ဘွားမယ်စိန်နှင့် ဗိုက်ကြီးသည်မရဲ့ အငြိုး

ဘွားမယ်စိန်တို့ ရွာသစ်ကြီးရွာသို့ ရောက်လာခဲ့ကြသည်။

ရွာထဲသို့ သူကြီးဦးအောင်ချစ်တို့နွားလှည်းဝင်လာ
ခဲ့သည်နှင့် အားလုံးက ဘွားမယ်စိန်တို့ကို
အထူးအဆန်းသဖွယ်လိုက်ကြည့်နေကြသည်။
သူကြီးတို့နဲ့အတူပါလာ၍ စိတ်ဝင်စားကြဟန်
လည်းရပေသည်။

“သူကြီး…ဘယ်ကနေပြန်လာတာလဲဗျ…”

“ဧည့်သည်တွေသွားခေါ်လာတော့ဟေ့…
နောက်မှပြောတော့မယ်…ဧည့်သည်တွေကိုအရင်
နေရာချပေးရဦးမယ်…”

သူကြီးဦးအောင်ချစ်က ရွာသားတွေကို ခပ်တိုတိုသာ
ပြန်ဖြေလေတော့ မည်သူကမှထပ်မမေးလာတော့ပေ။
ဘွားမယ်စိန်တို့ကို သူကြီးဦးအောင်ချစ်က သူ့ရဲ့အိမ်ဆီကို
ခေါ်ဆောင်သွားခဲ့၏။

“အမေကြီး…ဒါကျုပ်အိမ်ပဲဗျ…
ကိုယ့်အိမ်လိုသာ သဘောထားပြီးနေကြပါဗျာ…
ဘာမှအားနာနေစရာမလိုဘူးဗျ…”

“အေးကွယ်…ဘွားတို့ကလည်း အားမနာတတ်ပါဘူး
မောင်အောင်ချစ်ရဲ့…”

“ဒီလိုမျိုးဆို ကျုပ်ကသဘောကျတယ်ဗျ…
အားနာစရာလည်းမလိုဘူး…
ကိုယ့်သား ကိုယ့်တူလိုသဘောထားပါဗျာ…
ဒီကငါ့တူတို့ ငါ့တူမတို့လည်းအတူတူပဲနော်…”

“စိတ်ချပါသူကြီး…ကျုပ်တို့ကလည်း
အားမနာတတ်ပါဘူးဗျာ…”

မောင်တိုးအဖြေကြောင့်သူကြီးဦးအောင်ချစ်က
ပြုံးလိုက်သည်။

“ကဲ…မိန်းမရေ…အမေကြီးတို့ကို အိမ်ထဲခေါ်သွားလေကွာ…ခရီးကပင်ပန်းလာတာဆိုတော့
အနားယူပါစေဦး…”

“ဟုတ်ကဲ့…အမေကြီးတို့ အိမ်ထဲကိုကြွပါရှင်”

သူကြီးကတော်က ဘွားမယ်စိန်တို့ကို
အိမ်ထဲခေါ်သွားသည်။မောင်တိုးနဲ့မောင်အုန်းက
နွားများကို လှည်းမှဖြုတ်နေခဲ့၏။

“ဒါနဲ့ မောင်တိုး…တို့ရွာကို အဘွားကြီးတစ်ယောက်ရောက်လာသေးတယ်ဆို…အဲ့တာဟုတ်သလား”

“ကိုကြီးအုန်းဘယ်ကသိလာပြန်တာလဲဗျ…”

“အမေပြောလို့သိတာကွ…
ငါလည်းမေးမလို့မေးမလို့နဲ့ မေ့နေတာကွာ…
အခုမှပဲမင်းကိုမေးရတယ်…”

“တိုးတိုးပြောဗျ…ကိုကြီးအုန်းမသိတာတွေ
အများကြီးရှိသေးတယ်…”

“ဟေ…ငါဖြင့် စလင်းရွာမှာသွားနေတာခဏလောက်ပဲ
ကြာတာပါကွာ…ဘယ်ကနေဘယ်လိုများ
ငါမသိတာတွေက များသွားရတာလဲမောင်တိုးရဲ့”

“ကိုကြီးအုန်းမသိသေးပါဘူး…
ဒီလိုဗျ…ကျုပ်တို့ရွာကို အဘွားကြီးတစ်ယောက်ရောက်လာတာလည်းမှန်တယ်…
အဲ့သည်အဘွားကြီးကလည်းကျုပ်တို့ရွာကိုလာတာက
သူ့မြေးကိုလာရှာတာဗျ…”

“ဟေ… ဒါဆိုသူ့မြေးနဲ့တွေ့သွားရဲ့လားကွ”

“တွေ့သွားတယ်လေ…သူရှာနေတဲ့သူ့မြေးကလည်း
တခြားသူမဟုတ်ဘူးဗျ…အဲ့သည်အဘွားကြီးမြေးက
ကျုပ်တို့ရဲ့နှမ…ရှင်ညိုပဲဗျ…”

“ဟာ…ရှင်ညိုကသူ့ရဲ့မြေး ဟုတ်သလား…
နေစမ်းပါဦး…ရှင်ညိုက ဘယ်ကနေဘယ်လို
အဘွားရှိနေခဲ့တာလဲကွ”

“ဒါက ဒီလိုရှိတယ်ဗျ…ကိစ္စကနည်းနည်းတော့ရှုပ်ထွေးတယ်… ကျုပ်တို့ရှင်ညိုရဲ့မိဘတွေက ဆုံးသွားပြီတဲ့…
အဘွားကြီးက ရှင်ညိုအဖေသူ့သားမက်ကို အတော်မုန်းတာတဲ့ဗျာ…သားမက်ကိုမုန်းတဲ့အမုန်းနဲ့ ရှင်ညိုကို
စွန့်ပစ်လိုက်တာတဲ့လေ…အဲ့တာ အခုမှမြေးပျောက်လာရှာတာ…စိတ်ကလည်းကောင်းတစ်ချက်မကောင်းတစ်ချက်ပဲဗျ…ကျုပ်နဲ့ကျုပ်ယောက်ဖတောင်
ဒီကိစ္စမှာဝင်ပါခဲ့ရသေးတယ်…”

“ဟေ…အဲ့သည်လောက်ကိုဖြစ်သွားခဲ့တာလား”

“တိုးတိုးပြောကိုကြီးအုန်း…ဒီကိစ္စကို ရှင်ညိုကိုလည်း
သွားမမေးနဲ့ဦးဗျ…သူကအားကြီးစိတ်ဆိုးလိမ့်မယ်…
သူ့ကိုစွန့်ပစ်ခဲဲ့ပြီးမှပြန်လာရှာတဲ့အဘွားကိုတောင်
စိတ်အနာကြီးနာနေရှာတာ…”

“အေးလေကွာ…ရှင်ညိုလည်းသူ့နာကျည်းချက်နဲ့သူရှိမှာပေါ့…တို့ဝင်ပါလို့ရတဲ့ကိစ္စမှမဟုတ်တာကွာ…”

“ဟုတ်တယ်ဗျ…အဲ့တာကြောင့် ကျုပ်ဖြင့်ဘာမှကို
ဝင်မပြောခဲ့ပါဘူးဗျာ…နောက်ပြီးဒီကိစ္စကို
ကျုပ်တို့နဲ့သူကြီးရယ်ပဲသိထားတာ…
ရွာထဲကလူတွေလည်းမသိကြဘူးဗျ…”

“အေးလေ…အဲ့တာကြောင့် ငါ့အမေတောင်မသိတာပေါ့…
အဘွားကြီးက ဘွားတို့အိမ်မှာနေသွားတယ်လို့ပဲ
သိကြတာ…ပြီးမှသူ့မိသားစုကပြန်လာခေါ်သွားတယ်တဲ့လေ”

“ကောင်လေးတွေ…လာကြလေကွာ…
အိမ်ထဲဝင်ကြစို့ကွ”

“ဟုတ်ကဲ့လေးလေးအောင်ဝင်း…”

သူကြီးရဲ့ညီ ဦးအောင်ဝင်းကလှမ်းခေါ်လေတော့မှ မောင်တိုးတို့လည်း စကားစပြတ်သွားကြသည်။
ဦးအောင်ဝင်းနဲ့အတူ အိမ်ထဲသို့ ဝင်လာခဲ့ကြတော့၏။

သူကြီးဦးအောင်ချစ်အိမ်၌ ဘွားမယ်စိန်တို့ရောက်ရှိနေစဥ်
ရွာထဲမှ အမျိုးသားနှစ်ယောက်နဲ့ အမျိုးသမီးနှစ်ယောက်တို့ ရောက်လာခဲ့ကြသည်။

“သူကြီး…ကျုပ်တို့လာပြီဗျ…
ကျုပ်တို့ကို ခေါ်ခိုင်းလိုက်တယ်ပြောလို့…”

“အေး…ဝင်ခဲ့ကြလေကွာ…”

အမျိုးသားနှစ်ယောက်ရဲ့အနောက်၌ အတူပါလာသော
အမျိုးသမီးနှစ်ယောက်က ဗိုက်ကြီးသည်တွေဖြစ်နေသည်။
သူတို့လေးယောက်သည်.သူကြီးတို့နဲ့အတူထိုင်နေတဲ့
ဘွားမယ်စိန်တို့ကို အကဲခတ်သလို ကြည့်ကြ၏။

“ထိုင်ကြကွ…”

“ဟုတ်ကဲ့သူကြီး…”

နေရာအသီးသီး၌ ဝင်ထိုင်ကြပြီးနောက် သူကြီးပြောလာ
မည့်စကားကို စောင့်ဆိုင်းနေကြရသည်။

“မင်းတို့ကိုခေါ်တာတခြားမဟုတ်ပါဘူးကွာ…
ရွာမှာ နေ့စေ့လစေ့နဲ့ မွေးခါနီးဆိုလို့ မင်းတို့မိန်းမတွေပဲ
ရှိတော့တာမဟုတ်ဘူးလား”

“ဟုတ်ပါတယ်သူကြီး”

“အေး…အဲ့တာကြောင့် ဟောသည်က အမေကြီးနဲ့
မင်းတို့ကိုတွေ့ပေးတာကွ”

