လင်ပျောက်မ

လင်ပျောက်မ (ဝတ္ထုတို)
တင်ညွန့်

မိခင်က သားလေးလက်ကိုဆွဲလာပြီး ဈေးထဲကိုရောက်လာသည်။

ဈေးထဲတွင် လူတွေစည်ကားနေချိန်ဖြစ်သည်။ သားငယ်က မိခင်လက်ကိုဆွဲလာရင်းက

“အမေ”

“ဘာလဲသား”

“သား … ဟို ကောက်ညှင်းပေါင်း စားချင်လို့”

“သားရယ် အမေ့မှာ ပိုက်ဆံမရှိသေးဘူး။ မင်းအဖေက ဈေးထဲကိုလာခဲ့ ပိုက်ဆံပေးမယ်ဆိုလို့ လာခဲ့တာ။ မင်း အဖေကို ခုထိ ရှာမတွေ့သေးဘူး”

“အမေ … ရေခဲချောင်း စားချင်တယ်”

“သား မပူဆာနဲ့ကွယ် … အမေ မင်းအဖေကိုရှာနေတာ … သူ့ကိုတွေ့ရင် ဝယ်ကျွေးမယ်”

မိခင်က သူ့သားကို လက်ဆွဲကာ သွားပြန်သည်။ သူက တစ်နေရာတွင်

“ဒီမှာရှင် … ကုန်ထမ်းတဲ့ ကိုလှမောင်ကို တွေ့မိကြသလား”

“လှမောင်လား … ပြန်လာလိမ့်မယ် … ငါးတန်းကို ငါးတောင်းတွေ သွားပို့နေတယ်”

သူတို့သားအမိ အဆောက်အအုံတစ်ခု၏ လှေကားတွင်ထိုင်နေကြသည်။ ထိုအချိန်တွင် အကြော်သည်က သူတို့ရှေ့ဖြတ်ကာ

“အကြော်စုံ” ဟုအော်သွားသည်။

“အမေ အကြော်စားချင်တယ်”

“သားရယ် ခဏ ခဏမပြောနဲ့ကွာ … မင်းအဖေတွေ့ရင် ပိုက်ဆံရမှာ။ ပိုက်ဆံရရင်ဝယ်ကျွေးမယ်”

“အဖေကလည်း ကြာလိုက်တာ မလာဘူး”

သူတို့ နာရီဝက်ခန့်အထိ ထိုင်နေကြသေးသည်။ မလာနိုင်သဖြင့် သူက သားကို လက်ဆွဲကာ ငါးဈေးဘက်ကို ထွက်ခဲ့သည်။ ငါးတန်းတွင်လည်း သူ့မိန်းမက သူ့ယောကျ်ားကို လိုက်မေးသည်။

“ခုဏလေးတင် ဒီနားမှာတွေ့သေးတယ်”

“ဘယ် … ဒီအကောင် ပိုက်ဆံရရင် ထုံးစံအတိုင်းနေမှာပေါ့”

ထုံးစံအတိုင်းဆိုသည်ကို သူကကောင်းစွာသိနေသည်။ ထို့ကြောင့်

“အစ်မ အရက်ဆိုင်က ဘယ်နားမှာလဲ”

“ဟို ဈေးအိမ်သာရှေ့ လမ်းတည့်တည့်ဆင်းသွား”

သူတို့သားအမိ အရက်ဆိုင်ကို လိုက်ခဲ့ကြပြန်သည်။

“သားအပြင်မှာနေခဲ့ အမေ အထဲဝင်ရှာလိုက်ဦးမယ်”

မိခင်က ဆိုင်ထဲဝင်ပြီး လျှောက်မေးသည်။

“လှမောင် … ဒီမနက် မလာသေးဘူး”

သူတို့သားအမိ ဈေးထဲကို ပြန်လာကြပြန်သည်။ ကလေးကို လက်ကဆွဲ၊ လင်ကိုလည်း ဟိုကြည့်သည်ကြည့်နှင့် နောက်ဆုံး ကလေးက လက်လွတ်သွားသည်။

“ကိုလှမောင် … ကိုလှမောင်”

သူက ကလေးကိုမေ့ပြီး လူအုပ်ကြားထဲပြေးလိုက်သွားသည်။ ကိုလှမောင်ကို တွေ့၍ထင်သည်။ ကလေးကို မေ့သွားသည်။

“အမေ … အမေ … အမေ”

ကလေးက အမေဟု အော်ကာငိုသည်။

လူတွေက ဝိုင်းလာသည်။

“သားအမေ ဘယ်သွားလို့လဲ”

“အမေ အဖေ့ကိုလိုက်ရှာနေတယ် ဟီး … ဟီး”

“မငိုနဲ့တိတ်တိတ် … ဒီမှာ သကြားလုံးစား”

“စားဘူး”

