ဘွားမယ်စိန်နှင့် သောကစံအိမ်

စဆုံး


တစ်ရက်၌ဘွားမယ်စိန်၏နေအိမ်ဆီသို့ သူကြီးဦးနောင်ချိုနဲ့ ဧည့်သည်တစ်ဦးတို့အတူရောက်လာခဲ့ကြသည်။

“ဘွား…သူ့ကိုမှတ်မိရဲ့လားဗျ…”

ဟု…သူကြီးဦးနောင်ချိုက ဧည့်သည်အမျိူးသမီးကို
လက်ညိုးထိုး၍ဘွားမယ်စိန်ကိုမေးလေသည်။

ဘွားမယ်စိန်ကဧည့်သည်အမျိူးသမီးကို
သေချာကြည့်သည်။
အဝတ်အစားသားသားနားနားဖြင့် အမျိုးသမီးကိုကြည့်ရင်း ဘွားမယ်စိန်စဥ်းစားရခက်နေခဲ့၏။

“ဘွား…သူက မိညွှန့်လေဗျာ…
ကျုပ်ညီမတစ်ဝမ်းကွဲ မိညွှန့်ဗျ…
မြို့သားနဲ့ညားလို့ရွာကိုပြန်မလာတာအတော်
ကြာပြီဆိုတော့…ဘွားလည်းမမှတ်မိတော့
တာထင်ပါတယ်…”

“မိညွှန့်…ညည်းကမိညွှန့်ပေါ့…
အေးအေ..ဘွားလည်းညည်းငယ်ရုပ်ကိုမနည်းဖမ်းနေရတယ်…ရုပ်တွေကပြောင်းသွားတာကိုးအေ့…
မြို့သူကြီးကိုဖြစ်လို့အေ…..”

ဟု…ဘွားမယ်စိန်ကပြောတော့ ဒေါ်ညွှန့်က ပြုံး၍
ခေါင်းညိတ်သည်။

“မမဝင်းကောဘယ်သွားလဲအဘွား….
မတွေ့မိပါလား…”

“ညည်းအစ်မသူ့သမီးတွေနဲ့ရွာထဲထွက်သွားတယ်အေ့…”

“သမီးတွေဆိုတော့ မမဝင်းကအိမ်ထောင်ကျသွားပြီပေါ့…
ဘယ်သူနဲ့များယူလိုက်တာလဲဘွားရဲ့”

“မိညွှန့်ရယ်…နင့်အစ်မက အိမ်ထောင်မကျပါဘူးဟ…
အခုထိအပျိုကြီးပါပဲ…သမီးတွေဆိုတာ
သူမွေးစားထားတဲ့သမီးတွေကိုပြောတာပါဟာ”

“​သြော်…မသိပါဘူးတော်…
မမဝင်းများအိမ်ထောင်ကျသွားသလားလို့”

ဒေါ်ညွှန့်စကားကို ဘွားမယ်စိန်ကပြုံးလေသည်။

“မိညွှန့်…နင့်လာရင်းကိစ္စဘွားကိုပြောလိုက်တော့လေ…
အချိန်ဆွဲမနေနဲ့ဟ”

“ကျုပ်လည်းဘယ်ကစပြောရမှန်းမသိလို့ပေါ့အစ်ကိုရယ်…
တော်ပဲပြောပေးစမ်းပါ”

“ဟ…နင့်လောက်တော့ငါကပြောတတ်ပါ့မလား…
နင်က ကာယကံရှင်လေဟာ…”

သူကြီးဦးနောင်ချိုနဲ့ဒေါ်ညွှန့်တို့မောင်နှမ ပြောတာများကို
နားထောင်ရင်း ဘွားမယ်စိန်မှ…

“ဘာများဖြစ်ကြလို့လဲ…
ကဲကွယ်…ဟိုလူ့လွှဲချ…ဒီလူ့လွှဲချလုပ်မနေကြစမ်းပါနဲ့…
မိညွှန့်…ညည်းပဲပြောစမ်းပါအေ…”

ဟု…ဒေါ်ညွှန့်အားပြောခိုင်းလေသည်။
ဒေါ်ညွှန့်မှာ အရင်ဆုံးသက်ပြင်းချ၏။
ပြီးလေတော့မှ…

“ကျုပ်တို့အိမ်မှာ ပြဿနာတက်နေလို့ပါဘွားရယ်…”

ဟု…ပြောရှာသည်။

“ပြဿနာ…ဘာပြဿနာများလဲအေ့”

“မြို့ကအိမ်မှာ ကျုပ်နဲ့ ကျုပ်ယောကျ်ား
ဦးကျော်ကျော်ရယ်
အသက်၂၅အရွယ် သားလေး ကျော်ဦးတို့ရယ်
အတူနေကြတာပါဘွား…
အခု အဲ့သည်အိမ်မှာပဲ ပြဿနာတွေတက်နေတာပါ…”

ဒေါ်ညွှန့်ပြောတာကို ဘွားမယ်စိန်သေချာနားထောင်နေသည်။
ဒေါ်ညွှန့်ကလည်းဆက်ပြီးပြောရှာသည်။

“ဟိုတလောက အိမ်မှာမီးလောင်ပြီး
ကျုပ်ယောကျာ်းလည်း မီးလောင်ဒဏ်ရာတွေရခဲ့ပါတယ်ဘွား…အိမ်မီးလောင်ပြီး မကြာပါဘူးတော်…
သားလေးရန်ဖြစ်လို့ ခေါင်းကွဲသွားပါသေးတယ်…
ကျုပ်မှာ ယောကျာ်းပြုစုရ…သားပြုစုရအပြင်
တခြားပြဿနာတွေပါ ဖြေရှင်းနေရပါတယ်…
အဲ့သည်လိုတွေဖြစ်နေတော့ ကျုပ်တို့ကို တစ်ခုခုက
နှောက်ယှက်နေတယ်လို့ထင်မိလို့ ဘွားဆီကိုရောက်လာခဲ့တာပါ…ကျုပ်ရဲ့သောကတွေကိုကူညီပေးပါဦးဘွားရယ်”

