နားထိုင်းရွာကျောင်း (ဝတ္ထုတို)
ရာသီဥတုနှင့် နယ်မြေအနေအထားကြောင့်ထင်သည်။
သို့သော် သူ့နည်းသူ့ဟန်နှင့် အဆင်ပြေနေကြသည်သာဖြစ်သည်။
ကျောင်းတက်ပြီ။
ဆရာမက ခေါင်းလောင်းထိုးသည်။ ခေါင်းလောင်းသံကို သူတို့မကြား။
သို့သော် ခေါင်းလောင်း အဖြစ်သတ်မှတ်ထားသည့် အမြောက်ဆန်အခေါင်းနှင့် ဆက်ထားသော ကြိုးက ကျောင်းဘေးရှိ မာလကာပင်ကို လှုပ်လျှင် ကျောင်းတက်ပြီ။
ကျောင်းတက်လျှင် ကျောင်းထဲကို ဆရာမက ရောက်လာသည်။
ဘုရားခန်းတွင် နေရာယူသည်။
ကျောင်းသား အားလုံး ဘုရားရှိခိုးသည်။
ဆရာမက
“ကဲ … အားလုံးလိုက်ဆို … ဩကာသ … ဩကာသ”
ကျောင်းသားတွေကလည်း နားမကြား
“အဟံ ဘန္တေ …” ရောက်နေပြီ
ဆရာမက
“နမော တဿ” တုန်းရှိသေးသည်
ကျောင်းသားတွေက
“ပါဏာတိပါတာ”
သို့သော် သူတို့ကျောင်းကြီး၏ နေ့စဉ်ဘဝတွင် သူ့နည်းသူ့ဟန်နှင့် ဘုရားရှိခိုးလည်း ပြီးသွားသည်။
“ကဲ … မြန်မာဖတ်စာအုပ်ဖွင့်”
ကျောင်းသားတွေက ဆရာမကို ကြည့်နေသည်။ ဆရာမက စာအုပ်ကိုင် … လိုက်ကိုင်။
စာအုပ်ဖွင့် … လိုက်ဖွင့်ရုံသာပင်။
“လိုက်ဆို”
ဆရာမက ဆိုချင်ရာ ဆိုသည်။
ကျောင်းသားတွေက အော်ချင်ရာ အော်သည်။
ထိုအချိန်တွင် မမျှော်လင့်စွာဖြင့် ပညာဝန်မင်းက ကျောင်းစစ်ရောက်လာသည်။
ကျောင်းပေါ်ကို ခေါင်းပေါင်းနှင့် ခံ့ညားစွာတက်တော်မူလာသော ပညာဝန်ကို ဆရာမလေးက အံ့အားသင့် စွာဖြင့်
“အလို ဝန်မင်းကြွလာသကိုး … အကြောင်းမကြားဘာမကြား”
ဝန်မင်းက စိတ်ဆိုးစွာဖြင့်
“ဟေ့ … ငါ့အတွက် ဘာမှစားသောက်ဖို့ လုပ်စရာမလိုဘူး … ကဲ ကျောင်းမှတ်တမ်းတွေ ကြည့်မယ်”
“ဒီမှာ ထမင်းသုံးဆောင်မှာလားရှင့်”
“ဘာ … အဆင်သင့်မဖြစ်သေးဘူး … ဟုတ်လား … ကျောင်းဖွင့်တာ သုံးလရှိသွားပြီ … ဘာတွေ လုပ်နေသလဲ”
“ဟုတ်ကဲ့ … ဒါဆိုရင် ရုံးခန်းထဲ ကြွတော်မူပါ … ကျွန်မ စားသောက်ဖို့ စီစဉ်ခိုင်းလိုက်ပါ့မယ်”
ဝန်မင်းကို နေရာချပြီး ဆရာမလေးက ကျောင်းသားကြီး တစ်ယောက်ကို ခေါ်လိုက်သည်
