွာလက်ဆယ်သစ်၊ ဒုတိယတန်းကတော့ နှစ်ထောင့်ထွာ လက်ရှစ်သစ်၊ စသဖြင့် အတန်းကြီးသွားလေလေ အရပ်ပုသွားလေလေပဲဗျ၊ ပထမတန်းနွားဟာ ပထမတန်းနွားအချင်းချင်းပြိုင်မှ တရားမျှတတယ်လို့ဆုံးဖြတ်တယ်ဗျာ။ အတန်းအစားခွဲပြီးသွားရင် နွားမောင်းသမားတွေက ဒီနွားဟာ ပထမတန်းတကယ်ဟုတ်မဟုတ် ဒုတိယတန်းတကယ်ဟုတ်မဟုတ် စိတ်ကြိုက်စစ်ဆေးကြသေးတယ်ဗျာ၊ ဒုတိယတန်းပြိုင်ပွဲကို ပထမတန်းနွားနဲ့ပြိုင်ရင် ဒုတိယတန်းနွားက နစ်နာတာကိုး၊ အဲဒါတွေအကုန်ပြီးသွားပြီဆိုရင်တော့ ဘယ်သူနဲ့ ဘယ်သူပြိုင်မယ်ဆိုတာကို မဲနှိုက်ရွေးကြရတယ်၊ ပြေးလမ်းတာလမ်းက နှစ်လမ်းပဲရှိတာဆိုတော့ တစ်ခါပြိုင်လှည်းနှစ်စီးနှုန်းနဲ့ ပြိုင်ရမှာကိုးဗျာ၊ သူ့အတန်းအစားနဲ့ကိုက်ညီတဲ့နွားတွေအချင်းချင်းသာပြိုင်ရတာဗျ။

လှည်းပြိုင်ပွဲမှာ အစမ်းမောင်းလေ့ကျင့်ချင်တဲ့လူတွေက တာတက်ကြေးပေးပြီးတော့ နွားလှည်းတာလမ်းမှာ အစမ်းပြိုင်လို့ရတယ်ဗျာ၊ ဒီလမ်းကောင်းသလားမကောင်းသလား၊ လမ်းရဲ့အထာ လမ်းရဲ့အကြောနပ်အောင် နှစ်ချီသုံးချီလောက်တော့ တာတက်ကြေးပေးပြီး တက်မောင်းကြတယ်၊ အဲဒီတာတက်ကြေးတွေကလည်း ဆုကြေးထဲရောက်မှာဆိုတော့ ဆုရတဲ့လူက တကယ်ကို ထိုက်ထိုက်တန်တန်ရကြမှာဗျ။ အဲဒီမှာကတည်းက အပြိုင်အဆိုင်တွေပြင်းထန်ကုန်ကြပြီဗျာ၊ တာတက်ကြေးပေးပြီး လှည်းစမ်းမောင်းရင်း ဟိုလူ့လှည်းနဲ့ ဒီလူ့လှည်းနဲ့ စမ်းပြိုင်ကြတာပေါ့၊ ကျုပ်တို့ဗမာတွေဆိုတာကလည်း လောင်းကစားကို သိပ်ဝါသနာပါတယ်မဟုတ်လား၊ လောင်းစရာမရှိရင် လမ်းပေါ်က ခွေးချင်းကိုက်နေတယ်ဆိုရင်တောင် ဘယ်ကောင်နိုင်မယ်ဆိုတာကို လောင်းတတ်ကြတယ်လေ၊ အခု အစမ်းမောင်းပွဲမှာလည်း ဟိုလူနိုင်မယ် ဒီလူနိုင်မယ်ဆိုပြီး တရားမဝင်လောင်းကြေးတွေဖွင့်နေကြပြီဗျ၊ တချို့ကတော့ ကိုယ့််နွားနာမှာစိုးတာရယ်၊ ကိုယ့်နွားဘယ်လောက်ကောင်းတယ်ဆိုတာကို လူသိအောင်ထုတ်မပြချင်တာနဲ့ စမ်းမမောင်းကြည့်ကြပါဘူး၊ ဘယ်သူနဲ့ဘယ်သူက ပြိုင်ရမယ်ဆိုတာ သိနေပြီဆိုတော့ ကိုယ့်ပြိုင်ဘက် စမ်းမောင်းတဲ့အခါ သူ့နွားအခြေအနေ နွားမောင်းတဲ့လူရဲ့ ကျွမ်းကျင်မှု စတာတွေကို အကဲခတ်နေကြတယ်။

နွားအလှပြိုင်ပွဲအတွက် နွားကြီးတွေရောက်လာတော့ လှလိုက်တာပြောမနေပါနဲ့ဗျာ၊ နည်းတဲ့အကောင်ကြီးတွေမဟုတ်ဘူးဗျ၊ ချိုတွေ ဘို့တွေဆိုရင်လည်းအတော်ကောင်းတာ၊ ဝဖီးပြီးတော့ ကြွက်သားတွေထပြီး တော်တော်သန်မာကြတယ်၊ ဒီအတိုင်းကြည့်ရုံနဲ့တင် နွားကြီးတွေက ဟန်မာန်အပြည့်ဘဲဗျ၊ ဘယ်လိုပြောရမလဲဗျာ၊ လူတွေဆိုရင် ရုပ်ရှင်သရုပ်ဆောင်မင်းသားနဲ့ သာမန်အရပ်သားနဲ့ ရုပ်ရည်ဟန်ပန်ချင်းကွာသလို အခုလည်း အလှပြပွဲဝင်မယ့်် နွားကြီးတွေက တော်တော်လှတယ်ဗျာ၊ အဖေပြောတာလည်း ဟုတ်တယ်ဗျ၊ ဒီလိုနွားတွေနဲ့ ကျုပ်တို့အိမ်မှာ အကြမ်းခိုင်းတဲ့နွားတွေကို ဘယ်လိုသွားယှဉ်လို့ရမလဲဗျ။

မနက်ဆိုရင်တော့ နွားဝိုင်း ညဆိုရင်တော့ လောင်းကစားဝိုင်းပေ့ါဗျာ၊ ဇာတ်ပွဲတွေဘာတွေတော့ မဝင်ဘူးဗျ၊ ဒါပေမယ့် မျက်လှည့်ပွဲ၊ ရုပ်သေးပွဲလောက်တော့ဝင်တယ်၊ ဝါသနာပါတဲ့လူတွေက ညညဆို အဲဒီပွဲတွေသွားသွားကြည့်တာပေါ့ဗျာ၊ ဦးကျော်ဝင်းငှားစားတဲ့ တဲတန်းကြီးတွေမှာလည်း လူတွေအပြည့်ပဲဗျို့၊ ဒါတင်မကဘဲ ရွာတွေကနေ စုပြီးလာကြတဲ့ လှည်းတွေကလည်း ကွင်းအပြင်ခပ်ဝေးဝေးမှာ သူ့လှည်းဝိုင်းနဲ့သူ အဝန်းအဝိုင်းဖွဲ့လို့ နေကြတာ မနည်းဘူးဗျာ၊ ကျုပ်တို့ရွာဘုရားပွဲစည်တယ်ဆိုတာ ဒီနွားပွဲနဲ့ယှဉ်ရင် ဘာဟုတ်သေးလို့လဲ၊ နွားတွေကို အကောင်ရေထောင်ချီပြီး ရောက်လာကြတာ ဖွေးဖွေးကိုလှုပ်နေတာပါပဲဗျာ၊ ထောင်ချီဆိုလို့ တစ်ထောင်လောက်မထင်နဲ့ဗျ၊ လေးငါးထောင်လောက်ကိုလာကြတာ၊ ပြောင်းခင်းတွေကို အခင်းလိုက်ပုတ်ပြတ်ယူပြီး နွားစာရောင်းတဲ့ ဦးကျော်ဝင်းတို့ကတော့ ငွေတွေကိုရေတောင်ရေတွက်နိုင်မယ် မထင်ပါဘူး။

နွားပွဲကတော့ စပြီဗျာ၊ ပထမနေ့မှာ နွားအလှပြိုင်ပွဲစတယ်၊ နေ့တစ်ပိုင်းလောက်ရောက်တော့ အမှတ်တွေထွက်လာတယ်ဗျ၊ ဦးဘသာက ပြုံးဖြီးဖြီးနဲ့ သူ့နွားဆွဲပြီးပြန်လာတယ်။

“ဦးဘသာ ဆုမရဘူးလား”

“ဟီး . . . ရမလားကွ၊ တကယ်တော့ ပြိုင်ပွဲဆိုတာ ဆုက အဓိကမဟုတ်ပါဘူးကွာ၊ ယှဉ်ပြိုင်ချင်းသည်သာ အဓိကပါ”

“အောင်မယ်လေးဗျာ၊ အဲဒါ ပြိုင်ပွဲမှာဆုမရတဲ့ အရှုံးသမားတွေပြောတဲ့ စကားဗျ”

“အောင်မယ် ငါ့များအရှုံးသမားလေးဘာလေးနဲ့၊ လူပြိုင်တာမဟုတ်ဘူးအလတ်ကောင်ရ နွားချင်းပြိုင်တာကွ၊ နွားအလှပြိုင်ပွဲဆိုတာ လှယဉ်ကျေးမယ်ရွေးသလိုပဲ နဂိုရှိမှ နဂိုင်းထွက်တာကွ၊ ငါ့ကျတော့ ဆုမရဘူးလေးဘာလေးနဲ့ မနက်ဖြန် မင်းတို့ ဆင်မောင်းပြိုင်ပွဲတွေ စမှာနော်၊ အဲဒီပွဲမှာ မင်းတို့ဆုရအောင်လုပ်ဟေ့”