” ညည်းဒီကိုလာတော့ ညည်းယောကျာ်းနဲ့သားကို
ဘယ်သူကြည့်သလဲအေ့”

“ကျုပ်ယောကျာ်းဘက်ကညီမတွေနဲ့ထားခဲ့တာရတာပါ…”

“သြော်…အေး…အေး…အေး…
ညည်းအပူတွေကြားရတာလည်း
စိတ်မကောင်းပါဘူးအေ…မကောင်းတာဆိုတာ အလုံးအရင်းနဲ့ကိုလာတာပါလားမိညွှန့်ရဲ့…”

“ဟုတ်ပါတယ်ဘွားရယ်…
ကျုပ်လည်းအဲ့တာကြောင့် ဘွားဆီကိုလာခဲ့ရတာပါ…
ကူညီပါဦးဘွားရယ်…
ကျုပ်ဒီတိုင်းသာဆက်နေရရင် ကျုပ်ယောကျာ်းနဲ့သားလေးတို့ထက်အရင်ကျုပ်သေရပါလိမ့်မယ်…
သူတို့တွေဖြစ်နေတာတွေမြင်ပြီး စိတ်မချမ်းသာလွန်းလို့ပါဘွားရယ်….”

ဟု…ဒေါ်ညွှန့်က ပြောရင်းငိုရှာသည်။
ဘွားမယ်စိန်လည်း ဒေါ်ညွှန့်ကိုကြည့်ရင်းသက်ပြင်းချသလို နံဘေး၌ရှိသော သူကြီးဦးနောင်ချိုကလည်း
ရေနွေးကြမ်းလေးသောက်ရင်းသက်ပြင်းချနေရှာသည်။

“ကဲ…ဒီတော့ ညည်းတို့အိမ်မှာထူးဆန်းတာတွေဖြစ်နေတယ်ဆိုတော့ အရင်ဆုံးဘွားမေးပါရစေဦး…
အဲ့သည်လိုတွေမဖြစ်ခင်က ဘာတွေများသတိပြုမိကြလည်းအေ့…ထူးထူးဆန်းဆန်း ဧည့်သည်တွေဘာတွေရောက်လာသလား…ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့ကိစ္စတွေ
ဘာတွေဖြစ်သေးလဲ”

ဘွားမယ်စိန်ကမေးတော့ ဒေါ်ညွှန့်သည်သူ၏
မျက်ရည်တွေကိုလက်ဖြင့် သုတ်ဖယ်ပြီး
စဥ်းစားတော့သည်။
စဥ်းစားရင်းမှ…

“မီးမလောင်ခင်တစ်ပတ်လောက်က ကျုပ်တို့အိမ်ကို
ဧည့်သည်တွေလာတယ်ဘွား…”

“အေး…သူတို့ကဘယ်သူတွေလဲ…ညည်းတို့ဆီ
ဘာကိစ္စနဲ့လာကြတာလဲအေ့”

“သူတို့က ကျုပ်ယောကျာ်းနဲ့ခင်နေတဲ့
ပွဲစားဦးမောင်ကြီးနဲ့အဖော်တွေပါဘွား”

“လာရင်းကိစ္စကရော…”

“ကျူပ်ယောကျာ်းမှာထားတဲ့ပစ္စည်းကိုလာပို့ကြတာပါ…”

“ဘာပစ္စည်းလဲအေ့…”

“အဲ့တာကဘုရားဆင်းတုလေးပါဘွား…
ရှေးဟောင်းဘုရားလေးတွေ့ခဲ့ ရင်ပြောပါဦးဆိုပြီး
ကျုပ်ယောကျာ်းက သူ့အသိ ပွဲစားဦးမောင်ကြီးကို
ပြောထားလို့ ရောက်လာကြတာပါ…
ကျုပ်ယောကျာ်းကအိမ်မှာ ရှေးဟောင်းဘုရားတစ်ဆူကို
ပင့်ဆောင်ပြီးပူဇော်ကိုးကွယ်ချင်တဲ့ဆန္ဒကရှိနေတော့
ပွဲစားဦးမောင်ကြီးကို ပြောထားမိတာပါဘွားရယ်…
အဲ့သည်လိုပြောထားမိတော့ ပွဲစားဦးမောင်ကြီးက
ရှေးဟောင်းဘုရားတစ်ဆူရောင်းချင်နေတဲ့သူကို
ကျုပ်တို့အိမ်ဆီခေါ်လာခဲ့တာပါ…”

“ဒါဆို ညည်းတို့ဝယ်လိုက်ကြတယ်ပေါ့”

“ကျုပ်ယောကျာ်းက ရှေးဟောင်းဘုရားလေးကိုမြင်ပြီးကတည်းက သဘောကျသွားတာပါ…
ဘယ်လောက်တောင်းတောင်းပေးဝယ်မယ်ဆိုပြီး
ကျုပ်ကိုတောင်သူက ပြောထားသေးတာ…
ဒါပေမယ့် ဟိုဘက်ကတောင်းတဲ့စျေးကလည်းသင့်တော့
တစ်ခါထဲစျေးမဆစ်ပဲ ပေးဝယ်လိုက်ပါတယ်…
ဒါတင်မက ပွဲစားဦးမောင်ကြီးကိုပါ ပွဲခ
များများပေးလိုက်ပါသေးတယ်တော်…”

