အင်းသရဲတစ်ပွဲစားကြီးလုံထော်(စ/ဆုံး)
နေဝန်းနီကြီးက အနောက်ဘက်တောင်တန်းကြီးပေါ်မေးတင်နေလေပြီ။ မကြာခင်မှာ တစ်ညတာ
ခွဲခွာရဦးမှာမို့ ကမ္ဘာသူ ကမ္ဘာ့သားတို့အား
နှုတ်ဆက်နေသည့် သဘောပင်။ကျုပ် သာဒင်
တစ်ယောက်မှာတော့ ပုန်းကွယ်တော့မည့်
နေဝန်းနီကြီးကို တစ်လှည့် အရပ်ရှစ်မျက်နှာကို
တစ်လှည့် တစ်လှည့်စီ တစ်လှည့်စီ မျှော်ကြည့်ရင်းနဲ့
ကျုပ်စိတ်တွေ မောလာတယ်ဗျ။
ခြေမျက်စိသာသာ ရေပြင်ကြီးထဲကို
မပြေးရုံ လျှောက်လှမ်းနေရတဲ့ ခြေထောက်
အစုံကလည်း အတော်ညောင်းလာလေပြီ
တစ်ခါ တစ်ခါ နွံထဲ၌ ခြေကျွံသွားသဖြင့်
လဲမသွားအောင် သတိထား၍ လျှောက်လှမ်း
နေရသည်။ ကျုပ် ဖြတ်လျှောက်နေတဲ့
ရေပြင်ကျယ်ကြီးကိုတော့ လေးဖက်မျက်နှာ
အပွင့်တွေနဲ့ ကိုင်းတောဖွေးဖွေးကြီးက
အနားသတ်ထားလေသည်။
“ဂျိန်း …ဂျလိန်း “
အနောက်တောင်ဆီမှ မိုးချုန်းသံကို ကြားလိုက်ရတော့မှ
လျှောက်ရင်းလှမ်းရင်း အနောက်တောင်ဆီသို့
မျှော်ကြည့်လိုက်တော့ လျှပ်နွယ်လျှပ်ပန်းဆင်ကာ
မိုးချုန်းသံနှင့်အတူ တလိပ်လိပ် တက်လာတဲ့
ညိုမည်းရောင် မိုးရိပ်တို့ကို မြင်တော့ …
“တောက် “
“မိုးကတော့ ခိုက်ဦးမှာ “
ကျုပ် တောက်တစ်ချက်ခေါက်ကာ မြည်တွန်တောက်တီး
လိုက်မိသည်။ တက်လာတဲ့ မိုးရိပ်တို့က မြန်လွန်းလှသည်။
ရှစ်ခွင်တိုင်းမှာ လျှပ်နွယ်လျှပ်ပန်းဆင်ပြီး တစ်မိုးလုံး
မှောင်အတိအကျကာ မိုးပြိုသည့်အလား သဲကြီး
မဲကြီး ရွာလေတော့သည်။
“ဂျိမ်း …ဂျလိန်း “
“ဒုန်း …ဒုန်း …ဒုန်း …”
ဆူညံနေတဲ့ မိုးချုန်းသံတို့အကြား တစ်ခါ တစ်ခါ
နားပွင့်ထွက်မတတ် ကျယ်လောင်လှတဲ့ မိုးကြိုးသံတို့က
ပါလာသေးသည်။ စောစောက ရေပြင်ကြီးပေါ်မှာ
ကြည်နူးဖွယ် လန်းဆန်းနေကြတဲ့ ကြာဖြူ
ကြာပြာ ကြာနီပန်းကလေးတွေလည်း မိုးမှောင်
အတွင်းမှာ ပျောက်ကွယ်သွားကြလေပြီ။
ကျုပ်လည်း လျှောက်လှမ်းနေတဲ့ ခြေလှမ်းများကို
ရပ်လိုက်ကာ နောက်ကြောင်းသို့ ပြန်ကြည့်လိုက်ရာ
အရှေ့စူးစူးအရပ် ရေပြင်ကြယ်ကြီးအစပ်မှ
လျှပ်တစ်ချက် လက်လိုက်သော အလင်းရောင်နှင့်
မြင်လိုက်ရသည်က တဲကလေးတစ်လုံး
ထိုတဲကလေးက ဘကြီးလုံထော်ရဲ့
အင်းတဲကလေး။
“အင်း…မတတ်နိုင်တော့ဘူး၊ နက်ဖြန်မှ ဆက်ရှာတော့မယ်
အခုတော့ ဘကြီးလုံထော်ရဲ့ အင်းတဲကို ပြေးတာ
အကောင်းဆုံးပဲ “
ဟု စိတ်ကူးကာ လျှပ်စီးလက်နေတဲ့ အရောင်က
ဆလိုက်ထိုးသလို မြင်လိုက် ပျောက်လိုက်၊
ရှိနေတဲ့ ဘကြီးလုံထော်ရဲ့ အင်းတဲလေးဆီသို့
ရေပြင်ကျယ်ကြီးထဲမှ မှန်းဆကာ ပြေးရလေတော့သည်။
မိုးသည် အငြိုးကြီးစွာ ရွာဆဲပင်။ မိုးသည်
ကျုပ် သာဒင်တစ်ယောက်ကိုများ ငြိုးရော့လေသလား၊
မပြောတတ်နိုင်ပါ ။
ကျုပ်လည်း မိုးထဲလေထဲ ပြေးလာလိုက်တာ
အင်းရေပြင်ကြီး အရှေ့အစပ်ရောက်တော့
ကိုင်းတောစပ်က ကုန်းကမူလေးအပေါ်က
ဘကြီးလုံထော်ရဲ့ အင်းတဲလေးထဲကို
အပြေးပဲ ဝင်လိုက်တော့တယ်။
လူတစ်ကောင်လုံးလည်း ရွှဲရွှဲစိုပြီး
ကြွက်စုတ် ရေမွန်းနေပြီ။ ချမ်းလွန်းလို့
မေးတွေ ရိုက်နေပြီ။ ရေစိုအဝတ်တွေကို
ချွတ်ရင်းနဲ့ တဲထဲ မျက်စိကစားလိုက်တော့
ကြမ်းခင်းပေါ်မှာ ချွတ်ပုံထားတဲ့ ပုဆိုးနဲ့
အင်္ကျီကို ဆွဲယူလိုက်ပြီး ဝတ်လိုက်တယ်။
ငါးညှီနံကလေး တသင်းသင်းနဲ့ဆိုတော့
ဘကြီးလုံထော်ရဲ့ အင်္ကင်္ျီနဲ့ ပုဆိုးဆိုတာ
အတတ်သိလိုက်တယ်။မတတ်နိုင်ဘူး။
ချမ်းလွန်းလို့ မေးကိုရိုက်နေတာ
နွေးသွားဖို့ အဓိကပဲလေ။
“အင်း နွေးသွားပြီ”
ရှေးလူကြီး ဆိုစကား မိုးနဲ့ နွားသိုး မဟောနဲ့
အစိုးမရဘူး ဆိုတာ သိပ်မှန်တာပေါ့ဗျာ။
မကြာသေးတဲ့အချိန်က သဲကြီးမဲကြီး
ရွာတဲ့မိုး ခုကျတော့ မိုးကောင်းကင်ကြီး
တစ်ခုလုံး ကြည်ကြည်လင်လင် သာသာ
ယာယာနဲ့ ကြယ်ရောင် လရောင်ကလေးများတောင်
မှိန်ပျပျ အလင်းကို ဆောင်နေလေပြီ။ ကျုပ်လည်း
ထမင်းအိုးစင်ပေါ်က အသင့်တွေ့တဲ့ ဆေးလိပ်တိုနဲ့
မီးခြစ်ကို ယူပြီး မီးညှိဖွာရင်းနဲ့ တဲအပြင်ထွက်ကာ
ဘကြီးလုံထော် ဘယ်များ သွားသလဲလို့
ပတ်ဝန်းကျင်ကို ရှာဖွေကြည့်လိုက်တော့
ခပ်ပါးပါး ကိုင်းတောအစပ်က လှော်တက်
သံပေးပြီး ထွက်လာတဲ့ လူတစ်ယောက်နဲ့