ဦးဘသာပြောမှ ကျုပ်ရင်တွေထိတ်သွားတယ်ဗျ၊ ဒီညတော့ ပွဲခင်းလည်လို့မဖြစ်တော့ဘူးဗျာ၊ မနက်ဖြန် ပြိုင်ပွဲဝင်ရမှာဆိုတော့ ညဘက်စောစောအိပ်ပြီး အားရှိအောင်လုပ်ထားမှဖြစ်မယ်ဗျ။ အဲဒီနေ့ ညနေပိုင်းမှာတော့ နွားလှည်းအလှပြိုင်ပွဲတွေလုပ်တယ်ဗျ၊ လှည်းယာဉ်တွေ နားတွေကို အလှတန်ဆာတွေဆင်ပြီး ပြိုင်ကြတဲ့ပွဲဗျ၊ မုန်ဒိုင်တွေက နွားတွေပြေးတာ လှမလှ ခွာကျတာ ညီမညီဆိုတာကိုကြည့်ပြီး အမှတ်ပေးတယ်၊ ဒီနွားကြီးတွေက ရုပ်ချောသလို ပြေးတာလည်း တော်တော်လှလှရယ်ဗျ၊ လှည်းအလှမောင်းပြိုင်ပွဲမှာ သုံးလားပြေးရတယ်ဗျ၊ လားဆိုတာကတော့ လှည်းအခေါ်ပေါ့ဗျာ၊ ဒီဘက်ခေတ်အခေါ်ဆိုရင်တော့ အချီခေါ်မှာပေါ့၊ သုံးလားမှာ နှစ်လားနိုင်တဲ့လှည်းက အနိုင်ပဲဗျ၊ ဒီပွဲမှာတော့ နိဗ္ဗာန်ရွာက ပထမဆုရတယ်၊ နိဗ္ဗာန်ရွာဆိုတာက နွားကောင်းတွေသိပ်ထွက်တဲ့ရွာဗျ။ ကျုပ်တော့ ပွဲဆုံးအောင်တောင်မကြည့်ဖြစ်ပါဘူးဗျာ၊ မနက်ဖြန် ကိုယ်တိုင်ဝင်ပြိုင်ရမှာဆိုတော့ စိတ်လှုပ်ရှားနေတာအမှန်ပဲဗျ။

ဒုတိယနေ့က ပထမနေ့ထက် စည်တာအမှန်ပဲဗျ၊ ကျုပ်တို့ ဆင်မောင်းပြိုင်ပွဲတွေကို မနက်ပိုင်းမှာကျင်းပကြတယ်၊ တစ်ခါပြိုင်ရင် လှည်းအဖွဲ့နှစ်ဖွဲ့နှုန်းနဲ့ပြိုင်တာပေါ့၊ ဘယ်အဖွဲ့က ဘယ်နှမိနစ် ဘယ်နှစက္ကန့်မှာဝင်သလဲဆိုတာကို မှတ်ထားကြတယ်၊ ပွဲပြီးလို့ အမှတ်ပေါင်းတဲ့အခါမှာ အမြန်ဆုံးနဲ့အမှန်ဆုံးဝင်တဲ့အသင်းက ပထမပေါ့ဗျာ။

သူများတွေလုပ်တာကိုင်တာကြည့်ပြီး ကျုပ်တို့ရင်တမမနဲ့ဗျ၊ သူတို့တွေဆင်နေကြတာမြန်လိုက်တာဗျာ၊ ဒါပေမယ့် စိတ်လောပြီး လှည်းအထွက်မှာ ဖိနပ်မေ့ကျန်ခဲ့တဲ့လူရှိတယ်ဗျ၊ တချို့ကျတော့လည်း အသာရလိုဇောနဲ့လှည်းကို ဒုန်းတိုက်မောင်းရင်း လှည်းမောင်းသမားရဲ့ ခေါင်းပေါင်းက လေနဲ့လွင့်ပါသွားတာမျိုးရှိတယ်၊ ပန်းဝင်ပြီးတဲ့အခါ ဒိုင်လူကြီးတွေက လှည်းဆင်ထားတာကို သေချာကြည့်ကြတယ်၊ တချို့က မြန်မြန်ပြီးလိုဇောနဲ့ ဖြစ်သလိုဆင်ကြတော့ လှည်းအိမ်စောင်းတာတို့၊ လှည်းရဲ့ရံတိုင်တွေ စရွေးမကျတာတို့၊ ထမ်းပိုးကြိုးလျော့တာတွေဖြစ်နေတတ်တယ်ဗျ၊ အဲဒါကိုကြည့်ပြီး အမှတ်နှုတ်တယ်ပေါ့ဗျာ။

ကျုပ်တို့ပြိုင်အလှည့်တော့ ရောက်လာပြီဗျ၊ ကျုပ်တို့နဲ့ပြိုင်ရမယ့်လူတွေက ဒွေးချောင်းရွာက မိုက်ခဲညီနောင်တဲ့ဗျ၊ ညီအကိုနှစ်ယောက်လို့ပြောတယ်၊ လူပုံကလည်း မိုက်တိမိုက်ကန်းပုံမျိုးဗျ၊ ကျုပ်တို့ကိုကြည့်ပြီးတော့ စိန်ခေါ်တဲ့အနေနဲ့ လက်ခမောင်းတွေဘာတွေခတ်ပြလိုက်သေးတယ်၊ ပွဲမစခင် ဒိုင်တွေရော ကျုပ်တို့ပါ လှည်းအစိတ်အပိုင်းတွေစုံမစုံဆိုတာကို စစ်ဆေးကြည့်ရှုကြရတယ်၊ အစိတ်အပိုင်းတွေအကုန်စုံပြီဆိုတော့မှ လွှတ်ဒိုင်ကနေ မောင်းတီးထည့်လိုက်တယ်၊ ကျုပ်တို့အမြန်ပြေးပြီးတော့ လှည်းကိုဆင်ရတာပေါ့ဗျာ၊ အကြိမ်ကြိမ်လေ့ကျင့်ထားတာဆိုတော့ လက်ကသွက်နေပြီဗျ၊ ဟိုဘက်ကလူတွေကလည်း လှည်းကိုကောက်ဆင်ကြတယ်၊ လှည်းကိုဆင်ရင်းနဲ့ လှည်းအိမ်အလှည့်ရောက်တော့ ဘေးနားက ရံံတိုင်တစ်ချောင်းပျောက်နေတယ်ဗျ၊ ခြောက်စထောင်လှည်းဆိုတာ တစ်ဖက်ကို အထောင်ခြောက်စရှိရမှာကိုဗျာ အခုက ညာဘက်ခြမ်းက အစတစ်စပျောက်နေတယ်၊

“ကိုမြင့်ရေ ရံတိုင်တစ်ချောင်းပျောက်နေတယ်ဗျာ”

“ဟာကွာ၊ ပစ္စည်းတွေစစ်တုန်းက မတွေ့ဘူးလားကွ”

“အဲဒီတုန်းကတွေ့တယ်ဗျ၊ အခုမှ မတွေ့တော့တာ”

“သေချာရှာကြည့်ပါအုံးကွာ၊ မြေကြီးပေါ်ကျနေသလား ဖုန်တွေဘာတွေနဲ့ဖုံးနေသလားကွ”

“သေချာရှာပြီးပါပြီဗျာ”

“ဒုက္ခပါပဲကွာ၊ ဒီအတိုင်တစ်တိုင်မပါရင် ငါတို့လှည်း အမှတ်နှုတ်ခံရမှာကွ”

ကျုပ်ဘာရယ်မဟုတ်ဘူး ဟိုဘက်ခြမ်းက မိုက်ခဲညီနောင်ကိုကြည့်လိုက်တော့ ဒီလူတွေခပ်ပြုံးပြုံးနဲ့ ကျုပ်တို့ကိုကြည့်နေတယ်ဗျ၊ သူတို့အကြည့်က ကျုပ်တို့ကို သရော်တဲ့အကြည့်မျိုးပေါ့ဗျာ၊ လှည်းဆင်တဲ့အဖွဲ့က တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပေတစ်ရာလောက်ဝေးတာဆိုတော့ ကျုပ်တို့ပြောဆိုနေတာတွေကို ဒီလူတွေကြားနိုင်မှာမဟုတ်ဘူးဗျ၊ အခုကျုပ်တို့ဒုက္ခရောက်နေတာကို ဒီလူတွေသိနေပုံထောက်တော့ သူတို့လုပ်တာပဲဖြစ်မှာဗျ၊ ပြောမရဘူးလေ ဒွေးချောင်းရွာဆိုတာကလည်း ယောက်ျားမိန်းမ ပညာသည်တွေချည်းပဲလို့ အမေပြောဖူးတယ်မဟုတ်လား၊ ဒီလူတွေသက်သက်ညစ်ပတ်တာပဲဖြစ်မှာ။ ကျုပ်တော့ ကူရာကယ်ရာမဲ့ပြီဗျာ၊ အားပေးနေတဲ့ပရိသတ်ထဲ ဦးဘသာကိုရှာနေမိတယ်၊ ဟော တွေ့ပါပြီ၊ ဦးဘသာက မျက်မှောင်ကြီးခဲရင်း ဒွေးချောင်းရွာက မိုက်ခဲညီနောင်ကို လှမ်းကြည့်နေတာဗျ၊ သူတို့လုပ်နေတာကို ဦးဘသာသိနေပုံပဲ။ ကျုပ်ကြည့်နေရင်း ကိုမြင့်က ကျုပ်ပုခုံးကိုပုတ်လိုက်တယ်။

“အလတ်ကောင်၊ ဒီမှာလေကွာ မင်းပျောက်နေတယ်ဆိုတဲ့ရံတိုင်၊ မင်းကွာ၊ နမော်နမဲ့နဲ့ မျက်စိရှေ့မှာရှိနေတာတောင်မမြင်ဘူးလား”

ဘုရားစူးပါဗျာ၊ ဒီအနီးတစ်ဝိုက်ကို ကျုပ်ရှာတာ ဆယ်ကြိမ်မကတော့ပါဘူး၊ အခုမှတွေ့တော့တယ်၊ ဒါနဲ့ပဲ ကျုပ်တို့တွေ အဲဒီလှည်းကိုခပ်မြန်မြန်ဆင်ပြီး လှည်းပေါ်ခုန်တက်လိုက်ကြတယ်။

“အလတ်ကောင်ရေ၊ ခေါင်းပေါင်းနဲ့ဖိနပ် မမေ့နဲ့နော်”