ဟု…ဒေါ်ညွှန့်က ရှေးဟောင်းဘုရားလေးအကြောင်းအား
ဘွားမယ်စိန်ကိုပြောပြရှာသည်။

“အင်း…ညည်းပြောတဲ့အကြောင်းအရာက
စဥ်းစားစရာထက်…ဘွားကိုယ်တိုင်လိုက်လာပြီး
ကြည့်ရှု့တာက ပိုကောင်းမယ်အေ့…
အဲ့သည်တော့ ညည်းမြို့ကိုပြန်မယ့်ရက်ပြောအေ…
ညည်းပြန်ရင်ဘွားတို့လိုက်ခဲ့ပါ့မယ်…”

“ကျုပ်ကတော့ ဘွားလိုက်မယ်ဆိုရင်
မြန်လေကောင်းလေပဲတော်…
ဟိုမှာကျန်ခဲ့တဲ့​ယောကျာ်းနဲ့သားကိုလည်း
ကျုပ်စိတ်မချဖြစ်နေလို့ပါ…”

“အေးအေ…ဒီလိုဆိုရင်…မနက်ဖြန်မနက်ပဲ
သွားကြတာပေါ့…မောင်တိုးတို့ကိုတော့ဘွားသွားပြောခိုင်းထားလိုက်မယ်အေ…”

“မောင်တိုးတို့ကို ကျုပ်ပဲဝင်ပြောလိုက်ပါ့မယ်ဘွား….
ကျုပ်နဲ့ကိုဘစီလည်းလှည်းတစ်စီးနဲ့အတူလိုက်လာကြမှာပါ…မိညွှန့်က မြို့ကနေ လှည်းကြုံစီးလာတာဆိုတော့
သူ့မှာလှည်းကမပါဘူးဗျ…ကျုပ်ပဲ လိုက်ပို့ရမှာ”

“အေး…အေး…မောင်နောင်ချို…​မောင်နောင်ချိူပါတော့
ကောင်းတာပေါ့ကွယ်…”

သူကြီးဦးနောင်ချိုနဲ့ဦးဘစီတို့ပါမြို့သို့အတူလိုက်ကြမည်ကို ဘွားမယ်စိန်သိလိုက်ရသည်။
မကြာပါ…ဒေါ်ညွှန့်နဲ့သူကြီးဦးနောင်ချိုတို့မောင်နှမ ပြန်သွားကြတော့၏။
သူကြီးတို့ပြန်သွားလေမှ ဒေါ်ဝင်း…ရှင်ညိုနဲ့ နန်းကြိုင်တို့
အိမ်ပြန်ရောက်လာခဲ့ကြသည်။

“အမေ…ဟောသည်မှာ မျှစ်လေးပါလာတယ်…
မပုတို့ ချိုးလာတာတဲ့လေ…
အမေစားချင်ရင်ကျုပ်သုပ်ပေးပါ့မယ်”

“​ ကောင်းတာပေါ့အေ…သုပ်တော့လည်းစားဖြစ်တာပေါ့”

ဒေါ်ဝင်းကသူယူလာတဲ့မျှစ်များကိုဘွားမယ်စိန်အားပြလေသည်။

“ခမောက်တွေယူဆောင်းပြီးရင် တွေ့တဲ့နေရာ
ပစ်မထားကြနဲ့နော် ဟိုညီအစ်မ…”

“ဟုတ်ကဲ့အဘွား”

ကွပ်ပျစ်ခင်းပေါ် ၌ခမောက်များတင်ဖို့ပြင်နေသည့်
နန်းကြိုင်နဲ့ရှင်ညိုမှာ လက်တွေကိုပြန်သိမ်းပြီး
ထရံ၌သွားချိတ်ကြရသည်။

“မိဝင်း…မျှစ်တွေခဏချထားဦး…
အမေပြောစရာရှိတယ်အေ့”

“ဘာများလဲအမေ…ခဏနော်…”

ဒေါ်ဝင်းလည်းမျှစ်များကို မီးဖိုထဲသွားထိုင်ပြီး
ကွပ်ပျစ်ခင်းပေါ်လာထိုင်ရှာသည်။
ဘွားမယ်စိန်ပြောမည့်အကြောင်းအရာကို ဒေါ်ဝင်း
တင်မက ရှင်ညိုတို့ပါသိချင်နေကြ၏။

“အစောက မိညွှန့်လာသွားတယ်…”

“မိညွှန့်…ဘယ်ကမိညွှန့်လည်းအမေ…
တောင်ပိုင်းကစျေးသည်မိညွှန့်လား”

“မဟုတ်ပါဘူးအေ…မောင်နောင်ချိုရဲ့ညီမဝမ်းကွဲ
မိညွှန့်ပါအေ့…သူက မြို့သားနဲ့ညားပြီး
မြို့မှာနေတာလေအေ…”

“သြော်…မိညွှန့်…သိပြီ…သိပြီအမေ…
ကျုပ်တို့နဲ့မတွေ့တာဖြင့်နှစ်ချီနေပြီလေအမေရဲ့
ဘယ်တန်းမှတ်မိမှာလဲတော်…”

“အေးပါအေ…အဲ့သည်မိညွှန့်လာသွားတယ်…
သူတို့အိမ်မှာပြဿနာတွေဖြစ်နေလို့တဲ့
အဲ့တာ အမေတို့မနက်ဖြန်လိုက်သွားရလိမ့်မယ်”

“ဟင်…ဘာပြဿနာများဖြစ်တာလဲအမေ”