လှေကလေးတစ်ဆင်း။ လှော်တက်ခတ်
လိုက်တိုင်း ရေဂယက်ဝိုင်းကလေးများ
လရောင်နဲ့ ဖွေးကနဲ ဖွေးကနဲ မြင်နေရသည်။
ကျုပ် သိပါတယ်။ လှေငယ်ပိုင်ရှင်က
ဘကြီးလုံထော်ဆိုတာ။ ဒါပေမဲ့ ကျုပ်အသံပေးလို့
ခရီးဦးကြိုမပြုပါ။ ဘာကြောင်လဲဆိုတော့
ဘကြီးလုံထော်က နားအတော်လေးသည်။
ဒါကြောင့် ကျုပ် အသံပြုလို့ ခရီးဦးကြိုပြုလည်း
ကြားမည်မဟုတ်သည်ကို ကျုပ်သိပါသည်။
ဒါကြောင့် လူရိပ်သာ ပြနေလိုက်သည်။
ခဏကြာတော့ လှေကလေးက ကုန်းကမူလေးဘေး
ဆိုက်ကပ်လိုက်ပြီး ငါးအပြည့်ပါတဲ့ မြှုံးနှစ်လုံးကို
တစ်ဖက်တစ်လုံးစီဆွဲလျက် တက်လာရင်း …
“ငါ့တူ သာဒင်လားဟေ့ “
“ဟုတ် ဘကြီး “
“အေး ငါ မြင်တယ် ၊ မိုးတွေကျလာတော့ မင်း
ငါ့တဲပြေးသွားတာ ၊ မင်းကျွဲနှစ်ကောင် မတွေ့ဘူး
မဟုတ်လား “
“ဟုတ် ဘကြီး “
“နေ့လည်အချိန်ကပဲ ကိုင်းတောထဲ ဝင်သွားတယ် “
“ကျုပ်လည်း ထင်ပါတယ်၊ နံနက်ကျမှ ရှာတော့မယ်ဗျာ၊
ဒီနေ့ညတော့ ဘကြီးနဲ့ပဲ အိပ်တော့မယ်။ ဒါနဲ့
ဘကြီး ထမင်းလေး ဘာလေး မကျန်ဘူးလား “
“အာ ငါက စားတဲ့အခါမှစားတာ ချက်တဲ့အခါမှလည်း
ချက်တာ “
“ဟင် ဒါဖြင့် ဘကြီးက ထမင်းမချက်တဲ့အခါ
ဘာစားလဲ “
“ဟ ကြုံသလိုကျသလို စားတာပဲ “
ဘကြီးလုံထော်က ပြောရင်းနဲ့ လက်ထဲက
ငါးအပြည့်နဲ့ မြှုံးနှစ်လုံးကို အမြဲတမ်း မီးစွဲနေတဲ့
ထန်းလုံးခန့်ရှိ ထင်းတုံးကြီးနားသို့ ချလိုက်ပြီး …
“အဲသည်အိုးထဲမှာ ဆန်ရှိသေးတယ်
မင်းစားချင် ချက်တော့ “
ဟု ဆိုကာ နံပိုင်းမျှရှိ စိုရွှဲနေသည့် ပုဆိုးကို
အခြောက်တစ်ထည်နဲ့ လဲလိုက်ပြီး တံစို့တံ
တစ်ရာကျော် တစ်ရာလောက်ရှိသည့်
တံစို့တံအစည်းကြီးကို ‘ဘုတ်’ဆိုပြီး
ထင်းတုံးကြီးဘေးသို့ ပစ်ချလိုက်ကာ
ကျုပ်က ထမင်းချက်ဖို့ ထမင်းအို ပြင်နေသလို
သူကတော့ မြှုံးထဲက ငါးအရှင်လတ်လတ်
များကို တစ်ကောင်ချင်း နှိုက်ယူကာ
တံစို့တံများမှ ထိုးကာသီကာ ရှိနေလေသည်။
ကျုပ် ထမင်းအိုးတည်တော့ ငါးကင်တွေက
မီးဖိုမှာ ပြည့်ညပ်လို့နေပေပြီ။
“ဟာ ဘကြီး၊ ငါးကင်တွေက ဒါလောက်အများကြီး
ဘာလုပ်မှာလဲ “
“ဟ မင်းလည်းစား ၊ ငါလည်းစားပေါ့”
“ဟာဗျာ၊ ဆားလည်းမပါ၊ ဆီလည်းမပါနဲ့ “
“ဆီဆားမရှိတာ ကြာပြီကွ၊ သြော် ဒါနဲ့
ထမင်းအိုးစင်ပေါ်မှာ ဆားနည်းနည်းတော့ ရှိသေးတယ် “
ကျုပ်လည်း ထမင်းအိုးစင်ပေါ်က ဆားအနည်းငယ်ရှိ
ဆားအိတ်ကလေးကို ထယူလိုက်ပြီး …
“ဘကြီး ထမင်းစားရအောင် “
“အေး အေး မင်းစားစား”
ဒါနဲ့ ကျုပ်လည်း ထမင်းအိုးထဲက ထမင်းတစ်ဝက်
ခူးပြီး ဆားလေးနဲ့နယ် ငါးကင်တစ်ခုကိုယူ
ဆားလေးနဲ့လူး ဖြစ်သလိုစားပြီး…
“ဘကြီးဖို့ ထမင်းချန်ထားတယ် “
ပြောကာ ကြမ်းစင်ပေါ်တက် စောင်ခြုံကာ
ကွေးလေတော့သည်။
ကျုပ် တစ်ရေးနိုးလာသည့်အချိန်ကား
တစ်ချက်ခွဲ တစ်ချက်လောက် ရှိမည်ဟု
ခန့်မှန်းရသည်။ ကျုပ်မျက်လုံးများက
မီးဖိုဆီရောက်သွားတော့ ဘကြီးလုံထော်
တစ်ယောက် မီးဖိုဘေးမှာ ငုတ်တုတ်ကြီး
ငါးကင်တွေကို ဆီမပါ ဆားမပါ တစ်ကင်ပြီး
တစ်ကင် မြိန်ရည်ယှက်ရည် အငမ်းမရ
စားနေသည်ကို တွေ့ရလေသည်။
“ဟင် “
ကျုပ် ကြက်သီးများထသွားသည်ထလန့်သွားသည်။
ဘကြီးလုံထော် စားနေသည်က လူသားတစ်ယောက်နှင့်
မတူတော့ပေ။ ဘကြီးလုံထော်တစ်ယောက် လူသားမှ
ဟုတ်ပါလေစ ဆိုတဲ့ အတွေးနဲ့ ကျုပ် ကြောက်စိတ်တွေ
များဝင်ကာ အိပ်မပျော်တော့ပေ။ ဒီလိုနဲ့ လင်းရောင်
လေးပျိုးလာတော့ ငါးကင်များလည်း ကုန်လေပြီ။
မြှုံးထဲမှာလည်း ငါတစ်ကောင်မျှ မရှိတော့ပေ။
ဘကြီးလုံထော်လည်း မြှုံးအခွံနှစ်လုံးကို
လှေပေါ်တင်ကာ ထွက်သွားလေပြီ။
မိုးကလည်း လင်းပြီမို့ ကျုပ်လည်း အိပ်ရာ
ထကာ မီးဖိုဘေးကို ကြည့်လိုက်တော့
ညက ငါးကင်ထားတဲ့ တံစို့တံတွေက
တစ်ပုံတပင်ကြီးမှာ ကျန်ရစ်တဲ့ ငါး
အပိုင်းအစတွေက တချို့က လုံးဝမကျက်သေး
သွေးသံရဲရဲနဲ့ ၊ တချို့က မကျက်တကျက်
သွေးသံတွေနဲ့။ သွေးနံ့ ငါးညှီနံတို့က
ထွေးလုံးရစ်ပတ်ပြီး နှာခေါင်းမခံနိုင်အောင်
ဖြစ်ရသည်။ ထမင်းအိုးကို ဖွင့်ကြည့်လိုက်တော့
ညက ကျုပ် ချန်ထားသည့်အတိုင်း
နည်းနည်းမျှ မလျော့။
ဤမြင်ကွင်းကြောင့် ဘကြီးလုံထော်ဟာ
