ဆင်ဖြူကျွန်းအောင်သိန်း

အိုးကိုလျက်သည့်ခွေး၊ မျိုးကိုဖျက်သည့်ပွေး

“အမေ့စကားကို နားမထောင်လို့ ခုလိုဖြစ်တာ သားရဲ့။ အမေ ပြောစကသာ အမေ့စကား နားထောင်ခဲ့ရင် ဒီလိုဖြစ်မှာမဟုတ်ဘူး”

အမေသည် ဆူပူတတ်လေ့ မရှိ။ အိုးခွက်ပန်းကန်ကို ဆောင့်ချ၊ ဟိုမာန် သည်မဲ စသည်များကိုလည်း အမေ လုပ်လေ့မရှိ။

သို့ဖြစ်ငြား ပြောမိပြီဆိုလျှင် လေအေးကလေးဖြင့် ဆက်ကာဆက်ကာ စီကာပတ်ကုံး ပြောလေတော့သည်။

ယခုလည်း ပွေးထောင်ချောက် လုပ်ထားရသဖြင့် မြတ်သာဒွန်း လက်ချောင်းကလေးတွေ နာနေပြီ။ ကျိန်းနေပြီ။ ဝါးရှထားသောဒဏ်ရာ သုံးလေးချက်ကလည်း ချွေးဝင်တိုင်း၊ ဖုန်ဝင်တိုင်း နာနေသေး။

သို့သော် ဖျက်လိုဖျက်ဆီးလုပ်သော “ပွေး”အပေါ် ဖြစ်ပေါ်နေသော ဒေါသကြောင့် ထမင်းကြမ်းပင် မစားမိ။ ဝမ်းထဲတွင် အစာမရှိသဖြင့် ဆာလှပြီ။ ဆာရုံသာ မဟုတ်၊ ခရမ်းရွက်မှ အမွေး၊ ခရမ်းကိုင်းမှ အမွေးများ ကပ်ငြိနေသည့် ကိုယ်ခန္ဓာ အနှံ့အပြားက လည်း ယားယံသေးသည်။

“အမေပြောတယ် မဟုတ်လား။ ဟိုဘက် ချုံစပ်က တမာပင်ကလေး အကောင်းသားကနေပြီး သေသွားတာဟာ “ပွေး” ကြောင့် ဖြစ်လိမ့်မယ်။ ခရမ်းပင်တွေ သီးကင်းနုကလေးတွေနဲ့ သေသေကုန်တာဟာလည်း ပွေးပဲ ထင်တယ်လို့ အမေ ပြောတုန်းကသာ သား ဂရုစိုက်ရင်….”

“ဟုတ်ပါတယ် အမေရာ၊ ဟုတ်ပါတယ်”

မြတ်သာဒွန်း ပြီးစလွယ်ပြောမိသည်။ ပြောရင်းက ပွေးစုန့် မြေလုံးများကို ဖယ်ပစ်ပြီး ပွေးတွင်းဝပေါ်အောင် ငန်းပြားဖြင့် တူးဖော်သည်။

“ဒီလို ပြီးစလွယ် ပိုင်စလွယ် မပြောနဲ့ သားရဲ့”

“ပြီးစလွယ်ပြောတာ မဟုတ်ပါဘူး အမေရဲ့။ ကျုပ် မှားတဲ့အကြောင်း ဝန်ခံတာပါ”

ပြန်လည်ရှင်းပြရာမှ ပွေးထောင်သည့် ငုတ်ကို မြေကြီးထဲသို့ ရိုက်သွင်းလိုက်သည်။ တောင်ဆုပ်ခန့်ရှည်၍ လက်မဝက်မျှ တုတ်သော သစ်သားတိုင်နှစ်တိုင် ဖြစ်ပေ၏။ ထို တိုင်နှစ်တိုင်ကို သစ်သားတန်းတစ်တန်းဖြင့် သံရိုက်ပြီး ဆက်သွယ်ထားသည် တောင်ဆုပ်ပျော့ပျော့ ရှည်မည်ထင်သည်။ သည်တန်းကို ပိုးလျက် လက်သန်းပြားလောက်တုတ်သော သားရေမျှော့ကြိုးတစ်ချောင်း တပ်ဆင်ထားသေးသည်။

