နင်လားဟဲ့ ဒုက္ခ
တင်ညွန့်
အိမ်တွင် ဂက်စ်မီးဖို သုံးပါသည်။ မီးသွေး အိမ်ညစ်ပတ်သည်။ ထင်းကလည်း အိမ်ညစ်ပတ်သည်ဆိုပြီး ဂက်စ်မီးဖိုလေး ဆောင်ထားမှ ပိုက်ဆံပေးပါမည် ဆိုတာတောင် ဂက်စ်က ဝယ်မရသည့်အခြေအနေကို ရောက်သွားသည်။ ဂက်စ်တစ်ပိသာက သောင်းဂဏန်းနား ကပ်သွားပြီ။
ထမင်းကို ပူပူနွေးနွေး မစားရသည်မှာ ကြာပါပြီ။ လျှပ်စစ်မီးက လူတွေ အိပ်ချိန်မှ လာသည်။ ထိုအချိန်တွင် မီးလာမှ ဘာလုပ်ရမည်နည်း။ မနက်လည်း စောစောလေး ထမင်းပေါင်းအိုးတစ်လုံး တည်ထားလိုက်ရသည်။ မီးက ပြတ်ချင်သည့်အချိန် ပြတ်သည်။ နေ့လယ်ထမင်းစားချိန် အေးစက်နေသောထမင်းကိုသာ စားရသည်။
အခြေခံစားကုန်တွေ အကုန်ဈေးတက်နေချိန်တွင် ကိုယ့်ဝမ်းကိုတောင် ကိုယ်ချင့်ချိန်ရသည်။ ဟင်းကို ချက်စားသည်ထက် ဝယ်စားရတာ ပိုပြီး တွက်ခြေကိုက်နေသည်။ ထို့ကြောင့် ဟင်းလေးတစ်ပွဲလောက် လမ်းလျှောက်အပြန်ဝယ်လာပြီး နေ့စာ၊ ညစာခွဲစားနေရသည်။ ချက်စားလျှင် လောင်စာပြဿနာတက်နေ သည်။
ပြည်သူတွေ ပတ်လည်ပတ်ချုပ် ဒုက္ခတွေပင်လယ်ဝေနေသည်။ ရပ်ကွက်ထဲ သူခိုးဆူနေသည်မှာကြာပြီ။ မရှိလို့ ခိုးရသည်ဆိုသည့် မကောင်းသောအကြောင်းပြချက်ကြီးကို လက်ကိုင်ထားနေကြသည်။ အခိုးခံနေရသူတွေက ရော ရှိလို့လားဟု မေးစရာရှိသည်။ မလစ်လိုက်နှင့် လစ်လိုက်သည်နှင့် အိမ်ရှေ့တွင် လှန်းထားသော ပုဆိုးသည် ပင် မျက်စိတစ်မှိတ်အတွင်း ပျောက်နေသည်။
မကြာသေးမီက မိတ်ဆွေတစ်ယောက် နာရေးကိစ္စကြောင့် အိမ်ကခေတ္တထွက်သွားရသည်။ အိမ်က နှစ်နာရီလောက် ကင်းကွာသွားချိန်အတွင်း ပြန်လာသည့်အခါတွင် အိမ်အဖောက်ခံထားရသည်။ ရှိတာလေးတွေ အကုန်ပါသည်။
မိတ်ဆွေ စာရေးဆရာမတစ်ဦးလည်း အိမ်ထဲတွင်ရှိသည့် ရေစက်တွေ အကုန်အခိုးခံလိုက်ရကြောင်း သတင်း ဖတ်လိုက်ရသည်။ လူမနေသည့် အိမ်တွေ ပိုဆိုးသည်။ နေ့ခင်းကြောင်တောင် မဟုတ်တာလုပ်နေသည်ကို မြင်နေရသော်လည်း ဝင်မပြောရဲသည့် ခေတ်ဖြစ်နေသည်။