ထမင်းကို နည်းနည်းမျှ မစားဘဲ ငါးကင်တွေကိုသာ
လုံးဝမကျက်တာတွေရော မကျက်တကျက်တွေရော
သွေးသံရဲရဲနဲ့ စားထားသည်ကို ခန့်မှန်းမိတော့
ဘကြီးလုံထော်ဟာ လူမှဟုတ်ပါလေစဟု
တွေးကာ ကြက်သီးများ ထမိသော်လည်း
ကျုပ်မှာ အလုပ်နဲ့မို့ လမ်းသွားရင်း တွေ့တဲ့
ရေနဲ့ မျက်နှာသစ် ပုဆိုးစနှင့် မျက်နှာသုတ်ရင်း
ကျွဲရှာထွက်ခဲ့ရတော့သည်။
XXXXX
သည်နေရာမှာ ဘကြီးလုံထော်အကြောင်း
ပြောရပေဦးမည်။ ဘကြီးလုံထော်ဟာ ကျုပ်ရဲ့
ဘကြီးအရင်း မဟုတ်ဘူး။ ကျုပ် အတော်သိတတ်စ
အရွယ်မှာ ကျုပ်အဖေ မြို့ကို အလုပ်ကိစ္စတစ်ခုနဲ့
သွားရာက ပါလာသူ ဖြစ်သည်။
အဖေ့ထက် တစ်နှစ်လောက် ကြီးမည်ဟု
ထင်ရသည်။ အလုပ်ကတော့ အတော်လုပ်နိုင်သည်။
သူများထက် နှစ်ဆ ပိုလုပ်နိုင်သည်။ ဒါကြောင့်
အဖေက လက်မလွှတ်ဘဲ အိမ်မှာ သူရင်းငှား
အဖြစ် လက်သပ်မွေးခဲ့ရာက အမေက ဘကြီး
ဘကြီးနဲ့ ခေါ်သဖြင့် ကျုပ်ကလည်း ဘကြီးလို့
ခေါ်ကာ သွေးရင်းသားရင်းလို ဖြစ်ခဲ့ရလေသည်။
အနေကြလာတော့ ရွာထဲကလည်း ‘ဘကြီးလုံထော်’
‘ဘကြီး’နဲ့ ရွာသားလို ဖြစ်လာခဲ့လေသည်။
ဇာတိကေတာ့ ပဲခူးကလို့ အေဖတစ္ခါက
ပြောဖူးလေသည်။
သည်လိုနဲ့ သုံးလေးနှစ်လောက်ကြာတော့
ကျုပ်တို့ရွာရဲ့ မြောက်ဘက် ဧကသုံးဆယ်လောက်
ကျယ်တဲ့ အင်းကန်ကြီးတစ်ခု ရှိတယ်ဗျ။
ကျုပ်တို့ ငယ်ငယ်ကတော့ ငါးတွေ အလွန်ပေါတဲ့
ဗေဒါတော အင်းကြီးပေါ့ဗျာ။
ခုတော့ အနီးနားက လယ်သမားတွေက
ဗေဒါတွေ ဖယ်ကြပြီး လယ်တွေ တိုးချဲ့ကြတော့
လယ်ကွက်တွေ ဖြစ်နေတယ်ဗျ။ လယ်ကွက်တွေ
ဆိုပေမယ့် စပါးရတော့ နည်းပါးတယ်
ရေချုပ်လို့ ဆုံးတာက များပါတယ်။
တစ်နေ့တော့ မြို့က လူတစ်ယောက်က
အဲသည် အင်းကန်လယ်တောကြီး ဧကသုံးဆယ်
အကုန်ဝယ်လိုက်တယ်
ပိုင်ရှင်လယ်သမားတွေကလည်း ရတာကနည်းပြီး
ဆုံးရှုံးတာက များနေတော့ ရသလောက်နဲ့
ရောင်းလိုက်ကြတာပေါ့။ ဝယ်တဲ့လူကတော့
တရုတ်သူဋ္ဌေးတစ်ယောက်လိုလည်း ပြောသလို
ရှမ်းတရုတ်လီရှောလူမျိုးလို့လည်း ပြောကြတာပဲ။
သူကတော့ ဧကသုံးဆယ်အကုန် ကန်တွေတူးပြီး
ငါးမွေးမြူရေးလုပ်သလို ကန်ထဲမှာလည်း
တဲကြီးတွေ ထိုးပြီး ဝက်၊ အသားစား ကြက်၊
ဥစားကြက် မွေးမြူရေးတွေလုပ်တာ
အောင်မြင်တယ်ဗျ။
ကျုပ်တို့ လယ်တွေကလည်း အဲသည်ငါးကန်မွေး
မြူရေးဘေးမှာဆိုတော့ ကျုပ်တို့လယ်တောမှာ
အနေများတဲ့ ကျုပ်အဖေရဲ့ သူရင်းငှားဖြစ်တဲ့
ဘကြီးလုံထော်နဲ့ မွေးမြူရေးတွေ လုပ်ငန်း
ပိုင်ရှင်နဲ့ကလည်း ခင်မင်ရင်းနှီးလာခဲ့ကြ
တယ်ပေါ့ဗျာ။ မွေးမြူရေးလုပ်ငန်းထဲမှာ
အလုပ်သမားလိုရင် ဘကြီးလုံထော်ကိုရှာခိုင်း၊
ကန်တွေ ငါးဖော်တဲ့အခါတိုင်းမှာလည်း
ဘကြီးလုံထော်ကတစ်ဆင့် ကျုပ်တို့ အိမ်အတွက်
ငါးဟင်းစားရောက်လာတတ်တယ်ဗျ။
အဲသည်လို ခင်မင်လာရာ တစ်နှစ်မှာတော့
မွေးမြူရေးလုပ်ငန်းထဲက အလုပ်သမလေး
တစ်ယောက်နဲ့ ဘကြီးလုံထော်ကို အလုပ်ရှင်
ကိုယ်တိုင် သဘောတူပြီး ပေးစာလိုက်တယ်ဗျ။
အဲသည်အချိန်ကစပြီး ဘကြီးလုံထော်ဟာ
ကျုပ်တို့အိမ်က သူရင်းငှားဘဝက ကျွတ်သွားပြီပေါ့ဗျာ။
သူတို့ဇနီးမောင်နှံကိုတော့ အလုပ်ရှင်က
မွေးမြူရေးလုပ်ငန်းထဲမှာ မခိုင်းဘဲ ကျုပ်တို့ရွာ
အနောက်ဘက် တစ်မိုင်မရှိတရှိလောက်ဝေးတဲ့
ဧရာဝတီမြစ်ရေဝင် ကြာအင်းကြီးကို
အစိုးရဆီက လေလံနဲ့ ဆွဲလိုက်ပြီး
ဘကြီးလုံထော်တို့ ဇနီးမောင်နှံကို
အင်းသူကြီးအဖြစ်နဲ့ တဲတစ်လုံး
အခိုင်အမာ ဆောက်ပြီး အလုပ်ပေး
ထားတာပေါ့။
နှစ်သိပ်မကြာလိုက်ဘူးဗျ။ အဲသည်
မွေးမြူရေးလုပ်ငန်းထဲက မူးယစ်ဆေးမိလို့
ဆိုလား ဥပဒေနဲ့ မလွတ်တဲ့ ရောင်းဝယ်
ကူးသန်းမှုတွေကြောင့်လား မသဲမကွဲ
သတင်းတွေနဲ့ မွေးမြူရေးလုပ်ငန်းကြီးကို
ချိတ်ပိတ်ခံလိုက်ရပြီး အလုပ်ရှင်
သူဋ္ဌေးကတော့ ကိုယ်လွတ်ရုန်းသွားတယ်လို့
ကြားပြီ အဲသည်လုပ်ငန်းကြီး
တစ်ဇာတ်သိမ်းသွားတယ်ဗျ။
ဘကြီးလုံထော်တို့ ဇနီးမောင်နှံကတော့
တစ်ဆယ့်နှစ်ရာသီ ကြာအင်းကြီးထဲမှာနေပြီး
အင်းလေလံကုန်တဲ့ ရက်မှာ ချောင်းကြို
ချောင်းကြား အင်းဇွတ်တွေကြား ငါးရှာ
ဖားရိုက် ငှက်ထောင်နဲ့ လုပ်ကိုင်စားသောက်
နေပြီး အင်းလေလံကျတဲ့ရက်တွေမှာတော့