အမေက ပွေးထောင်ချောက်ဆင်လိုက်၊ ယားယံရာက ကုတ်လိုက်လုပ်နေသော သားအားကြည့်ရင်း ပြုံးမိ၏။ ပြုံးရင်းဖြင့် အသာအယာ ထွက်ခွာသွားတော့သည်။

အမေ ထွက်သွားသည်ကို မြတ်သာဒွန်း မသိ။ အလုပ်တွင် အာရုံနစ်နေသည်။ တစ်တောင့်ထွာမျှရှည်သော မြားတံကို တန်းတွင်မှေး၍ မျှော့ကြိုးဖြင့် မောင်းတင်လိုက်သည်။ မြားကို သစ်သားရိုးထဲတွင် ဖဲထီးကိုင်းသံချောင်းသွင်း မြှုပ်ကာ အဖျားချွန်ထား၏။

သံမြားသည် ပွေးတွင်းမြေသားထဲ စိုက်ဝင်နေ၏။

မြတ်သာဒွန်း၏ လုပ်ငန်းမှာ သည်မျှဖြင့် မပြီးသေးပါ။ မျှော့ကြိုးကန်အားဖြင့် သစ်သားတန်းတွင် ထောင်နေသော မြားလုံးနှင့် သစ်သားတန်းကြားသို့ တစ်ထွာကျော်ကျော်ရှည်သော သစ်သားချောင်းကလေး ထိုးသွင်းလိုက်သည်။

သည်အရာကို ပွေးထောင်သူ၊ ကြွက်ထောင်သူများက ခလုတ်ခေါ်သည်။ သည်ခလုတ် တုတ်ချောင်းတစ်ဖက်ဖျားတွင် နှစ်ပင်လိမ် နိုင်လွန်ကြိုးကလေး တစ်ချောင်းပါသည်။ ကြိုးက တောင်ဆုပ်မျှရှည်ပြီး အဖျားတွင် အမြီးကျိုးနေသော ဇွန်းနှင့်တူသလိုလိုရှိသည့် ဝါးခြမ်းပြားကလေးကို ချည်ထားသေး၏။ ကြိုးချည်သော နေရာမှာ ဇွန်းနှင့် ဇွန်းခွက် အရင်းနေရာဖြစ်၏။

သည်ကြိုးနှင့် သည်ဇွန်းမြီးကျိုး တန်းလန်းကျသော နေရာမြေပြင်တွင် ငုတ်သေးသေးကလေး နှစ်ချောင်းရိုက်ကာ ကြိုးတန်း တန်းပြန်၏။ ငုတ်က သေးသေး၊ ကြိုးတန်းက ငယ်ငယ်ပေမင့် အမေသာမြင်လျှင် “ရှုပ်လိုက်တာ သားရယ် … နင့်ဟာကလည်း” ဆိုမည်မုချ။

ဆိုလည်း ဆိုစရာပဲပေါ့။

ခါးပုံစထဲမှာ နောက်ထပ် တုတ်ကလေးတစ်ချောင်း၊ သစ်သားစဆိုက ပို၍မှန်မည်။ သည်အရာကို လျှာထိန်းတုတ်ခေါ်၍ ဇွန်းမြီးကျိုးနှင့်တူသော ဝါးခြမ်းပြားကိုကား “လျှာ”ခေါ်ကြသည်။

ပြီးသလောက်ရှိပါပြီ။

တန်းလန်းကျနေသော ကြိုးကို တင်းအောင်ဆွဲ၏။ လျှာကို ပွေးတွင်းမြေပြင်နှင့် မထိတထိရောက်အောင် ဆွဲရာ အပေါ်က ခလုတ်မှာ ဆွဲအားကြောင့် ငိုက်ကျလာ၏။ ငိုက်ကျလာသော ခလုတ် ပြန်မထောင်အောင် လျှာကို ခုတွင်က လက်လေးလုံးမျှသာ ရှည်သည့် သစ်သားစ “လျှာထိန်း”တုတ်ကလေးဖြင့် ဖိထား၏။