“ဒီအမေကြီးက ဘယ်သူများလဲသူကြီး…”

“ငါပြောပါ့မယ် ဖိုးမောင်ရာ…
ဒီအမေကြီးက ငါတို့ရွာမှာဖြစ်ပျက်နေတဲ့ကိစ္စတွေကို
ကူညီဖြေရှင်းပေးမယ့်သူကွ…အဲ့တာကြောင့်
အခုလည်း မင်းတို့ကို ကူညီပေးဖို့ လိုက်လာခဲ့တာ”

“ကျုပ်တို့ကို ဒီအမေကြီးက ဘယ်လိုများ
ကူညီနိုင်မှာလဲဗျာ…”

ဖိုးမောင်ဆိုတဲ့အမျိုးသားက ဘွားမယ်စိန်ကိုကြည့်ပြီး
ပြောလေသည်။

“ဘွားတို့က ဒီရွာမှာဗိုက်ကြီးသည်တွေသေနေရတဲ့
အကြောင်းရင်းကို အရင်ဆုံးရှာရလိမ့်မယ်…
ဒါပေမယ့် ကျန်နေတဲ့ဗိုက်ကြီးသည်တွေကိုလည်း
ဘွားတို့ကာကွယ်ပေးထားမှာပါ…
ဘယ်လိုအန္တရာယ်မျိုးကျရောက်နေသလဲဆိုတာတော့ ဘွားတို့သေချာ မသိရသေးဘူးကွဲ့”

“ကျုပ်တို့မှာအဆောင်တွေရှိတယ်ဗျ…
ပြီးတော့ ရေမန်းတွေကိုလည်း ခြံထဲ…အိမ်ထဲ
နေရာလွတ်မကျန် ဖြန်းထားပြီးပြီဆိုတော့
ဘေးကင်းပါပြီဗျာ…
အမေကြီးကလည်းအသက်က ကြီးလှပြီဆိုတော့
ကျုပ်တို့အပူမပေးချင်ပါဘူး”

“ဟုတ်တယ်ဗျ…ကျုပ်လည်း ဖိုးမောင်အတိုင်းပဲ
လုပ်ထားပါတယ် ကျုပ်တို့အဆင်ပြေပါတယ်ဗျာ…”

ငစိုးကလည်း ဖိုးမောင်နည်းတူပြောလေသည်။
သူကြီးက သူတို့ကို အလိုမကျဟန်ဖြင့်ကြည့်၍…

“ဟေ့ကောင် ငစိုးနဲ့ဖိုးမောင်…မင်းတို့က
နတ်ကတော်ငသန်း ပေးတဲ့အဆောင်တွေ
ရေမန်းတွေကိုမှအဟုတ်မှတ်နေကြတယ်ပေါ့လေ…
ဟေ့…အောင်သန်းသာစွမ်းရင်ငါအရင်ဆုံး
ဒီကောင့်ဆီကို ပြေးနေပြီပေါ့…
မင်းတို့လည်းသူ့အကြောင်းသိသိနဲ့ယုံရဲတယ်ကွာ…
အခုငါခေါ်လာတဲ့အမေကြီးက
မင်းတို့နတ်ကတော် ငသန်းထက်အဆတစ်ရာလောက်
စွမ်းတယ်ကွသိကြရဲ့လား…အမေကြီးအကြောင်းတွေ
မင်းတို့ကိုပြောရင် ပြောလို့ကိုပြီးမှာမဟုတ်တော့ဘူးဟေ့…”

“မောင်ရင်တို့က ဘွားတို့ဆီကအကူအညီမလိုအပ်ဘူးဆိုတာ သေချာသလားကွဲ့”

ဘွားမယ်စိန်က ငစိုးနဲ့ဖိုးမောငျကျို မေးလိုက်သည်။
သူတို့က.ခေါင်းကိုပြိုင်တူညိတ်၍ ဖြေကြ၏။
သူတို့တွေရဲ့စိတ်ထဲ၌ ဘွားမယ်စိန်ကိုရွာရှိ
နတ်ကတော်ငသန်းလောက်တောင်
အကူအညီရလိမ့်မည်လို့မထင်ကြပေ။
ဘွားမယ်စိန်က သူတို့ရဲ့အတွေးများကိုသိသော်လည်း
စိတ်မဆိုးသည့်အပြင် ပြုံး၍သာကြည့်နေခဲ့၏။
ရှင်ညိုနဲ့မောင်တိုး၊မောင်အုန်းတို့ကသာ ဘွားမယ််စိန်
ဘာကြောင့်ပြုံးနေသလဲ စဥ်းစားရခက်နေခဲ့ကြသည်။

“ကောင်းပြီလေ…ဒါဆိုရင် မောင်ရင်တို့
ပြန်လို့ရပါပြီကွယ်…”

“အမေကြီး ဖြစ်ပါ့မလားဗျ…
ဒီကောင်တွေက ဘာမှသိတတ်ကြတာမဟုတ်ဘူးနော်”

“ဖြစ်ပါတယ်ကွယ်…ပြန်ခိုင်းလိုက်ပါ”

သူကြီးက သူတို့အစားစိုးရိမ်နေသော်လည်း ဘွားမယ်စိန်ကပြန်ခိုင်းလိုက်လေသည်။

“ဒါဆို ကျုပ်တို့ပြန်ပြီနော် သူကြီး…”

“အေး…အေးပါကွာ…ပြန်ကြ…ပြန်ကြ”

သူကြီးကလည်း မတားမြစ်တော့ဘဲ ထိုင်၍သာ
ကြည့်နေခဲ့သည်။ဖိုးမောင်တို့ ငသန်းတို့ကလည်း သူတို့ရဲ့ မိန်းမတွေကို ခေါ်ပြီး ပြန်သွားကြတော့၏။

“အမေကြီး…ဖြစ်ပါ့မလားဗျာ…
ဒီကောင်တွေက အသိနည်းကြတယ်…
နတ်ကတော်ပြောတာအဟုတ်မှတ်နေကြတာဗျ…”

“ကာယကံရှင်တွေက ဘွားတို့ကို လက်မခံနိုင်ဘူးလေ
မောင်ရင်ရဲ့…ဒါပေမယ့် သူတို့တွေကို မထိခိုက်အောင်တော့ ဘွားကြည့်ရှု့ပေးမှာပါကွယ်…
အခုတော့ သူတို့စိတ်တိုင်းကျ နေကြပါစေ…”

ဘွားမယ်စိန်စကားကို သူကြီးက ခေါင်းညိတ်လိုက်လေသည်။

“အမေကြီးတို့ ငါးခြောက်ဖုတ်ဆီဆိမ်လေး
စားကြပါဦး…ဟောဒါက ကျုပ်တို့ ခြံထွက် ငှက်ပျောသီးလေး…အတော်ကိုချိုလှတယ်ရှင်…”

သူကြီးကတော်က ဘွားမယ်စိန်အနီးထိုင်၍ ဧည့်ခံပေးသည်။

“မောင်ရင်တို့မှာ သားသမီးရယ်လို့ မရှိကြတာလားကွယ်…
အိမ်မှာလည်း လူငယ်ရယ်လို့ မတွေ့မိပါလား”

ဘွားမယ်စိန် စကားကြောင့် သူကြီးကတော်မျက်နှာမှာ
ညိုးငယ်သွားသည်။
သူကြီးကပဲ…

“သားသမီးရယ်လို့ မရှိတာမဟုတ်ရပါဘူးအမေကြီးရယ်…
ရှိပါတယ်…ကျုပ်တို့သား အောင်ကြီးက
တစ်ဖက်ရွာမှာနေတာပါ…သူ့မိန်းမနဲ့ပေါ့ဗျာ…”

“ဟုတ်တယ်ဗျ…အစ်ကိုကြီးတို့က ကျုပ်တူကို စိတ်ဆိုးနေကြတာ…သဘောမတူတဲ့မိန်းကလေးကို ယူလို့ပေါ့ဗျာ…
အခုတော့ လည်း ကျုပ်တူက လိမ်မာနေရှာပါပြီ”

ဦးအောင်ဝင်းက ဝင်ကာပြောတော့ သူကြီးက သက်ပြင်းချသည်။
သူကြီးကတော်ကတော့ စိတ်မကောင်းဖြစ်နေသည်ကို
ဖုံးဖိ၍ ပြုံးနေခဲ့၏။

“အေးကွယ်…ကြားရတာဖြင့် စိတ်မကောင်းပါဘူးကွယ်…
သားသမီးတွေဆိုတာ ဒီလိုပါပဲ…
မိဘရင်ကို စုံကန်ထွက်သွားတတ်ကြတာပဲ…
ဒါပေမယ့် သူတို့တွေ လိမ်လိမ်မာမာနဲ့ ဘဝကြီးကို
ဖြတ်သန်းနေကြပြန်ရင်လည်း မိဘတွေစိတ်အေးရတာပေါ့ကွယ်…ခွင့်လွှတ်ပေးသင့်တဲ့ကိစ္စဆိုရင်
ခွင့်လွှတ်ပေးလိုက်ပါလေ…အချိန်တွေကုန်ဆုံးတာကလည်းမြန်တယ်ကွဲ့…ဒီတော့ အချိန်တွေမကုန်ခင်
သားရယ် သမီးရယ်နဲ့ အေးအေးချမ်းချမ်း
ပျော်ပျော်ရွှင်ရွှင်နေကြပါကွယ်…”

“ဟုတ်ကဲ့ပါအမေကြီး…”

သူကြီးကတော်က ခေါင်းညိတ်ရှာသည်။

“ဒါနဲ့ လေးလေးအောင်ဝင်းကရော…
မိသားစုရှိလားဗျ…”

လို့မောင်တိုးက မေးလေတော့ လေးလေးအောင်ဝင်းက
ပြုံးရယ်လျက်…

“ငါက လူပျိုကြီးကွ”

ဟုပြောလေသည်။

“ဟာ…ဟုတ်လားဗျ…
လေးလေးက ကျုပ်တို့လောက်တောင်
အဖြစ်မရှိတာပဲဗျာ…”

“အေး…မင်းတို့ပြောလည်း ခံရမှာပဲဟေ့…
ငါက အစ်ကိုကြီးအိမ်မှာဝိုင်းကူလိုက်…
ဘုန်းကြီးကျောင်းကိုပြေးကူလိုက်နဲ့ အချိန်ကုန်နေတာကွ…
အဲ့သည်တော့ မိန်းမယူချိန်လည်းမရပါဘူးကွာ…”

“လေးလေးက ဘုရားဖြစ်မယ့် အုတ်နီခဲကြီးပဲဗျ…”

“အေးပေါ့ကွာ…လူပျိုကြီးဆိုမှတော့
အုတ်နီခဲကြီးပေါ့ကွ…ဟားး…ဟားး….ဟားး…ဟားး….”

