အညှစ်ခံလူသားများ (ဝတ္ထုတို)

အညှစ်ခံလူသားများ (ဝတ္ထုတို)
တင်ညွှန့်

ပါမောက္ခကြီးက စာသင်ခန်းထဲကို ဝင်လာသည်။ သူ့လက်ထဲတွင် ဖန်ချိုင့်ကြီးတစ်လုံးကိုင်လာသည်။ ဖန်ချိုင့် ကြီးထဲတွင် အရည်ညှစ်တံတစ်စုံ၊ ဓားတစ်ချောင်းနှင့် လိမ္မော်သီးတစ်လုံးပါလာသည်။

“မင်္ဂလာပါဆရာကြီး”

“မင်္ဂလာရှိသော နေ့ကောင်းနေ့မြတ်ပါကွယ် … ထိုင်ကြ … ထိုင်ကြ”

ပါမောက္ခကြီးက သူနှင့်အတူ ပါလာသော ပစ္စည်းများကို စားပွဲပေါ်တင်လိုက်သည်။ စာသင်သားများက ငါတို့ဆရာကြီး ဒီနေ့ ဘာတွေ သင်မလို့ ပြင်ဆင်လာပါလိမ့်ဟုဆိုကာ အံ့အားသင့်ပြီး မျက်လုံးလေးများပင် ပြူးနေကြသည်။

“တပည့်တို့ … ဒီနေ့ လိမ္မော်ရည်ဖျော်တိုက်မလို့ … သောက်ကြမလား”

သူတို့ ဆရာကြီးက အကြောင်းမဲ့ပြောခြင်း မဟုတ်နိုင်ကြောင်း သိကြသော်လည်း အပြိုင်အဆိုင်

“သောက်ပါ့မယ်ခင်ဗျ”

“သောက်ပါ့မယ်ရှင့်” ဟု ပြောကြသည်။

ပါမောက္ခကြီးက လိမ္မော်သီးတစ်လုံးကို ထက်ခြမ်းခွဲသည်။ တစ်ခြမ်းကို အရည်ညှစ်တံထဲထည့်သည်။ ထို့နောက် ဖိချကာ ညှစ်မည်ဟု ပြင်ပြီးမှ

“ကိုင်း … တပည့်တို့ ဆရာအခု ဘာကို ညှစ်မှာလဲ”

“လိမ္မော်သီးပါ”

“ခုနေ ဒါကြီးကို ညှစ်ချလိုက်ရင် ဘာတွေထွက်လာမယ်ထင်သလဲ”

“လိမ္မော်ရည်ပါဆရာကြီး”

“ဟုတ်ရဲ့လား … ပန်းသီးအရည်တွေ ထွက်လာမှာ မဟုတ်လား”

“မဟုတ်ပါ”

“စပျစ်ရည်တွေ ထွက်လာမှာ မဟုတ်လား”

“မဟုတ်ပါ”

“သံပရာရည်တွေ ထွက်လာမှာ မဟုတ်လား”

“မဟုတ်ပါ”

“ဘာဖြစ်လို့လဲကွ”

“ဆရာကြီးက လိမ္မော်သီးထည့် ညှစ်တာ လိမ္မော်ရည်ပဲ ထွက်လာမှာပေါ့”

“ဟုတ်လား … ထပ်ပြောစမ်းပါဦး … ဘာဖြစ်လို့ လိမ္မော်ရည် ထွက်လာမှာလဲ”

“ညှစ်တံထဲမှာ လိမ္မော်သီးရှိနေလို့ပါ”

ပါမောက္ခကြီးက ညှစ်တံကို ဖိချလိုက်သည်။ လိမ္မော်ရည်တွေက ဖန်ချိုင့်ကြီးထဲကို စီးကျလာသည်။

“ဟုတ်သားနော် … လိမ္မော်သီးထည့်ညှစ်ရင် လိမ္မော်ရည်ပဲ ထွက်ရမှာပေါ့ … ပန်းသီးအရည် ထွက်လို့ ဘယ်ရမလဲ … သံပရာရည် ထွက်လို့ ဘယ်ရမလဲ”

ပါမောက္ခကြီးက ညှစ်တံကို ပြန်ချထားလိုက်သည်။ ထို့နောက်

“အေး … ကိုယ်ညှစ်တာ ကိုယ်သောက်ရမှာပဲ”

သူကဖန်ချိုင့်ထဲမှ လိမ္မော်ရည်များကို မော့ချလိုက်သည်။

“ကောင်းလိုက်တာ … မင်းတို့ သောက်ချင်ရင် ကိုယ့်ဘာသာ လာညှစ်သောက်”

ပါမောက္ခကြီးက ဆက်ပြောသည်

“လူတဲ့ … အတွင်းစိတ်က ကောင်းတာကို လက်ခံသလား … ဆိုးတာကို လက်ခံသလား”

“ကောင်းတာကိုပဲ လက်ခံချင်ပါတယ်”

“ဆိုးချင်သလား … ကောင်းချင်သလား”

“ကောင်းချင်ပါတယ်”

“လူမှန်ရင် ကောင်းတာလေးကိုပဲကြိုက်တယ်၊ ကောင်းကောင်းနေချင်တယ်၊ ကောင်းကောင်းစားချင်တယ်၊ ကောင်းကောင်း သေချင်ကြတာချည်းပြီး … လက်ခံသလား”

“လက်ခံပါတယ်”

“လူဆိုးကြီး လူသတ်သမားကြီး ဖြစ်ချင်သလား … သူတော်ကောင်း … လူတော်လူကောင်းဖြစ်ချင်သလားလို့ မေးရင် … ဘာဖြစ်ချင်တယ် ပြန်ပြောကြမလဲ”