သို့သော် သစ်သားစကလေးတွင် ဖိအားမရှိသည့်အတွက် မြေကြီးခဲတွေကို အကူခေါ်ရသည်။

သစ်သားစကလေးကို မြေကြီးခဲဖြင့် ဖိလိုက်သည့်အတွက် ခလုတ်တံ ပြန်မတက်ပြီ။ ဟုတ်ပြီ … ပြီးပြီ။

သူ၏လိုဏ်ခေါင်း အပေါက်ဟောင်းလောင်းဖြစ်နေသည်ကို ပွေးတွင်းရှင် ပွေးသည် မကြိုက်။ သည်အပေါက်ကို ပိတ်ရန် မြေစာတွေကို ဦးခေါင်းဖြင့် တွန်းကာလာရောက် ပိတ်ဆို့လိမ့်မည်။

ပွေးတွန်းလာသော မြေစာတွေရော ပွေးပါ မြားအောက် ရောက်လာကြမည်။ မြေစာတွေက ဇွန်းမြီးကျိုး “လျှာ” ကို သွားတိုးသောအခါ လျှာထိန်းသော တုတ် ပြုတ်ထွက်မည်။ သို့ကြောင့် ထိုတုတ်က ထိန်းထားသော ခလုတ်ပါ လွင့်ထွက်သွားပြီး မြားထိပ်သည် ပြင်းထန်သော တွန်းကန်အားဖြင့် . . .

(၂)

အမေသည် ငှက်ပျောပင်ရိပ်တွင် ပြောင်းဖူးဖက်ဆေးလိပ်ကြီးမှ မီးခိုးတလူလူ ထုတ်လွှင့်ရင်း ထိုင်နေ၏။

ချွေးသံအရွှဲသားဖြင့် ငှက်ပျောရိပ်သို့ ဝင်လာသော သားအား တစ်ချက်မော့ကြည့်ပြီး ပြောသည်။

“စိတ်ကြိုက်ရွေးထားတဲ့ ‘မျိုး’ပင်ကြီး မရင့်ခင် မမှည့်ခင် သေသွားတာတော့ နှမြောတယ် သား။ ဒီအခွင့်အရေးကိုရဖို့ နောက်တစ်နှစ် စောင့်ရဦးတော့မှာပေါ့”

“ဟုတ်ပါတယ် အမေရာ”

အမေ ယခုတစ်ကြိမ်ပြောတော့မှ မြတ်သာဒွန်းမှာ မိမိ၏ ပေါ့ဆမှုကြောင့် မိသားစုလုပ်ငန်းတွင် မည်မျှ ထိခိုက်သွားကြောင်း သဘောပေါက်ရ၏။

အမေပြောသော မျိုးပင်မှာ ခရမ်းမျိုးပင်ဖြစ်၏။

မျိုးဆိုသည်မှာ မျိုးစေ့ရယူရန်ထားသော လက်ရွေးစင်အပင်ကြီး ဖြစ်၏။ သည်အပင်ကြီးမှ သီးသော အလုံးများတွင် ကြီးပေ့ လှပေ့ဆိုသော အလုံးများကို မခူးဆွတ်ဘဲ အမှတ်အသားပြုထားသည်။

အရောင်မကြိုက်၊ ဖွံ့ထွားမှုမကောင်းသော အလုံးများကို ဆွတ်ပစ်သည်။

သည်သို့ လက်ရွေးစင်ချန်ထားသော အလုံးလှကြီးတွေ ရင့်ချော်လာသည်။ တစ်လုံးတလေ အပွေးတက်လာသည်။ နောက် မှည့်လာသည်။ အသေအချာ မှည့်လာပြီဆိုတော့မှ ခူးပြီး အစေ့ထုတ်သည်။ နေလှန်းသည်။ လုံခြုံစွာ ထည့်သိုသိမ်းဆည်းထားပြီး နောင်နှစ်တွင် ပြန်စိုက်သည်။

စောစောပိုင်းက မျိုးမှတ်ပုံ၊ မျိုးရွေးပုံမှာ ထွားကျိုင်းဖွံ့ဖြိုးသောအလုံး ဖြစ်ရေးသာ အဓိက။

