ဒေါသ


တင်ညွန့်
ရဟန်းတစ်ပါး ဆွမ်းခံကြွလာသည်။

ရွာထဲကလူတွေ ဆင်းရဲကြသည်။ တစ်မိုင်ခန့် ရှည်လျားသော ရွာတန်းရှည်၏ ထက်ဝက်ခန့်ကို ရောက်လာ သော်လည်း ဆွမ်းထွက်လောင်းမည့်သူ တစ်ဦးမျှ မရှိသေး။ ရဟန်းက ဆွမ်းခံဆက်ကြွနေသည်။

တစ်နေရာ အရောက်တွင်

“ရပ်တော်မူပါဦးဘုရား” ဟု အော်သံကို ကြားလိုက်ရသဖြင့် ရဟန်းက ဆွမ်းရပ်လိုက်သည်။

အိမ်ကြီးအိမ်ကောင်းထဲက အသံဖြစ်သည်။ မကြာမီ ထိုအိမ်ထဲက လူတစ်ယောက် ထွက်လာသည်။ လက်ထဲတွင် ဆွမ်းဗန်းကို ကိုင်လာသည်။

ရဟန်းအနီးကို ရောက်လာလျှင် သပိတ်ကို ဖွင့်ပေးလိုက်သည်။

ထိုသူက ရဟန်း၏ သပိတ်ထဲကို ဆွမ်းနှင့် ဟင်းကို လောင်းထည့်ပေးလိုက်ပြီး လက်အုပ်ချီလိုက်သည်။ ရဟန်းက ဆုပေးသည်။

ရဟန်းက ဆက်ပြီး ဆွမ်းခံကြွမည်ပြင်စဉ် ထိုသူက

“အရှင်ဘုရား ရပ်တော်မူပါဦးဘုရား … အရှင်ဘုရားကို မေးလျှောက်စရာ ရှိလို့ပါဘုရား”

ရဟန်းက ရပ်လိုက်သည်။

“ဘာများ မေးလိုပါသနည်း”

“အရှင်ဘုရား … လူတွေ ဘာကြောင့် တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်နေကြသလဲဘုရား”

ရဟန်းက ထိုစကားကို ချက်ချင်းမဖြေပါ။ စဉ်းစားနေဟန်တူသည်။ ထို့နောက် တစ်လုံးချင်း ပြန်ပြောလိုက်သည်။

“ဒကာကြီး ဦးဇင်းက ဆွမ်းခံကြွလာတာပါ။ ဒကာကြီးရဲ့ အဓိပ္ပာယ်မရှိတဲ့ မေးခွန်းကို ဖြေဖို့မဟုတ်ပါဘူး”

ရဟန်း၏ ဖြေသည့်စကားကို ကြားလိုက်လျှင် မေးသူက အလွန်စိတ်ဆိုးသွားကာ မျက်နှာပျက်သွားသည်။ သို့သော် ထိုသူက မရမက ဆက်မေးသည်။

“အရှင်ဘုရား ဘယ်လိုများ ဖြေလိုက်တာလဲဘုရား။ တပည့်တော် မေးတဲ့ မေးခွန်းက အဓိပ္ပာယ်မရှိဘူးတဲ့လား။ အရှင်ဘုရားကို လှူတဲ့ ဆွမ်းကိုမျှမထောက် ပြောရက်လိုက်တာ …”

ထိုလူက ရဟန်းကို ပြစ်တင်ဝေဖန်မှုတွေ များစွာလုပ်ပြီး အမျိုးမျိုးပြောနေသော်လည်း ရဟန်းသည် ထွက်လည်း မသွား၊ ငြိမ်ပြီး နားထောင်နေသည်။ သူ့ဒေါသစကားတွေကိုလည်း တစ်လုံးမျှ ခွန်းတုံ့ပြန်ခြင်းမရှိ။

ထိုသူ ရပ်သွားချိန်မှ ရဟန်းက

“ဒကာကြီး … ဒကာကြီးမေးတဲ့ မေးခွန်းကို ဦးဇင်းက ကောင်းကောင်း ပြန်မဖြေဘဲ မမျှော်လင့်ထားတဲ့ အဖြေကို ပေးလိုက်တော့ ဒကာကြီး စိတ်ဆိုးသွားတယ် မဟုတ်လား။ စိတ်ဆိုးလွန်းလို့ ဒေါသထွက်ပြီး ဦးဇင်းကို အော်ဟစ် ကြိမ်းမောင်းတဲ့အထိ လုပ်လာတယ်နော်။ ဒကာကြီး မေးတဲ့ မေးခွန်းကို ဦးဇင်း ဖြေပြီးသွားပါပြီ”

