သန်းခေါင်ယံဆိုက်ကား

သန်းခေါင်ယံဆိုက်ကား


(ဤဇာတ်လမ်းသည် ဖြစ်ရပ်မှန်တစ်ခုအပေါ်အခြေခံ၍ ရေးသားတင်ဆက်ထားခြင်းဖြစ်ပါသည်)

(၁)

၂၀၀၀ ပြည့်လွန်နှစ်များခန့်ဖြစ်သည်။

ညကောင်းကင်ထက်မှာ လခြမ်းကွေးကွေးကလေးက ကြယ်တွေမစုံမလင်နှင့်တောက်ပနေသည်။ မြစ်ပြင်ကျယ်ကြီးကလဲ လရောင်နှင့် တဖြပ်ဖြပ်လက်နေကြသည်။ ကိုဆောင်းကတော့ ထိုမြစ်ပြင်ကြီးကိုကြည့်ရင်း စိတ်ကူးထဲအတွေးပေါင်းစုံ တွေးနေမိသည်။

“ဘူ၊ ဘော်”

တွေးနေရင်း သင်္ဘောဥဩသံကြီးကို ကြားလိုက်ရတော့မှ ကိုဆောင်းလဲအသိပြန်ဝင်လာသည်။ ထို့နောက် ဆိုက်ကားကိုတွန်းရင်း ဆိပ်ကမ်းဘက်သို့ထွက်လာခဲ့သည်။ သူတို့ဆိုက်ကားဂိတ်ကလေးမှ ဆိုက်ကားများကလဲ အားလုံးဆိပ်ကမ်းဆီသို့လာခဲ့ကြသည်။ ဧရာဝတီမြစ်အတိုင်းစုန်ဆင်းလာသည့် သင်္ဘောကြီးသည် သူတို့ဆိပ်ကမ်းကို ညသန်းခေါင်တွင် ဆိုက်ကပ်ပြီဖြစ်သည်။ သင်္ဘောကြီးပေါ်မှ ကုန်စည်များ၊ ခရီးသည်များက ဆင်းလာကြသည့်အခါ သူတို့ဆိုက်ကားသမားတွေ အလုပ်ဖြစ်တော့သည်။
ကိုဆောင်းလဲ ဆိုက်ကားကိုရပ်ပြီး ခရီးသည်ကိုခေါ်နေသည်။ ထိုစဉ် ကောင်မလေးတစ်ဦးက သူ့ဆိုက်ကားဆီသို့လာခဲ့သည်။ အဖော်မပါ တစ်ယောက်တည်းဖြစ်သည်။

“အေးရိပ်သာလမ်းကို သွားချင်လို့”

“ရပါတယ်ညီမ၊ နှစ်ရာပဲပေးပါ”

“များလိုက်တာရှင်၊ ပုံမှန်သွားနေကျ တစ်ရာပါ”

“ဟုတ်တယ်ညီမရေ၊ အခုက ညပိုင်းဆိုတော့ ကိုယ့်လုံခြုံရေးက ရှိသေးတယ်မဟုတ်လား၊ ဒီတော့ ညီမ မစီးချင်ရင် တခြားဆိုက်ကားငှားသွားလိုက်ပါ”

ကိုဆောင်းကဈေးကိုင်လိုက်သည့်အခါ ထိုမိန်းကလေးက ခေါင်းကုတ်နေတော့သည်။

“အင်းပါ၊ ဒါဆိုလဲ သွားကြတာပေါ့ရှင်”

ထိုမိန်းကလေးကိုဆိုက်ကားပေါ်တွင်ရင်း နင်းခဲ့သည်။ အေးရိပ်ငြိမ်လမ်းက သူတို့မြို့၏ အစွန်ဘက်ကျသည်။ မနက်ခင်းပိုင်းဆို ငါးဆယ်၊ တစ်ရာလောက်သာ ပေးရမည်ဖြစ်သော်လည်း၊ အခုက ညနက်ကြီးမို့ ကိုဆောင်းတို့က သုံးဆလောက်တင်ပြီးတောင်းမှ တွက်ခြေကိုက်သည်။ ထိုမိန်းကလေးကို တင်နင်းလာရင်း နှာခေါင်းထဲ ငါးစိမ်းနံ့လိုလို၊ ငါးပုပ်နံ့လိုလို ညှီစို့စို့အနံ့ကြီးကိုရသည်။

“နံလိုက်တာ ဘာတွေသယ်လာတာလဲညီမ”

ထိုကောင်မလေးက အထုပ်အပိုးတွေလဲမပါ၊ ဒီတိုင်းလူချည်းဖြစ်သော်လည်း ကိုဆောင်းက မေးမိလိုက်ခြင်းဖြစ်သည်။ ထိုမိန်းကလေးက ဘာမှမပြော။ ကိုဆောင်းပြောသည်ကိုပင် မကြားချင်ဟန်ဆောင်နေသည်။

ဆိုက်ကားကိုနင်းလာရင်း ဖြတ်လမ်းတစ်ခုမှ ဖြတ်သွားရန်ဆုံးဖြတ်လိုက်သည်။ လမ်းမကြီးအတိုင်းနင်းလျှင် အေးရိပ်ငြိမ်လမ်းကို တစ်ကွေ့တစ်ပတ်ကြီးနင်းသွားရမည်ဖြစ်သော်လည်း ဖြတ်လမ်းမှလိုက်သွားလျှင်တော့ ခရီးတစ်ဝက်လောက် သက်သာသွားနိုင်သည်။ ထိုဖြတ်လမ်းကတော့ ဈေးလမ်းအတွင်းမှ ဖြတ်သွားရခြင်းဖြစ်သည်။ ထိုလမ်းနံဘေးတွင် ဈေးကလေးရှိသည်။ မနက်ပိုင်းတွင် လူတွေစည်ကားနေတတ်သော်လည်း ညပိုင်းတွင်တော့ လူသူတစ်ယောက်မှမရှိဘဲ တိတ်ဆိတ်ကာ မှောင်မဲနေတော့သည်။ လမ်းမီးလဲ ရှိပုံမရပေ။ လမ်းပေါ်တွင် အိပ်နေသည့် ဈေးခွေးတွေသာရှိသည်။

ကိုဆောင်းဆိုက်ကားကို ထိုလမ်းမှနင်းလာတော့ ခွေးတွေက သူ့ဆိုက်ကားကို ဝိုင်းပြီးတော့ ဟောင်ကြသည်။ သူ့ကိုကြည့်ပြီး ထိုးဟောင်ကြသဖြင့် ကိုဆောင်းလဲ ခွေးများကို မာန်မဲလိုက်ရသည်။ ခွေးများက ဟောင်ရုံမက သူ့ကိုပါကြည့်ပြီး ဝိုင်းအူနေကြသည်။

“သွားစမ်း၊ ခွေးလေခွေးလွင့်တွေ၊ ဒီခွေးတွေက ဒီလိုပဲညီမရဲ့”

ဆိုက်ကားပေါ်တွင် စီးလာသည့် ကောင်မလေးကို စကားပြောလိုက်ပေမယ့် ထိုကောင်မလေးက ဘာမှမပြန်မပြောပေ။ ဈေးလမ်းကိုဖြတ်နင်းသွားပြီးတော့ ကားလမ်းမကြီးကိုဖြတ်ရသည်။ ထိုအခါ ဈေးလမ်းနှင့် ကားလမ်းမထောင့်တွင် သူ၏ ယောက်ဖတော်စပ်သူ မောင်ထင်နှင့်တွေ့သည်။ မောင်ထင်တို့က ရပ်ကွက်ထဲမှ အခကြေးငွေယူပြိး ညဘက်မီးကင်းစောင့်သူများဖြစ်သည်။

“ဟာ ယောက်ဖကြီး တစ်ယောက်တည်းပါလား၊ ဘယ်သွားမလို့တုန်းဗျ”

“အိုကွာ၊ တစ်ယောက်တည်းရတော့လဲ တစ်ယောက်တည်းလိုက်ပို့ရတာပေါ့ကွ၊ ဒီအေးရိပ်ငြိမ်ဘက်သွားမလို့”

“ဒါဆိုလဲသွားဗျာ အပြန်ကျရင် ခဏဝင်ခဲ့အုံး”

ယောက်ဖဖြစ်သူကို လက်ပြလိုက်ပြီး ကားလမ်းမကြီးပေါ်တက်လာခဲ့သည်။ ခဏနင်းပြီးတော့ အေးရိပ်ငြိမ်လမ်းထဲသို့ ဝင်လိုက်သည်။

“ဘယ်အိမ်လဲညီမ”

ထိုကောင်မလေးက လမ်းထဲက အိမ်တစ်အိမ်သို့ လက်ညှိုးလှမ်းထိုးပြသည်။ ထိုအိမ်ကလေးက မီးတွေလင်းနေသည်မို့ ကောင်မလေးကို စောင့်နေပုံရသည်။ ကိုဆောင်းလဲ အိမ်ရှေ့ရောက်တော့ ဆိုက်ကားကိုရပ်ပေးလိုက်သည်။ ထိုကောင်မလေးက ဆိုက်ကားပေါ်မှပြေးဆင်းသွားပြီး အိမ်ထဲပြေးဝင်သွားသည်။