နောက်ပိုင်းကျသောအခါ …

အတိအကျဆိုရလျှင် မနှစ်ကမှ အမေ့မူ တစ်မူပြောင်းလာသည်။

“သားရေ … မျိုးမှတ်တဲ့ အလုံးကို အလုံးထွားတာတွင် မဟုတ်ဘဲ အသွေးအရောင် ရင့်တာ မှိုင်းတာကို ရွေးဟေ့။ ခဏပန်း အရောင်နုတာ၊ အရောင်လှတာ မရွေးနဲ့”

မြတ်သာဒွန်းတို့ သားအမိစိုက်သော ခရမ်းမျိုးမှာ ‘လုံးညို’ များ ဖြစ်သည်။ လုံးညိုထဲတွင် မှောင်နေအောင် ညိုသည်လည်း ပါ၏။ အလယ်အလတ်လည်း ပါ၏။ ဖျော့ဖျော့လည်း ပါ၏။

သည်အထဲတွင် အညိုဖျော့မှာ ခဏပန်းကြည့်၍ အလှဆုံး။

ယခုမူ သည်နှယ် ခဏပန်းလှသော အရောင်ပျော့ကို မျိုးမထားရန် ပြောလေပြီ။

အမေ့ရည်ရွယ်ချက်ကို မြတ်သာဒွန်း နားမလည်။ နားမလည်သော်ငြား အမေ ရှင်းမပြ။

အမေ့တွင် ရည်ရွယ်ချက်ရှိသည်။ သည်ရည်ရွယ်ချက်က လေးနက်မှုအပြည့်၊ ဘဝအမြင်ဖြင့် အတိ။

အကြောင်းရင်းခံသည်မှာ မြတ်သာဒွန်း၏အစ်မများ၊ နှမများထံမှ အရင်းခံသည်။

မြတ်သာဒွန်းမှာ မုဆိုးမအမေကြီးကို မခွဲရက်၍ အိမ်ထောင်မပြုငြား အစ်မနှစ်ယောက်နှင့် နှမတစ်ယောက်မူ ကြင်ဖော်ကြင်ဖက်ကိုယ်စီဖြင့် ရင်ခွင်အိုကို စွန့်ခွာသွားကြသည်မှာ လေးနှစ်ပင်ကြာပြီ။

အစ်မကြီးမြနု၊ သည့်အောက်က မြစု၊ အငယ်ဆုံးမူ မြပု။ သူတို့သည် ရင်ခွင်အိုကြီးကို ပူသည်ထင်ပြီး စွန့်ခွာသွားကြငြား တကယ်မပူသည့်အဖြစ်ကို မကြာမီ သိလာကြ၏။

“အမေရေ၊ ဆန်ကြိတ်ဖို့ အလှည့်မကျသေးလို့ ဆန်တစ်ပြည်လောက်”

“ငွေတစ်ဆယ်လောက် ခဏလှည့်ပါ အမေ”

“ဆီအစိတ်သားလောက် ပေးပါဦး အမေ။ အိမ်မှာ ပိုက်ဆံပြတ်နေလို့”

သားတွေ သမီးတွေ တွဲတိတွဲပိုးဖြင့် ရောက်ရောက်လာကြကာ လက်ဝါးဖြန့်ကြ၏။ အပူကပ်ကြ၏။

ငါးပိတစ်ခါခတ်၊ ဆားတစ်မှုန့်လောက်၊ ဆီတစ်ဇွန်းလောက်၊ ကြက်သွန်တစ်ဥလောက် စသည်တို့ကား မရေနိုင်။

အမသည် ကြွယ်ပိုးကြွယ်ဝ မချမ်းသာ။ မချမ်းသာသောကြောင့်လည်း သားအမိနှစ်ယောက်တည်းရှိပါလျက် တိုင် တစ်ထောင်ကျ ကွမ်းခြံကလေးဖြင့် မရောင့်ရဲဘဲ မုန်လာတစ်လှည့် ခရမ်း ငရုတ် တစ်လှည့် စိုက်ရသော ရာသီခင်းကို လုပ်ကိုင်နေခြင်းဖြစ်၏။