“သူတော်ကောင်း … လူတော်လူကောင်းပဲ ဖြစ်ချင်ပါတယ်”

“လူ့အတွင်းရဲ့ ပကတိစိတ်နော် … သူတော်ကောင်းစိတ် … အကောင်းစိတ် … မြတ်သောစိတ် … မြင့်သော စိတ်ပဲရှိကြတာ … အဲဒါမှလူ။ ကောင်းပြီ လူတိုင်း နေ့စဉ် တစ်ခုမဟုတ်တစ်ခု ညှစ်အားတွေ ဖိအားတွေနဲ့ ရင်ဆိုင် နေကြရသကွယ့်။ ဖိအားပေးတာတွေ၊ တွန်းအားပေးတာတွေ၊ ညှစ်အားများတာတွေ ကြိုက်သလား၊ မကြိုက် ဘူးလား”

“မကြိုက်ပါဘူး”

“ဖိအားတွေ ညှစ်အားတွေများလာရင် စိတ်ဆိုးတယ် … ဒေါသတွေထွက်တယ် … မုန်းတယ် … ကြောက်တယ် ဆိုတာတွေ ထွက်လာတယ်။ ဘာဖြစ်လို့လဲ။ လူတဲ့ … အတွင်းခံစိတ်ရင်းက ကောင်းနေရင် ကောင်းတာတွေပဲ ထွက်လာရမှာပေါ့။ ဘာဖြစ်လို့ မနာလိုစိတ်တွေ … ကြောက်စိတ်တွေ … ဒေါသတွေ … ခံပြင်းမှုတွေ … မကျေနပ်မှုတွေ ထွက်လာစရာ အကြောင်းရှိသလဲ”

သူကဆက်ပြောသည်

“ဒါကြောင့် ဆရာမေးတာ … လိမ္မော်သီးကို ညှစ်ရင် ဘာထွက်ရမလဲဆိုတော့ မင်းတို့ကပြောတယ် … လိမ္မော်ရည်တဲ့။ မင်းတို့ စိတ်ရင်းက ဖြူစင်နေရင် အဖြူရောင်ပဲ ထွက်ရမှာနော် … မည်းညစ်တာတွေ ထွက်မလာရဘူး။ အရင်းခံစိတ်ပဲ ထွက်လာရမှာ။ အရင်းမခံတဲ့ စိတ်ဆိုး၊ စိတ်ပုပ်၊ စိတ်ယုတ်တွေ ထွက်မလာမိစေနဲ့ … ကြားလား”

“နေ့တိုင်း မင်းတို့ကို ညှစ်နေတာတွေ ရှိမှာ။ အဖေကညှစ်လိုက်၊ အမေကညှစ်လိုက်၊ အစ်ကို ညှစ်လိုက်၊ အစ်မက ညှစ်လိုက်၊ ဟော … ကျောင်းရောက်တော့လည်း ဆရာကညှစ်လိုက်။ အလုပ်ရောက်တော့ အလုပ်ရှင် သူဌေးက ညှစ် … နောက်ဆုံး အစိုးရကလည်းညှစ် … နေ့တိုင်း ဖိအားတွေ … ညှစ်အားတွေ အောက်မှာ နေကြရတာ … ကိုင်း … မေးပါရစေ … ဒီလို ဝိုင်းညှစ်နေတာတွေကို နေ့စဉ်ရင်ဆိုင်နေရတာ မင်းတို့ ဘာတွေ ထုတ်ပေးကြမလဲ”

ကျောင်းသားတွေက ငြိမ်ပြီး ပြုံးနေကြသည်။ ရှင်းလင်းနားလည်လွယ်သော ပုံပမာပြကာ သူတို့ကို သင်ကြားပေးနေသည့် ပါမောက္ခကြီးကို ငေးကြည့်ပြီး ပီတိဖြစ်နေကြသည်။

“ကိုယ့်စိတ်ထဲမှာ ရှိတဲ့ ဖြူစင်တာလေးတွေပဲ ထုတ်ပေးကြပါ … မည်းညစ် ဆိုးယုတ်တာတွေ ဘယ်တော့မှ ထုတ်မပြကြပါနဲ့ … ဘယ်လောက်ညှစ်ညှစ် … ဘယ်လောက်ဖိအားပေးပေး ကောင်းတာလေးတွေ ထုတ်ပါ။ ဖြူစင်တာလေးတွေ ထုတ်ပြပါ။ ရိုင်းစိုင်း၊ ယုတ်မာ၊ ညစ်ပတ်၊ မိုက်ကန်းတာတွေကို ဘယ်တော့မှ ထုတ်မပြ ကြပါနဲ့။ ကိုယ့်ကိုယ်ကိုယ် လိမ္မော်သီးလို့ ယူဆရင် လိမ္မော်ရည်ပဲ ထုတ်ပေးကြနော်”

ပါမောက္ခကြီးက

“အပြင်မှာ ဆရာ့ကို လိမ္မော်သီးခြင်းတစ်ခြင်း လက်ဆောင်လာပေးထားတယ်။ စက္ကူခွက်တွေကတော့ သောက်ရေစက်က သွားယူ။ ကိုယ့်ဘာသာကိုယ် ညှစ်သောက်ကြကွယ်။ အေး … ပြောထားမယ်နော်။ လိမ္မော်သီးကို ညှစ်ရင် လိမ္မော်ရည်ပဲသောက်ရမှာ”
▪️▪️▪️
တင်ညွန့်
၁၄.၁၂.၂၀၂၀

Leave a Reply

Your email address will not be published. Required fields are marked *