အောင်မြတ်သာနှင့်သရဲမကြောက်ကိုသံဒေါက်
+++++++++++++++++++++++++++++++
“ သရဲတစ္ဆေရှိတယ်ဆိုတာ မင်းယုံလား”
အဆက်စပ်မရှိမေးလိုက်တဲ့ စကားကြောင့် လက်ဖက်ရည်သောက်နေတဲ့ ကိုသံဒေါက် မျက်လုံးကိုပင့်ကြည့်ကာ
“ မင်းကဘာလို့ အခုလိုမေးတာလဲ”
“ ငါတို့ရွာရဲ့အနောက်ဘက် ထနောင်းပင်က သရဲခြောက်တယ်ဆိုပြီးနာမည်ကြီးနေလို့၊ မနေ့ကလဲ မနက်ပိုင်းပဲပြုတ်ထရောင်းတဲ့ ဒေါ်မေအိကို ထနောင်းပင်ပေါ်ကနေ လက်မဲမဲကြီးနဲ့ လှမ်းဆွဲလို့တဲ့ဟေ့”
“ မင်းတို့တော့မသိဘူး၊ ငါကတော့ သရဲတစ္ဆေတွေကိုမယုံဘူး”
ကိုသံဒေါက်စကားကြောင့် ဘေးဝိုင်းမှာထိုင်နေတဲ့ ဦးလူဝက အနားကိုတိုးလာပြီး
“ ဟေ့ကောင် သံဒေါက် မင်းက သရဲတစ္ဆေတွေကို မယုံဘူးဆိုတော့ ဘုရားဟောကိုမယုံတဲ့ သဘောလား”
“ ဦးလူဝ ကျုပ်သရဲတစ္ဆေတွေကို မယုံတာနဲ့ ဘုရားက ဘာဆိုင်လို့လဲ”
“ ဒါဆို မင်းညသန်းခေါင်အချိန် ငါပြောတဲ့အတိုင်း လုပ်မလား”
ဦးလူဝရဲ့စကားကြောင့် သံဒေါက် ရေနွေးကို ထွီခနဲ ထွေးထုတ်လိုက်ပြီး
“ ကျုပ်က ဘာလုပ်ရမှာလဲ၊ ကျုပ်လုပ်နိုင်ရင်ကော ခင်ဗျားက ဘာပေးမှာလဲ”
“ မင်း ငါပြောတဲ့အတိုင်းလုပ်နိုင်ရင် ငါ့အိမ်က နွားမဒန်းတစ်ကောင်ပေးမယ်ကွာ၊ မင်းမလုပ်နိုင်ရင်တော့ ငါ့ကိုဝက်တစ်ကောင်ပြန်ပေး”
“ စိန်လိုက်လေ၊ သံဒေါက်က စိန်ခေါ်ရင် ဘွာမခတ်ဘူး၊ ကျုပ်ဘာလုပ်ရမလဲပြော”
ဦးလူဝနဲ့ သံဒေါက်ရဲ့စကားကြောင့် ဘေးဝိုင်းကလူတွေစိတ်ဝင်တစားနဲ့ အနားကိုတိုးလ ခဲ့ကြတယ်။
“ ဒီည ၁၂နာရီ ရွာအနောက်က ထနောင်းပင်ပေါ်တက်ပြီး ပင်စည်ခွကြားမှာရှိတဲ့ မြေအိုးကို သွားယူရမယ်”
“ ပင်စည်ခွကြားမှာ မြေအိုးက ဘယ်လိုလုပ်ရှိမှာလဲဗျ”
“ ရှိတာပေါ့ သံဒေါက်ရ၊ မင်းမယုံရင် ငါလိုက်ပြမယ်”
“ ဒါဆိုလဲပြဗျာ”
သံဒေါက်စကားကြောင့် ဦးလူဝက ထနောင်းပင်ရှိတဲ့ဘက်ကိုခေါ်သွားရာ ပင်စည်ခွကြားမှာ မြေအိုးတစ်လုံးရှိနေတာ မြင်လိုက်ရတယ်။
“ ဒီမြေအိုးက ဘယ်ချိန်ထဲက ရှိနေတာလဲ”
“ ဒါတော့ငါလဲမသိဘူး၊ မင်းသာ ညသန်းခေါင်အချိန် ဒီမြေအိုးကိုယူလာနိုင်ရင်ရပြီ”
“ ဟုတ်ပြီလေ၊ ကျုပ်ရအောင်ယူခဲ့မယ်”
သံဒေါက်က ယုံကြည်မှုအပြည့်ရှိတဲ့ ဟန်နဲ့ပြောပြီး ရွာထဲကိုပြန်ဝင်လာခဲ့လိုက်တယ်။
ညဦးပိုင်းအချိန်ရောက်တော့ ဦးလူဝ၊ သံဒေါက်နဲ့အခြားရွာသားတွေက ဆွမ်းလောင်းတဲမှာစုပြီး ရောက်တတ်ရာရာ စကားတွေကိုပြောဆိုနေခဲ့ကြတယ်။ ဒီလိုနဲ့ သန်းခေါင်အချိန်ရောက်ရော သံဒေါက်က လုံချည်ကို ခပ်တိုတိုဝတ်ပြီး
“ ကျုပ် ဓါတ်မီးတစ်လက်တော့ယူသွားမယ်၊ ရတယ်မလား”
“ ဓါတ်မီးလောက်ကတော့ရပါတယ်၊ မင်းတစ်ခုခုဖြစ်ရင် ငါတို့နဲ့မဆိုင်ဘူးနော်”
“ သံဒေါက်ပါဗျ၊ ပြောတဲ့စကားကို တာဝန်ယူတယ်”
သံဒေါက်က ယုံကြည်ချက်အပြည့်နဲ့ပြောပြီး ဓါတ်မီးတစ်လက်ကိုယူကာ ထနောင်းပင်ရှိတဲ့ဘက်ကို ထွက်သွားခဲ့လိုက်တယ်။
ဆွမ်းလောင်းတဲမှာရှိတဲ့သူတွေကတော့ သံဒေါက် ငယ်သံပါအောင်အော်ပြီးပြေးလာမလား၊ မြေအိုးကိုပဲအရယူလာမလားဆိုပြီး စိတ်ဝင်စားနေခဲ့ကြတယ်။
နာရီဝက်လောက်ကြာတဲ့အချိန်မှာတော့ ဓါတ်မီးရောင်တဝင်းဝင်းနဲ့ပြန်လာတဲ့ သံဒေါက်ကိုမြင်လိုက်ရပြီး သူ့လက်ထဲမှာတော့ မြေအိုးတစ်လုံးပါလာခဲ့တယ်။
ဒီမြင်ကွင်းကိုမြင်တဲ့ ဦးလူဝက သူ့နဖူးသူလက်နဲ့ရိုက်ပြီး
“ ငါတော့ နွားတစ်ကောင်ဆုံးပါပြီကွာ” လို့ရေရွတ်လိုက်ပါတော့တယ်။
သံဒေါက်က အဲလိုလူစားမျိုး။
သံဒေါက်နဲ့ပတ်သတ်ပြီး ဦးလူဝလို အဖြစ်မျိုးရင်ဆိုင်လိုက်ရတဲ့လူတစ်ယောက် ထပ်ရှိသေးတယ်။
သူ့နာမည်က ဦးသီလ။