“ဟဲ့ … မောင်ထူး လာစမ်း”
မောင်ထူးက သူ့တည့်တည့်ကို လက်ညှိုးထိုးပြီး လက်ပြခေါ်နေသောကြောင့် ဆရာမထံ ပြေးလာသည်။
“ဟဲ့ မောင်ထူး … သား … မင်းအိမ်ကို သွားပြော … ပညာဝန်နဲ့ ဧည့်သည် သုံးယောက် ရောက်နေတယ်လို့ … အဲဒါ ထမင်းစားဖို့ ပြင်ထားပါလို့”
“ဟုတ်ကဲ့ဆရာမ … ဟိုနွားထီးကြီးကို ကျောင်းအောက်မှာလား … ဟုတ်ကဲ့ ဆရာလေးကို အပါခေါ်ခဲ့ပါမယ်”
မောင်ထူးက ရွာဘက်ကို ပြေးထွက်သွားသည်။ ဆရာမလေးက ရုံးခန်းထဲကို ပြေးဝင်လာပြီး
“ဝန်မင်းရှင့် … အားလုံး စီစဉ်ခိုင်းလိုက်ပါပြီ”
“ကဲ … ဘယ်မှာလဲ … ကျောင်းဖွင့်လှစ်ရေးအတွက် စီမံချက် … ဘာမှရေးထားတာ မရှိဘူး … စာရွက်တွေပဲ တွေ့တယ်”
ပညာဝန်က စိတ်ဆိုးစွာဖြင့် ဖိုင်တွဲကို လွှင့်ပစ်လိုက်သည်။ ဆရာမလေးက ကြောက်ရွံ့စွာဖြင့်
“အဲဒါ … ပညာဝန်ရုံးက ထုတ်ပေးထားတဲ့ စာရွက်တွေနဲ့ ဖိုင်တွဲတွေပါပဲရှင့် … ကျွန်မ တစ်ခုမှ ရောင်းမစားပါဘူး … ဗီရိုထဲမှာ အကုန်ရှိပါတယ်”
ဆရာမလေး ဗီရိုကိုဖွင့်ပြသည်။
ပညာဝန်က ကြည့်လိုက်ပြီး
“ဒီဗီရိုက ရုံးကထုတ်ပေးမှန်း ကျုပ်သိတယ် … ဒါကို စံချိန်စံညွှန်းနဲ့ မညီဘူးလို့ ပြောရအောင် … ဆရာမက အထက်ကနေ ဗီရိုတစ်လုံးအတွက် ဘယ်လောက်ချပေးထားသလဲဆိုတာ သိလို့လား”
“ဝန်မင်းရှင့် … ကျွန်မ တစ်ယောက်တည်း တစ်ကျောင်းလုံးကို လှည့်ပတ်သင်နေရတာပါ … အဲဒါ ဆရာ တစ်ယောက်လောက် နောက်ထပ်အမြန်ဆုံး ထောက်ပံ့ပေးဖို့ …”
ဆရာမလေးက လက်ညှိုးတစ်ချောင်းထောင်ပြီး ပညာဝန်ကိုပြသည်။
ပညာဝန်က စိတ်ဆိုးပြီး
“ဘာ … ဆရာမက လက်ညှိုးမကောင်း … လက်ညှိုး … လက်မ, မကောင်း … လက်မ … ဟုတ်လား … နေစမ်း ပါဦး … မေးစမ်းပါရစေ … ခင်ဗျားက ဘာလဲ … ခင်ဗျားအဆင့်က ဘာလဲ … ကောင်းပြီ … လိုအပ်တာတွေ လစာထုတ်ဆင်းရင် အကုန်ယူခဲ့ … ရုံးမှာ ခင်ဗျားကို ပီအီးဖွဲ့စစ်မယ်”
ပညာဝန်က စိတ်ဆိုးစွာ ရုံးခန်းထဲမှ ထွက်သည်။ ဆရာမလေးက အပြေးလိုက်ပြီး