သို့ဖြစ်ငြား ရောက်လာသော သမီးတိုင်း လက်ချည်းပြန်သွားရသည် မရှိ။ အမေသိုမှီးထားသော ပစ္စည်းဥစ္စာများသည် အမေ့မေတ္တာအလားတူ သားသမီးတို့အတွက် မကုန်နိုင် မခန်းနိုင်။

အမေစားဖို့ ဟင်းတစ်ခွက်ဟူ၍ ရောက်လာသည်က နည်းပြီး၊ ပေးပါ ကမ်းပါ ငှားရမ်းပါ တောင်းခံရန် ရောက်လာသည်က များငြား၊ သားသမီးများ မြေးများ ရောက်လာလျှင် အမေ့မျက်နှာ ရွှင်နေသည်။ တစ်ယောက်ကို ကုန်းပိုး၊ နှစ်ယောက်ကို လက်ဆွဲ၊ သုံးယောက်ကို ရင်ခွင်တွင်း ထားတတ်သည်။

မြေးတွေ၏ ဆူသံ ငိုသံ အော်ဟစ်သံသည် အမေ့နား၌ ရွှေစောင်းသံ။ သည်မြေးတွေ မလာလျှင် အမေ တမျှော်မျှော်။

မျှော်ရရက်ကြာလျှင် အမေလိုက်သွားတော့သည်။

(၃)

အမေသည် မြေးတွေနှင့် တွေ့ထိဖန်များသောအခါ မြေးတွေ၏ ပျော့ကွက်များကို တွေ့ရသည်။ မြင်ရသည်။ သူ့သားတွင်မရှိသော ပျော့ကွက်များ၊ သူ့သမီးတွင် မရှိသော ဟာကွက်များ။

အမေ ဆင်ခြင်သည်။

“မြနုရဲ့ ကလေးအကြီးဟာ ဘယ်လောက်ပဲလိုချင်တာပေး၊ စားချင်တာကျွေးတဲ့အထဲက ဘာပြုလို့ ခိုးရသလဲ။ အလတ်ကလေးကတော့ ဘာကြောင့် ကြောက်ရသလဲ။ ကြည့်စမ်း ဟိုနေ့က အောက်ဆုံးလှေကားထစ်က ခုန်မချရဲဘူး”

သို့လျှင် သမီးအလတ်၊ သမီးအငယ်တို့၏ ကလေးများကိုပါ စိတ်ဖြင့် သုံးသပ်ကြည့်မိသည်။ အငယ်မ မြစု၏ ကလေးများကိုသာ သတ္တိရှိ ဖြောင့်မှန် ပွင့်လင်းသော ကလေးများအဖြစ် အမေတွေ့သည်။

ပြဿနာမဆုံးသေး။ အမေ ရေဆုံးရေဖျားလိုက်သည်။

မြနုယောက်ျား ကျော်မြတ်မင်း။ ရွာလယ်တွင် မဏ္ဍပ်ဆောက်လျှင် ကျင်းမတူးချင်။ တိုင်မသယ်ချင်။ အခေါင်အဖျား မတက်ချင်။ နှီးရေစိမ်သည့် တာဝန်တို့ တော်စွာ့ လျော်စွာ “ဝက်ခွ” ကိုင်သည့် တာဝန်တို့သာ လုပ်ချင်သူ။

တစ်လောက ရွာတောင်ဖျားတွင် ဆေးလိပ်တိုမီးမှ စတင်ပြီး အိမ်တစ်အိမ် မီးလောင်သည်။ တစ်ရွာလုံး ပြေးကြ လွှားကြ ဆွဲကြ ရမ်းကြ သတ်ကြ ငြိမ်းကြပုံမှာ မီးကို အရေဆုတ် အခွံခွာတော့မည်သို့။