ကျုပ်တို့လှည်းပေါ်တက်နေတဲ့အချိန်မှာပဲ ဒွေးချောင်းရွာက မိုက်ခဲညီနောင်ကတော့ လှည်းကိုမောင်းပြီးတာကနေထွက်သွားပြီဗျာ၊ ကျုပ်နဲ့ကိုမြင့် အမြန်မီအောင်လိုက်မောင်းပေမယ့် ပန်းဝင်တဲ့အခါကျတော့ လေးငါးပေလောက်အသာနဲ့ မိုက်ခဲညီနောင်က အရင်ဝင်သွားတယ်ဗျ၊ ကျုပ်တို့တော့ သွားပါပြီဗျာ၊ ပန်းသာဝင်ရပေမယ့် လူတွေလည်းဖတ်ဖတ်ကိုမောနေပြီ၊ မိုက်ခဲညီနောင်ကတော့ ကျုပ်တို့ကိုလှောင်သလိုလို ပြောင်သလိုလိုနဲ့ မျက်စိမှိတ်ပြလိုက် လျှာထုတ်ပြလိုက်လုပ်နေပါလေရော။

မကြာခင် ဒိုင်လူကြီးတွေလာစစ်တယ်ဗျ၊ လှည်းကိုသေချာကြည့်ပြီး အမှတ်တွေပေးတယ်၊ မိုက်ခဲညီနောင်ဘက်ရောက်တော့ ဒိုင်တွေအံ့သြသွားတယ်။

“မိုက်ခဲညီနောင် မင်းတို့ ဖိနပ်တွေ မပါပါလားကွ”

“ပါပါတယ်ဗျာ၊ ကျုပ်တို့လှည်းပေါ်မတက်ခင် ဖိနပ်ကိုဟောဒီလို သေချာစီး . . . စီး . . . ဟာ၊ ဖိနပ်တွေဘယ်ရောက်သွားသလဲကွ”

လှမ်းကြည့်လိုက်တော့ တာလမ်းဟိုးဘက် တာထွက်တဲ့နေရာနားမှာ ဖိနပ်နှစ်ရံက အတိုင်းသားကျန်နေခဲ့တယ်။

“ဘယ်လိုဖြစ်တာလဲကွာ၊ ငါတို့တွေ ဖိနပ်သေချာစီးပါတယ်ကွ”

သူတို့ကိုယ်သူတို့ မယုံနိုင်သလိုဖြစ်နေတယ်၊ အချိန်နည်းနည်းနောက်ကျတာက ကိစ္စမရှိပေမယ့် လှည်းအင်္ဂါမစုံတာ ဖိနပ်ခေါင်းပေါင်းကျကျန်ခဲ့တာမျိုးက အမှတ်အများကြီး အနှုတ်ခံရတယ်မဟုတ်လားဗျာ။ ကျုပ်နဲ့ကိုမြင့် မိုက်ခဲညီနောင်ကို လက်ညိုးထိုးပြီး ဟားတိုက်ရယ်ပစ်လိုက်တယ်။

“အဲဒါပြောတာပေါ့ကွာ အလျင်လိုရင် အနှေးဖြစ်တယ်တဲ့ကွ၊ မြန်တိုင်းကောင်းတာမဟုတ်ဘူး တချို့ဟာတွေကျတော့ ကြာမှကောင်းတာကွ ကြာမှကောင်းတာ ဟားဟား”

မိုက်ခဲညီနောင်ဆိုရင်မျက်နှာကြီးကို မဲလို့ဗျာ၊ ကျုပ်တို့ကိုကြည့်ပြီး အော်ဟစ်ဆဲဆိုနေတယ်၊ အဲဒီကတည်းက သူတို့သွားတာပဲဗျာ၊ ဘာလို့လဲဆိုတော့ ပြိုင်ပွဲစည်းကမ်းမှာကတည်းကိုက ပြိုင်ပွဲဝင်တွေက အရက်သေစာမသောက်စားရဘူး၊ အချင်းချင်းပဲဖြစ်ဖြစ် ပြိုင်ဘက်ကိုပဲဖြစ်ဖြစ် မဆဲဆိုရဘူးတဲ့ဗျ၊ အဲဒီစည်းကမ်းဖောက်ရင် ပြိုင်ပွဲကနေတန်းထွက်ရတာပဲမဟုတ်လား။

အမှတ်တွေပေါင်းပြီး ဆုတွေကြေငြာတော့ ကျုပ်တို့ရင်ခုန်နေမိတယ်ဗျ၊ ပထမလည်းမရ၊ ဒုတိယလည်းမရနဲ့ နောက်ဆုံး ပဉ္စမဆုရတယ်ဆိုတော့မှ ကျုပ်တို့ဝမ်းသာပြီး ထခုန်လိုက်မိတယ်ဗျ၊ အဲဒီတုန်းက နှစ်သိမ့်ဆုတွေဘာတွေမပေါ်သေးဘူး၊ ပထမ ဒုတိယဆိုပြီး ငါးဆုပေးတဲ့ခေတ်ဗျ၊ လှည်းအဖွဲ့သုံးဆယ်လောက်ဝင်ပြိုင်တဲ့အထဲမှာ အဆင့်ငါးရတယ်ဆိုတာ ဂုဏ်ယူစရာပါပဲဗျာ။

ရွာပြန်လာတော့ ဆုရလာတဲ့ငွေတွေကို ယပ်တောင်လိုလုပ်ပြီး ဦးဘသာအရှေ့မှာ ခပ်ပြလိုက်တယ်။

“တွေ့လား ဦးဘသာ၊ ကျုပ်တို့က သူများတွေလို လက်ဗလာနဲ့ရွာပြန်လာတာမဟုတ်ဘူးဗျ၊ ဆုတစ်ခုခုရအောင်ယူပြီးမှ ပြန်လာခဲ့တာ”

ဦးဘသာက ပြုံးရင်း

“မင်းတို့နိုင်တယ်ဆိုတာ ဆပ်ပြာကောင်းလို့ ခေါင်းပေါင်းဖြူတာပါ အလတ်ကောင်ရာ၊ ငါမကူရင် မင်းတို့ဘိတ်ချေးဆုပဲရမှာ”

“ဟာ . . . ဒါတော့ ဟုတ်တယ်ဗျာ၊ ဦးဘသာ ဘယ်လိုလုပ်လိုက်တာလဲ”

“ဘယ်လိုလုပ်ရမလဲကွ၊ ဟိုစုန်းညီနောင်က လှည်းက ရံတိုင်တစ်ချောင်းပျောက်အောင် သူတို့ပညာနဲ့ ဖျောက်ထားလိုက်တာကွ၊ ငါသိသွားပြီး သူတို့ပညာကိုဖျက်လိုက်လို့သာ မင်းတို့ပြန်မြင်ရတာ”

“ဒါဆို ဖိနပ်တွေကျန်ခဲ့တာရော ဦးဘသာလုပ်လိုက်တာမဟုတ်လား”

“ဒါပေါ့ကွ၊ ငါက ပြိုင်ပွဲမို့ မညစ်ပတ်ချင်ပါဘူးကွာ၊ ဒါပေမယ့် ဒီကောင်တွေက အရင်ညစ်ပတ်လာတာကိုးကွ၊ ညစ်ပတ်တဲ့ကောင်တွေကို နည်းနည်းပြန်ညစ်ပတ်ထည့်လိုက်တာ လေကွာ”

“ကျုပ်ထင်တော့ ထင်ပါတယ်ဗျာ၊ ဦးဘသာက ဖိနပ်တို့ဘာတို့သိပ်ကြိုက်တာမဟုတ်လား၊ ခုံဖိနပ်ပျံကြီးတို့ဘာတို့ သိပ်သုံးတာဆိုတော့ ဒီလူတွေဖိနပ်ကျန်ခဲ့တာ ဦးဘသာကြီးလုပ်လိုက်မှန်း ကျုပ်သိပါတယ်ဗျ”

ကျုပ်တို့ရယ်လိုက်ကြတယ်ဗျ၊ အဲဒီဆုကြေးတွေလည်း ဘာမှအဖတ်မတင်လိုက်ပါဘူးဗျာ၊ ကုလားခပ်တဲ့ရေ ကုလားဖင်ဆေးတာနဲ့ကုန်တယ်ဆိုသလို ရွာက ကာလသားတွေကို ကြက်ကာလသားချက်နဲ့ အရက်အဝတိုက်ပြီး ပြုစုထည့်လိုက်တာ တက်တက်စင်အောင်ပြောင်ပါရောလား။

(၆)

မနက်ဖြန်က တတိယနေ့ နောက်ဆုံးနေ့ဗျ၊ အဲဒီနေ့မှာ လူစိတ်ဝင်စားမှုအများဆုံးနဲ့ ယှဉ်ပြိုင်မှုအပြင်းထန်ဆုံးဖြစ်တဲ့ ဒုန်းတိုက်ပွဲကျင်းပမယ့်နေ့ပေါ့ဗျာ၊ လှည်းဒုန်းတိုက်ပွဲမှာ အကိုကြီးလည်းဝင်ပြိုင်မှာဆိုတော့ ကျုပ်တို့တွေ အကိုကြီးကို ဝိုင်းပြီးပြုစုကြတယ်၊

“အကိုကြီး ဟောဒါက တောကြက်ဥဗျ၊ ရွာက ကာလသားတွေရှာလာခဲ့တာ၊ တောကြက်ဥက အိမ်ကြက်ဥထက် အားပိုရှိတယ်ဆိုပဲ၊ အဲဒါကို သကြားလေးခပ်ပြီးသောက်ထည့်လိုက်ဗျာ”

အငယ်ကောင်က တောကြက်ဥကလေးတွေပေးတယ်၊ အမေကလည်း အကိုကြီးပန်းကန်ထဲကို ဟင်းတုံးတွေခပ်ထည့်ရင်း

“အကြီးကောင်ရယ် နင်ကလည်း စားတာနည်းလိုက်တာ၊ များများစားပြီးအားမွေးထားစမ်းပါဟဲ့၊ ထမင်းချည်းစားမနေနဲ့ ဟင်းများများစားမှအားဖြစ်မှာ၊ အမဲသားပေါပေါလောလောရတုန်း များများစားထားဟဲ့”