“တပည့်တော် မေးတဲ့ မေးခွန်းကို အရှင်ဘုရား ဘယ်မှာ ဖြေရသေးလို့လဲ။ မလိမ်ပါနဲ့ဘုရား။ ရဟန်းဖြစ်ပြီး လိမ်ပြောတာ မကောင်းပါဘူး”

“ဒကာကြီး မေးတဲ့ မေးခွန်းကို ပြန်ကောက်ရအောင်။ ဒကာကြီးက မေးတယ်နော် … လူတွေ ဘာကြောင့် တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်ကြသလဲလို့”

“မှန်ပါ့ဘုရား”

“တကယ်လို့ ဒကာကြီးက စိတ်ဆိုးဒေါသထွက်ပြီး ပြောချင်ရာ ပြောနေတာတွေကို ဦးဇင်းကလည်း စဉ်းစား ဆင်ခြင်ခြင်းမရှိ၊ ဒကာကြီးလိုပဲ စိတ်ဆိုး ဒေါသထွက်ပြီး ခွန်းတုံ့ပြန်လိုက်ရင် တစ်ယောက်နဲ့ တစ်ယောက် ကြားမှ တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာတော့မှာပေါ့။ အမှန်တော့ ဒေါသဟာ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ခြင်း၊ ရန်ဖြစ်ခြင်းရဲ့ အဓိက တရားခံပဲ။ ဒေါသတွေ ထွက်လာပြီဆိုရင် မလုပ်သင့်၊ လုပ်သင့်ဆိုတာ တွေ နားမလည်တော့ဘူး။ လုပ်ချင်တာတွေ လုပ်ကုန်ကြရော။ အဲဒါ ဒေါသကြောင့် ဖြစ်ရတာ။ ဒကာကြီး ဒေါသထွက်နေတာကို ဦးဇင်းက ရပ်ကြည့်နေလိုက်တော့ ဒကာကြီးတစ်ယောက်တည်း အရူးတစ်ယောက်လို ပြောနေတာ မဖြစ်နေဘူးလား။ မတိုက်ခိုက်ချင်ရင်၊ ရန်မဖြစ်ချင်ရင် စဉ်းစားဆင်ခြင်လိုက်ပါ။ မတုံ့ပြန်သင့်ဘဲ တုံ့ပြန်နေရင် သူလည်း အကျိုးမရှိ၊ ကိုယ်လည်း အကျိုးမဲ့ဖြစ်တတ်တယ်။ ဒကာကြီး လှူလိုက်တဲ့ အလှူကို ဦးဇင်းက အကျိုးမဲ့ မဖြစ်စေချင်ပါဘူး။ ဒါကြောင့်လည်း ပြန်မပြောတာပေါ့။ ငြိမ်းချမ်းချင်ရင် ဒေါသကို ထိန်းရတယ်။ ဒေါသကို ထိန်းနိုင်တဲ့တစ်နေ့ အလိုလို ငြိမ်းချမ်းသွားလိမ့်မယ်။ ဒေါသကို ထိန်းနိုင်ရန် တိုက်ခိုက် ရန်လိုစိတ်တွေလည်း ပျောက်သွားလိမ့်မယ်”

ရဟန်းက ဆက်ပြောသည်။

“သူ့ဒေါသကို ကိုယ့်ဒေါသ မဖြစ်အောင် ထိန်းပါ ဒကာကြီး။ တိုက်ခိုက်တုံ့ပြန်တိုင်း ကောင်းတာမဟုတ်ပါဘူး။ အဲဒါ ကိုယ့်စွမ်းအားကို ဖြုန်းတာပါ။ သတိနဲ့ အသိက ငြိမ်းချမ်းမှုကို ပေးတယ်။ ပိုပြီးတော့လည်း အားရှိတယ်”

ရဟန်းက ဆွမ်းခံ ဆက်ကြွသွားသည်။

တင်ညွန့်
၁၂.၉.၂၀၂၄

Leave a Reply

Your email address will not be published. Required fields are marked *