ဦးသီလက ဘာသာရေးသမား၊ နေ့စဉ်နေ့တိုင်း ဘုန်းကြီးကျောင်းတက်၊ တရားဓမ္မအကြောင်းတွေ ဆွေးနွေးနေတတ်သူ။
ဒီတစ်ကြိမ်လဲ ဦးသီလတို့ တရားဆွေးနွေးနေတဲ့ ဘေးကို သံဒေါက်ရောက်လာခဲ့တယ်။
ဦးသီလတို့ဆွေးနွေးနေတဲ့အကြောင်းက ဓါတ်ကြီးလေးပါးအကြောင်းမို့ သံဒေါက်က ဘာတစ်ခွန်းမှဝင်မပြောပဲဘေးကနေ နားထောင်နေခဲ့တယ်။
“ ထမင်းဟင်းတွေက ပုတ်သိုးသွားရင် လူတွေက ဘာလို့မစားကြတော့တာလဲ”
“ ပုတ်သိုးမှတော့ဘယ်လိုစားလို့ရတော့မလဲ”
“ တရားရှိတဲ့သူဆိုရင် ပုတ်သိုးနေလဲ တရားအမှတ်နဲ့ စားရင်စားလို့ရတယ်မလား”
တရားဓမ္မဆွေးနွေးပွဲကနေ စကားနိုင်လုတဲ့အခြေအနေကိုရောက်လာတာမို့ သံဒေါက် ဟက်ခနဲရယ်လိုက်ပြီး
“ ကျုပ်က ဗဟုသုတရမလားလို့ နားထောင်နေပါတယ်၊ ခင်ဗျားတို့က စကားနိုင်လုနေကြတာပဲ၊ ကျုပ်ဆိုရင်တော့ စားလို့မသေတဲ့အရာဆိုရင်အကုန်စားမှာ” လို့ပြောလိုက်ရာ ဦးသီလက သံဒေါက်ကို လှည့်ကြည့်ပြီး
“ ဒါဆို မင်းက မစင်ဆိုရင်ကော စားမှာလား”လို့ပြောလိုက်ရာ သံဒေါက်က ဘာမှမဖြေပဲ ခနဲ့တဲ့တဲ့ပြုံးကာ ထိုင်ရာကနေ ထွက်သွားခဲ့တယ်။
ဒီကိစ္စတွေဖြစ်ပြီး နှစ်ရက်လောက်အကြာမှာတော့ ဦးသီလ၊ ဦးမောင်ဝင်းနဲ့ သံဒေါက်တို့ ဘုန်းကြီးကျောင်းဆွမ်းစားဆောင် ဆောက်ဖို့ကိစ္စပြောရင်း ရွာထဲကိုဝင်လာတဲ့အချိန် အင်ရွက်ခြောက်တွေပေါ်မှာ ခွေခွေလေးဖြစ်နေတဲ့ ခွေးချီးပုံတစ်ပုံကိုမြင်လိုက်ရတယ်။
ဒါကိုမြင်တဲ့ ဦးသီလက နှာခေါင်းကိုပိတ်ကာ တံတွေးထွေးလိုက်တာကြောင့် သံဒေါက်က ခေါင်းကိုခါယမ်းလိုက်ပြီး
“ ဘုရားတရားအမြဲလုပ်တဲ့သူက ဒါလေးကို ရွံစရာလို့ သတ်မှတ်တာလား”
“ ဟေ့ကောင်ရ ခွေးချီးပုံကို ရွံစရာလို့ မသတ်မှတ်ရင် ဘယ်လိုသတ်မှတ်ရမလဲ”
“ တရားသဘောနဲ့ မှတ်မယ်ဆိုရင် မစင်ဆိုတာ အစားအစာကလာတာလေ၊ ဒါကြောင့် မစင်လို့မတွေးပဲ အစာဟောင်းလို့ တွေးလိုက်ရင် ရွံစရာမဖြစ်တော့ဘူးပေါ့”
“ ဟေ့ကောင် သံဒေါက် မင်း စကားကို ကပ်ပြီးမပြောနဲ့၊ မင်းသာ ခွေးချီးကို အစာဟောင်းလို့သတ်မှတ်ပြီး စားပြရဲလား”
“ ကျုပ်စားပြရင် ဦးသီလ ဘာပေးမှာလဲ”
“ မင်းတကယ်စားပြရင် လယ်နှစ်ဧက ပေးမယ်ကွာ”
“ တကယ်ပြောတာလား၊ ဦးမောင်ဝင်း ခင်ဗျားသက်သေရှိတယ်နော်”
သံဒေါက်က ဘေးမှာပါလာတဲ့ ဦးမောင်ဝင်းကို သက်သေခေါ်လိုက်တယ်။
“ သံဒေါက် မင်းကတကယ်စားမလို့လား”
“ တကယ်စားမှာပေါ့ဗျ၊ လယ်နှစ်ဧကဆိုတာ နည်းတာမှမဟုတ်တာ”
သံဒေါက်ရဲ့စကားကြောင့် ဦးသီလ ဟက်ခနဲရယ်လိုက်ပြီး
“ ဒါဖြင့်လဲ စားလေကွာ၊ အကုန်ကုန်ရင် မင်းကိုငါပိုင်တဲ့လယ်ထဲက နှစ်ဧက ချက်ချင်းပေးမယ်”
“ စိန်လိုက်လေ”
သံဒေါက်က အင်ဖက်ပေါ်မှာ ခွေခွေလေးဖြစ်နေတဲ့ ခွေးချီးပုံဘေးမှာထိုင်လိုက်ပြီး ဦးသီလကို လှမ်းကြည့်လိုက်တယ်။
ခွေးချေးက မဲနက်နေပြီး ထိပ်ဖျားလေးမှာ သားရည်ပင်းအနီလေးတောင်မြုပ်နေတာကြောင့် သံဒေါက်က သားရည်ပင်းကို လက်နဲ့ဆွဲထုတ်လိုက်ပြီး အင်ဖက်ပေါ်တင်ထားတဲ့ ခွေးချီးကိုလက်နဲ့ကျုံးကာစားပါလေရော။
ခွေးချီးကိုပလုပ်ပလောင်းနဲ့စားနေတဲ့ သံဒေါက်ကိုမြင်ပြီး ဦးသီလရော ဦးမောင်ဝင်းပါ တဝေါ့ဝေါ့နဲ့ထိုးအန်နေပေမယ့် သံဒေါက်ကတော့ မျက်နှာတစ်ချက်မပျက်ပဲ စားနေခဲ့တယ်။
ခွေးချေးပုံတစ်ပုံလုံး ကုန်စင်သွားပြီးချိန်မှာတော့ သံဒေါက်က ဦးသီလကို မျက်စပစ်ပြလိုက်ပြီး
“ ညနေကျရင် ပေးမယ့်လယ်နှစ်ဧကကို ရွေးထားပေတော့” လို့ပြောကာ ခွေးချေးတွေပေးနေတဲ့လက်ကို ပုဆိုးနဲ့သုတ်ကာ ထွက်သွားခဲ့တယ်။