မီးဟပ်သူဟပ်၊ ပေါင်ပြဲသူပြဲ၊ လက်မောင်းစုတ်သူစုတ်။

သည်ထဲတွင် မြနုယောက်ျားနှင့် မြပုယောက်ျားတို့ မပါကြ။ ဘယ်မှာ ပါပါမည်နည်း။ အိမ်ပြန်ပြေးလာပြီး ပစ္စည်းတွေကို တစ်ခေါက်ပြီးတစ်ခေါက် ဥယျာဉ်ထဲ သယ်ပို့သည်။

အမေသည် သည်အကြောင်း ပြန်ပြောင်းသုံးသပ်မိသောအခါ အဖြေတွေ့ဘိသို့ ပြုံးမိသည်။ ပြုံးရာမှ မျက်မှောင်တစ်ချက် ကြုတ်မိရပြန်သည်။

မြနုယောက်ျား ကျော်မြတ်မင်းနှင့် မြပုယောက်ျား ထွန်းလှအောင်တို့၏ ဇာစ်မြစ်ကို စဉ်းစားမိပြန်သဖြင့် မျက်မှောင်ကြုတ်ရသည်။

သည့်နောက်တွင်ကား ခရမ်းသီးအပုံကြီးကို အမေ ရင်ဆိုင်ရ၏။

တစ်ရာ တစ်မတ်ဖြင့် အငှားဆွတ်သော မိန်းကလေးများသည် ဆွတ်ပြီးသော ခရမ်းသီးတွေကို တောင်းဖြင့်သယ်ကာ ငှက်ပျောပင်ရိပ်သို့ လာရောက်စုပုံကြသည်။ ခရမ်းသီးတွေ ရွှန်းစိုလတ်ဆတ်မြဲအတိုင်း ရှိနေစေရန် အမေ ထ၍ ရေဖြန်းပေး၏။ ရေဖြန်းနေစဉ် ညိုမှောင်သော ခရမ်းသီးပုံထဲမှ အလုံးတချို့ကို ဆွဲထုတ်ကာဖယ်ရှားသည်။ စိမ်းဖျော့ဖျော့ ဖြူလျော်လျော် အလုံးများ။

သည်အခါ အမေ့ဦးနှောက် အလုပ်လုပ်ရပြန်ပြီ။

“ညိုတဲ့ ခရမ်းသီးတွေချည်း မျိုးယူပြီး စိုက်ရဲ့သားနဲ့ ဘယ်က အဖြူတွေ ရောက်လာရတာလဲ”

သည်ပြဿနာ၏ အဖြေကား ရှေ့နှစ်တွင်စိုက်ရန်အတွက် သည်နှစ် မျိုးထားမည့် ခရမ်းသီးသည် ဖွံ့ထွားရုံဖြင့် မပြီး၊ အရောင်လည်း ရင့်ရမည်ဟူ၍ ဖြစ်ပေ၏။

သို့ကြောင့် သည်နှစ်ခရမ်းသီးရာသီတွင် အမေသည် အသီးရောင်အရင့်ဆုံး အပင်များထဲမှ အလုံးထွားသော အပင်ကို ထပ်မံရွေးချယ်သည်။ ခရမ်းညှာတွင် အဝတ်နီပတ်ကာ အမှတ်အသားလုပ်ထားခဲ့သည်။

လွန်ခဲ့သော ငါးရက်ကမူ အမေသည် ခရမ်းခင်းအစပ်မှ တမာပင် ရုတ်ခြည်း သေဆုံးသွားပုံကို မသင်္ကာကြောင်း၊ တမာပင်အမြစ်တွေ ပွေးကိုက်ခြင်းဖြစ်မည်ထင်ကြောင်း၊ ယင်းသို့ဖြစ်ပါက ထိုပွေးသည် ခရမ်းခင်းထဲ ရောက်လာနိုင်စရာရှိသဖြင့် စောစီးစွာ နှိမ်နင်းသင့်ကြောင်း ပြောသည်။

မြတ်သာဒွန်းသည် ဟုတ်ကဲ့ ဝန်ခံ၏။ ပါးစပ်ပြောသာမဟုတ်၊ စိတ်ထဲမှလည်း ပွေးလိုက်ရန် ရည်ရွယ်ထားသည်။