“ဝန်မင်းရှင့် ထမင်းစားဖို့ စီစဉ်ထားပြီးပါပြီ” ဟုပြောသည်။
“ကျုပ်ကို ဒီလိုပြောလို့ မရဘူးလေ … ဝန်မင်းဆိုပြီး အလကားနေတာမဟုတ်ဘူး … ကျေးလက်တောရွာ အရောက် ဆင်းကြည့်နေတာ အလကား လုပ်နေတာ မဟုတ်ဘူး … ခုမှ မျက်ရည်ခံ ထိုးမနေနဲ့”
ဝန်မင်းက ကျောင်းပေါ်မှ ဆင်းမည်အပြုတွင် လူတစ်ယောက်နှင့် မောင်ထူးပြန်လာသည်။ မောင်ထူးက
“ဆရာမ … တိရစ္ဆာန်ဆရာလေးကို ခေါ်လာပြီ”
တိရစ္ဆာန်ဆရာလေးက
“ကဲ … ဆရာမ … ပြော … ဘယ်နွားကို သင်းရမှာလဲ”
ဆရာမလေးက ပညာဝန်ကို လက်ညှိုးထိုးရင်း
“ကြည့်ပြောပေးပါဦးရှင် … ထမင်းမစားဘဲ သွားတော့မလို့တဲ့”
တိရစ္ဆာန်ဆရာဝန်လေးက
“ဟာ … ဆရာမ … ကျွန်တော် နွားပဲ ဂွေးသင်းတာ … လူကို မလုပ်ဘူး”
ပညာဝန်က တိရစ္ဆာန်ဆရာဝန်လေးကို လက်ညှိုးငေါက်ငေါက်ထိုးရင်း
“ဟေ့ … မင်းလက်ထဲက ညှပ်ကြီးနဲ့ ရုံးခန်းထဲက ဗီရိုကို ဖျက်ရဲဖျက်ကြည့် … ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့် ရှောက်ရေးဥပဒေနဲ့ အရေးယူပြီး ဖမ်းချုပ်မယ်”
တိရစ္ဆာန်ဆရာဝန်လေးက
“ဟုတ်ကဲ့ သားကြောဖြတ်တယ်ဆိုတာ … လူဆိုရင် ဒါနဲ့ မလုပ်ရပါဘူး … ထုံဆေးထိုးပြီး … ဘလိတ် ဒါးလောက်နဲ့ ရပါတယ် … မနာပါဘူးခင်ဗျာ”
ပညာဝန်က ကျောင်းပေါ်မှ စိတ်ဆိုးကာ ဆင်းသွားသည်။ တိရစ္ဆာန်ဆရာဝန်လေးက
“ဆရာမရယ် … စောစောစီးစီးက လူလို့ ဘာဖြစ်လို့ မပြောခိုင်းလိုက်တာလဲ”
ဆရာမလေးက
“စားလာပြီးရင်လည်း စားလာပြီးပြီပြောပေါ့ … ခုတော့ ထမင်းတွေချက်ခိုင်းထားတာ အပိုဖြစ်တော့မှာပဲ … ဒါနဲ့ ရှင်က ကျောင်းကို ဘာလာလုပ်တာလဲ”
ဆရာမလေးက တိရစ္ဆာန်ဆရာဝန်ကို မေးလိုက်သည်
“ဆရာမကျောင်းမှာ နွားဂွေးသင်းရမယ်ဆိုပြီး မောင်ထူးက လာပြောလို့”
“အလိုတော် ကျောင်းမှာ ကျန်းမာရေးပညာပေး လာဟောမယ် ဟုတ်လား”
“နွားမှ မရှိတော့တာ ကျွန်တော်ပြန်မယ်”
“ဟုတ်ကဲ့ … နောက်တစ်ခါ လာဦးနော်”
(တစ်ချိန်က ပညာရေးမှူးများကို ပညာဝန်ဟုခေါ်ကြကြောင်း မှတ်သားရပါသည်)
တင်ညွန့်
၅.၆.၂၀၂၀