“အုတ်နီခဲကြီးကို ခလုတ်လာတိုက်သူရှိရင်တော့
အခက်သားဗျ…”

“ဟေ့…ငါ့ဆိုဘယ်သူမှခလုတ်မတိုက်ရဲပါဘူးကွာ…
လူကလည်းရိုး…အ လွန်းလို့ မိန်းမတွေက အထင်မကြီးဘူးဟေ့”

“ဟာ…ရိုးဂုဏ်ဆိုတာ တော်တန်လူတွေမှာမရှိဘူးဗျ…
ရိုးအေးတယ်ဆိုတာ ဘယ်လောက်တောင်
ကောင်းသလဲဗျာ…”

“မင်းတို့ပြောတာနဲ့တင် ငါတော့ မိုးပေါ်ကို ရောက်တော့မှာပဲကွာ…ကဲ…လာ…လာ….ငါတူတို့ကို ရွာထဲအလည်ခေါ်သွားဦးမယ်”

ဦးအောင်ဝင်းက မောင်တိုးတို့ကို သဘောကျသွားသည်။ သဘောကျယုံတင်မက ကိုယ့်တူ၊ကိုယ့်သားလို
ခင်မင်သွားခဲ့၏။

“ဘွား…ကျုပ်တို့ရွာထဲ အလည်လိုက်သွားလို့ရမလား”

“ရပါတယ်ကွယ်…လိုက်သွား…လိုက်သွား…
ငါ့သမီးရှင်ညိုကတော့ ပျင်းနေတော့မှာပဲ”

“ရှင်ညိုက အေးမိ ရှိပါတယ်ဗျာ…
နော့ ရှင်ညို… “

“ဟုတ်တယ်အဘွား…ကျုပ်မပျင်းပါဘူး”

အေးမိဆိုသူက ရှင်ညိုနံဘေး၌ ထိုင်နေခဲ့သည်။
အေးမိက ရှင်ညိုအလှကိုကြည့်ပြီးအားကျနေပုံရ၏။
ရှင်ညိုအနားမှမခွာဘဲ ထိုင်နေခဲ့ရှာသည်။
ထိုင်နေဆို…သူကြီးဦးအောင်ချစ်က ရှင်ညိုမပျင်းစေရန်
အေးမိကို ခေါ်ထားခြင်းဖြစ်သည်။
အေးမိသည်က သူကြီးဦးအောင်ချစ်နဲ့ ဆွေမျိုးမကင်းလှသူဖြစ်ပြီး သူကြီးဦးအောင်ချစ်အား တုန်နေအောင်
ကြောက်ရသူလည်းဖြစ်ရှာသည်။
ခဏမျှကြာတော့ မောင်တိုးနဲ့မောင်အုန်းက ဦးအောင်ဝင်းနဲ့အတူ လိုက်သွားကြသည်။
ရှင်ညိုကလည်း ခြံထဲသို့ ဆင်းကာ ဟိုသည်ကြည့်၍
လမ်းလျှောက်နေလေတော့ အေးမိကလည်း နံဘေး၌
အတူတူပါလာခဲ့ပြန်သည်။

“မရှင်ညို…ပျင်းနေပြီလား”

“အင်း…နည်းနည်းပေါ့အေးမိရယ်…
ဒါနဲ့လေ အေးမိနဲ့ကျုပ်က အသက်မကွာလောက်ဘူးထင်တယ်…ကျုပ်ကို ရှင်ညို လို့ပဲခေါ်လို့ရပါတယ်”

“ဟုတ်ကဲ့ မရှင်ညို…အယ်…ရှင်ညို”

အေးမိက ရှင်ညိုရဲ့နာမည်ကိုခေါ်ရင်း ပြုံးလိုက်သည်။
ရှင်ညိုလို့ခေါ်ရတာကိုလည်း သဘောကျနေပုံရ၏။

“အေးမိ ကျုပ်ကို ဟောသည်ရွာရဲ့အကြောင်းကို
ပြောပြပါလား…”

“ရှင်ညို ပျင်းနေလို့ထင်တယ်…
ကျုပ်ပြောပြပါ့မယ်…
ဒီလိုတော့် ကျုပ်တို့ရွာက နဂိုက အိမ်ခြေအတော်နည်းတယ်လို့ပြောကြတယ်…တောင်ကိုအခြေပြုပြီး
သစ်ခုတ် ဝါးခုတ် အသက်မွေးသူတွေလောက်ပဲ
လာနေကြတာပေါ့…အဲ့သည်ကနေ တစတစ အိမ်ခြေတွေများလာပြီး ရွာဖြစ်လာတဲ့လေ…”

အေးမိ ပြောတဲ့အကြောင်းအရာက ရှင်ညိုအတွက်
သာမာန်ဖြစ်နေသည်။
ရှင်ညိုသိချင်နေတာရှိ၍ အေးမိကို မေးနေခဲ့ခြင်းဖြစ်သည်။

“အေးမိ…ရွာမှာလေ ထူးထူးခြားခြားကိစ္စတွေများ
ရှိခဲ့သေးလား”

“ဘယ်လိုမျိုးကိုမေးတာလဲရှင်ညို…
ထူးထူးခြားခြားဆိုတာကဘယ်လိုမျိုးလဲ”

“သြော်…အခုရွာမှာဗိုက်ကြီးသည်တွေ သေနေသလို
ပုံစံတူတဲ့ကိစ္စတွေများဖြစ်ခဲ့သေးလားလို့ပါအေးမိရယ်”

ရှင်ညိုအမေးကြောင့် အေးမိ မှာမျက်မှောင်ကြီးကို
ကျုံ့၍ စဥ်းစားနေရှာသည်။
အတော်လေးကြာတဲ့အထိ အေးမိနှုတ်ဆိတ်နေခဲသည်။
ရှင်ညိုကလည်း အလိုက်တသိပင် အေးမိကိုကြည့်နေခဲ့၏။

“ရှိတယ်…ရှိတယ်…ကျုပ်ကြားဖူးတာရှိတယ်ရှင်ညို”

ဟု…အေးမိက တစ်စုံတစ်ခုကို စဥ်းစားမိဟန်နဲ့
ဝမ်းသာအားရပြောလေသည်။

“ကျုပ်ကိုပြောပြလို့ရမလားအေးမိ…
ကျုပ်လည်းသိချင်လို့ပါ…”

“ရတာပေါ့…ကျုပ်အဘွားတို့အပျိုအရွယ်တုန်းက
ကိစ္စအေ့…တို့ရွာမှာဖြစ်သွားတာတဲ့လေ…
အဘွားပြောပြလို့ ကျုပ်လည်းကြားဖူးထားတာရှင်ညိုရဲ့…”

“ဟုတ်လား…ပြောပြစမ်းပါဦးအေးမိရယ်…”

“ဒီလိုတော့် ကျုပ်တို့ရွာမှာ မပန်းလှိုင်ဆိုတဲ့အမျိုးသမီးရှိသတဲ့…မပန်းလှိုင်က အပျိုဘဝတုန်းက အနေအထိုင်
ရိုးအေးပြီး စကားနည်းတဲ့သူလို့ပြောကြတယ်…
အဲ့သည် မပန်းလှိုင်က ယောက်ျားရတော့ ယောက်ျားက
တောတက် ထင်းခုတ်၊ဝါးခုတ်လုပ်တဲ့သူပေါ့…
ရှာသမျှငွေကအရက်ပဲထိုင်သောက်လာပြန်တော့
အရင်ကရိုးအေးလှတဲ့မပန်းလှိုင်က မိန်းမကြမ်းကြီးလို
ဖြစ်လာခဲ့တာပေါ့…နေ့ရှိသ၍ အရက်သောက်တဲ့ယောက်ျားကို ဆဲဆိုပြီး သူကိုယ်တိုင် ရွာထဲမှာ
အလုပ်ဟူသမျှ လုပ်ရတာတဲ့လေ…
ကျုပ်အဘွားတို့အိမ်မှာတောင် အဝတ်လာလျှော်ပေးရသတဲ့လေ…အဲ့သည်အချိန်တုန်းက မပန်းလှိုင်က
အရမ်းမဆိုးသေးဘူးတဲ့…မပန်းလှိုင်ရဲ့ဘဝအပြောင်းလဲ ကြီးပြောင်းလဲသွားတာကိုယ်ဝန်ရှိတဲ့အချိန်တဲ့…
မပန်းလှိုင်က ကိုယ်ဝန်ကြီးနဲ့တောင် ယောက်ျားကိုလုံးသတ်တာ…စိတ်ကြမ်း၊ကိုယ်ကြမ်းကြီးကိုဖြစ်လို့ပေါ့
ရှင်ညိုရယ်…ဆဲလိုက်တဲ့အဆဲဆိုတာ မိုးလင်းကနေ
မိုးချုပ်တဲ့အထိပဲတဲ့…ရွာကလူတွေကတော့ သူက
ကိုယ်ဝန်ကြီးနဲ့ဆိုတော့သည်းခံကြရှာတယ်…
ဒါပေမယ့် မပန်းလှိုင်ရဲ့စိတ်က သူ့ယောက်ျားအပေါ်တင်မကဘူး ရွာကလူတွေကိုပါ ဆဲဆိုတတ်လာတာ…
ကြာလာတော့သည်းမခံနိုင်သူတွေနဲ့
ရန်သတ်ကြတာပေါ့အေ…ကိုယ်ဝန်ကြီးနဲ့တောင်
ရန်ဖြစ်တယ်ဆိုတော့အတော်ဆိုးဆိုးပါရှင်ညိုရယ်…
လူကြီးတွေကတော့ပြောကြတယ်တဲ့လေ
မပန်းလှိုင်အဲ့သည်လောက် စိတ်ကြမ်းကိုယ်ကြမ်းဖြစ်နေတာ သူ့ဗိုက်ထဲက ကလေးက ယောက်ျားလေးပဲ
ဖြစ်လိမ့်မယ်တဲ့…”