“အင်း၊၊ တစ်ကိုယ်တည်းဆိုတော့ ဆိုက်ကားခမပါလို့ အိမ်ထဲဝင်တောင်းတာဖြစ်ရမယ်”

ကိုဆောင်းကထိုသို့တွေးပြီး ဆိုက်ကားရပ်စောင့်နေလိုက်သည်။ ငါးမိနစ်လဲမထွက်လာ၊ ဆယ်မိနစ်လဲ မထွက်လာသည်မို့ ကိုဆောင်း စိတ်အချဉ်ပေါက်သွားပြီး ဆိုက်ကားပေါ်မှဆင်းကာ ထိုအိမ်ဆီသို့လာခဲ့လိုက်သည်။ ခြံတံခါးတွေဖွင့်ထားသလို၊ အိမ်တံခါးမကြီးကလဲ ဖွင့်ထားသည်မို့ ကိုဆောင်းလဲ အတင်းမဝင်တော့ဘဲ ခြံပေါက်ဝမှနေအိမ်ထဲသို့ကြည့်ပြီး အော်ခေါ်လိုက်သည်။

“ဟေ့ကလေးမ၊ အိမ်ရှင်တို့ မရှိကြဘူးလား”

သူအတန်ကြာခေါ်တော့မှအိမ်ထဲက အဒေါ်ကြီးတစ်ယောက်ပြေးထွက်လာသည်။

“ဘာ၊ ဘာဖြစ်လို့ခေါ်နေတာလဲ၊ ဘယ်သူနဲ့တွေ့ချင်လို့လဲ”

“ဟာဗျာ၊ ခင်ဗျားတို့က မသိဘူးလား၊ တွေ့ချင်တာကတော့ ဒီအိမ်က ခုနက ပြေးဝင်သွားတဲ့ ကောင်မလေးနဲ့တွေ့ချင်တာ”

“ဘာ၊ ဘာဖြစ်လို့လဲ”

“ဘာဖြစ်ရမလဲဗျ၊ သူခုနက ကျုပ်ဆိုက်ကားကို ငှားစီးလာပြီးတော့ အိမ်ထဲပြေးဝင်သွားတာ၊ ဆိုက်ကားခ မပေးရသေးဘူးဗျ”

“ဒါဆို တစ်ခုခုတော့လွဲနေပြီထင်တယ်နော်”

“မလွဲပါဘူးဗျာ၊ ဘာလဲ ခင်ဗျားတို့က ဆိုက်ကားခ နှစ်ရာမပေးချင်လို့ တမင်ညစ်နေတာလား၊ ကျုပ်ရပ်ကွက်လူကြီးသွားတိုင်လိုက်မှာနော်”

“နေပါအုံးရှင်၊ ခက်တော့တာပဲ”

“ဘာခက်စရာရှိလဲဗျာ၊ ကျုပ်ကလဲ မဟုတ်တာတောင်းနေတာမှမဟုတ်တာ၊ ကျုပ်ဆိုက်ကားဖိုးကိုသာပေး၊ ကျန်အေးအေးဆေးဆေးပြန်သွားမှာ”

“ကဲပါ၊ ပြောမရရင်လဲ အိမ်ထဲကိုလာခဲ့ပါရှင်”

ထိုမိန်းမကြီးက ခေါ်လိုက်သည်မို့ ကိုဆောင်းလဲ အိမ်ထဲလိုက်ဝင်သွားသည်။ အိမ်ပေါ်တက်လိုက်လိုက်ခြင်း အိမ်ရှေ့အဝင်ဝနားတွင် ခုနက ဆိုက်ကားစီးခဲ့သည့်ကောင်မလေးက အိပ်နေသည်။

“သူပဲ၊ သူပဲ ကျုပ်ဆိုက်ကားကို ငှားစီးသွားတာ”

အိမ်ရှေ့ခန်းတွင် ထိုင်နေသည့်သူများက ကိုဆောင်းအား အရုးတစ်ယောက်လိုထင်နေသည့်အလား ဝိုင်းကြည့်နေကြသည်။ သူ့ကိုအိမ်ထဲခေါ်လာသည့် မိန်းမကြီးကတော့ အော်ဟစ်ပြီးငိုတော့သည်။

“ဟ၊ ဘာဖြစ်လို့ငိုနေတာလဲဗျ”

“ကျွန်မသမီးလေးက မနက်ကဘဲ ဆုံးသွားတာ”

“ခင်ဗျာ . . .”

ကိုဆောင်းရေရွတ်လိုက်ပြီးနောက် ထိုမိန်းကလေးကိုကြည့်လိုက်သည်။ စောင်တွေခြုံထားပြီး မျက်နှာကလေးသာ ဖော်ထားသော်လည်း ကိုဆောင်းက ထိုမိန်းကလေးကို မှတ်မိနေသည်။

“ဟုတ်ပါ့မလားဗျာ၊ အခုတင် ကျွန်တော်သူ့ကို ဆိုက်ကားပေါ်တင်နင်းလာတာ”

“ဟုတ်ပါတယ်၊ မနက်ကပဲ မြစ်ထဲခုန်ချပြီးသတ်သေသွားတာပါ”

“ဖြစ်ရလေဗျာ၊ ကျုပ်ဖြင့်မယုံနိုင်ဘူးဗျာ”

“သမီးလေးက စိတ်မကျန်းမာတာကြာပြီလေကွယ်၊ ဘာလို့ခုန်ချသွားလဲဆိုတာတော့ အဒေါ်တို့မသိပါဘူး၊ မနက်က အဒေါ်နဲ့အတူဈေးသွားရင်း လူချင်းကွဲသွားလို့ လိုက်ရှာလိုက်တာ၊ ညနေကျတော့မှ ကမ်းနားမှာ အလောင်းပြန်တွေ့တော့တာပဲ”

ကိုဆောင်းလဲ လေးလံသောခြေလှမ်းများနှင့် ထိုအိမ်ထဲမှပြန်ထွက်လာခဲ့သည်။ ဒါဆိုသူ့ဆိုက်ကားကို ငှားစီးတာ ထိုကောင်မလေးဝိညာဉ်ဖြစ်မည်။ သူလဲ ဆိုက်ကားနင်းရင်းကျောတွေချမ်းလာသည်။ ခုနက မကြောက်ပေမယ့် အခုတော့ကြောက်စိတ်ဝင်လာသည်မို့ ဆိုက်ကားကို ခပ်သွက်သွက်နင်းရတော့သည်။ ကံကောင်းချင်တော့ မီးကင်းစောင့်နေသည့် ယောက်ဖတော်သူနှင့်တွေ့ပြီး ခနနားရင်း ထိုအကြောင်းကိုပြန်ပြောပြလိုက်သည်။

“ဟုတ်လားယောက်ဖရဲ့၊ ကျုပ်လဲ ခုနက ခင်ဗျားတစ်ယောက်ထဲ ဆိုက်ကားနင်းသွားတာမြင်လို့ တစ်ယောက်တည်းပါလားဆိုပြီး နှုတ်ဆက်လိုက်တာဗျ”

“အေးကွာ၊ ငါက ခရီးသည်တစ်ယောက်တည်း ပါလာတယ်လို့ ပြောတယ်ထင်နေတာ”

“ဒါနဲ့ အမေရာ၊ ဘယ်နေ့ပြန်လာမှာလဲ”

“မင်းအမက ကြာအုံးမှာကွ၊ ရှေ့တစ်ပတ်လောက်မှ ပြန်လာမယ်ထင်ပါရဲ့ကွာ”

ထိုသို့ပြောပြီး ရေနွေးကြမ်းသောက်လိုက်ပြီး ယောက်ဖကိုနှုတ်ဆက်ကာ အိမ်သို့ပြန်နင်းလာခဲ့သည်။ အိမ်သူသက်ထား မထွေးခင်က အညာပြန်သွားသည်မို့ အိမ်တွင်မရှိ။ ထို့ကြောင့် အိမ်သို့မပြန်တော့ဘဲ လမ်းထိပ်က ညလုံးပေါက်ဖွင့်သည့် အရက်ဆိုင်သို့ ဝင်ခဲ့လိုက်သည်။

“စောလှချည်လား ငဆောင်းရဲ့၊ စောစောစီးစီး ငွေတွေခိုင်လာပြီနဲ့တူတယ်”

“ဘယ်ကလာငွေခိုင်ရမှာလဲဗျာ၊ စိတ်ညစ်ပြီးပြန်လာတာဗျ”

အရက်ဆိုင်က ပိုင်ရှင်က အရက်ဖြူတစ်လုံးနှင့် ပဲကြီးလှော်၊ မြေပဲကြော်များထည့်ကာ ကိုဆောင်းရှေ့သို့ လာချသည်။

“ဆိုစမ်းပါအုံးကွ၊ ဘာတွေ စိတ်ညစ်လာသလဲ”

“ညသန်းခေါင်က ဆိုက်ကားငှားစီးတဲ့ကောင်မလေးကဗျာ လူမဟုတ်ဘူးဗျ”

“လူမဟုတ်တော့၊ ကျွဲလား နွားလားကွ”

