+++++++++++++++++++++
ရွာလယ်ရှိ ဒေါ်စိန်ညွန့်အိမ်ရှေ့ ခြံဝိုင်းထဲမှာတော့ လူတွေကြက်ပျံမကျစည်ကားနေခဲ့တယ်။ ဆိုင်းဝိုင်းကနေ စည်းချက်ညီညီထွက်လာတဲ့ ဆိုင်းသံဗုံသံတွေကြားထဲမှာ မိတ်ကပ်တွေအဖွေးသား လူးထားတဲ့ လူတစ်ယောက်က ပျော့ပျောင်းလှတဲ့လက်တွေကို ယိမ်းနွဲ့ကပြနေဟန်က ကြည့်ရှုသူတွေကို မပြန်ချင်လောက်အောင် စွဲဆောင်နေခဲ့တယ်။ ထိုသူရဲ့ဦးခေါင်းမှာ ပေါင်းထားတဲ့ ခေါင်းပေါင်းတွေထဲမှာတော့ ကန်တော့ပုံစံလုပ်ထားတဲ့ငွေစက္ကူတွေက ထပ်ထိုးမယ့်နေရာမရှိအောင် ပြည့်ကြပ်နေခဲ့တယ်။
“ အလှရေ… မာမီသိန်း နောက်ဝတ်မယ့် အဝတ်တွေ ထုတ်ထားဦးဟေ့”
မာမီသိန်းရဲ့ လက်စွဲတော် စီစီရဲ့စကားကြောင့် အကအလှမှာငေးမောနေတဲ့ အလှက ကျွန်းသေတ္တာထဲကနေ တောင်ရှည်ပုဆိုး၊ ခေါင်းစည်း၊ ရင်စည်းတွေကို ခေါက်ရာမပျက်အောင်ထုတ်ကာ အသင့်ပြင်ထားလိုက်တယ်။
အလှရဲ့နာမည်ရင်းက အောင်လှ၊ သူတို့လောကမှာတော့ အောင်လှလို့ ဘယ်သူမှမခေါ် အလှလို့သာခေါ်ကြတယ်။
အလှက ပိန်ပိန်ပါးပါး၊ မျက်နှာသွယ်သွယ်နဲ့ မိန်းမချောချောတဲ့သူတစ်ယောက်။ ဆံပင်ကလဲ ကုတ်ဝဲလေးနဲ့ဆိုတော့ ရုတ်တရက်ဆိုရင် မိန်းကလေးလို့ထင်မှားတတ်ကြတယ်။
အလှရဲ့ ရည်မှန်းချက်က မာမီသိန်းလို့ အောင်မြင်တဲ့နတ်ကတော်တစ်ယောက်ဖြစ်အောင်လုပ်ဖို့ပဲ။ ဒါကြောင့် မိဘမောင်နှမတွေ တားနေတဲ့ ကြားထဲက နတ်ကတော်လောကထဲကို ခြေစုံပစ်ဝင်ခဲ့တဲ့သူ။
မာမီသိန်းကလဲ အလှကို အတော်ချစ်ရှာတယ်၊ သူဘယ်သွားသွား အလှကိုရအောင် ခေါ်သွားလေ့ရှိတယ်။ အလှကလဲ မာမီသိန်းရဲ့ အကြိုက်ကို သိတတ်ပြီး ပါးရည်နပ်ရည်ရှိတာကြောင့် နှစ်အနည်းငယ်အတွင်းမှာပဲ မာမီသိန်းရဲ့လက်စွဲဖြစ်လာခဲ့တယ်။
အခုလဲ ကြွက်မြီးတန်းရွာမှာပေးတဲ့ ကန္နားပွဲကို မာမီသိန်းနဲ့အတူလိုက်လာခဲ့တာ ဒီနေ့ဆို သုံးရက်မြောက်နေ့တောင်ရောက်လာပြီ။
မာမီသိန်းရဲ့ထူးခြားချက်ကလဲ ကိုကြီးကျော်ဝင်ရင် တကယ့်ကိုကြီးကျော်အတိုင်း မာန်နဲ့ ဌာန်နဲ့ ကနိုင်သလို၊ မြစိမ်းရှင်တို့ မြနန်းနွယ်တို့ဝင်ရင်လဲ နူးညံ့ပျော့ပျောင်းလိုက်တာမှ မိန်းကလေးအရှုံးပေးရမယ်။ အဟောလား အပြောလား မာမီသိန်းပြောလိုက်ရင် လွဲခဲတယ်။ ကိစ္စတစ်ခုကို မာမီသိန်းက မလုပ်နဲ့ဆိုရင် မလုပ်မိစေနဲ့၊ မာမီသိန်းစကားကို မယုံပဲလုပ်မိလို့ ဘဝပျက်သွားသူတွေဒုနဲ့ဒေး၊ မာမီသိန်းက လုပ်လို့ပြောရင်တော့ မျက်စိစုံမှိတ်ပြီးသာ လုပ်ချလိုက်၊ ဘယ်တော့မှဆုံးရှုံးတယ်ဆိုတာ မရှိဘူး။
ဒါကြောင့်လဲ မာမီသိန်းပါတဲ့ ကန္နားပွဲဆိုရင် လူတွေက တိုးမပေါက်အောင် စည်ကားနေလေ့ရှိတယ်။
တစ်နေ့ခင်းလုံး နတ်ချော့နေရတာကြောင့် မောသွားတဲ့မာမီသိန်းက အလှကမ်းပေးတဲ့ အအေးဘူးကိုဖောက်သောက်ရင်း နသယ်စပ်ကနေ စီးကျလာတဲ့ ချွေးစတွေကို လက်ကိုင်ပုဝါလေးနဲ့သုတ်နေခဲ့တယ်။
“ မာမီသိန်း… ဒီနေ့အတော်ပင်ပန်းမှာပဲနော်၊ အလှ ဘာလုပ်ပေးရမလဲ”
“ နောက်ဆုံးနေ့ဆိုရင် ဒီလိုပါပဲအလှရယ်၊ ညကျရင် အလှကို ပွဲထုတ်ဖို့ ပြောထားတယ်နော်”
“ မဟုတ်တာ မာမီရယ်၊ အလှက တစ်ခါမှကဖူးတာမဟုတ်ဘူး၊ နောက်ပြီး အလှက လိပ်ပြာမလှပါဘူး”
“ အလှကလဲ ဘယ်သူကရော မွေးထဲကတတ်နေလို့လဲ၊ နောက်ပြီး အလှကို ချော့ခိုင်းမယ့် နတ်က အမေးအမြန်းသိပ်မရှိပါဘူး”
“ အမေးအမြန်းမရှိတာ သေချာလို့လား မာမီရယ်၊ အလှက မာမီလိုတာကိုပဲ လုပ်ပေးတတ်တာ၊ သူများတွေမေးရင် မဖြေတတ်ဘူး”
“လာမေးလဲ.. ဘာမှမဖြေနဲ့ ဒီတိုင်း အလိုက်သင့်ကနေလိုက်၊ ပြောမယ်သာ ပြောရသာ ဘယ်သူမှမမေးပါဘူးဆို”
“ ဒါဖြင့် မာမီ အလှကို ချော့ခိုင်းမယ့် နတ်က ဘာနတ်လဲဟင်”
“ မာမီ မိတ်ဆွေတစ်ယောက်က သူ့ရဲ့အိမ်မက်အရ ညောင်ချင်းအိုနတ်ကို ချော့ပေးပါဆိုလို့ မာမီက လုပ်ပေးမယ်လို့ ကတိပေးထားတာ”
“ ညောင်ချင်းအိုနတ် ဟုတ်လား မာမီ၊ အလှဖြင့် တစ်ခါမှမကြားဖူးဖူး”
“ အလှတောင်မကြားဖူးတာ ဒီကလူတွေဘယ်လိုကြားဖူးမှာလဲ၊ ဒါကြောင့် အဆင်ပြေမှာပါလို့”
မာမီသိန်းစကားကြောင့် အလှ စိတ်အေးသွားပြီး
“ ဒါဆို အလှ စမ်းကြည့်မယ်လေ” လို့ပြောလိုက်ပါတော့တယ်။
++++
