တင်ညွန့်
ဘိုးဘိုးနှင့် မြေးလေးနှစ်ယောက် လမ်းလျှောက်ထွက်လာကြသည်။
ပန်းခြံသို့အရောက်တွင် ထိုင်ခုံတစ်ခုံ၌ ထိုင်လိုက်ကြသည်။ မြေးဖြစ်သူက
“ဘိုးဘိုး တစ်ခုလောက် မေးချင်လို့”
“မေးလေ”
“သမီးမှာ အပေါင်းအသင်းသူငယ်ချင်းတွေ အများကြီးထားဖို့ လိုသလား ဘိုးဘိုး”
“အပေါင်းအသင်းဆိုတာတော့ လိုအပ်တာပဲမြေးလေး။ လောကကြီးဆိုတာ ထင်သလောက် ဖြောင့်ဖြူးငြိမ်းချမ်း တာမျိုးတွေ မဟုတ်ဘူးနော်။ ဒါကြောင့် ကိုယ့်ဘေးမှာ ကိုယ်ပြောတာကို နားထောင်ပေးမယ့်သူငယ်ချင်းမျိုး၊ ကိုယ်ငိုတာကို ပွေ့ဖက်ပြီး ပခုံးလေးထိုးပေးမယ့် သူငယ်ချင်းမျိုး။ ကိုယ်နဲ့အတူတူ နားလည်ခံစားပေးနိုင်မယ့် သူငယ်ချင်းမျိုးတွေ လိုအပ်တာပေါ့ကွယ်။ သူငယ်ချင်းဆိုတာ မထားလည်း ဖြစ်တာပဲ။ သူတို့လည်း သူတို့ ဘာသာ ရပ်တည်နေကြမှာပဲလေ။ ဒါပေမဲ့ အခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့လာရချိန်မှာ ကိုယ့်အတွက် တိုင်ပင်ဖော်၊ တိုင်ပင်ဖက်ဆိုတာမျိုးတော့ လိုအပ်ပါတယ်မြေးလေးရယ်”
“ဘိုးဘိုး … မိတ်ဆွေတု မိတ်ဆွေယောင်တွေဆိုတာ ရန်သူထက် အန္တရာယ်ရှိတယ်ဆိုတာ ဟုတ်သလားဟင်”
“မှန်တယ်။ ဘယ်သူက ရန်သူ၊ ဘယ်သူက မိတ်ဆွေ၊ ဘယ်သူက အတုအယောင်ဆိုတာ ခွဲခြားနိုင်တဲ့ပညာ မြေးလေးမှာ ရှိဖို့လိုတယ်။ မိတ်ဆွေတု မိတ်ဆွေယောင်တွေ ရှိနိုင်တာပဲ။ သူတို့က ကိုယ့်ကို ချဉ်းကပ်ပြီး တကယ်ဟန်ဆောင်ကောင်းစွာနဲ့ ပေါင်းတတ်တာမျိုးပေါ့။ သူတို့ အလိုဆန္ဒတစ်ခုခုအတွက် ပေါင်းတာ။ ပေါင်းချင်လို့ပေါင်းတာ မဟုတ်ဘူး။ ကိုယ့်မှာ ငွေရှိလို့၊ ဂုဏ်ရှိလို့၊ ရာထူးရှိလို့၊ အာဏာရှိလို့ ပေါင်းနေတာ။ အခွင့် အရေးလိုချင်လို့ပေါင်းတာ။ ကိုယ့်ဂုဏ်သိက္ခာကို အသုံးချချင်လို့ပေါင်းတာ။ အဲဒီလိုမျိုးအပေါင်းအသင်းတွေက နောက်ကျောကို ဓားနဲ့ထိုးမယ့် သူငယ်ချင်းမျိုးတွေ။ သူတို့ကို ရှောင်နိုင်တဲ့ပညာရှိရမယ်နော်”
“ဘိုးဘိုးရယ် သူငယ်ချင်းတွေဆိုတာ ဒီလိုပဲ လာပေါင်းကြမှာလေ။ ဘယ်သူက မဲ့ကာရွဲ့ကာ လာပေါင်းမှာလဲ။ ပြုံးပြီးတော့ လာပေါင်းမှာပေါ့။ ဘယ်လိုလုပ်ပြီး မိတ်ဆွေနဲ့ ရန်သူ ခွဲခြားလို့ရမှာလဲ”