အေးမိက မောသွားဟန်ဖြင့် စကားရပ်သွားသည်။
ရှင်ညိုကအေးမိဆက်ပြောလာမည့်အချိန်ကို
စောင့်နေခဲ့၏။
အေးမိကလည်းရှင်ညိုကိုအကဲခတ်သည်။
သူပြောတာကိုစိတ်ဝင်စားရဲ့လားလို့အကဲခတ်ပုံရ၏။
ရှင်ညို ကစိတ်ဝင်စားတာကိုသိလေတော့မှ
ကျေနပ်ပြုံးလေးဖြင့် စကားကိုဆက်ပြောတော့လေသည်။

“အဲ့သည်လိုနဲ့ မပန်းလှိုင် ကိုယ်ဝန်က အတော်ရင့်လာခဲ့တယ်…မပန်းလှိုင်ကိုယ်ဝန်အရင့်အမာကြီးရှိတဲ့အချိန်မှာပဲ
သူ့ယောက်ျားက တောထဲမှာသစ်ပင်ပိပြီး ဆုံးရှာသတဲ့လေ…မိုးရောလေရောကျနေချိန်ဆိုတော့ ရွာကလူတွေလည်း တောထဲကို မလိုက်ရဲကြဘူး…
မပန်းလှိုင်က တစ်ယောက်ထဲ တောထဲဝင်သတဲ့လေ…
ရွာကလူတွေကလည်း တားရှာပါတယ်…
မပန်းလှိုင်က လက်မခံဘဲ အော်ဟစ်ဆဲဆိုပြီး
တောထဲကိုဝင်သွားတယ်တဲ့…
ရွာကလူတွေကိုလည်း မလိုက်ရကောင်းလား…
မကူညီရကောင်းလားဆိုပြီး ဒေါသတကြီးဆဲဆိုသွားတာပေါ့အေ…အဲ့သည်လိုနဲ့ မိုးလင်းတော့မှ ရွာကလူတွေလည်း
တောတက်ကြတာပေါ့…တောထဲလည်းရောက်ရော
မပန်းလှိုင်က မြေပေါ်မှောက်ယက်ကြီးဖြစ်ပြီး
ဆုံးနေတာကိုအားလုံးကတွေ့ခဲ့ကြတာတဲ့…
မပန်းလှိုင်အတွက်စိတ်မကောင်းဖြစ်ကြရတာပေါ့ရှင်ညိုရယ်…အဲ့တာနဲ့မပန်းလှိုင်အလောင်းကို ဆွဲမကြတော့
ဗိုက်ကို ဝါးချွန်ကြီးက ထိုးစိုက်နေတာတဲ့အေ့…
မိုးထဲလေထဲသွားရင်း ဝါးချွန်စိုက်ပြီးဆုံးရှာတာလို့
အားလုံးကပြောကြတယ်တဲ့…မပန်းလှိုင်ရဲ့အလောင်းနဲ့
သူ့ယောက်ျားရဲ့အလောင်းကို တောထဲမှာပဲ
မြုပ်ခဲ့ရတာပေါ့…ရွာပြန်သယ်လို့မှမကောင်းတာအေ…
အဲ့သည်နောက်တော့ တို့ရွာကလူတွေက နေ့ခင်းဘက်ပဲ
တောတက်ထင်းခုတ်…ဝါးခုတ်လုပ်ကြတယ်…
ညဘက်ဆို တောထဲကို ယောင်လို့တောင်မသွားကြတော့ဘူးအေ့…ဘာလို့ဆို မပန်းလှိုင်က ညဘက်တောထဲအိပ်တဲ့သူတွေကို ခြောက်လန့်တတ်တယ်တဲ့လေ…
အဲ့သည်အချိန်ကနေအခုထိ ညဘက်တောထဲ
မအိပ်ကြတော့တာက အကျင့်ကိုဖြစ်နေပါပြီရှင်ညိုရယ်…”

“ဒါဆိုရင် မပန်းလှိုင်ကရော ခြောက်လန့်နေတုန်းပဲလား
အေးမိ…”

“အဲ့တာတော့ကျုပ်လည်းမသိဘူး…
တောထဲညမအိပ်ကြတော့ မပန်းလှိုင်လည်းမခြောက်လန့်တော့ဘူးလို့ ထင်တာပဲရှင်ညို…
မပန်းလှိုင်က ကျုပ်တို့ရွာကို စိတ်အနာကြီးနာသွားမှာတော့
သေချာတယ်…သူမသေခင်ကတောင် ဆဲဆို
ကျိန်းမောင်းသွားတာမဟုတ်လား”

အေးမိစကားကို ရှင်ညိုခေါင်းညိတ်လိုက်သည်။
ရှင်ညိုလည်းအေးမိတွေးသလို တွေးမိ၏။
မပန်းလှိုင်တစ်ယောက် ရွာသစ်ကြီးရွာရှိရွာသူ၊ရွာသားများအပေါ်၌ အမုန်းကြီးမုန်းနေမှာ မလွဲပေ။

“ရှင်ညို…အမေကြီးက ညည်းကိုခေါ်ခိုင်းလိုက်တယ်…”

“ဟုတ်ကဲ့…သူကြီးကတော်…ကျုပ်လိုက်ခဲ့ပါ့မယ်”

သူကြီးကတော်က ခြံထဲဆင်း၍ ရှင်ညိုကိုလာခေါ်သည်။
အေးမိကတော့ ခြံထဲ၌ ကျန်ရစ်ခဲ့သည်။

“အဘွား…ကျုပ်ကိုခေါ်တယ်ဆို”

ရှင်ညိုရောက်လာတော့ ဘွားမယ်စိန်တစ်ယောက်ထဲသာ
ထိုင်နေသည်ကိုတွေ့လိုက်၏။

“အေး…သမီးထိုင်ပါဦး…ညည်းကို
ဘွားပြောစရာရှိတယ်…”

“ဟုတ်ကဲ့အဘွား”

ရှင်ညိုနေရာ၌ဝင်ထိုင်လိုက်ပြီး ဘွားမယ်စိန်ပြောလာမည့်
စကားကိုနားထောင်နေခဲ့သည်။

“အစောလေးကလာသွားတဲ့ ဗိုက်ကြီးသည်နှစ်ယောက်ကိုစောင့်ရှောက်ဖို့အတွက် သမီးကို တာဝန်ပေးချင်တယ်အေ”

“ရှင်…ဘာလို့များလဲအဘွား”

“အန္တရာယ်ကမကြာခင်ရောက်လာတော့မယ်ဆိုတာ
ဘွားစိတ်ကသိနေတယ်သမီး…
ဒီတော့ ဒီဗိုက်ကြီးသည်တွေဘေးကင်းဖို့အတွက်
ဘွားတို့စီစဥ်ရမယ်လေ…”

“ဒါပေမယ့် သူတို့မှလက်မခံတာအဘွားရယ်”

ရှင်ညိုစကားကြောင့် ဘွားမယ်စိန်က ပြုံးလိုက်သည်။

“သမီးရယ်…လက်ခံတာလက်မခံတာကသူတို့အပိုင်း…
ဘွားတို့ဒီရွာကိုလိုက်လာတာဘာကြောင့်လဲသမီး…
ဘွားတို့လိုက်လာတာ.လူတွေကို ကယ်ဖို့မဟုတ်လား”

“ဒါပေမယ့်”

“ဘွားတို့ကိုသူတို့ဘက်လက်ခံသည်ဖြစ်စေ…လက်မခံသည်ဖြစ်စေ…ဘွားတို့ရဲ့တာဝန်ကသူတို့လေးတွေ
ဘေးရန်ကင်းဖို့ပဲသမီး…အဲ့တာကြောင့် ဘွားတာဝန်ပေးတာကို သမီးလက်ခံပေးပါ”

ရှင်ညိုမငြင်းဆန်နိုင်ဘဲ ခေါင်းညိတ်လိုက်တော့သည်။
ရှင်ညိုခေါင်းညိတ်လေတော့ဘွားမယ်စိန်က ပြုံးရှာသည်။

“အေးမိကိုခေါ်သွား…သူတို့တွေနေတဲ့အိမ်တွေကို
အရင်သွားကြည့်ထားသမီး…လိုအပ်ရင်ညည်း
အစ်ကိုများကိုပါ တာဝန်မျှပေးပေါ့အေ”

“ဟုတ်ကဲ့အဘွား…ဒါဆို ကျုပ်သွားလိုက်ဦးမယ်နော်…”

“အေး…အေး…သမီး…”

ဘွားမယ်စိန်အနားမှရှင်ညိုထ ထွက်လာခဲ့တော့သည်။
ခြံထဲရောက်တော့ အေးမိကိုတွေ့လိုက်၏။

“အေးမိ…ကျုပ်ကိုကူညီပါဦး”

“ကျုပ်ဘာကူညီရမလဲရှင်ညို…
ကျုပ်ကိုပြောလေ… “

အေးမိက တက်တက်ကြွကြွဖြင့် ရှင်ညိုကိုပြန်ကာမေးလေသည်။

“တခြားကိစ္စမဟုတ်ပါဘူး…
ကျုပ်ကို အစောကလာတွေ့တဲ့ဗိုက်ကြီးသည်တွေရဲ့
အိမ်ကို လိုက်ပြပေးပါလား”

“ဟင်…အဲ့တာပဲလားရှင်ညို…”

“ဟုတ်တယ်…လောလောဆယ်တော့အဲ့တာပဲအေးမိရဲ့”

“ရတာပေါ့…ကျုပ်လိုက်ပို့မယ်…အခုသွားမလားရှင်ညို”