“မသိသေးပါဘူးအေ…
ဟိုရောက်မှသေချာသိရမှာ…”

“ဒါဆို…မနက်ဖြန်သွားမှာဆိုတော့ မောင်တိုးတို့ကို
သွားပြောထားရမှာပေါ့အမေ”

“မပြောရဘူးအေ့…”

“ဟင်…ဘာလို့တုန်းအမေရဲ့…
ဒီတစ်ခါသူတို့ကိုမခေါ်သွားဘူးလား….
အဲ့သည်နှစ်ယောက်က စိတ်တွေဆိုးနေပါဦးမယ်
အမေရယ်…ခေါ်သွားလို့ရရင်ဖြင့်
ခေါ်သာသွားလိုက်စမ်းပါတော်…”

“ဟဲ့မိဝင်း…ငါစကားပြောတာလည်းစောင့်ပါဦးအေ…
ညည်းပါးစပ်က ပြောလည်းပြောနိုင်ပေတယ်…
အခုကမောင်နောင်ချိုနဲ့မောင်ဘစီတို့ပါအတူတူလိုက်မှာ
အေ့…မောင်နောင်ချိုက ဒီကပြန်ကတည်းက
မောင်တိုးတို့ကိုဝင်ပြောခဲ့မယ်လို့ပြောသွားရှာတာ…”

“သြော်…ကျုပ်မှမသိတာအမေရယ်…”

ဘွားမယ်စိန်က ဒေါ်ဝင်းကိုဆူလေတော့ ဒေါ်ဝင်းရဲ့အသံပင်တိုးသွားတော့သည်။
ရှင်ညိုနဲ့နန်းကြိုင်တို့လည်း အဆူခံရမည့်ပြဿနာသူတို့ဘက်သို့လှည့်မလာစေဖို့ အသာငြိမ်ကာထိုင်နေကြတော့၏။

“ရှင်ညို…သမီးကောလိုက်ခဲ့ဦးမလား”

ဘွားမယ်စိန်ကရှင်ညိုကိုမေးသည်။

“ဒီတစ်ခေါက်တော့လိုက်ခဲ့ချင်ပါတယ်အဘွား…
ဘာပြဿနာဖြစ်သလဲဆိုတာသေချာမသိသေးတော့
ကျုပ်လည်းစပ်စုချင်သေးတယ်လေ”

“အေးအေ…စပ်စုတာထက် ညည်းပြဿနာထပ်မရှာရင်ကိုရပါပြီ…လိုက်ခဲ့အေ…ညည်းလိုက်တော့ဘွားလည်းစိတ်အေးရတာပေါ့”

“ရှင်…ဘာကိိုစိတ်အေးတာလဲအဘွား”

“ဘာကိုစိတ်အေးရမှာလဲအေ…
ညည်းကိုရွာမှာထားခဲ့ရင် ဟိုအကောင်ငနက်ကြီးနဲ့
ပေါင်းပြီးဘာတွေများထပ်မွှေထားမလဲဆိုပြီး
ကျုပ်စိတ်မအေးရဘူးအေ့…
အခုလိုညည်းလိုက်ခဲ့တော့လည်းစိတ်အေးရတာပေါ့အေ…”

ဟု…ဘွားမယ်စိန်ကပြောတော့ရှင်ညိုရဲ့
မျက်နှာဟာစူပုတ်ပုတ်လေးဖြစ်သွားခဲ့သည်။
နန်းကြိုင်ကတော့အစ်မဖြစ်သူမျက်နှာကိုကြည့်ပြီး
လေသံတိုးတိုးဖြင့် တခွီးခွီးရယ်နေရှာ​တော့သည်။
ထိုအခါ ရှင်ညို၏မျက်စောင်းက နန်းကြိုင်ဆီသို့ရောက်လာခဲ့တော့၏။

နောက်တစ်နေ့နံနက်သို့ရောက်တော့ သူကြီးဦးနောင်ချို၊ဦးဘစီနဲ့ဒေါ်ညွှန့်တို့သုံး​ယောက်နွားလှည်းတစ်စီးဖြင့်
ဘွားမယ်စိန်ရဲ့ဝိုင်းရှေ့သို့ရောက်လာခဲ့သည်။

“ဘွားကျုပ်တို့ရောက်ပြီဗျ…
ဘယ်မှာလဲဟိုကောင်တွေ…”

သူကြီးဦးနောင်ချိုက ခြံဝိုင်းထဲဝင်လာပြီးမောင်တိုးတို့ကိုမေးလေသည်။

“ရောက်မလာကြသေးဘူးသူကြီးရဲ့…မနေ့က
သူတို့ကိုသေချာဝင်ပြောခဲ့ရဲ့လား…”

“ကျုပ်သေချာကိုဝင်ပြောခဲ့ပါတယ်ဗျာ…
ဒီနှစ်ကောင်အိပ်များပျော်နေကြသလားမသိဘူး”

“ကျုပ်သွားခေါ်ရမလားအဘွား”

“မသွားပါနဲ့ရှင်ညိုရယ်…ခဏစောင့်လိုက်ပါဦး…
သူတို့လာမှာပါအေ့”

ရှင်ညိုကမောင်တိုးတို့ကိုသွားခေါ်ရမလားမေးလေတော့
ဒေါ်ဝင်းကဝင်တားလေသည်။
ခဏမျှစောင့်ပြီးလေတော့ မောင်တိုးတို့ရောက်လာကြ၏။

“ဟေ့ကောင်တွေ မင်းတို့အတော်ကြာတဲ့
ကောင်တွေပဲကွာ…
ငါတို့ကတောင် မင်းတို့ကိုပြန်ပြီး ထိုင်စောင့်နေရတာ…”