အကိုကြီးကတော့ ဒီအိမ်ရဲ့မင်းသားလိုဖြစ်နေတာပါပဲဗျာ။

“ဟဲ့ အငယ်မတွေ၊ ပြီးရင်နင့်အကိုကြီးကို ဇက်ကြောတွေဆွဲ၊ နောက်ကျောတွေနှိပ်ပေးလိုက်ကြအုံးဟဲ့၊ အကြောတွေလျှော့နေမှ လူက ပေါ့ပါးနေမှာ”

ကျုပ်က အကိုကြီးအနားကပ်လိုက်ပြီး

“ဒါနဲ့ အကိုကြီးနဲ့ပြိုင်ဖို့ မဲကျတာဘယ်သူတုန်းဗျ”

အကိုကြီးက ပလုပ်ပလောင်းဝါးနေရင်း

“ကိုဗလကြီးလို့ခေါ်တယ်ကွ၊ နိဗ္ဗာန်တိုက်နယ် ဘယ်ရွာကဆိုလဲပဲကွာ၊ အခု ဒေါ်ငွေမှုန်တို့အိမ်မှာ တည်းနေတယ်ပြောတယ်”

“ဟာ . . . အဲဒီ ကိုဗလကြီးဆိုတာ သေချာလား”

“သေချာတာပေါ့အလတ်ကောင်ရာ”

“အဟဲ၊ သူဆိုရင်တော့ ဘာမှမပူနဲ့ဗျို့၊ အကိုကြီးနိုင်စေရမယ်လို့ ကျုပ်အာမခံတယ်ဗျာ၊ တခြားပွဲမနိုင်ရင်တောင် အဲဒီကိုဗလကြီးနဲ့ပြိုင်တဲ့ပွဲမှာ နိုင်စေရမယ်ဗျို့”

“ဟ . . . သေချာလှချည်လားအလတ်ကောင်ရ၊ ဘာလို့ ငါကသူ့ကို နိုင်ရမှာတုန်းကွာ”

“ခရုမှာလည်းအဆန်နဲ့ လူမှာလည်းအကြံနဲ့ပါဗျ၊ ဟဲ ဟဲ”

ကျုပ်ရယ်ကျဲကျဲလုပ်ပြီး ထလာခဲ့လိုက်တယ်ဗျာ၊ ကျုပ်ဦးတည်လိုက်တာကတော့ ရွာထိပ်က ဦးတရုတ်ကြီးဆိုင်ပဲဗျ၊ ဦးတရုတ်ကြီးဆိုင်ကိုရောက်တော့ ဝက်ခေါင်းသုပ်တစ်ပွဲမှာလိုက်တယ်ဗျ၊ ဦးတရုတ်ကြီးဆိုင်က ဝက်ခေါင်းသုပ်က သိပ်စားကောင်းတာ၊ သူ့အနံ့ကလေးရရုံနဲ့တင် မစားရမနေနိုင်အောင်ဖြစ်သွားမယ်ဗျို့၊ ဝက်ခေါင်းသုပ်ရတော့ ဆေးဆရာဦးမှတ်ကြီးရဲ့ ဝမ်းနှုတ်ဆေးထုပ်တစ်ထုပ်ကိုဖွင့်ပြီး ဝမ်းနှုတ်ဆေးတွေဖြူးထည့်လိုက်တယ်၊ ဒီဝမ်းနှုတ်ဆေးက လက်ဖက်စားဇွန်းတစ်ဇွန်းလောက်စားလိုက်ရင်ကို ဝမ်းသုံးလေးခါလောက် ဒလဟောသွားတဲ့ဆေးဗျ၊ အခုတော့ ဝက်ခေါင်းသုပ်ထဲကို အထုပ်တစ်ဝက်လောက် ဖောက်ထည့်လိုက်တယ်ဗျာ၊ ဝက်ခေါင်းသုပ်နဲ့နှံ့အောင်နယ်ပြီး ဦးတရုတ်ကြီးဆီက ပိုတောင်းလာခဲ့တဲ့ ငရုတ်ဆီရွှဲရွှဲကလေးဆမ်းလိုက်တော့ ဘယ်လိုမှကိုမသိသာတော့ဘူးဗျ။ အရသာဘယ်လိုရှိသလဲသိရအောင် ဝက်ခေါင်းသုပ်တစ်ဖတ်ကို ကောက်မြည်းထည့်လိုက်တယ်၊ အရသာက နည်းနည်းခါးသက်သက်ကလေးဖြစ်နေတယ်ဆိုပေမယ့် သိပ်အသိသာကြီးမဟုတ်ဘူးဗျ။ ဒီဝက်ခေါင်းသုပ်ပန်းကန်ကိုင်ပြီး ကျုပ် ဒေါ်ငွေမှုန်တို့အိမ်ဘက်ကို ခြေဦးလှည့်ခဲ့တယ်။

ဒေါ်ငွေမှုန်တို့အိမ်မှာ မှုန်ကြီးတို့ လင်မယားလည်းရောက်နေတယ်ဗျာ၊ သူနဲ့အတူတူ ကိုဗလကြီးလည်းရောက်နေတယ်၊ နွားပွဲရှိရင် ရွာခံအသိအကျွမ်းရှိတဲ့လူက ရွာမှာပဲတည်းတာများတယ်ဗျ၊ ကျုပ်ကိုမြင့်တော့ မှုန်ကြီးတို့က လှိုက်လှိုက်လှဲလှဲကြိုဆိုကြတယ်။

“ဟဲ့ အလတ်ကောင် ဘယ်ကလှည့်လာတာလဲ”

“ဘယ်ကိုမှမလှည့်ပါဘူးဗျာ၊ ဒီကိုပဲလှည့်လာခဲ့တာပါ၊ ဒီအိမ်မှာ ကိုဗလကြီးရောက်နေတယ်ကြားလို့ ကိုယ့်ရွာ ရောက်တုန်းရောက်ခိုက် ဧည့်ခံရအာင်လာခဲ့တာဗျ”

ပြောရင်းနဲ့ ကျုပ်က ဝက်ခေါင်းသုပ်အထုပ်ကိုချပေးလိုက်တယ်။

“ဟောဒါကတော့ ကျုပ်တို့ရွာက ဦးတရုတ်ကြီးရဲ့ဝက်ခေါင်းသုပ်ဗျ၊ ဒီရွာရဲ့ အကောင်းဆုံးအစားအစာလို့လည်းပြောလို့ရတယ် ကိုဗလကြီးကို စားစေချင်လို့ ကျုပ်က ဝယ်လာပေးတာပါဗျာ”

ကိုဗလကြီးအမည်ရတဲ့ လူပုကလေးကတော့ ကျုပ်ကိုကျေးဇူးတွေတင်နေလေရဲ့ဗျာ၊ မှုန်ကြီးကလည်း

“ကျေးဇူးပဲ အလတ်ကောင်ရေ၊ ငါတို့လည်း ဒီနေ့အိမ်မှာ ဟင်းမကောင်းတာနဲ့အတော်ပဲ၊ ညစာစားချိန်ရောက်ရင် နင်ပေးတဲ့ ဝက်ခေါင်းသုပ်နဲ့ကျွေးရမှာပဲ”

“ဟာ . . . အဲဒီဝက်ခေါင်းသုပ်က ကိုဗလကြီးအတွက် ဝယ်လာခဲ့တာဗျ၊ ကိုဗလကြီးမလောက်ပဲ နေပါအုံးမယ် မှုန်ကြီးရာ၊ နင်တို့စားချင်ရင် ငါနောက်တစ်ပွဲသွားဝယ်ပေးပါ့မယ်”

“သိပါတယ်အလတ်ကောင်ရယ်၊ ငါတို့မစားပါဘူးဟဲ့၊ ဧည့်သည်ကို ကျွေးမယ်လို့ပြောတာပါ”

ကျုပ်တို့ထိုင်ပြီး စကားပြောနေကြတုန်းမှာပဲ ဗိုက်ထဲကနေ ဂွီခနဲ ဂွမ်ခနဲဖြစ်လာတယ်ဗျာ၊ ဝက်ခေါင်းသုပ်တစ်ဖတ်စားထားတာ အစွမ်းပြပြီထင်တယ်ဗျာ၊ အရသာဘယ်လိုရှိသလဲဆိုပြီး မြည်းကြည့်တဲ့ကျုပ်တောင် ဝမ်းနုတ်ဆေးအစွမ်းပြနေတာ ကိုဗလကြီးသာ တစ်ပွဲလုံးစားလိုက်ရင်တော့ ဒီညတွင်းချင်းပဲ ဝမ်းတွေအသားကုန်သွားပြီး မနက်ဖြန်မနက် ဒုန်းတိုက်ပြိုင်ပွဲကို ဝင်ပြိုင်နိုင်မှာမဟုတ်ဘူးဗျ၊ ဒုန်းတိုက်ပြိုင်ပွဲဆိုတာကလည်း လူစားထိုးပြိုင်လို့ရတာမဟုတ်ဘူးဆိုမှတော့ ကိုဗလကြီးတစ်ယောက် မပြိုင်ခင်ကတည်းက ကြိမ်းသေပေါက်ရှုံးပြီး အကိုကြီးက နောက်တစ်ဆင့်ကို သက်တောင့်သက်သာနဲ့ တက်သွားရမယ်မဟုတ်လားဗျာ။

“အလတ်ကောင် နင့်မျက်နှာကြီးက ဘာဖြစ်လို့ရှုံ့မဲ့နေတာလဲဟဲ့”

“အေး . . . အရေးကြီးနေပြီ ငါ . . . ငါပြေးမှဖြစ်မယ် မှုန်ကြီးရေ”

