ပြာကြိုး


တင်ညွန့်
ဟိုးရှေးတုန်းက တောင်ခြေရွာလေးတစ်ရွာတွင်ဆင်းရဲသော လယ်သမားနှင့် သူ့မိခင်အို မုဆိုးမကြီး တစ်ဦး နေထိုင်သည်။ သူတို့တွင် လယ်မြေလေးအနည်းငယ်ရှိပြီး၊ ထိုလယ်မြေလေးတွင် စိုက်ပျိုးကာ ရသမျှလေးကို မှီခို၍ သားအမိနှစ်ယောက် ပျော်ရွှင်စွာ နေထိုင်ကြသည်။

သားအမိနှစ်ယောက် နေထိုင်သော နယ်မြေကို အုပ်ချုပ်သည့်သူမှာ စစ်သည်မျိုးနွယ်တစ်ဦးဖြစ်ပြီး အာဏာရှင် ဆန်ဆန် စိုးမိုးနေသူတစ်ဦးဖြစ်သည်။ သူစိုးမိုးအုပ်ချုပ်နေသည့် နယ်မြေတွင် အင်အားချည့်နဲ့ပြီး ငတ်မွတ် ခေါင်းပါလာမည်ကို သူသည်အလွန်စိုးရိမ်နေသူတစ်ဦးလည်းဖြစ်သည်။ အာဏာရှင်တို့ထုံးစံ ဆက်လက်စိုးမိုး အုပ်ချုပ်ရရေးသည်သာ အရေးကြီးသဖြင့် အလိုတော်ရိအကြံပေးတွေ ပြောသည့်အတိုင်း လိုက်လုပ်တော့သည်။

ထိုအာဏာရှင် အုပ်ချုပ်သူသည် တစ်နေ့တွင် အလွန်ရက်စက်သည့် အမိန့်တစ်ခုကို ထုတ်လိုက်လေသည်။

“မိမိ စိုးမိုးအုပ်ချုပ်သော ဒေသအတွင်း ရှိနေသော သက်ကြီးရွယ်အိုများကို သတ်စေ” ဆိုသည့် အမိန့်ကို ထုတ်ပြန်လိုက်ရာ အားလုံးအခက်တွေ့ကုန်ကြသည်။

လယ်သမားလေးသည် သူ့မိခင်ကြီးကို အလွန်ချစ်သူဖြစ်သည်။ မိခင် ဖခင်များကို မသတ်ရက်သူတို့သည် အာဏာရှင် အမိန့်ကိုလည်း မလွန်ဆန်နိုင်သဖြင့် မိအို ဖအိုများကို တိတ်တဆိတ်သွားပြီး စွန့်ပစ်ကြရလေ တော့သည်။

လယ်သမားလေးသည် သူ့မိခင်ကြီးကိုလည်း မပစ်နိုင်၊ အာဏာရူး၏ အမိန့်ကိုလည်း မလွန်ဆန်နိုင်သောကြောင့် အခက်တွေ့နေရသည်။

သို့သော် အမိန့်ကိုလွန်ဆန်ပြီး မိခင်အိုကြီးကို ထားလျှင်လည်း သူတို့နှစ်ယောက်စလုံး သေဘေးကို ရင်ဆိုင် ရမည်ဖြစ်သဖြင့် မိခင်အိုကြီးကို အများသူငါ ရွေးချယ်သည့်လမ်းစဉ်အတိုင်း သွားပြီးစွန့်ပစ်ရန်သာ ရှိတော့ သည်။

တစ်ခုသော ညနေအချိန်တွင် လယ်သမားသည် သူ့အလုပ်ကို သိမ်းလာပြီးနောက် အိမ်ကိုပြန်လာ၍ ထမင်းများချက်လေသည်။ ထမင်းကျက်သောအခါ ကြာရှည်စွာထားပြီး စားနိုင်သော မုန့်များကိုလုပ်ပြီး ထိုမုန့် များကို အဝတ်စထဲတွင်ထည့်ကာ ထုပ်ပိုးလိုက်သည်။ ထို့နောက် ဘူးသီးခြောက်ထဲတွင် ရေဖြည့်ကာ မုန့်ထုပ်နှင့် ရေဘူးကို လည်ပင်းတွင်ဆွဲပြီး မိခင်အိုကြီးကို ကျောပိုး၍ တောင်ပေါ်ကို တက်ခဲ့လေတော့သည်။

