တင်ညွန့်
စာသင်ကြားမှုများ ပြီးဆုံးပြီဖြစ်သဖြင့် ရဟန်းသည် မိမိသီတင်းသုံးရာ တောရွာလေးတစ်ရွာရှိ ကျောင်းသင်္ခန်းကို ပြန်ရတော့မည်ဖြစ်သည်။
ရဟန်းက ဆရာတော်ဘုရားထံ သွားရောက် ဝတ်ပြုသည်။
“တပည့်တော် ရွာကို ပြန်ပါတော့မည်ဘုရား”
“ကောင်းပါပြီ ငါ့ရှင်။ ရွာသူရွာသားတို့အား ဓမ္မတရားများကို ဟောပြောညွှန်ပြ ဆုံးမနိုင်ပါစေ”
“ဗုဒ္ဓအလိုတော်အတိုင်း ဆောင်ရွက်ပါမည်ဘုရား”
“ကောင်းပေစွ … ငါ့ရှင် တစ်ခုမှာချင်သည်”
“မိန့်တော်မူပါအရှင်ဘုရား”
“နောက်တစ်ကြိမ် မြို့ကိုပြန်လာလျှင် အဖြေတစ်ခုကို ယူလာစေချင်သည်”
“သိပါရစေဘုရား”
“လောကတွင် အဆိုးတကာ့ထိပ်ခေါင် အယုတ်ဆုံးသောသူဆိုသည်မှာ မည်သူနည်း ဆိုသည်ကို သိအောင် အားထုတ်ခဲ့လော့”
“တင်ပါ့ဘုရား”
ရဟန်းက ဆရာတော်ဘုရားသည် သူ့ကို အကြောင်းမဲ့ ထိုသို့ မိန့်ကြားလိုက်သည်ဟုမထင်။ ထို့ကြောင့် သေချာစွာ စဉ်းစားပြီး ပြန်လာခဲ့သည်။
တစ်လမ်းလုံးလည်း တွေးလာသည်။
“အဆိုးတကာ့ထိပ်ခေါင် … အယုတ်ဆုံးဆိုတာ ဘယ်သူလဲ”
သူသည် ခရီးအကွာအဝေး မိုင်ပေါင်းများစွာကို ခြေကျင်လျှောက်လာခဲ့ရသည်။ သူ့တောကျောင်း ဝါးတဲလေးကို သွားရန်လမ်းတွင် ချောင်းကိုဖြတ်ရမည်။ ချောင်းရေတွေက ကျနေသည်။ ချောင်းကိုဖြတ်စရာ တံတားလည်း မရှိ။ ချောင်းကိုဖြတ်ရန် လှေကိုသာ အားကိုးနေရသော်လည်း လှေတစ်စီးမျှမတွေ့ရသောကြောင့် ရဟန်းသည် ချောင်းကမ်းဘေးတွင် ထိုင်ရင်း လှေကြုံကို စောင့်နေသည်။
ညမှောင်လာပြီဖြစ်သည်။ ချောင်းကို လှေတစ်စီးဖြတ်လာသည်။ ထိုလှေပေါ်တွင် မီးအိမ်လေးကို အဝေးက မြင်ရသည်။ ရဟန်းက ဝမ်းသာသွားသည်။
လှေက ကမ်းကို ကပ်လိုက်သည်။ အမျိုးသမီးတစ်ယောက်က လှေကိုလှော်လာခြင်းဖြစ်သည်။ ရဟန်းက
“ဒကာမလေး … ဟိုဘက်ကမ်းကို ကူးချင်လို့ပါ” ဟု ပြောလိုက်သည်။
အမျိုးသမီးငယ်က
“အို … ရဟန်းပေပဲ” ဟု ပြောလိုက်သည်။
“ဟိုဘက်ကမ်းကို ပြန်မည့်လှေပါလား” ရဟန်းကထပ်မေးသည်။
“မှန်ပါ့ဘုရား … ခေတ္တလေးစောင့်ဆိုင်ပေးပါဘုရား။ တပည့်တော် လူတစ်ယောက်ကို စောင့်ရဦးမည်ဘုရား”
“စောင့်ပါ … ရပါတယ်”