ကျုပ် သူတို့ကိုတောင်နှုတ်မဆက်နိုင်ဘဲ အိမ်ပေါ်ကဖင်ပိတ်ပြီး ဆင်းပြေးရပါတော့တယ်ဗျာ၊ သူတို့အိမ်မှာလည်း ကိစ္စသွားလိုက်လို့မရဘူး၊ မတော်လို့ ကျုပ်ဆေးခတ်ထားတာရိပ်မိကုန်ရင် အကြံအစည်တွေအကုန်ပျက်မယ်မဟုတ်လားဗျာ။ အိမ်ရောက်အောင်ပြန်ပြေးရင်း ပုဆိုးထဲ နည်းနည်းထွက်ကျကုန်သေးတယ်၊ ဦးမှတ်ကြီးက တခြားဆေးတော့ စွမ်းမစွမ်းမသိပေမယ့် ဝမ်းနှုတ်ဆေးကတော့ တအားစွမ်းတာဗျ။

တစ်နေကုန်ပင်ပန်းထားတာဆိုတော့ ညရောက်တော့ စောစောအိပ်လိုက်မိတယ်ဗျ၊ ကျုပ်အိပ်တော့ ညခုနစ်နာရီလောက်ရှိနေပြီ၊ အိပ်ကောင်းကောင်းနဲ့အိပ်နေရင်း ထူးဆန်းတဲ့အိပ်မက်တစ်ခုမက်တယ်ဗျ၊ အိပ်မက်ထဲမှာ တစ်ကိုယ်လုံးအစိမ်းရောင်တောက်နေတဲ့ ဘီလူးကြီးတစ်ကောင်က ကျုပ်ဆီကိုရောက်လာတာဗျ။

“မိုက်ခဲတို့က မကောင်းတာကြံနေပြီ၊ ဒီကောင်တွေ မစားရတဲ့အမဲကို သဲနဲ့ပက်ဖို့ကြံနေပြီကွ”

“ဘာတွေပြောနေတာလဲ ဘယ်ကမိုက်ခဲလဲ”

“မင်းအနိုင်ယူခဲ့တဲ့ မိုက်ခဲညီနောင်ပေါ့ကွာ”

“မိုက်ခဲညီနောင်ဆိုတော့ စုန်းညီနောင်ပေါ့၊ သူတို့က မစားရတဲ့အမဲကို ဘယ်လိုသဲနဲ့ပက်ကြမှာလဲဗျာ”

“ဒါတော့ငါလည်းပြောမရဘူး၊ ဒီကောင်တွေ မဟုတ်တာလုပ်ဖို့ကြံနေပြီ၊ လူတွေနွားတွေအများကြီး သေကြေကုန်ကြလိမ့်မယ်ကွ”

“နေပါအုံးဗျာ၊ ခင်ဗျားက ဒါတွေကို ဘာဖြစ်လို့ ကျုပ်ကိုလာပြောတာလဲဗျ”

“မင်းက ငါတို့အဆက်ပဲကွ၊ မင်းနဲ့ငါတို့က ရေစက်တွေရှိတယ်၊ အင်းလေ ဒီလိုရေစက်တွေရှိလို့လဲ ဒီနေရာမှာ လူလာဖြစ်တာပေါ့ကွာ၊ ငါဒီလောက်ပဲပြောနိုင်မယ်၊ ဒီကောင်တွေစိတ်ထဲ ဘာတွေကြံနေသလဲဆိုတာတော့ ငါမသိနိုင်ဘူးဟေ့၊ မင်းကို ငါလာသတိပေးတာ ဒါပဲ သွားပြီ”

ဘီလူးကြီးထွက်သွားတာလဲ တဒုန်းဒုန်းနဲ့ဗျ၊ ကျုပ်လန့်ပြီး အိပ်ရာနေ နိုးသွားမိတယ်၊ အချိန်ကတော့ ညသန်းခေါင်လောက်ရောက်ပြီပေါ့ဗျာ၊ အကိုကြီးက အခန်းထဲကနေ တဒုန်းဒုန်းနဲ့ပြေးထွက်လာပြီးတော့ အိမ်အောက်ကိုဆင်းပြေးသွားတယ်၊ ဘာဖြစ်ပါလိမ့်လို့ ကျုပ်စဉ်းစားပြီးမကြာခင်မှာပဲ အကိုကြီးက ပုဆိုးစွန်တောင်ဆွဲပြီး အိမ်ပေါ်ပြန်တက်လာတယ်ဗျ၊

“အကိုကြီး ဘာဖြစ်လို့လဲဗျာ”

“ဝမ်းတွေထသွားနေလို့အလတ်ကောင်ရ ဒါနဲ့ဆိုရင် ငါးခါလောက်ရှိပြီ”

“ဗျာ . . . ဘာတွေအစားမှားသေးလို့လဲဗျာ၊ တောကြက်ဥအစိမ်းတွေ သွားသောက်လိုက်လို့လား”

“ကြက်ဥက မသောက်ရသေးပါဘူးကွာ၊ အဲ . . . အစားမှားစရာဆိုလို့ ဝက်ခေါင်းသုပ်တွေ သွားစားမိတယ်ကွ”

“ဗျာ . . . ဘယ် . . . ဘယ်လို ဝက်ခေါင်းသုပ်ဟုတ်လား”

“အေးကွ၊ မှုန်ကြီးယောက်ျား ဦးဖိုးခွေးသားနဲ့ ငါတို့တွေ ညနေက အရက်ဝိုင်းဖွဲ့ဖြစ်တယ်ကွ၊ သူက ငါတို့ကို ဝက်ခေါင်းသုပ်ချကျွေးတယ်၊ ငါတို့လည်း စားကောင်းကောင်းနဲ့ အရက်နဲ့မြည်းလိုက်မိတယ်ဆိုပါတော့ကွာ”

ကျုပ်ငယ်ထိပ်ကို မိုးကြိုးပစ်ချခံလိုက်ရသလို ထူပူသွားမိတယ်ဗျ။

“အဲဒီဝက်ခေါင်းသုပ်က ကိုဗလကြီးစားရမှာလေဗျာ”

“ကိုဗလကြီးက ဝက်သားမစားဘူးတဲ့ကွ၊ သူမစားလို့ ငါတို့စားလိုက်ရတာ . . . အား . . . ပြောရင်းဆိုရင်း ဗိုက် . . . ဗိုက်ထဲက ရစ်နာလာပြန်ပြီကွ၊ ကြည့်ရတာ ဝက်ခေါင်းသုပ်ထဲက ဝက်သားတွေက မလတ်ဘူးထင်ပါတယ်ကွာ”

ပြောရင်းနဲ့ အကိုကြီးက အိမ်အောက်ကိုပြေးဆင်းသွားပြန်တယ်ဗျ၊ ကျုပ်တော့ သွားပြီဗျို့၊ လူလည်လုပ်ပြီး သူများကို မကောင်းသွားကြံလိုက်တာ အခုတော့ ကိုယ့်ကိုယ်ကိုယ် အဲလေ . . . အကိုကြီးကို ပြန်ထိပြီဗျာ၊ ဒီအတိုင်းဆိုရင် အကိုကြီး မနက်ကျရင် ခေါင်းတောင်ထောင်နိုင်ပါတော့မလားဗျာ။

ကျုပ်ထင်တဲ့အတိုင်းပါပဲ မနက်မိုးလင်းတော့ အကိုကြီးတစ်ယောက် ဖြူဖျော့နေပြီဗျ၊ ဒီပြိုင်ပွဲကို ဝင်မပြိုင်နိုင်တော့ဘူးတဲ့ဗျာ၊ အကိုကြီးကတော့ တောက်တခေါက်ခေါက်နဲ့ဗျ။

“ဒါ ဟိုကောင်တွေ တမင်သက်သက်အကျင့််ယုတ်တာနေမှာကွ၊ ငါနဲ့ ဗလကြီးပြိုင်ရမယ်မှန်းသိလို့ ငါ့ကိုတမင်ခေါ်ပြီး ဝက်ခေါင်းသုပ်ထဲ ဝမ်းနှုတ်ဆေးခပ်ကျွေးတာဖြစ်မှာကွ”

“အဲ . . . အဲဒီလိုတော့ ဟုတ်မယ်မထင်ပါဘူးအကိုကြီးရာ၊ ဒါ တမင်သက်သက်တိုက်ဆိုင်သွားတာဖြစ်မှာပါကွ”

“ဘာလဲအလတ်ကောင်ရ၊ မင်းက ကိုယ့်အကိုဘက်က မနာဘဲ သူများဘက်က နာနေတာလားကွ၊ နေပါအုံး မင်းလည်း သူတို့နဲ့ အလိုတူအလိုပါပဲလားကွ”

မျှားဦးကျုပ်ဘက်လှည့်မလာခင် ကျုပ်လည်း အိမ်ကနေလစ်ထွက်လာခဲ့လိုက်တယ်၊ တကယ်လို့သာ ဒီဝက်ခေါင်းသုပ်ကို ဘယ်သူလာပို့တာလဲဆိုတာ ပေါ်သွားရင် ကျုပ်တော့ရှင်းရခက်ပြီဗျ။

အိမ်မှာမနေချင်တာနဲ့ နွားပွဲဘက်ကိုထွက်လာခဲ့လိုက်တယ်၊ လမ်းမှာ ဦးဘသာကြီးနဲ့တွေ့တယ်ဗျာ။

“ဦးဘသာ ဘယ်သွားမလို့လဲဗျ”

“ဒုန်းတိုက်ပွဲသွားကြည့်မယ်လေကွာ၊ ဒီလိုပွဲက ကြည့်ရခဲတယ်ကွ”

“ဟာ . . . ဦးဘသာကိုတွေ့မှ သတိရတယ်ဗျ၊ ညတုန်းက ကျုပ်ထူးဆန်းတဲ့အိပ်မက်တစ်ခု မက်တယ်ဗျ”

ကျုပ်လည်း ဦးဘသာကို အိပ်မက်အကြောင်းပြောလိုက်တာပေါ့၊ ဦးဘသာက အသေအချာနားထောင်ရင်း

“အလတ်ကောင် မင်းတကယ်ပြောတာလားကွ”

“တကယ်ပါဦးဘသာရာ၊ ကျုပ်က ဦးဘသာကို လိမ်ပါ့မလား”