“မနောက်ပါနဲ့ဗျာ၊ သူ့အိမ်ရောက်မှ အဲဒီကောင်မလေးက သေပြီးသားဖြစ်နေတာကို သိလိုက်ရတာ”

“ဟာ၊ ဒါဆို သရဲပေါ့ဟ”

ကိုဆောင်းလဲ ခေါင်းငြိတ်ပြလိုက်ပြီး အရက်တစ်ခွက်ကိုမော့သောက်လိုက်သည်။

(၂)

အိမ်ကို ဆိုက်ကားလေးထိမ်းနင်းပြီး ပြန်လာခဲ့သည်။ ဒယီးဒယိုင်နှင့် အိမ်တံခါးဖွင့်ပြီး အိမ်ပေါ်တက်လိုက်သည်။ ထွေးခင်မရှိတာကြောင့် အိမ်က တိတ်ဆိတ်နေသလိုခံစားရသည်။ ကိုဆောင်းလဲ အိပ်ရာထဲသွားပြီး လှဲချကာ အိပ်လိုက်တော့သည်။
ကိုဆောင်းက ဆိုက်ကားသမားဆိုပေမယ့် ဆိုက်ကားပိုင်ဖြစ်တော့ သူဆွဲချင်သည့်အချိန် ထဆွဲရုံသာရှိသည်။ သူ့မိန်းမ မထွေးခင်ကတော့ အညာသူဖြစ်ပြီး ဈေးထဲတွင် အညာထွက်ကုန်များကို ရောင်းချသည်။ သူတို့မှာ သားထောက်သမီးခံမရှိသဖြင့်လင်မယားနှစ်ယောက်လုပ်စာနှင့် ဖူဖူလုံလုံနေနိုင်သည်။

ကိုဆောင်းက မနက်ပိုင်းဆိုက်ကားမဆွဲဘဲ နေ့တစ်ပိုင်းလောက်အိပ်နေပြီးတော့ ညနေပိုင်းမှ ဆိုက်ကားထွက်ဆွဲသည်။ ညနေရောက်သည့်အခါ မိန်းမဖြစ်သူ မထွေးခင်ကို ဈေးမှသွားကြိုပြီးညစာ စားသောက်ကြသည်။ ပြီးသည့်အခါ ညဘက်ဆိုက်ကားထွက်ဆွဲသည်။ သူတို့မြို့ကလေးက ဧရာဝတီမြစ်ကမ်းနဖူးတွင် တည်ထားသောကြောင့် ဆိပ်ကမ်းရှိသည်။ အထူးသဖြင့် ဧရာဝတီမြစ်အတွင်း စုန်ဆန်သွားလာနေကြသည့် သင်္ဘောကြီးများ၊ ကူးတို့များ ခရီးတစ်ထောက်ဆိုက်ကပ်ရာနေရာဖြစ်သည်။ ထိုစဉ်က လမ်းပန်းဆက်သွယ်ရေးမှာလဲ ရေလမ်းခရီးကိုသာ အားကိုးနေရသည့်အချိန်ဖြစ်သည်။

မြစ်အတွင်းသွားလာနေသည့် သင်္ဘောကြီးများက ညနက်သန်းခေါင်ဆို သူတို့ဆိပ်ကမ်းကို ဆိုက်ကပ်လေ့ရှိသည်မို့ ကိုဆောင်းက ညဘက်ဆိုက်ကားထဆွဲခြင်းဖြစ်သည်။ အရင်ကဆိုခဲ့သလို ညနက်ကြီးမို့ ဆိုက်ကားခကို သုံးဆလောက်တိုးတောင်းလို့ရသလို၊ ခရီးသည်များလျှင် သုံးလေးကြောင်းဆွဲလို့ရသည့်အတွက် အလွန်ဟန်ကျလှသည်ဖြစ်ရာ ကိုဆောင်းက ညဘက်ဆိုက်ကားဆွဲဖို့ကို ရွေးချယ်လိုက်ခြင်းဖြစ်သည်။

သူတို့မြို့မှာဆိုက်ကားပေါသော်လည်း ညဘက်ဆိုက်ကားဆွဲသူကတော့ လက်ချိုးရေတွက်လို့ရသည်။ ထိုအထဲမှ ညဘက်ဆိပ်ကမ်းတွင် ဆိုက်ကားဆွဲသူများမှာ ဆယ်ယောက်လောက်ပင်မရှိပေ။ သူတို့ဆိုက်ကားဂိတ်တည်ထားသည့် ညောင်ပင်ကြီးက သရဲခြောက်သည်ဟု နာမည်ကြီးသလို သူတို့မြို့ဆိပ်ကမ်းကလဲ သရဲအလွန်ခြောက်သည်ဟုဆိုကြသည်။ မကြာခဏ ခြောက်လှန့်ခံကြရသည်ဟုဆိုသည်။ သို့သော် ကိုဆောင်းက သရဲမကြောက်တတ်ပေ။ အခုလဲ ညကတွေ့ဆုံခဲ့သည့် ဆိုက်ကားငှားစီးသည့် မိန်းကလေးသရဲကို သာမန်လူများဆို အလွန်ထိတ်လန့်သွားကြမည်ဆိုသော်လည်း ကိုဆောင်းကတော့ ကျောချမ်းရုံ၊ ကြက်သီးထရုံမှတစ်ပါး သိပ်ပြီးတော့ မကြောက်လန့်လှပေ။

ထိုနေ့က နေ့ခင်း တစ်နာရီထိုးတော့မှ နိုးတော့သည်။ အိပ်ကောင်းကောင်းနှင့်အိပ်လိုက်ရာ အချိန်တော်တော်လင့်သွားပြီဖြစ်သည်။ အိပ်ရာမှထပြီး မျက်နှာသစ်လိုက်ကာ ဆိုက်ကားကိုဆွဲလိုက်သည်။ မထွေးခင်မရှိသဖြင့် အိမ်တွင်ထမင်းဟင်းမရှိပေ။ လမ်းထိပ်ထမင်းဆိုင်ကလေးတွင် ဗိုက်ဖြည့်ပြီးတော့မှ ဆိုက်ကားဂိတ်ဘက်လာခဲ့သည်။

“ဟေ့လူ ခင်ဗျားညက သရဲခြောက်ခံရလို့ဆို”

“အေးဗျ၊ သရဲက ကျုပ်ဆိုက်ကားငှားစိးပြီးတော့ သူတို့အိမ်ကိုပြန်လိုက်ပို့ခိုင်းတာဗျ”

ကိုဆောင်းက ဆိုက်ကားကို ဂိတ်ထိုးလိုက်ရင်းပြောလိုက်သည်။

“ဒါနဲ့ ကောင်မလေးဆိုဗျ၊ ချောလား၊ လှရဲ့လား”

“ချောတာလှတာအရေးမကြီးပါဘူးဗျာ၊ ဒါနဲ့ အဲဒီကောင်မလေးက အေးရိပ်ငြိမ်လမ်းထဲကဗျ၊ သိပ်ပြီးဦးနှောက်မကောင်းဘူးလို့ပြောတယ်”

“ဟာ၊ ဟုတ်ပြီ၊၊ ဒါဆိုမနေ့က မနက်က ကမ်းနားမှာဆုံးသွားတဲ့ကောင်မလေးဖြစ်မယ်၊ လှေတစ်စီးက ထိုးဝါးနဲ့ထိုးရင်း ကောင်မလေးအလောင်းကိုတွေ့တာဗျို့၊ လက်ထဲလဲ ရေညှိတွေ ရေမှော်တွေကိုဆုပ်ကိုင်ထားတယ်ဆိုပဲဗျ”

“အေးကွ၊ ဒါကြောင့်ဖြစ်မယ်။ သူ့နားက ငါးညှီနဲ့လိုလို ရနေတာ”

“ခင်ဗျားဖြင့်မကြောက်ဘူးဗျာ၊ ကျုပ်တို့ဆိုရင်တော့ သုံးရက်လောက် ဖျားနေမှာဗျ”

ဆိုက်ကားဂိတ်ကလူများအကုန်လုံး ရယ်မောလိုက်ကြတော့သည်။

“ဒါနဲ့ အခုတစ်လော ကျုပ်တို့ကမ်းနားကြီးက လူစားနေတယ်မထင်ဘူးလားဗျ။ မနေ့ကလဲ အဲဒီကောင်မလေး၊ ဒီနေ့လဲ”

“ဟေ့ မောင်ဆောင်း”

သူတို့စကားပြောနေတုန်းရှိသေးသည်။ ရပ်ကွက်လူကြီးက ကိုဆောင်းဆီရောက်လာသည်။

“လူကြီးပါလား ဘယ်သွားမလို့တုန်းဗျ”

“ကျွန်းလှဘက်သွားချင်လို့ကွ”

“ဟာ၊ ကျွန်းလှဆိုတော့ အဝေးကြီးပဲဗျ၊ လိုင်းကားစီးသွားပါလား”