“သူကြီးကတော့လုပ်ပြီဗျာ…
ကျုပ်တို့နောက်မကျပါဘူး…
ကျုပ်တို့သွားနေကြအချိန်မီပဲထွက်လာကြတာပါဗျ…
သူကြီးကသာ မြို့တက်ရမယ်ဆိုပြီးစိတ်လောနေတာမဟုတ်ဘူးလားဗျ…”

“အောင်မာ..
မင်းကများငါ့ကိုစိတ်လောသလေးဘာလေးနဲ့”

သူကြီးဦးနောင်ချိုက သူ့အားပြန်ပြောသည့်မောင်တိုးကို
ဒေါသထွက်နေလေပြီ။

“ကဲ…မောင်နောင်ချို…
သူပြောတာလည်းဟုတ်ပါတယ်ကွယ်…
ဘွားတို့ခါတိုင်းဆိုဒီအချိန်လောက်မှပဲသွားကြတာကွဲ့…
ကဲ…ကဲ…သွားကြတာပေါ့…လှည်းပေါ်တက်ကြတော့ကွယ်….”

ဟု…ဘွားမယ်စိန်ကပြောတော့မှ သူကြီးဦးနောင်ချိူ
စိတ်လျော့သွားသည်။

“ဟဲ့မောင်တိုး…နင်ကလည်းသူ့ဒေါသကိုသိရဲ့နဲ့
ဘာလို့သွားစွနေတာလဲ…လမ်းလည်းရန်ဖြစ်မနေကြနဲ့ဦးနော်…ရော့…ရော့…နင်တို့လမ်းစားဖို့ ထမင်းထုပ်”

“ဟုတ်ကဲ့အရီး”

ဒေါ်ဝင်းက ဗိုက်ဆာတတ်သောမောင်တိုးတို့အတွက်
ထမင်းထုပ်များပေးရင်း သူကြီးဦးနောင်ချိုကိုသည်းခံဖို့
အထပ်ထပ်အခါခါမှာလေသည်။

“ကျုပ်ကသူနဲ့ဆိုခရီးမသွားချင်ဘူးဗျာ…
ခုဟာက ကျုပ်တို့ခရီးကိုသူလိုက်ခဲ့လို့သာ
သည်းခံနေရတာ”

“နင်ကလည်းဟယ်…ပြောနေရင်းကိုပိုဆိုးနေတာပဲ”

“ဟုတ်ပမောင်တိုးရာ…
သူကလူကြီးလေ သည်းခံစမ်းပါကွာ…”

ဒေါ်ဝင်းအပြင်မောင်အုန်းကပါ မောင်တိုးကို ​သည်းခံဖို့ပြော​နေကြသည်။

“ကဲ…လှည်းပေါ်အကုန်ရောက်ပြီဆိုတော့
သွားကြတာပေါ့…မိဝင်း…ညည်းကိုယ်ညည်းလည်းဂရုစိုက်…ညည်းသမီးကိုလည်းဂရုစိုက်…ကြားလား”

“ဟုတ်ကဲ့အမေ”

“ညီမလေးမမတို့သွားပြီနော်…အရီးသွားပြီ”

“အေး…အေး…အေး”

“မမ…ဂရုစိုက်ဦးနော်”

သူကြီးဦးနောင်ချိုတို့နွားလှည်းကရှေ့မှထွက်သွားသည်။
ရှင်ညိုတို့လည်းဒေါ်ဝင်းတို့ကိုနှုတ်ဆက်ပြီး
နွားလှည်းကိုမောင်းထွက်လာခဲ့ကြတော့သည်။

တစ်လမ်းလုံးလည်း မောင်တိုးနဲ့ရှင်ညိုတို့ရဲ့စကား​ပြောသံများဆူညံနေတော့၏။

“ဘွားရေ…တစ်ခါတစ်လေကျုပ်တ်ို့ကြီးပဲ
ခရီးသွားရင် တစ်ခုခုလိုနေတယ်လို့ထင်နေတာ
အခုမှဘာလိုသလဲသေချာသိတော့တယ်ဗျာ…”

“ဘာလိုတာလဲကွဲ့”

“ဘာလိုရမှာလဲဗျာ…လေပေးသူနဲ့လေယူသူ…
ဟောသည်ကလေအိုးနှစ်​ယောက်ဆုံတဲ့အချိန်ပေါ့ဗျာ…
အဲ့တာလို​နေတာ… ဟုတ်တယ်မလားလေအိုးမလေး”

“ကိုကြီးအုန်းနော်…”

မောင်အုန်းစကားကြောင့် မောင်တိုးကတဟားဟားရယ်တော့သလို ဘွားမယ်စိန်ကလည်းသဘောကျစွာ
ပြုံးနေခဲ့တော့သည်။
နေ့လယ်ပိုင်းအချိန်သို့ရောက်တော့…

ဒေါ်ညွှန့်တို့၏မြို့ပေါ်ရှိအိမ်ဆီသို့ဘွားမယ်စိန်တို့ရောက်လာခဲ့ကြသည်။

“ဘွား…ဒါကျုပ်အိမ်ပဲတော်…
မီးလောင်တာမများလို့ အနည်းအကျဥ်းလောက်ပဲ
ပြင်ထားရတာ….”