“အင်း…အခုသွားကြတာပေါ့”

အေးမိက ရှင်ညိုလက်ကိုဆွဲ၍ သူကြီးတို့ခြံဝိုင်းထဲမှ
ထွက်လာခဲ့သည်။

“တွေ့လား…ဟိုကောင်မတွေတော့
ကျုပ်ကိုအားကျနေပြီတော့်…”

မလှမ်းမကမ်း၌ လှမ်းကြည့်နေတဲ့ရွာသူတွေကိုရှင်ညို
တစ်ချက်လှည့်ကြည့်မိသည်။
အေးမိပြောတာလည်းမှန်၏။
ရှင်ညိုကိုပြုံး၍ပြနေသောရွာသူများက ရှင်ညိုနဲ့
ရင်းနှီးချင်ပုံရလေသည်။
သူတို့ကို ရှင်ညိုဘက်မှ ပြုံး၍ပြလိုက်တော့
သူတို့ခမျာ သဘောကျသွားပုံရသည်။

“ကျုပ်တို့ရွာကဒီလိုပဲ…ဧည့်သည်အချောအလှလေးများလာရင် မိတ်ဆက်ချင်ကြတာ…
သူကြီးဖိတ်ထားတဲ့ဧည့်သည်ဆိုတာ
တော်တန်လူမဟုတ်မှန်းသိကြတယ်လေ…
အဲ့တာကြောင့် သူတို့တွေကျုပ်ကိုအားကျနေကြတာရှင်ညိုရဲ့”

အေးမိက သွားနေရင်းမှ ရှင်ညိုကိုလည်း ရှင်းပြနေခဲ့သည်။ခဏကြာတော့အေးမိရဲ့ခြေလှမ်းများရပ်သွားပြီး
ရှေ့ဆီကိုလက်ညိုးထိုး၍…

“ဟော…ဟိုအိမ်က ကိုဖိုးမောင်တို့အိမ်ပဲတော့်”

ဖိုးမောင်တို့အိမ်က ဝါးတဲအိမ်လေးဖြစ်သည်။

“ဒါဆိုရင် နောက်တစ်အိမ်ကရော… “

“ကိုငစိုးတို့အိမ်က ဟိုနားလေးမှာ…
လာ…လာ…ကျုပ်လိုက်ပြပါ့မယ်”

ငစိုးတို့အိမ်ဆီကို ဆက်၍ ထွက်လာခဲ့ကြသည်။

“ဟိုအိမ်ပဲတော့်…ငှက်ပျောပင်တွေ အများကြီးနဲ့အိမ်ပဲ
ရှင်ညို”

ခြံထဲ၌ကျန်အပင်များထက် ငှက်ပျောပင်များသာ
အများအပြားစိုက်ထားဟန်ရသည်။
ငှက်ပျောခိုင်များ…ငှက်ပျောဖူးများဖြင့် ပြည့်နှက်လို့သာ
နေခဲ့၏။အိမ်သည်က ခြေတန်ရှည်အိမ်ဖြစ်ပြီး
အိမ်အောက်ထပ်ကိုတော့ အကာအရံများကာရံထားခြင်းမရှိပေ။အကာအရံမရှိတဲ့အောက်ထပ်၌ သစ်သားခုံတန်းရှည်နဲ့စားပွဲများခင်း၍ထား၏။
ထိုခုံတန်း၌ လှဲအိပ်နေသော ဗိုက်ကြီးသည်အမျိုးသမီးကို
ရှင်ညိုလှမ်းကြည့်နေမိသည်။

“အဲ့တာက ကိုငစိုးရဲ့မိန်းမ မအိညိုလို့ခေါ်တယ်…
ကျုပ်တို့ထက်တော့အသက်ကြီးတယ်…”

အေးမိစကားကို ရှင်ညိုခေါင်းညိတ်လိုက်သည်။

“ကဲ…အိမ်တွေလည်းသိပြီဆိုတော့ ကျုပ်တို့ပြန်ကြတာပေါ့”

“ရွာထဲကိုရော မလည်ချင်ဘူးလားရှင်ညို…
ကျုပ်လိုက်ပို့ပေးမယ်လေ”

“တော်ပါပြီ အေးမိရယ်…
အိမ်ပဲ ပြန်ကြတာပေါ့”

“ဟုတ်ပါပြီတော်…ဒါဆိုရင်လည်း အိမ်ကိုပဲ
ပြန်ကြတာပေါ့”

ရှင်ညိုစကားကို အေးမိကအတွန့်တက်၍ မပြောရှာဘဲ
အိမ်ကိုသာပြန်လိုက်ပို့လေသည်။
ရှင်ညိုတို့ ပြန်ရောက်သည်အထိ မောင်တိုး၊မောင်အုန်းတို့
ပြန်ရောက်မလာကြသေးပေ။

အတော်လေးကြာမှ ဦးအောင်ဝင်းကို တွဲ၍
ပြန်ရောက်လာကြတာကြောင့် သူကြီးဦးအောင်ချစ်ပင်
မျက်လုံးပြူး၊မျက်စံပြူးဖြင့် ထွက်ကြည့်ရတော့သည်။

“ဟေ့…အောင်ဝင်း…ဘယ်လိုဖြစ်လာကြတာလဲကွ…”

“ဟိုလေ သူကြီး…လေးလေးအောင်ဝင်းကိုအပြစ်မတင်ပါနဲ့ဗျာ…ကျုပ်တို့ထန်းတောရောက်တော့…
ရွာသားတွေနဲ့ဆုံပြီး လေးလေးက မိတ်ဆက်ပေးမိတာပါ…
ရွာသားတွေကလည်းကျုပ်တို့ကို ထန်းရည်တွေတိုက်
ဧည့်ခံတော့ ကျုပ်တို့အစားလေးလေးကအားနာပြီး
သောက်ခဲ့လို့ အခုလိုဖြစ်ရတာပါ”

“ဟေ…ဖြစ်မှဖြစ်ရပါ့ကွာ…
အားနာလို့ သောက်ရတယ်လို့…
အခုကြည့်စမ်းပါဦး…အသိစိတ်ကိုမရှိတော့ဘူး…
ကလေးတွေကို ဒုက္ခပေးရတယ်လို့ကွာ…”

သူကြီးကညီဖြစ်သူကိုစိတ်ဆိုးနေသည်။
သူကြီးကတော်အနားရောက်လာပြီး…

“အစ်ကိုရယ်…အောင်ဝင်းကိုအမူးပြေမှကျုပ်ဆူလိုက်ပါ့မယ်…အခုဟာက ကလေးတွေလည်းကြားကနေအားနာနေရပါ့မယ်တော်…”

“အေးပါကွာ…ငါကသူတို့ကိုအားနာလို့ဟေ့…
ဘယ့်နဲ့ကွာ…ရွာထဲအလည်ခေါ်သွားတဲ့ကောင်က
မူးရူးပြီးပြန်လာရတယ်လို့ကွာ…”

“ကဲ…ကဲ…ငါ့တူတို့ အောင်ဝင်းကို သူ့အခန်းထဲသာ ချထားလိုက်ပါကွယ်…ငါ့တူတို့လည်းနားကြဦးနော်…”

“ဟုတ်ကဲ့ပါသူကြီးကတော်…”

ဦးအောင်ဝင်းကို သူ့အခန်းဆီသို့ တွဲကာပို့ပေးကြသည်။

“ဟူးးး…မောလိုက်တာကွာ…”

“ဟုတ်ပါ့ဗျာ…သောက်ထားတဲ့ထန်းရည်တောင်ဘယ်ချောင်ကိုကပ်သွားမှန်းမသိလိုက်ပါဘူး…ဟူး…”

မောင်တိုးတို့နှစ်ယောက် ခြံထဲ၌ထိုင်ကာ
အမောဖြေနေကြသည်။
သူတို့အနီးသို့ရှင်ညိုရောက်လာ၏။

“ကိုကြီးတိုးနဲ့ကိုကြီးအုန်း …”

“ဟေ…ဟေရှင်ညို…ငါတို့ကိုဘွားက
ခေါ်ခိုင်းလိုက်လို့လား…”

“ကျုပ်တို့တော့ အဆူခံရပြီထင်တယ်…”

မောင်တိုးနဲ့မောင်အုန်းရဲ့ ထိတ်ထိတ်ပြာပြာဖြစ်ဟန်ကို
ကြည့်ပြီးရှင်ညိုပြုံးလေသည်။

“ဘာလဲဟ…ဘာလို့ပြုံးနေတာလဲရှင်ညို…”

“အေးလေကွာ…အစ်ကိုတွေဆူခံရမှာကို
ဒင်းကအတော်ကိုပျော်နေပုံရတယ်ကွ…”

“ဆူခံရမယ်ဟုတ်လား…ဘယ်သူကဆူတာလဲ”

“ဘွားကဆူမှာလေ…ဘွားမဆူလို့ဘယ်သူကဆူမှာလဲ”

“ဟင်…အဘွားကဘာလို့ဆူရမှာလဲ…
ကိုကြီးတိုးတို့က ဆူစရာကိစ္စများလုပ်ထားကြလို့လား”

“ဟေ…ဒါဆို ဘွားကငါတို့ကိုဆူဖို့ နင့်ကို
ခေါ်ခိုင်းတာမဟုတ်ဘူးပေါ့”

“မဟုတ်တာ…ဘာလို့ဘွားကခေါ်ခိုင်းရမှာလဲ…
အခု ကျုပ်လာတာကပြောစရာရှိလို့…”

“ပြောစရာရှိလို့ ဟုတ်လား…ပြော…ပြော…
ဘာများပြောစရာရှိတာလဲဟ…”

မောင်တိုးနဲ့မောင်အုန်းရဲ့မျက်နှာက ရွှင်လန်းသွားသည်။
စောစောက အဆူခံထိတော့မည်ဆိုတဲ့ မျက်နှာများကပျောက်ချင်းမလှပျောက်ကွယ်သွားခဲ့၏။