တောင်တက်လမ်းကား အလွန်မတ်စောက်ပြီး အလွန်ကျဉ်းမြောင်းလှသည်။ အမဲလိုက်သူများနှင့် ထင်းခုတ် သူများလောက်သာ သွားသောလမ်းဖြစ်ပြီး အချို့သောနေရာများတွင် သတိမထားပါက တောင်အောက်ကို ပြုတ်ကျနိုင်သည့် အနေအထားတွင်ရှိနေသည်။

လယ်သမားသည် မိခင်အိုကြီးကို ကျောပိုးပြီး တောင်ပေါ်ကို တစ်ထစ်ချင်း၊ တစ်လှမ်းချင်းတက်လာသည်။ သူသည် တောင်ထိပ်အထိရောက်အောင်တက်ရမည်ဖြစ်သည်။ ထိုတောင်ကား “လူအိုပစ်တောင်” ဟု နာမည် ပေးထားသည့် တောင်ကြီးပင်ဖြစ်တော့သည်။

မိခင်အိုကြီးသည် သားဖြစ်သူကျောပေါ်က လိုက်လာရသော်လည်း သူ့မျက်လုံးတွေက ခရီးလမ်း တစ်လျှောက်ကိုကြည့်ပြီး မှတ်သားလာသည်။ တောင်တက်လမ်းခရီးသည် အကွေ့အကောက်တွေများပြီး ရှုပ်ထွေးလှသဖြင့် သူ့သားလေးပြန်လျှင် လမ်းပျောက်ကာ ချောက်ထဲကျမည်ကိုလည်း စိုးရိမ်နေမိသည်။
တောင်ထိပ်ကိုရောက်ပြီ။ သားဖြစ်သူက မိခင်ကြီးကို တစ်နေရာတွင် ချပေးလိုက်ပြီး မိခင်ကြီးကို ပါလာသည့် စောင်တွေနှင့် ပတ်ပေးလိုက်သည်။ ထို့နောက် အစားအစာနှင့် ရေဘူးကို ပေးကာ မျက်ရည်စက်လက်ဖြင့် နှုတ်ဆက်လိုက်လေတော့သည်။

မိခင်အိုကြီးကလည်း မျက်ရည်စတွေနှင့်

“သားရေ သတိထားပြီး ပြန်ပါကွယ်။ တောင်လမ်းတွေက အန္တရာယ်များလှတယ်။ သွားတော့ကွယ် သားရေ” ဟု နှုတ်ဆက်လိုက်လေသည်။

သားဖြစ်သူက ပြန်ရမည့်လမ်းကို တစ်လှည့်၊ မိခင်အိုကြီးကိုတစ်လှည့်ကြည့်ကာ ခြေလှမ်းများဆက်ရန် အခက် တွေ့နေလေသည်။ နောက်ဆုံးတွင် သူသည် မြေပြင်ပေါ်ကို ဒူးထောက်ချလိုက်ကာ

“မိခင် … သားအလွန် စိတ်မချမ်းသာဖြစ်ရသည်။ မိခင်ကို မထားခဲ့နိုင်ပါ။ သားနှင့် ပြန်လိုက်ခဲ့ပါတော့။ သေအတူ ရှင်မကွာ ရင်ဆိုင်ကြရုံသာ ရှိတော့သည်” ဟု ပြောပြီး မိခင်ဖြစ်သူကို ကျောပေါ်ကို ပြန်တင်သည်။

သူတို့သားအမိသည် တောင်ပေါ်ကပြန်ဆင်းလာကြသည်။ လရောင်ထဲတွင် မိခင်၏ မှတ်သားထားမှု များကြောင့် သားအမိနှစ်ယောက် တဲလေးကို ချောမောစွာ ပြန်ရောက်လာကြသည်။