သို့ဖြစ်ငြား အားအားရှိတိုင်း လှလေးစိန်တို့အိမ်ချည်း သွားနေမိသဖြင့် ပွေးလိုက်ရန်တာဝန် လစ်ခဲ့သည်။

မကြာပါချေ။

တမာပင်ညှိုးကျပြီး အရွက်တွေကြွေကုန်၍မျှ မကြာမီ တမာပင်နှင့်နီးလာသော အပိုင်းမှ ခရမ်းပင်နှစ်ပင် ဖောက်ပြန်လာ၏။ ဘေးဘီမှ အပင်အားလုံး ရွှန်းစည်နေပါလျက် သည်နှစ်ပင်သာ ညှိုးနေ၏။ ညှိုးနေတော့မှ ရွှန်းစိုသော ခရမ်းသီးအရွယ်မျိုးစုံနှင့် အပွင့်တွေ အကင်းတွေ အခဲလိုက်ပေါ်ထွက်လာသည်။

“တမာပင်ကို သတ်တဲ့ ပွေးဟာ ခရမ်းခင်းထဲ ဆင်းလာပြီထင်တယ် သား။ ဒီပွေးကို မနှိမ်ရင် နောက်ထပ် တခြားအပင်တွေပါ ထိခိုက်လိမ့်မယ်”

“ဟုတ်ကဲ့ အမေ … ဟုတ်ကဲ့”

ခရမ်းပင်တွေမှာ လူခါးမျှ မြင့်နေပြီ။

သည်မျှမြင့်နေပြီမို့ ပေါင်းမြက်ရန်ကို မကြောက်ရတော့သဖြင့် ပေါင်းမရှင်း။ သည်တော့ မြေပြင်ကို ပေါင်းမြက်ဖုံးနေသည်။

မြတ်သာဒွန်းသည် ခရမ်းခင်းထဲဝင်လာကတည်းက စိတ်ပါလက်ပါ မရှိလှ။ ရုတ်ခြည်း သေသွားသော အပင်နှစ်ပင်ဘေးရှိ မြက်ပင်များကို ခြေဖြင့်ယမ်းသည်။ ပွေးစုန့် မရှိ။

“ပွေးစုန့်မရှိဘူး အမေ။ တခြားရောဂါတစ်ခုခုကြောင့် သေတာဖြစ်မှာပါ”

သူ့အဖြေကို အမေ လက်မခံ။

“တမာပင်ရင်းက စပြီး သေသေချာချာ ကြည့်ပါ သား။ ပွေးစုန့် မတွေ့ရင်လည်း သေသွားတဲ့ ခရမ်းပင်တွေ နုတ်ကြည့်စမ်း။ ဘာပြုလို့ သေသလဲဆိုတာ သိရအောင်”

မြတ်သာဒွန်း မလုပ်ဖြစ်။

တစ်ရက် နှစ်ပင်နှုန်းဖြင့် သေသော ခရမ်းပင်စုသည် မျိုးပင်ကြီးရှိသောဘက်သို့ တရွေ့ရွေ့ ချဉ်းကပ်လာ၏။

နောက်ဆုံးနေ့ သည်နေ့။

အမေသည် သားအား မပြောတော့။ တူးရွင်းငန်းပြားဆွဲကာ ခရမ်းခင်းထဲ ဝင်သည်။ သေသောအပင်တွေကို နုတ်ကြည့်သည်။

အောက်မှာ ပွေးတွင်းလိုဏ်ခေါင်း။

မြတ်သာဒွန်း မနေသာတော့။ ပြေးလာကာ အမေ့လက်ထဲမှ ငန်းပြားယူသည်။ ပွေးတွင်းကို ဖော်သည်။

“ဟာ ဒုက္ခပဲ အမေရေ့၊ ပွေးက မျိုးပင်ကြီးအောက်တောင် ရောက်နေပါရောလား”

မအေကို မော့ကြည့်ကာ မြတ်သာဒွန်း မျက်လုံးပြူး မျက်ဆန်ပြူး ရေရွတ်ရှာ၏။

“အေးပေါ့ … အမေ့စကား နားမထောင်လို့ အခုလိုဖြစ်တာ သားရဲ့။ အမေ ပြောစကသာ အမေ့စကား နားထောင်ခဲ့ရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး”

