ဘွားမယ်စိန်နှင့်ဗိုက်ကြီးသည်အလောင်း


ရွာအမည်က ရွာသစ်ကြီးဖြစ်သည်။
ထိုရွာသစ်ကြီးရွာရဲ့နံဘေး၌
တောင်ကြီးတစ်လုံးလည်းရှိနေခဲ့သည်။
ထိုတောင်ပေါ်သို့ ရွာသစ်ကြီး နဲ့နီးစပ်ရာရွာများက
ထင်းခုတ်၊ဝါးခုတ် တက်လေ့ရှိကြသည်။
ရွာထဲ၌ တောင်သူလယ်သမားများရှိသလို
တောတက်၍ ထင်းခုတ်၊ဝါးခုတ်ဖြင့်ဝမ်းရေးဖြေရှင်းနေက သူများကလည်းရှိလေသည်။

“အောင်မဲ…ဟေ့အောင်မဲ…”

ကလေးတစ်ယောက်က အောင်မဲဟုအော် ခေါ်နေသည်။
အောင်မဲကတော့ လောက်စာလုံးများ
အလုံးမပြတ်ပဲထိုင်နေခဲ့၏။
အောင်မဲရဲ့အမည်ရင်းက အောင်စိုးဖြစ်သည်။
သို့သော်သူ့ရဲ့မဲနေသော အသားအရေကို စနောက်ချင်ကြ၍ အောင်စိုးမှ အောင်မဲဟုသာခေါ်နေကြလေရာ
အမည်ရင်းကိုမေ့ပြီး အောင်မဲဟုသာ အခေါ်များကြသည်။
အောင်မဲရဲ့အသက်က ရှိလှ ဆယ့်သုံးနှစ်သာသာအရွယ်ဖြစ်သည်။အောင်မဲ၌ မိဘဟူ၍ အမေဖြစ်သူသာရှိသည်။
အောင်မဲရဲ့အဖေက အောင်မဲတို့သားအမိကို ထားရစ်ကာ
ရွာထဲမှလင်ရှိ အမျိုးသမီးတစ်ဦးကို
ခိုးယူပြေးသွားပြီးနောက် အောင်မဲတို့သားအမိသာ
ရွာ၌ ကျန်ရစ်ခဲ့လေသည်။သို့သော်…
ယောက်ျား ပစ်သွားလို့ ထိုင်ငိုနေသည့်အထဲတွင်
အောင်မဲအမေမချို မပါခဲ့။ယောက်ျားမရှိတဲ့နောက်
မချိုက လယ်ထဲ၌အလုပ်လိုက်လုပ်သလို
အောင်မဲကလည်းရွာမှနွားများကို
အငှားကျောင်းပေးလေသည်။

“နွားလွှတ်ဗျို့……”

“နွားသွင်းဗျို့…”

ဆိုတဲ့အသံက အောင်မဲရဲ့ မနက်ခင်း နွားလွှတ်ခိုင်းသံနဲ့
ညနေဘက်နွားသိမ်းတဲ့အသံဖြစ်သည်။
နံနက်ခင်းတွင် အောင်မဲက ရွာမှနွားများကို
တောင်​ခြေဘက်ကိုမောင်းသွားပြီးနောက်
လောက်လေးဂွတစ်ခုဖြင့်ငှက်များကို
လိုက်လံပစ်ခတ်တတ်သည်။

“အောင်မဲ…မင်းနွားတွေ တောထဲဝင်ကုန်ပြီဟ…”

“ဝင်ပါစေကွာ…ပြီးရင်ပြန်ထွက်လာကြမှာပဲ”

“နွားပျောက်ရင်လျော်ရမှာနော် အောင်မဲ မင်းမပေါ့နဲ့ကွ”

အဖော်နွားကျောင်းသားက သတိပေးသော်လည်း
အောင်မဲက ငှက်ပစ်ဖို့သာ အာရုံစိုက်နေခဲ့သည်။
တောင်ခြေအနှံ့ ငှက်လှည့်ပစ်ပြီးနောက် အိမ်ကိုအပြန်တွင်
ငှက်အသေ လေးငါးကောင်ကတော့
အမြဲတစေပါလာတတ်သည်။

သားဖြစ်သူ အောင်မဲရဲ့ ငှက်ပစ်ဝါသနာကြီးပုံကိုကြည့်ပြီး
မချိုမှာ သက်ပြင်းချ၏။

“အောင်မဲ…နင် တော့ငရဲတွေကြီးတော့မှာပဲ…
အခုဘဝတောင် အဖေအမေနဲ့စုံစုံလင်လင်မနေရတာ
နောက်ဘဝဆိုရင်နင်လူဖြစ်မှာမဟုတ်ဘူးဟဲ့”

“အမေကလည်းဗျာ…ငှက်သားက စားကောင်းတယ်ဗျ…
နောက်ပြီး အမေကိုယ်တိုင်က ကျုပ်ကိုအသားငါး
ဝယ်ကျွေးနိုင်လို့လား…ကျုပ်ဘာသာငှက်ပစ်ပြီး
အသားမငတ်အောင်စားနေရတာဗျ…”

အောင်မဲစကားက မှန်နေ၍ မချိုလည်း
ဆက်မပြောနိုင်တော့ဘဲသက်ပြင်းသာချရှာသည်။
အောင်မဲတစ်ယောက်ကတော့ ငှက်အသေတွေကို
အမွှေးနှုတ်ပြီး ကင်စားဖို့ ပြင်ဆင်နေခဲ့တော့၏။
ထိုသို့ဖြင့် အောင်မဲရဲ့ နေ့စဥ်ဟင်းမှာငှက်သားဟင်းသာဖြစ်နေခဲ့သည်။ငှက်ဆိုလျှင် သေးသေးကနေအကြီးအထိ အောင်မဲကအစုံစားလေသည်။
ထိုသို့ဖြင့် နွားကျောင်းရင်း ငှက်ပစ်နေသည့်အောင်မဲတစ်ယောက် ညနေ နွားသွင်းချိန်၌ နွားတစ်ကောင်ပျောက်လေသည်။
ခါတိုင်းဆို နွားတွေကို အောင်မဲ ရွာထဲကိုမောင်းသွင်းတာနဲ့
နွားတွေက မိမိအိမ်ကိုတန်းမတ်စွာဝင်သွားတတ်ကြသည်။
ယခုလည်း ထိုသို့မောင်းသွင်းရာ၌ နွားတစ်ကောင်ပျောက်နေသည်ကို ပိုင်ရှင်က ပြောမှ အောင်မဲသိခဲ့သည်။

“ဟေ့ကောင် အောင်မဲ…နွားတစ်ကောင်တန်ကြေးဘယ်လောက်ရှိလဲ မင်းသိတယ်နော်…
သနားလို့ နွားကျောင်းခိုင်းတာကို မင်းက ဒီငှက်တွေပဲ
ထိုင်ပစ်နေတော့ ငါ့နွားက ပျောက်ပြီပေါ့ကွ…
ကဲ…မင်းဘာလုပ်ပေးမှာလဲပြော”

“ကိုသိန်း…ကလေးကဘာလုပ်ပေးနိုင်မှာလဲ…
တော်တို့လူကြီးတွေက တောင်​​ခြေဘက်ကို
သွားရှာရမှာပေါ့…”

“ရှာတာကဟုတ်တယ်…နွားသူခိုးတွေက ရှိသေးတယ်ကွ…
ငါ့နွားကို ဒီကောင်တွေခိုးသွားတယ်ဆိုရင် ငါက
နွားပြန်ရမှာမဟုတ်ဘူး…ဒီကောင်အောင်မဲက
ပေါ့ပေါ့တန်တန်လုပ်နေတာကွ…”

“ဒီမှာဦးကြီး…ခင်ဗျားနွားကို…ကျုပ်သွားပြန်ရှာခဲ့မယ်…
နွားပြန်တွေ့ရင်ခင်ဗျားကျေနပ်ပြီမဟုတ်လား”

“အေး…ရတယ်…မင်းတွေ့အောင်သာရှာခဲ့”

“ဟယ်…အောင်မဲ…ကလေး…မသွားနဲ့လေ
မိုးချုပ်နေပြီ…ဟဲ့…အောင်မဲ…..”