တကယ်တော့ သံဒေါက်က ဦးသီလကို ပညာပေးခဲ့ခြင်းပင်။ သံဒေါက်စားခဲ့တဲ့ ခွေးချေးက ခွေးချေးအစစ်မဟုတ်ခဲ့။ ကောက်ညှင်းငချိတ်ကို ညက်နေအောင် ဆုံထဲထည့်ထောင်းပြီး ခွေးချေးပုံစံလုပ်ထားခြင်းပင်။ ဦးသီလတို့ ယုံအောင်လို့ သားရည်ပင်းတောင်အဆစ်ထည့်ထားပေးပြီး လယ်နှစ်ဧကကို အရယူခဲ့တဲ့သူ။
ဒီအကြောင်းအရာတွေကို နောက်နှစ်အတော်ကြာမှ သံဒေါက်ကိုယ်တိုင်ပြန်ပြောပြ၍ သိရှိခဲ့ရခြင်းပင်။
ဒါကြောင့်လဲ ရွာထဲမှာ သံဒေါက်နဲ့ ဘယ်သူမှစကားနိုင်လုပြီးမပြောရဲကြ။ တစ်ရက်မှာတော့ သံဒေါက်ကို အစွဲချွတ်ပေးမယ့်သူတစ်ယောက် ရွာကိုရောက်လာခဲ့တယ်။
သူ့နာမည်က အောင်မြတ်သာ။
အောင်မြတ်သာတို့ရွာကိုရောက်လာပြီး ပယောဂကုပေးခြင်း၊ ကျန်းမာရေးမကောင်းသူများကို ဆေးဝါးကုသပေးခြင်းတွေဆောင်ရွက်နေတာကို သံဒေါက်က လုံးဝသဘောမကျ။ ဒါက လူတွေကို လိမ်ပြီးလုပ်စားနေတာဆိုပြီး အမြဲပြောတတ်သူ။
တစ်ရက်မှာတော့ အောင်မြတ်သာတို့ ပယောဂကုနေတဲ့အိမ်ကို သံဒေါက်မယောင်မလည်နဲ့ရောက်လာခဲ့တယ်။ သံဒေါက်က ထုံးစံအတိုင်း စကားတစ်ခွန်းမှမပြောပဲ အောင်မြတ်သာရဲ့ကုထုံးတွေကို မျက်တောင်မခတ်တမ်းကြည့်နေရင်းကနေ
“ အင်းစောင့်၊ ဆေးစောင့်ဆိုတာ တကယ်ရှိရင် ကျုပ်လိုလူကောင်းကို ယုံအောင်သက်သေပြစမ်းပါ” လို့မကြားတကြားလှမ်းပြောလိုက်တယ်။
ဒါကိုကြားလိုက်တဲ့ အောင်မြတ်သာက အနည်းငယ်ပြုံးလိုက်ပြီး မိမိရဲ့လူနာကိုသာ ဆက်လက်ကုသနေခဲ့တယ်။
လူနာကုသမှုပြီးစီးတဲ့အချိန်မှာဝောာ့ အိမ်ရှေ့လှေကားရင်းမှာထိုင်နေတဲ့ သံဒေါက်ဆီကိုသွားပြီး
“ ကိုယ့်လူက သရဲတစ္ဆေတွေ၊ ပရလောကသားတွေကို အယုံကြည်မရှိဘူးလို့ကြားတယ်၊ အဲဒါဟုတ်လား”
“ ဆိုပါတော့ဗျာ၊ အခုထိ ကျုပ်ကိုခြောက်လှန့်နိုင်တဲ့သူဆိုတာမရှိသေးဘူး”
“ ဒါဖြင့်ရင် ခင်ဗျားနဲ့ကျုပ် အပေးအယူတစ်ခုလုပ်ကြရအောင်”
“ ဘယ်လိုအပေးအယူမျိုးလဲ”
“ ခင်ဗျားက ကျုပ်ပြောတဲ့နေရာကို ပြောတဲ့အချိန်မှာ အရောက်သွားရင် ကျုပ်ပိုင်တဲ့ ဟောဒီငွေတုံးကို ပေးမယ်ဗျာ”
အောင်မြတ်သာက စကားအဆုံးမှာ လွယ်အိတ်ထဲမှာပါလာတဲ့ ၁၀သားခန့်ရှိတဲ့ငွေတုံးကို ထုတ်ပြလိုက်ရာ သံဒေါက်ရဲ့မျက်နှာ ဝင်းခနဲဖြစ်သွားတယ်။
“ ခင်ဗျားပြောတဲ့အတိုင်း လုပ်နိုင်ရင်ဒီငွေတုံးကိုရမှာလား”
“ သေချာတာပေါ့…ဒါပေမယ့် ခင်ဗျားဘက်က မလုပ်နိုင်ရင်တော့ သာသနာဘောင်ထဲ တစ်လဝင်ရမယ်”
အောင်မြတ်သာစကားကြောင့် သံဒေါက် ဟက်ဟက်ပက်ပက်ရယ်လိုက်ပြီး
“ လောင်းကြေးက သာသနာဘောင်ထဲဝင်ရမှာတဲ့လား၊ ဒီလောက်ကတော့ လွယ်တယ် ကိုယ့်လူရေ၊ ကဲ.. ကျုပ်ဘာလုပ်ရမယ်ဆိုတာကိုသာပြော”
“ ဒီညနေ နေဝင်ရီတရောအချိန် ရွာကို တစ်ပတ်ပြည့်အောင်ပတ်ရမယ်၊ ရွာထိပ်ကနေ ထွက်ပြီး ရွာထိပ်ကိုပြန်ရောက်လာရင် ခင်ဗျားအနိုင်ပဲ”
“ စိန်လိုက်လေ… ကျုပ်သဘောတူတယ်”
“ ခဏနေပါဦး၊ ကျုပ်ပြောတာမပြီးသေးဘူး၊ ခင်ဗျားအနေနဲ့ ရွာထိပ်ကနေ စထွက်တဲ့အချိန် ကျုပ်ပေးတဲ့အင်းချပ်ကို အင်္ကျီအိတ်ကပ်ထဲ ထည့်ထားရမယ်၊ လုံးဝပစ်ထုတ်လို့မရဘူးနော်၊ ပစ်ထုတ်တာနဲ့ ခင်ဗျားအရှုံးပဲ”
“ ဟဲဟဲ… ကျုပ်မပစ်ထုတ်ပါဘူးဗျာ၊ သံဒေါက်က ပြောရင်ပြောတဲ့အတိုင်းလုပ်တတ်တဲ့သူပါ”
သံဒေါက်က သူ့ကိုယ်သူ ယုံကြည်မှုအပြည့်နဲ့ပြောပြီး သဘောကျစွာရယ်နေသလို အောင်မြတ်သာ၊ မောင်ကောင်း၊ ခွန်းလှတို့ကလဲ သံဒေါက်ကိုကြည့်ပြီး ပြုံးနေခဲ့ကြတယ်။
အချိန်ကား ညနေနေဝင်ရီတရောအချိန်ကိုရောက်လာခဲ့ပြီ။
သံဒေါက်လဲ သူကိုပေးထားတဲ့ အင်းချပ်ကို အိတ်ကပ်ထဲထည့်ပြီး ရွာထိပ်မှာ ဟန်ရေးပြနေခဲ့တယ်။ သူ့အနောက်မှာတော့ မောင်ကောင်းနဲ့ ခွန်းလှက အသင့်အနေအထားနဲ့ရပ်နေခဲ့တယ်။