ညောင်ချင်းအိုနတ်ဆိုတာ မနူဟာမင်းလက်ထက် ပုဂံပြည်ကို စစ်သုံ့ပန်းအဖြစ်ပါလာတဲ့ မွန်မင်းသားငယ်တစ်ပါးဖြစ်ပြီး နူနာရောဂါနဲ့ ပုဂံတွင် သေဆုံးရာကနေနတ်ဖြစ်သွားတဲ့အတွက် သူ့ကိုပင့်ပြီဆိုရင် မွန်ရိုးရာတီးလုံးကို တစ်လုံးချင်း တီးခတ်ပေးရတယ်။
နတ်ချော့ပွဲက စလေပြီ။
ဆိုင်းဆရာရဲ့ တီးခတ်မှုနဲ့အတူ သျောင်ထုံးထုံးထားတဲ့ အလှက စည်းအတွင်းထဲကို ညှင်သာစွာဝင်လာခဲ့တယ်။
လူတွေက အလှကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့ကြတယ်။ အချို့ကလဲ ဒီနတ်ကတော်လေးက ချစ်စရာကောင်းလိုက်တာလို့ ချီးကျူးကြသလို အချို့ကျတော့လဲ ကန္နားပွဲပြီးရင် နာမည်လေးသိရအောင် မိတ်ဆက်ထားမှဆိုပြီး စနောက်နေခဲ့ကြတယ်။
အလှရဲ့ စိတ်က ကန္နားစည်းထဲရောက်တာနဲ့ ပိုပြီးမြူးကြွလာခဲ့တယ်။ အလှက ရှေးခေတ်မင်းသားငယ်တွေဝတ်တတ်တဲ့ တောင်ရှည်ပုဆိုးကို ခါးထောင်းကျိုက်ထားပြီး ခန္ဓာကိုယ်ကို ယိမ်းထိုးလှုပ်ရှားနေခဲ့ရင်းကနေ ဖျတ်ခနဲလှမ်းမြင်လိုက်တာက လူအုပ်ကြီးရဲ့အပြင် မြေကွက်လပ်ကနေ သူ့ကိုစူးစိုက်ကြည့်နေတဲ့ ၁၅နှစ်အရွယ် လူငယ်တစ်ဦး။
နှုတ်ခမ်းမွှေးရေးရေး၊ မျက်လုံးမျက်ဖန် ကောင်းကောင်းနဲ့လူငယ်က လက်ပိုက်ပြီးကြည့်နေရာကနေ ဖျတ်ခနဲဆိုသလို သူ့ရဲ့ဘေးကို ရောက်လာခဲ့တယ်။
အလှ ကနေရင်း အကြည့်တွေက သူ့ဘေးမှာရပ်နေတဲ့ လူငယ်ဆီကိုရောက်သွားခဲ့တယ်။
“ အလိုလေး… သူ့လက်တွေက တုံးတိကြီးတွေဖြစ်နေပါလား၊ အနာရည်တွေက လက်ချောင်းထိပ်တွေကနေ တစ်တောက်တောက် စီးကျနေတာ ရွံဖို့ကောင်းလိုက်တာ”
အလှစိတ်ထဲကနေ ရေရွတ်လိုက်ချိန် ခန္ဓာကိုယ်တစ်ခုလုံး လေးလံလာပြီး အသိစိတ်က လေဟာနယ်ထဲလွင့်ထွက်သွားသလို ခံစားလိုက်ရတယ်။
ဆိုင်းသံက တိုးလာလိုက်၊ ကျယ်လာလိုက်၊ လူတွေရဲ့အော်ဟစ်လက်ခုပ်တီးသံတွေကိုလဲ ကြားတစ်ချက် မကြားတစ်ချက်။
အလှကိုယ့်စိတ်ကိုပြန်ထိန်းကြည့်တယ်။ ဘယ်လိုမှထိန်းချုပ်လို့မရဘူး၊ မျက်တောင်တွေကို ဖွင့်ဖို့ကြိုးစားကြည့်တယ်။ ကော်နဲ့ကပ်ထားသလိုဖြစ်ပြီး ဘယ်လိုမှဖွင့်ကြည့်လို့မရ။
အလှအသိစိတ်ရှိနေတယ်။ သို့ပေမယ့် မိမိခန္ဓာကိုယ်ကို မိမိလိုသလို ခိုင်းလို့မရတော့ပဲ၊ သူလုပ်ချင်တာတွေကို လျောက်လုပ်နေခဲ့တယ်။
ဆိုင်းသံကမြိုင်သထက် မြိုင်လာတယ်။ အလှရဲ့ နဖူးကနေ ချွေးစတွေ စီးကျလာနေပြီ။ ခန္ဓာကိုယ်က ယိမ်းထိုးလုပ်ရှားဆဲ။
နောက်ဆုံးမှတ်မိလိုက်တာက နူနာရောဂါသည်လူငယ်က သူ့ကို မျက်စောင်းထိုးကြည့်လိုက်တာပဲ။
+++++
“ သတိရလာပြီ၊ သတိရလာပြီ”
သတိရရခြင်းကြားလိုက်ရတဲ့အသံကြောင့် အလှမျက်လုံးဖွင့်ကြည့်လိုက်ရာ သူ့ကိုစိတ်ပူပြီး ငုံ့ကြည့်နေတဲ့ မာမီသိန်းကိုမြင်လိုက်ရတယ်။
“ မာမီ… အလှ ဘာဖြစ်သွားတာလဲ”
“ ဘာမှမဖြစ်ဘူး… စိတ်အေးအေးထား၊ စီစီရေ အလှကို လာတွဲပါဦး”
မာမီသိန်းစကားကြောင့် စီစီက အလှကို တွဲထူပြီး နားနေတဲ့အခန်းထဲကိုခေါ်သွားခဲ့လိုက်တယ်။ ခဏနေတော့ မာမီသိန်းရောက်လာပြီး
“ အလှ… နင်က တကယ်ကို လိပ်ပြာလှတဲ့သူပဲ”
“ ဘာဖြစ်လို့လဲ မာမီ၊ အလှ ဘာမှမသိဘူးနော်”
“ ငါတို့က နတ်ပဲချော့တာ၊ နင်ကျတော့ တကယ့်အစစ်ကြီးပူးချလာတာအေ၊ မေးသမျှကိုဖြေလိုက်တာမှ ဒက်ခနဲ ဒက်ခနဲပဲ၊ ငါတောင် ပါးစပ်အဟောင်းသားနဲ့ ကြည့်နေရတယ်”
မာမီသိန်းစကားကြောင့်အလှဘာမှပြန်မပြောနိုင်ပဲ မျက်လုံးလေးပြူးပြီးသာ ကြည့်နေခဲ့မိတယ်။ တကယ်လဲ ဘာမှမသိခဲ့တာကိုး။
ဒီဖြစ်ရပ်အပြီးမှာတော့ အလှဆိုတဲ့ နတ်ကတော်ပေါက်စလေးရဲ့ ဂုဏ်သတင်းက တစ်ယောက်စကားတစ်ယောက်နားနဲ့ ဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့တယ်။
နောက်ပိုင်းမှာတော့ မာမီသိန်းကိုယ်တိုင်ကပင် အလှနဲ့တွဲဖက်ပြီး နတ်ချော့ရတဲ့အနေအထားဖြစ်လာခဲ့တယ်။
အလှက မာမီသိန်းတို့လို နတ်ချော့တာမျိုးမလုပ်။ အလှဝင်ပြီဆိုရင် နတ်တွေက စိတ်ပျောက်ကိုယ်ပျောက်ကို စီးတာ။ အဲလိုအချိန်ဆို အလှကိုယ့်ကိုကိုယ်မပိုင်တော့ပေ။ တစ်ခါတစ်လေ အရက်တွေကိုပုလင်းလိုက်မော့သောက်နေပြီး၊ တစ်ခါတစ်လေကျတော့လဲ မီးကျီခဲတွေပေါ်မှာ မတ်တပ်ရပ်ပြီး မေးသမျှကိုဖြေရတဲ့အဆင့်ထိ ရောက်လာခဲ့တယ်။
“အလှက လိပ်ပြာလှတာကိုး
နတ်တွေကချစ်တာကိုး” စသဖြင့် ဒေဝါလောကမှာ အလှဆိုတဲ့နာမည်က တစ်ဟုန်ထိုး ထင်ရှားလာခဲ့တယ်။