“ဒါဆိုရင်တော့ မကောင်းဘူးဟေ့၊ မင်းကိုအိပ်မက်ပေးသွားတာ စေတီပျက်ကုန်းမှာရှိတဲ့ ဘီလူးသိုက်က ဘီလူးဖြစ်မှာကွ၊ ဟိုနေ့က ဟိုမိန်းမကို ဖမ်းစားသွားတဲ့ဘီလူးပေါ့ကွာ”

“ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲဟင် ဦးဘသာ”

“ဘီလူးက အလကားလာပြောတာမဟုတ်ဘူးကွ၊ ငါတို့ ဒီကိစ္စကို အိပ်မက်ဆိုပြီး ပေါ့ပေါ့တန်တန်သဘောထားလို့မဖြစ်ဘူးဟေ့၊ ပွဲထဲသွားပြီး နည်းနည်းစုံစမ်းကြည့်မှကွ”

“လူတွေအများကြီးသေကြမှာဆိုတော့ သူတို့စုန်းပညာနဲ့တစ်ခုခုလုပ်မှာများလားဗျာ”

“ဒါလည်းမဖြစ်နိုင်ဘူးကွ၊ ဒီကောင်တွေတတ်တဲ့ပညာလောက်က လူတွေအများကြီးကို တစ်ပြိုင်နက်တည်း သေကြေအောင်လုပ်နိုင်တာမဟုတ်ဘူး”

“ဒါဆို လှည်းပြိုင်ပွဲကို တစ်ခုခုလုပ်မယ့်ပုံပဲဗျ၊ လှည်းပြိုင်ပွဲမှာ ဒီနေ့လူတွေအများကြီး စုမိနေကြတယ်မဟုတ်လားဗျာ”

“အေးကွ မင်းပြောတာဖြစ်နိုင်တယ်၊ ဒီလိုလုပ်အလတ်ကောင်ရာ၊ မင်းနဲ့ငါ လူခွဲပြီးတော့ ဒီကောင်တွေအကြောင်းကို စုံစမ်းကြည့်ကြမယ်၊ ထူးခြားတာတစ်ခုခုတွေ့ရင် ပြိုင်ပွဲကွင်းအဝင်ဝနားမှာ ငါတို့ပြန်ဆုံကြမယ်ဟေ့”

ကျုပ်နဲ့ဦးဘသာ လူခွဲပြီးထွက်လာခဲ့လိုက်တယ်၊ ဦးဘသာက ပြိုင်ပွဲကွင်းထဲရောက်သွားတယ်ဗျာ။ လှည်းဒုန်းတိုက်ပြိုင်ပွဲက လူတွေစိတ်ဝင်စားတဲ့ပွဲဆိုတော့ တခြားနေ့တွေထက်စာရင် လူပိုများနေတယ်ဗျ၊ ဈေးခင်းထဲမှာတောင် လူတွေရှင်းနေတယ်၊ တချို့ဆိုင်တွေဆို ပိတ်တောင်ထားတယ်ဗျာ၊ ကျုပ်စုံစမ်းကြည့်နေရင်း တစ်နေရာရောက်တော့ သတင်းတစ်ခုရတယ်ဗျာ၊ မိုက်ခဲညီနောင်က ဓါတ်ဆီတွေဝယ်နေတယ်တဲ့ဗျ၊ ဒီမနက်တင် ဆယ်ဂါလံလောက်ရှိနေပြီဆိုပဲ၊ ပွဲဈေးမှာ ဓါတ်ဆီရောင်းတာက တခြားကြောင့်တော့မဟုတ်ဘူးဗျ၊ ပွဲဈေးတန်းက ဆိုင်ခန်းတွေ ညဘက်မီးလင်းဖို့အတွက် မီးစက်မောင်းရတယ်၊ အဲဒီတော့ဓါတ်ဆီလိုတယ်ဗျ၊ ပြီးတော့ နွားပွဲလုပ်တယ်ဆိုလို့ တချို့က ကားတွေဆိုင်ကယ်တွေနဲ့လာကြတယ်၊ အဲဒီအတွက်လည်း ဓါတ်ဆီလိုတယ်ဗျာ၊ ဓါတ်ဆီဆိုတာကြားလိုက်ရတော့မှ ကျုပ်တော်တော်လန့်သွားမိတယ်။

နွားပွဲလုပ်တဲ့အချိန်ကလည်း နေပူလို့ကောင်းတုန်း နယုန်လကြီးဗျာ၊ ဆောက်ထားတဲ့ ဆိုင်ခန်းတွေ၊ တဲကြီးတွေ၊ နွားတင်းကုပ်တွေဆိုတာကလည်း သစ်ဝါးနဲ့ချည်းဆောက်ထားတာဗျ၊ ဒီအပေါ်ကို မီးလေးတစ်ပွင့်လောက်ကျလိုက်တာနဲ့ အကုန်လုံးမီးခိုးကြွက်လျှောက်သလိုဖြစ်ပြီး မီးစွဲလောင်ကုန်မှာ၊ မီးငြိမ်းရအောင်ကလည်း ရေရှားသဗျ၊ ရေက ဦးကျော်ဝင်းတို့ တန်းမြင့်ရွာကလူတွေ အထမ်းလောက်နဲ့ပဲရောင်းတာဆိုတော့ တကယ်တမ်း နင်လားငါလားမီးလောင်ရင် ဒီမီးကို ငြိမ်းအောင်သတ်နိုင်မှာမဟုတ်ဘူးဗျ၊ ကျုပ်ပြောရင်းမကြာဘူး မိုက်ခဲညီနောင်ထဲက ညီဖြစ်တဲ့လူက လက်ဆွဲဆီပုံးကလေးကိုင်ပြီး ဓါတ်ဆီလာဝယ်တယ်ဗျ၊ ပြီးတော့ ကုပ်ချောင်းချောင်းနဲ့ ပွဲခင်းထဲလျှောက်သွားတယ်။ ကျုပ်လည်း ဘာရမလဲ သူ့အနောက်ကနေ နောက်ယောင်ခံလိုက်သွားကြည့်တာပေါ့။

သူက လူတည်းခိုတဲ့ တဲတန်းကြီးဆီကိုသွားတာဗျ၊ တဲတန်းကြီးရဲ့အနောက်ဘက်ကနေ ဓါတ်ဆီတွေလိုက်ပက်နေတယ်ဗျာ၊ တဲထဲကလူတော်တော်များများက ပြိုင်ပွဲကိုရောက်နေကြပြီဗျ၊ တဲထဲကျန်တဲ့လူကလည်း ညတုန်းက ပွဲကိုက်လို့ အိပ်နေတဲ့လူလောက်ပဲကျန်မှာ၊ တဲတန်းကြီးမီးလောင်ရင် ဒီမီးက ပွဲဈေးတန်းက ဆိုင်ခန်းတွေကို ကူးမှာပဲဗျာ၊ ဆိုင်ခန်းတွေဆိုတာကလည်း ပြိုင်ပွဲကွင်းကြီးကို ပတ်ပတ်လည်ပြီးဆောက်ထားကြတာဆိုတော့ ဒီဆိုင်ခန်းတွေလောင်ရင် ပြိုင်ပွဲကွင်းထဲကလူတွေအကုန်လုံး မီးတွေဝိုင်းကုန်မှာဗျ၊ မီးလောင်လို့မသေဘူးဆိုရင်တောင်မှ နွားတွေက မီးမြင်တော့ လန့်ပြီး ပြေးကြလွှားကြ ဝှေ့မိကြ အကန်အနင်းခံကြရနဲ့ လူတွေရော နွားတွေပါ တော်တော်ထိခိုက်ကုန်မှာသေချာတယ်။

ကျုပ်ခိုးကြည့်နေတုန်းမှာပဲ အကိုဖြစ်သူရောက်လာတယ်ဗျ။

“ညီလေးရေ ဒီလောက်ဆို တော်ရောပေါ့ကွာ၊ ဒီလောက်လောင်စာနဲ့ဆိုရင် ဒီတဲတွေအကုန်လုံး တစ်ဆက်တည်းမီးလောင်ကုန်မှာကွ”

“ဒါဖြင့်ရင်လည်း မြန်မြန်သာရှို့တော့ အကိုကြီးရာ၊ ဒီလူတွေ မီးလောင်ပြီးသေတာကို ကျုပ်ကြည့်ချင်လှပြီဗျ”

ကျုပ် ဘာလုပ်ရမှန်းကိုမသိတော့ဘူးဗျာ၊ ဦးဘသာကို ပြေးခေါ်ဖို့တွေးမိသေးတယ်၊ ဒါပေမယ့် ကျုပ်ဦးဘသာဆီကိုမရောက်ခင်မှာပဲ မီးကထလောင်တော့မှာဗျ၊ နောက်ဆုံးတော့ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲလို့တွေးပြီး ကျုပ်အရှေ့ကိုတိုးထွက်လိုက်တယ်။

“ဟေ့လူတွေ ခင်ဗျားတို့လုပ်ရပ်တွေကို ရပ်တန်းက ရပ်လိုက်စမ်း”

ကျုပ်ကိုမြင်တော့ ဟိုနှစ်ယောက်လန့်သွားတယ်ဗျ၊ ပြီးတော့မှ သေချာကြည့်ရင်း

“သြော် လတ်စသတ်တော့ မင်းကိုးကွ၊ မင်းဘာဝင်ရှုပ်တာလဲကွ၊ မင်း သေချင်နေပြီလား”

“သေရမှာက ခင်ဗျားတို့ဗျ၊ ကျုပ်တို့ပြိုင်နေရင်း လှည်းရံတိုင်ပျောက်အောင် ခင်ဗျားတို့တတ်တဲ့ စုန်းပညာနဲ့လုပ်ထားမှန်း ကျုပ်မသိဘူးထင်နေသလား”

ဟိုလူနှစ်ယောက် မျက်နှာပျက်သွားတယ်။

“မင်းက ငါတို့ပညာသည်တွေမှန်းသိတယ်ပေါ့လေ”

“သိပ်သိတာပေါ့ဗျာ၊ ဒါတင်ဘယ်ကမလဲ ခင်ဗျားတို့ ဖိနပ်တွေစီးခဲ့ရဲ့သားနဲ့ တာလွှတ်မှာ ကျန်နေအောင် ကျုပ်လုပ်ခဲ့တာဗျ”