နွားရှင်ရဲ့မိန်းမက အောင်မဲကိုအော်၍တားနေသည်။
အောင်မဲက မခံချင်စိတ်ကြောင့် နေရာမှ ပြေးထွက်ကာ
တောင်​ခြေကိုသွား၍ နွားပျောက်ထွက်ရှာတော့သည်။

“မချို…တော့်သားအောင်မဲ နွားပျောက်သွားလို့တဲ့…
အဲ့တာ နွားရှင်က ဆူဆဲတာနဲ့ တောင်ခြေကိုတစ်ယောက်ထဲ နွားပျောက်သွားရှာတယ်တဲ့တော့်…”

“ဟင်…ဒါဆို ကျုပ်သားတစ်ယောက်ထဲ
တောင်ခြေကိုသွားတာပေါ့…
ဘုရား…ဘုရား…ဘုရား…မိုးတောင်ချုပ်လှပေါ့…”

“ဟုတ်တယ်…ကျုပ်လည်းကြားကြားခြင်း​
တော့်ကိုလာပြောရတာ…”

“ခက်တာပဲတော်…
မဖြစ်သေးပါဘူး.. ကျုပ်လိုက်သွားဦးမယ်”

“ညည်းတစ်ယောက်ထဲမသွားနဲ့…
ရွာထဲက ယောကျာ်းသားတွေအဖော်ခေါ်သွားဦး…
နွားပျောက်ပါတစ်ခါထဲရှာခဲ့ပေါ့အေ”

“ဟုတ်…ဟုတ်…မသေး…ကျုပ်သွားလိုက်ဦးမယ်”

မချိုလည်း ရွာထဲက ယောကျာ်းသားတွေကို
အကူအညီ​တောင်းပြီး တောင်ခြေကို အတူထွက်လာခဲ့ကြသည်။ရွာသားတွေက မီးတုတ်များဝေ့ရမ်းပြီး တောင်ခြေတစ်ဝိုက် အောင်မဲကိုရှာဖွေကြ၏။
တောင်ခြေတစ်ဝိုက်၌အောင်မဲရဲ့အရိပ်အယောင်ကို
မျှမတွေ့ရဘဲတိတ်ဆိတ်လျက်ရှိသည်။

“ကောင်လေး တောထဲများဝင်သွားသလားကွာ…”

“မဖြစ်နိုင်ပါဘူးဗျာ…သူက ကလေးပဲရှိသေးတာ..
တောထဲကိုတော့မဝင်ရဲလောက်ဘူး…ကျုပ်တို့က
ဒီဘက်ခြမ်းရှာနေတုန်း…ဟိုဘက်ခြမ်းကနေများ ရွာကို ပြန်သွားသလားမသိဘူးနော်…”

“အေးဖြစ်နိုင်တယ်…ငါတို့လည်း နှံ့နေအောင်ရှာပြီးပြီပဲ…
ဒီကောင်နွားရှာတွေ့လို့ အိမ်ကို ပြန်သွားပြီထင်တယ်…”

ရွာသားတွေနဲ့ အောင်မဲရဲ့အမေလည်း ရွာထဲကို
ပြန်လာခဲ့ကြတော့သည်။
သို့သော် ရွာ၌လည်းအောင်မဲတစ်ယောက်ပြန်ရောက်မလာသေးပေ။အမေဖြစ်သူမှာအောင်မဲအတွက်စိတ်ပူပြီး တငိုငိုတရီရီဖြစ်နေလေရာ မြင်ရသူများစိတ်မချမ်းသာဖြစ်ကြရသည်။

“ကျုပ်မှာဒီသားလေးပဲရှိတာပါတော်…
ကျုပ်သားလေးကိုတွေ့အောင်ရှာပေးကြပါဦး…
နွားဖိုးကို​လည်းကျုပ်လျော်ပါ့မယ်…
ကျုပ်သားလေးကိုသာရှာပေးကြပါတော်…”

နွားပိုင်ရှင် ကိုသိန်းပင် အောင်မဲအတွက်စိတ်မကောင်းဖြစ်နေခဲ့သည်။အောင်မဲပျောက်တာမိမိကြောင့်ဟုဆိုကာ
မိမိကိုယ်ကိုသာ အပြစ်တင်နေခဲ့၏။

ရွာသစ်ကြီးရွာရဲ့သူကြီး ဦးအောင်ချစ်လည်း
မနေနိုင်သည့်အဆုံးရွာသားတွေကိုခေါ်ကာ
အောင်မဲကို လိုက်လံရှာဖွေကြသည်။
သန်းခေါင်ကျော်အထိ အောင်မဲရဲ့အရိပ်အယောင်ကို
မှမမြင်ရ၍ အားလုံးလည်းလက်လျော့၍ပြန်လာကြရသည်။မချိုနံဘေးမှာတော့ရွာသူအမျိုးသမီးများက
ကူကာ စောင့်ပေးကြရှာသည်​။
တစ်ရွာလုံးလည်းအောင်မဲအတွက်စိတ်မကောင်းဖြစ်နေ၍
ကလေးများမှအပ လူကြီးများမှာတွေ့နိုး…ပြန်လာနိုးဖြင့်
စောင့်နေခဲ့ကြသည်။

“အောင်မဲ ပြန်လာပြီဗျို့…အောင်မဲ ပြန်ရောက်လာပြီ”

ရွာသားတစ်​ယောက်ရဲ့အော်သံကြောင့် တစ်ရွာလုံး
ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။
အောင်မဲတစ်ယောက် ရွာလမ်းမအတိုင်းလျှောက်လာခဲ့သည်။ သူ့ရဲ့ခန္ဓာကိုယ်၌အမှိုက်သရိုက်များလည်း
ပေကာပွလို့နေခဲ့သည်။

“အောင်မဲ…မင်းအမေက မင်းကိုစိတ်ပူနေတာကွ…
မင်းဘယ်တွေလျှောက်သွားနေတာလဲ”

“ဟုတ်တယ်အောင်မဲ…လာ…လာ…မင်းအမေဆီကို သွားကြရအောင်”

ရွာသားတွေက အောင်မဲကိုအမေဖြစ်သူဆီကို
လက်ဆွဲ၍ခေါ်သွားကြတော့သည်။
မချိုမှာလည်းသားဖြစ်သူအောင်မဲကိုမြင်တော့
ဝမ်းသာအားရငိုပြန်၏။

“သားရယ်…ဘယ်တွေသွားနေတာလဲ
အမေကငါ့သားကိုစိတ်ပူနေတာ…”

“အမေ…သား…သားဗိုက်ဆာတယ်…”

“ဗိုက်ဆာတယ် ဟုတ်လား…
အမေ နေ့လယ်က ချက်ထားတဲ့ထမင်းနဲ့ ပဲလှော်ကြော်လေးရှိတယ်…အဲ့တာလေးစားလိုက်နော်အမေခူးပေးမယ်”

“အိုအေ…တို့အိမ်မှာ ဝက်သားချက်တွေပိုသေးတယ်..
သွားယူပေးမယ်…အောင်မဲခဏစောင့်နော်
အရီးဟင်းသွားယူပေးမယ်သိလား”

“တို့အိမ်မှာလည်း ချဥ်ရည်ဟင်းတွေပိုသေးတယ်
သွားယူပေးစမ်းမယ်အေ…”

အောင်မဲက ဗိုက်ဆာသည်ဆို၍ နံဘေးမှရွာသူတို့က
သူတို့အိမ်၌ရှိတဲ့ဟင်းတွေကို သွားယူပေးကြသည်။
အားလုံးက အောင်မဲ ပြန်လာတာကိုပင် ဝမ်းသာနေကြ၏။
အောင်မဲလည်း ပေးသမျှဟင်းတွေနဲ့ ထမင်းကို အားပါးတရစားလို​က်ရာ အမေဖြစ်သူအတွက်ပင် ထမင်းက မကျန်တော့ပေ။
မချိုကတော့ သား​ဖြစ်သူကို အပြစ်တင်ဆူပူခြင်းမရှိဘဲ
ပြုံး၍သာကြည့်နေခဲ့၏။