“စောစောက မြေးလေးကမေးတယ်နော်။ အပေါင်းအသင်းတွေ အများကြီးထားဖို့ လိုသလားဆိုတာ။ ဘိုးဘိုး ပြောမယ် နားထောင်။ ခုဘိုးဘိုးတို့ ထိုင်နေတဲ့ ပန်းခြံလေးနဲ့ ဟိုးမှာ မြင်နေရတဲ့ တောအုပ်ကြီးထဲမှာ အန္တရာယ်ရှိ နိုင်တဲ့ မြွေတွေ၊ ကင်းမြီးကောက်တွေ ဘယ်နေရာက ပိုပြီးပေါမယ်ထင်သလဲကွယ်”
“တောထဲက ပိုပြီးပေါမှာပေါ့ဘိုးဘိုးရယ်”
“မှန်တယ်မြေးလေး … မြေးလေးရဲ့ အဝန်းအဝိုင်းကို ပန်းခြံလောက်ချုံ့လိုက်ရင် မြွေနဲ့ ကင်းမြီးကောက်လို အန္တရာယ်ပေးနိုင်တဲ့ အကောင်တွေ နည်းသွားမှာပဲ။ နောက်ဆုံး ပြောလိုက်မယ် ကြွက်လိုကောင်တွေတောင် တောထဲလောက်ရှိတော့မှာ မဟုတ်ဘူး။ လူနည်းရင် ပြဿနာနည်းတယ်ကွယ့်။ အပေါင်းအသင်းများတိုင်း ကောင်းတာမဟုတ်ဘူး။ ကိုယ်ပေါင်းတဲ့ အပေါင်းအသင်းဟာ အရည်အချင်းရှိဖို့လိုတယ်။ ကိုယ့်ကို အမှားဘက် ဆွဲခေါ်တွန်းပို့တတ်သူတွေ မဖြစ်ရဘူး။ မကောင်း ကောင်းအောင် တိုက်တွန်းနှိုးဆော်ပေးနေတတ်တဲ့ သူငယ်ချင်းမျိုးတွေပဲဖြစ်သင့်တယ်”
“ဘိုးဘိုးကို သမီးသတိထားကြည့်မိတယ်။ အပေါင်းအသင်းလည်း များများစားစား မရှိဘူးနော်”
“မြေးလေး ဘိုးဘိုးအသက် ၇၀ ကျော်ပြီကွယ်။ ဘိုးဘိုးမှာ ဘယ်လိုလုပ်ပြီး အပေါင်းအသင်းတွေ များများ စားစား ရှိနိုင်တော့မှာလဲ။ သေတဲ့သူတွေ သေကုန်ပြီ။ ငယ်ငယ်တုန်းကတော့ အပေါင်းအသင်းများတာပေါ့။ နောက်တော့ တဖြည်းဖြည်းစစ်ထုတ်တတ်လာတယ်။ မကောင်းရင် မပေါင်းတော့ဘူး။ ကောင်းတဲ့သူတွေနဲ့ လက်တွဲမဖြုတ်နိုင်အောင် ကြိုးစားတယ်။ ကိုယ်ကချည်း ယူဖို့မဟုတ်၊ ကိုယ်ကချည်း ပေးနေရတဲ့သူတွေ မဟုတ်။ အပြန်အလှန် နားလည်မှုတွေနဲ့ အပေးအယူမျှမျှတတရှိသူတွေကိုပဲပေါင်းတော့တယ်။ ဒါကြောင့် အသက်ကြီးလာလေ အပေါင်းအသင်းနည်းလာလေပေါ့”
“သမီးတော့ ပန်းခြံလေးလောက်ထဲမှာပဲ အချစ်ဆုံးသူငယ်ချင်းတွေနဲ့ အတူတူနေတော့မယ်ဘိုးဘိုး”
“မြေးလေး အရေအတွက်က အဓိကမဟုတ်ဘူးကွယ်။ အရည်အချင်းရှိသူတွေနဲ့ပေါင်း။ ကိုယ်တိုင်ကလည်း အရည်အချင်းရှိအောင်နေ ဟုတ်ပြီလား”
“ဟုတ်ကဲ့ပါဘိုးဘိုး”
တင်ညွန့်
၁၁.၇.၂၀၂၅