“လှေပေါ်ကို ကြွပါဘုရား”
ရဟန်းက လှေပေါ်ကို တက်လိုက်သည်။
ခဏအကြာတွင် အမျိုးသားတစ်ယောက်က လှေဆီကိုလာသည်။ ကမ်းစပ်တွင် စောင့်နေသော အမျိုးသမီး ငယ်ကိုတွေ့သည်နှင့် ဝမ်းသာအားရ ပြေးဖက်လိုက်သည်။
“အို … လွှတ်ပါ လှေပေါ်မှာ ရဟန်း …” ဟုပြောလိုက်သည်။
လူငယ်က အမျိုးသမီးငယ်ကို လွှတ်လိုက်ပြီး
“ဘာဖြစ်လို့ သူ့ကို ခေါ်မှာလဲ” ဟုမေးသည်။
“ဟိုဘက်ကမ်းကို လှေကြုံလိုက်မှာပါ”
လူငယ်က လှေလှော်သည်။ လူငယ်ရှေ့တွင် အမျိုးသမီးငယ်က ထိုင်သည်။ ရဟန်းက ရှေ့ဆုံးတွင် ထိုင်သည်။ သူတို့နှစ်ယောက် တီတီတာတာ ရယ်မောပြောဆိုနေသည့် စကားတွေကို မကြားသလိုပြုကာ သူတွေးလာ သည်။
“အဆိုးတကာ့ထိပ်ခေါင် … အယုတ်ဆုံးဆိုတာ ဘယ်သူလဲ”
နောက်ဆုံးတွင် တစ်ဖက်ကမ်းကို ရောက်လာသည်။ ရဟန်းသည် သူသီတင်းသုံးရာ ကျောင်းလေးဆီကိုသွား သည်။ မီးတိုင်ကိုထွန်းလိုက်ပြီး သန့်ရှင်းရေးလုပ်သည်။ ထို့နောက် တရားထိုင်ရင်း စဉ်းစားမိပြန်သည်။
“အဆိုးတကာ့ထိပ်ခေါင် … အယုတ်ဆုံးဆိုတာ ဘယ်သူလဲ”
နောက်တစ်နေ့တွင် ရဟန်းသည် ရွာထဲကို ဆွမ်းခံထွက်ခဲ့သည်။ လမ်းတွင် ညက သူ့ကိုလှေနှင့်ခေါ်လာသော အမျိုးသမီးကိုတွေ့သည်။ ထိုအမျိုးသမီး၏ အိမ်မှာ ရွာထိပ်တွင်ရှိသည်။ အမျိုးသမီးငယ်က
“ဒီအိမ်က တပည့်တော်မနေတဲ့ အိမ်ပါဘုရား။ ဒါပေမဲ့ အရှင်ဘုရား လာလို့မရပါဘူး”
“ဘာကြောင့်လဲ ဒကာမလေး”
“တပည့်တော်က ပြည့်တန်ဆာလေဘုရား … တပည့်တော်အိမ်ကို အရှင်ဘုရားလာရင် ရွာထဲက လူတွေက အရှင်ဘုရားကို ဘယ်ကြည်ညိုတော့မှာလဲ”
အမျိုးသမီးငယ်ကာ ရယ်မောပြီး ချောင်းဘက်ကို ထွက်သွားသည်။
ရဟန်းက ဆွမ်းခံပြီး ကျောင်းကိုပြန်သည်။ ရွာကဆင်းရဲလွန်းလှသည်ဖြစ်ရာ ဆွမ်းလေး အနည်းငယ်သာ ရလာပြီး ဟင်းရွက်ပြုတ်နှင့် ဘုဉ်းပေးနေသည်။
သူဆွမ်းစားနေစဉ် ပြည့်တန်ဆာမလေးက ရောက်လာသည်။
“အရှင်ဘုရား ဘာဟင်းတွေနဲ့ ဘုဉ်းပေးနေသလဲဘုရား” ဟုပြောကာ အနီးသို့လာကြည့်ပြီးမှ
“အို ရွာကဆင်းရဲတာပဲဘုရား … အရှင်ဘုရား ဘယ်မှာအဆင်ပြေနိုင်ပါ့မလဲ”
“ကိစ္စမရှိပါ ဒကာမလေး။ ပြန်ပါတော့။ ကျောင်းမှာ သင်နှင့်ငါ နှစ်ဦးတည်းရှိနေသည်မှာ မသင့်လျော်ပါ”