“အမေ … အမေ … အမေရေ”

“ကလေးသနားစရာကွယ် … သူ့အမေ သူ့ကို စွန့်ပစ်သွားတာလား”

“သားလေးရော့ ရော့ … ဒီမှာ ပေါင်မုန့်လေးစား”

“စားဘူး … အမေရေ … အမေ”

ကလေးက သူ့အမေကို တမ်းတပြီး အော်ငိုနေသည်။

“ကလေးကို ပစ်ပြေးသွားတာနေမယ် … တော်တော် ယုတ်မာတဲ့ကလေးအမေ”

“အမေ … အမေ … ဟီး … ဟီး”

“သား ဒီမှာ ပြောင်းဖူးစား … ရော့ …”

“စားဘူး … သွား … အမေရေ … အမေ”

ကလေးတစ်ယောက်တွက် သူ့အမေကလွဲပြီး ဘာမျှအရေးမကြီး။ ဗိုက်ဆာတာလည်းမေ့နေပုံရသည်။ သူက မိခင်ကို အော်ခေါ်ပြီး လိုက်ရှာသည်။ ကလေးကို လူတွေက ဈေးခေါင်းရုံးကိုခေါ်သွားပြီး သွားအပ်ထားလိုက် သည်။ ကလေးမိခင်က လူအုပ်ကြားကိုရောက်လာပြီး

“ဒီမှာရှင် … ဒီမှာ ကျွန်မ သားလေး ပျောက်သွားလို့ပါ … ဒီနားမှာ ပျောက်သွားတာ။ အပေါ်အင်္ကျီ အနီလေးနဲ့ … တွေ့မိကြသလားရှင် … သားရေ … သားရေ”

“အဲဒီကလေးလေးလား … ဈေးခေါင်းရုံးမှာ သွားအပ်ထားတယ်”

မိခင်ဖြစ်သူက ဈေးခေါင်းရုံးကို ပြေးသည်။

“ကျွန်မ သားလေး … ကျွန်မသားလေး”

“ဒါ ခင်ဗျား သားလား”

“ဟုတ်ကဲ့ပါရှင်”

“ကလေးက ငိုနေတော့တာပဲ … ဘာကျွေးလို့မှလည်း မစားဘူး”

“ကျွန်မလည်း လူကြားထဲမှာ လက်လွှတ်လိုက်မိတာရှင့် … ငါ့သားလေး စိတ်ဆင်းရဲသွားရပြီ”

“အမေကလည်း ဘယ်သွားနေတာလဲ … သားကြောက်လိုက်တာ”

“မကြောက်နဲ့တော့ အမေလာပြီပဲ … ကျေးဇူးပါရှင် ကျွန်မသားလေးကို ပြန်ခေါ်သွားတော့မယ်”

“ခေါ်သွား”

သူတို့ သားအမိ ဈေးခေါင်းရုံးက ထွက်ခဲ့သည်။

“အမေ … အဖေ့ကိုတွေ့ခဲ့လား”

“မတွေ့ဘူး”

“သားဗိုက်ဆာလိုက်တာ”

“အမေလည်း ဆာတာပဲကွယ်”

ထိုစဉ် လူတစ်ယောက်က

“ဟဲ့ … နင် လှမောင်မိန်းမ မဟုတ်လား”

“ဟုတ်ကဲ့”

“နင့်လင် တံတားအောက်မှာ ဖဲရိုက်နေတယ်”

သူတို့သားအမိ တံတားအောက်ကို ပြေးကြသည်။ တံတားအောက်တွင် သူရှာနေသော လင်ကိုတွေ့သည်။

“ကိုလှမောင်”

“ဘာလဲ”

“ကျွန်မတို့သားအမိ ဆာနေပြီ”

“သွားသေလိုက် … ဒီမှာ ဖဲရှုံးနေရတဲ့အထဲ”

“အဖေ သားဗိုက်ဆာတယ်”

“ဟာ … ဒီသောက်ကမြင်းမသားအမိ လာဘ်တိတ်တယ် … ထွက်သွားကြစမ်း”

မိခင်က သားလက်ကိုဆွဲကာ

“လာ သားလေး သွားကြမယ်”

သူတို့ ဈေးထဲပြန်ဝင်ခဲ့ကြသည်။

“အမေ သားဗိုက်ဆာတယ်”

“လာသား”

သူတို့ တစ်နေရာတွင် ထိုင်လိုက်ကြသည်။

“အစ်ကိုကြီး အစ်မကြီးတို့ရယ် … သားလေးဗိုက်ဆာလို့ တစ်ပြားတစ်ချပ်လောက် စွန့်ကြဲခဲ့ကြပါရှင်”
▪️▪️▪️
တင်ညွန့်

၁၆.၁.၂၀၂၅

Leave a Reply

Your email address will not be published. Required fields are marked *