အင်းဆွဲတဲ့ အင်းပိုင်ရှင်ထံ အင်းသူကြီး
ဝင်လုပ်နဲ့ သံသရာလည်နေတာပေါ့။
ဘယ်လောက်ကြာခဲ့ပြီလဲဆိုတော့
ကျုပ်တောင် အဖေနဲ့ လယ်ယာစိုက်ပျိုးရေးမှာ
ဒိုးတူဘောင်ဖက် လုပ်နိုင်နေသလို
မျက်နှာလွှဲရင်တောင် ရပြီဗျ။ တစ်နေ့ တော့ …
“ငါ့သားရေ၊ တို့နွားမအုပ် ကြာအင်းချောင်မှာ
ပို့ထားတာ ၁၀ ရက် ပြည့်ပြီ၊ ဆင်းကြည့်ကြဦးစို့ကွာ “
အဖေက ခမောက်၊ နွားချည်ကြိုး၊
နွားမောင်းရန် လက်ကိုင်တုတ်တို့
ပြင်ဆင်ရင်း ပြောလိုက်ခြင်းကြောင့် …
“ဟုတ်ကဲ့ “
ကျုပ်လည်း တိုင်က ချိတ်ထားတဲ့ ဝါးခမောက်ကို
ဆွဲဆောင်းလိုက်ပြီ နှင်တံကျိုးတို့ကိုယူကာ
သားအဖနှစ်ယောက် ကြာအင်းချောင်သို့
ဆင်းခဲ့တော့သည်။ ကြာအင်းချောင်သို့
ရောက်ခဲ့တော့ ကျုပ်တို့ နွားမအုပ်ကို
စစ်ဆေးကာ ပြန်ကြဖို့ ဟန်ပြင်ပြီးမှ
ကြာအင်းစောင်းမှ ဘကြီးလုံထော်တို့
ဇနီးမောင်နှံ နေသည့် အင်းတဲလေးကို
အဖေက လှမ်းကြည့်လိုက်ပြီး …
“ငါ့သားရေ ရောက်တုန်း လုံထော်တို့တဲကို
ခဏဝင်ကြပါဦးစို့ “
အဖေက ဘကြီးလုံထော်ထက် တစ်နှစ်လောက်သာ
ငယ်သည်မို့ မသိမသာ မတိမ်းမယိမ်းမို့ လုံထော်လို့ပဲ
ခေါ်လေသည်။ ကျုပ်တို့ ဘကြီးလုံထော်တို့
တဲနားရောက်တော့ တဲရှေ့ကုလားဖျင်းအောက်
သူတို့ဇနီးမောင်နှံ ထမင်းဝိုင်း ပြင်ဆင်နေရင်းမှ
ဘကြီးလုံထော်က …
“ဟ…မောင်သာထွန်းတို့ သားအဖပါလား
နွားတွေ လာကြည့်တာလား “
” ဟုတ်ပ “
ကျုပ်တို့သားအဖလည်း ကုလားဖျင်း
ခေါ် နှင်းစင်အောက် ဝင်လိုက်ရင်း အဖေက
“နေကောင်းကြလား၊ အဆင်ကောပြေကြရဲ့လား “
“အင်း…အဆင်ပြေပါတယ်။ ကဲ ကဲ ထမင်းစားသွားကြ၊
မယ်ဇင်ရေ ထမင်းခူးဟေ့ “
ဘကြီးလုံထော်က စကားပြောရင်းနဲ့ ဇနီးဖြစ်သူ
ဒေါ်မယ်ဇင်အား ထမင်းပွဲပြင်ခိုင်းလိုက်ရာ
ကျုပ်တို့သားအဖလည်း ဆရာတပည့်ဖြစ်ခဲ့ပြီး
လူရင်းတွေမို့ ထမင်းဝင်စားဖြစ်လေသည်။
ဟင်းကတော့ ငါးပိရည်ကျိုနဲ့ လက်သီးဆုပ်နီးနီးရှိတဲ့
ငါးဘတ်ကြီးများကို ထမင်းဝိုင်းလည်မှာ အိုးလိုက်
တည်ထားလေသည်။ ချက်ထားပုံကတော့
ရေလုံပြုတ်သာသာ။ နောက်ပြီး ငါးပိရည်ကျို
ပါပေမယ့် အတို့အမြုံပ် အသီးအရွက် မပါဘဲ
ငါးပိရည်ကျို ပန်းကန်ဘေး ချထားသည်က
အင်တုံလေးတစ်လုံးထဲရှိ ရေကြည်ကြည်လေးထဲမှာ
အရှင်လတ်လတ် ပုဇွန်ဆိတ်ကလေးများက
ပြူစိပြူစိနဲ့ အတော်များများ ရှိနေလေသည်။
ထမင်းစားကြလေပြီ။ ငါးဘတ်ဟင်းက
ဆီမပါ၊ ဆားမပါ။ တကယ်ရေလုံပြုတ် ဖြစ်သည့်
အပြင် သိပ်မကျက်။ အညှီနံ့ပင် မပျောက်။
ကျုပ်တော့ စားလို့မရ။ အဖေလည်း စားမရ
ကျုပ်သိသည်။ ဒါပေမဲ့ ထိုင်လက်စနဲ့မို့
အားနာပါးနာနဲ့ ဟန်ဆောင်စားနေသည်
သူတို့လင်မယားကတော့ တကယ်ကို အရသာရှိရှိ
စားနေကြသည်။ စားနေပုံကလည်း ကြည့်ပါဦး
ရေအင်တုံကလေးထဲ ရေကြည်ကလေးနဲ့
လွှတ်ထားတဲ့ ပုဇွန်ဆိတ်အရှင်ကလေးတွေကို
နှိုက်ယူလိုက်၊ ထမင်းလေးထဲ မြှုပ်လိုက်၊
ငါးပိရည်ဆမ်းစားလိုက်၊ ငါးဘတ်တုံးများကို
ကိုက်စားလိုက် ၊ ငါးဘတ်တုံးများ ကိုက်လိုက်တိုင်း
ငါးညှီများက ထွက်လာသလို တစ်ခါတစ်ခါ
သွေးစကလေးများက သူတို့နှုတ်ခမ်းများကို
စိုစိုလာခြင်းကြောင့် မကြာမကြာ လျှာနဲ့
သပ်နေလေသည်။
ခဏကြာတော့ ဘကြီးလုံထော်က တစ်ခုခုကို
သတိရသလိုနဲ့ တဲအပြင်သို့ ထွက်ကာ ပြန်လာတော့
လက်ထဲပါလာသည်က ဥက ပေါက်ကစ နီတာတွတ်
မျက်စိတောင် မဖွင့်သေးတဲ့ ပေါက်ကာစ ငှက်ကလေး
လေးငါးခြောက်ကောင် ကျုပ် မြင်လိုက်ရသည်။
အဖေကတော့ မြင်ပုံမရ။ ဘကြီးလုံထော်က
ထမင်းဝိုင်းဘေးရှိ ရဲရဲတောက်နေတဲ့
မီးဖိုကြီးထဲမှ မီးကျည်းခဲများပေါ်သို့
ငှက်ပေါက်စကလေးများကို အပြုံလိုက်
ပစ်ထည့်လာရာ ငှက်ပေါက်စကလေးများက
တစ်ခဏတာ ယက်ကန် ယက်ကန်ဖြစ်ပြီး
ငြိမ်ကျသွားတော့ မီးဖိုကြီးထဲကို
လက်ကြီးနဲ့ ဆတ်ကနဲ ဆတ်ကနဲ
ငှက်ကလေးများကို နှိုက်ယူလိုက်ပြီး…
“ဖူး …ဖူး …ဖူး “
ကပ်နေတဲ့ ပြာကလေးများကို နှစ်ခါ
သုံးခါလောက် မှုတ်လိုက်ပြီး သူ့ရဲ့
ထမင်းဇလုံကြီးထဲကို ပစ်ထည့်လိုက်ပြီး
ပိုင်ပိုင်နိုင်နိုင် ထိုင်လျက် မကျက်တကျက်
နီတာတွတ် ငှက်ပေါက်စကလေးများကို
တစ်ကောင်ချင်း ငါးပိရည်ထဲ နှစ်လိုက်၊