ယခုတစ်လော တောဘက်ကို လူတွေပြုံဆင်းလာကြသည်။ ရန်ကုန် လူနေမှုစရိတ်က မြင့်မားလာသည်။ တိုက်ခန်းငှားခတွေ ဈေးတက်ကုန်သည်။ ထို့ကြောင့် ၁၀ ပေပတ်လည်တစ်ခန်း ၅ သောင်းလောက်နှင့် ငှားနေ နိုင်သော တောကို လူတွေ ပြုံတိုးလာကြသည်။ လူနေများလာသည့် နောက်ကွယ်တွင် တရားဥပဒေစိုးမိုးရေးက မရှိသည့်အတွက် ဖြစ်ချင်တာတွေဖြစ်သည်။
ကိုယ့်အိမ်ပေါ်က အဓမ္မတွေက အချိန်မရွေးရောက်လာနိုင်သည်။ ညကြီးမိုးချုပ် အိမ်ပေါ်ကို တက်လာပြီး ရှိတာအကုန်ထုတ်ဟု ဆိုလိုက်လျှင် မရှိတာကိုပြော၍မရ၊ အခုတ်ခံကာ အသေခံရုံအနေအထားသာဖြစ်နေ သည်။ ဘာမျှ မတတ်နိုင်။ ကိုယ့်ဘာသာကိုယ်ပင် မကာကွယ်နိုင်။ ကိုယ့်ကို အကာအကွယ်ပေးမည့် သူတွေလည်း အကူခေါ်၍မရနိုင်။ မတရားမှုက တံခါးလာခေါက်လျှင် လည်စင်းခံရုံအနေအထားသာဖြစ်သည်။
မနက်ခင်းလမ်းလျှောက်သည့်အခါတွင်လည်း သတိပေးသူတွေက သတိပေးသည်။ လူပြတ်သည့်နေရာတွေကို မသွားပါနှင့်ဟု ဆိုလာသည်။ ထို့ကြောင့် လူမပြတ်သည့်နေရာတွေမှာ လမ်းလျှောက်သည့်အခါတွင်လည်း လေကောင်းလေသန့်က မရချင်။
ကျွန်တော်တို့အားလုံး အစား၊ အသောက်၊ အနေ၊ အထိုင်၊ အသွား၊ အလာကန့်သတ်ချက်တွေများလာသည်။ မရှိ အတူ၊ ရှိအတူ၊ အေးအတူ၊ ပူအမျှဆိုသည့်စကားကို လက်ခံပါသည်။ အမှန်တကယ် ဒုက္ခရောက်နေသောကြောင့် ပြည်သူကို ပြည်သူက မျှဝေကူညီကြသည့် တက်ညီလက်ညီခေတ်လည်း ရှိခဲ့ဖူးပါသည်။ ရေဘေးကိုရင်ဆိုင် နေရသော နေရာဒေသတွေက ယခုထက်တိုင်ရှိနေသေးသည်။ ထိုနေရာတွေကို တိုးတိုးတိတ်တိတ် သွားလှူနေ ကြရသည်။ ထိုသို့ဒုက္ခရောက်နေသူတွေနှင့် ယှဉ်လိုက်လျှင် ကိုယ့်ဒုက္ခက အသေးအမွှားပင်။
ရောက်သင့်၊ ရှိသင့်၊ ဖြစ်သင့်သော ဒုက္ခတွေကို အတူတူလက်တွဲ ရင်ဆိုင်ရလျှင် ဖြေသာပါသည်။ မရောက်သင့်၊ မရှိသင့်၊ မဖြစ်သင့်သည့် ဒုက္ခတွေကို ရင်ဆိုင်နေကြရသော ပြည်သူတွေ၏ဒုက္ခမှာ စိတ်မချမ်းမြေ့ဖွယ်ဖြစ်သည်။
အသက်ရှင်လျက် နိုးထလိုက်သော်လည်း နေ့တစ်နေ့ကို အဓိပ္ပာယ်မဲ့စွာဖြင့် ကျော်ဖြတ်နေကြရသည်။
လူတိုင်းသည် အချိန်တိုင်းတွင် တစ်ခုခုတော့ဖြစ်သွားနိုင်သည်။
ထိုတစ်ခုခုထဲတွင် ကိုယ်မပါသေးသမျှ ဒုက္ခမရောက်သေးသော ကာလတွေဖြစ်နေသည်။
တင်ညွန့်
၁၀.၈.၂၀၂၄