“အရှင်ဘုရား တပည့်တော်ကို တစ်ခုလောက် လျှောက်ထားခွင့်ပြုပါ”
ရဟန်းက ဘာမျှ ပြန်မပြော
“တပည့်တော် အရှင်ဘုရားကို နေ့စဉ် ဆွမ်းနှင့် ဆွမ်းဟင်းများ လာကပ်ပါရစေဘုရား”
“ဒကာမလေး ကျောင်းကို လာသည်အား ဦးဇင်းမလိုလားပါ”
“ရွာထဲက ဆင်းရဲတော့ အရှင်ဘုရားကို ဖွယ်ဖွယ်ရာရာလေး စားစေချင်တဲ့ စေတနာပါ”
“သင့်ထံက ငါသည် ဘာမျှမလိုပြီ”
“အရှင်ဘုရား တပည့်တော် အရှင်ဘုရားကို နေ့စဉ် ဆွမ်းဟင်း လှူပါရစေ”
“သင့်ထံက ငါသည် ဘာမျှမလိုပြီ”
“တပည့်တော်က ပြည့်တန်ဆာဖြစ်နေလို့လားဘုရား”
ရဟန်းက နှုတ်ဆိတ်နေသည်။ ပြည်ဆန်ဆာမလေး ပြန်သွားသည်။ ရဟန်းစိတ်ထဲတွင်
“ယုတ်ညံ့သော သူထံမှ ငါဘာမျှမလိုပြီ” ဟု တွေးနေသည်။
နောက်တစ်နေ့တွင် ဆွမ်းစားချိန်ရောက်ခါနီး၌ ပြည့်တန်ဆာမလေးက ရောက်လာပြန်သည်။ ခေါင်းပေါ်တွင် ဗန်းတစ်ခုကို ရွက်လာသည်။ ထိုဗန်းထဲတွင် ကြက်သားဟင်းတွေနှင့် ဖြစ်သည်။ အမျိုးသမီးငယ်က ရဟန်းကို ကန်တော့သည်။
ရဟန်းသည် ယနေ့ ဆွမ်းခံပြန်လာရာတွင် ဆွမ်းအနည်းငယ်မျှသာ ရလာသည်။ ဗန်းထဲတွင် ဆွမ်းနှင့် ဆွမ်းဟင်း တွေက စားချင်စဖွယ်ဖြစ်နေသည်။
အမျိုးသမီးငယ်က သူ့ခါးတွင်လိပ်ထားသည့် ပဝါထဲမှ ငွေဒင်္ဂါး ငါးပြားကို ထုတ်လိုက်ပြန်သည်။ ထို့နောက် ဗန်းထဲတွင် ထည့်လိုက်ပြီး ရဟန်းကို ကပ်သည်။ ရဟန်းက သူ့စိတ်ဆန္ဒကို ထိန်းနိုင်စွမ်းမရှိတော့။ ကြက်သားဟင်းရနံ့နှင့် ငွေဒင်္ဂါးပြားတွေက သူ့ကိုစွဲဆောင်နေသည်။
ရဟန်းက လက်ကိုကမ်းကာ ဗန်းကိုထိရန်ပြင်လိုက်သည်။
အမျိုးသမီးငယ်က ဟက်ဟက်ပက်ပက်ရယ်ပြီး ဗန်းကိုချကာ ထပြန်သွားသည်။
ရဟန်းက တစ်ပါးတည်း ငိုင်ပြီးကျန်ခဲ့သည်။
သူဆွမ်းလည်းမစားတော့။ မျက်စိကိုမှိတ်ပြီး စဉ်းစားဆင်ခြင်လိုက်သည်။
“အဆိုးတကာ့ထိပ်ခေါင် … အယုတ်ဆုံးဆိုတာ ဘယ်သူလဲ”
“အဆိုးတကာ့ထိပ်ခေါင် … အယုတ်ဆုံးဆိုတာ ဘယ်သူလဲ”
သူထပ်ကာ ထပ်ကာ သူ့ကိုယ်သူ ပြန်မေးနေမိသည်။
သူအဖြေကိုရသွားပြီထင်သည်။
(အိန္ဒိယပုံပြင်လေးတစ်ပုဒ်ကို မှီငြမ်းပါသည်)
တင်ညွန့်
၁၉.၈.၂၀၂၄