ငါ့ဘုရားလေး (ဝတ္ထုတို)
တင်ညွန့်
ရွာတွင် အပျိုကြီး ဒေါ်အေးစိန်ဆိုသူတစ်ယောက် ရှိသည်။ သူ့ကို ဘုရားတရား အလွန်ကြည်ညိုသူဟု အထင်ခံစေချင်သလို အမှန်တကယ်လည်း ကြည်ညိုစိတ်သန်သဖြင့် ကောင်းမှုကုသိုလ်တွေ ပြုလေ့ရှိပါသည်။
ရွာဓလေ့တစ်ခုက သင်္ကြန်အတက်နေ့ညတွင် မိမိတို့အိမ်တွင်ရှိသော ဘုရားဆင်းတုတော်များကို ဘုန်းကြီး ကျောင်း မဏ္ဍပ်အတွင်းရှိ ဘုရားစင်ပေါ်သို့ ပို့ဆောင်ကြရသည်။
ဆရာတော် သံဃာတော်များက တစ်ညလုံး ရွတ်ဖတ်ပူဇော်ကြသည်။ နောက်တစ်နေ့ နှစ်ဆန်း တစ်ရက်တွင်မှ မိမိတို့ ဆင်းတုတော်များကို လာပြန်ယူကြရသည်။
ဒေါ်အေးစိန်က သူ့ဘုရားလေးကို ခေါင်းပေါ်ရွက်ကာ ညနေစောင်းတွင် ဘုန်းကြီးကျောင်းသို့ လာပို့သည်။
“ကြီးတော် ခုပင့်လာတဲ့ဘုရားက အကြီးသားပါလား … ဟိုးအရင် ကြေးဆင်တု မဟုတ်တော့ပါလား”
“အေးဟဲ့ … ခုဘုရားက အရင်ဘုရားမဟုတ်ဘူး … သစ်ကနက်သားနဲ့ ထုထားတဲ့ဘုရား”
“ရွှေအစစ်လား”
“အလိုတော် … ငါ့ဘုရားက ဒစ္စကိုရွှေ မဟုတ်ရပါလား … ရွှေအစစ်ချထားတဲ့ဘုရား”
ရွာမှ မိတုတ်နှင့် ဘုရားပင့်လာသော ဒေါ်အေးစိန်တို့ လမ်းတွင်ရပ်ကာ ပြောဆိုနေကြခြင်းဖြစ်သည်။
“ကြည်ညိုစရာကောင်းလိုက်တာ”
“ဖူးရခဲပါဘိ … ဖူးထား”
“အင်း … ရွာမှာတော့ ဒီလောက်ကြည်ညိုဖွယ်ကောင်းတဲ့ ဆင်းတုတော်မျိုးကို ပိုင်ဆိုင်တာ ကြီးတော် တစ်ယောက်ပဲ ရှိမယ်ထင်တယ်”
“ဟုတ်ပ … တန်ဖိုးလည်း ကြီးသကွယ် … ရွှေအစစ်တွေကိုချထားတာဆိုတော့ … ငါ့ဘုရား … ဒီရွာမှာ တစ်ဆူပဲရှိတယ်”
မဏ္ဍပ်ကို ရောက်လာသည်။ စုပေါင်း ဘုရားစင်ပေါ်တွင် ဒေါ်အေးစိန်တစ်ယောက် သူ့ဘုရားလေးကို မည်သည့် နေရာတွင် ထားရမှန်းမသိဖြစ်ကာ ကိုင်လိုက်၊ ချလိုက်ဖြစ်နေသည်။
“ကြီးတော် … မြန်မြန်ထားပါဗျ … နောက်လူတွေက တန်းစီနေပြီ”
ဘုရားကို စင်ပေါ်တင်ခဲ့သော်လည်း ဒေါ်အေးစိန်မပြန်နိုင်သေး၊ မဏ္ဍပ်ထဲမှတစ်နေရာတွင်ထိုင်ကာ သူ့ ဘုရားလေးကို တစိမ့်စိမ့်ကြည့်ပြီး ကြည်ညိုနေသည်။ ဘုရားရှိခိုးသည့်အခါလည်း
“ရှေ့ဆုံးတန်း အလယ်တည့်တည့်က သစ်ကနက်သား ရွှေဆင်းတုကိုယ်တော်အား ရည်မှန်းကာ ရှိခိုးပါ၏ ဘုရား” ဟု အော်ကာ ရှိခိုးသည်။
ဆရာတော်ကလာပြီး
“ဒကာမကြီး ဘာတွေအော်နေလဲ”
“တပည့်တော်မရဲ့ ရွှေဘုရားလေးကို ရည်မှန်းကာ ကန်တော့ကြောင်းပါဘုရား”
“ဘုရားဆိုတာ အားလုံး အတူတူပါပဲဒကာမကြီး”
“မတူဘူးဘုရား … တပည့်တော်မဘုရားက သစ်ကနက်သား ရွှေအစစ်ချထားတာဘုရား”