“မင်းကလဲကွာ၊ ငါက ကားစီးရင်မူးတတ်တာမင်းသိသားနဲ့၊ လုပ်စားပါကွာ၊ ကျွန်းလှက ငါ့အမေ နေမကောင်းဘူးကွ၊ အဲဒါ ဆေးလေး၊ ဓါတ်စာလေး သွားပို့ပေးမလို့၊ မင်းကိုပေးတာ မနည်းစေရပါဘူးကွာ”

ကျွန်းလှရွာက သူတို့မြို့အထွက်မှဖြစ်ပြီး အတော်ကလေးလှမ်းသည်။ ထို့ကြောင့် ကိုဆောင်းက လိုက်ဖို့အင်တင်တင်ဖြစ်နေလေသည်။

“လုပ်ပါကွ၊ ငါးရာပေးပါ့မယ်”

“ကောင်းပြီလေ၊ ဒါဆိုလဲတက်”

ကျွန်းလှနှင့် သူတို့မြို့နှင့်ဆို နာရီဝက်ကျော်ကျော်နင်းရသည်။ ရပ်ကွက်လူကြီးကလဲ ကိုဆောင်းနှင့်ခင်မင်နေပြီးတော့ ကိုဆောင်းကလဲ ဆိုက်ကားသာနင်းသည် သူများတွေလို ငွေကိုကုန်းရုန်းရှာနေသူမဟုတ်တော့ အံကိုက်ဖြစ်သွားသည်။ ကျွန်းလှရောက်တော့ ရပ်ကွက်လူကြီးအမေအိမ်သွားပြီး ဆေးတွေပေးကြသည်။ ရပ်ကွက်လူကြီးပြုတ်ယူလာသည့် ကြက်ကောင်လုံးပြုတ်တွေပေးရင်း စကားတွေပြောနေသည်ကို ကိုဆောင်းလဲ စောင့်နေရသည်။ သူတို့ပြန်လာတော့ ညနေပင်စောင်းတော့မည်ဖြစ်သည်။

“ကျေးဇူးတင်တယ် မောင်ဆောင်းရေ”

“ရပါတယ်လူကြီးရာ”

ဆိုက်ကားဂိတ်သို့မဝင်တော့ဘဲ ရပ်ကွက်လူကြီးအိမ်ကိုပို့ပြီးနောက် အိမ်သို့ပြန်ခဲ့သည်။ အိမ်ကလေးက မှောင်အတိကျနေသည်။ မထွေးခင်က ဈေးထဲအညာကုန်များယူရောင်းသူမို့ တစ်လတစ်ခါလောက်တော့ အညာသို့ သင်္ဘောနှင့်ပြန်သွားလေ့ရှိသည်။ ထို့နောက် အညာမှကုန်များပြန်ယူလာကာ သူတို့ဈေးလေးတွင်ရောင်းချနေခြင်းဖြစ်သည်။ သူတို့အိမ်တွင် ကိုဆောင်းရှာသည်ထက် မထွေးခင်၏ ဈေးဆိုင်ကလေးက ပိုပြီးစီးပွားဖြစ်နေသောကြောင့် ကိုဆောင်းက ဆိုက်ကားကို အပိုဝင်ငွေတစ်ခုအနေနှင့် သတ်မှတ်ပြီး ဆွဲစားနေခြင်းဖြစ်သည်။ အခုတစ်ခေါက်တော့ မထွေးခင်က သူတို့အမျိုးအလှူနှင့်တိုက်နေသဖြင့် တစ်ပတ်ခန့်နေမည်ဟုဆိုသည်။

“အော် ထွေးခင်၊ ထွေးခင် မင်းမရှိတော့လဲ ပျင်းဖို့ကောင်းလိုက်တာ”

လင်မယားနှစ်ယောက်တည်းa နသည့်အိမ်မှာ တစ်ဦးမရှိသဖြင့် အလွန်ဆိတ်ငြိမ်ကာ ပျင်းခြောက်ခြောက်ကြီးဖြစ်နေသည်။ ကိုဆောင်းလဲ မထွေးခင်ကိုလွမ်းနေသည့် အလွမ်းဝေဒနာကို ဖြေသိမ့်ရန်အတွက် လမ်းထိပ်အရက်ဆိုင်ကလေးဆီသို့ ခြေဦးလှည့်ခဲ့သည်။

အရက်ဆိုင်ကလူကျနေသည်။ ကိုဆောင်းလဲ ဆိုင်ထောင့်မှာထိုင်ပြီး အရက်သောက်ကာ အလွမ်းအဆွေးဓါတ်ကိုဖြေသိမ့်နေရသည်။ အရက်ဆိုင်တွင်လဲ လူတွေက ဝင်လိုက်ထွက်လိုက်နှင့်မို့ စိတ်တွေရှုပ်လာပြီး အရက်တစ်လုံးဆွဲခဲ့ကာ ကမ်းနားသို့ ဆိုက်ကားနင်းပြီးထွက်လာခဲ့သည်။

ကမ်းနား ညောင်ပင်ကြီးအောက်ရှိ ဆိုက်ကားဂိတ်လေးတွင် လူတွေမတွေ့ရပေ။ သူနှင့်အတူတူဆွဲနေသည့်ဆိုက်ကားသမားများလဲ မတွေ့။

“အင်း၊ ဒီကောင်တွေ ဆောင်းတွင်းအေးအေးကြီးမို့ ကွေးနေကြတာဖြစ်မယ်”

ကိုဆောင်းကတွေးပြီး အရက်ကိုမော့သောက်လိုက်တော့သည်။ ဆောင်းလေက မြစ်ပြင်ကိုဖြတ်သန်းပြီးတိုက်ခတ်လာသည့်အခါ ကိုဆောင်းလဲအလွန်ချမ်းတက်လာသည်။

“အေးလိုက်တာ၊ ဒါကြောင့် ဒီကောင်တွေ မလာတာကိုး”

ကိုဆောင်းလဲ ပုဆိုးခြုံလိုက်ပြီးနောက်ဆိုက်ကားပေါ်တွင် ကွေးနေမိသည်။

“ဘူ၊ ဘော်”

မည်မျှကြာကြာအိပ်ပျော်သွားသည်မသိ၊ သင်္ဘောဥဩဆွဲသံကြီးကို ကြားလိုက်ရတော့မှ ကိုဆောင်းလန့်နိုးလာခဲ့သည်။ ထိုတော့မှ ပုဆိုးကိုပြင်ဝတ်ပြီး ဆိုက်ကားကို ဆိပ်ကမ်းဆီသို့တွန်းလာခဲ့သည်။ ဆိပ်ကမ်းက မှောင်မည်းနေသည်။ ဆိပ်ကမ်းတွင် ကပ်ထားသည့် ကူးတို့က မြစ်မင်းသား ကူးတို့ဖြစ်သည်။ ကူးတို့ပေါ်မှ လူများဆင်းလာကြသည်။ အချို့ကလဲ အထုပ်ကြီးအထုပ်ငယ်များသယ်ဆောင်ထားကြသည်။

“ဆိုက်ကားစီးပါလား၊ ဆိုက်ကားအားတယ်နော်”

သူကခေါ်နေသော်လည်းကူးတို့ပေါ်မှဆင်းလာသည့်သူများမှာသူ့အား မတွေ့သလို မမြင်သလိုနှင့် ထွက်ခွာသွားကြတော့သည်။ ကိုဆောင်းလဲ စိတ်ထဲမကျေမနပ်တော့ဖြစ်မိနေသည်။ ယခင်ကူးတို့ဆိုက်လျှင် ဆင်းလာသည့်သူများမှာ ဆိုက်ကားကို သူ့ထက်ငါ အလုအယက်ငှားတတ်ကြသော်လည်း အခုတော့ သူ့ကိုပင် တစ်ယောက်မှ လှည့်ပင်မကြည့်ပေ။

“တော့ ကိုဆောင်းရေ”

ခေါ်သံကိုကြားလိုက်သဖြင့် အနောက်လှည့်ကြည့်လိုက်ရာ အိမ်သူက်ထား ဇနီးမယား ထွေးခင်ဖြစ်နေသည်။

“ဟ ထွေးခင်၊ နင် ဒီကူးတို့နဲ့ပါလာတာလား”

ထွေးခင်က သူ့ဆိုက်ကားရှေ့ခုံတွင် တက်ထိုင်လိုက်သည်။

“ကျုပ်တို့အမျိုးတွေနဲ့ စကားပြောရင်း လေကြောမတည့်တာနဲ့ ခပ်မြန်မြန်ပြန်ခဲ့တယ်ဆိုပါတော့ရှင်၊ ကဲ အိမ်ကိုနင်းတော့”

“ထွေးခင်၊ ဒါနဲ့ မင်းရဲ့အညာကုန်တွေသယ်လာတဲ့ အထုပ်အပိုးတွေရော မတွေ့ပါလား”

“ဘယ်တွေ့မလဲ၊ ကူးတို့နဲ့ဆင်းလာရင်း ကျုပ်ပါလာတဲ့အထုပ်တွေ သူများယူသွားတယ်တော်”

“ဟာ၊ မင်းက အလျော်မတောင်းဘူးလား၊ အမှန်တော့ ကူးတို့သင်္ဘောက လျော်ရမှာလေ”