သံဒေါက်က သူ့ကိုကြည့်နေကြတဲ့ ရွာသူရွာသားတွေကို လက်ပြနှုတ်ဆက်ပြီးတာနဲ့ ခြေလှမ်းကိုစတင်လိုက်ပါတော့တယ်။ ခြေလှမ်းနှစ်ဆယ်လောက်ရောက်တဲ့ထိ ဘာမှမဖြစ်သေးတာကြောင့် သံဒေါက်က သူ့အနောက်ကနေလိုက်လာတဲ့ မောင်ကောင်းနဲ့ ခွန်းလှတို့ကို ဘယ်လိုလဲဆိုတဲ့သဘောနဲ့ မေးငေါ့ပြလိုက်တယ်။
သံဒေါက်က လေလေးတစ်ချွန်ချွန်နဲ့ လမ်းလျောက်နေရင်း သူ့နဲ့မလှမ်းမကမ်းမှာ ကုန်းကုန်းကွကွနဲ့ တစ်ခုခုကိုရှာနေတဲ့ လူတစ်ယောက်ကိုမြင်လိုက်ရတယ်။
ဒီအချိန်က ရွာထဲကလူတွေ ဟင်းသီးဟင်းရွက်တွေခူးတတ်တာမို့ သံဒေါက်က ရှေ့မှာရှိနေတဲ့သူရှိရာကိုသွားပြီး
“ ဟေ့လူ… ဘာတွေရှာနေတာလဲ” လို့မေးလိုက်ရာ ကုန်းကုန်းကွကွလုပ်နေတဲ့သူက လှည့်မကြည့်ပဲ
“ စားဖို့တစ်ခုခုများတွေ့မလားလို့ရှာနေတာ”ဆိုပြီး လှမ်ပြောတာကြားလိုက်ရတယ်။
အသံက သာမန်လူတွေလိုမဟုတ်ပဲ အက်ရှရှ ခြောက်ကပ်ကပ်ဖြစ်နေတာကြောင့် သံဒေါက်စိတ်ထဲထင့်ခနဲဖြစ်သွားပြီး ဘေးကနေဖြတ်လျောက်ဖို့အလုပ်
“ ထမင်းဟင်းကျန်သေးလား… ဘာစားစရာတွေရှိသေးလဲ” ဆိုတဲ့အသံတစ်ခုကိုကြားလိုက်တာကြောင့် အနောက်ကိုလှည့်ကြည့်လိုက်ရာ တစ်ကိုယ်လုံးမီးသွေးလိုမဲနက်နေပြီး ပါးစပ်ပေါက်ကသေးသေး၊ ဦးခေါင်းက ပုတ်လောက်ကြီးတဲ့လူတစ်ယောက် လက်ကိုဖြန့်ပြီး သူ့ဆီလျောက်လာတာကိုမြင်လိုက်ရတယ်။
တစ်ကြိမ်တစ်ခါမှ မမြင်ဖူးတဲ့ မြင်ကွင်းကြောင့် သံဒေါက်တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းတွေ ဖြန်းခနဲထလာခဲ့တယ်။
“ ငါ ငါဘာတွေမြင်နေရတာလဲ၊ သူတို့က ဘယ်သူတွေလဲ၊ မဟုတ်မှလွဲရော သရဲတစ္ဆေတွေများလား”
သံဒေါက်က စိတ်ထဲကနေ ရေရွတ်ပြီးတာနဲ့ မျက်လုံးကိုမှိတ်ကာ ရှေ့ကိုခပ်သုတ်သုတ်ထွက်သွားလိုက်တယ်။
အစာတောင်းတဲ့အသံတွေ အနောက်မှာ ခပ်ဝေးဝေးကျန်ခဲ့တဲ့အချိန်ရောက်မှ မျက်လုံးကိုဖွင့်ကြည့်လိုက်ရာ မှောင်စပျိုးနေတဲ့နေရောင်အောက်မှာ မိန်းမတစ်ယောက် ထဘီရင်လျားပြီး တအီးအီးငိုနေတာကိုမြင်လိုက်ရတယ်။
“ ဟာ… ဘာတွေလဲ၊ ဒီမိန်းမက ဘယ်ကနေရောက်လာတာလဲ”
သံဒေါက်က ကျောပေးကာငိုနေတဲ့မိန်းမကိုကြည့်ပြီး ခြေလှမ်းကိုအရှိန်တင်လိုက်တဲ့အချိန် နှာခေါင်းထဲကို စူးပြီးဝင်လာတဲ့ အပုတ်နံ့တစ်ခုကို ရလိုက်တယ်။
“ ငါ့ကလေး… ငါ့ကလေးကို ရှာတွေ့သေးရဲ့လား”
ငိုသံကြီးနဲ့လှမ်းပြောလိုက်တဲ့စကားကြောင့် သံဒေါက်က ထဘီရင်လျားထားတဲ့မိန်းမကိုကြည့်လိုက်ရာ
“ အမလေး… ဗိုက်ကြီးက ထက်ခြမ်းကွဲပြီး အချင်းတန်းလန်းနဲ့ကလေးတစ်ယောက် တွဲလောင်းကျနေပါလား၊ သူ သူရှာနေတာ ဒီကလေးများလား”
သံဒေါက် ခေါင်းနပန်းတွေကြီးလာပြီး လူကအားမရှိသလို နုံးချိလာခဲ့တယ်။
ထဘီရင်လျားထားတဲ့မိန်းမက ဝါထိန်နေတဲ့မျက်လုံးကိုအဆမတန်ပြူးပြီး သံဒေါက်ကိုကြည့်နေရင်းကနေ အနားကိုတိုးကပ်လာကာ
“ ဟဲ့ကောင်… ငါ့ကလေးကို တွေ့မိလားလို့ မေးနေတယ်လေ” လို့မေးလိုက်ရာ သံဒေါက် မျက်နှာကိုလက်နဲ့ပိတ်ပြီး
“ ငါ့အနားမလာနဲ့ ထွက်သွား၊ ထွက်သွားစမ်း” လို့ အော်ပါလေရော။
ဒီတစ်ခါတော့ သံဒေါက် ရှေ့ကိုဆက်မသွားရဲတော့ပဲ မျက်နှာကိုလက်နဲ့အုပ်ကာ အသံနက်ကြီးနဲ့အော်ပါလေရော။
လည်ချောင်းကွဲမတတ်အော်ဟစ်ပြီးတဲ့နောက်မှာတော့ သံဒေါက်ဘာကိုမှသတိမရတော့ပဲ အေးစက်စက်မြေကြီးပေါ်ကို လဲကျသွားတာကိုပဲ သိလိုက်ရတယ်။
ဘယ်လောက်ကြာတဲ့ထိ သတိမေ့သွားတယ်မသိ၊ ပြန်ပြီးသတိရချိန်မှာတော့ အိမ်ကိုပြန်ရောက်နေပြီး သူ့ဘေးမှာလဲ လူတွေဝိုင်းအုံနေတာ မြင်လိုက်ရတယ်။
“ ဘယ်လိုလဲ ကိုသံဒေါက် သရဲတစ္ဆေတွေရှိတာကို ယုံပြီလား”
အောင်မြတ်ရဲ့စကားကို သံဒေါက် ဘာမှမပြောနိုင်ပဲ မျက်နှာကိုအောက်ချကာ ငိုင်နေခဲ့တယ်။