“ငါ့သား..နွား…နွားရောရှာတွေ့ခဲ့လား”

မချိုကမေးတော့ အောင်မဲခေါင်းခါသည်။

“မတွေ့တော့လည်း နွားရှင်နဲ့ညှိပြီး အမေလျော်လိုက်ပါ့မယ်ငါ့သားရယ်…နောက်များတော့ အခုလိုမျိုး
ထပ်မလုပ်ပါနဲ့နော်…နောက်တစ်ခါသာထပ်ဖြစ်ရင်
အမေရင်ကျိုးရလိမ့်မယ်”

အောင်မဲက ခေါင်းညိတ်လိုက်သည်။
မချိုကတော့ စကားနည်းလှသည့်သားဖြစ်သူကိုကြည့်ရင်း
သက်ပြင်းသာချမိ၏။
ရွာသူ၊ရွာသားတွေလည်း အလျှိုလျှို မိမိအိမ်ကိုယ်စီသို့
ပြန်သွားကြသည်။
အောင်မဲကတော့ ကုတင်အထက်၌ အိပ်မောကျနေခဲ့တော့၏။

ထိုနေ့မှစ၍ မချိုသည် အောင်မဲကို နွားကျောင်းသည့်အလုပ်ကို မလုပ်ခိုင်းတော့ဘဲ မိမိအိမ်၌သာ
နေစေတော့သည်။
ပျောက်သွားသောနွားရဲ့အဖိုးခကိုလည်း နွားရှင်က
မပေးလျော်ခိုင်းရှာပေ။

ထိုသို့ဖြင့် တစ်ပတ်မျှကြာတော့ ရွာ၌ အသုဘ
တစ်ခုရှိသည်။
ထိုအသုဘက ဗိုက်ကြီးသည်တစ်ယောက်ဖြစ်၏။

“ဘယ်လိုဖြစ်ရတာလဲဟယ်…အေးမြင့်က မနေ့ကတောင်
အကောင်းကြီးပါ”

“ဟုတ်တယ်…သူ့ယောကျာ်းကလည်းပြောတယ်…
ညမအိပ်ခင်အထိ စကားတွေ​ပြောကြသေးတယ်တဲ့…
အခု မိုးလင်းတော့ မနိုးတာနဲ့ သွားကြည့်တော့မှ
ဆုံးနေတာတွေ့တာတဲ့အေ…
ဟိုမှာကြည့်ဦး…သူ့ယောကျာ်းလည်းရင်ကျိူးနေရှာတယ်”

“အေး…ဒါနဲ့ အေးမြင့်ဗိုက်က ချိုင့်သွားသလားလို့…
ဗိုက်ကြီးသည် ဆုံးရင်အဲ့သည်လိုပဲလားဟဲ့”

“မဟုတ်တာ…ဘယ့်နဲ့လုပ်ချိုင့်ရမှာလဲ”

“မဟုတ်သေးဘူး…အေးမြင့်ဗိုက်က သိသိသာသာကို
ချိုင့်နေတာ ညည်းတို့သေချာကြည့်ကြစမ်းဟဲ့”

ရွာသူမိန်းမကြီးများက ဗိုက်ကြီးသည်အလောင်းအနီး
ဝိုင်း၍ကြည့်ကြသည်။
ကိုယ်ဝန်က ရှိစခြောက်လအရွယ်ဖြစ်ပေမယ့်
ဗိုက်က သိသိသာသာပင် ချိုင့်၍ နေခဲ့၏။
မနေနိုင်သည့်အဆုံး ရွာသူတစ်​ယောက်က ဗိုက်ကို
လက်ဖြင့် ထိကြည့်ရာ…

“အမယ်လေး…..”

ဟု…ထအော်လေရာ အားလုံးက ဝိုင်းကြည့်ကုန်ကြသည်။

“ဟဲ့…ဘာဖြစ်လို့လဲ”

“ဗိုက်ကြီးက ပျော့အိနေတာ အထဲမှာဘာမှမရှိတဲ့အတိုင်းပဲ
တော့်”

“ဟေ…”

“ဟာ…ဟုတ်လို့လားဗျာ…”

“မယုံရင်ကိုင်ကြည့်ကြပေါ့”

မယုံကြည်သူများက ဗိုက်ကြီးသည်အလောင်းရဲ့
ဗိုက်ကို ကိုင်ကြည့်ကြသည်။
ထိုအခါမှ အားလုံးလည်း အံ့သြထိတ်လန့်ကုန်ကြ၏။

“ဘယ်လိုဖြစ်တာလဲ…ဗိုက်ထဲမှာ ကလေးရော
အတွင်းကလီစာတွေရော ဘာမှရှိပုံမရဘူး”

“ထူးတော့ထူးနေပြီ…
တစ်ယောက်ယောက်ကများ ဗိုက်အတွင်းက ကလေးနဲ့
ကလီစာတွေကို ထုတ်ယူသွားသလားမသိဘူးနော်”

“ဟဲ့…အဲ့သည်လိုလုပ်ရင် ဗိုက်က ဟောင်းလောင်း
ပွင့်နေမှာပေါ့ အခုက ဗိုက်ကနဂိုအတိုင်းပုံစံမပျက်
ရှိနေတာအေ့…”

“ဟုတ်ပါ့…ဘယ်လိုများဖြစ်တာပါလိမ့်တော်”

ဗိုက်ကြီးသည်ရဲ့ အသုဘက ရွာထဲ၌
ပြောစရာဖြစ်နေခဲ့သည်။
အလောင်းမြေချပြီးတဲ့အထိ ထူးဆန်းတဲ့ဖြစ်ရပ်အဖြစ်
လူတိုင်းရဲ့ပါးစပ်ဖျား၌ ပြော၍မပြီးဖြစ်နေခဲ့လေသည်။

“မိန်းမ…မင်း အိမ်တွေဘာတွေမလည်နဲနော်…
အိမ်မှာပဲနေသိရဲ့လား…တစ်နေ့က မအေးမြင့်ဆုံးတာလည်းမင်းသိတယ်မဟုတ်လား…ကျုပ်တော့
မင်းကိုစိတ်ပူတယ်…တစ်ခုခုလွဲချော်သွားမှာစိုးတယ်”

“သြော်…ယောက်ျားရယ်…စိတ်မပူပါနဲ့…
စိတ်ချ…စိတ်ချ…ကျုပ်အိမ်မှာပဲနေမှာပါ…
အိမ်မှာက တော့်အမေရယ်..တော့်အစ်မရယ်က
ကျုပ်ကို စောင့်ရှောက်ပေးနေတာပဲ…
ဘာမှစိတ်မပူနဲ့နော်…”

“အေး…ကျုပ် ဝါးတွေပို့ပြီးတာနဲ့မနက်ဖြန်တန်းပြန်လာခဲ့မယ်နော်…ဂရုစိုက်နော်မိန်းမ…
အမေ…ကျုပ်စိတ်ချမယ်နော်…”

“စိတ်ချပါ ငါ့သားရယ်…မင်းသာဂရုစိုက်ပါ…”

ကိုထွေးတစ်ယောက် မိန်းမဖြစ်သူကို စိတ်မချဖြစ်နေခဲ့သည်။ဝါးအမှာကလည်းရှိနေ၍ လှည်းပေါ်တွင်
ဝါးစည်းတွေတင်ကာခရီးထွက်လာရ၏။
ဝါးပို့ပြီးတာနဲ့ နောက်တစ်နေ့နံနက်၌ အိမ်ကို
တန်းပြန်လာရာ…

“ဟာ….ဘယ်သူဘာဖြစ်လို့လဲဗျ…”

အသုဘအလောင်းစင်ကြီးက ကိုထွေးကို
ဆီးကြိုလို့နေရာ ကိုထွေးတစ်ယောက် လှည်းပေါ်မှ
ခုန်ဆင်း၍အော်ကာမေးလေတော့သည်။
ရွာသူ၊ရွာသားတို့မှာ ကိုထွေးကို သနားကြည့်ဖြင့်
ကြည့်နေကြ၏။