“ဝေးပါသေးတယ်ရှင်၊ သူတို့နဲ့ နင်ပဲငဆ မပြောချင်လို့ ကျုပ်လဲငြိမ်နေလိုက်တော့တယ်”

“မြစ်မင်းသားက မိုက်ရိုင်းတယ်ကွ၊ မောင်းတဲ့သူရော၊ ယဉ်မှာပါတဲ့ ကောင်လေးတွေရောက အရက်သမားတွေ၊ လူမိုက်တွေကွ၊ နောက်မစီးနဲ့ကွာ”

“အင်းပါရှင်၊ကျုပ်လဲ မြန်မြန်ပြန်ရောက်ချင်ဇောနဲ့ စီးလာခဲ့တာပါ”

လင်မယားနှစ်ယောက် စကားတစ်ပြောပြောနှင့် ဆိုက်ကားနင်းလာကြရာ မကြာခင်အိမ်သို့ရောက်လာသည်။ အိမ်တံခါးဖွင့်လိုက်သည်နှင့် မထွေးခင်က အိမ်ထဲမဝင်သေးဘဲ ဆိုက်ကားပေါ်မှလှမ်းကြည့်နေသည်။

“ဟေ့ ထွေးခင်၊ လာလေ၊ အိမ်ထဲဝင်လေကွာ”

ထိုတော့မှ ထွေးခင်လဲ ဆိုက်ကားပေါ်ကဆင်းပြီးအိမ်ထဲဝင်ခဲ့သည်။ အိမ်ထဲရောက်တော့ မီးပျက်နေသဖြင့် ဖယောင်းတိုင်မီးကလေးထွန်းလိုက်ပြီး ကိုဆောင်းက အိပ်ရာပြင်ပေးနေသည်။

“မင်းလဲ တစ်နေ့လုံး သင်္ဘောစီးလာရတာဆိုတော့ ညောင်းနေရောပါ့၊ ရော့ နားတော့”

“ဒါထက် ကိုဆောင်းရေ ကျုပ်ဗိုက်ဆာတယ်တော့”

မထွေးခင်ပြောမှ ကိုဆောင်းအိမ်မှာ စားစရာဘာမှမရှိသည်ကို သတိရလိုက်သည်။

“မင်းမရှိကတည်းက အိမ်မှာဘာမှမချက်ဘူးကွ၊ ငါလဲ တစ်ကိုယ်ရေတစ်ကာယမို့ဝယ်စားလိုက်တယ်ကွာ၊ ဒီလိုလုပ်ပါလားမင်းစားချင်ရင် ထမင်းချက်စားပေါ့၊ ငါးခြောက်ငါးခြမ်းလေးရှိသေးတော့ ဟင်းတစ်ခွက်ဖြစ်မှာပါ”

“ကျုပ်မချက်ချင်ဘူးတော်”

အခုမှ ခရီးဝေးကပြန်လာတဲ့သူကို ဟင်းချက်ခိုင်းနေသလိုဖြစ်သွားသဖြင့် ကိုဆောင်းအားနာသွားမိသည်။

“အော်၊ လမ်းထိပ်က အရက်ဆိုင်မှာတော့ ထမင်းတွေ၊ ဟင်းတွေ ရှိရင်ရှိမှာပဲ၊ မပူနဲ့ ငါသွားဝယ်လိုက်မယ်၊ မင်းဒီမှာခဏစောင့်နေ”

ကိုဆောင်းက အိမ်ပေါ်မှခုန်ဆင်းလိုက်သည်။ ထို့နောက် အရက်ဆိုင်တွင် စားစရာတစ်ခုခုဝယ်လိုက်သည်။

“ထမင်းကတော့ မရှိတော့ဘူးကွ၊ မင်းခဏစောင့်နိုင်တယ်ဆိုရင် ကြာဇံရမယ်ကွာ၊ ငါကြာဇံကြော် ကြော်ပေးမယ်”

မိနစ်နှစ်ဆယ်လောက်စောင့်လိုက်တော့ ကြာဇံကြော်ရပြီဖြစ်သည်။ ကြာဇံကြော် ဝက်သားနှင့်နှစ်ပွဲဝယ်ပြီးတော့ အိမ်ကိုပြန်လာခဲ့လိုက်သည်။ အိမ်တံခါးကြီးက ပွင့်နေသဖြင့် အထဲသို့လှမ်းဝင်ခဲ့သည်။ မထွေးခင်က စားပွဲတွင် ထိုင်နေသည်။

“ရော့ ထွေးခင်၊ စောင့်ရတာကြာသွားလား၊ စားလိုက်နော်”

ကြာဇံကြော်ကို ဖက်ထဲမှထုတ်ပြီး ပန်းကန်ထဲထည့်ပေးလိုက်သည်။ မထွေးခင်က ထိုကြာဇံကြော်များအား အငမ်းမရစားသောက်နေသည်။

“ကောင်းလိုက်တာရှင်”

“အေးကွာ ကောင်းရင် ငါစားမယ့်ဟာပါ မင်းစားလိုက်”

ကိုဆောင်းထပ်ကျွေးသည့် တစ်ပွဲကိုလဲ မထွေးခင်က အားရပါးရစားလိုက်သည်။ စားပြီးသည့်နောက် ခြေဆန့်ပြီး ထမင်းစားပွဲအနီးမှာပင် လှဲလိုက်တော့သည်။

“မင်းကွာ၊ ခြင်ထောင်ထဲတော့ ဝင်ပါအုံး”

“မဝင်တော့ဘူးကိုဆောင်းရေ၊ ဗိုက်အရမ်းလေးသွားပြီး ဒီနေရာမှာပဲအိပ်လိုက်တော့မယ်”

မထွေးခင်က ပြောဆိုပြီးချက်ချင်းအိပ်ပျော်သွားတော့သည်။ ကိုဆောင်းလဲ မထွေးခင်ကို စောင်ကလေးခြုံပေးပြီးနောက် သူကတော့ ခြင်ထောင်ထဲဝင်ပြီး အိပ်စက်လိုက်တော့သည်။

(၃)

“ဒုန်း၊ ဒုန်း”

“မောင်ဆောင်းရေ၊ ဟေ့မောင်ဆောင်း”

အိမ်ရှေ့တံခါးကိုထုသံကြားသလိုက်သဖြင့် ကိုဆောင်းလဲ လန့်နိုးသွားသည်။ နာရီက မနက် ၇နာရီပင်မထိုးသေးပေ။ ကိုဆောင်းလဲထလိုက်တော့ မထွေးခင်က စားပွဲအနီးတွင် အိပ်နေဆဲဖြစ်သည်။ ကိုဆောင်းအိမ်တံခါးကိုသွားဖွင့်ကြည့်လိုက်သည်။

“အို လူကြီးပါလား၊ ဘာထူးလို့လဲဗျာ၊ စောစောစီးစီး”

ရပ်ကွက်လူကြီးနှင့် အခြားသုံးလေးဦးခန့်ပါသည်။ ရပ်ကွက်လူကြီးကတော့ သိပ်မျက်နှာမကောင်းပေ။

“မောင်ဆောင်းရေ မင်းစိတ်ကိုခိုင်ခိုင်ထားနော်”

“အောင်မယ်လေးဗျာ၊ ပြောစရာရှိတာပြောပါဗျ”

“အေး မင်းမိန်းမ ထွေးခင် ဆုံးသွားပြီကွ”

ရပ်ကွက်လူကြီးဆီမှ ထိုစကားကိုကြားရသည့်အခါ ကိုဆောင်းတစ်ယောက် ဟက်ဟက်ပက်ပက်ရယ်မောမိသည်။ ရယ်ရတာ အူတွေတက်နေသဖြင့် ဗိုက်ကိုတောင်ဖိထားရသည်။

“ဟေ့မောင်ဆောင်း၊ မင်းသတိထားအုံးလေ၊ မင်းရူးသွားပြီလားကွ”

“အောင်မယ်လေး လူကြီးရယ်၊ နောက်စရာရှိလဲ တခြားဟာပြောင်းနောက်ပါဗျ”

“ဟ မင်းကိုငါတို့နောက်နေတယ်ထင်လို့လား၊ ငါတကယ်ပြောနေတာကွ”

“လူကြီးရယ်၊ ခင်ဗျားတို့ တခြားဟာနဲ့ပြောင်းနောက်စမ်းပါ၊ အောင်မယ်လေး ရယ်ရတာ အူတွေတောင်တက်နေပြီ”

“တကယ်ကွ၊ မင်းမိန်းမ မထွေးခင်က မနေ့ကမနက်ပိုင်းမှာ မှောက်သွားတဲ့ မြစ်မင်းသား သင်္ဘောမှာ ပါသွားပုံရတယ်ကွ၊ မနေ့ကညကမှ မြစ်အောက်ဘက် ရွာနားက ငါးဖမ်းပိုက်တမ်းမှာ မိနေတာကွ”

“မဖြစ်နိုင်ဘူးလူကြီး၊ လုံးဝမဖြစ်နိုင်ဘူး”

“ဘာလို့လဲကွ”

“ဘာလို့လဲဆို ကျုပ်တောင်ညက ကျုပ်မိန်းမကို မြစ်မင်းသား သင်္ဘောနဲ့ ဆိပ်ကမ်းမှာကြိုခဲ့တာ၊ အိမ်အထိတောင်ရောက်နေပြီး ဟိုမှာ အိပ်နေလေရဲ့ဗျာ”