ဟုပြောကာဘွားမယ်စိန်တို့အား
ဒေါ်ညွှန့်ကအိမ်ထဲသို့ခေါ်သွားတော့သည်။
အိမ်ထဲ၌ရှိသော သူ၏ယောင်းမများဖြင့်လည်း
ဘွားမယ်စိန်တို့ကို မိတ်ဆက်ပေး၏။
မီးလောင်ဒဏ်ရာနှင့် ဒေါ်ညွှန့်၏အမျိုးသားကို
ဘွားမယ််စိန်တို့မြင်တော့ ထိုသူကလည်းပြုံး၍နှုတ်ဆက်ရှာသည်။

“ဘွား…ဒါကျုပ်ယောကျာ်း ဦးကျော်ကျော်ပါ…
မြို့ပေါ်ကလူတွေကတော့ သူဌေးဦးကျော်ကျော်လို့သိကြပါတယ်…ကိုကျော်ကလည်းဘွားတို့အ​​ကြောင်းတွေကို
ကျုပ်ပြောပြထားလို့သိပြီးသားပါ”

“ဟုတ်ပါတယ်ဗျာ…
မမြင်ဖူးပေမယ့် အကြောင်းကြားဖူးတာကြာပါပြီ…
ကျုပ်တို့အိမ်မှာလွတ်လွတ်လပ်လပ်တည်းပါဗျာ…
လိုအပ်တာရှိရင်လည်းပြောပါ…
ကျုပ်တို့မိသားစုနဲ့ဟောသည်အိမ်ကိုဘွားလက်အပ်ပါတယ်”

ဟု…ဦးကျော်ကျော်က ပြောရှာသည်။
ဘွားမယ်စိန်ကခေါင်းညိတ်ပြီး အိမ်ကိုအကဲခတ်၏။

“မိညွှန့်…ဘုရားခန်းကအိမ်ပေါ်မှာလား”

“ဟုတ်တယ်ဘွား…ကျုပ်လိုက်ပြပေးပါ့မယ်”

“အေး…အေး…ကြည့်ကြတာပေါ့”

ဘွားမယ်စိန်နဲ့ရှင်ညိုတို့က ဒေါ်ညွှန့်နဲ့အတူအိမ်အပေါ်ထပ်သို့လိုက်လာခဲ့ကြသည်။
ဒေါ်ညွှန့်တို့၏ချမ်းသာမှုများကိုလည်း ဘွားမယ်စိန်တို့
မြင်ကြရ၏။
မောင်တိုးတို့နှင့်သူကြီး ဦးနောင်ချိုတို့ကတော့အောက်ထပ်ရှိ ဧည့်ခန်း၌သာကျန်ရစ်ခဲ့ကြလေသည်။
ဘွားမယ်စိန်တို့ဘုရားခန်းသို့ရောက်တော့ အမွှေးနံ့သာများ
ပန်းများဖြင့်ပူ​ဇော်ကိုးကွယ်ထားသည့် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်လေးကိုတွေ့ကြလေသည်။
ဘွားမယ်စိန်သညိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်လေးအားသေချာကြည့်၏။

“ရှေးဟောင်းရုပ်ပွားတော်ပဲမိညွှန့်ရဲ့…”

“ဟုတ်တယ်ဘွား…ကျုပ်ယောကျာ်းရဲ့ဆန္ဒပေါ့ဘွားရယ်
သူကအိမ်မှာအခုလိုဘုရားခန်းနဲ့သေချာပူဇော်ချင်တာလေ”

“အေးအေ…ဒါပေမယ့် ညည်းတို့အခုလိုပြဿနာတွေတက်နေတာ ဒီရုပ်ပွားတော်နဲ့သက်ဆိုင်လိမ့်မယ်လို့တော့
ဘွားထင်တယ်မိညွှန့်…”

“ရှင်…ဘာလို့များလဲဘွား”

“ရှေးဟောင်းရုပ်ပွားတော်တွေမှာကြောက်စရာကျိန်စာဆိုးတွေပါလာတတ်တယ်အေ့…
အလှူဒါနပြုသူကသူတိုရဲ့အလှုကိုရေရှည်တည်တံ့အောင်…ဖျက်လို့ဖျက်ဆီးမခံရအောင် ကျိန်စာဆိုးတွေယတိုက်တတ်ကြတယ်…မသိလိုဖြစ်ဖြစ်…သိလို့ဖြစ်ဖြစ်
ကျုးလွန်သူတွေကတော့ ဒီလိုကျိန်စာဆိုးတွေကို
မိတတ်ကြတယ်…”

“ဘွားရယ်…ကျုပ်တို့နားမလည်ပါဘူး…
ဒါဆို ဒီရုပ်ပွားတော်ကြောင့်ကျုပ်တို့အိမ်မှာ
ပြဿနာတွေတက်နေရတာပေါ့…ဟုတ်လားဘွား”

ဟု..​.ဒေါ်ညွှန့်ကဘွားမယ်စိန်ကိုမေးရာ ဘွားမယ်စိန်က
ခေါင်းကိုညိတ်၍…

“အခုလိုရှေးဟောင်းဘုရားတွေဆိုတာ တန်ခိုးကြီးဘုရားတွေထဲမှာ ဌာပနာအဖြစ်ရှိတတ်ကြတယ်အေ့…
ညည်းတို့ကိုရောင်းပေးတဲ့သူရဲ့အကြောင်းကိုရော
သေချာမှစုံစမ်းကြရဲ့လား”

“အဲ့တာက ကိုကျော်မှသိလိမ့်မယ်ဘွား…
ဒါဆို ကျုပ်တို့သွားမေးကြရအောင်လေ”

“အေး…အေး…အေး…”

ဘွားမယ်စိန်တို့အောက်ထပ်သို့ပြန်ဆင်းလာခဲ့ကြသည်။

“ကိုကျော်…ဘွားက ဘုရားခန်းက ရုပ်ပွားတော်လေးကို
လာရောင်းတဲ့သူအကြောင်းမေးနေတယ်…
ကိုကျော်သူ့အကြောင်းဘာသိထားသေးလဲ”