“ တကယ်တော့ ကိုသံဒေါက်မှာ အခြားသူတွေနဲ့မတူတာတစ်ခုရှိတယ်၊ အဲဒါကဘာလဲဆိုတော့ ညာဘက်လက်ဖျံမှာပါတဲ့ စာနီအမှတ်ပဲ”
“ ဒီအမှတ်က မွေးထဲကပါလာတာလေ၊ အခြားသူတွေမှာလဲပါတာတွေ့ဖူးပါတယ်”
“ ကိုသံဒေါက်လက်ဖျံမှာပါတဲ့ စာနီအမှတ်က သာမန်အမှတ်မဟုတ်ဘူး၊ သိဒ္ဓိစမလို့ခေါ်တဲ့ စမတစ်မျိုးကိုရေးထိုးထားတဲ့ပုံစံဖြစ်နေတယ်၊ အတိတ်ဘဝရဲ့ လက်ဆောင်လို့ပြောရမှာပဲ၊ ဒီစာနီရဲ့အစွမ်းက ဒီဘဝရောက်တဲ့တိုင်အောင် အစွမ်းရှိနေသေးတာမို့ သရဲတစ္ဆေတွေအနားကပ်လို့မရခဲ့တာပဲ၊ ဒါကြောင့် ကျုပ်က စာနီအမှတ်ရဲ့အစွမ်းကို လျော့ပါးအောင်လုပ်ပြီး သရဲမြင်အဆောင်ကို ထည့်ပေးလိုက်တာ”
“ ဘယ်လိုပဲဖြစ်ဖြစ် ဒီမြင်ကွင်းတွေက ကျုပ်တစ်သက်လုံးမေ့ပျောက်တော့မှာမဟုတ်ဘူး၊ မြင်တွေ့ရတာ အတော်ကိုချောက်ချားစရာကြီးဗျာ”
“ ဒါတောင် သာမန်လူနေအရပ်နားမှာ ကျင်လည်နေတဲ့ သရဲတစ္ဆေအဆင့်ပဲရှိသေးတာ၊ လူသူအရောက်ပေါက်နည်းတဲ့ တောကြီးတောင်ကြီးတွေမှာကျင်လည်နေတဲ့ နာနာဘာဝတွေကိုမြင်လိုက်ရင် လိပ်ပြာလွင့်ထွက်သွားလိမ့်မယ်”
“ ကျုပ် ဒီတစ်ခေါက် ရှုံးတာကို ကျေကျေနပ်နပ်ကြီး လက်ခံပါတယ်၊ ကျုပ်ကတိအတိုင်း သာသနာဘောင်ကို တစ်လဝင်ပါ့မယ်”
“ သာဓု သာဓု သာဓု၊ ခင်ဗျား သာသနာဘောင်ဝင်နေတဲ့အချိန် ကျုပ်တို့လဲ ခင်ဗျားအနားမှာရှိနေမှာပါ၊ ဒီတစ်လက ခင်ဗျားအတွက် အကျိုးရှိစေပါလိမ့်မယ်”
အောင်မြတ်သာရဲ့စကားကြောင့် ကိုသံဒေါက်လဲ သူ့ကတိအတိုင်း သာသနာဘောင်ကို တစ်လတိတိဝင်ရောက်ခဲ့ပါတော့တယ်။
ရဟန်းဝတ် တစ်ပတ်လောက်နေပြီးတဲ့ချိန်မှာတော့ ကိုသံဒေါက်တစ်ဖြစ်လဲ ဉူးဇင်းသံဒေါက်ဆီကို အောင်မြတ်သာရောက်လာပြီး
“ ဉူးဇင်း ဒီရက်ပိုင်း ဘာတွေထူးခြားသေးလဲ”
“ ထူးခြားတာဆိုလို့ ထွေထွေထူးထူးမရှိသေးပါဘူး၊ ဒါပေမယ့် ညကတော့ အိမ်မက်လိုလို တကယ်လိုလို မြင်လိုက်ရတဲ့အဖြစ်တော့ရှိတယ်”
“ ဘာများမြင်လိုက်ရတာလဲ ပြောပါဦး”
“ ဉူးဇင်းကျိမ်းနေတဲ့အချိန် စုတ်တံတစ်ချောင်းကိုင်ထားတဲ့ လူတစ်ယောက် တက်လာပြီး စာနီအမှတ်ပါတဲ့လက်ကို သင်္ကန်းအောက်ကနေထုတ်ပေးဖို့ပြောတယ်၊ ဉူးဇင်းလဲ ရုတ်တရက်မို့ မထုတ်ပေးပဲ သူ့ကိုပဲစိုက်ကြည့်နေမိတာ၊ အဲဒီအချိန် စုတ်တံကိုင်ထားတဲ့လူကြီးက ခြေထောက်ဆောင့်ပြီးကျောင်းပေါ်ကနေပြန်ဆင်း သွားတယ်၊ အဖြစ်ပျက်က ထင်ထင်ရှားရှားကြီးဆိုတော့ အိမ်မက်လိုလို တကယ်လိုလိုထင်နေမိတယ်”
“ ဒီညလဲ အဲဒီလူထပ်လာလိမ့်မယ်ထင်တယ်၊ သူလာရင် လက်ကိုထုတ်ပေးလိုက်ပါ၊ ဉူးဇင်းအတွက် တစ်ခုခုတော့ထူးပါလိမ့်မယ်”
အောင်မြတ်သာစကားကြောင့် ဉူးဇင်းသံဒေါက်က ခေါင်းညိမ့်ပြပြီး စာနီအမှတ်ပါတဲ့လက်ကို ငုံကြည့်လိုက်ပါတော့တယ်။
ညကား သန်းခေါင်အချိန်ကိုကျော်လွန်လာခဲ့သလို အအေးဓါတ်ကလဲ ပြင်းလာခဲ့တယ်။ ဉူးဇင်းသံဒေါက်လဲ အအေးဒဏ်ကြောင့် သင်္ကန်းကိုခေါင်းမြှီးခြုံပြီးကျိမ်းနေတဲ့ချိန် ကျောင်းပေါ်ကို တက်လာတဲ့ခြေသံကိုကြားလိုက်ရတယ်။
ဉူးဇင်းသံဒေါက်လဲ ကြားလိုက်ရတဲ့ခြေသံကြောင့် သင်္ကန်းကိုဖယ်ပြီးကြည့်လိုက်ရာ ကြစုတ်တံတစ်ချောင်ကိုကိုင်ထားတဲ့ လူကို ထပ်မြင်လိုက်ရတယ်။
ထိုသူက ဉူးဇင်းသံဒေါက်ကို စေ့စေ့ကြည့်ပြီး
“ ဉူးဇင်း စာနီအမှတ်ပါတဲ့လက်ကို ထုတ်ပေးပါ” လို့ထပ်ပြောတာကြောင့် သင်္ကန်းအောက်မှာထည့်ထားတဲ့လက်ကို ထုတ်ပေးလိုက်ရာ ကြေးစုတ်တံကိုင်ထားတဲ့သူက လက်ဖျံပေါ်ကို ကြေးစုတ်တံနဲ့ တဒုတ်ဒုတ်နဲ့ပေါက်ပါလေရော။
ချွန်ထက်လှတဲ့ကြေးစုတ်တံအရှိန်ကြောင့် ဉူးဇင်းသံဒေါက်ရဲ့လက်ဖျံက တဆစ်ဆစ်နာကျင်လာပြီး နှုတ်ကနေလဲ ညဉ်းသံတွေထွက်လာခဲ့တယ်။