အလှကလဲ အခြားသူတွေထက် ပိုပြီးအားစိုက်တယ်။ ကန္နားပွဲမရှိလို့ အပေါင်းအဖော်တွေ ဟီးဟီးဟားဟားနဲ့ သောက်လိုက်စားလိုက်လုပ်နေတဲ့ချိန် အလှက ဘုရားရှိခိုး၊ ပုတီးစိပ်တာကို နေ့စဉ်မပျက်အောင် ဆောင်ရွက်ခဲ့တယ်။
အလှက တစ်ဖြေးဖြေးနဲ့ မိန်းမသားပိုဆန်လာသလို ပိုးကြေးပန်းကြေးပေးကြတဲ့ ယောင်္ကျားသားတွေဆိုတာ အလှအနားမှာ ပျားကောင်တွေလို ဝဲနေတာပဲ။ ဒါပေမယ့် အလှက ဘယ်သူကိုမှ လိုတာထက်ပိုပြီး အရောမဝင်။ မိမိရဲ့အကျင့်ကိုသာ စင်ကြယ်သထက် စင်ကြယ်အောင် ကြိုးစားခဲ့တယ်။
တစ်ရက် အလှတို့ မန္တလေးမြို့မှာ ကန္နားပွဲကပြီး အပြန် အက်စီးဒင့်ဖြစ်ပြီး စီးလာတဲ့ကားက လမ်းဘေးကသစ်ပင်ကိုဝင်တိုက်မိပါလေရော။
ပါလာတဲ့သူတွေထဲက အလှရဲ့ သူငယ်ချင်းအရင်းဖြစ်တဲ့ ဒေစီအောင်က နေရာမှာတင်ပွဲချင်းပြီးဆုံးသွားခဲ့သလို ကျန်တဲ့သူတွေလဲ လက်ကျိုးသူကကျိုး၊ ခြေထောက်ကျိုးသူကကျိုးနဲ့ အတော်လေးထိခိုက် ဒဏ်ရာရရှိခဲ့တယ်။
ဒါပေမယ့် အလှကတော့ ဦးခေါင်းပွန်းပဲ့ရုံလောက် ဒဏ်ရာသာရရှိခဲ့တယ်။
ဒေစီအောင်ဆုံးတဲ့ကိစ္စနဲ့ပတ်သတ်ပြီး အလှ အတော်စိတ်ထိခိုက်သွားတာကြောင့် တစ်ပတ်လောက်အိမ်ထဲကနေ အိမ်ပြင်မထွက်ပဲ နေနေတဲ့အချိန် ထူးဆန်းတဲ့အဖြစ်တစ်ခုကို ကြုံတွေ့လိုက်ရတယ်။
အဲဒါက ညသန်းခေါင်လူခြေတိတ်ချိန်ဆိုရင် ခြံတံခါးရှေ့ကနေ အလှရေ အလှ ငါ့ကိုတံခါးဖွင့်ပေးပါဦးဆိုတဲ့အသံကို
ကြားရတာပဲ။
အစတော့ စိတ်ထဲလို့နေမှာပါလို့တွေးပြီး နေပေမယ့် တစ်ရက်လဲမဟုတ် နှစ်ရက်လဲမဟုတ်ဆိုတော့ အလှစိတ်ထဲ မသင်္ကာဖြစ်လာခဲ့တယ်။
ဒါကြောင့် တတိယညမှာတော့ တစ်နာရီမထိုးခင်ထဲက ပြူတင်းပေါက်နားမှာရပ်ပြီး ခြံတံခါးဝကို ကြည့်နေခဲ့လိုက်တယ်။ အချိန်က ည ၁၂နာရီ ၅၈မိနစ်။
အိမ်ရှေ့မှာက လမ်းမီးတွေထွန်းထားတဲ့အတွက် ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မြင်နေရပြီး လမ်းပေါ်မှာတော့ သက်ရှိဆိုလို့ ဘယ်သူမှမရှိ။
အဲဒီအချိန် လမ်းထိပ်ကနေ တစ်လှမ်းချင်းလျောက်လာတဲ့ လူရိပ်တစ်ခု။
“ ဟင်… ဒါ ဒါ ဒေစီအောင်လမ်းလျောက်တဲ့ပုံစံပဲ”
အလှက အလန့်တကြားရေရွတ်ပြီး လမ်းမကို မျက်တောင်မခတ်တမ်းကြည့်နေခဲ့တယ်။
လူရိပ်က ကနွဲ့ကလျလျောက်လာပြီး ခြံရှေ့ရောက်တော့ ခြေစုံရပ်ကာ တစ်ခုခုကို စောင့်နေသလိုငြိမ်သက်သွားခဲ့တယ်။
“ အေမီ အေမီ… ဒီကိုလာဦး”
“ ဘာဖြစ်လို့လဲ မမ”
“ ခြံရှေ့မှာ လူတစ်ယောက်ရပ်နေသလိုပဲ ကြည့်ပါဦး”
အေမီက အလှ ပြောတဲ့နေရာကိုကြည့်လိုက်ပြီး
“ ဘာမှမရှိပါဘူး မမရဲ့… ရှင်းနေတာပဲလေ”
“ အေး.. အေး… သွားတော့”
အေမီထွက်သွားတော့ အလှက နာရီကိုကြည့်လိုက်ရာ ညတစ်နာရီထိုးဖို့ စက္ကန့်ပိုင်းလောက်သာလိုတော့တယ်။
ထိုစဉ် ရပ်နေတဲ့သူက အလှရှိနေတဲ့ ပြူတင်းပေါက်ကို မော့ကြည့်ပြီး
“ အလှရေ.. အလှ… ငါ့ကို တံခါးဖွင့်ပေးပါဦး” လို့ပြောကာ လာရာလမ်းအတိုင်း ပြန်ထွက်သွားခဲ့တယ်။
အလှ ခေါင်းနပန်းကြီးသွားသလို ကြက်သီးမွှေးညှင်းတွေထာခဲ့တယ်။ သူမြင်လိုက်ရတာက ဒေစီအောင်မှ ဒေစီအောင်။
ဆုံးသွားတဲ့နေ့က ဝတ်ထားတဲ့ အဝတ်အစားနဲ့ သူ့ဆီကိုရောက်လာခြင်းပင်။
“ သူ ငါ့ဆီကို ဘာလို့လာတာလဲ၊ တစ်ခုခုများပြောစရာရှိလို့များလား”
အဲဒီညက အလှဘယ်လိုမှအိပ်မပျော်ပဲ မိုးလင်းခါနီးမှသာအိပ်ပျော်သွားခဲ့တယ်။
အလှအနေနဲ့ ပရလောကတွေနဲ့ သိပ်မစိမ်းတာကြောင့် ဒေစီအောင် သူ့ဆီလာရတဲ့အကြောင်းကို သိလိုချင်တဲ့စိတ်တွေ ပြင်းပြလာခဲ့တယ်။
ဒါကြောင့် ဒေစီအောင်ကို မိမိရဲ့ ခန္ဓာကိုယ်ထဲဝင်ရောက်ပူးကပ်ဖို့ ခွင့်ပြုပေးရန် အလှဆုံးဖြတ်လိုက်တယ်။
ညကား တစ်နာရီထိုးရန် မိနစ်ပိုင်းသာလိုတော့တယ်။ အလှက အိမ်မှာ ခိုင်းဖို့ခေါ်ထားတဲ့ အေမီဆိုတဲ့ မိန်းမလျာလေးကို သူ့အနားမှာထားပြီး ဒေစီအောင် ဝင်ရောက်ပူးကပ်ပါက ဘာတွေပြောလဲဆိုတာ နားထောင်းဖို့မှာကြားခဲ့တယ်။
ဒီလိုမလုပ်ခင် ညဦးပိုင်းမှာလဲ အိမ်မှာရှိတဲ့ အစောင့်အရှောက်တွေကို ဒေစီအောင်လာရင် ဝင်ခွင့်ပြုဖို့ ကြိုတင်ခွင့်တောင်းထားခဲ့တယ်။
ညက တစ်ချက်တီးပြီ။
လမ်းထိပ်ကနေ စွဲစွဲငင်ငင်အူလိုက်တဲ့ ခွေးအူသံကြောင့် အလှက အိမ်အောက်ထပ်က ဧည့်ခန်းမှာထိုင်ပြီး စိတ်ကိုဖျော့ထားခဲ့တယ်။
ဒေစီအောင်လာရင် ဝင်လို့ရအောင်လဲ အိမ်တံခါးနဲ့ ခြံတံခါးကိုလဲ အသင့်ဖွင့်ထားပေးခဲ့တယ်။
ထိုစဉ် အလှရဲ့နှာခေါင်းထဲကို ဝင်လာတာက ဒေစီအောင် ဆွတ်နေကျ ရေမွှေးရနံ့။
ရေမွှေးနံ့နဲ့အတူ အလှရဲ့ ခန္ဓာကိုယ်ကနေ ကြက်သီးမွှေးညှင်းတွေထလာပြီး ညှီစို့စို့ သွေးနံ့က နှာခေါင်းထဲကို စူးဝင်လာခဲ့တယ်။
အလှရဲ့ ခန္ဓာကိုယ်တွေ တစ်ဆတ်ဆတ်တုန်ရီလာပြီး မျက်လုံးထဲကနေ မျက်ရည်တွေစီးကျလာခဲ့တယ်။
အလှသိလိုက်ပြီ။ သူ့ကိုယ်ထဲ ဒေစီအောင် ဝင်ရောက်ပူးကပ်နေပြီ။
အလှ စိတ်ကို လွှတ်ထုတ်ပေးလိုက်တယ်။ အဲဒီအချိန် သူ့အရှေ့မှာ ထိုင်ငိုနေတဲ့ ဒေစီအောင်ကို အလှမြင်လိုက်ရတယ်။
ဦးခေါင်းထိပ်ကနေ ဟက်တက်ကွဲပြီး သွေးတွေက ခန္ဓာကိုယ်ပေါ်ကို စီးကျနေတဲ့ ဒေစီအောင်က အလှကို ကြည့်ကာ ငိုနေခဲ့တယ်။
ဒေစီအောင်က ငိုနေရာကနေ အလှကို စိုက်ကြည့်ပြီး
“ ငါ့မှာနေစရာမရှိဘူး၊ စားစရာလဲမရှိဘူး၊ ငါနဲ့လာနေချင်တယ်၊ ငါ့ကိုခေါ်ထားပေးပါ” လို့ပြောလိုက်တာကြောင့် အလှ အလန့်တကြားဖြစ်သွားပြီး
“ ဒေစီရယ် နင်က သေပြီးသားလူလေ၊ ငါနဲ့ဘယ်လိုနေလို့ရမှာလဲ”
“ ငါက သေပြီးသားဆိုပေမယ့် နင့်အတွက်တော့ ကူညီပေးနိုင်ပါတယ်၊ နင်သာ ငါ့ကိုနေရာပေးမယ်ဆိုရင် ဒီထက်ပိုပြီးနာမည်ကြီးအောင် ငါလုပ်ပေးမယ်”
“ မဟုတ်တာ ဒေစီရယ်၊ နင်နေစရာ စားစရာမရှိရင် ငါဘုန်းကြီးဆွမ်းကပ်ပြီး နင့်အတွက် ကုသိုလ်ကောင်းမှုလုပ်ပေးမယ်လေ”
“ မလုပ်နဲ့ အလှ၊ နင်လုပ်ပေးလဲ ငါသာဓုမခေါ်ဘူး၊ ဒီတစ်ခါ ငါသေရပေမယ့် နောက်တစ်ခါ နင်သေအောင်လုပ်မယ့်သူတွေရှိနေတယ်”
ဒေစီအောင်က ပြောနေရင်း မျက်လုံးတွေရဲတက်လာခဲ့တယ်။
“ ဘယ်လို ဘယ်လို ငါ့ကိုသေအောင် လုပ်မယ့်သူ ဟုတ်လား၊ ဘယ်သူက ငါ့ကိုသေအောင် လုပ်မှာလဲ”
“ ကားမမှောက်ခင် နင်နဲ့ငါ နေရာလဲလိုက်တာ မှတ်မိလား”
“ အင်း ငါမှတ်မိတယ်”
“ တကယ်ဆို အဲဒီနေ့က နင်သေရမှာ၊ နင်နေရာကို ငါကဝင်ထိုင်လိုက်လို့ နင်ခံရမယ့်အရာကို ငါကခံလိုက်ရတာ”
“ ငါတို့ကို ဒီလိုဖြစ်အောင် ဘယ်သူကလုပ်တာလဲ”
“ ဘယ်သူလုပ်တယ်ဆိုတာ ငါမသိဘူး၊ ဒါပေမယ့် သိအောင်လုပ်လို့ရတယ်၊ အဲဒါကလဲ ငါ့အကူအညီကို နင်ယူမှရမှာ”
ဒေစီအောင်စကားကြောင့် အလှ တွေဝေသွားခဲ့တယ်။ သူတို့လောကမှာ တစ်ယောက်နဲ့တစ်ယောက် မနာလိုမှုတွေရှိကြတယ်မဟုတ်လား။
“ ဒေစီ… နင်င့ါ့ကိုတကယ်ကူညီမှာလား”
“ ငါနင့်ဆီလာတာ ဒီကိစ္စကိုဖော်ထုတ်ချင်လို့ လာတာ၊ ငါ့ကြောင့် နင်ဒုက္ခမရောက်စေရဘူး”
“ ဒါဖြင့် နင့်အတွက် ငါနေရာလုပ်ပေးမယ်၊ အိမ်ရှေ့က ပိန္နဲပင်မှာနင် နင်လို့ရတယ်မဟုတ်လား”
“ နင်က အိမ်ရှင်လေ၊ နင်ကိုယ်တိုင် အပင်အောက်သွားပြောမှ ရမှာ”
“ အေး… ငါပြောပေးမယ်၊ နင်သေရတဲ့ကိစ္စကိုလဲ ငါဖော်ထုတ်မယ်”
အလှစကားကြောင့် ဝမ်းနည်းနေတဲ့ ဒေစီအောင်ရဲ့မျက်နှာ ပြုံးရွှင်လာခဲ့တယ်။
“ အလှ… ငါအိမ်ရှေ့မှာစောင့်နေမယ်၊ နင် မြန်မြန်ပြောပေးနော်”
“ အေးပါ… ငါအခုသွားပြောပေးမယ်”
အလှစကားအဆုံးမှာ ဒေစီအောင်က ဖျတ်ခနဲပျောက်ကွယ်သွားသလို အလှလဲ သတိပြန်ရလာခဲ့တယ်။
“ မမ… မမ သတိရပြီလား”
“ ဟင်… အေမီ… ခုနက ငါဘာတွေပြောခဲ့တာလဲ”
“ မမရယ်… အေမီဖြင့်ကြောက်လိုက်တာ၊ မမရဲ့ကိုယ်ထဲဝင်နေတဲ့သူက အိမ်ရှေ့က ပိန္နဲပင်မှာနေမလို့တဲ့၊ နောက်ပြီး…”
အေမီက အလှကြားရတဲ့စကားတွေကိုပြန်ပြောပြနေခဲ့တယ်။
“ ဘာမှမကြောက်နဲ့နော်၊ ဒေစီက သဘောကောင်းပါတယ်”
အလှက အေမီကို ချော့ပြောပြီး အိမ်ရှေ့ကို ထွက်လာခဲ့လိုက်တယ်။ ပိန္နဲပင်အောက်ရောက်တော့ ပိန္နဲပင်က အကိုင်းတစ်ခက်ကိုချိုးပြီး ခြံဝကို ထိုးပေးကာ
“ ဒေစီ… ဒီအကိုင်းကိုကိုင်ပြီး လိုက်ခဲ့၊ ဒီအပင်က နင်နေဖို့အတွက်အဆင်ပြေမှာပါ” လို့ပြောလိုက်ရာ ပိန္နဲပင်ပေါ်က သစ်ကိုင်းတစ်ကိုင်းက လေမတိုက်ပဲ ယိမ်းထိုးလှုပ်ရှားလာခဲ့တယ်။
++++
ဆိုင်းသံဗုံသံတွေ ဆူညံနေတဲ့ ကန္နားပွဲအတွင်းမှာတော့ အလှက အရုပ်လေးတစ်ရုပ်လို ယိမ်းထိုးလှုပ်ရှားနေခဲ့တယ်။
ထိုစဉ် ရပ်ကြည့်နေတဲ့ လူအုပ်ကြီးထဲမှာ သူ့ကိုပြုံးပြုံးကြီးစိုက်ကြည့်နေတဲ့ ဒေစီအောင်ကို ဖျတ်ခနဲမြင်လိုက်ရတယ်။
အလှ ကိုယ့်မျက်လုံးကိုယ်မယုံနိုင်အောင်ဖြစ်သွားခဲ့တယ်။ ဒေစီအောင်က အလှကို ပြုံးပြပြီး ဆက်ကဖို့ လက်ဟန်ခြေဟန်နဲ့ပြောနေခဲ့တယ်။
“ဆိုင်ရာပုဂ္ဂိုလ်တွေတွေ အများကြီးကြွနေတဲ့ ကန္နားပွဲထဲကို ဒေစီဘယ်လိုများဝင်လာခဲ့တာလဲ၊ ပုဂ္ဂိုလ်တွေက ဘာမှမပြောဘူးလား”
အလှ အတွေးများခဲ့ပြီ။ ကနေရင်း စိတ်က ဒေစီအောင်ဆီကိုရောက်နေခဲ့တယ်။
ကန္နားပွဲပြီးတော့ ဝတ်ထားတဲ့အဝတ်တွေကို ချွတ်လိုက်ပြီး ဆေးလိပ်သောက်ဖို့ အပြင်ထွက်လာတဲ့အချိန် ခြံအပြင်မှာ ထိုင်နေတဲ့ ဒေစီအောင်ကိုမြင်လိုက်ရတယ်။
“ အလှ… နင်ကတာ အရမ်းလှတာပဲ”
ဒေစီအောင်က သဘောကျဟန်နဲ့ ချီးကျူးလိုက်တယ်။
“ ဒေစီ… နင့်ကို ငါမြင်နေရတာလား”
“ အေးလေ… နင်တစ်ယောက်ပဲ ငါ့ကိုမြင်ရတာ”
“ နင်ဘယ်ကနေ ဘယ်လိုရောက်လာတာလဲ၊ ပုဂ္ဂိုလ်တွေက ဘာမှမပြောဘူးလား”
အလှစကားကြောင့် ဒေစီအောင်ရီလိုက်ပြီး
“ သူတို့က ငါ့ကိုသနားလို့ထင်တယ်၊ ဘာမှမပြောကြဘူး၊ ဒါနဲ့ မနက်ဖြန်ကျရင် နင့်ဆီကို မန္တလေးက ကျောက်ကုန်သည်မိန်းမတစ်ယောက် လာလိမ့်မယ်၊ သူက ပိုက်ဆံချမ်းသာ သလောက် လင်ကံမကောင်းဘူး၊ အခုသူ့ယောင်္ကျား အငယ်အနှောင်းထားတာကို နင့်ဆီရင်လာဖွင့်လိမ့်မယ်”
ဒေစီက အတပ်ကြီးပြောနေတာကြောင့် အလှ အံ့ဩသွားတယ်။
“ နင့်စကားက အတိအကျကြီးပါလား”
“ ငါက မသေချာပဲပြောပါ့မလား၊ သူရောက်လာရင် နင်က တစ်ခွန်းပဲပြောလိုက်”
“ ငါကဘာပြောရမှာလဲ”
“ သူ့ယောင်္ကျား နောက်တစ်ပတ်အတွင်း အိမ်ပြန်လာစေရမယ်လို့၊ ပြန်လာခဲ့ရင် နင့်အိမ်မှာ ကန္နားပွဲကြီးကြီးကျယ်ကျယ်ပေးဖို့လဲပြောဦးနော်”
“ ဖြစ်ပါ့မလား ဒေစီရဲ့”
“ ဖြစ်ပါတယ်… ငါပြောသလိုလုပ်စမ်းပါ”
အလှလဲ ဒေစီပြောတာကို ယုံတစ်ဝက် မယုံတစ်ဝက်နဲ့ နားထောင်ပြီး အိမ်ထဲကိုပြန်ဝင်ခဲ့လိုက်တယ်။ ကန္နားပွဲက မနက်ဖြန်တစ်ရက်ကျန်သေးတယ်မဟုတ်လား”
ကန္နားပွဲနောက်ဆုံးရက်က စလေပြီ။
ကြိတ်ကြိတ်တိုးနေတဲ့ လူအုပ်ထဲမှာ ငွေစက္ကူတွေအထပ်လိုက် ကိုင်ထားတဲ့ ဒေစီက ဆိုင်းဝိုင်းရှေ့မှာ ဟန်နဲ့ပန်နဲ့ရပ်နေပြီး ခန္ဓာကိုယ်ကိုစည်းချက်ညီညီ ယိမ်းထိုးနေခဲ့တယ်။
အဲဒီအချိန် ကန္နားပွဲထဲကို ရွှေတွေညွှတ်နေအောင် ဝတ်ထားတဲ့မိန်းမတစ်ယောက် ဝင်လာပြီး အလှကို ဖက်ကာငိုပါလေရော။
“ အမလေး…. အိမ်မက်က တကယ်ကြီးဖြစ်နေပါလား၊ ကိုယ်တော်တို့ဘုန်း မိုးသို့ခြုန်းပါပဲလားရှင်”
“ ဟဲ့ နှမတော်၊ ဘာအရေးကိစ္စများဖြစ်လာတာလဲ”
အလှက အလိုက်သင့် ပြောလိုက်တယ်။
“ ကိုယ်တော်ရဲ့ ညီဘွားလေ အငယ်အနှောင်းထားလို့ နှမတော် စိတ်ညစ်နေရတာကြာလှပြီ၊ ညက အိမ်မက်ထဲမှာ ကိုယ်တော်ကိုယ်တိုင်ကြွလာပြီး ဒီအရပ်ကို လာခဲ့ဆိုပြီးပြောလို့ နှမတော် ယုံတစ်ဝက် မယုံတစ်ဝက်နဲ့လာခဲ့တာ၊ အခုတော့ တကယ်ဖြစ်နေပါရောလား”
“ နှမတော် လာရကြိုးနပ်အောင် ကိုယ်တော်ကူညီမဟေ့၊ ညီဘွားက နောက်တစ်ပတ်အတွင်း နှမတော်ဆီကို ပြန်လာလိမ့်မယ်၊ အိမ်း… ပြန်လာရင်တော့ ကန္နားပွဲကြီးကြီးကျယ်ကျယ်ပေးရမယ်နော့”
“ ပေးမှာပေါ့ ကိုယ်တော်ရယ်၊ ညီဘွားက နှမတော်ပြောတဲ့အတိုင်း နေမယ်ဆိုရင် ကိုယ်တော်တို့အတွက် ခမ်းခမ်းနားနားကြီးကို ကန္နားပွဲပေးလိုက်မှာ”
“ ဒါဖြင့် လက်ချင်းရိုက်ပြီးကတိပေးစမ်း”
အလှက လက်ဝါးကိုဖြန့်လိုက်ရာ ဝဝဖိုင့်ဖိုင့်မိန်းမကြီးက အခေါက်ရွှေတွေဝတ်ထားတဲ့လက်နဲ့ ဖြန်းခနဲမြည်အောင် ရိုက်ချလိုက်ပါတော့တယ်။
++++
အလှအနေနဲ့ ဒေစီအောင်ရဲ့ အကူအညီကြောင့် ကန္နားကရတာပိုပြီးနာမည်ကြီးလာခဲ့တယ်။ အလှပြောရင် လွဲတယ်ဆိုတာမရှိ။ လူကုံတန်အသိုင်းအဝိုင်းကလဲ အလှဆိုမှ အလှဖြစ်လာခဲ့တယ်။
တစ်ရက်မှာတော့ အလှဆီကို ဒေစီအောင်ရောက်လာပြီး
“ အလှ… ငါလေ နင်နဲ့နေရတာ သိပ်ပျော်တာပဲ”
“ နင်ငါ့ကိုဘာတောင်းဆိုမလို့ လာဖားနေတာလဲ”
အလှစကားကြောင့် ဒေစီအောင် ရယ်လိုက်ပြီး
“ နင်ငါသေတာကို ဖော်ထုတ်ပေးမယ်လို့ ပြောထားတာမှတ်မိလား”
“ အေး ငါမှတ်မိပါတယ်၊ ဒီကိစ္စကိုလဲငါစုံစမ်းနေတယ်”
“ ငါလဲနင့်ကို အဲဒီကိစ္စအကြောင်းပြောမလို့၊ ငါတို့ကို ဘယ်သူလုပ်တယ်ဆိုတာ နင်မစဉ်းစားနဲ့တော့”
“ ဘာဖြစ်လို့လဲ ဒေစီ”