ထမင်းနှင့် မြှုပ်စားလိုက်၊ စားလိုက်တိုင်း
ငှက်ပေါက်စကလေးတို့ရဲ့ သွေးစများနှင့်
အညစ်အကြေးတို့က သူ၏ နှုတ်ခမ်းများသို့
ပေလိုက် လျှာနှင့်သပ်လိုက်၊ လက်ဖမိုးနှင့်
သုတ်လိုက်၊ အင်တုံလေးထဲက ပုဇွန်ဆိတ်
အရှင်ကလေးတွေကို နှိုက်ယူလိုက်၊
ငါးပိရည်လေးနဲ့ တို့မြှုပ်စားလိုက်၊
ငါးဘတ်ကြီးတွေကို ကိုက်စားလိုက်
ဘေးနားတွင် တည်ထားသည့် ဖလားကြီးထဲက
ရေများကို သောက်လိုက်၊ ဖလားကြီးထဲက
ရေတွေက အနံ့ထွက်လာမှ အရက်တွေဆိုတာ
ကျုပ်သိရသည်။
ပြန်လာတော့မှ လမ်းမှာ …
“အဖေ ဘကြီးလုံထော်တို့က သည်လိုပဲ
စားတာပဲလား၊ ကျုပ်ဖြင့် စားမရပါဘူးဗျာ “
အဖေက ကျုပ်စကားကို မဖြေဘဲ …
“အင်း “
လေးတွဲစွာ သက်ပြင်းရှည်ကြီးတစ်ချက်ချကာ
ပထမ ခေါင်းတဆတ်ဆတ် ညိတ်လိုက်ပြီးနောက်
ခေါင်းကို လေးတွဲစွာ ယမ်းလိုက်ကာ …
“ငါ့ အိမ်နေစဉ်က ဒါလောက် အစားမပက်စက်ပါဘူးကွာ၊
ခု ဒီကောင် အချိုးတွေ ပြောင်းနေသလို အစွမ်းတွေလည်း
ထက်နေတယ် “
“အဖေ သူ ဘယ်လို အစွမ်းတွေ ထက်နေတာလဲ “
“သည်လိုကွ၊ အခု သည်ကြာအင်းကို လေလံရတဲ့
အင်းဒိုင်တွေဟာ သူ့ကိုပဲ မလွတ်တမ်း အင်းသူကြီးအဖြစ်
ခေါ်ကြတယ် သူကလည်း စွမ်းတာကိုးကွ “
“ဘယ်လိုစွမ်းတာလဲ အဖေ”
“သည်လိုကွ၊ သည်နှစ်မှာ ဧရာဝတီမြစ်ရေ
ဘယ်နှကြိမ်တက်မယ်၊ ဘယ်ရေမှာ ငါးပါမယ်
ဒါကြောင့် ဘယ်အရေအကျမှာ အင်းကို
ရင်းအသေပိတ်ရမယ်၊ ရင်းပိတ်တဲ့အခါမှာလည်း
နှီးတစ်ရာကျော် တစ်ရာကို ရေထဲငုတ်ပြီး
တစ်ခါမျှ ရေပေါ်မပေါ်ဘဲ ချည်နိုင်တုပ်နိုင်တယ်။
ပြီးတော့ သူပြောတဲ့အတိုင်း ဧရာဝတီမြစ်ရေဟာ
သူပြောတဲ့အတိုင်း တစ်ခါဆို တစ်ခါ၊
နှစ်ခါဆို နှစ်ခါ၊ သုံးခါဆို သုံးခါ၊
ကွက်တိပဲ ၊ နောက်ပြီး ကြာအင်းကြီးထဲမှာ
သည်နှစ် ဘာငါးတွေများလို့ အင်းဒိုင်ရှုံးမယ်၊
ဘာငါးတွေများလို့ အင်းဒိုင်မြတ်မယ်
ဆိုတာတွေကလည်း ကွက်တိပဲ၊
သည်နှစ်တော့ မြစ်ရေက ခရုတောင်
ကျောပိုးခေါ်သွားတယ်ဆိုရင်တော့
အဲသည်နှစ်ဆွဲတဲ့ အင်းဒိုင် လုပ်စားလို့တောင်
မရေတာ့ဘူး “
“သည်လိုဆို သူက အင်းလောကမှာ
ဆရာတစ်ဆူပေါ့နော် “
အဖေက ကျုပ်စကားကို မဖြေဘဲ
‘ဟင်’ သက်ပြင်းရှည်ကြီး တစ်ချက်ချလို့
ခေါင်းတဆတ်ဆတ်ညိတ်ကာ …
“အကုသိုလ် အကျိုးပေးသန်တာကိုး “
ဟုသာ ညည်းတွားလိုက်သည်။
ကျုပ်တို့လည်း အိမ်သို့ ပြန်ရောက်လာကြလေပြီ။
XXXX
သည်နှစ်တော့ သည်ကြာအင်းကြီးကို ကျုပ်တို့
မြောက်ပိုင်းက သာမန်တံငါအလုပ် လုပ်တဲ့
ကြွက်နီဆိုတဲ့သူက သည်ကြာအင်းကို ရှိသမျှ
ငွေပိုငွေလျှံလေးနဲ့ လေလံရကာ ဆွဲလေသည်။
သူတို့က သူတို့ဇနီးမောင်နှံနဲ့ ခြောက်နှစ် ခုနှစ်နှစ်အရွယ်
သံဗြဲဆိုတဲ့ သားတစ်ယောက်နဲ့ ဇနီးဖြစ်သူ ဇီးကွက်မနဲ့
မိသားစု သုံးယောက်သာ ရှိလေသည်။
ထုံးစံအတိုင်းပေါ့ ဘကြီးလုံထော်ကို အင်းသူကြီးအဖြစ်
ခန့်အပ်ကာ သူတို့လင်မယားကို ကြာအင်း၌ ထားလေသည်။
ဘကြီးလုံထော်ရဲ့ အစီအစဉ် ညွှန်ကြားချက်နဲ့
အင်းဝမှာ ဆည်ခံလိုက်တာ တစ်မနက် တစ်မနက်မှာ
ငါးတွေကို မနိုင်မနင်း ကျတာဗျို့။ အင်းထဲ
မှာလည်း ထက်ဝက်စား မြှုးထောင် ရတဲ့ငါး
အင်းဒိုင်ကို ပြန်သွင်း၊ ငါးပိုက်ချသူတွေလည်း
ငါးရံ့၊ ငါးခူ၊ ငါးကြင်း၊ ငါးဘတ် ငါးကြီး
ငါးကောင်းတွေ တအားရကြတာဗျို့။
ဒါတွေကလည်း ဘကြီးလုံထော်ရဲ့ အစွမ်းပင်။
မြှုံးထောင်တဲ့ကောင် ဘယ်နေရာမှာ ဘယ်လိုထောင်၊
ဘာငါးတွေ ရလိမ့်မယ်၊ ပိုက်တန်းတဲ့ကောင်
ဘယ်နေရာ ဘယ်လို တန်း၊ ဘာငါးတွေ မနိုင်အောင်
ရမယ်၊ ဘကြီးလုံထော် ပြောသလိုသာလုပ်၊
ကွက်တိပဲဗျို့။ ဒါကြောင့် နံနက်လင်းတာနဲ့
တစ်ပြိုက်တည်း ဘကြီးလုံထော်ရဲ့ အင်းတဲဆည်မှာ
ငါးဖောက်သည်။ ငါးစိမ်းသည် မြှုးထောင်ပိုက်တန်း
သူတွေနဲ့ တစ်နေကုန် တရုန်းရုန်းနဲ့ပေါ့ဗျ။
ဒါကြောင့် အင်းဒိုင်ဖြစ်တဲ့ ကြွက်နီတို့ မိသားစု
သုံးယောက်မှာလည်း လပိုင်းအတွင်း ရွှေတွဲလဲ
ငွေတွဲလဲ ဆောင့်ကြွားကြွားနဲ့ပေါ့။
တစ်နေ့မှာ အဖေနဲ့ အိမ်နားနီးဖြစ်တဲ့ ဘိုးသာလှ
ကျုပ်တို့အိမ်အောက် ရေနွေးကြမ်းသောက်ရင်း
စကားလက်ဆုံ ကျနေကြရာ ထူးဆန်းနေလို့