“အမေ…အမေ ဘယ်သူဘာဖြစ်တာလဲ…
အစ်မ…အစ်မ နင်ပြောလေဟာ…
ဘယ်သူဘာဖြစ်လို့လဲဟ…
ငါ့မိန်းမ…ငါ့မိန်းမကကော ဘယ်သွားနေတာလဲ…
ငါ့မိန်းမဘယ်မှာလဲ”

ကိုထွေး က သူမေးတာကိုမဖြေကြ၍ ဒေါသတကြီး
အော်မေးတော့သည်။

“သား…မင်း မိန်းမ ဆုံးပြီငါ့သားရဲ့…
အမေတို့လည်း မင်းစိတ်ပူမှာစိုးလို့.မင်းမိန်းမအနားမှာ
နေပြီးစောင့်ရှောက်ပေးပါတယ်ငါ့သားရယ်…
ဒါပေမယ့် အမေတို့မသိလိုက်ခင်မှာ
မင်းမိန်းမဆုံးနေရှာပြီ…”

“မဖြစ်နိုင်တာ…ကျုပ်မိန်းမကအကောင်းကြီး
ဘာလို့ဆုံးရမှာလဲ…အမေ.. အစ်မ…ခင်ဗျားတို့
ကျုပ်ကိုမညာကြနဲ့…ကျုပ်မိန်းမဘယ်မှာလဲ…
ကျုပ်မိန်းမဘယ်မှာလဲ”

ကိုထွေးကိုရွာသားများက ဝိုင်းထိန်းထားကြရသည်။
အားလုံးလည်း စိတ်မကောင်းစွာကြည့်နေခဲ့ကြရ၏။

“ငါ့မောင်… မနေ့ညကအမေကိုယ်တိုင်
မင်းမိန်းမနဲ့အတူတူသွားပြီး
အိပ်ပေးတာပါငါ့မောင်ရယ်…
မင်းစိတ်မချမှာစိုးလို့သေချာစောင့်ရှောက်ခဲ့တာပါ…
ငါ့ယောင်းမလေးအဖြစ်ကဆိုးတယ်ငါ့မောင်ရယ်…
မိုးလင်းလို့နိုးမလာလို့ သွားနိုးတာ အသက်မရှိတော့ဘူး
ငါ့မောင်ရဲ့….အစ်မတို့ကိုသာသတ်လိုက်ပါတော့ငါ့မောင်ရယ်……အီးးးးဟီးးးးးဟီးးးးးးးးးးးးး”

အစ်မဖြစ်သူစကားကြောင့် ကိုထွေးတစ်ယောက် မြေပေါ်၌ စိတ်အားပျက်စွာ ထိုင်ချလိုက်တော့သည်။
အသုဘ၌ ငိုသူက ငို သက်ပြင်းချသူက ချဖြင့်
အသံများက ဆူညံလို့နေခဲ့တော့သည်။

ခဏကြာတော့ ကိုထွေးလည်း အလောင်းစင်ကိုသွား၍
မိန်းမဖြစ်သူ အလောင်းကိုသွားကြည့်သည်။
ကြည့်နေရင်း မျက်နှာအထက်၌ မျက်ရည်များက တသွင်သွင်စီးကျလို့နေခဲ့၏။

ကိုထွေးရဲ့မိန်းမဖြစ်သူ အလောင်းကို ရွာသူများက
စစ်ဆေးကြည့်ပြန်ရာ ဗိုက်ကြီးမှာ ပြားချပ်လျက်ရှိလေသည်။

“ကျုပ်တို့ရွာတော့ မကောင်းတာတွေမွှေနေပြီထင်တယ်…
မောင်ထွေးမိန်းမလည်း အေးမြင့်လိုပဲ ဆုံးရှာတာ…”

“ဗိုက်ကြီးသည်တွေမှရွေးဖြစ်နေတယ်ဆိုတော့
ကြောက်စရာကြီးပါလားဟယ်…”

“ဟုတ်တယ်…ကျုပ်တို့တော့ ရွာထဲကျန်တဲ့ ဗိုက်ကြီးသည်တွေအစားရင်လေးတယ်တော်…
ဘုရား…ဘုရား…ဘုရား…
ဒီလိုအဖြစ်မျိုး ဘယ်သူ့မှာမှထပ်မဖြစ်ပါစေနဲ့…”

ရွာသစ်ကြီးရွာရဲ့ အပူမီးက တစတစပျံ့နှံ့လာသည်။
ရွာထဲရှိ ဗိုက်ကြီးသည်များအတွက် မိသားစုများက
စိတ်ပူလာကြသည်။
မိသားစုဝင်တင်မက နီးစပ်ရာ ဆွေမျိုးများကပါ လာရောက် စောင့်ရှောက်ပေးရသည်အထိ​ဖြစ်လာခဲ့၏။

“သူကြီး…ကျုပ်တို့ဒီအတိုင်းပဲ ကြည့်နေရတော့မှာလား
တစ်ခုခုတော့ စဥ်းစားပါဦးသူကြီးရာ…”

“အေး…ငါလည်းစဥ်းစားနေပါတယ်ကွာ…
တို့ရွာထဲတော့ ဘယ်လိုဂြိုလ်ကောင်မျိုးက မွှေနေပြန်သလဲဆိုတာ မသိ​တော့ဘူးဟေ့”

“ကျုပ်အထင်တော့ အောက်လမ်းတွေများပြုစားပြီး
ကလေးရှိတဲ့ဗိုက်ကြီးသည်တွေကိုရွေးပြီးစားနေကြသလားမသိဘူးနော်…”

“ဖြစ်နိုင်တယ်ဗျ…သူတို့ရဲ့အစွမ်းနဲ့ အထဲက
ကလေးရဲ့အူကလီစာတွေကိုများ
စားလိုက်သလားမသိဘူးနော်…”

“မသိတော့ဘူးဟေ့…
သေချာတာကတော့ ညဘက် ကင်းတဲတွေကို
သေချာစောင့်ခိုင်းဖို့ပဲ…မင်းတို့အားလုံးလည်း
သတိဝီရိနဲ့နေကြပေတော့ကွာ…ငါဒါပဲပြောနိုင်တယ်…”

ရွာသူကြီးလည်းခေါင်းခြောက်နေသည်။
ရွာထဲ၌တော့ နတ်ကတော်ရဲ့အိမ်၌ လူမပြတ်ပေ။
နတ်ကတော်ရောင်းတဲ့ပရိတ်ရေများကို
အလုအယက်ဝယ်ယူပြီး မိမိအိမ်ဝိုင်းများ၌ ပတ်ဖြန်းထားခဲ့ကြသည်။ဗိုက်ကြီးသည်များကိုလည်း
နတ်ကတော်ဆီမှအန္တရာယ်ကင်းအဆောင်လက်ဖွဲ့ကြိုးများဝယ်ယူကာ ဝတ်ဆင်ပေးထားကြလေသည်။

ထိုသို့​ဖြင့် ရွာသစ်ကြီးရွာ၌တော့ ရွာသူ၊ရွာသားများရဲ့
စိတ်အတွင်းတွင် မမြင်ရသော အန္တရာယ်အား
ကြောက်လန့်လို့​မေကြ၏။

နံနက်ခင်းအချိန်၌…
သောင်ထွန်းရွာထဲသို့ နွားလှည်းတစ်စီးမောင်းဝင်လာခဲ့သည်။ကလေးများက နွားလှည်းနံဘေးဆီမှ
အ​ပြေးလိုက်လာကြရင်း…

“ကိုကြီးအုန်းပြန်လာပြီဟေ့…
ကိုကြီးအုန်းပြန်လာပြီဗျို့…….”