ကိုဆောင်းက မယုံကြည်သေးသဖြင့်ရယ်ကျဲကျဲပြောနေသေးသည်။ ရပ်ကွက်လူကြီးနှင့် ကျန်သည့်သူများလဲ အိမ်ပေါ်သို့တက်လာကြပြီးနောက် ကိုဆောင်းလက်ညိုးထိုးပြသည့် စောင်ခြုံအိပ်နေသည့်သူကို ဖွင့်ကြည့်လိုက်ကြသည်။

“ဘုရားရေ”

အားလုံး အံ့ဩသွားကုန်ကြသည်။ အကြောင်းမှာ အိပ်နေသည့်သူမှာ မထွေးခင်ဖြစ်နေသောကြောင့်ဖြစ်သည်။

ရပ်ကွက်လူကြီးလဲအလွန်အံ့ဩမိနေသည်။

“ကဲတွေ့ပြီလား၊ ခင်ဗျားတို့ပြောကြတဲ့ သေသွားတဲ့ မထွေးခင်လေ၊ ကျုပ်အိမ်မှာ အိပ်နေတာ”

ရပ်ကွက်လူကြီးလဲ သူနှင့်အတူပါလာသည့် လူတစ်ယောက်ကိုလှမ်းကြည့်လိုက်သည်။

“ကျုပ်က ဆေးရုံကပါ၊ ရေခဲတိုက်မှာတွေ့ခဲ့တာ သူမှ သူအစစ်ပါ”

ထိုစကားကြားတော့ ကိုဆောင်းအလွန်ဒေါသထွက်သွားသည်။

“ဟေ့လူတွေ၊ ခင်ဗျားတို့ စနောက်တာလဲ ကြည့်နောက်ကြဗျ၊ သေသွားတယ်ဆိုတာ နောက်ကောင်းတဲ့အရာမဟုတ်ဘူးနော်”

“ကျုပ်မနောက်ပါဘူးဗျာ၊ ကျုပ်အသက်နဲ့ရင်းပြီး အာမခံရဲတယ်၊ ရေခဲတိုက်ထဲမှာ သူမှ သူအစစ်”

ရပ်ကွက်လူကြီးတို့အကြံအိုက်ကုန်သည်။ ကိုဆောင်းကတော့ တဖြည်းဖြည်းဒေါသထွက်လာပြီးနောက် တုတ်ဆွဲ ဓါးဆွဲတွေဖြစ်ကုန်သဖြင့် သူတို့လဲ အိမ်ပေါ်မှပြန်ဆင်းခဲ့ကြသည်။

“တစ်ခုခုတော့ ထူးဆန်းနေပြီ ရပ်ကွက်လူကြီး”

“မဖြစ်ဘူး၊ ငါကိုယ်တိုင်အတည်ပြုမှဖြစ်မယ်၊ မင်းတို့ ငါ့ကို ရေခဲတိုက်ကိုခေါ်သွားကြ”

နယ်မြို့ဆေးရုံကလေး၏ ဘေးဘက်တွင် အုတ်ဖြင့်ဆောက်ထားသည့် ရေခဲတိုက်ရှိသည်။ ထိုရေခဲတိုက်ထဲကို ဝင်ရန်အတွက် ဆေးရုံရှိသက်ဆိုင်ရာလူကြီးများထံ ခွင့်တောင်းပြီးနောက် ရပ်ကွက်လူကြီးနှင့် ရွာခံလူနှစ်ယောက် ရေခဲတိုက်ထဲဝင်ကြည့်ကြသည်။ အလောင်းတင်သည့် အုတ်ခုံပေါ်တွင် တောင့်တင်းငြိမ်သက်စွာလှဲလျှောင်းနေသူကို သေသေချာချာကြည့်လိုက်ကြသည်။

“ဟင်၊ ဒီမှာလဲ မထွေးခင်ပါလား”

ရေနစ်ထားသဖြင့် အသားအရေတွေ ပွပြီး ဖြူဆွတ်နေရုံကလွဲလို့ မထွေးခင်ကို မမှတ်မိစရာအကြောင်းမရှိပေ။ မထွေးခင်မှာ ဈေးရောင်းသူဖြစ်သဖြင့် ရပ်ကွက်ထဲမှလူများအားလုံး သိကျွမ်းနေကြရာ အတူပါလာသည့် ရွာခံနှစ်ယောက်လဲမထွေးခင်ဖြစ်ကြောင်း အာမခံကြသည်။

“ထူးတော့ထူးနေပြီ၊ ဒါဆို မောင်ဆောင်းအိမ်ရောက်နေတဲ့ မထွေးခင်ကဘယ်သူလဲ”

ရပ်ကွက်လူကြီးစဉ်းစားရကျပ်လာသည်။ အရပ်ထဲမှ လူများနှင့်တိုင်ပင်ကြည့်သောအခါ မကောင်းဆိုးရွားတစ်ကောင်ကောင်ဖြစ်မည်ကို ခန့်မှန်းမိလိုက်ပြီးနောက် အထက်လမ်းဆရာတစ်ယောက်နှင့် တိုင်ပင်ရန် အကြံရသွားတော့သည်။

“ထွေးခင်၊ ထွေးခင် ထပါအုံးဟ၊ မင်းဈေးရောင်းမထွက်ဘူးလား”

မထွေးခင်က စောင်ခြုံလျှက်ပင်

“မထွက်ဘူးရှင်၊ နားပါရစေအုံး၊ ရှင်တို့ကလဲ ခိုင်းစားဖို့ချည်းပဲ”

“အေးကွာ၊ အဲဒါဆိုလဲ ငါဆိုက်ကားထွက်လိုက်အုံးမယ်၊ မွန်းလွဲနေပြီဟ”

ကိုဆောင်းလဲ ဆိုက်ကားနင်းပြီးထွက်လာခဲ့သည်။ လမ်းထိပ်ရောက်သည့်အခါတွင် လမ်းထိပ်မှာရပ်ကွက်လူကြီးနှင့် လူကြီးများထိုင်နေကြသည်ကို တွေ့လိုက်ရသည်။

“ဟေ့၊ မောင်ဆောင်း လာအုံး”

“ဘာတွေ စနောက်အုံးမလို့လဲ လူကြီးရဲ့၊ ကျွန်တော်ပြောထားတယ်နော်၊ လူကြီးကို ကျွန်တော်က ခင်လွန်းလို့သာ စိတ်မဆိုးတာ၊ နောက်တစ်ခါဆိုရင်တော့ ကျွန်တော်စိတ်ဆိုးမိမှာအမှန်ပဲ”

“အေးပါကွာ၊ မင်းကို မစနောက်တော့ပါဘူး၊ ဒါနဲ့ ငါဆေးရုံသွားချင်လို့ လိုက်ပို့စမ်းပါကွာ”

“တခြားဆိုက်ကားခေါ်သွားဗျာ”

“လိုက်ပို့စမ်းပါဆိုကွာ၊ မင်းကိုငါအကူအညီတောင်းနေတာပါကွ၊ နောက်ပြီး ငါးရာပေးမယ်လေ”

ဆေးရုံနှင့် ရပ်ကွက်က တစ်ရာလောက်ရှိသည့် ခရီးဖြစ်သော်လည်း လူကြီးက ငါးရာပေးနေသည်မို့ ကိုဆောင်းလဲ ထောပြီဟုတွက်ကာ ခေါင်းညိတ်လိုက်သည်။ ရပ်ကွက်လူကြီးနှင့်အတူ နောက်ထပ်လူနှစ်ယောက်လဲ လိုက်လာကြသည်။

ဆေးရုံထဲသို့ဝင်သည့်အခါတော့ ဆေးရုံကြီးထဲမဝင်ဘဲ ဘေးကိုကွေ့ပြီးရေခဲတိုက်ရှေ့နင်းခိုင်းသဖြင့် ကိုဆောင်းလဲ ရေခဲတိုက်ရှေ့တွင် ရပ်ပေးလိုက်သည်။

“မောင်ဆောင်း၊ မင်းလဲလိုက်ခဲ့”

“ဟာဗျာ၊ ဘယ်သူသေလို့လဲဗျ၊ လူသေကြီးကို မကြည့်ချင်ပါဘူး”

ရပ်ကွက်လူကြီးက သူ့လူနှစ်ယောက်ကို မျက်စပြစ်လိုက်သည့်အခါ သူ့လူနှစ်ယောက်က ကိုဆောင်းကို ဖမ်းချုပ်လိုက်ကြသည်။ မကြာခင် ဆေးရုံမှဝန်ထမ်းက တံခါးဖွင့်ပေးလိုက်ပြီးသည့်နောက် မောင်ဆောင်းကိုဖမ်းချုပ်ပြီး ရေခဲတိုက်ထဲခေါ်လာကြသည်။