ကျုပ်လည်း နွားကန်ကြိုးကျစ်ရင်း နားစွင့်ကြည့်မိရာ…
“ကိုသာထွန်း ကြာအင်းကြီးထဲမှာ လုံထော်တို့
ဆည်ခံတာ ကိုးတောင် ဆယ်တောင်လောက်ရှိတဲ့
ငါးကြီးတစ်ကောင် ပိတ်မိနေတယ်တဲ့ဗျ”
“ဟင် ဟုတ်လား၊ အကြီးကြီးပါလား
ဘာငါးကြီးတဲ့လဲ “
“ဘာငါးမှန်းတော့ မသိဘူး၊ နံနက်တစ်ခါ
နေ့လယ်တစ်ခါ ညနေတစ်ခါ ဆည်ထိပ်မှာ
လာလာပေါ်တယ်တဲ့ “
“ဟင် …အင်းဒိုင်ကြွက်နီတို့ လုံထော်တို့
ဘယ်လိုလုပ်ကြသလဲ “
“ဒါတော့ ကျုပ်လည်း မသိဘူး၊ ကျုပ်
ကြားဖူးတာတော့ ဒီလောက်ကြီးတဲ့
ငါးကို မသတ်ရဘူး၊ ပွဲပေးပြီး ဆည်ဖွင့်ပြီး
လွှတ်ပေးရတယ်လို့ လူကြီးတွေ ပြောတာ
ကြားဖူးတယ်ဗျ၊ သည်လို မဟုတ်ဘဲ
သတ်မယ် စားမယ်ဆိုရင် ခိုက်တတ်တယ်လို့
ကြားဖူးတာပဲ “
ထိုစဉ်…
“သာဒင်ရေ …ဟေ့ သာဒင် “
အော်ကြီးဟစ်ကျယ်နဲ့ အိမ်ဝိုင်းထဲ ကိုစံအေး
တစ်ယောက် ဝင်လာရော …
“ဟ ဘာလဲဟ ငါ ဒီမှာ “
“ဘကြီးလုံထော် ကြာအင်းကြီးထဲမှာ ကိုးတောင်
ဆယ်တောင်လောက်ရှိတဲ့ ငါးကြီးတစ်ကောင်
ပိတ်မိနေတယ်တဲ့ ၊ နံနက်တစ်ခါ နေ့လယ်တစ်ခါ
ညနေတစ်ခါ ဆည်ဝမှာ လာလာပေါ်တယ်တဲ့၊
အဲဒါ ရွာကလူတွေ သွားကြည့်ကြမလို့ကွ၊
တို့သွားကြည့်ရအောင် မင်းလာခေါ်တာ “
“အေး ငါလည်း ကြားတယ်၊ ခုနံနက်ခင်းပဲ ရှိသေးတာ “
ကျုပ်လည်း ကျစ်လစ်စ နွားကန်ကြိုးကို
ရပ်ထားခဲ့ပြီး နှစ်ယောက်သား ဂလုံစုံမွှားနဲ့
ထွက်ခဲ့ကြတာ ရွာလမ်းလမ်းရောက်တော့ …
“ငါးကြီးက ဆယ်တောင်ကိုမကဘူးတဲ့
အခုချိန်ဆို ပေါ်နေပြီ၊ နက်ကျောကျောကြီးတဲ့
ငါးခူကြီးတဲ့ “
“ဟာ မဟုတ်တာ၊ ငါးချောင်းဖြစ်ဖြစ်မှာပါ “
“ဟာ မဟုတ်တာ၊ ငါ ရွေးဖြစ်ရမှာပေါ့
လူတွေလည်း မျိုတယ်ဗျ”
ရွာထဲရှိ လူအုပ်ကြီးက တစ်ယောက်တစ်ပေါက်
ဆူညံဆူညံ ပြောဆိုကြရင်းနဲ့ ကြာအင်းဆီကို
သွားနေကြလေသည်။ ကျုပ်တို့ နှစ်ယောက်လည်း
လူအုပ်ကြီးနဲ့ အတူတူပေါ့။ ဘာငါးကြီးလည်း
သိချင်တာကိုး ။ သည်လိုနဲ့ ကျုပ်တို့နဲ့
လူအုပ်ကြီး ကြာအင်းကြီးနဲ့ မနီးမဝေးကို
ရောက်လာကြတယ်
ဘကြီးလုံထော်တဲနဲ့ ဆည်ကြီးကိုလည်း မြင်နေရပြီ။
ဘကြီးလုံထော်တဲနဲ့ ဆည်ကြီးဘေး ကြာအင်းစပ်လည်း
လူအုပ်ကြီးဗျ။ ကျုပ်တို့လို ငါးကြီးပေါ်ချိန်မို့
လာကြည့်ကြတာပေါ့ဗျာ။ ကျုပ်တို့လည်း
ကြာအင်းဘေးရောက်တော့ ငါးကြီးကို
ကြည့်ချင်ဇောနဲ့ ကျုပ်နဲ့ စံအေး လူအုပ်ကြီးထဲ
တိုးဝင်လိုက်တာ ဆည်ထိပ်က ရပ်ကြည့်နေတဲ့
အင်းအိုင်ကိုကြွက်နီနဲ့ ဘကြီးလုံထော်တို့ဘေး
ရောက်သွားတယ်ဗျာ
“အားပါး အကြီးကြီးပဲဟာ “
“ဟာ ကြောက်စရာကြီး”
ကျုပ်နဲ့ စံအေး အံ့သြခြင်းနဲ့ အတူ အသံကို
ထွက်သွားတယ်ဗျ။ ဆည်ထိပ်မှာ ပေါ်နေတဲ့
ငါးကြီးက နက်ကျောကျောကြီးဗျ။ ဘယ်ဆယ်တောင်ကမလဲ။
ရေထဲမြှုပ်နေတဲ့ အမြီးဖျားပိုင်းရောဆို တစ်ဆယ့်
နှစ်တောင်လောက် ရှိလိမ့်မယ်။ ဟပြဲ ဟပြဲ
လုပ်နေတဲ့ ပါးစပ်ကြီးက သုံးတင်းဝင်တောင်း
လောက် ရှိမယ်ဗျ။
“တို့တစ်သက် ခုချိန်ထိ မမြင်ဖူးပါဘူး “
“နတ်ငါးကြီးလား “
“ဘာငါးကြီးလဲ “
“သည်လောက်ကြီးတဲ့ငါး မသတ်ရဘူး၊
ခိုက်တတ်တယ် “
“ပွဲပေးပြီး ဆည်ကို ဖွင့်လွှတ်ရတယ်”
သည်စကားကို အင်းဒိုင်ကိုကြွက်နီ ကြားတော့
“တောက်”တစ်ချက် ခေါက်လိုက်ကာ…
“တောင်ပြော မြောက်ပြောနဲ့ “
မြည်တွန်တောက်တီးနေစဉ်မှာပဲ ဘကြီးလုံထော်က
တဲထဲကို ဝင်ပြီး သူ့တစ်ရပ်လောက်ရှိတဲ့ မှိန်းကြီးကိုင်ကာ
ထွက်လာလေသည်။ မှိန်းကြီးကို တစ်ချက် နှစ်ချက်
သုံးချက် ဝှေ့ရမ်းကစားလိုက်သေးသည်။
ဘကြီးလုံထော် မှိန်းကြီးကိုင်ကာ အင်းဒိုင်ကိုကြွက်နီအနား
ရပ်လိုက်တော့ဆည်ဝပေါ်နေတဲ့ ငါးကြီးက ရေအောက်ကို
ငုပ်လျှိုးကာ ပျောက်ကွယ်သွားလေသည်။ ထိုစဉ်
အင်းဒိုင်ကိုကြွက်နီက ဘကြီးလုံထော်ကို ကြည့်နေစဉ်
ဘကြီးလုံထော်က အနားတွင် ဆိုက်ကပ်ထားသော
လှေကလေးပေါ်သို့ လွှားခနဲ ခုန်တက်လိုက်ပြီး
‘ဟဲ ဟဲ ဟဲ ‘တစ်ချက် ရယ်လိုက်ပြီး လက်တစ်ဖက်က
မှိန်းကြီးကို အသင့်အနေအထား ကိုင်လျက် လှော်တက်
မပါဘဲ လက်တစ်ဖက်က လက်ဖဝါးနှင့်သာ
အင်းရေနက်ပိုင်းအနှံ့ ဖြည်းညင်းစွာ လှေကလေးကို
လှော်ခတ်ရင်း မျက်လုံးအစုံက ရေအောက်
သို့သာ စူးစိုက်နေလေသည်။