ဟု…ဝမ်းသာအားရအော်ဟစ်နေကြရာ ရွာသူ၊ရွာသားများလည်း နွားလှည်းကို လှမ်းကြည့်လာကြသည်။
လှည်းအထက်၌ မောင်အုန်းက နွားမောင်းနေပြီး…
ဆောင်းသဇင်လည်းအတူပါလာခဲ့သည်။
ဆောင်းသဇင်တင်မက ဆောင်းသဇင်ရဲ့ အသုံးအဆောင်ပစ္စည်းများနဲ့ကျွန်းသေတ္တာကြီးတစ်လုံးပါအတူပါလာခဲ့လေသည်။

“မောင်အုန်း…ပြန်လာပြီလားဟဲ့”

“ဟုတ်…ကျုပ်ပြန်လာပြီဗျို့”

“တို့ကောင်ကြီးကတော့ အလိမ္မာအိမ်ပါ
ဇနီးချောလေးကို ခေါ်လာပြီပဲဟေ့”

“ဟုတ်ပါ့…ဟုတ်ပါ့…ကောင်မလေးက ချောသားပဲဟဲ့…
ဆံပင်ကြီးကလည်းကောင်းချက်ဟယ်…
အားတောင်ကျပါတယ်…”

“ကဲ…သွားပြီဗျိူ့…ကျုပ်မိန်းမကို လမ်းတွေ့ခေါ်ကြဦးနော်…သူက အခုမှဆွေပြမျိုးပြခေါ်လာရတော့
စိမ်းနေဦးမှာဗျ…”

“စိတ်ချ…စိတ်ချ…နင့်မိန်းမကိုငါတို့​က
ခေါ်မှာမပူပါနဲ့ဟယ်…”

မောင်အုန်းက လှည်းမောင်းထွက်သွားသည်။
ဆောင်းသဇင်ကတော့ ပြုံး၍ နှုတ်ဆက်ရင်းလှည်းအထက်တွင် လိုက်ပါလာခဲ့သည်။

“အဘ…အမေ…သားတို့ရောက်ပြီဗျို့…”

“ဟယ်…ဘိုးတင့်အောင်…ကျုပ်သားကြီးပြန်လာပြီတော့်…
သမီးလေးလည်းအတူပါလာတယ်…”

အရီးမှုန်နဲ့ဘိုးတင့်အောင်တို့က မောင်အုန်းတို့ကို
အိမ်ထဲမှ ထွက်ကြိုကြသည်။
ခြံနီးချင်းများကလည်း မောင်အုန်းကို မြင်တော့
ဝမ်းသာအားရနှုတ်ဆက်ကြ၏။
မင်္ဂလာဆောင်ကို.လိုက်မလာရသူများကလည်း
ဆောင်းသဇင်ကို လာကြည့်ကြပြန်သည်။

“အချောလေးတော့်…မောင်အုန်းတို့များ
ရှာတတ်လိုက်တာဟယ်…”

“ဟုတ်ပါ့…ကောင်မလေးက ချောလိုက်တာဟယ်…
ဆံပင်ကြီးကလည်း အုံခဲနေတာပဲ…
ကောင်းလိုက်တဲ့ဆံပင်ဟယ်…”

လာကြည့်သူများနှုတ်ဖျား၌ ဆောင်းသဇင်ကို ချီးမွှန်းသံများ ထွက်ပေါ်နေသည်။
ဆောင်းသဇင်ကတော့ မသိပေမယ့် ပြုံး၍သာ
နှုတ်ဆက်နေခဲ့ရှာသည်။

“မောင်အုန်း…မင်းမိန်းမကို အိမ်ထဲခေါ်သွားလိုက်…
ဒါတွေငါတို့သယ်ပေးပါ့မယ်ကွာ…
မင်းတို့က​ခရီးဝေးက လာကြတာဆိုတော့
မောနေကြမှာပေါ့”

“အေးပါကွာ…ကျေးဇူးပဲသူငယ်ချင်းရာ…”

အရှည်ကြီးက မောင်အုန်းကို ဆောင်းသဇင်အား
ခေါ်သွားခိုင်းသည်။အရီးမှုန်ကမောင်အုန်းထက်အရင် ချွေးမဖြစ်သူ ဆောင်းသဇင်ရဲ့ လက်ကို
ကိုင်ဆွဲပြီး အိမ်ထဲသို့ ဝင်သွားခဲ့တော့သည်။

မောင်အုန်းကတော့ အရီးမှုန်ရဲ့ဂရုစိုက်မှုကို
ပြုံး၍သာကြည့်နေခဲ့လေသည်။

“သားကြီး…လာကွ…အဘတို့ အိမ်ထဲဝင်ကြစို့…
ဒါတွေကတော့ ဒီကောင်တွေနိုင်ပါတယ်…”

ဘိုးတင့်အောင်ကလည်းသားဖြစ်သူကို ခေါ်ပြီး
အိမ်ထဲဝင်လာခဲ့သည်။
အရှည်ကြီးတို့အုပ်စုကတော့ ပစ္စည်းတွေ လှည်းပေါ်မှချသူကချ..အိမ်ထဲသို့ သယ်သူက သယ်ဖြင့် အလုပ်များနေခဲ့သည်။

“အမေက ငါ့သားအခန်းထဲကို ကုတင်အသစ်ဝယ်ထည့်ပေးထားတယ်သိလား…ပစ္စည်းတွေ ထည့်ဖို့လည်း ကျွန်းဘီရိုတစ်လုံးထားပေးထားတယ်…ငါ့သားတို့
ဝင်ကြည့်လိုက်ကြဦးနော်…”

“အမေရာ…ငွေတွေတော့ကုန်တော့မှာပဲဗျာ…”

“အမယ်လေး…ဒီငွေလောက်ကတော့
တို့လယ်ကရတဲ့ငွေထက်စရာရင်နည်းပါသေးတယ်
ငါ့သားရာ…”

“အဘကလည်း မသိတာကြလို့ဗျာ…
အမေကသူ့လက်ထဲက ငွေဆိုပြန်ထွက်ရိုးမရှိဘူးဗျ…
ရှိတဲ့ငွေကို ခြစ်ကုပ်စုတာ…
အခု ကျွန်းသေတ္တာတွေ…ကျွန်းကုတင်တွေ
ဝယ်ပေးထားတယ်ဆိုတော့ ကျုပ် အံ့သြလွန်းလို့ပါဗျာ…”

“ဟယ်…ငအုန်း…ငါ့သမီးရှေ့မှာ ဒါတွေမပြောစမ်းနဲ့…
ဒါနင့် အတွက်မဟုတ်ဘူး…ငါ့သမီးအတွက်ဟဲ့”

အရီးမှုန်က မောင်အုန်းကို စိတ်ဆိုးဟန်ဖြင့် အော်လိုက်ပြီး
ဆောင်းသဇင်ဘက်ကိုလှည့်၍ပြုံးလေသည်။

“ကိုကြီးအုန်း…ဗျို့ ကိုကြီးအုန်း…
ကျုပ်တို့လာပြီဗျို့”

“ဟယ်… မောင်တိုးနဲ့ခင်မြချစ်ပါလား
လာထိုင်ကြဦး…”

“ဟုတ်ကဲ့အရီး…”

“မင်းတို့က ဘယ်ကနေဘယ်လို ငါတို့ပြန်ရောက်တာကို
သိလာတာလဲကွ”

“အမယ်လေးဗျာ…ကိုကြီးအုန်းတို့ပြန်ရောက်တာ
ဟောသည်သောင်ထွန်းတစ်ရွာလုံး သတင်းကိုပျံ့နှံ့လို့ပါဗျာ…ကိုကြီးအုန်းမိန်းမ ဆောင်းသဇင်က အတော်ချောတယ်ဆိုပြီး လူတွေက ပြောနေကြတာ…
အဲ့တာ ကျုပ်မိန်းမလောက်တော့မချောပါဘူးဗျာဆိုပြီး
ကျုပ်ကပြောလာရသေးတယ်ဗျ…”

“ဟယ်…အစ်ကို…မဟုတ်တာတွေမပြောစမ်းနဲ့…
ဆောင်းသဇင်က ခုမှရောက်တာနော်…
တော်နေ အစ်ကိုတို့အစအနောက်ကြမ်းလို့
သူ့ရွာကိုပြန်ပြေးသွားမှ အခက်တွေ့ကုန်မယ်”

“ဟုတ်ပါ့ကွာ…မင်းစကားကြီးကလည်း
ငါ့မိန်းမကပိုချောပါတယ်ကွ”