အမေ့စကားလုံး၌ အပြစ်တင်မှု မပါ။ ဒေါသသံ မနှောက်။ သို့ဖြစ်ငြား စိတ်ထိခိုက်ရသည်။ ငါ့ကြောင့် ဖြစ်ရသည်ဟု ကိုယ့်ကိုယ်ကိုယ် အပြစ်ဖို့ကာ ထမင်းကြမ်းပင် မစားတော့ဘဲ ကောင်းကင်ကျ ပွေးထောင်ချောက် အမြန်လုပ်ပြီး ထောင်မိလေတော့သည်။

(၄)

“ထမင်းကြမ်း စားဦးလေ သားရဲ့”

အမေသည် မျိုးခရမ်းပင်ကြီးအကြောင်း ထပ်မပြောတော့ပါ။ စကားပြောင်းလိုက်သည်။

သူ့သား ဘာမျှ မစားရသေးကြောင်း သတိတရ ထုတ်ဖော်သည်။

“ဒီပွေး မိမှပဲ စားတော့မယ် အမေ”

မြတ်သာဒွန်းသည် ငှက်ပျောလက်ကြားတွင် ညှပ်ထားသော သနပ်ဖက်ဆေးလိပ်တိုကို မီးညှိသည်။ လေးငါးဖွာ ဖွာပြီးနောက် ပွေးထောင်ချောက်ဆီ မျှော်ကြည့်သည်။ အမြင် မသဲကွဲ။

ခြေဖော့နင်းလျက် ငှက်ပျောပင်ရိပ်မှ ထွက်ခဲ့၏။

မြေကြီးထဲမှာနေ၍ အမြင်အာရုံ ခေါင်းပါးသလောက် အကြားအာရုံ ထက်မြက်လွန်းသော ပွေးကို ပေါ့ပေါ့လုပ်၍မရ။ အမြင်သဲကွဲသလောက်ရှိသည့်နေရာအရောက်တွင် ရပ်တန့်လိုက်ရ၏။

ခလုတ်တံ မရှိတော့။ တင်ထားသော မျှော့ကြိုးသားရေပင်ကို မမြင်ရတော့ပါ။

“ဟုတ်ပြီ … ပြုတ်သွားပြီ”

သေချာတော့မှ မြတ်သာဒွန်း ပြေးသည်။ အမှန်ပင် မောင်းတင်ထားသော မြားသည် မြေကြီးထဲစိုက်ဝင်နေ၏။ တွင်းဝတွင် ပွေးစုန့်။

ပွေးစုန့်ကို ငန်းပြားဖြင့် ယက်ထုတ်လိုက်သည်။ လိုက်ခေါင်း အမိုးကို ဖြိုချပြီး မြေစာကို ကော်ထုတ်လိုက်၏။

နောက်တစ်ကော်တွင်ကား ကုပ်တွင် မြားစူးနေသော ပွေး။ ပူပူနွေးနွေးရှိသေးသည်။ သွေးပင် မတိတ်သေး။

“တမာပင် သေစကသာ အမေ့စကားကို ဂရုစိုက်ပြီး သေသေချာချာလုပ်ခဲ့ရင် ခရမ်းပင် ဆယ်ပင် မပျက်စီးဘူးပေါ့ သားရယ်”

မြတ်သာဒွန်း နောက်နားမှရပ်ပြီး ပြောလိုက်သောအမေ့အသံတွင် သေပြီးသော ခရမ်းပင်များကို နှမြောခြင်းထက် ရှေ့နှစ်တွင် မျိုးကောင်းမျိုးမှန် မရှိသောကြောင့် မျိုးကြောင်မျိုးညံ့များ သီးလာမည်ကို တွေးပြီး စိတ်မကောင်းဖြစ်နေခြင်းက လွန်ကဲနေဟန် ရှိလေ၏။ ။

ရုပ်ရှင်မျက်မှန်မဂ္ဂဇင်း
မတ်၊ ၁၉၈ဝ

– ပြီး –

Leave a Reply

Your email address will not be published. Required fields are marked *