တဲသို့ပြန်အရောက်တွင် မီးဖိုခန်းထဲရှိ မြေအောက်ခန်းလေးထဲတွင် မိခင်ကြီးကို အစားအစာတွေနှင့်အတူ ဝှက်ထားလေတော့သည်။ နေ့စဉ် မိခင်ကြီး လိုအပ်သည်မှန်သမျှကို တိတ်တဆိတ်ဖြည့်ဆည်းပေးကာ ထိတ်လန့်စွာ နေထိုင်ရရှာသည်။ သူ့မိခင်ကို ရှာဖွေတွေ့သွားမည်ကိုလည်း စိုးရိမ်နေမိသည်။

အာဏာရှင်က အမိန့်တွေထပ်ထုတ်ပြန်သည်။ သူ့အာဏာတည်မြဲရေးအတွက် ယတြာချေသည့် အနေဖြင့် “ပြာကြိုး” ဆက်သရမည်ဆိုသည့် အမိန့်ကို ရူးကြောင်ကြောင်ထုတ်သည်။

ရွာတွေထဲတွင် အကြံပေးနိုင်မည့် သက်ကြီး ရွယ်အိုတွေလည်းမရှိ။ အာဏာရူးအနားတွင် အကြံပေးချင်သလို ပေးနေကြသော အရူးတွေပြောသည့်အတိုင်း “ပြာကြိုး” ကို မည်သို့ လုပ်ရမှန်းလည်းမသိဖြစ်နေကြသည်။

လယ်သမားလေးက သူ့မိခင်ကို တစ်ညတွင် တိတ်တိတ်လေး လာမေးသည်။

“မိခင် ဘုရင်ရူးတော့ မဖြစ်နိုင်တာတွေကို လုပ်ခိုင်းနေသည်”

“ဘာတွေ လုပ်ခိုင်းသနည်း”

“သူ့ကို ပြာကြိုးဆက်သရမည်ဟု ပြောသည်။ ပြာကို အဘယ်မှာလျှင် ကြိုးလုပ်၍ ရနိုင်ပါအံ့နည်း”

မိခင်ကြီးက စဉ်းစားလိုက်ပြီး

“သား ကောက်ရိုးတွေကျစ်ပြီး ကြိုးတစ်ချောင်းဖြစ်အောင် လုပ်လိုက်ပါ။ ကောက်ရိုးတစ်မျှင်ချင်းကို စုစည်းအား ကျစ်လျစ်စေရန် ပေါင်းဖွဲ့ပါ။ ထို့နောက် ကောက်ရိုးကြိုးကို ကျောက်ပြားများပေါ်တွင် ပြန့်အောင် ဆွဲဆန့် ထားပါ။ လေငြိမ်သည့်အချိန်တွင် ထိုကောက်ရိုးကြိုးကို မီးရှို့လိုက်ပါ။ အပေါ်ယံမီးကျွမ်းပြီးသွားလျှင် မီးကို သတ်လိုက်ပါ။ ယင်းကြိုးသည်ကား ပြာကြိုးပင်ဖြစ်တော့သည်” ဟု ပြောလိုက်လေသည်။

လယ်သမားလေးက အာဏာရှင်ဘုရင်ရူးကို ပြာကြိုးသွားဆက်သသည်။ ပြာကြိုးကို မည်သို့ လုပ်ခဲ့ ကြောင်းကိုလည်း သူက ရှင်းပြလိုက်သည်။

“သင်သည် ဤအကြံကို ဘယ်ကရသနည်း”

“ကျွန်ုပ်မိခင်ကြီးက ပေးသော အကြံဖြစ်သည်”

ဘုရင်ရူးလည်း အင်အားထက် ဦးနှောက်ကပိုပြီး အရေးကြီးကြောင်း သဘောပေါက်သွားသည်။

သူထုတ်ထားသည့် အသက်ကြီးသူတွေကို ရှင်းလင်းရေးအမိန့်ကို ရုပ်သိမ်းလိုက်သည်။ ထိုဒေသတွင် လူအို သုတ်သင်ရှင်းလင်းရေး ကျိန်စာလည်း ပျောက်ပျက်သွားလေတော့သည်။

(The Aged Mother ဆိုသည့် ဂျပန်ပုံပြင်လေးကို မှီငြမ်းပါသည်)

တင်ညွန့်
၁၉.၆.၂၀၂၄

Leave a Reply

Your email address will not be published. Required fields are marked *