အဲဒီအချိန်
“ ဉူးဇင်း ဉူးဇင်း ဘာဖြစ်တာလဲ” ဆိုတဲ့အသံကြောင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ တူတူနေတဲ့ ကိုရင်လေးဖြစ်နေတာမြင်လိုက်ရတယ်။
“ ဉူးဇင်း ခုနက တအင်းအင်းနဲ့ ညဉ်းနေလို့ နေမကောင်းဖြစ်နေတယ်ထင်နေတာ”
“ မဟုတ်ပါဘူးကိုရင်လေး၊ အိပ်နေရင်းယောင်တာနေမှာ”
ဉူးဇင်းသံဒေါက်က ကိုရင်လေးကို စကားလှအောင်ပြောပြီး သင်္ကန်းအောက်က လက်ဖျံကိုကြည့်လိုက်ရာ စာနီအမှတ်ပေါ်မှာ လောလောလတ်လတ်စုတ်နဲ့ထိုးထားတဲ့ အရာအချို့ကိုမြင်လိုက်ရတယ်။
မနက်ရောက်တော့ ဉူးဇင်းသံဒေါက်လဲ အောင်မြတ်သာဆီကိုသွားပြရာ
“ ဉူးဇင်းရဲ့ လက်ဖျံကစာနီအမှတ်ပေါ်မှာ နဝင်းအညွန့်တွေထပ်ဆက်ထားပေးပါလား၊ ဒါကကောင်းတဲ့နမိတ်ပဲ၊ ကျုပ်ထင်တာမမှားဘူးဆိုရင် ဒီညတစ်ည ထပ်လာဦးမယ်၊ ပြီးရင်တော့ ဉူးဇင်း ကိုယ်တိုင်လုပ်ရမယ့်အလုပ်တစ်ခုပေါ်လာတော့မယ်ထင်တယ်” ဆိုတဲ့စကားကိုပြောခဲ့တယ်။
တကယ်လဲ ညရောက်တော့ စုတ်တံကိုင်ထားတဲ့ လူတစ်ယောက်ထပ်ရောက်လာပြီး ကျန်နေတဲ့အဆက်ကိုလာဖြည့်ပေးခဲ့တယ်။ စာနီအမှတ်ထိပ်ကိုဖြည့်ပြီးချိန်မှာတော့ စုတ်တံကိုင်ထားတဲ့သူက လေထဲမှာစုတ်တံကို ဝှေ့ယမ်းလိုက်ရာ ဆွေးမြေ့နေပြီဖြစ်တဲ့ သစ်သားနတ်ကွန်းတစ်ခုပေါ်လာပြီး အထဲမှာတော့ ဆေးသားတွေပြယ်နေတဲ့ လူတစ်ယောက်ရဲ့ရုပ်ထုကိုမြင်လိုက်ရတယ်။
စုတ်တံကိုင်ထားတဲ့သူက ထိုရုပ်ထုကို လက်ညိုးထိုးပြပြီး
“ သူက ဒီရွာရဲ့ မူလအစောင့်အရှောက်ပဲ၊ သူ့ကို ရွာထဲပြန်ခေါ်ပြီး နေရာပေးရမယ်၊ ဒီတာဝန်ကို သင်ကိုယ်တိုင်လုပ်ရမှာနော်၊ သင်ကိုယ်တိုင် ရုပ်ထုရှိရာကိုရှာပြီး ပင့်ဆောင်ပါ” လို့ပြောကာပျောက်ကွယ်သွားခဲ့တယ်။
ဉူးဇင်းသံဒေါက်လဲ ထူးဆန်းတဲ့အိမ်မက်ကြောင့် လန့်နိုးလာပြီး အပြင်ကိုကြည့်လိုက်ရာ နှင်းမှုန်တွေကြားထဲမှာ လမ်းလျောက်ထွက်သွားတဲ့ လူတစ်ယောက်ရဲ့ နောက်ကျောကိုမြင်လိုက်ရတယ်။
ဉူးဇင်းသံဒေါက်က ဒီအကြောင်းကို အောင်မြတ်သာကိုပြောပြရာ
“ ကျုပ်ကလဲ အခုလိုပြောတာကို စောင့်နေတာဗျ၊ ကျုပ်တို့ရွာကိုလာရတဲ့အကြောင်းကလဲ ဒီကိစ္စကို ကူညီပေးမလို့ရောက်လာတာ” လို့ဝမ်းသာအားရပြောတာကို ကြားလိုက်ရတယ်။
မနက်အလင်းရောင်ရချိန်မှာဝောာ့ ဉူးဇင်းသံဒေါက်က အောင်မြတ်သာရှိတာကိုလာပြီး
“ ရုပ်ထုကိုရှာတာကဟုတ်ပါပြီ၊ ရုပ်ထုက ဘယ်မှာရှိမှန်းမှမသိတာ”
“ ဒါကတော့ ဉူးဇင်းကိုယ်တိုင် အဓိဌာန်ရမှာ၊ ရုပ်ထုရဲ့အစောင့်ရှောက်က ဉူးဇင်းကို လမ်းပြပါလိမ့်မယ်”
“ ဉူးဇင်းက တစ်ခါမှတော့ အဓိဌာန်ပြုဖူးတာမဟုတ်ဘူး၊ ဒါကြောင့် စိတ်ထဲရှိတဲ့အတိုင်းလုပ်ကြည့်လိုက်မယ်”
ဉူးဇင်းသံဒေါက်က စကားဆုံးတာနဲ့ ဘုရားကျောင်းဆောင်ရှေ့သွားပြီး မျက်လုံးစုံမှိတ်ကာ နှုတ်ကနေ တတွတ်တွတ်ရွတ်နေခဲ့တယ်။ ခဏနေတော့ အောင်မြတ်သာရှိရာပြန်လာပြီး
“ ပြောတာတော့ ပြောပီးပီ၊ ဘယ်အချိန်လာမလဲဆိုတာပဲ စောင့်ကြည့်ရတော့မယ်” လို့ပြောကာ မိမိသီတင်းသုံးရာကျောင်းဆောင်ဘက်ကို ပြန်သွားခဲ့တယ်။
အချိန်ကားတစ်ရက်ကနေ နှစ်ရက်၊ နှစ်ရက်ကနေ သုံးရက်ပြည့်တဲ့အထိ ဘာမှမထူးခြားသေးတာကြောင့် ဉူးဇင်းသံဒေါက်လဲ သိပ်မမျှော်လင့်တော့ပဲ အမှုမဲ့အမှတ်မဲ့နေနေခဲ့ရာ ခုနှစ်ရက်မြောက်တဲ့နေ့မှာတော့ သီတင်းသုံးရာကျောင်းရှေ့ကနေ လေသံတိုးတိုးနဲ့ ခေါ်နေတဲ့အသံကိုကြားလိုက်ရတယ်။
ဉူးဇင်းသံဒေါက်လဲ ခပ်တိုးတိုးကြားလိုက်ရတဲ့အသံကြောင့် တံခါးဖွင့်ကြည့်လိုက်ရာ နှစ်ပေါင်းများစွာ မဖီးလိမ်းထားတဲ့ဆံပင်တွေက ဂုတ်ပေါ်ကို ဖရိုဖရဲကျနေတဲ့ လူလတ်ပိုင်းယောင်္ကျားတစ်ယောက်ကို မြင်လိုက်ရတယ်။