“ဟာ…ကျုပ်မိန်းမက ပိုချောတာဗျ…”

“ဟာ…ငါ့မိန်းမက ပိုချောတာပါဆိုကွာ…”

“ကဲ…ကဲ…တော်ကြပါတော့ အစ်ကိုတို့ကလည်း…”

“ဟုတ်ပါ့…တော်ကြပါတော့တော်…
ကြားက ကျုပ်တို့က နေရခက်တယ်တော့်”

မောင်တိုးနဲ့မောင်အုန်းက တစ်ယောက်တစ်ခွန်း
အငြင်းပွားနေ၍ ဆောင်းသဇင်နဲ့ ခင်မြချစ်က ဝင်၍တားယူကြရသည်။

“အရီးပြောမယ်…ခင်မြချစ်က အသားညိုစိမ့်စိမ့်နဲ့
သနပ်ခါးလေးများလိမ်းထားရင် တစ်မျိုးလှတဲ့သူ….
ဟောသည်ဘက်က အရီးချွေးမလေးကလည်း
အသားညိုစိမ့်စိမ့်နဲ့ ဆံနွယ်ကောင်းတဲ့သူဆိုတော့
သူကလည်း တစ်မျိုးကျက်သရေရှိပြီး လှပြန်တယ်အေ…”

“ဒါဆို အတူတူချောကြတယ်ပေါ့လေ…
ဟုတ်လားအရီး”

“ဒါပေါ့…အတူတူချောကြတာပေါ့မောင်တိုးရဲ့”

“အဲ့တာဆိုရင်တော့ကျေနပ်ပါပြီဗျာ…
ကျုပ်မိန်းမက ဆောင်းသဇင်လို ဆံပင်ရှည်ရှည်လေးမဟုတ်ပေမယ့် ကျုပ်မိန်းမဆံပင်က ကျောထိနေပါပြီဗျ…
သနပ်ခါးလေးလူး ဆံပင်လေးကို ဖြန့်ထားရင်
ချောချက်ကတော့ ကျုပ်ရင်ကို ဗြောင်းဆန်သွားစေတယ်ဗျ…”

“အောင်မာ…မင်းပဲလား…
ငါ့မိန်းမကလည်း သူ့ရဲ့ တင်ထိနေတဲ့ဆံပင်တွေက်ို
ဖြန့်ထားပြီး လမ်းလေးလျှောက်ရင်းငါ့ဘက်ကိုများ
မခို့တရို့လေးလှမ်းကြည့်ရင်…
ငါ့မှာဟောသည်ရင်ဘက်ကြီးပေါက်ထွက်မတတ်ကို
​ဖြစ်သွားရတာကွ…”

“အမယ်လေး…ဆေးမမှီတော့ဘူးအရီးမှုန်…
အရီးမှုန်သားဆေးမမှီတော့ဘူးတော့်”

ဟု…ဆိုကာ အိမ်ထဲဝင်လာသူမှာ ရှင်ညိုဖြစ်နေခဲ့သည်။

“ရှင်ညို…ညည်းလည်းငါတို့ရောက်တာကို
သိလာပြန်တာလား”

“ဒါပေါ့…သိလို့ရောက်လာတာပေါ့….ကျုပ်
ဘာများဝိုင်းကူသယ်ပေးရဦးမလဲ…”

“သယ်စရာမရှိတော့ဘူး…ဟိုကောင်အရှည်ကြီးတို့
ကူထားတယ်ဟ…နင်လာတာနဲ့အတော်ပဲ…
ဒီမှာလေ.. နင့်အစ်ကိုမောင်တိုးက သူ့မိန်းမနဲ့ငါ့မိန်းမကို
လာယှဥ်နေတယ်…
ပြောစမ်းပါဦးဟာ…ငါ့မိန်းမက ပိုချောတာ…ဟုတ်တယ်မဟုတ်လားရှင်ညို…”

“ငါ့မိန်းမက ပိုချောတာပါရှင်ညိုရာ…
နော့ ကိုကြီးတိုးပြောတာ ဟုတ်တယ်မဟုတ်လား”

အပြိုင်အဆိုင်ပြောနေသော မောင်အုန်းနဲ့
မောင်တိုးရဲ့စကားကြောင့် ရှင်ညိုက စဥ်းစားဟန်ဖြင့်
သူ့ရဲ့ မေးစေ့ကို လက်ဖြင့် ပွတ်သပ်ရင်း…

“အင်း…ပြောရမယ်ဆိုရင် ကျုပ်ကပိုချောတာတော့်”

ဟု…ပြောလိုက်ရာ ဆောင်းသဇင်နဲခင်မြချစ်တို့က
သဘောကျစွာရယ်မောကုန်ကြသည်။

“ဟုတ်တယ်…ဒါတော့အရီးထောက်ခံတယ်…
ငါ့သမီးလေးကပိုချောတာ…
အဲ့တာဟုတ်တယ်”

အရီးမှုန်ကလည်း ရှင်ညိုဘက်မှ ထောက်ခံလေသည်။

“ငါ့သမီးလေးက အသားလေးတွေဝင်းဝါပြီး
ချစ်စရာကောင်းတဲ့သူ…
ချစ်စရာကောင်းသလို မျက်လုံးက စူးရှလွန်းတယ်ဟေ့…
ပြောရရင် အားပြင်းလွန်းတယ်…
နဂါးမျက်စောင်းလို မျက်စောင်းများထိုးခံရရင်
မျက်စောင်းထိုးခံရသူတောင်
ပြာကျသွားနိုင်လောက်တယ်…”

“ဒါဆိုအဘပြောတာ ကျုပ်က ကြောက်စရာကောင်းတယ်ပေါ့…ဟုတ်လား”

“အဲ့လိုလဲမဟုတ်ပါဘူး…
ငါ့သမီးက ချောတယ်…လှတယ်…
ဒါပေမယ့် အဆိပ်ပြင်းလွန်းတယ်…
ငါ့သမီးကို လက်ထပ်မယ့်သူက တော်တန်လူတော့
မဖြစ်နိုင်ဘူးလို့ အဘယူဆတယ်…”

“အဘရယ် ယူမယ့်သူတွေ
လက်ထပ်မယ့်သူတွေကို ကျုပ်မစဥ်းစားသေးပါဘူး…
ကျုပ်ဘဝလေးကို ဒီအတိုင်းလေးပဲဆက်နေနေရရင်ကို
အဆင်ပြေလှပါပြီ…”

“ဘယ်ဟုတ်မလဲရှင်ညိုရယ်…
သီးချိန်တန်သီးပွင့်ချိန်တန်တော့ ပွင့်ရဦးမှာပေါ့…”

“အမယ်လေး…သူတို့တွေက သီးပွင့်နေကြတော့
ကျုပ်ကိုပါ လိုရာဆွဲသွင်းနေကြတယ်ပေါ့…
ကြာကြာနေလို့တော့မဖြစ်တော့ဘူး…
ကျုပ်ပြန်တော့မယ်တော်…”

ခင်မြချစ်စကားကြောင့် ရှင်ညိုက ရယ်ရယ်မောမော​​ဖြင့်
ပြောကာ ထပြန်ဖို့လုပ်တော့သည်။

“ဘွားနဲ့အရီးကိုလည်းပြောလိုက်ဦးရှင်ညို…
နေအေးမှလာခဲ့တော့မယ်လို့”

“ဟုတ်ပါပြီရှင်…ကဲ…ကျုပ်ပြန်ပြီနော်…
အရီးနဲ့အဘကျုပ်ပြန်ပြီ…”

“အေး…အေး သမီး”

အရီးမှုန်တို့လင်မယားကိုပါနှုတ်ဆက်ပြီးနောက်
ရှင်ညိုလည်း အိမ်ကိုပြန် သွားခဲ့တော့သည်။

ရှင်ညို အိမ်ကိုပြန်ရောက်လာတော့ အိမ်၌ ဧည့်သည်များ
ရောက်နေသည်ကို တွေ့လိုက်ရသည်။

“ရှ​​င်ညို ဧည့်သည်တွေကအခုတင်ပဲရောက်လာကြတာ…
သွား…သွား…ညည်းအဘွားနားသွားထိုင်နေဦး”