“အစ်ကိုဘယ်သိမလဲညွှန့်ရယ်…
ပွဲစားဦးမောင်ကြီးခေါ်လာတာပဲလေ”

“ဒါဆို ညွှန့်တို့ဘယ်လိုလုပ်ကြမလဲ…
ဘွားက ညွှန့်တို့အိမ်မှာ ဖြစ်နေတာတွေက
ရုပ်ပွားတော်လေးနဲ့သက်ဆိုင်တယ်လို့ပြောနေတယ်”

“ဟေ…ဟုတ်လားဘွား…ကျုပ်မိန်းမပြောတာအမှန်ပဲလား”

ဦးကျော်ကျော်က ဘွားမယ်စိန်ကိုပြန်ကာမေးသည်။

“ဟုတ်တယ်ကွဲ့…ဒါပေမယ့်ဘွားဘက်ကသေချာအတည်ပြုနိုင်အောင်လို့ မောင်ရင်တို့ဆီကို
ဒီရုပ်ပွားတော်လေး လာရောင်းတဲ့သူရဲ့
အကြောင်းစုံစမ်းခိုင်းချင်တယ်…”

“ဟုတ်ကဲ့ဘွား…ကျုပ်တပည့်တစ်ယောက်ကို
ပွဲစားဦးမောင်ကြီးဆီလွှတ်လိုက်ပါ့မယ်…
အဲ့သည်လူရောက်လာမှအကြောင်းစုံမေးကြတာပေါ့ဗျာ…”

ဦးကျော်ကျော်က တပည့်တစ်ယောက်ကို ပွဲစားဦးမောင်ကြီးအားသွားခေါ်စေသည်။
ထိုအချိန်၌ ခရီးဝေးကလာရသော
ဘွားမယ်စိန်တို့အားထမင်းကျွေးကြလေသည်။
ဘွားမယ်စိန်တို့ထမင်းစားပြီးလေတော့မှ ဦးကျော်ကျော်၏တပည့်လေးပြန်ရောက်လာသည်။

“ဆရာ…ဦးမောင်ကြီးအိမ် မနေ့ကသူခိုးဝင်လို့တဲ့
ရွှေတွေငွေတွေပါသွားတဲ့အပြင်လူကိုပါထိုးကြိတ်သွားလို့
ဦးမောင်ကြီးအိပ်ယာထဲလဲနေတယ်ဆရာ…”

“ဟေ…”

တပည့်ဖြစ်သူ​ပြောသော.ပွဲစားဦးမောင်ကြီး၏
အကြောင်းကြောင့်ဦးကျော်ကျော်ပင်အံ့သြ
သွားခဲ့သည်။

“ကျုပ်တို့တော့ ဦးမောင်ကြီးနေကောင်းမှပဲ
မေးရတော့မယ်ဘွားရယ်…
ဘွားတို့နှစ်ရက်သုံးရက်လောက်
ဆက်နေလို့ရသေးတယ်မလား”

ဟု…ဦးကျော်ကျော်ကမေးတော့ ဘွားမယ်စိန်ခေါင်းညိတ်၍…

“နေရမှာပေါ့ကွယ်…ဒီကြားတော့အိမ်သန့်အောင်
လူတွေဘေးကင်းအောင် ဘွားစီစဥ်ပေးပါ့မယ်”

ဟုသာပြောတော့သည်။

သို့သော်.ညနေပိုင်း၌ ဦးကျော်ကျော်၏နေအိမ်သို့
ပုလိပ်များရောက်လာခဲ့၏။

“သူဌေးကြီးဦးကျော်ကျော်ရှိပါသလား”

“အစ်ကိုရေ…အရာရှိတွေရောက်နေတယ်
အစ်ကိုနဲ့တွေ့ချင်လို့တဲ့”

ဒေါ်ညွှန့်ကယောကျာ်းဖြစ်သူကိုခေါ်ပေးရှာသည်။
ဘွားမယ်စိန်တို့လည်း မလှမ်းမကမ်းမှအကဲခတ်နေကြသည်။

“ဦးကျော်ကျော်ဆိုတာကျုပ်ပါ…
ဆရာတို့ဘာကိစ္စများရှိလဲ”

“ကျုပ်တို့ဖမ်းမိတဲ့သူခိုးက ဦးကျော်ကျော်ဆီ
ညွှန်လိုက်လို့ပါ”

“ခင်ဗျာ…”

“ဟုတ်ပါတယ်…တစ်ဖက်မြို့ကဘုရားမှာ
ဌာပနာအဖော​က်ခံရတယ်ဆိုပြီးကျုပ်တို့ကိုမြို့ပိုင်မင်းကိုယ်တိုင်တာဝန်ပေးထားတာပါ…
အခုကျုပ်တို့မိတဲ့သူခိုးကလည်း အဲ့သည်ဌာပနာဖောက်ထွင်းတဲ့ထဲကတစ်ယောက်ပါ……..”