“ဒီလိုတော့်…ဘွားက ကျုပ်ကို ကျန်တဲ့ဗိုက်ကြီးသည်
နှစ်ယောက်ကို စောင့်ရှောက်ဖို့တာဝန်ပေးထားတယ်…
အဲ့တာ ကိုကြီးအုန်းတို့ကိုလည်း ကျုပ်နဲ့အတူ
ကူညီပေးဖို့ ကျုပ်ကလာပြောတာ”

“ဒါများ ရှင်ညိုရယ်…
ငါတို့ကူညီမှာပေါ့ဟာ…”

“ဟုတ်ပြီတော်…ဒါဆိုရင် ညကျရင် ကျုပ်တို့တွေ
ကိုယ့်တာဝန်ကိုယ်ယူကြတာပေါ့”

“အေး…ဟုတ်ပြီရှင်ညို…”

ရှင်ညိုကပြောပြီ နေရာမှထွက်သွားတော့သည်။

ညနေရောက်တော့ သူကြီးတို့လင်မယားက
ထမင်းနဲ့ဟင်းများကို ဖွယ်ဖွယ်ရာရာ ပြင်ဆင်ကျွေးမွေးရှာသည်။

ညမိုးချုပ်လေတော့ မောင်တိုးနဲ့ရှင်ညိုက တတွဲ…
ဦးအောင်ဝင်းနဲ့မောင်အုန်းက တစ်တွဲဖြင့် လူချင်းခွဲ၍
ဖိုးမောင် နဲ့ငစိုးတို့အိမ်သို့ ထွက်လာခဲ့ကြသည်။
ရှင်ညိုနဲ့မောင်တိုးက ငစိုးတို့အိမ်အနီး၌
ပုန်းကွယ်နေကြပြီး ဦးအောင်ဝင်းနဲ့မောင်အုန်းသည်က
ဖိုးမောင်တို့အိမ်အနီးရှိ တမာပင်ပေါ်သို့တက်ကာ
နေရာယူထားကြ၏။
တမာပင်ပေါ်၌ထိုင်ကာ အခြေအနေကိုအကဲခတ်နေသော
ဦးအောင်ဝင်းရဲ့မျက်နှာသည် ညိုးငယ်၍နေ၏။

“လေးလေးအောင်ဝင်း…ဘာဖြစ်နေတာလဲဗျ…
ဘာလဲ ထန်းရည်မူးတာအရှိန်မသေသေးတာလား”

“အေး…ခေါင်းကိုက်တာက အဲ့သည်လောက်ခံရမခက်ပါဘူးကွာ…တစ်သက်နဲ့တစ်ကိုယ်မဆူဘူးတဲ့ ငါ့အစ်ကိုက
ဆူတာတော့ ခံရခက်လှတယ်ကွ”

“သူကြီးလည်းအပြစ်မမြင်ပါနဲ့လေးလေးရာ…
ကျုပ်တို့ကိုအားနာလို့ ဆူတာထင်ပါတယ်”

“အပြစ်မမြင်ပါဘူးကွာ…
ငါက အစ်ကိုကြီးဆီက အဆူခံရတာဒါပထမဆုံးပဲဆိုတော့
နေရခက်တာပါကွာ…”

“ဖြစ်တတ်ပါတယ်ဗျာ…
ကျုပ်နားလည်ပါတယ်လေးလေးရာ”

ဦးအောင်ဝင်းကို မောင်အုန်းက နှစ်သိမ့်ပေးရှာသည်။

“ဒါနဲ့…ငါတို့ဒီမှာကြာဦးမှာလား”

“ကြာတော့ကြာမှာဗျ…
အခြေအနေထူးမထူးစောင့်ကြည့်ရဦးမှာ…
မိုးလင်းချင်လည်းလင်းသွားနိုင်တယ်လေးလေးရဲ့”

“ဟေ…ဒါဆို အပေါ့အလေးသွားဖို့ကရော…”

“ဒါကတော့အောင့်ထားပေါ့လေးလေးရာ…”

“ဟာကွာ…ခက်တော့ခက်ကုန်ပြီဟေ့”

ဦးအောင်ဝင်းစကားကြောင့် မောင်အုန်းပြုံးလိုက်မိသည်။
ရှင်ညိုမှာထားတာကိုပြန်တွေးရင်း
တစ်ခုခုထူးခြားတာတွေ့သည်နှင့်ပြေး၍ပြောရ
ပေဦးမည်။

ရှင်ညိုနဲ့မောင်တိုးတို့ ခြံပြင်၌ ပေါက်ရောက်နေသော
ဆူးပုတ်ခြုံကြီး၏ဘေးတွင် ထိုင်နေကြသည်။
လူသွားလူလာနည်းနေသောရွာလမ်းလေး၌
ရှင်ညိုတို့ကို တော်တန်မည်သူမှသတိမထားနိုင်ပေ။
ဆူးပုတ်ပင်ကြီးကလည်း အုံခဲ၍နေလေသည်။

“ဝူးးးးအူးးးးးးးးးးးးးအူးးးးးးးးးးးး”

အချိန်ကတဖြေးဖြေးကုန်လွန်လာခဲ့သည်။
ခြင်များဝိုင်းအုံကာကိုက်ခဲနေခြင်းကိုပင်
ပြန်လည်မတုံ့ပြန်နိုင်ကြဘဲ ငြိမ်သက်စွာ ထိုင်နေကြရ၏။
မောင်တိုးစိတ်ထဲ၌တော့ ထိုခြင်များကို အငြိုးကြီး
ငြိုးထားလေသည်။
စိတ်အတွင်း၌ မိမိအသားများအားကိုက်ခဲနေသော
ခြင်အုပ်ကြီးအား မီးဖြင့် မြိုက်ချင်စိတ်များတဖွားဖွားဖြစ်ပေါ်လို့နေခဲ့သည်။

“ကိုကြီးတိုး…ဟိုမှာ ကလေးတစ်ယောက်”

ရှင်ညိုညွှန်ပြသည့်နေရာကို မောင်တိုးကြည့်လိုက်သည်။
ကလေးတစ်ယောက်က ငစိုးတို့အိမ်ရှေ့၌ ရောက်နေခဲ၏။
ထိုကလေးဘယ်ကနေဘယ်လိုရောက်နေသလဲလို့
မောင်တိုးတွေးလိုက်မိစဥ် ဖြတ်ခနဲပျောက်ကွယ်သွားတာကြောင့် အလန့်တကြားပင် ဖြစ်သွားခဲ့ရသည်။

“ဟော…ခြံထဲကိုရောက်သွားပြီ…”

ရှင်ညိုနဲ့မောင်တိုးတို့ကြည့်နေစဥ် ထိုကလေးသည်
ခြံထဲ၌ရောက်နေပြီဖြစ်၏။
ကလေးဟုဆိုရာ၌ အသက်ဆယ်နှစ်ကျော်အရွယ်
ကောင်လေးတစ်ဦးဖြစ်လေသည်။
ဖယောင်းတိုင်မီး မှိန်ပြပြလေးသာထွန်းထားသည့်
အိမ်အပေါ်ထပ်ကို မော့ကြည့်နေပြန်သည်။
ပြတင်းတံခါးများဖွင့်ထားသည်မို့ အိမ်အပေါ်ထပ်ရှိ
အလင်းရောင်ခပ်မှိန်မှိန်ရှိသည့် အခန်းအား သေချာမြင်နေရ၏။အခန်းထဲရှိကုတင်အထက်၌တော့ ငစိုးတို့လင်မယား
အိပ်မောကျနေခဲ့သည်။ငစိုးရဲ့ဟောက်သံများပင် တစ်ချက်တစ်ချက်လွှင့်ပျံလို့လာခဲ့၏။
ရှင်ညိုသတိထားကြည့်နေစဥ် ကောင်လေးကသူ့ရဲ့ပါးစပ်ကို ဟလိုက်၏။
ပါးစပ်ဟလိုက်ရာ ရှည်လျားသောလျှာကြီးသည်
တရွေ့ရွေ့ထွက်လာပြီး အပေါ်ထပ်ရှိအခန်းဆီကို
တန်းမတ်စွာသွားနေခဲ့၏။
မောင်တိုးပင်မျက်လုံးများကို ပွတ်သပ်၍
သေချာကြည့်မိ၏။
သူတို့မြင်ရသည့်မြင်ကွင်းမှာရှင်းလင်းလှသည်။
ကောင်လေးရဲ့ပါးစပ်မှထွက်လာသော လျှာကြီးသည်
တရွေ့ရွေ့ဖြင့် အိမ်အပေါ်ထက်ဆီသို့ သွားနေခဲ့သည်။
ရှင်ညိုက ဆက်၍မကြည့်တော့ဘဲ ချက်ချင်းပင်
သူမရဲ့လွယ်အိတ်အတွင်းဆီမှ အင်းချပ်တစ်ခုကို
ထုတ်၍ ကောင်လေးရဲ့လျှာဆီသို့ ပစ်ခွင်းလိုက်ရာ…
အင်းစက္ကူနဲ့ထိမှန်းသွားသောလျှာသည် မီးတန်းဖြင့် ပစ်ခံရသည့်အလား တွန့်လူးလို့သွား၏။
ကောင်လေးမှာ လျှာကိုနဂိုမူလအတိုင်းပြန်ထားပြီးနောက်
ရှင်ညိုကိုဒေါသတကြီးစိုက်ကြည့်သည်။

“မကောင်ဆိုးဝါးကောင်…
နင်အခုထွက်ခဲ့စမ်း”

ရှင်ညိုက ခြံအပြင်ဆီမှ အမိန့်ပေးသံနဲ့ခေါ်လေတော့
ကောင်လေးက ပြုံးလေသည်။
ရှင်ညိုကို ခနဲ့တဲ့အပြုံးဖြင့်ပြုံးကြည့်ရင်းဖျောက်ခနဲပျောက်သွားပြန်၏။

“ဟာ…ရှင်ညို…ဒီကောင်ဘယ်ရောက်သွားပြီလဲမသိဘူး”

“ဒီမကောင်းဆိုးဝါးကို ကျုပ်တို့ရှာမှဖြစ်မယ်ကိုကြီးတိုး…
ဟိုဘက် အိမ်ကိုများကူးသွားသလားမသိဘူး”

