ရှိမာန … မရှိမာန

ရှိမာန … မရှိမာန
တင်ညွန့်

ကျွန်တော်နှင့် သူငယ်ချင်းဖြစ်သူ ခင်သိန်းတို့ မန္တလေးမှ ကားနှင့်ပြန်လာကြသည်။ ကျွန်တော်က ကားနောက် ခန်းတွင် ထိုင်ရင်း စာဖတ်ရန်ဖြစ်သော်လည်း ခင်သိန်းက စကားပြောလိုသောကြောင့် ရှေ့ခန်းကိုခေါ်သဖြင့် ရှေ့ခန်းတွင် လိုက်ရသည်။ ကျွန်တော်က ကားကြုံလိုက်သူ။

“ငါအိပ်ငိုက်မှာ စိုးလို့ပါကွာ” ဟု သူကဆိုသည်။

အမြန်လမ်းတွင် အိပ်မငိုက်ရန် အရေးကြီးသည်။ အိပ်ငိုက်လိုက်လျှင် သူရော ကျွန်တော်ပါ ကိစ္စချောနိုင်သဖြင့် သူပြောသည့်အတိုင်း သူ့ဘေးတွင်ထိုင်ပြီး စကားတွေ ပြောလာရသည်။

တစ်နေရာတွင် သူက ကားကို ခေတ္တရပ်လိုက်သည်။

“ဟေ့ကောင် ကျန်းမာရေးလေး ဘာလေး လုပ်ဦးကွ”

ကျွန်တော်က အပေါ့မသွားချင်သော်လည်း အညောင်းပြေ အညာပြေ ကားပေါ်ကဆင်းလိုက်ပါသည်။ လမ်းဘေး ကုက္ကိုပင်ကြီးအောက်တွင် ကွမ်းယာဆိုင်လေးတစ်ဆိုင်ရှိသည်။ သူက မအိပ်ချင်အောင်ဆိုကာ ကွမ်းသွား ဝယ်သည်။

ကွမ်းယာဆိုင်ဘေးတွင် အဘိုးအိုတစ်ယောက်သည် တောင်းလေးတစ်တောင်းနှင့် ထိုင်နေသည်။ ခင်သိန်းက စူးစမ်းသည့် အနေဖြင့် အဘိုးအိုထံသွားကာ

“အဘ … ဘာရောင်းတာလဲ”

“တောကြက်ဥလေးတွေပါကွယ်”

ခင်သိန်းက ကြက်ဥတစ်လုံးကို ကိုင်ကြည့်လိုက်ရင်း

“ဟေ့ ကျောင်းဆရာ … လာစမ်းပါဦး … ဒါတောကြက်ဥ စစ်ရဲ့လား”

ကျွန်တော်ကလည်း သူ့အနီးသွားကာ တောင်းထဲရှိ ကြက်ဥများကို ကြည့်လိုက်ပြီး

“စစ်ပါတယ် … သေးသေးလေးတွေပဲ … အဘ ဘယ်ကရခဲ့တာလဲ”

“တောထဲ မျှစ်ချိုးရင်းနဲ့ ရခဲ့တာ”

“ဘယ်နှလုံးတောင်လဲ”

“၁၂ လုံး”

ကိုခင်သိန်းက အဘိုးကြီးကို ကြည့်လိုက်ပြီး

“တစ်လုံးဘယ်လောက်လဲအဘ”

“တစ်လုံး ၁၀၀ ပဲပေးပါ”

“များတာပေါ့ … ၅၀ ရမလား … အားလုံး ယူလိုက်မယ်”

“မရပါဘူးကွယ်”

“၅၀ ရရင် တောင်းပါ ဝယ်သွားမယ်”

“မရပါဘူး”

ကျွန်တော်က ခင်သိန်းကို စိတ်ပေါက်လာသဖြင့်

“မင်းကွာ အဘကို ဈေးမဆစ်ပါနဲ့ … အဘကို တောင်းပါ ၂၀၀၀ လောက် ပေးလိုက်ပါကွာ … ဘယ်လိုလဲ အဘ အားလုံးကို ၂၀၀၀ ဆိုရင် ရောင်းပေါ့နော်”

“ကဲ … သနားလို့ ၁၀၀၀ တော့ပေးလိုက်မယ် … ဘယ်လိုလဲ ရောင်းမှာလား”

“သနားလို့ဝယ်တယ်ဆိုတာတော့ မလုပ်ပါနဲ့ ဆရာတို့ … ကျုပ် တန်ရာတန်ကြေးအတိုင်း ရောင်းပါတယ် … ကြိုက်မှဝယ်ပါ”