“ဟုတ်ကဲ့အရီး”

ရှင်ညိုလည်း ဘွားမယ်စိန် နံဘေး၌ ဝင်ထိုင်လိုက်သည်။
ဧည့်သည်က လူကြီးနှစ်ယောက်ဖြစ်နေခဲ့၏။
ထိုလူကြီးနှစ်ယောက်က ရှင်ညိုကို ပြုံးပြနေ၍
ရှင်ညိုလည်း အလိုက်သင့်ပြန်ကာပြုံးပြလိုက်သည်။

“ကျုပ်က ရွာသစ်ကြီး ကသူကြီးဦးအောင်ချစ်ပါ…
ဒါကတော့ ကျုပ်ညီ အောင်ဝင်းလို့ခေါ်ပါတယ်အမေကြီး”

“ဟေ…ရွာသစ်က သူကြီးက မောင်မျိုးသစ်မဟုတ်ဘူးလားကွဲ့”

“မဟုတ်ဘူးလေအဘွား…ဒီကသူကြီးက ရွာသစ်ကြီးရွာရဲ့
သူကြီးလို့ပြောတာအဘွားရဲ့…ရွာသစ်မဟုတ်ဘူးအဘွား”

“ဟုတ်တယ်ဗျ…ဒီတူမပြောတာမှန်ပါတယ်…
ကျုပ်တို့ရွာနာမည်က ရွာသစ်ကြီးပါ…”

“သြော်…အေး…အေး…ရွာသစ်ကြီးဆိုတော့
ဒီအနီးအနားကတော့ဖြစ်ဟန်မတူဘူးကွဲ့”

“ဟုတ်ပါတယ်…အမေကြီးတို့ရွာနဲ့ဆို
နေ့တစ်ဝက်လောက်တော့ ကြာတယ်ဗျ…”

“အေး…အေး…အေး…ဒါဖြင့် မောင်ရင်တို့ရဲ့လာရင်း
ကိစ္စကို ပြောစမ်းပါဦးကွဲ့…ဒီလောက်ဝေးဝေးလာကြတာဆိုတော့ တစ်ခုခုများဖြစ်လို့လား…”

ဘွားမယ်စိန်အမေးကြောင့် သူကြီးဦးအောင်ချစ်က ခေါင်းညိတ်သည်။
သူကြီးရဲညီ ဦးအောင်ဝင်းကတော့ သက်ပြင်းချ၏။

“ကျုပ်တို့ရွာမှာ လူတွေသေနေလို့ပါအမေကြီး…
သေတာကလည်း ဗိုက်ကြီးသည်တွေချည်းပဲဗျ…”

“ဟေ…ဗိုက်ကြီးသည်တွေသေတယ်…
ထူးဆန်းလှပါလားကွဲ့”

“ဟုတ်တယ် အမေကြီး…တစ်ယောက်ကနေ
နှစ်ယောက်ဖြစ်လာတော့ တိုက်ဆိုင်တာ
မဟုတ်တော့ဘူးလေ…”

“အေးပေါ့…ဘယ်လိုများဆုံးကြတာလဲကွယ်…”

“ညအိပ်ခါနီးအထိတော့အကောင်းဗျ…
မိုးလင်းမှ နိုးမရလို့ ဆုံးတာကိုသိခဲ့ရတာ…
ထူးတာက သူတို့တွေရဲ့ ဗိုက်တွေက ပြားချပ်နေတာပဲ
အမေကြီး…ဗိုက်ထဲက ကလေးနဲ့အူကလီစာတွေပါ
မရှိတော့တာဗျ…အပြင်ကကြည့်တော့ ဗိုက်က ရှရာတစ်ရာတောင် မရှိဘူးအမေကြီးရဲ့”

“အေးကွယ်…အဖြစ်အပျက်ကအတော်လေး
ထူးခြားနေတာပဲ…”

“ဟုတ်ပါတယ် အဲ့တာကြောင့် ကျုပ်တို့လည်း
ခေါင်းကိုက်စရာဖြစ်နေခဲ့တာပါ…
အမေကြီးရဲ့အကြောင်းကို သူများစကားနဲ့ကြားပြီး…
ကျုပ်လည်း ချက်ချင်းထ လာခဲ့တာဗျ…
ဖြစ်နိုင်ရင် ကျုပ်တို့ရွာမှာကျန်တဲ့ဗိုက်ကြီးသည်တွေကိုတော့ကယ်တင်ပေးပါလို့ ကျုပ်တောင်းဆိုပါတယ်အမေကြီးရယ်”

“အေး…ဘွားတို့ကူညီပါ့မယ်…
တရားခံက ဘယ်လိုလူမျိုး…ဘယ်လိုအနှောက်အယှက်မျိုးဆိုတာ ဘွားတို့တွေရှာရဦးမယ်ကွဲ့”

“ဟုတ်ကဲ့ပါအမေကြီး…အမေကြီးတို့ကူညီမယ်ဆိုရင်
လိုအပ်တာမှန်သမျှကျူပ်တို့ဘက်ကလည်း ပြန်
ကူညီပေးမှာပါ…”

“ဟုတ်ပြီမောင်ရင်…စိတ်သာချပါ…
ဘွားတို့ကူညီပေးပါ့မယ်…”

“ဒါဆိုရင်တော့ ဝမ်းသာရပြီဗျာ…”

“မောင်ရင်တို့ဗိုက်ဆာနေကြရောပေါ့…
မိဝင်း ဧည့်သည်တွေကို ထမင်းလေးခူးကျွေးစမ်းအေ့”

“ဟာ…နေပါစေ…ကျုပ်တို့မစားတော့ပါဘူးအမေကြီးရယ်”

“ဘယ်ဟုတ်မလဲကွယ်…
ထမင်းလေးတော့ကျွေးပါရစေဦး…ခရီးဝေးကလာကြတာရတာဆိုတော့ ဗိုက်ဆာနေရောပေါ့”

ဘွားမယ်စိန်က သူကြီးဦးအောင်ချစ်တို့ညီအစ်ကိုကို
ထမင်းစားခိုင်းသည်။
ဒေါ်ဝင်းကလည်း အိမ်ရှိထမင်းနဲ့ဟင်းများကို ခူးခပ်၍
သေချာပြင်ဆင်ကျွေးရှာသည်။

“သမီးရှင်ညို…ညည်းအစ်ကိုမောင်တိုးကို သွားပြောချေ…
ဘွားတို့ ရွာသစ်ကြီးကို သွားကြရမယ်လို့”

“ဟုတ်ကဲ့အဘွား…သြော်…ဒါနဲ့ကိုကြီးအုန်းကိုရော
ခေါ်ဖို့လိုသေးလားအဘွား”

“မောင်အုန်းက အစောကမှရွာကိုရောက်တာမဟုတ်လား…
နေပါစေအေ…နားပါစေဦး…ဒီတစ်ခေါက်တော့ ဘွားတို့ပဲ
သွားကြတာပေါ့…”

“ဟုတ်ကဲ့အဘွား”

ရှင်ညိုလည်း ဝါးခမောက်ကိုကောက်ဆောင်းပြီး
မောင်တိုးတို့အိမ်ကို ထွက်လာခဲ့ရသည်။

“ကိုကြီးတိုး”

“ဟော…ရှင်ညို အစောကမှကိုကြီးအုန်းအိမ်မှာဆုံခဲ့တာကို
ထပ်လာပြန်ပြီ…ပြောစမ်း…အရီးကဘာများခိုင်းလိုက်ပြန်တာလဲ”

နွားစာစဥ်းနေတဲ့မောင်တိုးက ရှင်ညိုကို
ပြန်မေးလိုက်သည်။

“အရီးခိုင်းတာမဟုတ်ပါဘူးတော်..
အဘွားလွှတ်လိုက်တာပါ”

“ဟေ…ဘွားက ဘာများပြောခိုင်းလိုက်လို့လဲဟ”