“အေး…ဒါဆိုငါတို့လိုက်ကြတာပေါ့”

ရှင်ညိုနဲ့မောင်တိုးလည်း ဖိုးမောင်တို့အိမ်ဘက်ကို
အပြေးထွက်လာကြသည်။
ဖိုးမောင်တိုးအိမ်ကိုရောက်တော့ အားလုံးက တိတ်ဆိတ်လျက်ရှိသည်။
တမာပင်ပေါ်ထိုင်နေတဲ့မောင်အုန်းနဲ့ဦးအောင်ဝင်းကလည်းအပင်ပေါ်မှဆင်းလာခဲ့၏။

“ရှင်ညို…အခြေအနေထူးခြားပြီလား”

“ကျုပ်တို့မကောင်းဆိုးဝါးကိုတွေ့လိုက်တယ်ကိုကြီးအုန်း…
ကျုပ်တို့အရှေ့ကနေပျောက်သွားလို့ ဒီကိုရောက်လာတယ်ထင်ပြီး ပြေးလာကြတာ”

“ငါတို့ဘက်တော့ ဘာမှမထူးဘူးရှင်ညို…
ဘယ်သူမှလည်းရောက်မလာဘူး…”

မောင်အုန်းစကားကြောင့် ရှင်ညို မျက်မှောင်ကျုံ့၍
စဥ်းစားသွားသည်။

“ရွာထဲမှာ ဗိုက်ကြီးသည်က ဒီနှစ်ယောက်ပဲရှိတာ…
သူတို့တွေဆီကိုမှမလာရင်ဒီအကောင်ဘယ်ကို
ထွက်သွားတာလဲ”

ဟု…ပြောနေစဥ်မှာ အေးမိအပြေးရောက်လာသည်။

“ရှင်ညို…သူကြီး…သူကြီးအိမ်မှာ……”

အပြေးလာရ၍ အေးမိမောဟိုက်နေသည်။
အေးမိစကားကိုဆုံးအောင်နားမထောင်တော့ဘဲ
ရှင်ညိုတို့လည်း သူကြီးအိမ်ဆီကိုအပြေးထွက်လာကြတော့သည်။သူကြီးအိမ်ဆီကိုရောက်တော့ ခြံဝိုင်းထဲ၌
သူကြီးဦးအောင်ချစ်တို့လင်မယားနဲ့ ဘွားမယ်စိန်တို့ရှိနေခဲ့သည်။ဘွားမယ်စိန်နဲ့မျက်နှာချင်းဆိုင်နေရာ၌တော့
ကောင်လေးတစ်ယောက်ရှိနေခဲ့၏။

“ဟော…အောင်မဲပါလား…ဒီကောင်ဒီအချိန်ကြီး
ဘာလာလုပ်နေတာလဲ”

ဦးအောင်ဝင်းနှုတ်မှထွက်လာသောစကားကြောင့်
ရှင်ညိုထိုကောင်လေးကိုသေချာကြည့်လိုက်သည်။
ဟုတ်သည်…အစောက တွေ့လိုက်တဲ့ ကောင်လေးဖြစ်နေသည်ကို တွေ့လိုက်ရ၏။

“ဟာ…အဲ့တာအစောကကောင်လေးပဲရှင်ညို”

မောင်တိုးနှုတ်မှထွက်လာတဲ့စကားကြောင့်
မောင်အုန်းတင်မက ဦးအောင်ဝင်းပါ အံ့သြသွားခဲ့သည်။
ခြံထဲ၌တော့ဘွားမယ်စိန်နဲ့အောင်မဲတို့က
မျက်လုံးအကြည့်ချင်းဖြင့် စစ်ခင်းနေခဲ့ကြသည်။

“ဒီရွာကိုဘာကြောင့် ဒုက္ခပေးနေတာလဲ”

အောင်မဲကဘွားမယ်စိန်ရဲ့အမေးကိုမဖြေဘဲ
ရယ်မောနေသည်။
ရှင်ညိုတို့လည်း ခြံထဲဝင်လာခဲ့ကြ၏။
ရှင်ညိုကိုမြင်တော့ အောင်မဲက မကျေနပ်ဟန်ဖြင့်
ကြည့်လေသည်။

“အစောက ကိုငစိုးတို့ခြံထဲမှာ ဒီမကောင်းဆိုးဝါးကို
တွေ့ခဲ့တယ်အဘွား”

“ငါကမကောင်းဆိုးဝါးမဟုတ်ဘူး…”

အောင်မဲက ငယ်သံပါအောင်အော်ဟစ်၍ပြောသည်။
အောင်မဲအသံက ထူးခြားနေ၏။
ကလေးအသံမဟုတ်ဘဲ မိန်းမကြီးတစ်ယောက်ရဲ့အသံဖြစ်နေခဲ့သည်။

“အောင်မဲ…ကောင်လေး…မင်းဘာဖြစ်နေတာလဲ”

သူကြီးကအောင်မဲကိုလှမ်းငေါက်သည်။

“ငါအောင်မဲမဟုတ်ဘူး…ငါ့နာမည် ပန်းလှိုင်”

“ပန်းလှိုင်…ပန်းလှိုင်ကဘယ်သူလဲ”

သူကြီးဦးအောင်ချစ်ကမေးလေသည်။
နောက်ဆုံးမှရောက်လာတဲ့ အေးမိကတော့
တစ်စုံတစ်ယောက်ကို သတိရသွားဟန်ဖြင့် မျက်လုံးအပြူးသားကြည့်နေခဲ့သည်။

“ပန်းလှိုင်ဆိုတာ တောထဲမှာသေသွားတဲ့
ဗိုက်ကြီးသည်မ မဟုတ်လား”

ရှင်ညို ကပြတ်ပြတ်သားသားဝင်ကာမေးလိုက်သည်။
အောင်မဲရဲ့အကြည့်များက ရှင်ညိုထံ၌သာ
ကျရောက်လာခဲ့၏။
သူကြီးဦးအောင်ချစ်တို့မှာအံ့သြလွန်းနေပြီး
ဘွားမယ်စိန်ကတော့ နှုတ်ဆိတ်၍ ကြည့်နေခဲ့သည်။

“ဟုတ်တယ်…ငါပဲ…”

“ဘာကိစ္စနဲ့ရွာက ဗိုက်ကြီးသည်တွေကို အငြိုးထားနေရတာလဲ…နင်နဲ့သူတို့ကဘာရန်ငြိုးများရှိနေကြလို့လဲ”

“ရှိတယ်…ဟောသည်တစ်ရွာလုံးက လူတွေကို
ငါမကျေနပ်ဘူး…ဒင်းတို့ကြောင့်ငါသေရတာ…
ဒါကြောင့် ငါ့လိုသေကြအောင် ဗိုက်ကြီးသည်တွေကို
ရွေးပြီးစားနေတာဟဲ့…နောက်ထပ်ဗိုက်ကြီးသည်တွေကိုလည်းငါစားဦးမှာ…ငါက စားဦးမှာဟဲ့”

“နောက်ကျသွားပြီ…ငါတို့မရောက်ခင်က
နင်ဘာပဲလုပ်လုပ်…အခုငါတို့ရောက်လာပြီ…
နင်ဘာမှလုပ်လို့မရဘူး…နင်ဘယ်သူ့ကိုမှ
ဒုက္ခပေးလို့မရဘူး”

“ဟား…ဟားး…ဟားး..
ဟား…ဟား…ငါဒီကိုလာတာနင်တို့ကိုကြောက်လို့လို့မထင်နဲ့…အဘွားကြီးကိုယ့်လူတွေကို ကိုယ်ထိန်းထား…
ကျုပ်အဆိုးမဆိုနဲ့ ဒါငါ့ရဲ့သတိပေးစကားပဲ”

အောင်မဲက ဘွားမယ်စိန်ကို လက်ညိုးထိုး၍
ပြောလေသည်။
ရှင်ညိုက တောက်တစ်ချက်ခေါက်၍ ရှေ့ကိုထွက်လာသည်။

“နင်က တော်တော်မာန်တက်နေတဲ့ကောင်မပဲ…
ငါ့ကိုပြောရင်ငါသည်းခံနိုင်တယ်…
ငါ့အဘွားကို မထိလေးစားပြောရင်တော့
ငါ့အကြောင်းကိုနင်သိစေရမယ်…”

ရှင်ညိုက အောင်မဲကိုလက်ညိုးငေါက်ငေါက်ထိုး၍
ပြောလေသည်။
အောင်မဲက မျက်မှောင်ကြီးကျုံ့၍ရှင်ညိုကိုကြည့်သည်။
ရှင်ညိုက အင်းစက္ကူတို့ကိုထုတ်၍
အောင်မဲရဲ့ဘေးပတ်ပတ်လည်ကို ပစ်သွင်းလိုက်သည်။
အင်းစက္ကူတို့က အောင်မဲကို ထွက်ပြေးလို့မရအောင်
စီရင်လိုက်ခြင်းဖြစ်၏။
ထိုအချိန်အောင်မဲရဲ့လက်တစ်ဖက်ဝှေ့ရမ်းလိုက်ရာ
လေများကတဝေါဝေါထတိုက်လာသည်။
ရှင်ညိုရဲ့အင်းစက္ကူတို့မှာလည်း ထိုလေတို့နဲ့အတူ
လွှင့်ပါသွားခဲ့၏။
အောင်မဲကရှင်ညိုကိုလှောင်ပြောင်သော
အပြုံးဖြင့် ပြုံး၍ကြည့်ကာ နေရာမှလစ်ခနဲထွက်ဖို့အပြင်
ရှင်ညိုလွယ်အိတ်အတွင်းမှကြိုးတစ်ချောင်းသည်
အောင်မဲရဲ့ခြေထောက်အားရစ်ပတ်လို့ထားလိုက်တော့သည်။

“မကောင်းဆိုးဝါးဖမ်းတဲ့ကြိုးကို ဒီအချိန်မှထုတ်သုံးရတော့တာပဲ…ပြေးစမ်း…ဒီကြိုးကို နင်ဘယ်လိုမှ
ဖျက်ဆီးလို့မရနိုင်ဘူး”

“တောက်….”