“ဒါဆိုရင်ကျုပ်သိပြီဗျာ…
ကျုပ်ဆီ ရှေးဟောင်းရုပ်ပွားတာလာရောင်းသွားတာ
အဲ့သည်သူခိုးပဲဖြစ်ရမယ်ဗျ…
ကျုပ်လိုက်ခဲ့ပါ့မယ်ဆရာ…
ဒါပေမယ့် ကျုပ်မှာမီးလောင်ဒဏ်ရာတွေနဲ့ဆိုတော့
ခဏလောက်သည်းခံပေးပါဆရာတို့…
ကျုပ်အဝတ်အစားလဲပါရစေဗျာ…”

ထိုသို့ဖြင့် ဦးကျော်ကျော်တစ်ယောက်
ပုလိပ်များနဲ့အတူလိုက်သွားခဲ့သည်။
ဒေါ်ညွှန့်မှာလည်း ယောကျာ်း​ဖြစ်သူအတွက်စိတ်ပူနေရှာသည်။

“ဘွားရယ်…ကျုပ်ယောက်ျားကို သူခိုးနဲ့တစ်ဖွဲ့ထဲဆိုပြီး
ဖမ်းများနေမလားမသိဘူး”

“မဖမ်းပါဘူးမိညွှန့်ရာ…ဒီမြို့မှာနင့်ယောကျာ်းဘယ်သူဆိုတာ သူတို့လည်းသိတာပဲဟာ…
အဲ့သည်လောက်လည်းစိတ်မပူပါနဲ့ဟ”

ဟု…သူကြီးဦးနောင်ချိုကဝင်ကာပြောလေသည်။

မိုးချုပ်​လေမှ ဦးကျော်ကျော်ပြန်ရောက်လာခဲ့သည်။

“ကိုကျော်…ဘာတဲ့လဲ…သူတို့ကိုကျော်ကို
စစ်ဆေးကြသေးလား…”

“အနည်းအကျဥ်းတော့ဖြေရှင်းရတာပေါ့ညွှန့်ရယ်…
ပွဲစားဦးမောင်ကြီးကိုလည်း ပုလိပ်တွေကခေါ်စစ်သေးတယ်…ဒီလူလည်းပုလိပ်တွေခေါ်တာဆိုတော့
မလာပဲမနေရဲဘူးလေ…ဟိုကသူ့ကိုပွဲခမြိုးမြိုးမြက်မြက်ပေးလို့ရောင်းပေးတာဆိုပြီးပြောတယ်လေ…
အဲ့မှာတင်အစ်ကိုနဲ့ဘာမှမဆိုင်ဘူးဆိုတာသူတို့
သိလိုက်တာပေါ့…ဒါပေမယ့် မနက်ဖြန်တော့
ရုပ်ပွားတော်ကိုသူတို့လာယူကြလိမ့်မယ်…
ဌာပနာအဖောက်ခံရတဲ့ဘုရားဆီကို
ပြန်ပို့ဆောင်ကြလိမ့်မယ်ညွှန့်ရဲ့…..”

ဟု…ဦးကျော်ကျော်က အားလုံးအား ရှင်းပြလေသည်။

“တော်ပါသေးရဲ့…
ကျုပ်တို့ကိုဘွားပြောတာအသိမြန်ပေလို့…
မဟုတ်ရင်ကျုပ်တို့တွေဘယ်လောက်များ
ကျိန်စာစူးနေကြမလဲမသိဘူး…”

ဒေါ်ညွှန့်ကပြောရင်းသက်ပြင်းချသည်။
ဦးကျော်ကျော်ကတော့ဘွားမယ်စိန်တို့နှင့်စကားဆက်ပြောနေခဲ့၏။

နောက်တစ်နေ့နံနက်ရောက်တော့
ပုလိပ်များက ရုပ်ပွားတော်လေးကိုလာပင့်သွားကြသည်။
ပုလိပ်ဆိုတာထက် ဗမာလူမျိုးတချို့လည်းပါသည်မလို့
ရုပ်ပွားတော်အား ရိုရိုသေသေပင့်ဆောင်သွားခဲ့ကြသည်။

“အစ်ကို…သူတို့က အဲ့မြို့ကစေတီကိုပြန်ပို့မှာဟုတ်ကြရဲ့လား”

“ပြန်မပို့ရင်လည်း သူတို့တွေကျိန်စာမိကုန်မှာပေါ့.
ညွှန့်ရယ်..စိတ်မပူစမ်းပါနဲ့ကွာ…
သူတို့သေချာ ပြန်ပ်ို့ကြမှာပါ…ဘာလို့ဆို ဒီအကြောင်းတွေကို အစ်ကိုကိုယ်တိုင်သူတို့ရဲ့အရာရှိနဲ့ပြောခဲ့ပြီးပါပြီ”

“ဒီလိုဆိုတော်ပါသေးရဲ့အစ်ကိုရယ်…”

ဒေါ်ညွန့်လည်းယခုမှ စိတ်အမောပြေသွားရှာသည်။
​နောက်တစ်နေ့နံနက်ရောက်တော့
ဘွားမယ်စိန်က ဒေါ်ညွှန့်တို့အိမ်နဲ့ခြံဝိုင်းထဲအား
ဆန်မန်းများပေါက်၍ သန့်စင်ပေးရှာသည်။
ဦးကျော်ကျော်နဲ့သားဖြစ်သူတို့မှာလည်း
ယခင်အတိုင်းကျန်းမာလာကြပြီဖြစ်၏။
ဘွားမယ်စိန်တို့အားလုံးတစ်ပတ်မျှမြို့၌
နေပြီးနောက် သောင်ထွန်းရွာသို့ပြန်လာခဲ့ကြတော့သည်။
မပြန်သေးဖို့တားနေသော ဦးကျော်ကျော်တို့
ဒေါ်ညွှန့်တို့ကို အကျိုးအကြောင်းပြောကာ
ငြင်းဆန်ပြီး သောင်ထွန်းရွာသို့သာ ဘွားမယ်စိန်တို့
ပြန်လာခဲ့ကြတော့သည်။

ထိုသို့ဖြင့် သောကစံအိမ်ဟူသောဇာတ်လမ်းလေးလည်း
ပြီးဆုံးသွားခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *