++++++++++++++++++++++++++
“ ဟေ့ကောင် ငစံလုံး၊ မင်းပြောတဲ့ရေကန်က အခုထိမရောက်သေးဘူးလား”
“ ရောက်တော့မယ်ကွ၊ ရှေ့နှစ်ကွေ့လောက်ဆိုရောက်ပြီ”
ငစံလုံးက သူ့အနောက်မှာပါလာတဲ့ မဲကြီးနဲ့ မောင်ကွေးကို အနောက်ကလိုက်ခဲ့ဖို့ ပြောပြီး လူသွားလမ်းလေးအတိုင်း ရှေ့ကိုဆက်ထွက်သွားခဲ့တယ်။
“ မဲကြီး… ငါတို့လဲ ဒီဘက်ကို မကြာမကြာရောက်ပါတယ်ကွာ၊ ဒါပေမယ့် ငစံလုံးပြောတဲ့ရေကန်ကို တစ်ခါမှမတွေ့ဖူးဖူး၊ ရေကန်ရှိတယ်လို့လဲ မကြားဖူးဘူး”
“ အေး.. ငါလဲ ဒီနေရာမှာ ရေကန်ရှိတယ်ဆိုတာ သူပြောမှသိတာ၊ ဒီကောင်ဘယ်လိုများရှာတွေ့တာပါလိမ့်”
“ ဟိုနှစ်ကောင် အနောက်ကနေ ပွစိပွစိနဲ့ ဘာတွေပြောနေတာလဲ”
“ ဘာမှမဟုတ်ဘူး… မင်းဘာသာ သွားစရာရှိတာသွား”
မဲကြီးနဲ့ မောင်ကွေးစကားကြောင့် ငစံလုံးက သူ့ခြေလှမ်းတွေကို အရှိန်မြင့်လိုက်ပြီး တောလမ်းအတွင်းထဲကို လှစ်ခနဲလျောက်ဝင်သွားခဲ့တယ်။ ဆယ်မိနစ်လောက် လျောက်လာပြီးချိန်မှာတော့ ကျောက်တုံးတွေနဲ့ ကာရံထားသလိုဖြစ်နေတဲ့ ရေကန်တစ်ကန်ကို မြင်တွေ့လိုက်ရတယ်။
“ ဟာ… ရေကန်က တကယ်ရှိနေတာပဲ၊ ရေကလဲကြည်စိမ်းနေတာပဲကွာ”
“ ဟဲဟဲ… ငါမင်းတို့ကိုမပြောဘူးလား၊ ဒီနေရာက လူသူအရောက်ပေါက် နည်းလို့ ရေကန်ရှိတာ ဘယ်သူမှမသိတာကွ၊ နောက်ပြီး ရေကန်ရဲ့ထိပ်မှာ ချောင်းနှစ်ခွရှိသေးတယ်၊ တောင်ကျရေတွေက အဲဒီကနေ ကန်ထဲကို စီးတာဆိုတော့ ရေကအမြဲတမ်းကြည်စိမ်းနေတာပဲကွ”
“ ဒါကိုမင်းက ဘယ်လိုသိတာလဲ”
“ လွန်ခဲ့တဲ့တစ်ပတ်က ငါ့အိမ်က နွားတစ်ကောင် ဒီဘက်မှာပျောက်သွားလို့လိုက်ရှာရင်း တွေ့တာကွ”
ငစံလုံးက စကားပြောရင်း အင်္ကျီကြယ်သီးတွေကိုဖြုတ်ကာ ရေကန်အစပ်က ကျောက်တုံးပေါ်မှာတင်လိုက်ပြီး ရေထဲကို ဗွမ်းခနဲခုန်ဆင်းသွားလိုက်တယ်။
“ ဟေ့ကောင်တွေ ဆင်းလာလေကွာ၊ ရေက အေးနေတာပဲ”
ငစံလုံးက ရေကန်ထဲကနေ လက်ယက်ခေါ်နေတာကြောင့် မဲကြီးနဲ့ မောင်ကွေးတို့လဲ အဝတ်တွေချွတ်ကာ ခုန်ဆင်းလိုက်ကြတယ်။
သူငယ်ချင်းသုံးယောက် ကန်ထဲမှာ ရေကူးနေရင်း မဲကြီးက မျက်နှာမှာတွဲခိုနေတဲ့ ရေစက်တွေကိုလက်နဲ့သပ်ချကာ
“ မောင်ကွေး… ငါတို့ ဒီတိုင်းရေကူးရတာပျင်းစရာကြီးကွာ”
“ အဲဒီတော့ မင်းက ဘာလုပ်ချင်လို့လဲ”
“ ရေထဲမှာလိုက်တမ်းပြေးတမ်းကစားကြမလား”
“ ကောင်းသားပဲကွ… ဒါဆို မင်းပဲအရင်စလိုက်ပေတော့၊ ငါတို့ပြေးပြီဟေ့”
မောင်ကွေးက မဲကြီးကို တွန်းထုတ်ပြီး ရေကန်အလယ်ကို ဖျံတစ်ကောင်ကို ကူးခတ်သွားလိုက်တယ်။ သူ့အနောက်မှာတော့ ငစံလုံးက ကပ်လျက်ပါလာခဲ့တယ်။
မဲကြီးက တစ်ကနေ တစ်ဆယ်အထိရေပြီး မောင်ကွေးနဲ့ ငစံလုံးတို့ရှိရာဘက်ကို လက်ပြစ်ကူးကာ လိုက်ပါလေရော။
သုံးယောက်ထဲမှာ မဲကြီးက လူကောင်ထွားထွား၊ အသားမဲမဲ၊ မောင်ကွေးက ပိန်ပိန်ပါးပါးအရပ်မြင့်မြင့်၊ ငစံလုံးက လူကောင်ပုပု ခပ်ဝဝ။ သူတို့ထဲမှာ မောင်ကွေးက ရေကူးအကျွမ်းကျင်ဆုံး၊ ဒါကြောင့် မဲကြီးက မောင်ကွေးကို မိအောင်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။
မဲကြီးက မောင်ကွေးတို့ရှိရာကို ကြည့်ပြီး ရေထဲကို ငုံ့လိုက်တာကြောင့် နှစ်ယောက်သား လူစုခွဲပြီး အခြားတစ်ဖက်စီကို ကူးခတ်သွားလိုက်တယ်။ မဲကြီးလဲ ရေအောက်ထဲမှာ ကူးခတ်ရင်း မောင်ကွေးတို့ကို လိုက်ရှာနေတဲ့အချိန် သူ့နဲ့မလှမ်းမကမ်းမှာ ကူးခတ်သွားတဲ့ လူတစ်ယောက်ကို ဝိုးတဝါးမြင်လိုက်ရတယ်။
“ ဒီကောင် မောင်ကွေးပဲဖြစ်ရမယ်၊ မင်း ငါ့လက်က လွတ်ရိုးလား”
မဲကြီးက မောင်ကွေး ကူးသွားတဲ့နောက်ကို လိုက်ဖို့ရေပေါ်ပြန်တက်လိုက်ချိန် မလှမ်းမကမ်းနေရာ နှစ်ခုကနေ ရေပွက်အချို့ထလာခဲ့တယ်။
“ မင်းတို့က ငါရေပေါ်တက်လာတာနဲ့ ရေငုတ်သွားကြတာပေါ့လေ မဲကြီးကို ဒီလိုလုပ်လို့ဘယ်ရမလဲ”
မဲကြီးက စိတ်ထဲကနေ ကြိမ်းဝါးလိုက်ပြီး အသက်ကိုဝအောင်ရှုကာ ရေထဲကို ပြန်ငုံ့သွားခဲ့တယ်။ ရေအောက်ရောက်တော့ မျက်လုံးဖွင့်ကြည့်လိုက်ချိန် ခပ်လှမ်းလှမ်းကနေ ကူးခတ်သွားတဲ့ မောင်ကွေးကို မြင်လိုက်ရတာကြောင့် အားစိုက်ပြီးကူးခတ်ခဲ့ရာ ရှေ့ကနေ ယက်နေတဲ့ ခြေထောက်ကို မှီလုမှီခင် အနေအထားဖြစ်လာခဲ့တယ်။
မဲကြီးလဲ သူ့ရှေ့မှာ မြင်နေရတဲ့ခြေထောက်ကို လက်လှမ်းပြီးဆွဲလိုက်ရာ သူရှေ့မှာရှိနေတဲ့သူက ခန္ဓာကိုယ်ကို တစ်ပတ်လှည့်ပြီး ဂုတ်ကို ခွစီးထားပါလေရော။
“ ဝူး ဖလူး ဖလူး”
မဲကြီးက ဂုတ်ပေါ်ခွစီးထားတဲ့ကောင်ကို အတင်းတွန်းဖယ်ဖို့ကြိုးစားပေမယ့် သူ့လည်ပင်းကိုဆုပ်ကိုင်ထားတဲ့လက်နှစ်ဖက်က သံချောင်းတွေလို မာကြောနေတာကြောင့် ရုန်းမရပဲ ရေအောက်မှာ နှစ်ယောက်သား လုံးထွေးနေခဲ့တယ်။
“ ငစံလုံး… မဲကြီးတစ်ကောင် ရေငုံ့တာကြာလှချည်လား၊ ဒီကောင် ငါတို့ကို ထားပြီး ကုန်းပေါ်ကိုတက်သွားတာများလား”
မောင်ကွေးက ရေထဲမှာကိုယ်ဖော့ပြီးပြောလိုက်ရာ ငစံလုံးက မျက်နှာကိုလက်နဲ့သပ်ချလိုက်ပြီး
“ ခုနက ဒီကောင် ရေငုံ့သွားတာ ငါမြင်လိုက်ပါတယ်၊ ခဏလေး ငါခေါ်ကြည့်လိုက်မယ်၊ ဟေ့ကောင် မဲကြီး ငါတို့ဒီမှာဟေ့”
ငစံလုံးရဲ့အော်သံကို မဲကြီးက ဘာမှမတုံ့ပြန်။
“ မောင်ကွေး… ဟိုမှာ ရေပွက်တွေထနေပါလား”
ငစံလုံး လက်ညိုးထိုးပြတဲ့နေရာကို ကြည့်လိုက်ရာ လူတစ်ယောက် အသက်အောင့်ထားရာမှ လေမှုတ်ထုတ်လိုက်သလို ပွက်ခနဲ ပွက်ခနဲတက်လာတဲ့ ပူစီပေါင်းတွေကို မြင်လိုက်ရတယ်။
မောင်ကွေးနဲ့ ငစံလုံးတို့ ရေပွက်ထနေတဲ့ နေရာကို ကြည့်နေတဲ့အချိန်
“ အမလေး… ကယ်ကြပါဦး” ဆိုတဲ့ဗလုံးဗထွေး
အသံနဲ့အတူ မဲကြီး ရေပေါ်ကို ပေါ်လာခဲ့တယ်။ သိုပေမယ့် ရေပေါ်မှာတစ်ချက်သာပေါ်လာပြီး ရေအောက်ထဲကို ပြန်နစ်သွားတာကြောင့် မဲကြီးရေနစ်နေပြီဆိုတာသိလိုက်ရတယ်။
ဒါကိုမြင်တဲ့ မောင်ကွေးနဲ့ ငစံလုံးက မဲကြီးပေါ်လာတဲ့နေရာကို အလျင်အမြန်ကူးခတ်သွားပြီး ရေအောက်ကိုငုံ့ကြည့်လိုက်ရာ ရေထဲမှာ တစ်ယောက်ထဲ ရုန်းကန်နေတဲ့ မဲကြီးကို မြင်လိုက်ရတယ်။
မောင်ကွေးတို့လဲ မဲကြီးအနားကိုသွားပြီး လည်ပင်းကိုတံတောင်ဆစ်ကြားထဲညှပ်ကာ ရေပေါ်ဆွဲတင်ဖို့အလုပ် ခြေထောက်ကို အေးစက်စက်အရာတစ်ခု လာထိလို့ ငုံ့ကြည့်လိုက်ရာ ငါးအကြေးခွံတွေလို အကွက်တွေထနေတဲ့ လက်တစ်ဖက်က သူ့ခြေကျင်းဝတ်ကို ဆုပ်ကိုင်ထားတာခံလိုက်ရတယ်။
ဒါကို ငစံလုံးမြင်တော့ အနားမကပ်ရဲတော့ပဲ ရေကန်အစပ်ကို ရှိသမျှအားနဲ့ ကူးပြေးပါလေရော။ ငစံလုံး ရေကန်ဘေးက ကျောက်တုံးပေါ်ရောက်တော့ မောင်ကွေးနဲ့ မဲကြီးတို့ရှိနေတဲ့ နေရာကနေ ရေပွက်တွေထလာပြီး ကန်ရေပြင်ကလဲ လှိုင်းကြက်ခွပ်တွေ ထွက်ပေါ်လာခဲ့တယ်။
အချိန်က ခဏလေးပင်။ မိနစ်ပိုင်းလေးအတွင်း ကန်ရေပြင်ကသူမဟုတ်သလိုပြန်လည်ငြိမ်သက်
သွားခဲ့ပေမယ့် မဲကြီးနဲ့ မောင်ကွေးကတော့ ရေပေါ်ကို ပြန်တက်မလာကြတော့ပေ။
ဒီတော့မှ ငစံလုံးတစ်ယောက် ကြောက်အားလန့်အားနဲ့ ရွာကိုပြေးပြီး အကူညီတောင်းပေမယ့် နောက်ကျသွားခဲ့ပြီ။ ငစံလုံးရဲ့ စကားကြောင့် ရွာသားတွေ ရောက်လာပြီး ရေနစ်သူနှစ်ဦးကိုရှာဖွေကြရာ
ညနေစောင်းအချိန်မှာတော့ မဲကြီးနဲ့ ငစံလုံးရဲ့ အသက်မဲ့နေတဲ့ခန္ဓာကိုယ်ကို ရေကန်ရဲ့အောက်ခြေ ရွှံ့နွံ့တွေထဲမှာပြန်လည်ရှာတွေ့ခဲ့တယ်။
အလောင်းတွေ ကုန်းပေါ်ရောက်လို့ကြည့်လိုက်တော့ မဲကြီးရဲ့ လည်ပင်းမှာ ညိုမဲနေတဲ့ လက်ချောင်းရာတွေအပြင် မောင်ကွေးရဲ့ ခြေကျင်းဝတ်မှာလဲ ညိုမဲနေတဲ့ လက်ချောင်းရာတွေကို မြင်တွေ့လိုက်ရတယ်။
ဒီအဖြစ်တွေကြောင့် ငစံလုံးတစ်ယောက် ကြောက်လန့်ကာ သဲခြေလေဟပ်ပြီး ရူးသလို ကြောင်သလိုဖြစ်သွားခဲ့တာကြောင့် ဆရာပေါင်းစုံနဲ့ ကုလိုက်ရသေးတယ်။
ဒီကိစ္စတွေဖြစ်ပြီး နောက်ပိုင်းမှာလဲ ရေကန်မှာ တစ်နှစ်ကို လူတစ်ယောက်အနည်းဆုံး ရေနစ်တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်။ ဒီဖြစ်ရပ်ကြောင့် လူတွေကြောက်လန့်ပြီး မလာရဲဘူးလို့ထင်ရင် မှားသွားလိမ့်မယ်။ ရေကန်က အရင်ထက်တောင် သွားလာလည်ပတ်သူတွေနဲ့စည်ကားလာခဲ့သလို ရေကန်ကိုသွားတဲ့လမ်းကလဲ အရင်လိုတောလမ်းမဟုတ်တော့ပဲ ကျောက်တွေခင်းထားတဲ့ လမ်းတစ်ခုဖြစ်လာခဲ့တယ်။ လမ်းရဲ့ဘေးတစ်ဖက်တစ်ချပ်မှာတော့ မုန့်ပဲသရေစာရောင်းတဲ့သူတွေက သူ့နေရာနဲ့သူ တဲလေးတွေထိုးပြီးရောင်းချခဲ့ကြတယ်။
ကျောက်ထိုးရွာ၊ မဲလှရွာ၊ ခင်တန်းရွာ၊ သရက်ကုန်းရွာတွေမှာနေတဲ့သူတွေကတော့ အားလပ်ရက်တွေဆိုရင် ချောင်းဝရေကန်ဆီလာပြီး အပန်းဖြေကြသလို မြို့ကဧည့်သည်တွေလာရင်လဲ ဒီကိုပဲခေါ်လာခဲ့ကြတယ်။
သို့ပေမယ့် ချောင်းဝရေကန်ကို လုံးဝမလာသူတစ်ဦးတော့ရှိနေခဲ့တယ်။ သူကတော့ ဦးစံလုံးပင်။
ငယ်စဉ်က သူငယ်ချင်းနှစ်ယောက် အသက်ဆုံးရှုံးခဲ့တဲ့ ရေကန်ဖြစ်လို့ ဘာအကြောင်းနဲ့ခေါ်ခေါ် ချောင်းဝရေကန်ဆိုရင် မလိုက်ဟု ပြတ်ပြတ်သားသား ငြင်းတတ်သူ။
အခုဆိုရင် ဦးစံလုံးက အသက်ငါးဆယ်အရွယ်ခန့်ရှိပြီး သားနှစ်ယောက်၊ သမီးတစ်ယောက်နဲ့ ဘဝကို အပူအပင်ကင်းစွာ ဖြတ်သန်းနေသလို အကြောင်းတရားတိုက်ဆိုင်တဲ့အခါမျိုးမှာဆိုရင်ဖြင့် သူငယ်ချင်းဖြစ်သူ မဲကြီးနဲ့ မောင်ကွေးတို့ရဲ့ အကြောင်းကို စီကာပတ်ကုံးပြောပြတတ်သူ။
တစ်ရက်မှာတော့ ဦးစံလုံးတစ်ယောက် အိမ်ရှေ့က ကုလားထိုင်မှာထိုင်ပြီး ဆေးပေါ့လိပ်ဖွာနေတဲ့အချိန် ရွာထဲမှာဖွဲ့ထားတဲ့ ကြက်ခြေနီအသင်းသားတွေ အလောတကြီးနဲ့ ပြေးသွားတာကြောင့် သောက်လက်စ ဆေးလိပ်ကို ပြာခွက်ထဲထိုးချေလိုက်ပြီး ခြံပြင်ကိုထွက်ကာ ဟိုကြည့်ဒီကြည့်လုပ်နေတဲ့အချိန် ကြိုးခွေတစ်ခွေကို လည်ပင်းမှာစွပ်ပြီး ပြေးလာတဲ့ ကာလသားခေါင်း အေးကျော်ကိုမြင်လိုက်ရတယ်။
“ မောင်အေးကျော်… မင်းအဖွဲ့တွေ ရုတ်ရုတ်သဲသဲနဲ့ ဘာဖြစ်တာလဲ”
“ ချောင်းဝရေကန်မှာ ရေနစ်လို့တဲ့ဗျာ၊ မြို့ကနေ ကျောက်ထိုးရွာကိုအလည်လာရင်း ချောင်းဝမှာရေကစားကြရင်း နစ်တာလို့ပြောတာပဲ”
“ ဘုရား…ဘုရား… ဘယ်နှစ်ယောက်နစ်တာလဲ”
“ နှစ်ယောက်လို့တော့ကြားတာပဲ၊ သူ့သူငယ်ချင်းရေနစ်တာကို ဆင်းဆယ်ရင်း သူပါနစ်တာတဲ့”
အေးကျော်က လိုတိုရှင်းပြောပြီး ချောင်းဝရေကန်ရှိတဲ့ဘက်ကို ပြေးထွက်သွားခဲ့ပေမယ့် ဦးစံလုံးကတော့ ခြံစည်းရိုးတိုင်ကိုကိုင်ကာ ငူငူငိုင်ငိုင်ကြီး ရပ်နေခဲ့မိတယ်။ အတွေးထဲမှာတော့ အတိတ်ကပုံရိပ်တွေ တစ်လွှာချင်းပေါ်လာပြီး
“ မဲကြီးနဲ့ မောင်ကွေးတို့နှစ်ယောက်အပြင် အခြားသူတွေ သေရတာ ငါ့ကြောင့်များဖြစ်နေမလား” လို့ ခပ်တိုးတိုး ရေရွတ်လိုက်ပါတော့တယ်။
++++++
“ နင်ဘယ်သူလဲ အမှန်တိုင်းပြောစမ်း”
ကြမ်းကို ဖြန်းခနဲရိုက်ပြီးမေးလိုက်တဲ့ မောင်ကောင်း အသံက ဘေးကနေ ကြည့်နေတဲ့သူတွေကိုပါ လန့်သွားစေခဲ့တယ်။
သူ့အရှေ့မှာတော့ ငှက်ဖျားတက်နေသလို တုန်ရီနေတဲ့ ယောင်္ကျားတစ်ယောက်က အံကိုခပ်တင်းတင်းကြိတ်ကာ ဟိုဟိုဒီဒီ လိုက်ကြည့်နေတယ်။
“ ဒီကောင် အတော်ခေါင်းမာတာပဲ၊ မင်းက ဒီလိုဆိုတော့ ငါကလဲ ဆုံးမရသေးတာပေါ့”
မောင်ကောင်းက ရှေ့မှာချထားတဲ့ အင်းပြာအချို့ကို လက်ညိုးနဲ့တို့ပြီး တုန်ရီနေတဲ့လူဆီကို တောက်ထုတ်လိုက်တယ်။
“ အား… ပူလိုက်တာ၊ ပူလိုက်တာရှင်”
ယောင်္ကျားရင့်မာကြီးဆီကနေ ထွက်လာတာက မိန်းကလေးအသံ။
ကြည့်နေတဲ့သူတွေအားလုံးဆီကနေလဲ အံ့ဩတဲ့အသံတွေထွက်ပေါ်လာခဲ့တယ်။
“ ခေါင်းမာနေရင် ဒီထက်ပိုဆိုးတဲ့အရာတွေ လာလိမ့်မယ်၊ မြန်မြန်ပြောစမ်း မင်းဘယ်သူလဲ”
“ ငါ ငါ မယ်ရှင်ဟဲ့ မယ်ရှင်”
“ ဘယ်ကမယ်ရှင်လဲ … လိမ်ဖို့မကြိုးစားနဲ့နော် ဒီမှာကိုင်ထားတာဘာလဲမြင်လား”
တကယ်တော့ မောင်ကောင်းက လက်သီးကိုသာဆုပ်ထားခြင်းပင်၊ ဒါကိုရှေ့မှာရှိနေတဲ့သူက အထိတ်ထိတ်အလန့်လန့်နဲ့ မော့ကြည့်ပြီး
“ သန် သန်လျက်ကြီးကိုင်ထားပါလား”
“ အေး… ဟုတ်တယ်၊ ငါ့ကို ဝေ့လည်ကြောင်ပတ်လုပ်ရင်တော့ မင်းရဲ့လျာကို ဖြတ်ပစ်မယ်”
“ မလိမ်ရဲတော့ပါဘူး… အမှန်တိုင်းပြောပါမယ်၊ လက်ထဲက သန်လျက်ကြီး သိမ်းထားပေးပါရှင်”
“ ပြောစမ်း… မင်း ဘယ်သူလဲ”
“ ငါက သန်းရှင်ပါ… မနှစ်က ရွာထိပ်မှာ သစ်ပင်ပိပြီးသေသွားတဲ့ သန်းရှင်”
“ မင်းဘာလို့ ဒီလူကိုယ်ထဲဝင်ပူးနေတာလဲ”
“ သူက ငါ့ကိုခေါ်လာပြီး ဘာမှမကျွေးလို့ ဝင်ပူးထားတာ၊ ငါဘာမှမစားရတာ ကြာပြီ၊ သေပြီးထဲက အခုထိ ဝဝလင်လင်စားရတာဆိုလို့ တစ်ကြိမ်ပဲရှိပါသေးတယ်”
“ ကဲကဲ… သူက မင်းကို ပါးစပ်ဆော့ပြီးခေါ်မိလာတယ်လို့ပဲ သဘောထားလိုက်၊ မင်း ဝဝလင်လင်စားလို့ရအောင် ထမင်းနဲ့ဟင်းကို ခေါစာပစ်ပေးမယ်၊ ဒီလူကို ဝင်ရောက်ပူးကပ်နေတာကနေ ထွက်သွားပေးပါ”
“ ထွက်သွားရင် ထမင်းစားရမှာလား”
“ ကျုပ်ကတိပေးတယ်… အိမ်သားတွေကြားတယ်နော်၊ သူထွက်သွားတာနဲ့ ရွာထိပ်က လမ်းလေးခွဆုံမှာ သူ့အတွက် ထမင်းနဲ့ဟင်းကိုခေါစာသွားပစ်ပေးပါ”
“ လုပ်ပေးပါမယ်ရှင်… ကျွန်မတို့ကတိပေးပါတယ်”
“ အိမ်သားတွေလဲ ကတိပေးပြီးပြီဆိုတော့ သင်လဲထွက်သွားနိုင်ပြီ”
မောင်ကောင်းစကားအဆုံးမှာ ဝင်ပူးနေတဲ့သူက ကြမ်းပေါ်ကို ဒေါက်ခနဲ ခေါင်းစိုက်ကျသွားခဲ့တယ်။
“ ခုနက ဝင်ပူးတဲ့သူကို သိကြလား”
“ သစ်ပင်ပိသေတာတော့သိတယ်ဆရာ၊ ဒါပေမယ့် သူကဒီရွာကမဟုတ်ဘူး၊ ဘယ်ကရောက်လာတာလဲ ဘယ်သူမှမသိကြလို့ ရွာကနေပဲ သင်္ဂြိုလ်ပေးလိုက်ရတယ်၊ သူက ဘယ်လိုလုပ်ပြီး ကိုမောင်အေးကိုယ်ထဲဝင်ပူးနေရာတာလဲရှင်”
“ ခင်ဗျား ယောင်္ကျားက ပါးစပ်ဆော့ပြီး ဘာတွေပြောခဲ့လဲမှမသိတာ၊ ကဲကဲ ပေးထားတဲ့ကတိအတိုင်း ထမင်းနဲ့ဟင်းကို ဖက်နဲ့ထည့်ပြီး သစ်ပင်ပိသေတဲ့ မသန်းရှင်စားဖို့ လာပို့တာလို့ပြော၊ မဟုတ်ရင် နာမည်တူတဲ့သူတွေ လုစားကြလိမ့်မယ်”
မောင်ကောင်းစကားအဆုံးမှာ အိမ်ရှင်မိန်းမကြီးက သူလုပ်ပေးလိုက်ပါမယ်လို့ ကတိပေးပြီး သတိရလာတဲ့ ယောင်္ကျားဖြစ်သူရဲ့ ဂုတ်ကိုနှိပ်ပေးနေခဲ့တယ်။ အဲဒီအချိန် အိမ်ရှေ့ကနေ ရုတ်ရုတ်သဲသဲနဲ့ ပြေးလာတဲ့သူတွေကြောင့် လှမ်းကြည့်လိုက်ရာ တစ်ကိုယ်လုံး ဖြူဖတ်ဖြူလျော်ဖြစ်နေတဲ့ ဆယ်ကျော်သက်လူငယ်တစ်ဦးကို ပွေ့ချီလာတာကို မြင်လိုက်ရတယ်။
“ မသောင်း… ဘာဖြစ်တာလဲ”
“ မြို့ကနေ လာလည်တဲ့ကလေးတွေ ချောင်းဝမှာရေကူးရင်းရေနစ်လို့လေ၊ သုံးယောက်မှာ နှစ်ယောက်သေပြီတဲ့”
“ ဘုရား… ဘုရား… အဲဒီနေရာက တစ်နှစ်တစ်ခေါက်လောက်ကို လူစားနေပါလား၊ ဒါကိုသိသိကြီးသွားကြတဲ့ လူတွေကိုလဲ အံ့ဩပါရဲ့”
အိမ်ရှင်မိန်းမကြီးက ရင်ဘတ်ကို လက်နဲ့ဖိကာပြောလိုက်တာကြောင့် မောင်ကောင်းက ဘေးမှာရှိနေတဲ့ အောင်မြတ်သာနဲ့ ခွန်းလှကို လှမ်းကြည့်လိုက်ပြီး
“ အစ်မကြီး ခင်ဗျား ယောင်္ကျားလဲသတိရလာပြီ ဆိုတော့ ကျုပ်တို့ကိုခွင့်ပြုဦး၊ တစ်ခုခု ဖြစ်လာရင်တော့ ဟောဒီအင်းပြာကိုသာရေနဲ့ဖျော်တိုက်လိုက်ပါ”
“ ကျေးဇူးတင်ပါတယ်ဆရာတို့ရယ်၊ ဒါလေးက ကျွန်မနိုင်သလောက်လေးကန်တော့တာပါ”
“ မကန်တော့ပါနဲ့ဗျာ… ဒီလောက်က ကျုပ်တို့အတွက် အပန်းမကြီးပါဘူး၊ ကန်တော့မယ့် ပိုက်ဆံကို ခေါစာပစ်တဲ့အခါသုံးလိုက်ပါ”
မောင်ကောင်းက အိမ်ရှင်မိန်းမကြီးပေးတဲ့ ပိုက်ဆံကိုပြန်ပေးလိုက်ပြီး အိမ်ပေါ်ကနေ ဆင်းလာခဲ့လိုက်တယ်။
အိမ်အောက်ရောက်တော့ အောင်မြတ်သာက
“ မောင်ကောင်း… ခုနက သတိလစ်နေတဲ့လူကို သွားကြည့်ရအောင်”
“ အကြောင်းတစ်ခုခုထူးလို့လားဆရာ”
“ ခုနက သူ့ကိုပွေ့ချီလာတဲ့အချိန် နှာခေါင်းထဲမှာ ညှီနံ့လိုလို ပုတ်နံ့လိုလို အနံ့တစ်ခုရလိုက်တယ်”
“ ဒါဆိုလဲ သွားကြည့်ရတာပေါ့ဆရာ”
မောင်ကောင်းက လွယ်အိတ်ကို ကောက်လွယ်ပြီးရေနစ်ခံရတဲ့သူနေတဲ့အိမ်ဘက်ကို ထွက်လာခဲ့လိုက်တယ်။
ဝါးကပ်တွေကို ခြံစည်းရိုးသဖွယ်ကာရံထားတဲ့ အိမ်ဝိုင်းတစ်ခုရှေ့အရောက်မှာတော့ ရေနူးပြီး တစ်ကိုယ်လုံးဖြူဖတ်ဖြူလျော်ဖြစ်နေတဲ့ လူငယ်တစ်ယောက်က အိမ်နံရံကိုမှီပြီး အသက်ကိုခပ်မျှင်းမျှင်းရှူနေခဲ့တယ်။
အောင်မြတ်သာက ထိုလူငယ်ကို စိုက်ကြည့်လိုက်ရာ လည်ပင်း၊ လက်ကောက်ဝတ်နဲ့ ခြေကျင်းဝတ်တွေမှာ ရေညှိစိမ်းလို အရောင်ဖျော့ဖျော့တွေ ရစ်ပတ်နေတာကိုမြင်ရတာကြောင့် အံကိုကြိတ်ပြီး ခြေဖနောင့်ကိုဆောင့်လိုက်ရာ ရစ်ပတ်ထားတဲ့ အစိမ်းရောင်အခိုးငွေ့တွေက ခန္ဓာကိုယ်ကနေ လစ်ခနဲ လွင့်ထွက်သွားခဲ့တယ်။
အဲဒီတော့မှ ဘာစကားမှမပြောပဲ ငူငူငိုင်ငိုင်ဖြစ်နေတဲ့လူငယ်က အသံနက်ကြီးနဲ့ ကြောက်လန့်တကြား ထအော်ပါလေရော။
“ မောင်ထိန်… မောင်ထိန် သတိထားဦးလေ”
“ ကယ်ကြပါဦးဗျာ… မျက်လုံးပြူးပြူး၊ အစွယ်တွေနဲ့ကောင် ကျွန်တော်နောက်ကနေလိုက်လာတယ်”
“ ဘာမှမရှိပါဘူး… စိတ်ကိုလျော့ထားပါဦးကွယ်”
လူကြီးတွေက ကြောက်လန့်နေတဲ့ လူငယ်ကို သတိထားဖို့ ပြောနေတဲ့ချိန် အောင်မြတ်သာက ရှေ့ကိုတိုးလာပြီး
“ သူတစ်ခုခုကိုမြင်ခဲ့ရလို့ ကြောက်လန့်နေတာဖြစ်မယ်၊ ကျုပ်သူ့ကို မေးကြည့်ပါရစေ” လို့ပြောလိုက်ရာ ရွာသားတွေက ခေါင်းညိမ့်ပြပြီး ဘေးကိုဖယ်ပေးလိုက်ကြတယ်။
အဲဒီတော့မှ အောင်မြတ်သာက လူငယ်ရဲ့အနားမှာထိုင်လိုက်ပြီး ဦးခေါင်းကို ကိုင်ကာ မျက်လုံးကို မှိတ်လိုက်တယ်ဆိုရင်ပဲ အာရုံထဲမှာ ပထမဆုံးမြင်လိုက်ရတာက ကြည်လင်နေတဲ့ရေ၊ ပျော်ရွှင်စွာကူးခတ်နေကြတဲ့ လူငယ်သုံးယောက်။
လူငယ်သုံးယောက်က တစ်ယောက်နဲ့ တစ်ယောက် စနောက်ရင်း ရေကန်ရဲ့အလယ်ဘက်ကို ကူးခတ်သွားနေကြတယ်။
ထိုစဉ် အာရုံထဲမှာ တစ်ကိုယ်လုံးအချွဲအကျိတွေကပ်နေတဲ့ လူလိုလို ငါးလိုလိုအကောင်တစ်ကောင်ကိုမြင်လိုက်ရတယ်။
ခဏနေတော့ ရေလယ်မှာ ရုန်းကန်နေတဲ့ လူငယ်နှစ်ဦးနဲ့ သူတို့ရဲ့ခြေထောက်တွေကို ရေအောက်ကနေဆွဲထားတဲ့ လူနှစ်ယောက်ရဲ့ ပုံရိပ်က ဖျတ်ခနဲပေါ်လာခဲ့တယ်။
ဒီဖြစ်ရပ်ကိုမြင်လိုက်ရတဲ့အောင်မြတ်သာက လူငယ်ရဲ့ ဦးခေါင်းမှာကိုင်ထားတဲ့လက်ကို လွှတ်လိုက်ပြီး
“ ကောင်လေးတွေ ရေနစ်တဲ့ ကန်ထဲမှာ မကောင်းဆိုးဝါးတစ်ကောင်ရှိနေတယ်၊ တကယ်တော့ ကောင်လေးတွေက သမရိုးကျ ရေနစ်တာမဟုတ်ဘူး၊ အဲဒီကောင်က ရေနစ်အောင်လုပ်လိုက်တာ” လို့ပြောလိုက်ရာ ရွာသားတွေအကုန် အလန့်တကြားဖြစ်သွားပြီး
“ ဒီဆရာပြောတာဖြစ်နိုင်တယ်… ဒီရေကန်က တစ်နှစ်တစ်ခါလောက်ကို လူစားနေတာ၊ တစ်ခါတစ်လေ ခြောက်လတစ်ခါလောက်ကို ရေနစ်တဲ့သတင်းကြားရတာပဲ”
“ ကြားရတာ ကြက်သီးတွေတောင်ထတယ်ဗျာ”
“ အခုလောလောဆယ် ဒီကောင်လေးကို အရင်ဂရုစိုက်ပေးလိုက်ပါဦး၊ ကျုပ်တို့ ရေကန်အခြေအနေကို တစ်ချက်သွားကြည့်လိုက်ဦးမယ်”
အောင်မြတ်သာက ရွာသားတွေကို သတိပေးပြီး ချောင်းဝရေကန်ရှိတဲ့ဘက်ကို ထွက်လာခဲ့လိုက်တယ်။
ချောင်းဝရေကန်ဘက်ကို ထွက်လာတဲ့လမ်းမှာတော့ သေဆုံးနေပြီဖြစ်တဲ့ လူငယ်နှစ်ယောက်ရဲ့ အလောင်းကို စောင်နဲ့အုပ်ပြီးသယ်သွားတဲ့ ကြက်ခြေနီကားတစ်စီးကိုမြင်လိုက်ရတယ်။
ဒါကိုမြင်တော့ မောင်ကောင်းက အောင်မြတ်သာအနားကို ကပ်လာပြီး
“ ဆရာ… ဒီရေကန်မှာရှိတဲ့ အစောင့်က လူစားလဲတာများလား”
“ အတိအကျတော့ ပြောလို့မရသေးဘူး၊ ရေကန်ရောက်မှ အကဲခတ်ကြည့်ရမယ်၊ သေချာတာတစ်ခုက ရေကန်ထဲမှာ မကောင်းဆိုးဝါးတစ်ကောင်ရှိနေတာပဲ၊ ဒီကောင်ပုံစံကိုကြည့်ရတာ နှစ်အတော်ကြာနေပြီထင်တယ်၊ ရေထဲမှာအနေကြာတော့ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရေညှိအချွဲအကျိတွေကပ်နေတဲ့ပုံစံမြင်ရတယ်”
“ ဒီတစ်ခါလဲ အထူးအဆန်းကောင်နဲ့ တွေ့ပြန်ပြီထင်တယ်ဆရာရေ”
ခွန်းလှက လေးပင်တဲ့အသံနဲ့ပြောလိုက်ပြီး အောင်မြတ်သာရဲ့နောက်ကို ထပ်ချပ်မကွာ ကပ်လိုက်သွားခဲ့တယ်။
+++++
အချိန်ကား ညနေမှောင်ဖျဖြိုးဖြိုးမို့ ချောင်းဝရေကန်လမ်းတစ်လျောက် လူကမရှိသလောက်ဖြစ်နေခဲ့ပြီ။
ဒီနေ့ လူကလဲသေထားတာမို့ လာရောက်လည်ပတ်သူတွေရော၊ ဈေးသည်တွေပါ စောစောစီးစီးပြန်ကြတဲ့ပုံစံ။
မောင်ကောင်းနဲ့ ခွန်းလှက ရေကန်ရဲ့ အစပ်နားကိုသွားပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ ရေကန်ရဲ့ ဟိုဘက်ကမ်းတစ်နေရာမှာ လူနှစ်ယောက် ငုတ်တုတ်ထိုင်နေတာကိုမြင်လိုက်ရတယ်။
“ ခွန်းလှ… ဟိုမှာကြည့်စမ်း၊ လူနှစ်ယောက် ထိုင်နေတာမဟုတ်လား”
“ ဟုတ်တယ်အကို… မှောင်စပြုနေတာတောင် မပြန်သေးပဲ ဘာလုပ်နေကြလဲမသိဘူး”
အောင်မြတ်သာလဲ မောင်ကောင်းနဲ့ ခွန်းလှတို့စကားကြောင့် ကန်ရဲ့တစ်ဖက်ခြမ်းက လူနှစ်ယောက်ကိုကြည့်လိုက်တဲ့ချိန် ထိုင်နေတဲ့လူနှစ်ယောက်က ဗွမ်းဆို ရေထဲခုန်ချသွားပါလေရော။
“ ဟ.. ဒီကောင်တွေ ခုထိ ရေကူးနေကြတုန်းပဲလား၊ မကြောက်မလန့်နဲ့ သူတို့မို့ ကူးရဲတယ်”
“ မဟုတ်သေးဘူး မောင်ကောင်း၊ ခုနကမြင်လိုက်ရတာ လူမဟုတ်လောက်ဘူး၊ ဒီနှစ်ယောက်ရေထဲခုန်ဆင်းတယ်သာပြောတာ ကန်ရေလှုပ်သွားတာလဲမတွေ့ဘူး”
“ ဟုတ်သားဗျ… ဆရာပြောမှ သတိထားမိတယ်၊ ဒီကောင်တွေ ကျွန်တော်တို့လာတာသိလို့ ထွက်ပြေးသွားတာများလား”
“ ငါတို့လဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဖြေတစ်ခုထွက်လာအောင်လုပ်ကြည့်ရမှာပဲ”
အောင်မြတ်သာက လူသူအရိပ်အခြေကိုကြည့်လိုက်ပြီး ရေကန်ထဲကို လက်ညိုးနှစ်ကာ ဂါထာတစ်ပုဒ်ကို ကိုးခေါက်တိတိရွတ်လိုက်တယ်ဆိုရင်ပဲ ကန်ရေပြင်အောက်ကနေ ဖြူဖတ်ဖြူလျော်ဖြစ်နေတဲ့ ဦးခေါင်းတွေ တစ်လုံးချင်းပေါ်လာခဲ့တယ်။
“ မြတ်စွာဘုရား… ရေအောက်ကနေ ထွက်လာတဲ့လူတွေ မနည်းမနောပါလား”
“ အင်း… ငါထင်တာမှန်နေပြီ၊ မောင်ကောင်း၊ ခွန်းလှ ငါတို့ ကန်ပတ်ပတ်လည်ကို စည်းတားပြီး ဒီဖြစ်ရပ်ရဲ့ ဇစ်မြစ်ကိုလိုက်ရတော့မယ်”
“ ကန်ကဒီလောက်ကျယ်တာ ဘယ်လိုစည်း
တားမလဲဆရာ”
“ မင်းတို့မှာ သိမ်ဝင်ပရိတ်ကြိုးချည်လုံးပါတယ်မဟုတ်လား”
“ ပါတယ်ဆရာ”
“ ပရိတ်ကြိုးလုံးကို ငါ့လက်ညိုးထဲထည့်လိုက်”
အောင်မြတ်သာက ကန်ဘောင်ဘေးမှာ ထိုင်ပြီး လက်ညိုးနှစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ မောင်ကောင်းက အသင့်ပါလာတဲ့ ပရိတ်ကြိုးလုံးနှစ်လုံးကို လက်ညိုးနှစ်ချောင်းထဲထည့်ပေးလိုက်တယ်။
ပရိတ်ကြိုးလုံးလက်ထဲရောက်တာနဲ့ အစနှစ်ဖက်ကို ဆန့်ကျင်ဘက်အရပ်မှာထားပြီး စည်းချဂါထာကိုရွတ်လိုက်ရာ အပ်ချည်ကြိုးအစနှစ်ဖက်က အသက်ဝင်နေတဲ့အလား ရွှီးခနဲပြေးထွက်သွားခဲ့တယ်။
မောင်ကောင်းနဲ့ ခွန်းလှကတော့ ဆရာဖြစ်သူရဲ့ ပညာစွမ်းတွေကို မယုံနိုင်တဲ့မျက်လုံးတွေနဲ့ကြည့်ပြီး အံ့အားသင့်နေခဲ့ကြတယ်။
အပ်ချည်ကြိုးမျှင်တွေက ကန်တစ်ပတ်ပြည့်တဲ့ထိ ရစ်ပတ်ပြီးသွားတဲ့ချိန် အောင်မြတ်သာက လက်နှစ်ဖက်ကိုထပ်လိုက်ပြီး
“ ချောင်းဝရေကန်ထဲမှာ ကျင်လည်ကျက်စားနေတဲ့ နာနာဘာဝ၊ ဝိနာဘာဝတွေအားလုံး ကန်ရေပြင်ထက်ကို တက်လာပြီး ကိုယ်ထင်ပြစေ၊ ကျွန်ုပ်၏နှုတ်မိန့်ကို လွန်ဆန်ပါက ဤရေပြင်သည် ရေနွေးကဲ့သို့ပွက်ပွက်ဆူပြီး ခန္ဓာကိုယ်တစ်ခုလုံး ပူလောင်ပါစေသား” လို့အမိန့်ပြန်လိုက်ရာ ကန်ရေပြင်တစ်ခုလုံး ရေပွက်တွေ ထလာပြီး ဖြူဖတ်ဖြူလျော်ဖြစ်နေတဲ့ ယောင်္ကျား၊ မိန်းမအရွယ်စုံ ရေပြင်ထက်မှာပေါ်လာခဲ့တယ်။
အောင်မြတ်သာက ပေါ်လာတဲ့သူတွေကို ကြည့်လိုက်ပြီး
“ သင်တို့က ဒီရေကန်ထဲမှာ ရေနစ်သေဆုံးထားသူတွေလား” လို့မေးလိုက်ရာ ပေါ်လာတဲ့သူတွေက ဟုတ်မှန်ကြောင်းခေါင်းညိမ့်ပြခဲ့တယ်။
ထိုစဉ် ကြည်လင်နေတဲ့ ကန်ရေပြင်တစ်ခုလုံး ရေညှိစိမ်းရောင်အဖြစ်ပြောင်းသွားပြီး ကန်ရဲ့အလယ်ကနေ ရှည်လျားတဲ့ဆံပင်၊ ငါးတစ်ကောင်လို အကြေးခွံတွေနဲ့ဖုံးအုပ်ထားတဲ့ အသားရည်၊ နီရဲတဲ့မျက်လုံး၊ ချွန်မြနေတဲ့သွားတွေပါတဲ့
နာနာဘာဝတစ်ကောင် ထွက်လာခဲ့တယ်။
ထိုအကောင်ကိုမြင်တော့ ကန်ထဲမှာရှိနေတဲ့သူတွေ အလန့်တကြားဖြစ်သွားပြီး ကြောက်ရွံ့၊ သိမ်ငယ်တဲ့မျက်လုံးတွေနဲ့ ကြည့်နေခဲ့ကြတယ်။
ဒါကိုမြင်တဲ့အောင်မြတ်သာက ရေလယ်မှာရပ်နေတဲ့သူကိုကြည့်လိုက်ပြီး
“ သင်က ဒီရေကန်ရဲ့အစောင့်လား”
“ ဟုတ်တယ်… နင်က ဘယ်သူလဲ”
“ ကျုပ်က သင့်ကြောင့်သေဆုံးခဲ့ရတဲ့သူတွေကို ကျွတ်လွတ်အောင်လုပ်ပေးမယ့်သူပဲ”
“ ဒါက ငါ့ပိုင်တဲ့နေရာ၊ ဒီနေရာမှာ ငါ့စကားက အတည်ပဲ၊ ဒါကြောင့် နင်လုပ်ချင်တိုင်း လုပ်လို့မရဘူး”
“ ကျုပ်လုပ်ချင်တိုင်း လုပ်လို့ရတယ်လို့ပြောရင် သင်ယုံမှာလား”
“ နင်လုပ်ကြည့်လေ၊ ငါ့ကြောင့်သေရတဲ့သူတွေက ငါ့ခွင့်ပြုချက်မပါပဲ ရေကန်ထဲကနေ ဘယ်မှထွက်လို့မရစေရဘူး”
အောင်မြတ်သာက သူ့ကိုစိန်ခေါ်တဲ့စကားကြောင့် နှုတ်ခမ်းကိုတွန့်အောင်ပြုံးလိုက်ပြီး
“ ဆိုင်ရာပိုင်ရာများနဲ့ အင်းစောင့်ပုဂ္ဂိုလ်များ၊ ဒီနာနာဘာဝကို ကန်ထဲကနေ ကြိုးတုပ်ပြီးခေါ်လာစမ်း” လို့အမိန့်ပေးလိုက်ရာ ကန်အလယ်မှာရပ်နေတဲ့ နာနာဘာဝကောင်ရဲ့ ဘေးပတ်လည်မှာ အနီရောင်ကြိုးစတွေကိုင်ထားတဲ့ အင်းစောင့်လေးပါးပေါ်လာခဲ့တယ်။
အင်းစောင့်တွေက လက်ထဲကကြိုးနဲ့ နာနာဘာဝကောင်ကို ချည်နှောင်ဖို့ကြိုးစားပေမယ့် အနားကိုရောက်တာနဲ့ မမြင်ရတဲ့တွန်းကန်အားတစ်ခုကြောင့် အဝေးကို လွင့်ထွက်သွားခဲ့ကြတယ်။
“ ဟင်”
“ ဘယ်လိုဖြစ်တာလဲ”
မောင်ကောင်းနဲ့ ခွန်းလှတို့ရဲ့ အော်သံ။
အောင်မြတ်သာက လွင့်ထွက်သွားတဲ့ အင်းစောင့်တွေကို အံ့ဩစွာကြည့်လိုက်ပြီး
“ သူ့ထက်ကြမ်းပါတယ်ဆိုတဲ့ နတ်ဘီလူးတွေတောင် ဂိုဏ်းတော်ရဲ့အမိန့်ကို မလွန်ဆန်နိုင်တာ၊ ဒီလို နာနာဘာဝကောင်က ဘာကြောင့် ခုခံနိုင်ရတာလဲ” လို့ စိတ်ထဲကနေ ပြောလိုက်မိတယ်။
ခန္ဓာကိုယ်တစ်ခုလုံး အကြေးခွံတွေဖုံးအုပ်နေတဲ့ မိစ္ဆာကောင်က အောင်မြတ်သာကိုကြည့်ပြီး ဟီးဟီးဟားဟားနဲ့အော်ရယ်ရင်း
“ ငါ့ကို ဖမ်းဖို့ မကြိုးစားနဲ့… ဒီရေကန်ထဲမှာ ငါကဘုရင်ပဲ၊ ဘယ်လိုအစွမ်းထက်တဲ့သူမဆို ငါ့ပိုင်နက်ထဲရောက်ရင် ငါ့အမိန့်ကိုနာခံရလိမ့်မယ် ဟီးဟီးအဟက်အဟက်” လို့ လှောင်ပြောင်ပါလေရော။
ရေကန်ထဲမှာရှိနေတဲ့ သူတွေကတော့ အောင်မြတ်သာကို မျက်နှာငယ်လေးတွေနဲ့ကြည့်ရင်း သူတို့ကို ကျွတ်လွတ်အောင်လုပ်ပေးဖို့ အသနားခံနေခဲ့ကြတယ်။
အောင်မြတ်သာလဲ ဒုတိယအကြိမ်စမ်းကြည့်ရန်အတွက် လောင်မီးစမကို ထုတ်ယူပြီး ရေပြင်ပေါ်တင်လိုက်ရာ လက်ပေါ်မှာ တဖျတ်ဖျတ်ခုန်နေတဲ့စမက ရေပေါ်လဲရောက်ရော အစွမ်းတွေအားလုံးပြယ်ကာ ရေထဲနစ်မြုပ်သွားခဲ့တယ်။
ဒါကိုမြင်တဲ့ မောင်ကောင်းက အောင်မြတ်သာနားကိုကပ်ကာ
“ ဒီကောင်မှာ ရေကန်နဲ့ပတ်သတ်ပြီး အပေးအယူတစ်ခုခုရှိပုံပဲ”
“ ငါလဲ မင်းလိုတွေးမိတယ်၊ ဒီရေကန်နဲ့ပတ်သတ်ပြီး ငါတို့ မသိသေးတာ ရှိကိုရှိလိမ့်မယ်”
“ဟုတ်တယ်ဆရာ၊ ဒီရေကန်က သူ့ကိုလုပ်ချင်သလိုလုပ်လို့ရအောင် အကူညီပေးနေတဲ့ လက်နက်တစ်ခုလိုပဲ”
“ မောင်ကောင်း၊ ခွန်းလှ မင်းတို့နှစ်ယောက် ခုနကဝင်လာတဲ့လမ်းဆုံကိုပြန်သွား၊ လမ်းဆုံရောက်ရင် ရေကန်စတင်မဖြစ်ပေါ်ခင်အချိန်က သမိုင်းကြောင်းကို သိတဲ့သူကို ခေါ်မေးကြည့်၊ အဖြေတစ်ခုတော့ ထွက်လာမယ်လို့ထင်တယ်”
“ ဆရာကရောမလိုက်ဘူးလား”
“ ငါမရှိရင် တားထားတဲ့စည်းပျက်သွားလိမ့်မယ်၊ ငါတို့ ဒီည ပြဿနာကိုမရှင်းနိုင်ရင် နောက်ရက် လူတွေထပ်သေကြမှာ၊ ဒါကြောင့် ဒီကောင်ကို ထွက်ပြေးခွင့်မပေးနိုင်ဘူး”
“ ဆရာခဏလေးစောင့်ပါ၊ ကျွန်တော်တို့ မကြာခင်ပြန်လာခဲ့ပါမယ်”
မောင်ကောင်းနဲ့ခွန်းလှက ရေလယ်မှာ ရပ်နေတဲ့ မိစ္ဆာကောင်ကို တစ်ချက်လှမ်းကြည့်ပြီး လမ်းဆုံရှိရာကို ထွက်သွားခဲ့လိုက်တယ်။
++++++
အချိန်က ညီအစ်ကိုမသိတသိအချိန်မို့ ရွာလေးရွာဆုံတဲ့ လမ်းဆုံလေးက တစ်ချက်တစ်ချက် ကြားရတဲ့ ခွေးဟောင်သံကလွဲ၍ ပတ်ဝန်းကျင်ကငြိမ်သက်တိတ်ဆိတ်လျက်ရှိနေခဲ့တယ်။
မောင်ကောင်းနဲ့ ခွန်းလှလဲ လမ်းဆုံကိုရောက်တာနဲ့ လွယ်အိတ်ထဲကနေ အင်းဖယောင်းတိုင်သုံးတိုင်ကို ထုတ်ယူလိုက်ပြီး မြေကြီးပေါ်မှာ ထွန်းလိုက်တယ်ဆိုရင်ပဲ ပတ်ဝန်းကျင်က အတန်သင့်လင်းထိန်သွားခဲ့တယ်။
ဖယောင်းတိုင်ထွန်းပြီးတာနဲ့ မောင်ကောင်းက မြင်အပ်မမြင်အပ်ပုဂ္ဂိုလ်တွေထဲက သက်တမ်းအရင့်ဆုံးပုဂ္ဂိုလ်ကို
ပင့်ဖိတ်လိုက်ရာ မလှမ်းမကမ်းက ဆူးခြုံတွေအနောက်ကနေ တရှပ်ရှပ်နဲ့ လမ်းလျောက်လာတဲ့ ခြေသံကို အတိုင်းသား ကြားလိုက်ရတယ်။
မောင်ကောင်းတို့လဲ အသံကြားတဲ့ဘက်ကို လှမ်းကြည့်လိုက်ရာ ခြေဖနောင့်က ရှေ့ကိုရောက်နေပြီး ခြေဖဝါးက နောက်ကိုရောက်နေတဲ့ သဘက်ကြီးတစ်ကောင်က သူတို့ရှိရာကို နောက်ပြန်လျောက်လာတာကို မြင်လိုက်ရတယ်။
သာမန်လူတစ်ယောက်အဖို့ သွေးပျက်ဖွယ်ကောင်းလှတဲ့မြင်ကွင်းဆိုပေမယ့် ဒီထက်ကြောက်မက်ဖွယ်ကောင်းတဲ့အရာတွေကို မြင်တွေ့ဖူးနေတဲ့ မောင်ကောင်းနဲ့ ခွန်းလှတို့က ကြက်သီးမွှေးညှင်းပင်မထပဲ သူတို့ဆီလျောက်လာတဲ့ သဘက်ကြီးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့ကြတယ်။
သဘက်ကြီးက စကားလှမ်းပြောရရုံအကွာအဝေးအရောက်မှာ ခြေလှမ်းတွေကိုရပ်လိုက်ပြီး
“ ငါ့ကိုခေါ်တာ ဘာကိစ္စလဲ”
“ သင်က ဒီပတ်ဝန်းကျင်မှာ သက်တမ်းအရင့်ဆုံး ပုဂ္ဂိုလ်လား”
“ ငါဒီမှာနေတာ နှစ်ပေါင်းနှစ်ရာကျော်ပြီ၊ ဒီအရပ်မှာငါ့ထက်သက်တမ်းရင့်တဲ့သူမရှိဘူး”
“ ဒါဆို ချောင်းဝရေကန်အကြောင်းသိမှာပေါ့”
“ သိသင့်သလောက်တော့သိတယ်၊ နင်တို့ ဘာကိစ္စမေးချင်တာလဲ”
“ ချောင်းဝရေကန်ထဲမှာ ရှိနေတဲ့ မိစ္ဆာကောင်ကို သင်သိလား”
“ ရေကန်ထဲမှာ သက်တမ်းရင့်မိစ္ဆာတစ်ကောင်ရှိတာကိုတော့သိတယ်၊ သူနဲ့တော့ အပြောအဆိုမရှိဘူး၊ အဲဒီကောင်က အတော်မောက်မာတဲ့ကောင်”
“ ဘယ်လိုမောက်မာတာလဲ၊ သူရေကန်မှာနေတာ ဘယ်လောက်ကြာပြီလဲ”
“ အရင်က ဒီကောင်က ရေကန်မှာမနေဘူး၊ ရေကန်ရဲ့အနောက်ဘက် ခံတပ်ဟောင်းမှာနေတာ၊ နောက်မှဘယ်လိုလုပ်ပြီး ရေကန်ထဲရောက်လာလဲမသိဘူး”
“ ဘယ်လို ဘယ်လို ဒီကောင်အရင်က ခံတပ်အဟောင်းမှာ နေတာ ဟုတ်လား”
“ ဟုတ်တယ်… ရေကန်ရဲ့ အနောက်ဘက်မှာ မွန်ဂိုတွေကို ခုခံစဉ်က ဆောက်ခဲ့တဲ့ ခံတပ်နေရာအဟောင်းရှိတယ်၊ အခုချောင်းဝရေကန်ဆိုတာက ခံတပ်မှာနေတဲ့သူတွေ သုံးဖို့ဆိုပြီး တူးခဲ့တာ”
သဘက်ကြီးရဲ့စကားကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့ အချင်းချင်းကြည့်လိုက်ပြီး
“ ဒီရေကန်ထဲကို မိစ္ဆာကောင်က ဘယ်အချိန်လောက်က စပြီရောက်လာခဲ့တာလဲ”
“ အချိန်အတိအကျတော့ မသိပေမယ့် နှစ်ပေါင်းလေးဆယ်လောက်တော့ ကြာပြီထင်တယ်”
“ သဲလွန်စကတော့ ထွက်လာပြီ ခွန်းလှရေ၊ ဆရာကိုသွားပြောကြရအောင်”
မောင်ကောင်းလဲ ခွန်းလှကိုပြောပြီးတာနဲ့ သဘက်ကြီးဘက်ကိုလှည့်ကာ
“ အခုလို ကူညီပေးလို့ ကျုပ်တို့က ကျေးဇူးတင်ပါတယ်၊ သင်လဲ ကိုယ့်နေရာကိုယ်ပြန်လို့ရပါပြီ” လို့ပြောလိုက်ရာ သဘက်ကြီးက ခြေလှမ်းကျဲကြီးတွေနဲ့ အမှောင်ထုထဲကို ဝင်ရောက်ပျောက်ကွယ်သွားပါတော့တယ်။
ရေကန်ထဲက မိစ္ဆာကောင်ကြီးရဲ့ ဇစ်မြစ်ကိုသိရပြီမို့ နှစ်ယောက်သား ရေကန်ဆီကိုပြန်လာခဲ့ရာ ရေကန်ဆီအရောက်မှာတော့ မိစ္ဆာကောင်ကို မတွေ့ရတော့ပဲ ဆယ်နှစ်အရွယ် ကလေးတစ်ယောက်နဲ့ စကားပြောနေတဲ့ ဆရာဖြစ်သူကိုမြင်လိုက်ရတယ်။
“ ဆရာ… ဟိုကောင် ဘယ်လိုဖြစ်သွားပြီလဲ”
မောင်ကောင်းက ရေကန်ကိုကြည့်ပြီးမေးလိုက်ရာ အောင်မြတ်သာက လက်ကာပြပြီး ဆံပင်ဘုတ်သိုက်နဲ့ကလေးနဲ့ စကားဆက်ပြောနေခဲ့တယ်။ ခဏနေတော့ ဆံပင်ဘုတ်သိုက်နဲ့ကလေးက မောင်ကောင်းတို့ကို တစ်ချက်လှမ်းကြည့်ပြီး အနားမှာရှိတဲ့ သစ်ပင်နှစ်ပင်ကြားထဲကို ဝင်ရောက်သွားခဲ့တယ်။
အဲဒီတော့မှ အောင်မြတ်သာက မောင်ကောင်းတို့ဘက်ကိုလှည့်ပြီး
“ ရေကန်ထဲက မိစ္ဆာကောင်အကြောင်း ဘာသိခဲ့ရလဲ”
“ ဒီကောင်က အရင်က ရေကန်မှာနေတာမဟုတ်ဘူးဆရာ၊ ရေကန်အနောက်ဘက်က ခံတပ်ဟောင်းမှာနေတာလို့သိရတယ်၊ ဒီရေကန်ကလဲ ခံတပ်ကလူတွေ အသုံးပြုဖို့ တူးခဲ့တာတဲ့”
“ ဒါဆို ခုနကကလေးပြောတာ မှန်နေတာပေါ့”
“ ခုနက ကလေးက ဘယ်သူများလဲဆရာ”
“ သူက ဒီတောထဲမှာနေတဲ့ အစောင့်တစ်ယောက်ပဲ၊ သူပြောတာကလဲ ရေကန်ထဲက ကောင်က ဒီကိုရောက်လာတာမကြာသေးဘူးဆိုပဲ”
“ ကျွန်တော်တို့သွားတုန်းက ဆရာက ရေကန်ထဲက မိစ္ဆာကောင်ကို ပရိတ်ကြိုးတွေနဲ့ထိန်းထားတာမဟုတ်လား၊ ပြန်ရောက်တော့ ဟိုကလေးနဲ့ စကားပြောနေလို့ အံ့ဩနေတာ”
“ ဒီကောင်ကို ရေကန်ထဲမှာ ဘာမှလုပ်လို့မရဘူး၊ အင်းစမတွေကလဲ ရေနဲ့ထိတာနဲ့ အစွမ်းတွေပြယ်သွားတယ်၊ ဒါကြောင့် ပရိတ်ကြိုးကိုပြန်သိမ်းပြီး မင်းတို့ဆီလိုက်ခဲ့မလို့လုပ်နေတဲ့ချိန် ဒီကလေးရောက်လာလို့ စကားပြောကြည့်နေတာ”
“ ဆရာ… ကျွန်တော်တို့ ခံတပ်အဟောင်းရှိတဲ့ဘက်ကို သွားကြည့်ရင်တော့ အဖြေတစ်ခုရနိုင်မယ်ထင်တယ်”
“ အခုတော့ နောက်ကျနေပြီမို့ မနက်ကျမှသွားကြတာပေါ့”
“ ဟုတ်ကဲ့ဆရာ”
အောင်မြတ်သာလဲ ငြိမ်သက်နေတဲ့ကန်ရေပြင်ကို တစ်ချက်ကြည့်လိုက်ပြီး ဈေးသည်တွေဆောက်လုပ်ထားတဲ့ တဲတွေဘက်ကို ထွက်လာခဲ့လိုက်တယ်။
ညသန်းခေါင်အချိန်အရောက်မှာတော့ ရေကန်ဘက်ကနေ လူတစ်ယောက်အဖျားတက်သလို တဟင်းဟင်းနဲ့ညဉ်းတဲ့အသံကြီး ထွက်ပေါ်လာခဲ့တယ်။
အသံက အတော်ကျယ်တာမို့ မောင်ကောင်းနဲ့ ခွန်းလှတို့ အိပ်နေရာက လူးလဲထလိုက်ပြီး
“ ဆရာ… ရေအော်သံကြီးက ကြောက်စရာကြီးဗျာ”
“ မနက်ဖြန် ရေကန်ထဲကို ဘယ်သူမှမဆင်းဖို့ သတိပေးရလိမ့်မယ်၊ မောင်ကောင်း မနက်ဖြန်ငါတို့ ခံတပ်ဘက်သွားနေတဲ့အချိန် မင်းက ဒီနေရာမှာနေခဲ့ပြီး လူတွေကို သတိပေးထားပါ၊ ဘယ်သူမှရေထဲမဆင်းမိစေနဲ့”
“ ဟုတ်ကဲ့ဆရာ၊ ကျွန်တော် သေချာလိုက်ပြောထားပါ့မယ်၊ ဒါနဲ့ ခံတပ်ဟောင်းက ဘယ်နေရာမှာရှိတယ်ဆိုတာ ဆရာသိလို့လား”
“ မသိလဲ မေးမြန်းပြီးသွားရမှာပေါ့၊ ဒီတိုင်း လွှတ်ထားရင် လူတွေ ပိုပြီးဒုက္ခရောက်ကုန်လိမ့်မယ်”
အောင်မြတ်သာစကားအဆုံးမှာ ပျဉ်းကတိုးပင်နှစ်ပင်အနောက်ကနေ သစ်ကိုင်းခြောက်နင်းသံတစ်ခုနဲ့အတူ ဆံပင်ဘုတ်သိုက်နဲ့ ကလေး ပြေးထွက်လာကာ
“ ခံတပ်ဟောင်းကို ကျွန်တော်သိတယ်၊ ဆရာတို့ အဲဒီကိုသွားမလို့လား”
“ ဟေ့ကောင်လေး၊ မင်းဘယ်ကနေ ဘယ်လိုရောက်လာတာလဲ၊ အဖိုးသိရင် ဆူခံထိတော့မှာပဲ”
“ အဖိုးက တောင်ပေါ်က စေတီမှာ ပုတီးသွားစိပ်နေလို့ ခိုးထွက်လာတာ”
“ မင်းက ခံတပ်ဟောင်းရှိတဲ့နေရာကို တကယ်သိလို့လား”
“ သိတာပေါ့ဗျ… အဖိုးနဲ့ တစ်ခါရောက်ဖူးတယ်”
“ ဒါဖြင့် မနက်အရုဏ်တက်ချိန် ငါတို့သွားကြရအောင်”
“ အရုဏ်တက်ချိန်ထိစောင့်မနေနဲ့ဗျ၊ ခံတပ်ကလူတွေက ညဘက်မှထွက်တာ၊ မနက်အရုဏ်တက်ချိန်ဆို ဘယ်သူမှရှိတော့မှာ မဟုတ်ဘူး”
“ ဒါဖြင့်လဲ အခုပဲသွားကြတာပေါ့၊ မောင်ကောင်း၊ ခွန်းလှ မင်းတို့မှာ ဓါတ်မီးတွေပါတယ်မဟုတ်လား”
“ ပါတယ်ဆရာ… ဟိုတစ်လောက မြို့ရောက်တုန်း လိုကာမယ်ကာ သုံးလက်ဝယ်ထားတယ်”
“ ကောင်လေး… မင်းက ရှေ့ကလမ်းပြကွာ၊ ငါတို့လိုက်ခဲ့မယ်၊ ဒါနဲ့ မင်းနာမည်က”
“ အဘိုးကတော့ တိုးမောင်လို့ခေါ်တယ်၊ အဲဒါ ကျွန်တော်နာမည်ပဲ”
အောင်မြတ်သာတို့လဲ တိုးမောင်ရဲ့ အကူအညီနဲ့ သစ်ပင်ကြီးငယ်တွေထူထပ်စွာပေါက်နေတဲ့ တောရဲ့အတွင်းဘက်ကို ဓါတ်မီးကိုအားပြုကာ ဝင်ရောက်ခဲ့ကြတယ်။
လမ်းတစ်လျောက်မှာတော့ ရိပ်ခနဲ ရိပ်ခနဲ သွားလာနေကြတဲ့ တောတွင်းပရလောကသားတွေကို မြင်တွေ့ရပြီး အချို့ကလဲ ထဘီရင်လျားလျက်နဲ့၊ အချို့ကလဲ အရိုးပေါ်အရေတင်ကမ္မဌာန်းရုပ်တွေနဲ့၊ အချို့ကျတော့ မျက်နှာပြင်တစ်ခုလုံးပြောင်ချောတွေနဲ့ စားစရာလိုက်ရှာနေကြတာကိုမြင်တွေ့လိုက်ရတယ်။
အောင်မြတ်သာတို့လဲ တိုးမောင်ရဲ့နောက်ကနေ တစ်နာရီနီးပါးလိုက်လာပြီးချိန်မှာတော့ တစ်တောင်လောက်ရှိတဲ့ အုတ်ကျိုးအုတ်ပဲ့တွေ စုပုံထားတဲ့ နေရာတစ်ခုဆီကိုရောက်လာခဲ့တယ်။
အုတ်ပုံကို ခြေထောက်ကျော်လိုက်တယ်ဆိုရင်ပဲ ပတ်ဝန်းကျင်တစ်ခုလုံး ဆီမီးရောင်တွေ လင်းထိန်သွားပြီး ရှေးခေတ်စစ်ထွက်ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ စစ်သည်တွေက မိမိတို့လုပ်ရမယ့် တာဝန်တွေကို အသက်မဲ့စက်ရုပ်တွေအလား လုပ်ဆောင်နေတာကိုမြင်တွေ့လိုက်ရတယ်။
အဲဒီအချိန် မျက်နှာမှာ ကန့်လန့်ဖြတ်ဓါးခုတ်ရာအမာရွတ်ရှိနေတဲ့ စစ်သည်တစ်ယောက် အောင်မြတ်သာတို့ရှိရာကို လျောက်လာပြီး
“ ဟိတ် ရပ်လိုက်စမ်း”
“ ဆရာ… အဲဒီလူကို ကျွန်တော်ကြောက်တယ်”
တိုးမောင်က အောင်မြတ်သာရဲ့အနောက်မှာ ဝင်ပုန်းရင်း ကြောက်လန့်နေခဲ့တယ်။ ထိုစဉ် လှံရှည်ကိုင်ထားတဲ့ ရဲမက် ဆယ်ဦးခန့် ပြေးလာပြီး အောင်မြတ်သာတို့ကို ဝိုင်းထားလိုက်ကြတယ်။
“ မောင်မင်းတို့က ဘယ်သူလဲဟေ့”
“ ကျုပ်တို့က ရန်သူမဟုတ်ပါဘူး၊ သိလိုတဲ့ကိစ္စရှိလို့ သင်တို့နယ်မြေကိုရောက်လာတာပါ”
အောင်မြတ်သာစကားကြောင့် တပ်မှူးဖြစ်ဟန်တူတဲ့သူက ဝန်းရံထားတဲ့သူတွေကို ဖယ်ခိုင်းလိုက်ပြီး
“ ဘာကိစ္စသိချင်လို့ ရောက်လာတာလဲ”
“ သင်တို့ခံတပ်ထဲက လူတစ်ယောက်ကြောင့် အပြစ်မဲ့တဲ့သူတွေ ဒုက္ခရောက်နေတဲ့အကြောင်း လာအသိပေးတာ”
အောင်မြတ်သာစကားကြောင့် တပ်မှူးဖြစ်သူရဲ့မျက်နှာ တင်းမာသွားပြီး
“ ကျုပ်တို့ခံတပ်ထဲကသူလို့ ဘာကြောင့်ပြောရတာလဲ၊ ကျုပ်တို့က ဒီနေရာကို တာဝန်ကျထဲက ခံတပ်အပြင်ကိုတောင် ထွက်တာမဟုတ်ဘူး”
“ ဒါဆို ချောင်းဝရေကန်မှာရှိနေတဲ့သူက တပ်မှူးတို့ ခံတပ်က မဟုတ်ဘူးဆိုတာ သေချာလား”
အောင်မြတ်သာစကားကြောင့် တပ်မှူးဆိုသူ ခေတ္တတွေဝေသွားပြီး မြေကတုတ်ကျင်းတူးနေတဲ့သူတွေကို ကြီးကြပ်နေတဲ့ စစ်သည်တစ်ယောက်ကို လှမ်းခေါ်လိုက်တယ်။
“ တပ်မှူး… ဘာခိုင်းဖို့ရှိလို့လဲ”
“ ငါတို့ခံတပ်ထဲမှာရှိတဲ့ သူတွေထဲ
ကျွတ်လွတ်သွားတဲ့သူ ဘယ်နှစ်ယောက်ရှိပြီလဲ”
“ ခံတပ်ကနေ အလုပ်လုပ်နေရင်း ပျောက်ကွယ်သွားတဲ့သူ ဆယ်ယောက်ပဲရှိသေးတယ် တပ်မှူး”
“ ပျောက်သွားတယ်ဆိုတာက ကျွတ်လွတ်သွားတာလား”
“ ဟုတ်ပါတယ်တပ်မှူး”
“ ကဲ … ကြားတဲ့အတိုင်းပဲ ဒါကြောင့် ရေကန်မှာရှိတဲ့သူက ကျုပ်တို့ခံတပ်ကလူမဟုတ်ဘူး”
တပ်မှူးဖြစ်သူရဲ့စကားကြောင့် အောင်မြတ်သာ အနည်းငယ်စဉ်းစားရကြပ်သွားတဲ့ချိန်
“ တပ်မှူး… မကြာသေးခင်က ပျောက်သွားတဲ့ သွေးသောက်ကြီးတစ်ယောက်ကတော့ နည်းနည်းထူးဆန်းနေပါတယ်” ဆိုတဲ့အသံ ထွက်လာခဲ့တယ်။
“ ဘယ်လိုထူးဆန်းတာလဲ ဒိဗ္ဗရဲ့”
“ အရင်ကျွတ်လွတ်တဲ့သူတွေဆိုရင် ကျွတ်လွတ်ချိန်နီးလာတာနဲ့ အလုပ်အပေါ် စိတ်မဝင်စားပဲ ငူငူငိုင်ငိုင်ဖြစ်လာကြတယ်။ ဒါပေမယ့် သွေးသောက်ကြီးကတော့ ဒီလိုလက္ခဏာတွေမပြပဲ ချက်ချင်းပျောက်ကွယ်သွားခဲ့တာ”
“ သူ့နာမည်က ဘယ်လိုခေါ်လဲ”
“ ငထင်လို့ခေါ်ပါတယ်တပ်မှူး”
တပ်မှူးနဲ့ သူရဲ့ လက်ထောက်တို့ စကားပြောနေတာကိုကြားတဲ့ အောင်မြတ်သာက
“ ချောင်းဝရေကန်က တပ်မှူးတို့ ခံတပ်ကလူတွေ အသုံးပြုဖို့တူးခဲ့တာဆိုတာဟုတ်ပါသလား”
“ ဟုတ်တယ်… ဒီရေကန်က အခုဘာဖြစ်နေလို့လဲ”
“ ဒီရေကန်ထဲမှာရှိနေတဲ့ မိစ္ဆာကောင်က ရေလာကူးတဲ့သူတွေကို ဖမ်းစားသတ်ဖြတ်ပြီး သူ့တပည့်တွေအဖြစ်ပြန်လည်ခိုင်းစေနေပါတယ်။ ကျုပ်တို့ရဲ့ ပညာနဲ့ သွားရောက်နှိမ်နင်းတဲ့အခါမှာလဲ ရေကန်ရဲ့ ထူးခြားချက်ကြောင့် ဘယ်လိုပညာရပ်မှ တိုးမပေါက်ဖြစ်နေတယ်”
“ သင်ပြောတာ ဖြစ်နိုင်ပါတယ်၊ ဘာလို့ဆိုတော့ ဒီရေကန်ကို မွန်ဂိုတို့ရဲ့ရန်ကို နှိမ်နင်းကြမယ့် စစ်သည်တွေရဲ့သွေးချွေးတွေနဲ့ တူးဖော်ခဲ့ကြတယ်။ တူးဖော်ပြီးချိန်မှာတော့
ရေကန်ရဲ့အောက်ခြေမှာအင်းအိုင်လက်ဖွဲ့အချို့ကို စီရင်ထားခဲ့ကြတယ်၊ ဒီအစီအရင်ကိုပြုလုပ်ပေးခဲ့တဲ့သူက ဘယ်သူလဲသိလား”
“ ဘယ်သူက စီရင်ပေးခဲ့တာလဲ”
“ ဗားမဲ့ဆရာတော်ကိုယ်တိုင် စီရင်ပေးခဲ့တာလေ”
“ လက်စသတ်တော့ ဒါကြောင့် ကျုပ်တို့ပညာရပ်တွေ တိုးမပေါက်ဖြစ်နေတာကိုး”
“ ဒိဗ္ဗ… ငထင်ပျောက်ကွယ်သွားတော့ သူ့ရဲ့အဆောင်ကျန်ရစ်ခဲ့သေးလား”
“ အဆောင်ပါပျောက်သွားတာ တပ်မှူး”
ထိုစကားကြောင့် အောင်မြတ်သာက တပ်မှူးကိုကြည့်လိုက်ပြီး
“ အဆောင်ဆိုတာ ဘာကိုပြောတာလဲတပ်မှူး”
“ ကျုပ်တို့ခံတပ်ကလူတွေမှာ မင်းတရားကြီးကိုယ်တိုင်ချီးမြှင့်ထားတဲ့ အဆောင်လည်ဆွဲတွေရှိကြတယ်၊ ဒီခံတပ်က မဆုတ်တမ်းခံတပ်ဖြစ်တဲ့အတွက် ဆရာတော်ကြီးက ခံတပ်မှာတာဝန်ကျတဲ့သူတွေရဲ့ မွေးနေ့၊ မွေးနံတွေကို ပေလွှာမှာရေးပြီး တစ်ယောက်ချင်းစီပေးခဲ့တယ်၊ ဒီအဆောင်က ကျုပ်တို့ကိုယ်မှာအမြဲတမ်းဆောင်ထားကြရတယ်၊ ဟောဒီမှာကြည့်”
တပ်မှူးက ဝတ်ထားတဲ့ ချပ်ဝတ်ကို လှစ်ပြလိုက်ရာ လည်ပင်းမှာ တွဲချည်ထားတဲ့ ငွေကျုတ်လေးတစ်ခု ပေါ်လာခဲ့တယ်။
“ တကယ်လို့ လူတစ်ယောက်ယောက်က တပ်မှူးတို့ကိုယ်မှာဆွဲထားတဲ့ အဆောင်ကို အခြားတစ်နေရာယူသွားမိရင်ဘာဖြစ်မလဲ”
အောင်မြတ်သာရဲ့စကားကို တပ်မှူးက ချက်ချင်းမဖြေပဲ တစ်ခုခုကို စဉ်းစားနေခဲ့တယ်။ ပြီးကာမှ သက်ပြင်းတစ်ချက်ချပြီး
“ အဲလိုယူသွားခဲ့ရင် အဆောင်ရှိတဲ့နေရာကို ကျုပ်တို့လိုက်သွားလို့ရတယ်”
“ ဒါဆို တပ်မှူးတို့ပြောတဲ့ ငထင်ဆိုတဲ့သူရဲ့ အဆောင်ကို လူတစ်ယောက်က မထင်မှတ်ပဲ ယူသွားမိခဲ့တာရော မဖြစ်နိုင်ဘူးလား”
“ ဒီစကားက ဖြစ်နိုင်တယ်၊ ဟဲ့ ဒိဗ္ဗ ငထင်က ဘယ်နေရာမှာ တာဝန်ကျခဲ့တာလဲ”
“ ခံတပ်ရဲ့ တောင်ဘက် ကင်းမျှော်စင်
မှာပါ တပ်မှူး”
“ ကျုပ်တို့ တောင်ဘက်ကင်းမျှော်စင်ဘက်သွားကြရအောင်”
တပ်မှူးက အောင်မြတ်သာတို့ကိုခေါ်ပြီး ကင်းမျှော်စင်ဘက်ကိုသွားကြည့်ရာ တာဝန်ကျကင်းသမားနှစ်ယောက်သာ ရှိနေတာမြင်လိုက်ရတယ်။
ကင်းသမားတွေက တပ်မှူးကိုမြင်တော့ မျှော်စင်ကနေ ဆင်းလာကာ အရိုအသေပေးလိုက်ကြတယ်။
“ ငကျန် နဲ့ ငသင် ဒီနေရာမှာ မင်းတို့နှစ်ယောက်ထဲရှိတာလား”
“ ဟုတ်ပါတယ်တပ်မှူး”
“ ငထင်က မင်းတို့ကို ကြီးကြပ်နေတာမဟုတ်ဘူးလား”
“ သွေးသောက်ကြီးငထင် ပျောက်သွားတာ ကြာနေပြီ တပ်မှူး၊ ဒီကိစ္စကို ဗိုလ်မင်းဒိဗ္ဗကိုသတင်းပို့ထားပါတယ်”
“ ဟုတ်ပါတယ် တပ်မှူး၊ သူတို့တွေ ကျွန်ုပ်ဆီသတင်းပို့ထားပါတယ်၊ ကျွန်ုပ်က အရင်လူတွေလို ကျွတ်လွတ်သွားတယ်ထင်လို့ တပ်မှူးဆီမတင်ပြခဲ့တာပါ”
“ ငထင် မပျောက်ခင်က ဘာတွေထူးခြားသေးလဲ”
“ ထူးခြားတာဆိုလို့ ကင်းမျှော်စင်ဘက်ကို နွားပျောက်လာရှာတဲ့သူတစ်ယောက်ရောက်လာတာပဲရှိပါတယ် တပ်မှူး၊ ဒါကိုလဲ သွေးသောက်ကြီးကိုယ်တိုင် ခြောက်လှန့်မောင်းထုတ်ခဲ့ပါတယ်”
“ နွားပျောက်လာရှာတဲ့သူ ရောက်လာပြီးမှ ငထင်က ပျောက်သွားတာဆိုတော့ အိမ်း…”
တပ်မှူးက သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး တစ်ခုခုကို တွေးတောနေခဲ့တယ်။ ပြီးတော့မှ အောင်မြတ်သာဘက်ကိုလှည့်ပြီး
“ ကျုပ်အနေနဲ့ ဒီခံတပ်ကိုရောက်တဲ့အချိန်ကစပြီး
အပြင်ကို တစ်နာရီပြည့်အောင် မထွက်ဖူးဖူး၊ ဒါပေမယ့် အခုတော့ထွက်ရတော့မယ်ထင်တယ်။ ဒိဗ္ဗ… လက်ရွေးစင်ရဲမက်တွေကို စုစည်းထားလိုက်တော့”
“ ဟုတ်ကဲ့ တပ်မှူး”
ခဏနေတော့ ဒိဗ္ဗဆိုသူနဲ့အတူ ရဲမက်အယောက်ငါးဆယ်ခန့်ပါလာခဲ့တယ်။
“ ငါတို့အခု မင်္ဂလာရေကန်ကိုသွားမယ်၊ ရေကန်မှာ သောင်းကျန်းနေတဲ့သူက ငထင်ဆိုတာ သေချာရင် ငါကိုယ်တိုင် ဆင်းဖမ်းမယ်”
တပ်မှူးက လက်စွဲတော်ဓါးကို ဆုပ်ကိုင်ပြီး ခံတပ်ထဲကနေ ထွက်သွားတဲ့ချိန် တိုးမောင်က အောင်မြတ်သာအနားကိုကပ်ကာ
“ ဒီခံတပ်ထဲက သူတွေက သူတို့တပ်မှူးကိုပဲကြောက်တာ” လို့ လာပြောခဲ့တယ်။
အောင်မြတ်သာတို့လဲ တပ်မှူးတို့သွားတဲ့နောက်ကနေ လိုက်လာခဲ့ရာ ညနှစ်ချက်တီးအချိန်အရောက်မှာတော့ ချောင်းဝရေကန်အစပ်ကိုရောက်လာခဲ့ကြတယ်။
တပ်မှူးက ရေကန်အစပ်ကိုရောက်တာနဲ့ ပါလာတဲ့ ရဲမက်တွေကို လက်နဲ့အချက်ပြလိုက်ရာ ရဲမက်တွေက ရေကန်ကို ဝိုင်းပတ်ထားလိုက်ကြတယ်။
ရဲမက်တွေနေရာယူပြီးပြီဆိုတာနဲ့ တပ်မှူးက ရေကန်ကို လက်ထဲက ဓါးနဲ့ တစ်ဖြန်းဖြန်းမြည်အောင်ရိုက်ပါလေရော။
ဓါးနဲ့ရိုက်လိုက်တာကြောင့် ကန်ရေပြင်က ချက်ချင်းဆိုသလို လှုပ်ရှားလာပြီး ရေလယ်ကနေ ဝဲဂယက်ကြီးပေါ်လာခဲ့တယ်။
“ ဟဲ့ ငထင်ငယ်… မောင်မင်း ဒီမှာရှိတယ်ဆိုတာ ကျုပ်သိတယ်၊ အခုချက်ချင်းထွက်လာစမ်း”
တပ်မှူးက ဩဇာအပြည့်ပါတဲ့ အသံနဲ့ ပြောလိုက်ရာ ဝဲဂယက်ထဲကနေ ရေညှိလိုအစိမ်းရောင်သမ်းနေတဲ့ အသားအရည်နဲ့ လူတစ်ယောက် ထွက်လာခဲ့တယ်။
“ ငထင်ငယ်… မင်းကိုယ်မင်း ဟုတ်လှပြီထင်နေတာပေါ့လေ၊ အခုချက်ချင်း ငါ့ရှေ့လာခစားစမ်း”
တပ်မှူးရဲ့ စကားကြောင့် ဝဲဂယက်ပေါ်မှာရပ်နေတဲ့သူက တစ်ကိုယ်လုံး တဆတ်ဆတ်တုန်လာပြီး မျက်စိမျက်နှာပျက်ဖြစ်နေခဲ့တယ်။ သို့ပေမယ့် ဟန်မပျက်ထိန်းလိုက်ပြီး ရေပြင်ကို ဖနောင့်နဲ့ပေါက်ချလိုက်ရာ ကန်ရေပြင်ထဲကနေ ဖြူဖတ်ဖြူလျော်ဖြစ်နေတဲ့ နာနာဘာဝတွေ ကုန်းပေါ်ကို တက်လာခဲ့ကြတယ်။
“ ငမိုက်သား… ငါ့ကိုတောင် ပုန်ကန်ချင်နေတာပေါ့လေ”
တပ်မှူးက အံကိုကြိတ်ကာပြောလိုက်ပြီး ရန်ပြုဖို့တက်လာတဲ့သူတွေကို ဓါးနဲ့ပိုင်းဖို့အလုပ် အောင်မြတ်သာက ကြားဝင်ရပ်လိုက်ပြီး
“ သူတို့ကို ကျုပ်တို့တာဝန်ယူလိုက်ပါမယ်၊ တပ်မှူးက ကန်ထဲမှာရှိနေတဲ့သူကို ကုန်းပေါ်ရောက်အောင်သာဖမ်းပေးပါ”
“ ကောင်းပြီ၊ ဒီကောင်ကို ကျုပ်လက်နဲ့ဖမ်းခဲ့ပေးမယ်”
တပ်မှူးက စကားအဆုံးမှာ ရေပေါ်မှာ လမ်းလျောက်ပြီး ငထင်ရှိတဲ့ဘက်ကို ထွက်သွားခဲ့တယ်။
အောင်မြတ်သာတို့ကလဲ ကုန်းပေါ်တက်လာတဲ့ နာနာဘာဝတွေကို ကွန်ခြာအင်းနဲ့ဆွဲဖမ်းပြီး ကန်ဘေးက သစ်ပင်တွေအောက်မှာ ချုပ်နှောင်ထားခဲ့လိုက်တယ်။
ကန်ရေပြင်အလယ်မှာတော့ တပ်မှူးနဲ့ ငထင်တို့ရဲ့ တိုက်ပွဲက ပြင်းထန်နေခဲ့တယ်။ ငထင်က တပ်မှူးကို ကြောက်ကန်ကန်ပြီး တိုက်ခိုက်နေပေမယ့် လက်ရုံးရည်က ကွာခြားနေတဲ့အတွက် အချိန်ခဏလေးအတွင်းမှာပဲ တပ်မှူးရဲ့ ဓါးသွားက ငထင်ရဲ့ လည်မြိုကိုထောက်လျက်သားဖြစ်သွားခဲ့တယ်။
“ ငမိုက်သား လာခဲ့စမ်း”
တပ်မှူးက ငထင်ရဲ့ သျှောင်ထုံးကိုဆွဲပြီး ရေထဲကနေ ကုန်းပေါ်ကို ဒရွတ်တိုက်ဆွဲခေါ်လာခဲ့ရာ ကုန်းပေါ်ရောက်တာနဲ့ ငထင်ရဲ့ ခန္ဓာကိုယ်က သာမန်စစ်သည် တစ်ယောက်လို ပြောင်းလဲသွားခဲ့တယ်။
“ ငထင်ငယ်… မင်းအပြစ်မင်းသိလား”
တပ်မှူးရဲ့အသံက ခက်ထန်နေသလို ငထင်ရဲ့ ခန္ဓာကိုယ်ကလဲ တုန်ရီနေခဲ့တယ်။
“ သိ သိပါတယ် တပ်မှူး”
“ မောင်မင်း… ခံတပ်ထဲကနေ ဒီကိုဘယ်လိုရောက်လာတာလဲ လျောက်တင်စမ်း”
“ နွား နွားကျောင်းသား တစ်ယောက်ရဲ့ အကူအညီနဲ့ ဒီကိုရောက်လာခဲ့တာပါ”
“ အပြည့်အစုံတင်ပြစမ်း… တယ် ငါလုပ်လိုက်ရ”
တပ်မှူးက ဓါးကိုဝင့်ကာပြောလိုက်ရာ ငထင် ဒူးထောက်ထားရာကနေ တပ်မှူးရဲ့ ခြေထောက်ကို မျက်နှာအပ်လိုက်ပြီး
“ နွားကျောင်းသားတစ်ယောက် နွားပျောက်လာရှာရင်း ကျွန်တော်မျိုး ကျဆုံးခဲ့တဲ့နေရာကိုရောက်လာပါတယ်တပ်မှူး၊ အဲဒီလူငယ်က ကျွန်တော်မျိုးအေလာင်းရဲ့လည်ပင်းမှာဆွဲထားတဲ့ ကျုတ်ကို အမှတ်မထင်ရသွားပြီး သူနေတဲ့ရွာကို ယူသွားခဲ့တာကြောင့် ကျွန်တော်မျိုးလဲ ခံတပ်ကနေ ထွက်လို့ရခဲ့တာပါ၊ အဲဒီမှာ သူ့ကို ခြောက်လှန့်ပြီး ကျုတ်ကို ရေကန်ထဲပစ်ချပေးဖို့နဲ့ ပြောတဲ့အတိုင်းမလုပ်ရင် သတ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်၊ ဒီလိုနဲ့ ကျွန်တော်မျိုး ရေကန်ထဲမှာ နေရာရခဲ့တာပါ”
“ အခု မြင်နေရတဲ့ သူတွေကိုရော ဘာကြောင့်သတ်ခဲ့တာလဲ”
“ ကျွန်တော်မျိုး နောက်လိုက်နောက်ပါတွေလိုချင်လို့ အခုလိုလုပ်ခဲ့မိတာပါ”
“ မင်းကို ငါဘာမှ ထပ်မပြောချင်တော့ဘူး၊ ဒိဗ္ဗ… ဒီငမိုက်သားကို ခံတပ်ထဲပြန်ခေါ်လာခဲ့၊ နောက်ပြီး ရေကန်အောက်မှာရှိတဲ့ အစီအရင်တွေကို ပြန်ဖော်လိုက်တော့”
“ ဟုတ်ကဲ့ တပ်မှူး”
ဒိဗ္ဗက ရေကန်ပတ်လည်မှာရှိနေတဲ့ ရဲမက်တွေကို စုစည်းလိုက်ပြီး ကန်အောက်မှာရှိတဲ့ အစီအရင်တွေကို ယူဖို့အမိန့်ပေးလိုက်ရာ ရဲမက်တွေအားလုံး ရေအောက်ထဲဆင်းသွားကြပြီး ခဏအကြာမှာတော့ တစ်တောင်ခန့်ရှိတဲ့ ငွေသေတ္တာတစ်လုံးပိုက်ကာ ပြန်တက်လာခဲ့ကြတယ်။
တပ်မှူးက ပါလာတဲ့ ငွေသေတ္တာကို ယူလိုက်ပြီး အောင်မြတ်သာဘက်ကိုလှည့်ကာ
“ ကျုပ်လက်အောက်ငယ်သားကြောင့် အခုလိုဖြစ်ခဲ့ရတဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်၊ သူ့ကိုလဲ ထိုက်သင့်တဲ့အပြစ်ပေးမှာပါ”
“ တပ်မှူးရဲ့ စိတ်ဓါတ်ကို ကျုပ်လေးစားပါတယ်၊ အခုလောလောဆယ်တော့ မကျွတ်လွတ်သေးတဲ့ သူတွေကို လွှတ်ပေးဖို့ လုပ်ပေးရဦးမယ်”
“ သင်လဲ လုပ်စရာရှိတာလုပ်လိုက်ပါဦး၊ ကျုပ်လဲ ခံတပ်ထဲကိုပြန်လိုက်ဦးမယ်”
တပ်မှူးက ငထင်ရဲ့ သျှောင်ထုံးကို ဆွဲပြီး လာရာလမ်းအတိုင်းပြန်ထွက်သွားပါတော့တယ်။
အောင်မြတ်သာလဲ တပ်မှူးတို့ထွက်သွားတာနဲ့ အချုပ်နှောင်ခံထားရတဲ့သူတွေကို လွှတ်ပေးလိုက်ရာ ဝမ်းသာအားရအော်ဟစ်သံတွေနဲ့ ခြေဦးတည့်ရာထွက်ပြေးသွားခဲ့ကြတယ်။
ဒီမြင်ကွင်းကိုကြည့်ပြီး အောင်မြတ်သာတစ်ယောက် ခေါင်းကိုဖြေးညှင်းစွာခါယမ်းပြီး သက်ပြင်းတစ်ချက်ချလိုက်ပါတော့တယ်။
++++++
“ ငစံလုံး… ငစံလုံး ထပါဦးကွ”
အိမ်ရှေ့ကနေ ခေါ်နေတဲ့အသံကြောင့် ဦးစံလုံး အိပ်နေရာကနေ ထပြီးကြည့်လိုက်ရာ ခြံတံခါးဝမှာ တစ်ကိုယ်လုံးရေတွေစိုရွှဲပြီးရပ်နေတဲ့ မောင်ကွေးနဲ့ မဲကြီးကို မြင်လိုက်ရတယ်။
“ မောင်ကွေး… မဲကြီး… နင်တို့ နင်တို့ ရေနစ်သေသွားပြီမဟုတ်လား”
“ ငါတို့ဘာလို့ သေရမှာလဲ၊ မင်းက ငါတို့ကိုထားခဲ့ပြီး အိမ်ပြန်သွားတာလေ”
“ အေးကွာ… ငါတို့မှာတော့ မင်းကိုရေထဲမှာလိုက်ရှာနေခဲ့တာ၊ အတော် အကျင့်ယုတ်တဲ့ကောင်”
မဲကြီးက ဦးစံလုံးကို လက်ညိုးထိုးပြီး ပြောနေသလို မောင်ကွေးကလဲ ဦးစံကွေးကို ရှုံ့မဲ့တဲ့မျက်နှာထားနဲ့ စိုက်ကြည့်နေခဲ့တယ်။
“ ငါ ငါ မင်းတို့ကို ထားခဲ့တာမဟုတ်ပါဘူးကွာ၊ ငါ ငါ တောင်းပန်ပါတယ်၊ ငါ တောင်းပန်ပါတယ်ကွာ”
“ အဖေ… အဖေ … ဘာဖြစ်တာလဲ”
“ ဟင်… ငါအိမ်မက်မက်နေတာပါလား”
ဦးစံလုံး အိပ်နေရာကနေ ထထိုင်လိုက်ပြီး အိမ်ပြူတင်းပေါက်ကို ဖွင့်ကြည့်လိုက်ရာ ခြံအပြင်ရွာလမ်းမပေါ်မှာ အင်္ကျီချွတ်နဲ့ လမ်းလျောက်သွားနေတဲ့ လူရိပ်နှစ်ခုကိုမြင်လိုက်ရပါတော့တယ်။
+++++
အောင်မြတ်သာတို့လဲ ချောင်းဝရေကန်ကိစ္စကို ဖြေရှင်းပြီးတဲ့နောက်မှာတော့ ပရလောကသားတွေနဲ့ ဆက်သွယ်လို့ရနေတဲ့ သူတစ်ယောက်ကြောင့် တစ်ရွာလုံး ဒုက္ခရောက်တော့မယ့်အဖြစ်ကို လက်မတင်လေး ကူညီပေးနိုင်ခဲ့တဲ့ဖြစ်ရပ်ကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ဒီအကြောင်းအရာကိုတော့ အောင်မြတ်သာနှင့် လမိုင်းမိစ္ဆာဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)