အောင်မဲက မျက်တောင့်အနီကြီးဖြင့် ရှင်ညိုကိုကြည့်၍
ကြိုးမှလွတ်အောင်ရုန်းကန်လေသည်။
သို့သော် ကြိုးက ရုန်းလေပို၍တင်းကြပ်လာလေ
ဖြစ်လာခဲ့၏။

“လွှတ်…ငါ့ကိုလွှတ်စမ်း…
ငါ့ကိုလွှတ်ပေးစမ်းကောင်မ…
ဟဲ့ကောင်မ… ငါ့ကိုအခုလွှတ်ပေးစမ်း”

အောင်မဲရဲ့နှုတ်မှ နားမခံဝံ့တဲ့ဆဲဆိုသံများထွက်လာခဲ့သည်။
အော်ဟစ်ဆဲသံတို့ကြောင့် ရွာသူ၊ရွာသားတို့ပင်
ရောက်လာခဲ့ကြသည်။

“သား….အောင်မဲ…အမယ်လေး…ဘယ်လိုဖြစ်ရတာလဲ…
သူကြီး…ကျုပ်သားလေးကိုဘာလုပ်နေကြတာလဲ”

“ဟဲ့…မိချို…နင့်သားကိုယ်ထဲမှာမကောင်းဆိုးဝါးပူးနေတာ…အသာကြည့်နေစမ်း…ဒီကအမေကြီးတို့က
ငါတို့ကိုကူညီပေးနေတာ”

သူကြီးစကားကြောင့် မချိုလည်းမျက်ရည်စက်လက်နဲ့
ကြည့်နေခဲ့ရှာသည်။

“ငါ့ကိုမလွှတ်ရင် ဒီကောင်လေးအသေပဲနော်…
ဟဲ့…ငါပြောတာကြားလား…
ငါ့ကိုလွှတ်စမ်း”

“ကျုပ်သားလေးကိုကယ်ပေးပါတော်…
ကျုပ်သားလေးကို သတ်တော့မှာတဲ့”

အောင်မဲအမေက အရူးမီးဝိုင်းဖြစ်လို့နေရှာသည်။
ရှင်ညိုက သက်ပြင်းချ၍ မချိုကိုကြည့်သည်။
ပြီးနောက်စိတ်မကောင်းဟန်ဖြင့်…

“ဒီကောင်လေးက အသက်မရှိတော့ဘူး…
အဲ့တာကြောင့် ဒီမကောင်းဆိုးဝါးက
သူ့နေရာမှဝင်ပြီးပူးကပ်နေတာကြီးတော်ရဲ့”

“မဖြစ်နိုင်ဘူး…ကျုပ်သားမသေဘူး…
ကျုပ်သားလေးကိုကယ်ပေးပါ…
ကျုပ်သားလေးကိုကယ်ပေးပါအမေကြီးရယ်…”

မချိုစကားကြောင့် အောင်မဲကပြုံးသည်။
မချိုက ဘွားမယ်စိန်ကို အကူအညီတောင်းနေခဲ့၏။

“ဘွားတို့တွေသိတယ်သမီး…
ညည်းရဲ့သားခန္ဓာကိုယ်ထဲမှာသူ့ရဲ့လိပ်ပြာမရှိတော့ဘူး…
ကောင်လေးကအသက်မရှိတော့တာကြာပြီအေ့”

ဘွားမယ်စိန်စကားကို မချိုက လက်မခံနိုင်ပေ။

“မဖြစ်နိုင်ဘူး…ကျုပ်သားမသေသေးဘူး…
ကျုပ်သားအသက်ရှိသေးတယ်…
ကျုပ်သားကို…ကျုပ်သားကို ကျုပ်ကယ်မယ်…”

မချိုက အားလုံးထင်မထားတာကိုလုပ်ဖို့ပြင်ဆင်သည်။
အောင်မဲခြေထောက်ကိုချည်ထားသောကြိုးကို
ဖယ်ရှားဖို့လုပ်၏။
ထိုအခါ ရှင်ညိုက အောင်မဲထံသို့ အင်းစက္ကူဖြင့်
ပစ်ခွင်းလိုက်ရာ အောင်မဲရဲ့ခန္ဓာကိုယ်သည်
ဝုန်းခနဲအနောက်သို့လဲကျသွားခဲ့တော့သည်။
ကြိုးကိုဖြည်ပေးဖို့ ကြိုးစားနေသော မချိုပင်
အထိတ်တလန့်ဖြစ်လို့သွားခဲ့၏။

အောင်မဲရဲ့ခန္ဓာကိုယ်သည် လဲကျရာမှပြန်ထမလာတော့ပေ။

“သား…အောင်မဲ…သား….
အမယ်လေး…သား”

အောင်မဲရဲ့ကိုယ်မှထွက်လာသော အော်ကလီဆန်ဖွယ်အနံ့ဆိုးများကြောင့် ရွာသူ၊ရွာသားတို့ နှာခေါင်းကိုလက်ဖြင့်
အသည်းအသန်ပိတ်ကြရသည်။
အောင်မဲရဲ့ရုပ်သွင်မှာလည်းပြောင်းလဲသွားပြီး
အကျိအချွဲများဖြင့် အပုပ်ရည်များပင်ကျနေခဲ့သည်။

“မကောင်းဆိုးဝါးဘယ်ရောက်သွားပြီလဲရှင်ညို”

“မကောင်းဆိုဝါးကို အမြစ်ဖြတ်လိုက်ပြီ…
ဒင်းတော့အခုဆို ငရဲကိုရောက်နေလောက်ပြီ”

ရှင်ညို အင်းဖြင့် ပစ်လိုက်ရာမကောင်းဆိုးဝါးမှာ
အဆုံးသတ်သွားခဲ့တော့သည်။
မကောင်းဆိုးဝါးထွက်သွားသည်နှင့် အောင်မဲရဲ့
ခန္ဓာကိုယ် ကြီးက ပျက်ဆီးနေခဲ့ပြီဖြစ်သည်။

“အောင်မဲကြည့်ရတာနွားပျောက်သွားရှာကတည်းက
သေနေပုံရတယ်ဗျ…
အဲ့သည်ဗိုက်ကြီးသည် သရဲမကအတော်ကိုအငြိုးကြီးတာပါလားဗျာ…”

ဦးအောင်ဝင်းစကားကို သူကြီးကထောက်ခံသည့်သဘောဖြင့် ခေါင်းညိတ်လိုက်သည်။

“ကဲ…မိချို…ငိုနေယုံနဲ့မပြီးဘူး…
နင့်သားအလောင်းကိုဒီအတိုင်းထားလို့မရဘူးဟ…
မြန်မြန်မြုပ်ပစ်မှဖြစ်မယ်…”

သူကြီးအိမ်ဝိုင်းထဲ၌အလောင်းကရှိနေသည်မို့
သူကြီးကအမြန်ရှင်းလင်းချင်ပုံရသည်။
အောင်မဲအမေမချိုကိုဘေးကိုဖယ်စေပြီး
ရွာသားများအား အလောင်းကိုစောင်ဖြင့်ပတ်၍
သင်္ချိုင်းသို့ ယူသွားစေတော့သည်။

“လက်စသတ်တော့ ကျုပ်တို့ရွာက ဗိုက်ကြီးသည်တွေကို
ဒုက္ခပေးနေတာ ပန်းလှိုင်ကိုးဗျ…
ဒီမိန်းမအတော်အငြိုးကြီးတာပဲဗျာ…”

“အေးပါဆိုကွာ…ငါဖြင့်သူရှိခဲ့တာကိုပုံပြင်လို့ကိုထင်နေတာ အငြိုးတွေများကြောက်စရာပါကွာ…”

“ကျုပ်တော့ မချိုကိုပဲသနားတယ်ဗျ…
သားကိုဆုံးရှုံးခဲ့ရတာမဟုတ်လား”

“ဆုံးရှုံးဆို ဒီကောင်လေးအောင်မဲက
သူလုပ်ချင်ရာသူလုပ်တာကွ…
ကြည့်ရတာနွားပျောက်ရှာရင်း ပန်းလှိုင်က
ခြောက်လိုက််လို့ လိပ်ပြာလွှင့်သေသလားမသိဘူး…
သူလည်းသေရောပန်းလှိုင်က သူ့ကိုယ်ထဲအသင့်ဝင်နေတော့တာထင်တယ်”

“ဖြစ်နိုင်တယ်ကွ…”

အားလုံးက အောင်မဲအတွက်စိတ်မကောင်းဖြစ်နေကြသည်။
ရွာ၌ဖြစ်နေတဲ့ကိစ္စများရဲ့တရားခံကိုရှင်းလင်းပြီး
နောက်တစ်ရက်၌ ငစိုးနဲ့ဖိုးမောင်တို့တွေသူကြီးအိမ်သို့
ရောက်လာခဲ့ကြသည်။

“အမေကြီး ကျုပ်တို့တွေပြောမှားဆိုမှားရှိခဲ့တာတွေကို
ခွင့်လွှတ်ပေးပါဗျာ…”

ဟု..တောင်းပန်ကြလေတော့ ဘွားမယ်စိန်က
ခွင့်လွှတ်ကြောင်းပြောလေသည်။
ဒါတင်မက…သူတို့ကိုကယ်တင်ပေးတဲ့အတွက်ကျေးဇူးတင်စကားများလည်းပြောကြရှာ၏။
ရွာသစ်ကြီးရွာထဲ၌တော့ ဘွားမယ်စိန်တို့ရဲ့
သတင်းများက ပျံ့လွှင်လို့နေခဲ့သည်။
ချီးကျုးစကားများနဲ့မေတ္တာပို့သံများက လူတိုင်းရဲ့ပါးစပ်ဖျားမှ ထွက်ပေါ်လို့နေခဲ့တော့သည်။

ထိုသို့ဖြင့် ဗိုက်ကြီးသည်အလောင်းမှ
စတင်ခဲ့သောဇာတ်လမ်းလေးသည်ပြီးဆုံးသွားခဲ့ပါတယ်။

ယဥ်မင်း(ကန့်ဘလူ) 

Leave a Reply

Your email address will not be published. Required fields are marked *