ကိုဆောင်းလဲ ချုပ်ထားသည့်သူနှစ်ဦးလက်မှ ရုန်းကန်သော်လည်း အချည်းနှီးပင်ဖြစ်သည်။ သို့နှင့် ကိုဆောင်းတို့တစ်စု ရေခဲတိုက်ထဲသို့ ဝင်လာကြသည်။ ရေခဲတိုက်ထဲက အလောင်းကိုတွေ့တော့မှ ကိုဆောင်းတစ်ယောက် ထူးဆန်းစွာကြည့်ပြီးတော့ငိုင်ကျသွားသည်။

“ဒါဆို၊ ဒါဆို ဒါကျွန်တော့်မိန်းမ ထွေးခင်လား”

“အဲဒါတော့ ငါတို့လဲမပြောတတ်ဘူးကွာ၊ ဘယ်တစ်ယောက်က ထွေးခင်အစစ်ဖြစ်မလဲဆိုတာ မင်းအသိဆုံးဖြစ်မှာပါ”

ကိုဆောင်းလဲ စဉ်းစားနေရတော့သည်။

“ဟုတ်တော့ဟုတ်တယ်လူကြီးရ၊ ကျုပ်အိမ်က ထွေးခင်က အမူအရာတွေပျက်နေတယ်၊ နောက်ပြီးတော့ ထွေးခင်က ပုံမှန်ဆို ဝိရိယရှီတယ်၊ ဘယ်လောက်ပင်ပန်းပင်ပန်း အလုပ်ပျက်ခံတဲ့သူမဟုတ်ဘူးဗျ၊ အခုတစ်ယောက်ကတော့ ကျွန်တော်သိပ်မသင်္ကာဘူးဖြစ်နေခဲ့တာ”

“ဟုတ်ပြီဗျို့၊ ညကလဲ ဝက်သားကြာဇံကြော်နှစ်ပွဲကို တစ်ယောက်တည်းစားပစ်ခဲ့တာဗျ၊ အခုပြန်တွေးကြည့်မှ ကျုပ်တောင် ကြက်သီးထလာပြီ”

“အေး၊ မင်းပြောတဲ့အတိုင်းဆိုရင်တော့ အခုမင်းအိမ်မှာရောက်နေတဲ့ထွေးခင်က ထွေးခင်ယောင်ဆောင်ထားတဲ့ နာနာဘာဝတစ်ကောင်ပဲဖြစ်ရမယ်”

“ဒါ၊ ဒါဆိုဘယ်လိုလုပ်ကြမလဲ လူကြီး”

“မပူပါနဲ့ ငါအထက်လမ်းဆရာကြီး အဘတိုးဆီသွားကြမယ်ကွာ၊ သူက ငါတို့ကိုတစ်ခုခုတော့ ကူညီနိုင်မှာပါ”

သို့နှင့် သူတို့လူတစ်စု အထက်လမ်းဆရာကြီး အဘတိုးထံရောက်ခဲ့ကြသည်။ အဘတိုးက ဘုရားစင်ရှေ့တွင် ပုတီးစိပ်နေရာမှ။

“မင်းတို့ထဲကတစ်ယောက်ယောက်မှာ မကောင်းတဲ့အနံ့ရတယ်ဟေ့”

ထိုသို့ပြောပြီး တစ်ဖက်သို့လှည့်လာသည်။ သူတို့အားလုံးလဲ ကိုယ့်အကျီတွေကို ကိုယ်ပြန်နမ်းကြည့်ကြသည်။

“အဲဒါကိုပြောတာမဟုတ်ဘူးကွ၊ ဒီလူ့ဆီကနေ မကောင်းတဲ့အနံ့ရနေတာ”

ကိုဆောင်းကိုလက်ညှိုးထိုးပြလိုက်တော့မှ ရပ်ကွက်လူကြီးလဲ ခေါင်းညိတ်လိုက်သည်။

“ဖြစ်ပုံကဒီလိုဆရာကြီးရဲ့၊သူ့မိန်းမကသေသွားပြီ၊ အလောင်းက ဆေးရုံပေါ်မှာရောက်နေပြီ၊ ဒါပေမယ့် သူ့အိမ်မှာလဲ သူ့မိန်းမက ရောက်နေတယ်၊ အဲဒါကို အဖြေရှာမရဘူးဖြစ်နေတာ”

အဘတိုးကြီး မျက်လုံးပြူးသွားသည်။

“သူအခု နေ့လည်ဘက်မှာ ဘာလုပ်နေသလဲ”

“အိမ်၊ အိမ်ထဲမှာ စောင်ခြုံပြီးတော့အိပ်နေပါတယ်”

“ဒါဆိုအရေးကြီးတယ်ဟေ့”

အဘတိုးကပြောပြီး တိုင်ကပ်နာရီကိုကြည့်လိုက်သည်။ အချိန်က ညနေလေးနာရီထိုးတောမည်။ အဘတိုးက ချက်ချင်းပင်ထသွားပြီးတိုင်တွင်ချိတ်ဆွဲထားသည့် လွယ်အိတ်ကြီးကိုဖြုတ်ယူလိုက်ကာ နှစ်တောင်ခန့်ရှည်သည့် ကြိမ်လုံးတစ်ချောင်းကိုလဲ ဘုရားစင်ပေါ်မှယူလိုက်သည်။

“လာဟေ့ အချိန်မရှိဘူး၊ တို့တွေ မြန်မြန်သွားရအောင်”

“ဘယ်သွားမလို့လဲ ဆရာကြီးရဲ့”

“ဟ၊ အဲ့ကောင်ကြီးဟာ သရဲကြီးဟ၊ သရဲကြီးမှ လူယောင်တောင်ဆောင်နိုင်တယ်ဆိုတော့ တော်တော်နှစ်ချို့နေတဲ့ သရဲကြီးဖြစ်ရမယ်၊ အဲဒီလိုသရဲကြီးတွေက မနက်ဘက်ဆို အိမ်ပြင်မထွက်ဘဲနဲ့ တစ်နေကုန်ခွေအိပ်နေတတ်တယ်၊ ညနေစောင်းနဲ့ ညဘက်ဆိုရင်တော့ သူတို့ပြန်ထတဲ့အချိန်ရောက်ပြီ၊ အဲဒီအချိန်ရောက်ရင် ပိုစွမ်းသတဲ့ကွ”

သူတို့အကုန်လုံး သုတ်ခြေတင်ပြီး ကိုဆောင်းအိမ်သို့ပြန်ပြေးလာကြသည်။ ကိုဆောင်းအိမ်ရောက်တော့ ကိုဆောင်းက အရှေ့ကတက်သွားပြိး အိမ်တံခါးကိုဖွင့်လိုက်သည်။ အထဲမှာအိပ်နေသည့် ထွေးခင်က ငုတ်တုတ်ကြီးထိုငနေသည်။

“အော်၊ နင်တို့က ငါ့ကိုထုတ်ဖို့ ငတိုးကိုသွားခေါ်လာကြတယ်ပေါ့ ဟုတ်လား”

အဘတိုးကိုတောင် ငတိုးဟုခေါ်သည်။ ထိုသရဲကြီးက သူတို့ခေါ်လာသည့်သူအား မည်သူမည်ဝါဆိုသည်ကိုပါ သိနေသဖြင့်အလွန်ထူးဆန်းလှသည်။ အဘတိုးလဲ အိမ်ပေါ်သို့တက်သွားပြီးနောက်

“ဟဲ့ မကောင်းတဲ့သရဲ၊ နင့်ပုံရိပ်အမှန်ကိုပြဟဲ့”

မထွေးခင်က ဘာမှမပြောဘဲ ငုတ်တုတ်ကြီးထိုင်နေသဖြင့် အဘတိုးက ဒေါ်သထွက်သွားပြီး ဆေးကြိမ်လုံးကို လေတွင်ဝှေ့နေသည်။ ဆေးကြိမ်လုံးမှာ တရွှမ်းရွှမ်းနှင့် လေပေါ်တွင်မြည်နေတော့မှ ထိုသရဲကြီးက

“ကြောက်ပါပြီ၊ မရိုက်ပါနဲ့”

“ဒါဆိုနင့်ပုံကိုပြဟဲ့”

ထိုအခါ သရဲကြီးက ကိုဆောင်းကိုလှမ်းကြည့်ပြီး

“အကို၊ ကျွန်မကို ဒီလူကြီးတွေ နှိပ်စက်နေပြီ ကယ်ပါအုံး”

ကိုဆောင်းလဲ သနားမိသွားသည်။ မထွေးခင်က ငိုယိုနေပြီးတော့သူ့ကိုလှမ်းခေါ်နေသည်။ ရပ်ကွက်လူကြီးက ကိုဆောင်းလက်ကိုဆွဲလိုက်ပြီးနောက်

“ဟေ့ကောင်သတိထား၊ အဲဒါမင်း မိန်းမထွေးခင်မဟုတ်ဘူးနော်၊ ထွေးခင်ဘာဖြစ်သွားလဲဆိုတာကို မင်းလဲအသိပဲမဟုတ်လား”

ထိုတော့မှ ကိုဆောင်းလဲ အသိစိတ်ကပ်သွားပြီး

“ဟဲ့ သရဲ၊ နင်ကငါ့မိန်းမမဟုတ်ဘူး၊ ငါ့မိန်းမက သေပြီ၊ သေပြီကွ”