ကြာအင်းကမ်းစပ်က လူထုကြီးကတော့ ဘာများလုပ်မလဲ
ဘာများဖြစ်မလဲ သည်းတထိတ်ထိတ် ရင်တဖိုဖိုနဲ့
ငြိမ်သက်နေကြလေသည်။
တစ်နေရာ ရောက်တော့ ဘကြီးလုံထော်က
လှေကလေးကို ဖြည်ညင်းစွာ အရှိန်သတ်လိုက်ပြီး
ရေအောက်သို့ မှိန်းကြီးကို အားကုန်ထိုးစိုက်လိုက်ရာ…
“ဝုန်း ဗွမ်း “
ပြင်းထန်သော ရေပွက်ကြီး ထလာကာ
ကောင်းကင်သို့ လွင့်ပျံ့သွားသော ရေမွှားရေစက်တို့နဲ့
အတူ လှေကလေးမှာ ဘေးသို့ လွင့်စဉ်ကာ
မှောက်သွားလေသည်။ ဘကြီးလုံထော်လည်း
မှိန်းရိုးကြီးကိုင်လျက် ရေထဲသို့ လွင့်စဉ်သွားပြီး
ရေအောက်သို့ မြှုပ်သွားကြရာ ပေါ်မလာတော့ပေ။
အတော်ကလေးကြာတော့မှ ဝုန်းဒိုင်းကြဲနေတဲ့
ရေလှိုင်းဂယက်တို့က ငြိမ်သက်သွားလေသည်။
ခဏလေးကြာတော့ …
“ပလွပ် …ပလွတ် …ပလွတ် “
သွေးပလုံစီကလေးများ အင်းရေပြင်ပေါ်သို့
တက်လာပြီးနောက် သွေးပွက်ကြီးများ ထလာကာ
အင်းရေပြင်မှာ သွေးတို့ဖြင့် ရဲရဲနီသွားလေသည်။
အင်းစပ်မှ ကြည့်ရှုနေကြတဲ့ လူအုပ်ကြီးကတော့
ဘကြီးလုံထော်ကို ငါးကြီးက ကိုက်ဖြတ်စားသောက်
နေပြီလား သို့တည်းမဟုတ် ဘကြီးလုံထော်ကပဲ
ငါးကြီးကို မှိန်းနဲ့ ထိုးသတ်လိုက်လေပြီလာူ
သိလိုဇောနဲ့ မျက်လုံးပြူးကာ အင်းရေပြင်ကို
အာရုံစူးစိုက်လျက်ပင်။
“ဗွမ်း “
“ဟာ “
အင်းရေပြင်ကို အာရုံစူးစိုက်နေတဲ့ လူအုပ်ကြီးက
အံ့သြခြင်းနဲ့ အတူ အာမေဋိတ်သံအမျိုးမျိုးနဲ့
ဆူညံ၍ သွားလေသည်။ အင်းရေပြင်မှာ
ပေါ်လာသည်က ဂုတ်ပိုးမှ ဝမ်းဗိုက်ကို
ထုတ်ခြင်းခတ် ဖောက်ဝင်နေတဲ့ မှိန်းတန်းလန်းကြီးနဲ့
ဆယ်တောင်ကျော် နက်ကျောကျော အရောင်ရှိ
ငါးကြီးပင်။
“ဖူး …ဖလူး …ဖလူး “
မရှေးမနှောင်းမှာပင် ဘကြီးလုံထော်က
ရေပေါ်သို့ ပေါ်လာပြီး ဦးခေါင်းကို သုံးလေးခါ
ရမ်းလိုက်ရာ ရှည်လျားလှတဲ့ သူ၏ ဆံပင်မှ
ရေမှုန်ရေမွှားတို့က ဘေးသို့ လွင်စဉ်
ပြန့်ကြဲသွားကြလေသည်။
“ဟဲ ဟဲ ဟဲ “
မညီမညာ အရုပ်ဆိုးလှတဲ့ သူ၏ သွားများပေါ်အောင်
ရယ်လိုက်ပြီး သေနေပြီဖြစ်တဲ့ ဆယ်တောင်ကျော်
ငါးကြီးအား မှိန်းရိုးမှ ဆွဲကာ အင်းစပ်သို့ ကူးလာပြီး
ကုန်းပေါ်တွင် လူလေးငါးဆယ်ယောက် ဆွဲရမယ့်
ငါးကြီးကို ဘကြီးလုံထော်က တစ်ဖက်တည်းဖြင့်
ပါးစပ်ကြီးမှ ဆွဲကာ ကုန်းပေါ်သို့ တင်လိုက်ရာ …
လူအုပ်ကြီးက ဝိုင်းအုံလာပြီး …
“ဟာ ဆယ်တောင် ဘယ်ကမှာလဲ၊
တစ်ဆယ့်နှစ်တောင် အကျော်ရှိတယ် “
“ငါးရွေးကြီးဟ”
“ကုန်းမှာ မြွေပွေး ၊ ရေမှာ ငါးရွေးတဲ့၊ သူကလည်း
ရေမှာတော့ ကြောက်စရာကောင်းတဲ့ ဘုရင်တစ်ဆူပဲ “
“လုံထော်ကလည်း ဒါလောက်စွမ်းတော့ လူမှဟုတ်ရဲ့လား “
တစ်ဖက်တစ်ခွန်း စကားတွေ အမျိုးမျိုးပြောနေပေမယ့်
ဘကြီးလုံထော်ကတော့ နားကလည်း အတော်လေးသည်မို့
ကြားမည်လည်းမထင်၊ ဂရုလည်း မစိုက်ဘဲ သူ့ဇနီး
ဒေါ်မယ်ဇင်ကို အော်ပြောလိုက်လေသည်။
“ဟေ့ …မယ်ဇင်ရေ ၊ ဇလုံကြီးတစ်လုံး ယူခဲ့ဟေ့ “
ခဏကြာတော့ ဒေါ်မယ်ဇင် ငါးရောင်းရာတွင်
သုံးသော ဗန်းကြီးလောက်ရှိ ဒန်ဇလုံကြီး ရွက်လာသော
ဘကြီးလုံထော်အားပေးလိုက်ရာ ဒေါ်မယ်ဇင်ကလည်း
လုပ်ကိုင်နေကျမို့ အထာကျွမ်းနေပြီထင်။
ဇလုံကြီး မှာလိုက်သော ဇလုံကြီးထဲ၌ ဓါးမြှောက်
တစ်ချောင်းက အသင့်ပါလာလေသည်။
ဘကြီးလုံထော်လည်း အသင့်ပါလာတဲ့
ဓါးမြှောင့် ပက်လက်ကြီး ဖြစ်နေတဲ့ ငါးကြီးရဲ့
ဝမ်းဗိုက်ကြီးကို ထိုးစိုက်လိုက်ပြီး ‘ရွှမ်း’
တစ်ချက်တည်း ခွဲချလိုက်ရာ ‘ဗွမ်း ‘
ငါးကြီးဝမ်းဗိုက်ထဲက သွေးတွေ အပြင်သို့
စဉ်ထွက်လာပြီး ဘကြီးလုံထော်က
တစ်ကိုယ်လုံး သွေးတွေနဲ့ ရွှဲနှစ်ပေကျံ
နေသည်မှာ တကယ်ရက်စက်ကြမ်းကြုတ်လှတဲ့
လူသတ်သမား အာဏာပါးကွက်သားကြီးတစ်ယောက်နှင့်
တူသလို ဟက်တက်ကြီးကွဲနေတဲ့ ငါးကြီးရဲ့
ဝမ်းဗိုက်ထဲက ကလီစာတွေကို ဇွတ်ဆွဲထုတ်နေ
သည်ကလည်း မကောင်းဆိုးဝါးတစ်ကောင်
အသာငမ်းငမ်းနဲ့ အစာကို လုနေသည်နှင့်
တူလှသည်။ ငါးကြီးဝမ်းတွင်းကလီစာတွေ
ဆွဲထုတ် ဇလုံကြီးထဲ ထည့်လိုက်တော့
ဗန်းကြီးလောက် ဇလုံကြီးကို မောက်လျှံ
သွားတော့တာပဲဗျို့
“ဟေ့ မယ်ဇင်၊ ဒါတွေကို အခု မြန်မြန်ချက်
ငါရေချိုးပြီးရင် ငါတို့စားမယ် ပြီးမှ