“ဘာရမှာလဲ…ကျုပ်တို့ခရီးထွက်ဖို့ရှိတယ်…
အခု ရွာသစ်ကြီးက သူကြီးတွေအိမ်မှာရောက်နေတယ်…
သူတို့ရွာက အခက်အခဲကို အဘွားဆီလာအကူအညီတောင်းတာတော့်…အဲ့တာကြောင့်ကိုကြီးတိုးကိုလာပြောရတာ”

“အေး…ဒါဆို ငါရေမိုးချိုးပြီးတာနဲ့ ထွက်လာခဲ့မယ်…
ကိုကြီးအုန်းကိုရော ငါသွားပြောရမလား”

“ဒီတစ်ခေါက်တော့ကိုကြီးအုန်းကို မခေါ်တော့ဘူးလို့.အဘွားကပြောတယ်.. သူလည်းနားပါစေဦးတဲ့”

“ဖြစ်ပါ့မလားဟာ…ဟိုက သူ့ကိုမခေါ်ရင်
စိတ်ဆိုးနေမှာနော်…”

“သူလည်းနားလည်မှာပါကိုကြီးတိုးရယ်…
အခုမနက်မှ ရောက်လာတာဆိုတော့ နားပါစေဦး”

“အေး…အေး…အေး…ဒါဆိုလည်း ငါထွက်လာခဲ့မယ်လို့
ဘွားကိုပြောထားလိုက်နော်…”

“ဟုတ်ပြီ…ဟုတ်ပြီ…ဒါဆို ကျုပ်လည်းပြန်တော့မယ်တော်”

ရှင်ညိုက မောင်တိုးကိုပြောပြီးနောက်နေရာမှ
လှည့်ထွက်လာခဲ့တော့သည်။အိမ်သို့ရောက်တော့
ခရီး၌ ယူရမည့်ပစ္စည်းများကို လွယ်အိတ်အတွင်းသို့
​ထည့်ယူလိုက်၏။သူကြီးဦးအောင်ချစ်တို့ညီအစ်ကိုကတော့ ဒေါ်ဝင်းသုပ်ပေးတဲ့လက်ဖက်သုပ်နဲ့အကြမ်းရည်လေးကိုသောက်ရင်း အနားယူနေကြလေသည်။
ဘွားမယ်စိန်နဲ့ရှင်ညိုတို့က ခရီးအတွက်အသင့်ပြင်ဆင်ပြီးနောက် မောင်တိုးရောက်အလာကိုထိုင်စောင့်နေကြသည်။

“ဘွားရေ…ကျုပ်တို့ရောက်ပြီဗျို့…”

“ဟော…မောင်အုန်း လည်းအတူပါလာတာပဲအမေ”

“ဟယ်…ဒီကောင်လေးကတော့လုပ်ချလိုက်ပြန်ပြီ”

မောင်အုန်းက ပြုံးပြုံးရွှင်ရွှင်ဖြင့် ခြံဝိုင်းထဲဝင်လာခဲ့သည်။

“အရီး နေကောင်းတယ်နော်…”

“ကောင်းပါ့…ကောင်းပါ့ …
ဒါက ခရီးကိုအတူလိုက်မို့လို့လားမောင်အုန်းရဲ့”

“ဟုတ်တယ်လေဗျာ…ကျုပ်ကို ချန်ထားခဲ့ဖို့
စဥ်းစားနေကြတယ်မဟုတ်လား…
ဒီတော့ကျုပ်ကလည်းအရလိုက်လာရတာပေါ့ဗျာ…”

“ချန်တာမဟုတ်ပါဘူးကွယ်…
မောင်ရင်က အစောကမှပြန်ရောက်တာဆိုတော့
နားပါစေဆိုတဲ့စိတ်နဲ့မခေါ်တာပါ”

“မနားနိုင်ပါဘူးဗျာ…ကျုပ်ကဘွားတို့နဲ့
လိုက်ခဲ့မှာဗျ…”

“နင်လိုက်တာကဟုတ်ပါပြီ…
နင့်မိန်းမကရောလိုက်စေချင်ရဲ့လား”

“ကျုပ်မိန်းမက ကျုပ်တစ်ခွန်းပါပဲအရီးရဲ့…
ကျုပ်အစားတွေးမပူပါနဲ့ဗျာ…ကျုပ်မိန်းမကို
ကျုပ်ပိုင်ပါတယ်ဗျ…”

“အေးပေါ့ နင့်မိန်းမပါဆို နင်ပိုင်ပြီပေါ့ဟယ်…”

ဒေါ်ဝင်းက မောင်အုန်းကို မျက်စောင်းထိုးပြီး
ပြောလိုက်သည်။
မောင်အုန်းကတော့ ပြုံးရယ်နေခဲ့၏။
မောင်တိုးတစ်ယောက် မောင်အုန်းကို ဝင်၍
ခေါ်ခဲ့ခြင်း​ဖြစ်တာကို ရှင်ညိုတစ်​ယောက် ရိပ်မိလေသည်။

“ကဲ…ဒါဆိုရင် ဘွားတို့ ရွာသစ်ကြီးကိုသွားကြတာပေါ့”

“ကျုပ်တို့ကို ထမင်းကျွေးတဲ့အပြင်
လက်ဖက်ပါ သေချာလေးပြင်ဆင်​သုပ်ကျွေးလို့
ကျေးဇူးတင်ပါတယ်ဗျာ…”

“ရပါတယ်…ကျုပ်အိမ်ကိုလာတဲ့ဧည့်သည်မှန်သမျှ
ဧည့်ခံရမယ့်တာဝန် ကျုပ်မှာရှိတာပေါ့…
ကျေးဇူးတင်စရာမလိုပါဘူးတော်…”

သူကြီးဦးအောင်ချစ်တို့ညီအစ်ကိုက ဒေါ်ဝင်းကို
ကျေးဇူးတင်စကားပြောပြီး နှုတ်ဆက်ကာ သူတို့ရဲ့
နွားလှည်းပေါ်တက်သွားကြသည်။
ဘွားမယ်စိန်တို့လည်း မောင်တိုးရဲ့နွားလှည်းပေါ်သို့
တက်လိုက်၏။

“ကဲ…မိဝင်းအမေတို့သွားပြီအေ့”

“ဟုတ်အမေ”

“အရီး…လျှောက်လည်မနေနဲ့ဦးနော်…”

“အမယ်လေး…နင်တို့သာမိန်းမတွေရ ကလေးတွေမွေး…
ဒီအမေက ငါ့ကိုဒီအတိုင်းမှာနေတုန်းပဲ…
စိတ်ချ…စိတ်ချ…ဘယ်မှမလည်ဘူး အိမ်မှာပဲနေမှာ”

ဘွားမယ်စိန်ပြောမည့်စကားကို မောင်တိုးကပြောလေတော့ ဒေါ်ဝင်းက ရယ်ရယ်မောမောဖြင့် ပြန်ကာပြောလေသည်။
မောင်တိုးတို့လည်း ဒေါ်ဝင်းစကားကို သဘောကျပြီး.ရယ်မောနေကြ၏။

“ကဲ…ကဲ…အရီးကျုပ်တို့သွားပြီဗျို့”

သူကြီးဦးအောင်ချစ်တို့နွားလှည်းက ထွက်သွားပြီဖြစ်၍
မောင်တိုးလည်း ဒေါ်ဝင်းကိုနှုတ်ဆက်ပြီး
နွားလှည်းကိုမောင်းထွက်လာခဲ့တော့သည်။

ထိုသို့ဖြင့် ရွာသစ်ကြီးရွာရဲ့ခရီးစဥ်လေး
စတင်ခဲ့ပြီဖြစ်သည်။

ဇာတ်လမ်းလေးကိုခဏမျှရပ်နားလိုက်ပါတယ်…
ဆက်လက်၍လည်းရေးသားတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်…(ရက်မစောင့်နိုင်သူကတော့ဘွားမယ်စိန်မန်ဘာgroupမှာဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်..မန်ဘာကြေးကတစ်လကိုသုံးထောင်ကျပ်ပါရှင်)

ယဥ်မင်း(ကန့်ဘလူ)

Leave a Reply

Your email address will not be published. Required fields are marked *