ဟိုလူတွေမျက်လုံးပြူးသွားကြတယ်။

“ဟင် . . . ဒါကြောင့်ကိုးကွ၊ လတ်စသတ်တော့ မင်းလည်းပညာသည်ကိုး”

“သိပ်ဟုတ်တာပေါ့ဗျာ၊ ခင်ဗျားတို့ ကိုယ့်ကိုယ်ကိုယ် သိပ်စွမ်းနေပြီလို့ မထင်ကြနဲ့ ခင်ဗျားတို့စွမ်းတယ်ဆိုတာ ကျုပ်အိပ်နေသလောက်ပဲရှိတယ်ဗျ”

ကျုပ်လည်း ဟိုလူတွေကို ဆက်ပြီးဟောက်ဟမ်းတော့တာပဲဗျာ၊ ကျုပ်ပညာတတ်တယ်လို့လည်း ဒီလူတွေထင်သွားပုံရတယ်၊ သူတို့လိုပညာသည်တွေရဲ့ဖိနပ်ကို ကျုပ်က ပညာနဲ့ကျန်အောင် လုပ်လိုက်တယ်ဆိုတော့ ကျုပ်ကိုနည်းနည်းတော့ ဖြုံပြီးလန့်နေပုံပဲဗျ။

“ခင်ဗျားတို့ ကြံစည်ထားတဲ့ အကြံအစည်တွေအကုန်မေ့လိုက်ပြီး ရွာကိုကောင်းကောင်းမွန်မွန် ပြန်ကြပါ၊ မဟုတ်လို့ကတော့ ကျုပ်အကြောင်းသိသွားမယ်”

ညီအငယ်က သူ့အကိုနားကပ်ပြီး

“အကို . . . ဒီလူ့ကို ဘာပညာတတ်သလဲဆိုပြီး စမ်းကြည့်ပေမယ့် သူ့ဆီက ဘာပညာမှစမ်းမရဘူးဖြစ်နေတယ်ဗျာ”

“ညီလေး . . . လူတစ်ဖက်သားကို အထင်မသေးနဲ့ကွ၊ အိပ်ချင်ယောင်ဆောင်နေတဲ့လူက ပိုနှိုးရခက်တယ်တဲ့၊ တချို့ပညာသည်တွေက သူတို့ပညာတတ်မှန်းမသိအောင်လို့ ပညာတွေကို ကွယ်ဝှက်ထားတတ်ကြသတဲ့ကွ၊ ဒီလူက ငါတို့လို ပညာသည်တွေရဲ့ဖိနပ်တွေကို ငါတို့မသိအောင် ဖျောက်ပြီးချန်ထားနိုင်တယ်ဆိုကတည်းက နှယ်နှယ်ရရတော့ ဟုတ်မယ်မတူဘူးဟေ့”

“ဒါပေ့ါကွ၊ ငါ့မှာ အမောက်ငါးဆယ်ရှိတာ မင်းတို့မသိဘူးမဟုတ်လား၊ မင်းတို့တွေ မြန်မြန်လစ်တာကောင်းမယ်ထင်တယ်နော်”

ဒီအခါ အကိုဖြစ်တဲ့လူက ခွက်ထိုးခွက်လန်ရယ်တယ်ဗျ။

“မင်းက တကယ်တော့ အရူးပဲကွ၊ မင်းက အမောက်ငါးဆယ်ရှိတယ်တဲ့လား၊ မင်းမပြောနဲ့ အရှေ့မယ်တော်မှာတောင်မှ အမောက်သုံးဆယ်ပဲရှိတာ၊ ဒါ မင်းလိမ်တာ မင်းသက်သက်ညာနေတာကွ”

ကျုပ်ဖိန့်တာ များသွားပြီဗျာ၊ အကိုဖြစ်တဲ့လူက သူ့လက်ထဲမှာ မီးလုံးစက်လက်နက်ကြီးတစ်ခုဖန်တီးလိုက်ပြီး

“ကဲ မင်းဘယ်လောက်စွမ်းသလဲဆိုတာ သိရအောင် ဟောဒီမီးတွေကို ငြိမ်းလိုက်တော့ဟေ့”

ဓါတ်ဆီလောင်းထားတဲ့ တဲတန်းနံရံဆီကို မီးလုံးကြီးပစ်သွင်းလိုက်တယ်ဗျ၊ ကျုပ်အံ့သြပြီးကြည့်နေတုန်းမှာပဲ သူပစ်လိုက်တဲ့ မီးလုံးကြီးက တဖြည်းဖြည်းသေးသေးသွားပြီးတော့ တဲနံရံကိုမထိခင်မှာပဲ လေထဲမှာပျောက်ကွယ်သွားပါတော့တယ်ဗျာ။ ဒီအဖြစ်ကိုကြည့်ပြီး ဟိုညီအကိုအတော်လန့်သွားတယ်။

“အကိုကြီး ဒီပညာသည်ကို အသေဆော်ကြရအောင်ဗျာ”

ညီအကိုနှစ်ယောက်က ကျုပ်ဆီကို စက်လက်နက်နှစ်ခုနဲ့လှမ်းပစ်တယ်ဗျ၊ ကျုပ်လန့်ပြီး အားခနဲအော်လိုက်မိတဲ့အချိန်မှာပဲ စက်လက်နက်နှစ်ခုက အနောက်ကိုပြန်ကန်ထွက်သွားပြီး ပစ်လိုက်တဲ့လူတွေကို ပြန်ထိပြီး ဟိုညီအကိုနှစ်ယောက် ဂျွမ်းပစ်ကျသွားပါလေရောဗျာ။ ကျုပ်ဖြင့် ကိုယ့်ကိုယ်ကိုယ်တောင်မယုံနိုင်ဘူးဗျ။ ငါပဲ အစွမ်းတွေဘာတွေရနေတာလားပေါ့၊ ကိုယ့်လက်ညှိုးကို လန့်ပြီးကြည့်နေမိတယ်၊ ဒီအချိန်မှာပဲ အကိုဖြစ်သူက ကျုပ်ဆီကို တစ်ဟုန်ထိုးပြေးဝင်လာတာဗျ၊ ကျုပ်လည်း လန့်လန့်နဲ့ သူ့ကိုလက်ညှိုးနဲ့ထိုးထည့်လိုက်တာ ပြေးလာနေရင်း မြေပေါ်ကို လဲကျသွားတယ်၊ မြေပေါ်မှာ လဲပြီး ပြန်ထဖို့အလုပ်မှာတော့ ပြန်မထနိုင်တော့ဘူးဗျ၊ ဘာဖြစ်လို့လဲဆိုရင် သူ့ခြေထောက်တွေက လူခြေထောက်တွေမဟုတ်တော့ဘဲ နွားခြေထောက်လို ခွာကြီးတွေနဲ့ဖြစ်လာတယ်။ ညီဖြစ်သူဆိုရင် အကို့အဖြစ်ကိုကြည့်ပြီး တော်တော်သွေးပျက် ကြောက်လန့်သွားတယ်ဗျ။

ခြေထောက်ကနေ တဖြည်းဖြည်းနဲ့ အပေါ်တက်လာပြီး ခြေသလုံးတွေပါ နွားခြေသလုံးတွေဖြစ်ကုန်တယ်၊ နောက်တော့ ပေါင်ပါ နွားပေါင်ကြီးဖြစ်သွားတယ်ဗျ၊ ခါးအောက်ပိုင်းအထိတက်လာပြီး နွားအမြှီးကြီးပါထွက်လာတယ်၊ အဲဒီကနေတဆင့် တဖြည်းဖြည်းတက်လာပြီးတော့ နောက်ဆုံး လူစင်စစ်ကနေ နွားအဖြစ်ပြောင်းသွားပါတော့တယ်၊ ညီဖြစ်သူက ကျုပ်အရှေ့မှာ ဒူးထောက်ထိုင်ချလိုက်ပြီး ကျုပ်ကို လက်အုပ်တွေဘာတွေချီတယ်ဗျ။

“မ . . . မလုပ်ပါနဲ့ ဆရာကြီးရာ၊ ကျုပ်တို့မှားတာရှိရင် တောင်းပန်ပါတယ်၊ ဒါမျိုးတော့ မလုပ်ပါနဲ့ဗျာ”

ကျုပ်ကလည်း အံ့သြနေရာကနေ

“အိမ်း . . . မင်းတို့အကြံတွေ လက်လျော့လိုက်ပြီလားပြောစမ်း၊ မင်းအကိုကို နွားဖြစ်အောင်လုပ်ထည့်လိုက်သလို မင်းကိုလည်း နွားအဖြစ်ပြောင်းပြီး မင်းတို့နွားညီနောင်ကို ငါ့အိမ်မှာ ခေါ်ခိုင်းပစ်မယ်ကွ”

“မ . . . မလုပ်ပါနဲ့ဗျာ၊ ကျုပ်တို့အစီအစဉ်တွေကိုလည်း လက်လျော့လိုက်ပါပြီ၊ အကို့ကို အကောင်းပကတိဖြစ်အောင် ပြန်လုပ်ပေးပါဗျာ”

ကျုပ်ဘာပြောရမလဲမသိတော့ဘူး။ ဖြီးလက်စနဲ့ ဆက်ပြီးဖြီးရတာပေါ့ဗျာ။

“အေး . . . ဒါဆိုရင် မင်းအကိုကိုခေါ်ပြီး မင်းတို့ရွာကိုပြန်တော့ကွာ၊ ရွာပြန်ရောက်ရင် အကောင်းပြန်ဖြစ်သွားလိမ့်မယ်”

ညီလုပ်တဲ့လူက နွားကိုဆွဲပြီး ပြေးတော့တာပဲဗျာ၊ နွားကြီးကလည်း ကျုပ်ကိုပေစောင်စောင်နဲ့ကြည့်ရင်း ကြောက်အားလန့်အားနဲ့ပြေးထွက်သွားပါတော့တယ်၊ ကျုပ်ကတော့ အခုထိကို ဇဝေဇဝါဖြစ်နေတုန်းပဲဗျ။