ငါးကြီးကို ဖျက်မယ် “
ဟု ပြောလိုက်ခြင်းနဲ့အတူ ဘကြီးလုံထော်ရဲ့
အသွင်ကလည်း သရဲသဘက်စီးသည့်အသွင်ကို
ဆောင်နေလေသည်။ အင်းဒိုင်ကိုကြွက်နီ
ကတော့ ဘကြီးလုံထော် လုပ်သမျှကို
ကြည့်ကာ တဟဲဟဲနဲ့ သဘောအကျကြီး
ကျနေလေသည်။ ဒါနဲ့ လူအုပ်ကြီးလည်း
အလျှိုလျှို ပြန်ကြရာ လမ်းတွင်…
“ဘကြီးလုံထော်က လူမှဟုတ်ရဲ့လား
သရဲသဘက်များ စီးနေတာလား “
“အကုသိုလ်က အားကြီးတယ်ကွ “
ဆိုကြတဲ့ စကားတွေကို ကျုပ် သဲ့သဲ့မျှ
ကြားလိုက်မိလေသည်။
နှစ်တွေလည်း ကြာခဲ့ပါပြီ။ အဲသည်လိုဖြစ်ပြီး
လပိုင်းအတွင်းမှာပဲ အင်းဒိုင်ကြွက်နီနဲ့
ဇီးကွက်မတို့ရဲ့ သားလေးဟာ အမည်တပ်မရတဲ့
ရောဂါနဲ့ ဆုံးသွားသလို ဖခင်ဖြစ်သူ
အင်းဒိုင်ကိုကြွက်နီကလည်း ကြာအင်းဘေး
ကိုင်းတောကြီးထဲ လူသတ်လို့ သေရသည်။
များမကြာမီ ဇနီးဖြစ်သူ ဇီးကွက်မကတော့
အဲသည်ကိုင်းတောကြီးထဲမှာပဲ ပိုးထိပြီး
ဆုံးသွားကာ ကိုကြွက်နီရဲ့ မိသားစု
မျိုးတုံးကန်းသွားတော့သည်။
ဘကြီးလုံထော်ရဲ့ ဇနီး ဒေါ်မယ်ဇင်ကတော့
အနာကြီးရောဂါကို ကြာရှည်စွာ ခံစားပြီး
ကြာအင်းစောင်းက ဌင်းတို့အင်းတဲလေးမှာပဲ
ဆုံးသွားလေသည်။ ဘကြီးလုံထော်
တစ်ယောက်သာ ကြာအင်းစောင်းက
အင်းတဲကလေးမှာ ငါးနှိုက် ဖားရိုက်
ငှက်ထောင်နဲ့ နေလေတော့သည်။
နေသည်ဆိုပေမယ့် အင်းတဲလေးမှာ
နေ့လည်းနေ့မို့ ညလည်းညမို့ သူ့ကို
တွေ့ရခဲသည်။ သူ့ကို အမြဲတွေ့ရခဲသည်။
သူ့ကို အမြဲတွေ့ရသည်က အင်းဇွတ်တွေ
မြစ်ဇွတ်တွေမှာ အတွေ့များလေသည်။
တွေ့ရတော့လည်း ငါးနှိုက်တာလိုလို
ဖားရိုက်တာလိုလို ငှက်ထောင်တာလိုလိုနှင့်
တွေ့ရပြီး တွေ့တိုင်းလည်း မဲမှောင်နေတဲ့
ခန္ဓာကိုယ်မှာ နံပိုင်းမျှရှိ ပုဆိုးတိုတိုကလေးက
အမြဲရွှံ့ဗွက်တို့နှင့် ပေနေလေသည်။
လူတွေကို သူက ရှောင်နေသလို လူတွေကလည်း
သူနဲ့ တစ်ခဏမျှရပ်ပြီး စကားမပြောနိုင်တော့ပေ။
ဘာကြောင့်လည်းဆိုတော့ သူ့ခန္ဓာကိုယ်မှာ
သွေးညှီနံ့ ငါးညှီနံ့တို့က အမြဲတမ်း နံစော်နေခြင်း
ကြောင့်ပင်။ အဲသည်တုန်းကတော့ မကြာမကြာ
တွေ့တတ်သလို ခုတော့ဖြင့် သူ့လှေပျက်ကလေး
အင်းစောင်းဘေး အင်းတဲကလေးနားမှာ
တွေ့ရပေမယ့် သူ့ကိုတော့ လုံးဝမတွေ့ရတော့ပေ။
အဲသည်အချိန်က စပြီး ကြာအင်းကြီးထဲမှာ
အင်းဆွဲသူ ငါးလုပ်သားများ ငှက်ထောင်သူများ
ပြောနေကြသည်က ဘကြီးလုံထော်က
လူစင်စစ်ကနေ ဘဝမကူးဘဲ သရဲဖြစ်သွားတာတဲ့။
ညညတွေမှာ ကြာအင်းကြီး ရေနက်ပိုင်းထဲမှာ
ဘကြီးလုံထော် လှေတစ်စင်းနဲ့ ငါးထောင်
နေတာကို အရိပ်လို အရောင်လို တွေ့ရတယ်တဲ့။
အင်းဆွဲတဲ့ လူတွေကလည်း ညက ဘိုးလုံထော်
ဆည်ထဲက ငါးတွေ ထိုင်စားနေတာ တွေ့ရသတဲ့။
တစ်ခါ တစ်ခါ ကျတော့လည်း ကြာအင်းရေနက်ပိုင်းထဲမှာ
လှေကလေးတစ်စင်းဟာ လူမမြင်ရဘဲ
လူလှော်နေတာလို ဂယက်လေးတွေ ထပြီး
သွားနေတာ လသာညများ တွေ့ရသတဲ့။
တစ်နယ်လုံး ဟိုလူကပြော ဒီလူက
မြင်ကြနဲ့ပေါ့လေ။
သည်လို ပြောကြဆိုကြတဲ့ စကားတွေနဲ့
ခုတော့ ကြာအင်းကြီးထဲမှာ လုပ်ကိုင်စားသောက်
နေကြတဲ့ လူတိုင်းမှာ အယူသီးအစွဲတစ်ခုက
ဓလေ့တစ်ခုလို ဖြစ်နေလေသည်။
ဌင်းဓလေ့ကတော့ အင်းဆွဲ၊ ငါးထောင်၊
ငှက်ပိုက်တန်းသူများဟာ ဘကြီးလုံထော်အား
ပူဇော်ပသ တင်မြှောက်ရလေသည်။
ပူဇော်ပသရတာတော့ ငါးကြီးကြီးတစ်ကောင်
ဆီမပါ ဆားမပါ ရေလုံပြုတ် ငရုတ်သီးအစိမ်း
ဖြစ်ဖြစ် အမှည့်ဖြစ်ဖြစ်တောင့် ကြက်သွန်ဖြူနီ
တစ်ခုစီ အရက်တစ်လုံး တင်ပသသည့်အခါမှာ
ပါးစပ်က ပွစီ ပွစီနဲ့ မပင့်ဖိတ်ရပါ။
“ဟေ့…လုံထော် နားလေးနားကန်း၊
အခု မြန်မြန်လာမျိုလှည့်ဆို့လှည့် “
ဟု အသံကုန် အော်ဟစ်ပြီး ပင့်ဖိတ်ရလေသည်။
ပြီးမှ…
“ငါ့ဆည်ထဲ ငါးများများကျအောင် လုပ်ပေးဦး
ငှက်ထောင်တဲ့ဆိုလည်း ငှက်များများရအောင်
လုပ်ပေးဦး ကြားလား နားကန်းနားလေး
လုံထော်”
အဲသည်လို ပူဇော်ပသမှ အနှောင့်အယှက်ကင်းပြီး
ငါးဆိုလည်း များများရ၊ ငှက်ဆိုလည်း များများ
ရသတဲ့ဗျာ။ သည်ဓလေ့ထုံးစံက ယနေ့ချိန်ထိ
ပြုလုပ်နေကြဆဲပင်။
ပြီးပါပြီ
တစ္ဆေမျက်လုံး အမှတ်(၇)စာအုပ်မှာ
ဆရာ ဘိုးသာဒင် ရေးသည်ကို
လက်ခ စာဖတ်သူကို ကူးယူဝေမျှလိုက်သည်