ထိုသို့ပြောလိုက်သည့်အခါ အဘတိုးက ကြိမ်လုံးနှင့် မထွေးခင်ခေါင်းကို ရိုက်ထည့်လိုက်ရာ ဝုန်းခနဲ အသံမြည်ပြီးနောက် မထွေးခင်မှာ ကြမ်းပေါ်သို့လဲကျသွားသည်။ လဲကျသွားသည့်အခါတွင် သူ့တစ်ကိုယ်လုံး အနက်ရောင်အမွှေးရှည်ကြီးများဖြစ်ပေါ်လာပြီးနောက် အနက်ရောင်အကောင်ကြီးတစ်ကောင်ဖြစ်သွားကာ မျက်လုံးကြီးတွေက လက်ဝါးလောက်ရှိပြီး ဝိုင်းစက်ကာ နီရဲနေသည်။ ထိုအကောင်ကြီးက မြေပေါ်တွင် မလှုပ်မယှက်ဖြစ်နေသည်ကို လူအများဝိုင်းကြည့်နေကြသည်။
အဘတိုးက ကြိမ်လုံးနှင့်ရိုက်မည်ပြုလိုက်ရာ ထိုအကောင်ကြီးမှာ ခုန်ထွက်ပြီး ဘောလုံးကြီးလိုဖြစ်ကာ အိမ်အတွင်းပျံဝဲနေသည်။ အဘတိုးလဲ နည်းမျိုးစုံစမ်းသပ်ကြည့်သော်လည်း ထိုအကောင်ကြီးကို ချုပ်မရပေ။

“ကျုပ်ပြောတယ်၊ ဒီကောင်ကြီးက အစွမ်းထက်တော့ အင်းစောင့်၊ ဆေးစောင့်တွေတောင် မချုပ်နိုင်ဘူး၊ကဲလူကြီးရေ ဘုန်းကြီးကျောင်းက သင်္ကန်းစတစ်စ သွားတောင်းဗျာ၊ ဆရာတော်တွေ ဝတ်ထားတဲ့သင်္ကန်းဆိုပိုကောင်းတယ်”

အဘတိုးပြောသဖြင့် သင်္ကန်းစတစ်စသွားအလှူခံပြီး ရပ်ကွက်လူကြီးပြန်ပြေးလာသည်။ အဘတိုးလဲ သင်္ကန်းစကို မန်းမှုတ်ပြီး လေပေါ်ပစ်တင်လိုက်တော့မှ ထိုအကောင်ကြီးက သင်္ကန်းစနှင့်ပတ်မိပြီး အလုံးကြီးဖြစ်သွားကာ အောက်သို့ပြုတ်ကျလာသည်။

“ကဲပြောစမ်း၊ မင်းဘယ်သူလဲ”

“ကျုပ်၊ ကျုပ်က ငဆွေပါ၊ ကမ်းနားက ညောင်ပင်ကြီးမှာနေပါတယ်”

“အင်း ငါသိပြီ၊ မင်းက အဲဒီနားက ဖြတ်သွားတဲ့လူတွေကို ခဏခဏဖမ်းစားတတ်တာမို့လို့မင်းငါ့ကိုသိနေတာမဟုတ်လား၊ ရပ်ကွက်လူကြီးရေ ဒီကောင်ကြီးက နှစ်ပေါင်းရာချီကျော်နေပြီဖြစ်တဲ့ သရဲကြီးဗျ၊ ခဏခဏကလေးတွေဖမ်းစားလိုက်၊ လူတွေဖမ်းစားလိုက်နဲ့လုပ်နေလို့ ကျုပ်ခဏခဏထုတ်ပေးရဖူးတယ်”

“ကြောက်ပါပြီ၊ ကျုပ်ကို ပြန်လွှတ်ပေးပါဗျာ”

“အေး၊ မင်းအရင်ကလဲ ဒီလိုပြောခဲ့တာပဲ၊ မင်းကို နောက်မဖမ်းစားရဘူးလို့ ငါမပြောထားဘူးလား”

“ကြောက်ပါပြီဗျ၊ ဒီထဲကနေထုတ်ပေးပါ၊ အဲဒီနေ့က မနက်ပိုင်း မြစ်မင်းသားသင်္ဘောမှောက်ပြီးတော့ သူ့မိန်းမထွေးခင်က သေပြီးတော့ကျုပ်အပင်အောက်ရောက်လာတယ်၊ ဒါနဲ့ကျုပ်လဲ သူ့ကိုညောင်ပင်မှာချုပ်ထားခဲ့ပြီးတော့ သူ့ယောင်ဆောင်ပြီးတော့ သူ့ယောက်ျားဆီလာခဲ့တာ၊ ပထမတော့ သူ့ယောက်ျားကိုပါ စားမလို့ပါပဲ၊ သူ့ယောက်ျားက လက်ဦးသွားတယ်၊ တောက်”

အဘတိုးက ကိုဆောင်းကိုလှည့်ကြည့်လိုက်ပြီး

“မင်းအဲဒီအထုပ်ကြီးကိုယူသွား၊ ပြီးရင် အဲဒီညောင်ပင်ကြီးမှာပဲ ပြန်ချိတ်ပေးထားလိုက်”

ကိုဆောင်းလို သရဲမကြောက်တတ်တဲ့သူတောင် သင်္ကန်းထုပ်ကြီးကို ယူဖို့လက်တွန့်နေသည်။

“ဘာမှမဖြစ်ပါဘူးကွာ၊ ဒီကောင်အန္တရာယ်မပြုနိုင်တော့ပါဘူး”

ထိုတော့မှ အထုပ်ကြီးကိုဆွဲယူလိုက်သည်။ အထုပ်ကြီးက အလွန်လေးလံလှသည်။

“ကဲ ငဆွေ ငါပြောမယ်၊ မင်းကိုလဲ ငါလွှတ်ပေးမယ်၊ မင်းသူ့မိန်းမရဲ့ဝိညာဉ်ကို ပြန်လွှတ်ပေးလိုက်၊ နောက်ထပ်ထပ်လုပ်တာကြားလို့ကတော့ မင်းဒီထက်နာမယ်မှတ်”

အဘတိုးကြိမ်းမောင်းလိုက်ပြီးတော့ ကိုဆောင်းလဲ ဆိုက်ကားနှင့်ထွက်ခဲ့ပြီး ထိုအထုပ်ကြီးကို သူအိပ်နေကြ သူတို့ဆိုက်ကားဂိတ်ထိုးနေကျ ညောင်ပင်ကြီး၏ အကိုင်းတစ်ကိုင်းတွင် ချိတ်ထားပေးလိုက်သည်။ ကိုဆောင်းလဲ ကြောက်ကြောက်နှင့် ထိုအပင်ကြီးဆီမှ အပြေးထွက်လာခဲ့သည်။

နောက်တစ်နေ့ပဲ မထွေးခင်ကိုမြေချပြီးတော့ နာရေးကိစ္စတွေလုပ်ပေးရသည်။ ထိုနောက်ပိုင်းကစပြိးတော့ ကိုဆောင်းလဲ ညဘက်ဆိုက်ကားထွက်မဆွဲရဲတော့သလို အခြားဆိုက်ကားသမားများလဲ ညဘက်ဆို ညောင်ပင်ကြီးအောက်မသွားရဲကျတော့ပေ။ တစ်နှစ်ခန့်ကြာသော် ကိုဆောင်းလဲ တစ်ပင်လဲမူတစ်ပင်ထူဟူသည့် ဆိုရိုးအတိုင်း အောက်ပြည်အောက်ရွာမှ အမျိုးသမီးတစ်ဦးနှင့် အကြောင်းပါပြီးနောက် ထိုမြို့ကလေးမှ ထွက်ခွာသွားတော့သည်။ သူနှင့် မထွေးခင်နေထိုင်ခဲ့သည့် အိမ်ကိုရောင်းဖို့အတွက်စီစဉ်ခဲ့သော်လည်း ရပ်ကွက်ထဲတွင် သတင်းများပြန့်နေသဖြင့် မည်သူမှ မနေချင်ကြသလို၊ မည်သူမှလဲ မဝယ်ချင်ကြပေ။

အခုတော့ ထိုမြို့ကလေးလဲ စည်ကားနေပြီ၊ ကားလမ်းတွေပေါက်ပြီး ခရီးသွားလာရေးအတွက်လဲ ရေလမ်းကြောင်းကို အဓိကထားအားမကိုးတော့ပေ။ သို့သော်လည်း ထိုနေရာတွင် ဆိပ်ကမ်းကြီးရှိနေသေးပြီး သင်္ဘောများဆိုက်ကပ်နေလေ့ရှိသညည်။ ထိုဆိပ်ကမ်းကြီးနှင့် မနီးမဝေးမှာလဲ နှစ်ချို့နေသည့် ကြီးမားသည့် ညောင်ပင်ကြီးတစ်ပင်လဲ ရှိနေပါသေးသည်။

ပြီးပါပြီ။
စာဖတ်သူတစ်ဦးတစ်ယောက်ချင်းဆီအား အစဉ်လေးစားလျှက်

Leave a Reply

Your email address will not be published. Required fields are marked *