ထိုလူက ဉူးဇင်းသံဒေါက်ကို မော့ကြည့်ကာ
“ အရှင်ဘုရား… တပည့်တော်နောက်ကလိုက်ခဲ့ပါ၊ လမ်းတွေကိုလဲသေချာမှတ်ထားပါ” လို့ပြောကာ ဘုန်းကြီးကျောင်းအပြင်ဘက်ကို ထွက်သွားခဲ့တယ်။
ဉူးဇင်းသံဒေါက်လဲ တစ်ခါမှမမြင်ဖူးတဲ့လူခေါ်တဲ့နောက်ကို စိတ်ညို့ခံရသူပမာ တကောက်ကောက်နဲ့လိုက်သွားခဲ့ရာ ရွာအနောက်ဘက် တောစပ်ထိပ်ကိုရောက်လာခဲ့တယ်။
တောစပ်ကိုရောက်တော့ ရှေ့ကသွားနေတဲ့သူက လူတစ်ပွေ့စာခန့်ကြီးမားတဲ့ ကြောင်လျာပင်တစ်ပင်ကို လက်ညိုးထိုးပြပြီး
“ ဒီအပင်က လမ်းရဲ့အစပဲ” ဆိုတဲ့စကားကိုပြောပြီး တောလမ်းလေးအတိုင်းဆက်ဝင်သွားခဲ့တယ်။
တောလမ်းအတိုင်း နာရီဝက်ခန့်လျောက်လာပြီးချိန်မှာတော့ လူကြီးလေးဖက်ခန့်ကြီးမားတဲ့ ညောင်ညိုပင်ကြီးတစ်ပင်အောက်ကို ရောက်လာခဲ့တယ်။
ညောင်ညိုပင်ကြီးအောက်ကိုရောက်တော့ လမ်းပြခေါ်လာတဲ့သူက ပင်စည်ကိုလက်နဲ့ဟလိုက်ရာ ပင်စည်အလယ်ကနေ တစ်တောင်ခန့်ကွဲထွက်သွားပြီး အထဲမှာတော့ ဆေးတွေပြယ်စပြုနေတဲ့ ရုပ်ထုတစ်ရုပ်ထွက်လာခဲ့တယ်။
ဉူးဇင်းသံဒေါက်လဲ ထူးဆန်းတဲ့မြင်ကွင်းကို ကြည့်နေတဲ့အချိန် ညောင်ပင်အောက်မှာရပ်နေတဲ့သူက ရုပ်ထုကိုလက်နဲ့ပင့်လိုက်ပြီး
“ ဒီရုပ်ထုကို ဉူးဇင်းကိုယ်တိုင်လာပင့်ပြီး
ရုပ်ထုကို သူ့နေရာမှန်ပြန်ထားပေးပါ” လို့ပြောလိုက်တယ်ဆိုရင်ပဲ ရုပ်ထုရဲ့ ခန္ဓာကိုယ်ထဲကနေ အလင်းရောင်တွေဖြာထွက်လာသလို အိပ်ပျော်နေတဲ့ ဉူးဇင်းသံဒေါက်လန့်နိုးလာခဲ့တယ်။
အိမ်မက်က ထင်ထင်ရှားရှားကြီးမို့ ဉူးဇင်းသံဒေါက်လဲ အောင်မြတ်သာတို့ရှိတဲ့ အဆောင်ကို သွားပြီး အကျိူအကြောင်းပြောပြရာ
“ ဒါဆိုရင် တပည့်တော်တို့ သွားရမယ့်အချိန်ရောက်လာပြီ၊ ဉူးဇင်းလမ်းတော့ မှတ်မိတယ်မဟုတ်လား”
“ မှတ်မိတယ် ဒကာကြီး၊ ဉူးဇင်းရှေ့က လမ်းပြပေးပါမယ်”
ဉူးဇင်းသံဒေါက်လဲ အောင်မြတ်သာတို့ကို ခေါ်ပြီး အိမ်မက်ထဲမှာမြင်ရတဲ့ တောစပ်ကိုထွက်လာခဲ့ပေမယ့် လူတစ်ပွေ့စာကြောင်လျာပင်ကိုမတွေ့ရတာကြောင့် ဇဝေဇဝါဖြစ်သွားခဲ့တယ်။
ခရီးစဉ်က ကြောင်လျာပင်ကိုတွေ့မှ အစပြုရမှာကိုး။
ဒီအချိန်အောင်မြတ်သာက ပတ်ဝန်းကျင်ကို အဲကခတ်လိုက်ပြီး
“ ကြောင်လျာပင်နဲ့တူတာဆိုလို့ တစ်ပင်မှမတွေ့ပါလား၊ မဟုတ်မှလွဲရော အတိတ်ကပုံရိပ်ကိုပြတာများလား” လို့ပြောကာ လွယ်အိတ်ထဲကနေ ဆီစိမ်စက္ကူနဲ့ရေးထားတဲ့ အင်းနှစ်ချပ်ကိုထုတ်ယူပြီး ဉူးဇင်းသံဒေါက်ရဲ့ မျက်လုံးကို ပွတ်လိုက်တယ်ဆိုရင်ပဲ မလှမ်းမကမ်းက နေရာတစ်ခုမှာ ထီးထီးကြီးပေါက်နေတဲ့ ကြောင်လျာပင်ကိုမြင်လိုက်ရတယ်။
“ တွေ့ပြီ တွေ့ပြီ ဒကာလေး”
ဉူးဇင်းသံဒေါက်က ဝမ်းသာအားရပြောပြီး ဘာမှမရှိတဲ့ နေရာကိုလက်ညိုးထိုးပြတာကြောင့် ရှေ့ကိုတိုးပြီးကြည့်လိုက်ရာ ခြုံတွေကြားထဲမှာ ခြောက်သွေ့နေပြီဖြစ်တဲ့ ကြောင်လျာပင်ငုတ်တိုကိုမြင်လိုက်ရတယ်။
“ ကြောင်လျာပင်က ခုတ်လှဲခံထားရတာ အတော်ကြာပြီပဲ၊ ဒါကြောင့်မတွေ့ရတာကိုး”
“ ဒကာကြီး… ဉူးဇင်းရှေ့ကနေ လမ်းပြပေးမယ်၊ နောက်ကလိုက်ခဲ့ကြ”
ဉူးဇင်းသံဒေါက်လဲ အိမ်မက်ထဲမှာမြင်ရတဲ့လမ်းအတိုင်း နာရီဝက်ခန့်လျောက်ခဲ့ရာ လူလေးဖက်စာကြီးမားတဲ့ ညောင်ညိုပင်ကြီးအောက်ကို ရောက်လာခဲ့တယ်။
ဒါပေမယ့်ရုပ်ထုကိုမတွေ့ရတာကြောင့် ဉူးဇင်းသံဒေါက်ကိုမေးကြည့်ရာ
“ အိမ်မက်ထဲမှာတော့ ရုပ်ထုက ညောင်ပင်ရဲ့ ပင်စည်ထဲမှာရှိနေတာ ဒကာကြီး”