“အောင်မယ် အဘိုးကြီးက အလာကြီးပဲ … ၁၀၀၀ ရမှာလား မရဘူးလား”

ကျွန်တော်က ခင်သိန်းကို ဆွဲလိုက်ပြီး

“ဟေ့ကောင် … ဝယ်နိုင်ရင်ဝယ် … မဝယ်နိုင်ရင် မဝယ်နဲ့ … လာသွားမယ်”

ကျွန်တော်က သူ့ကို ကားဆီဆွဲခေါ်လာခဲ့သည်

“အဘိုးကြီးကွာ … လူပါးဝလို့”

“အဲဒါ လူပါးဝတာ မဟုတ်ဘူးကွ … ပစ္စည်းမဲ့မာနခေါ်တယ် … မင်းကြိုက်ရင်ဝယ် … မကြိုက်ရင် မဝယ်နဲ့ … နောက်ပြီး အသုံးဝင်ရင်ဝယ် … မဝင်ရင် မဝယ်နဲ့ … ငါတော့ အဘိုးကြီးရဲ့ မရှိ မာနကိုကြိုက်တယ်”

“မဝယ်ဘူးကွာ … အလကားပေးတောင် မယူဘူး”

“မင်းကို ဟိုက အလကားလည်း မပေးပါဘူး”

ကျွန်တော်တို့ ကားဆက်ထွက်ခဲ့ကြသည်။

၁၁၅ မိုင်ရောက်သည့်အခါတွင် ကျွန်တော်တို့ ထမင်းစားကြရန် ဆိုင်တစ်ဆိုင်ကို ဝင်လိုက်ကြသည်။

“ဟေ့ … အထူးခန်းကို သွားမယ်”

“ဟေ့ကောင်ရာ အပြင်မှာ ထိုင်ပြီးမှာစားလည်း ရတာကို”

“အေးအေးဆေးဆေးစားချင်တယ်ကွာ”

သူက ဘီယာတွေလည်းမှာ သောက်သည်။ မလိုအပ်သည့် ဟင်းတွေလည်းထပ်မှာသည်။

“ဟေ့ … ငါကသိပ်မစားနိုင်ဘူး … မင်းကုန်အောင်စားနိုင်လို့လား”

“မစားလည်း ဘာဖြစ်သလဲကွ … လူအထင်ကြီးအောင် မှာရတာ”

“မလိုပါဘူးကွာ … မင်းဘာသာ ဘယ်လောက်မှာမှာ … မင်းကို ဘယ်သူက အထင်ကြီးမှာလဲ”

အားလုံးရှင်းသည့်အခါတွင် ၃၈၀၀၀ ကျပ်ဖြစ်သည်။ ခင်သိန်းက ပြေစာလာပြသည့် ကောင်မလေးကို တစ်သောင်းတန် လေးရွက်ထုတ်ပေးလိုက်ပြီး

“ပြန်မအမ်းနဲ့တော့” ဟု ဟန်ပါပါလက်ကလေးပြပြီး ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်”

ကလေးမလေးက ရိုသေစွာပြောပြီး ပြန်ထွက်သွားသည်။

“ခင်သိန်း”

“ဘာလဲကွ”

“စောစောက တောထဲမှာ ကြက်ဥရှာလာတဲ့ အဘိုးကြီးကို ၂၀၀၀ ပေးဖို့တော့ မင်းကနှမြောတယ်နော် … ခုတော့ ငွေ ၂၀၀၀ ပိုတာကို ဂရုတောင်မစိုက်ဘူးပေါ့ … ဟုတ်လား”

“အေးလေ … မတူဘူးကွ … ငါလည်း ပစ္စည်းရှိမာနတော့ ထားတတ်တယ် … ငါသဘောကျရင် ကြိုက်ရင် မနှမြောဘူး … သဘောမကျရင် မကြိုက်ရင် ၁၀၀ ကအစ နှမြောတယ်”

သူလည်း ရှိမာနနှင့်ပါလား။ သို့သော် ခင်သိန်းစိတ်ဓာတ်နှင့်မာနကိုတော့ ကျွန်တော်မနှစ်သက်။

မည်သို့ဆိုစေ ထိုသို့သောသူတွေက ချမ်းသာနေကြသည်တော့အမှန်။
▪️▪️▪️
တင်ညွန့်
၁၇.၁၁.၂၀၁၉

Leave a Reply

Your email address will not be published. Required fields are marked *