“ငါ့ကိုများ ဦးဘသာကြီးက ငါမသိအောင် ပညာတွေထည့်ပေးထားတာများလား”

“အရူးရေ . . . မင်းကိုတော့ ငါက ပညာပေးပါ့မလားကွ”

လှည့်ကြည့်လိုက်တော့ ဦးဘသာကြီးဖြစ်နေတယ်ဗျာ။

“ဟင် ဦးဘသာပါလား၊ ဒါ . . . ဒါဆို ဟိုလူတွေကို လုပ်ထည့်လိုက်တာက ဦးဘသာကြီးလား”

“ဒါပေါ့ကွ၊ ငါရောက်တာကြာနေပြီကွ၊ မင်း ဒီကောင်တွေကို ဖြီးဖြန်းနေတာကြည့်ပြီး ငါက အူတက်နေတာ၊ လှိမ့်လက်စနဲ့ မင်းအစွမ်းကို တကယ်ယုံသွားအောင်လို့ ငါက နောက်ကွယ်ကနေ ကူညီပေးလိုက်တာပဲလေကွာ ဟား ဟား”

“လတ်စသတ်တော့ ဒါကြောင့်ကိုးဗျ”

“ရွှီးတာလည်း ရွှီးတာပေါ့ကွာ၊ ဒါပေမယ့် အမောက်ငါးဆယ်ဆိုတာကြီးကတော့ နည်းနည်းလွန်သကွ”

“ကြောက်မလားလို့ ဖြဲခြောက်ကြည့်တာပါ ဦးဘသာရယ်၊ ဒါနဲ့ ကျုပ်တို့အခုဘာလုပ်ကြမလဲဟင်”

“ဘာလုပ်ရမလဲ အလတ်ကောင်ရာ ဒုန်းတိုက်ပြိုင်ပွဲက ပွဲကောင်းနေပြီကွ၊ ငါတို့သွားကြည့်ရမှာပေါ့”

ကျုပ်နဲ့ဦးဘသာ ပြိုင်ပွဲကွင်းထဲဝင်လာခဲ့တယ်၊ ပြိုင်ပွဲတွေက ပြီးခါနီးနေပါပြီဗျာ၊ ဒီတစ်ချီကျတော့ ကိုဗလကြီးနဲ့ တခြားလှည်းတစ်စီးပြိုင်မှာဗျ။ ဦးဘသာက ကျုပ်ကိုလက်တို့ရင်း

“အလတ်ကောင် ဘယ်သူနိုင်မယ်လို့ မင်းထင်သလဲ”

“ကျုပ်ကတော့ ဟိုလူနိုင်မယ်ပဲထင်တယ်၊ ဟိုလူ့နွားက ခပ်ကြီးကြီးဗျ၊ ဒီလူ့ကြည့်ရတာလည်း ပညာတော်တော်ပြည့်နေပုံပဲ၊ ကိုဗလကြီးကတော့ နာမည်သာရှိပေမယ့် လူက နှစ်ပေတစ်လက်မလောက်ရှိတာ ဒီလူနဲ့ပြိုင်လို့ နိုင်ပါ့မလားဗျာ”

“လှည်းဒုန်းတိုက်ပြိုင်တယ်ဆိုတာ စည်းကမ်းသိပ်မရှိဘူးကွ၊ အရင်ပန်းဝင်တဲ့လူက အနိုင်ပဲ၊ ငါကတော့ ဗလကြီးနိုင်မယ်လို့ပဲထင်တယ်၊ ရော့အလတ်ကောင်”

ဦးဘသာက ပိုက်ဆံထုတ်ပေးတယ်ဗျ။

“ဒါက ဘာလုပ်တာလဲ ဦးဘသာ”

“ဗလကြီးဘက်ကနေ အစိတ်ဖိုးသွားလောင်းကွာ၊ နိုင်ရင် မုန့်ဖိုးရတာပေါ့ကွ”

ဦးဘသာပေးတဲ့ပိုက်ဆံယူပြီး လောင်းကြေးထပ်တဲ့နေရာကိုလာခဲ့လိုက်တယ်၊ အဲဒီမှာ လောင်းကစားဒိုင်ဖွင့်ပြီး တရားဝင်သဘောမျိုးကို အလျော်အစားတွေလုပ်နေတာဗျာ၊ ကျုပ်ကတော့ ကိုဗလကြီးကို သိပ်မထင်ဘူးနော်၊ သူ့နွားတွေက မကောင်းလောက်ဘူးဗျ၊ နောက်ပြီး ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် အကိုကြီးနဲ့ပြိုင်ဘက်သဘောမျိုးဖြစ်ထားကတည်းက ကိုဗလကြီးကို အထင်မကြီးတာလည်းပါတာပေါ့ဗျာ။ ဦးဘသာက ထိုးခိုင်းတော့လည်း ကိုဗလကြီးဘက်ကိုထိုးရတာပေါ့။

ပွဲစပြီဗျ၊ တာလွှတ်ဒိုင်က အလံချိုးပြီး မောင်းထုလိုက်တာနဲ့ နွားလှည်းတွေက မြှားဦးလွှတ်လိုက်သလို တစ်ချိုးတည်းခုန်ပေါက်ထွက်လာကြတယ်၊ ဒုန်းလှည်းဆိုတာ လှည်းဆိုတဲ့အမည်တပ်ရရုံပဲရှိတယ် ခပ်သေးသေးကလေးတွေဗျ၊ လှည်းပေါ်ကလူက မတ်တပ်ရပ်ပြီးမောင်းရတာ၊ လှည်းရဲ့သဘောကိုက ပေါ့တဲ့လှည်းက ပိုမြန်တာထုံးစံပဲ၊ ပေငါးရာအကွာပေးရတယ်ဆိုပေမယ့် ပန်းဝင်ဖို့က တစ်မိနစ်တောင်မကြာဘူးဗျာ၊ ဒုန်းလှည်းတွေဆိုတော့ ဒုန်းတိုက်ပြီး အမြန်မောင်းကြတာ၊ ကိုဗလကြီးလှည်းက ဟိုဘက်က ပြိုင်တဲ့လူရဲ့လှည်းနဲ့ ရင်ဘောင်တန်းပြီးပြေးနေတာဗျ၊ လူတွေလည်းအတော်စိတ်ဝင်စားတယ်ဗျာ၊ ပြိုင်တူနီးပါးယှဉ်ပြေးနေရင်း ပန်းဝင်ခါနီးကျတော့ ကိုဗလကြီးက လှည်းပေါ်ကနေလွှားခနဲမိုးပေါ်ခုန်တက်လိုက်တယ်။ မိုးပေါ်ခုန်လိုက်တဲ့အချိန် လှည်းက နည်းနည်းပေါ့သွားတော့ တစ်ဖက်လှည်းထက် နည်းနည်းပိုမြန်သွားတယ်ဗျာ၊ ကိုဗလကြီးက လှည်းအနောက်မြီးနားကို ပြန်ကျတယ်၊ ဒီလိုလုပ်လိုက်တော့ ပြိုင်တူပြေးနေရာကနေ ကိုဗလကြီးလှည်းက နှာတစ်ဖျားလောက်သာပြီး ပန်းဝင်ကြိုးကို အရင်ဆုံးဝင်တိုးတော့တယ်ဗျာ၊ သမာဓိရုပ်ကြီးက ကိုဗလကြီးဘက်ခြမ်းကို လက်ညှိုးထိုးပြထည့်လိုက်တာပေါ့၊ လူတွေဆို အော်လိုက်ကြတာပြောမနေပါနဲ့။ ဦးဘသာလည်း ပြုံးလို့ရယ်ဗျ။

“တွေ့တယ်မဟုတ်လား အလတ်ကောင်ရ၊ လှည်းစက္ကူ လူသိကြားတဲ့၊ ဗလကြီးက နွားနှင်တဲ့ပညာတော့ အတော်ကျွမ်းတယ်ကွ၊ ကဲ နိုင်ပြီ ပိုက်ဆံသွားထုတ်တော့၊ ပွဲဈေးတန်းမှာ ခေါက်ဆွဲသွားစားရအောင်ဟေ့”

“မရှိတော့ဘူး ဦးဘသာ ကုန်ပြီ . . . ကုန်ပြီဗျ”

“ဟေ . . . မင်း ဗလကြီးကို လောင်းလိုက်တာမဟုတ်ဘူးလားကွ”

“ဒီလောက်ပုတတ်တတ် လူစဉ်မမီတဲ့လူက မနိုင်လောက်ဘူးလို့တွေးမိပြီး ဟိုဘက်လူကို ထိုးခဲ့မိတာဗျ”

“တောက် အလတ်ကောင်ရာ၊ ကျွန်ယုံရင်တစ်ဖက်ကန်း သားသမီးယုံစုံလုံးကန်းတဲ့၊ မင်းလိုကောင်မျိုးကိုသာ ယုံမိရင်တော့ မျက်စိဆယ်လုံးရှိလည်း လောက်မှာမဟုတ်ဘူးကွ”

ဦးဘသာက ဒေါသထွက်ထွက်နဲ့ပြောပြီး လူအုပ်ကြားထဲတိုးဝင်သွားပါတော့တယ်ဗျာ။ ဒါကတော့ ကျုပ်တို့ငယ်ငယ်က နွားပွဲအတွေ့အကြုံလေးပေါ့ဗျာ၊ ခုခေတ်တော့ နွားဆိုတာကိုလည်းလူတွေသိပ်မသုံးတော့သလို နွားကိုလည်း တယုတယအမြတ်တနိုးမွေးတဲ့လူ ရှားသွားပြီဗျ၊ ဒီတော့လည်း နွားပွဲတွေ နွားလှည်းပြိုင်ပွဲတွေဆိုတာ ကျုပ်တို့နယ်မှာ ပပျောက်သွားတာ အတော်ကြာပြီပေါ့ဗျာ၊ နောက်လူတွေကို ဘုရားပွဲထက် နွားပွဲပိုစည်တဲ့အကြောင်းပြောလိုက်ရင် ယုံချင်မှယုံကြတော့မှာဗျ။

ပြီးပါပြီ။

 

Leave a Reply

Your email address will not be published. Required fields are marked *