“ ဒီပုံအတိုင်းဆိုရင် ရုပ်ထုကို ဒီညောင်ပင်အောက်မှာ ထားရာကနေ နှစ်တွေကြာလာတော့ ညောင်ပင်က ရုပ်ထုကိုမြိုသွားတာပဲဖြစ်မယ်၊ တပည့်တော်တို့မှာလဲ ဘာပစ္စည်းမှမပါလာတာမို့ ရွာကို တစ်ခေါက်ပြန်ရဦးမယ်ထင်တယ်”
အောင်မြတ်သာရဲ့စကားကြောင့် ဉူးဇင်းသံဒေါက် သက်ပြင်းတစ်ချက်ချပြီး
“ ဉူးဇင်းလဲ ဒီအကြောင်းကိုပြောဖို့မေ့သွားတာ” လို့ပြောလိုက်တဲ့ချိန် ညောင်ပင်အနောက်ကနေ ပုဆိန်၊ ဓါးမတွေကိုင်ထားတဲ့ လူနှစ်ယောက် ထွက်လာတာမြင်လိုက်ရတယ်။
ထိုသူတွေက ဉူးဇင်းသံဒေါက်နဲ့ အောင်မြတ်သာတို့ကိုမြင်တော့ ဝမ်းသာအားရဖြစ်သွားပြီး
“ ဉူးဇင်း… ဒီကနေ ကွင်းကောက်ရွာကို ဘယ်လိုသွားရလဲဗျ၊ တပည့်တော်တို့ ဒီနားမှာ လမ်းပျောက်နေတာ အတော်ကြာနေပြီ” လို့ပြောလိုက်ရာ ဉူးဇင်းသံဒေါက်က သတ်ခုတ်သမားနှစ်ယောက်ကို ဝမ်းသာအားရနဲ့ ဆွဲပွေ့ပြီး
“ လမ်းပျောက်တာကိုမပူနဲ့ ဒကာလေး၊ ဉူးဇင်းတို့လမ်းပြပေးပါမယ်၊ လောလောဆယ် ဒီညောင်ပင်ရဲ့ပင်စည်ကို ခွဲပေးစမ်းပါ”
“ ညောင်ပင်ကိုခွဲပြီး ဘာလုပ်မလို့လဲဗျ”
“ အိမ်မက်အရ လုပ်ရတာ ဒကာလေးရေ၊ အခုချိန်ပြောရမှာ စောသေးတယ်၊ ပင်စည်ကိုခွဲပြီးမှ ဖြစ်ကြောင်းကုန်စင်ပြောပြပါမယ်”
ဉူးဇင်းသံဒေါက်စကားကြောင့် ထင်းခုတ်သမားနှစ်ယောက်လဲ မိမိတို့မှာပါလာတဲ့ ကိရိယာတွေနဲ့ ညောင်ပင်ကို ခုတ်ကြရာ မိနစ်အနည်းငယ်အကြာမှာတော့ ပင်စည်ထဲကနေ တစ်တောင်သာသာခန့်ရှိတဲ့ ရုပ်ထုတစ်ရုပ်ထွက်လာခဲ့တယ်။
ရုပ်ထုကိုမြင်တော့ ဉူးဇင်းသံဒေါက်က လက်နှစ်ဖက်နဲ့ဆွဲထုတ်ပြီးကြည့်လိုက်ရာ ရုပ်ထုရဲ့ပုံက အိမ်မက်ထဲကိုရောက်လာတဲ့သူနဲ့ တစ်ထပ်ထဲတူနေတာကို အံ့ဩစွာမြင်တွေ့လိုက်ရတယ်။
ဉူးဇင်းသံဒေါက်လဲ ညောင်ပင်ထဲကနေ ထွက်လာတဲ့ရုပ်ထုကို လက်နှစ်ဖက်နဲ့ပိုက်ပြီး ရွာထဲကိုပြန်လာခဲ့သလို လမ်းပျောက်နေတဲ့ သစ်ခုတ်သမားနှစ်ယောက်ကိုလဲ ရွာထိခေါ်လာခဲ့လိုက်တယ်။
ဒါပေမယ့် ထူးဆန်းတာက ရွာထိပ်ရောက်လို့ နောက်လှည့်အကြည့်မှာတော့ လမ်းပျောက်လို့ခေါ်လာတဲ့ သစ်ခုတ်သမားနှစ်သစ်ခုတ်သမားနှစ်ယောက်ကို မတွေ့ရတော့တာပဲ။
အောင်မြတ်သာကတော့ ဒီအဖြစ်ကိုဘာမှမပြောပေမယ့် ဉူးဇင်းသံဒေါက်ကတော့ ထင်းခုတ်သမားနှစ်ယောက်ပျောက်သွားတာကို အံ့ဩနေခဲ့တယ်။
အောင်မြတ်သာကတော့ တောထဲကနေပင့်လာတဲ့ ရုပ်ထုကို ရွာထိပ်မှာနေရာပေးဖို့ပြောရာ ဉူးဇင်းသံဒေါက်ကလဲ သဘောတူပြီး မိမိပိုင်တဲ့ပစ္စည်းတွေကို ထုခွဲရောင်းချကာ ရွာတော်ရှင်နန်းဆိုတဲ့ နတ်ကွန်းတစ်ခုကို ဆောက်လုပ်ပေးခဲ့တယ်။
သရဲတစ္ဆေ၊ နာနာဘာဝ၊ နတ်တွေကို မယုံတဲ့လူ့ဂွစာ၊ လူကန့်လန့်တစ်ယောက်က အခုလိုလုပ်ပေးတာမြင်တော့ ရွာသားတွေ ကိုယ့်မျက်လုံးကိုယ်မယုံနိုင်ဖြစ်ခဲ့ကြတယ်။
ဉူးဇင်းသံဒေါက်အနေနဲ့ ရဟန်းဝတ်နဲ့တစ်လနေပြီးလို့ လူ့ဘဝရောက်တဲ့ချိန်မှာလဲ ရွာတော်ရှင်နန်းကို နေ့စဉ်နေ့တိုင်းသွားရောက်ပြီး ပန်းရေချမ်းကပ်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်းတွေကို ဆောင်ရွက်ခဲ့သလို ဘုန်းကြီးကျောင်းအတွက်လိုအပ်တဲ့ကိစ္စတွေကိုလဲ စိတ်အားထက်သန်စွာဆောင်ရွက်ပေးခဲ့တယ်။
အောင်မြတ်သာတို့လဲ လူ့ဂွစာ၊ လူ့ကန့်လန့်တစ်ယောက်ကို အမြင်မှန်ရအောင် လမ်းပြပေးပြီးချိန်မှာတော့ အခြားနေရာတစ်ခုကို ခရီးဆက်ဖို့အကြောင်းဖန်လာခဲ့ပါတော့တယ်။
ဒီခရီးစဉ်ကတော့ ဆိုးသွမ်းလွန်းလို့ ရှေးဆရာအဆက်ဆက် ဖမ်းချုပ်ထားရတဲ့ ဘီလူးတစ်ကောင်က မထင်မှတ်ထားတဲ့အဖြစ်ကြောင့် လွတ်ထွက်သွားတာကို ဖြေရှင်းပေးဖို့ပဲဖြစ်တယ်။
ဒီအကြောင်းအရာကိုတော့ အောင်မြတ်သာနှင့်ဘီလူးချည်တဲ့ကြိုးဆိုတဲ့ဝတ္တုမှာ ဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)