“အင်း … ခက်တော့တာပဲ”
ဆရာတော်ထွက်သွားသော်လည်း ဒေါ်အေးစိန်တစ်ယောက် မဏ္ဍပ်ထဲက မခွာနိုင်သေး။ သူများတွေ ဘုရားကို လာတင်တိုင်း
“ဟဲ့ ငါ့ဘုရားလေးကို မရွှေ့နဲ့လေ … မကိုင်နဲ့ … မကိုင်နဲ့ … အဲဒီနေရာမှာပဲထား”
သူက မနားတမ်းထိုင်ကာ ပြောနေပြီး ထမင်းပင် ပြန်မစားနိုင်အောင် ဖြစ်နေရှာသည်။
လူတွေက ဘုရားစင်အောက်မှ အမွှေးတိုင်တွေ၊ ဖယောင်းတိုင်တွေထွန်းကာ ပူဇော်ကြသည်။ ဒေါ်အေးစိန်က ထိုင်စဉ်းစားနေသည်
“အင်း … ငါ့အမွှေးတိုင်တွေက ယိုးဒယားအမွှေးတိုင်တွေ … ဈေးကကြီးသနဲ့ … ငါအမွှေးတိုင်ထွန်းလိုက်ရင် လေကတိုက်ပြီး တခြားဘုရားတွေဆီရောက်သွားမှာ ဘယ်လိုလုပ်ရပါ့”
သူက တာတီးကို ခေါ်လိုက်ပြီး
“တာတီး ဝါးလုံးတစ်လုံးကို သုံးပေလောက် သွားဖြတ်ခဲ့စမ်း”
“ဘာလုပ်လို့လဲ ကြီးတော်”
“ဘုရားကို ပူဇော်မလို့”
“ဘယ်လိုပူဇော်မလို့လဲ”
“သွားပါ ဖြတ်မှာသာဖြတ်ခဲ့ … အလယ်က အဆစ်ကိုပါ ထုတ်ခဲ့”
ဒေါ်အေးစိန်က သူပူဇော်ထားသည့် အမွှေးတိုင်ရနံ့ကို သူ့ဘုရားလေးကိုသာ ရစေချင်သောကြောင့် ဝါးလုံးခေါင်းကို ဘုရားမျက်နှာတော်တည့်တည့် တန်းနေအောင်လုပ်ပြီး အောက်မှ အမွှေးတိုင်တွေကို မီးရှို့ကာ ပူဇော်သည်။
အမွှေးတိုင်တွေကို တစ်တိုင်တည်းပူဇော်ရသည်မှာ အားမရသည့်အတွက် အထုပ်လိုက်ပူဇော်ကာ သူများထက် သာအောင်လုပ်သည်။ မီးခိုးလုံးတွေကတက်ပြီး ဘုရားစင်တွင် မှောင်မည်းနေသည်။
“ဆရာတော် ဘုရားများ ကြွလာပြီ … နောက်ဆုတ် နောက်ဆုတ်”
အားလုံး နောက်ဆုတ်ကြသည်။ ဆရာတော်ဘုရားများက သံဃာစင်တွင် နေရာယူပြီး ဘုရားရှိခိုးသည်။ ဆရာတော်က
“ဟဲ့ … ဟဲ့ … ဒကာမကြီး အေးစိန် ဘာလုပ်နေတာလဲ”
“ဘုရားကို အမွှေးတိုင်နဲ့ ပူဇော်နေတာပါဘုရား”
“မဏ္ဍပ်တစ်ခုလုံး မီးခိုးတွေဖုံးနေပြီ … ဘယ်လိုတွေ လုပ်နေတာလဲ … ဖယ်စမ်း”
ဆရာတော်က မီးခိုးတွေ လွင့်သွားစေရန် ယပ်ဖြင့် ခတ်လိုက်သည်
“အလို … ဘယ်လိုဖြစ်တာပါလိမ့် … ဒကာမကြီး ကြည့်စမ်း … ဝါးလုံးခေါင်းကြီးနဲ့ ဘုရားမျက်နှာကို ဘာဖြစ်လို့ ထိုးနေသလဲ”
မဏ္ဍပ်ထဲမှလူတွေအားလုံးက ရယ်ကြသည်။
ဆရာတော်က
“ဟဲ့ ဒကာမကြီး … ဘုရားမျက်နှာတော်မှိုင်းစွဲ မျက်နှာမည်းကြီးဖြစ်နေပြီဟ …. ဒကာမကြီး”
“ဘုရား”
“စေတနာနည်းတော့ မွဲတယ်ပဲ ကြားဖူးတယ် … ခုတော့ ဒကာမကြီးနဲ့ကျမှ စေတနာက ကွက်ကွက်လေး လွှတ်များနေတော့ ငါတို့ဘုရားလည်း မျက်နှာမည်းဖြစ်သွားရတော့တယ်”![]()
![]()
![]()
တင်ညွန့်