အရီးမယ်ခ (စ/ဆုံး)
ရေးသားသူ…တာတေ
တာတေရေးခဲ့တဲ့ ‘စုန်းမ’ဝတ္ထုထဲမှာ အရီးမယ်ခ
အကြောင်းကို ဖတ်ဖူးခဲ့ကြမှာပါ။ ကျုပ်တို့ ထ
နောင်းကုန်းက ပညာသည်ကြီးပေါ့ဗျာ။ ဟိုတုန်း
က စုန်းဆိုတာ သေချာသွားရင် ရွာပြင်ထုတ်ကြ
တယ်လို့ ကျုပ်ကြားဖူးတယ်။အရီးမယ်ခကတော့
အလိုက်သိတဲ့အနေနဲ့ မြောက်ပိုင်းက အစွန်ဆုံး
ဝိုင်းမှာ တစ်ယောက်တည်းသွားနေတာဗျ။
အရီးက ရွာထဲကို အသွားအလာလည်း မလုပ်
ဘူးဗျ။ ရွာထဲကလူတွေကလည်း အရီးကို
အဆက်အဆံမလုပ်ကြဘူး။ အရီးမယ်ခအိမ်ကို
အိမ်အဝင်အထွက်ရှိတာဆိုလို့ တာတေတစ်
ယောက်ပဲ ရှိတာဗျ။ အရီးကလည်း ကျုပ်ကို
လွှတ်ခင်တာဗျ။ ကျုပ်ကလည်း ဘာခိုင်းခိုင်း
အကုန်လုပ်ပေးတာ။
“တာတေ မင်းကတော့ ဘယ်နေ့ အူတွေ အသည်း
တွေ ထုတ်စားခံရမလဲမသိဘူး”
လို့ ကျုပ်ကိုပြောတဲ့သူကပြောသဗျ။
မယ်ခကြီး စိတ်ရိုင်းဝင်သွားတဲ့နေ့ကြရင် မင်းကို
လည်ချောင်းသွေးဖောက်ပြီး ယစ်ပူဇော်လိမ့်မယ်”
လို့ ပြောတဲ့သူကပြောပေါ့ဗျာ။
ကျုပ်အမေကိုယ်တိုင်တောင် ကျုပ်ကို အရီးမယ်ခ
နဲ့ ပေးစားပြီးပြောတာဗျ။
ဟဲ့ တာတေ…နင့်မယားကြီးမယ်ခက နင့်ကိုခုထိ
မပြုစားသေးဘူးလား”
ကျုပ်ဆိုတဲ့ ကောင်ကလည်း ဘယ်သူတွေ ဘာ
ပြောပြောဗျာ အရီးကို ခင်တာပဲ။ အရီးအိမ်ကို
ပုံမှန်ပဲ ဝင်ထွက်နေတာပဲဗျ။
ကျုပ်က ဝက်သားကြိုက်တဲ့မှန်းသိလို့ ဝက်သား
ချက်တဲ့နေ့ဆိုရင် အရီးက ကျုပ်ကို တမျှော်မျှော်
နဲ့ နေတာဗျ။
ကျုပ်ကလည်း သိပ်စပ်စုတတ်တဲ့ကောင်ဆိုတော့
အရီးကို ဟိုမေးဒီမေးပေါ့ဗျာ။ကျုပ်မသိသင့်တာ
ကျတော့လည်း အရီးက ပြောမပြပါဘူးဗျ။
အရီးကျုပ်ကို လုပ်ပြခဲ့တဲ့ အထူးအဆန်းတွေထဲ
ကနေ ကျုပ်မှတ်မိတာလေးတွေကို ‘စုန်းမ’ ဝတ္ထု
ထဲမှ ထည့်ရေးပြခဲ့ပြီးပါပြီ။ အဲဒီတုန်းက ထည့်
မရေးခဲ့တဲ့ အကြောင်းလေးတွေ ရှိသေးတယ်ဗျ။
အဲဒါလေးတွေကို ကျုပ်ရေးပြချင်လို့ဗျို့။
ကြိုးခွေကို မြွေဟောက်ကြီးဖြစ်အောင် လုပ်ပြ
တာတွေ။ ကျောက်စရစ်ခဲလေးတွေကို ဝါးဆစ်
ပိုင်းထဲရောက်အောင် ထည့်ပြတာတွေ။ သက်
ကယ်စလေးတွေကို ချိုးဖဲ့ပြီး ဆန်ကောထဲမှာ
ဆန်ပြာသလို ပြာလိုက်တာ ငါးလေးတွေ ဖြစ်
သွားတာတွေကျုပ်ရေးခဲ့ဖူးပါတယ်။
အရီးမယ်ခက ယာတွေအများကြီး ပိုင်တာဗျ။
ပဲနှုတ် နှမ်းနှုတ်လုပ်ဖို့ ရွာထဲမှာ လူငှားလို့
မရဘူးလေဗျာ။
အရီးဆိုရင် လူတွေ ရှောင်ကြတာ။ အရီးကလည်း
ရွာထဲက လူတွေက ဘယ်တော့မှ မခေါ်ဘူးဗျ။
သူတူတွေ တူမတွေကပဲ သူ့ပဲတွေ နှမ်းတွေကို
သိမ်းပေးရ။ သူတို့သိမ်းလို့ မနိုင်တော့ဘူးဆိုရင်
အရီးမယ်ခက ညဘက်ကြီး ယာထဲကို ထွက်သွား
ရောဗျ။ မနက်မိုးလင်းလို့ သူ့တူတွေတူမတွေ
ယာထဲဆင်းလာပြီဆိုရင် ပဲတွေ နှမ်းတွေက
အားလုံး နှုတ်ပြီးသားတွေတဲ့ဗျာ။
နှုတ်ယုံတင်မကပဲ အဆင်သင့် ပုံထားပြီးသား
ဗျ။ နှမ်းဆိုလည်း ထောင်ပြီးသားဗျ။
အဲ တစ်ခုတော့ရှိသဗျ။နှမ်းတွေပဲတွေ အားလုံးကို
သိမ်းပြီးပြီဆိုရင်တော့ အရီးမယ်ခက အိုးကြီးတွေ
နဲ့ အမဲသားတွေ အပြည့်ချက်တာဗျို့။
ကျုပ်က လှည်းမောင်းရတာပေါ့ဗျာ။ လှည်းပေါ်မှာ
ထမင်းအိုးဟင်းအိုးတွေ တင်ပြီး ရွာပြင်ထွက်။
ရွာပြင်မှာ ငှက်ပျောဖက်တွေခင်းပြီး ထမင်းနဲ့
အမဲသားဟင်းကို ဖက်တွေပေါ်မှာ လိုက်ပုံရတာဗျာ။
ပြီးတော့ အရီးမယ်ခက ကျွေးတော့မွေးတော့
တာပဲဗျို့။ သူ့ယာကို ကူသိမ်းပေးတဲ့ ကောင်တွေ
ဖြစ်မှာပေါ့ဗျာ။အရီးမယ်ခကတော့ ပါးစပ်က
ပွစိပွစိနဲ့ ပြောတာဗျ။
ကျုပ်ကတော့ ဘာမှ မမြင်ရဘူး။ အားလုံးကိစ္စ
ပြီးသွားရင်တော့ ကျုပ်က ကျန်နေတဲ့ဖက်ရွက်
တွေကို မြေကျင်းနက်နက်တူးပြီး မြှုပ်ပေးရ
တယ်ဗျ။ ထနောင်းကုန်း တစ်ရွာလုံးက အရီး
မယ်ခကို စုန်းမကြီးဆိုပြီး ဝိုင်းပယ်ထားကြပေ
မယ့် အရီးမယ်ခကတော့ သူ့ယာတွေ အများ
ကြီးကို အဆင်ပြေပြပဲ လုပ်ကိုင်နေတာပဲဗျို့။
တစ်ရက်ကြတော့ အရီးနဲ့ကျုပ်နဲ့ မီးလောင်ကုန်းက
ပြန်လာတဲ့လမ်းမှာ ကျုပ်တို့ရှေ့တည့်တည့်ကနေ
မြွေကြီးတစ်ကောင်ပြေးလာတာနေကို တွေ့လိုက်
ရတယ်ဗျ။
မြွေကဖြူတူတူကြီးဗျ။လူကြီးလက်မောင်းလောက်
ရှိတယ်။ အံသြစရာကောင်းတာက ခေါင်းမှာ
နီရဲနေတဲ့ အမောက်ကြီးပါတယ်ဗျ။
“တာတေ ရပ်နေ”
လို့ အရီးမယ်ခက ကျုပ်ကိုပြောပြီး သူရောကျုပ်
ရော ရပ်နေလိုက်ကြတယ်ဗျ။ ကောင်းကင်ကို
မော့ကြည့်တော့ သိန်းငှက်တစ်ကောင်ဗျ။ သြော်
ဒါကြောင့် ဒီမြွေကြီး အသက်လုပြေးတာလို့
ကျုပ်တွေးလိုက်တယ်ဗျ။
အရီးမယ်ခက ချက်ချင်းပဲ ကောင်းကင်က သိန်း
ငှက်ကြီးကို လက်ညှိုးနဲ့ထိုးပြီး မြေကြီးပေါ်ကို
ဖနောင့်နဲ့ ပေါက်ချလိုက်ရောဗျ။
“ဖုန်း”
ဟာ…သိန်းငှက်ကြီး မြေပေါ်ကို ပြုတ်ကျသွားပြီဗျို့။
ဟော…အမောက်နီတဲ့မြွေကြီးက အရီးမယ်ခကို
ခေါင်းလေးနှိမ့်ပြီး အရိုအသေ ပေးသလို လုပ်တယ်
ဗျ။ ပြီးတော့ ကျုပ်တို့ ရှေ့ကနေ လမ်းဘေးကို
ဆင်းပြီး ထွက်သွားတယ်။
“အရီး ဟိုသိန်းငှက်ကြီး သေသွားပြီလား”
“မသေပါဘူးဟယ်…သူ့ကိုငါသေအောင် မလုပ်ပါဘူး
ခဏကြာရင် သတိရပြီး ထပျံသွားမှာပါ။ငါဒီလိုမှ
မလုပ်ရင် ဟိုနဂါးသေမှာဟဲ့”
“ဟဲ့ အဲဒါ နဂါးလား အရီး”
“နဂါးလေ တာတေရယ် ခေါင်းပေါ်မှာ အမောက်
အနီကြီး မတွေ့ဘူးလား”
“တွေ့တယ်အရီး ကျုပ်က နဂါးဆိုတာ အကောင်
ကြီး အကြီးကြီးမှတ်လို့”
“ဒါက နဂါးမျိုးနွယ်ပေါ့ဟယ်၊ ဟိုအကောင်သိန်း
ငှက်ကလည်း ဂဠုန်မျိုးနွယ်ပေါ့တာတေရယ်”
ဒီတော့မှ ကျုပ်လည်း နဂါးမျိုးနွယ် ဂဠုန်မျိုးနွယ်
တွေကို သိသွားတာဗျ။
ခဏကြာတော့ ကျုပ် နောက်ကို လိုက်ကြည့်
လိုက်တယ်။
“ဟာ…ဟိုမှာ သိန်းငှက်ကြီး ထပျံသွားပြီး အရီး”
“အေး…သွားပစေ သွားပစေ”
လို့ အရီးက ပြောလိုက်ရောဗျို့။
အဲဒီနေ့က အရီးမယ်ခကို့ သူ့အိမ်ရောက်အောင်
ပြန်ပို့ပြီးမှ ကျုပ်အိမ်ကို ပြန်ခဲ့တယ်။
ပြီးပါပြီ
မူရင်းရေးသူ ဆရာ တာတေ
စာဖတ်သူများ စိတ်ရွှင်လန်းကြပါစေ