“ ငါဒီလိုဘဝရောက်လို့ နင့်ကို ကူညီပေးနိုင်တာလေ၊ ပြီးခဲ့တာလဲပြီးပြီဆိုတော့ နင့်ဘဝတက်လမ်းအတွက်ပဲ ဦးစားပေးတော့”
“ ဒါဆို နင်သေတာအလကားဖြစ်သွားမှာပေါ့”
“ မဖြစ်ပါဘူး အလှရဲ့၊ နင်က ငါသေတာအလကားမဖြစ်အောင် ကြိုးစားပေးပေါ့”
“ ငါဘာလုပ်ပေးရမလဲပြော”
“ ငါမသေခင်က ရည်မှန်းထားတာတစ်ခုရှိတယ်၊ အဲဒါကို နင်လုပ်ပေးနိုင်မလား”
“ အေး… ပြောလေ ဒေစီ၊ ငါလုပ်ပေးနိုင်တာရှိရင် လုပ်ပေးမယ်”
“ ငါ့ရဲ့ဇာတိရွာလေးဖြစ်တဲ့ လက်ပံကုန်းရွာမှာ မပြုပြင်ရသေးတဲ့ စေတီပျက်တစ်ဆူရှိတယ်၊ အဲဒီစေတီပျက်ကို ဘယ်သူမှမသွားရဲသလို ဘယ်သူမှလဲမပြုပြင်ရဲဘူး၊ အဲဒီနေရာမှာ နင်ကိုယ်တိုင်ဦးစီးပြီး သိုက်ပွဲပေးရမယ်”
“ ဒါကနင်ဖြစ်ချင်တဲ့ဆန္ဒလား”
“ ဟုတ်တယ်၊ သိုက်ပွဲပေးတဲ့အခါ နင့်ကိုယ်ထဲငါဝင်ပြီးကချင်တယ်၊ နင်ကူညီပေးရင် ငါကကျေးဇူးမမေ့ပါဘူး”
“ နင်ပဲငါ့ကိုကူညီနေတာမဟုတ်လား၊ ဒီတစ်ခါတော့ ငါကူညီပေးရမှာပေါ့”
အလှစကားကြောင့် ဒေစီအောင် ဝမ်းသာကာ အိမ်မက်ထဲကနေ ပျောက်ကွယ်သွားခဲ့တယ်။
+++++
အလှလဲ ဒေစီအောင်ပြောတဲ့ လက်ပံကုန်းရွာကို ရှာကြည့်ရာ တကယ်ကို စေတီပျက်တစ်ဆူရှိနေတာ သိလိုက်ရတယ်။
ဒါကြောင့် ပေးထားတဲ့ကတိအတိုင်း သိုက်ပွဲပေးရန် လက်ပံကုန်းရွာကို ထွက်လာခဲ့လိုက်တယ်။
လက်ပံကုန်းရွာက အိမ်ခြေ တစ်ရာခန့်သာရှိတဲ့ ရွာတစ်ရွာဖြစ်ပြီး ရွာရဲ့တောင်ဘက် တောစပ်မှာတော့ ပြိုကျပျက်စီးနေတဲ့ စေတီပျက်တစ်ဆူရှိနေခဲ့တယ်။
စေတီပျက်ဆိုတာကလဲ ဖူးမြင်နေကြ စေတီလိုမဟုတ်ပဲ ပုဂံပုထိုးတွေလို လေးထောင့်ဆန်ဆန် တည်ထားတာမျိုး။
အလှလဲ သူ့ပြောလို့ရတဲ့သူအချို့ကိုခေါ်လာပြီး သိုက်ပွဲပေးရန်ပြင်ဆင်နေတဲ့ချိန် ရွာလူကြီးအချို့ရောက်လာကာ လာရောက်တားဆီးခဲ့တယ်။
အကြောင်းကား ဒီနေရာမှာ သိုက်ပွဲပေးဖို့ ကြိုးစားတဲ့သူတိုင်း သေကြလို့ပဲ။
ဒါမျိုးတော့ အလှလက်မခံ။ သိုက်ပွဲလုပ်တာ သိုက်တူးတာမှမဟုတ်တာလို့ ပြောပြီး လာပြောတဲ့ သူတွေကိုလဲ ငွေကြေးလက်ဆောင်တွေနဲ့ လာဘ်ထိုးကာ ဒေစီအောင်ရဲ့ ဆန္ဒကို ဖြည့်ဆည်းဖို့ကြိုးစားပေးခဲ့တယ်။
အလှရဲ့ စကားက “ ဘာဖြစ်ဖြစ်သူတာဝန်ယူပါတယ်တဲ့”
သိုက်ပွဲကားစလေပြီ။
မြို့ကနေ ငှားလာတဲ့ ဆိုင်းဝိုင်းတွေရဲ့ မြိုင်ဆိုင်စွာတီးခတ်မှုကြောင့် သိုက်ပွဲက ထင်ထားတာထက်ပိုပြီးစည်ကားခဲ့တယ်။
သိုက်ပွဲဆိုတာ မမြင်ဖူးမကြားဖူးတဲ့ ရွာသားတွေအနေနဲ့ အလုပ်ပင်မလုပ်ကြပဲ လာရောက်ကြည့်ရှုခဲ့ကြတယ်။
အလှက သူ့ကတိအတိုင်း ဒေစီအောင်ကို ခန္ဓာကိုယ်အငှားပေးဖို့ ကန်တော့ပွဲရှေ့မှာ ထိုင်ကာ တတွတ်တွတ်ရွတ်နေခဲ့တယ်။
အလှက ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကိုယ်စောင့်နတ်တို့ ခေတ္တဖယ်ရှားရန် သုံးကြိမ်သုံးခါ ပြောပြီးချိန်မှာတော့ အသိစိတ်က လုံးဝကို ပျောက်ထွက်သွားခဲ့တယ်။
ဒေစီအောင် အလှခန္ဓာကိုယ်ထဲဝင်လာလေပြီ။ အစပိုင်းမှာတော့ နူးနူးညံ့ညံ့ကဟန်နဲ့ဆိုပေမယ့် နောက်ပိုင်းမှာတော့ တစ်ဖြေးဖြေး ကြမ်းတမ်းလာခဲ့တယ်။
ကန်တော့ပွဲစင်ပေါ်တက်ပြီး ဟီးဟီးဟားဟား အော်ဟစ်ရယ်မောနေတာကြောင့် အလှနဲ့အတူပါလာတဲ့ သူတွေက တစ်ခုခုမှားနေပြီဆိုတာ သတိထားမိခဲ့ကြတယ်။
ဒါကြောင့် ဝင်ပူးနေတဲ့သူကို ထုတ်ဖို့အနားကပ်လာတဲ့အချိန် အလှက ပွဲဆက်ထားတဲ့ ငှက်ကြီးတောင်ဓါးကို ဆတ်ခနဲဆွဲယူကာ လည်မြိုကိုထောက်ပြီး
“ တစ်ယောက်မှအနားမကပ်နဲ့၊ နင်တို့ အနားကပ်တာနဲ့ ဒီကောင်မ အသေပဲ” လို့ဝမ်းခေါင်းသံကြီးနဲ့အော်ပြောလိုက်တာကြောင့် လူတွေအကုန် အနောက်ကိုဆုတ်သွားခဲ့တယ်။
ဆိုင်းသံကရပ်လေပြီ။
ဆိုင်းဆရာတို့ ဆက်မတီးရဲကြတော့ပေ။
အလှက ဓါးကို ပခုံးခေါ်ထမ်းရင်း ကန်တော့ပွဲတွေကို ခြေနဲ့ကန်ကြောက်ကာ သောင်းကျန်းနေခဲ့တယ်။
နှုတ်ကလဲ
“ ဟီးဟီးအဟက်ဟက်… နင်တို့က ဒါကို စေတီလို့ထင်နေတာလား၊ ငတုံးတွေ ဒါက ငါ့တပည့်တွေကိုချုပ်ထားတဲ့ အုတ်ဂူကွ၊ ဒီလိုနေ့မျိုးရောက်ဖို့ ငါဘယ်လောက်ထိ စောင့်ခဲ့ရလဲ၊ ဘယ်လောက်ကြိုးစားခဲ့ရလဲ နင်တို့မှမသိတာ ဟားဟားဟား”
အလှရဲ့အသံက ယောင်္ကျားတစ်ယောက်အသံအဖြစ်ပြောင်းလဲသွားခဲ့တယ်။
အလှက ဝမ်းခေါင်းသံနဲ့ပြောနေရင်း သိူက်ပွဲနဲ့မလှမ်းမကမ်းမှာရှိတဲ့ အုတ်ကျိုးအုတ်ပျက်တွေပေါ်ကို ပြေးတက်သွားခဲ့တယ်။ ပြီးတော့ ပြိုပျက်နေတဲ့ အုတ်ချပ်တွေကို လက်နှစ်ဖက်နဲ့ ဆွဲဖယ်လိုက်ရာ အထဲကနေ လွန်စွာဟောင်းနွမ်းဆွေးမြေ့နေပြီဖြစ်တဲ့ သံသေတ္တာတစ်လုံး ထွက်လာခဲ့တယ်။
အလှက သံသေတ္တာကို လက်နှစ်ဖက်နဲ့ကိုင်ပြီး ဆွဲဖွင့်လိုက်ရာ အထဲကနေ ကြေးပြားလိပ်တွေ အပြင်ကို လွင့်ထွက်လာခဲ့တယ်။
“ ကလေးတို့ ထကြတော့၊ ငါ့ကလေးတွေ ထလော့”
အလှက ကြေးပြားလိပ်တွေကို တယုတယကိုင်ပြီး အပေါ်မှာချည်ထားတဲ့ အနီရောင်ကြိုးတွေကို ဖြုတ်လိုက်ရာ ရပ်ကြည့်နေတဲ့ လူအုပ်ထဲကနေ လူတစ်ယောက်ပြေးထွက်လာပြီး အလှရဲ့ ခြေထောက်ကို တရှုံ့ရှုံ့နဲ့နမ်းပါလေရော။
“ လွတ်ပြီ၊ ကျွတ်ပြီဟေ့”
“ ဟေး”
လူအုပ်ထဲကနေ ထပ်ပြီးထွက်လာတဲ့အသံနဲ့အတူ နောက်ထပ်လူဆယ်ယောက်ခန့် ပြေးထွက်လာခဲ့ကြတယ်။
အလှနဲ့အတူပါလာတဲ့သူတွေရော ဆိုင်းဆရာတွေပါ ဘာလုပ်လို့လုပ်ရမှန်းမသိတာကြောင့် ခြေဦးတည့်ရာ ထွက်ပြေးဖို့အလုပ်
“ ဟိတ်… မိစ္ဆာကောင် ၊ အခုချက်ချင်း ဝင်ပူးနေတဲ့ ကိုယ်ထဲကထွက်စမ်း” ဆိုတဲ့အသံနဲ့အတူ ယောဂီဝတ်စုံဝတ်ထားတဲ့ လူသုံးယောက် လူအုပ်ကြီးရဲ့အနောက်ကနေ ပေါ်လာခဲ့တယ်။
“ ခင်ဗျားတို့ကဘယ်သူတွေလဲ၊ သူတို့ကရော ဘာတွေလဲ”
ဆိုင်းဆရာရဲ့ အထိတ်တလန့်စကားကြောင့် ယောဂီဝတ်ထားတဲ့သူက ပခုံးကိုကိုင်လိုက်ပြီး
“ အခုဝင်ပူးနေတဲ့သူက လမိုင်းမိစ္ဆာကောင်ပဲ၊ သူက လူတွေရဲ့ပုံစံတူကိုလိုက်တုပြီး သူ့ဘက်ပါအောင် လုပ်ထားတာ”
“ သူကဘာလို့ အခုလိုလုပ်ရတာလဲ၊ ကျုပ်တို့လဲ တစ်ခါမှမကြုံဖူးပါဘူးဗျာ”
“ ဒီအကြောင်းကိုကျုပ်နောက်မှရှင်းပြမယ်၊ လောလောဆယ် ဒီကောင်ကို အရင်ဖမ်းမှရမယ်”
ယောဂီဝတ်လူသုံးယောက်က အုတ်ကျိုးတွေပေါ်မှာ ရပ်နေတဲ့ သူတွေဆီကို မကြောက်မရွံ့နဲ့ ဝင်သွားခဲ့တယ်။
ဒါကိုမြင်တဲ့အလှက ဖနောင့်တစ်ချက်ပေါက်ပြီး အပေါ်ကိုမော့ကြည့်လိုက်ချိန်
“ ဒီလိုထွက်ပြေးလို့ရရိုးလား၊ ဟိတ်… အရပ်လေးမျက်နှာမှာရှိတဲ့ အင်းစောင့်၊ စမစောင့်တွေ လမိုင်းကောင်တွေရဲ့ ခြေထောက်ကို လှုပ်မရအောင် ချုပ်ထားစမ်း” ဆိုတဲ့အသံထွက်လာခဲ့တယ်။
တကယ်တော့ လမိုင်းကောင်က သူ့တပည့်တွေကိုခေါ်ပြီး အလှရဲ့ခန္ဓာကိုယ်ထဲကနေ ထွက်ပြေးဖို့ကြိုးစားခြင်းပင်။
ဒါကိုကြိုသိနေတဲ့ ယောဂီဝတ်လူက အာဏာစက်နဲ့ ဖမ်းတားလိုက်တာကြောင့် ခန္ဓာကိုယ်ထဲကနေ ထွက်မရပဲ အုတ်ကျိုးတွေပေါ်မှာ ကော်နဲ့ကပ်ထားသလို ဖြစ်နေခဲ့တယ်။
“ တောက်စ်… လွတ်ခါနီးမှ ဘယ်ကလူတွေရောက်လာတာလဲမသိဘူး”
“ သေသူပုံစံဟန်ဆောင်ပြီး စိတ်နုတဲ့သူတွေကို သိမ်းသွင်းထားတဲ့ကောင်၊ အခုတော့ မင်းဘယ်ပြေးမလဲ”
“ ဟေ့… မင်းရှေ့တိုးမလာနဲ့၊ ဆက်တိုးလာရင် ဟောဒီကောင်ရဲ့ လည်ပင်းကို ဓါးနဲ့ထိုးချလိုက်မယ်”
လမိုင်းကောင်က အလှရဲ့လည်မြိုကို ဓါးဦးနဲ့ထောက်ပြီး ခြိမ်းချောက်လိုက်တယ်။
“ မောင်ကောင်း၊ ခွန်းလှ၊ မင်းတို့က ရွာသားတွေကို ခေါ်ထုတ်လိုက်၊ ငါက ဒီကောင်ကို ဆုံးမလိုက်ဦးမယ်”
ယောဂီဝတ်လူက စကားဆုံးတာနဲ့ လက်နှစ်ဖက်ကို ဖြန့်လိုက်ရာ လက်ဖဝါးအလယ်ကနေ ရွှေရောင်တဖိတ်ဖိတ်တောက်နေတဲ့ ရှစ်ကွက်အင်းချပ်တစ်ချပ် ထွက်ပေါ်လာပြီး အလှရဲ့ ခန္ဓာကိုယ်ဆီကို ပြေးကပ်သွားခဲ့တယ်။
လမိုင်းကောင်က အင်းနဲ့ချုပ်မိတုပ်မိခံရတဲ့အချိန် ယောဂီဝတ်လူက လျင်မြန်တဲ့အရှိန်နဲ့ အုတ်ကျိုးတွေပေါ်ပြေးတက်သွားပြီး အလှရဲ့ ဦးခေါင်းကို လက်နဲ့ဖိကိုင်ထားလိုက်တယ်။
“ အား… ငါ့ကိုလွှတ်စမ်း၊ လွှတ်စမ်း”
အလှက ကြောက်မက်ဖွယ်အသံနဲ့အော်ဟစ်ရင်း ရုန်းကန်နေတဲ့ချိန် ဦးခေါင်းထက်ကနေ အခိုးငွေ့တွေ ထွက်လာခဲ့တယ်။
တစ်ဖက်မှာလဲ ယောဂီဝတ်သူရဲ့ တပည့်နှစ်ယောက်က ရွာသားတွေရဲ့နဖူးပေါ်မှာ အင်းပြာတွေနဲ့ သုတ်လိမ်းပြီး ပူးကပ်ခံထားရတာတွေကို ပြန်ခွာအောင် ပြုလုပ်ပေးနေခဲ့တယ်။
ခဏနေတော့ အလှတစ်ယောက် မျက်ဖြူလန်ကာ လက်ထဲမှာပင်သတိလစ်သွားခဲ့တယ်။ အလားတူ ပူးကပ်ခံထားရတဲ့ရွာသားတွေလဲ မြေကြီးပေါ် လဲကျကာ သတိလစ်မေ့မျောသွားခဲ့တယ်။
အဲဒီတော့မှ ယောဂီဝတ်လူက ကိုင်ထားတဲ့လက်ကို လွှတ်လိုက်ပြီး
“ သူတို့ကို တစ်နေရာမှာစုထားပေးပါ၊ ကျုပ်တို့ ဆက်လုပ်ရမယ့်ကိစ္စလက်စသတ်လိုက်ဦးမယ်၊ အော်… အခုချက်ချင်း ကန်တော့ပွဲတွေ ဇောက်ထိုးလုပ်ပြီး ပွဲဖျက်လိုက်တော့” လို့ပြောကာ အုတ်ဂူပေါ်ကို အင်းသုံးချပ် ဖိုခနောက်ဆိုင် တင်လိုက်တယ်။
ပြီးတာနဲ့ သုံးယောက်သား တင်ပလ္လင်ခွေထိုင်ကာ ဂါထာတစ်ပုဒ်ကို ရွတ်လိုက်တယ်ဆိုရင်ပဲ အမေရေ အဘရေဆိုပြီး နာကျင်စွာအော်ဟစ်ညဉ်းညူနေတဲ့အသံတွေ ထွက်ပေါ်လာခဲ့တယ်။
အကောင်ထည်မမြင်ရပဲ အော်သံတွေပဲ ကြားနေရတာကြောင့် ရွာသားတွေအကုန် ထိတ်လန့်သွားပြီး ဘာဆက်ဖြစ်မလဲဆိုတဲ့ အကြည့်နဲ့ကြည့်နေခဲ့ကြတယ်။
ခဏနေတော့ အော်သံတွေရပ်သွားခဲ့သလို ထိုင်နေတဲ့လူသုံးယောက်လဲ အောက်ကိုပြန်ဆင်းလာတာမြင်လိုက်ရတယ်။
အဲဒီအချိန် အလှလဲသတိပြန်ရလာပြီး ဖြစ်ပျက်နေတဲ့အရာတွေကို နားမလည်တဲ့ဟန်နဲ့ကြည့်နေခဲ့တယ်။
“ မင်းနာမည်ဘယ်လိုခေါ်လဲ”
ယောဂီဝတ်လူရဲ့စကားကြောင့် အလှက မျက်နှာကိုမော့ကြည့်လိုက်ပြီး
“ အလှလို့ခေါ်ပါတယ်”
“ အင်း… မင်းကလိပ်ပြာတော်တော်လှတာပဲ၊ ဒါကြောင့် လမိုင်းကောင်က မင်းကိုရွေးခဲ့တာကိုး”
ယောဂီဝတ်လူရဲ့စကားကို အလှတစ်ယောက် နားမလည်တဲ့မျက်နှာနဲ့ကြည့်နေခဲ့တယ်။
“ မင်းဒီကိုလာပြီး သိုက်ပွဲလုပ်တာ ဘယ်သူလုပ်ခိုင်းတာလဲ”
“ ဟို ဟို….”
“ လမိုင်းကောင်က မင်းကိုခိုင်းခဲ့တာမဟုတ်လား”
“ လမိုင်းကောင်မဟုတ်ပါဘူး၊ ဒေစီကလုပ်ခိုင်းခဲ့တာ”
“ လမိုင်းကောင်တွေက သူတို့လိုရာကို ဖန်တီးနိုင်စွမ်းရှိသလို လူတစ်ယောက်ရဲ့စိတ်ကိုလဲ ဖိတ်နိုင်စွမ်းရှိတယ်၊ ဒေစီဆိုတာ မင်းနဲ့ဘာတော်လဲ”
“ အလှရဲ့ အချစ်ဆုံးသူငယ်ချင်းပါ”
“ သူက သေဆုံးပြီးသားလူမဟုတ်လား”
“ ဟုတ်ပါတယ်… ဒါကို ရှင်ဘယ်လိုသိတာလဲ”
“ မင်းနားလည်အောင်ပြောရရင် လမိုင်းကောင်က မင်းကိုရွေးချယ်လိုက်တာကြောင့် မင်းကိုဘယ်လို ချဉ်းကပ်ရမလဲဆိုတာ စဉ်းစားတယ်၊ အလွယ်ဆုံးချဉ်းကပ်နည်းက မင်းရဲ့ သူငယ်ချင်းဝိဉာဉ်အသွင်အဖြစ်လာဖို့ပဲ၊ ဒါကြောင့် မင်းဆီကို ဟန်ဆောင်ပြီးလာတယ်၊ မင်းယုံကြည်အောင် သူလုပ်ပြတယ်၊ မင်းဘက်ကယုံလာပြီဆိုမှ သူတကယ်လုပ်ချင်တာကို လုပ်ခိုင်းတော့တာပဲ”
“ သူက ဒီနေရာမှာ သိုက်ပွဲဘာလို့လုပ်ခိုင်းတာလဲ”
“ အခုမြင်နေရတဲ့အရာက စေတီမဟုတ်ဘူး၊ လမိုင်ကောင်နဲ့ သူ့ရဲ့တပည့်တွေကိုချုပ်ထားတဲ့ နေရာပဲ၊ နှစ်ကာလကြာမြင့်ပြီး ငလျင်ဒဏ်ကြောင့် လမိုင်းကောင်က ချုပ်ထားတဲ့အစီအရင်ကနေ လွတ်မြောက်သွားခဲ့တာ၊ သူက လူတိုင်းကို မချဉ်းကပ်ဘူး၊ သူနဲ့ ပနံသင့်တဲ့သူကိုပဲ ချဉ်းကပ်တာ၊ အဲဒီလူက မင်းဖြစ်နေတယ်၊ ဒါကြောင့် ဒီကိုခေါ်တယ် သိုက်ပွဲလုပ်ခိုင်းတယ်၊ သိုက်ပွဲလုပ်မှသာ အခြားသော ပုဂ္ဂိုလ်တွေနဲ့ရောပြီး သူဝင်လို့ရမှာလေ”
“ အလှ ဒီလိုဖြစ်မယ်မှန်း လုံးဝမသိခဲ့ဘူး”
“ ကျုပ်တို့အချိန်မှီရောက်လာလို့ပေါ့၊ မဟုတ်ရင် သင်ရော ရွာသားတွေပါ အသက်အန္တရာယ်စိုးရိမ်ရတယ်”
“ အလှတို့ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင်၊ နောက်နောင်လဲ ဒီလိုမဖြစ်အောင် သတိထားပါ့မယ်”
“ ကဲကဲ… ဖြစ်ခဲ့တာတွေအတွက် ဘာမှတွေးမနေကြနဲ့၊ ဒီနေရာကိုလဲ ထပ်မလာကြနဲ့၊ ကျုပ်တို့လဲ ဒီကောင်တွေကို စိတ်ချရတဲ့နေရာကို ခေါ်သွားရဦးမယ်”
ယောဂီဝတ်လူက စကားဆုံးတာနဲ့ အုတ်ကျိုးတွေပေါ်မှာ ဖိုခနောက်ဆိုင်ထားထားတဲ့ အင်းသုံးချပ်ကို တစ်ခုချင်းထပ်လိုက်ပြီး အပေါ်ကနေ အနီရောင်ပရိတ်ကြိုးနဲ့ချည်ကာ လွယ်အိတ်ထဲထည့်လိုက်တယ်။
ပြီးတာနဲ့ မည်သူကိုမှ လှည့်မကြည့်ပဲ ရွာရဲ့ဆန့်ကျင်ဘက်အရပ်ကို ထွက်သွားခဲ့တယ်။
အလှက ထွက်သွားတဲ့သူတွေကို လှမ်းကြည့်လိုက်ချိန် သူတို့ရဲ့အနောက်မှာ လက်နှစ်ဖက်ကိုကြိုးတုပ်ခံထားရတဲ့ ယောင်္ကျားအချို့ရဲ့ပုံရိပ်ကို ဖျတ်ခနဲမြင်လိုက်ရပါတော့တယ်။
+++++
အောင်မြတ်သာတို့လဲ လမိုင်းမိစ္ဆာကောင်ကို ဖမ်းပြီးတဲ့နောက်မှာတော့ သရဲတစ္ဆေတွေကို အယုံအကြည်မရှိပဲ ဘုရားဟောကိုပါဆန့်ကျင်နေတဲ့ လူတစ်ယောက်ကို မှတ်သားလောက်အောင် ပညာပေးခဲ့ရသေးတယ်။
ဒီအကြောင်းအရာကိုတော့ အောင်မြတ်သာနှင့် သရဲမကြောက်ကိုသံဒေါက်ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)