အောင်မြတ်သာနှင့်ဆန်စက်ထဲမှညဉ်းတွားသံ

အောင်မြတ်သာနှင့်ဆန်စက်ထဲမှညဉ်းတွားသံ


+++++++++++++++++++++++++++++++

နေကကျစ်ကျစ်တောက် ပူလောင်နေတဲ့ တပေါင်းလနေ့လည်ခင်းအချိန်။

အောင်မြတ်သာ၊ မောင်ကောင်း၊ ခွန်းလှ၊ ‌မိုးညိုတို့လေးယောက်သား မြိုအဝင်မှာရှိတဲ့ အရိပ်ရသစ်ပင်တစ်ပင်အောက်တွင် ထိုင်နေခဲ့ကြတယ်။

လေးယောက်လုံး အတွေးကိုယ်စီနဲ့ထိုင်နေတဲ့အချိန် အောင်မြတ်သာက ဆတ်ခနဲထရပ်လိုက်ပြီး

“ မောင်ကောင်း၊ ခွန်းလှ.. မင်းတို့နှစ်ယောက်က လေသာမြို့ဘက်ကို အရင်သွားထားကြ၊ ငါနောက်ကလိုက်လာခဲ့မယ်” လို့ပြောလိုက်တာကြောင့် မောင်ကောင်းနဲ့ခွန်းလှက အောင်မြတ်သာကိုပြိုင်တူလှမ်းကြည့်လိုက်ပြီး

“ ဟိုရောက်ရင် ကျွန်တော်တို့ ဘာလုပ်ထားရမလဲဆရာ”

“ လေသာမြို့ကိုရောက်ရင် အထက်အောင်မြေဘုန်းကြီးကျောင်းက ဦးစန္ဒိမာဆိုသူဆီကိုသွား၊ ငါလွှတ်လိုက်တယ်လို့ပြောလိုက်၊ သူက မင်းတို့လုပ်ရမယ့်ကိစ္စကိုပြောလိမ့်မယ်”

“ ဟုတ်ကဲ့ဆရာ၊ ဒါနဲ့ ဆရာက မိုးညိုနဲ့ နေခဲ့မှာလား”

“ အင်း… သူ့အတွက်လုပ်ပေးစရာကိစ္စကျန်နေသေးလို့၊ ပြီးတာနဲ့လိုက်လာခဲ့မယ်”

“ ဟုတ်ကဲ့ဆရာ၊ ကျွန်တော်တို့နှစ်ယောက် အခုပဲသွားလိုက်ပါမယ်”

မောင်ကောင်းနဲ့ ခွန်းလှတို့နှစ်ယောက်ထွက်သွားတော့ အောင်မြတ်သာက မိုးညိုကိုကြည့်ပြီး

“ မင်းကတော့ ဆန်စက်မှာ အလုပ်လုပ်ရလိမ့်မယ်”

“ အလုပ်လုပ်တာက ဟုတ်ပါပြီ၊ အသိအကျွမ်းမရှိပဲနဲ့ အလုပ်က ဘယ်လိုရမှာလဲ”

“ မင်းအလုပ်ရဖို့အတွက် ငါ့အသိတစ်ပါးကို အကူညီတောင်းရမှာပေါ့ကွာ၊ ငါ့နောက်ကလိုက်ခဲ့”

အောင်မြတ်သာက မိုးညိုကိုခေါ်ပြီး မြိုပတ်လမ်းအနောက်မှာရှိတဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်းဆီကိုခေါ်ဆောင်သွားခဲ့တယ်။

+++

“ ပညာဂုဏ်ရည်ကျောင်းတိုက်”

ခမ်းနားလှတဲ့ မုဒ်ဦးရဲ့အလယ်မှာ ရွှေရောင်ဖောင်းကြွစာလုံးနဲ့ရေးထိုးထားတဲ့ ကျောင်းနာမည်ကိုဖတ်ပြီး မိုးညိုခြေလှမ်းတွေ တွန့်ဆုတ်သွားခဲ့တယ်။

“ မိုးညို လာလေကွာ၊ ဘာရပ်လုပ်နေတာလဲ”

အောင်မြတ်သာရဲ့လေသံကြောင့် မိုးညို ခပ်ရို့ရို့လေးအနားကပ်သွားပြီး

“ ဘုန်းကြီးကျောင်းက အတော်ကိုခမ်းနားတာပဲဗျာ၊ ကျောင်းဝင်းထဲက ထွက်လာတဲ့သူတွေကလဲ ဝတ်ကောင်းစားလှတွေ ဝတ်ဆင်ထားတော့ ကျွန်တော်သိမ်ငယ်သလိုဖြစ်သွားတာ”

“ဟက်ဟက်… မင်းက ဘာကိုသိမ်ငယ်တာလဲ”

“ မသိဘူးဆရာ… ကျောင်းထဲဝင်ရမှာ တစ်မျိုးကြီးပဲ”

“ လာစမ်းပါကွာ… လူမိုက်လုပ်ခဲ့တဲ့ကောင်က ဘုန်းကြီးကျောင်းရောက်မှ ကြောက်နေပါလား”

အောင်မြတ်သာက မိုးညိုရဲ့လက်ကို ဆွဲပြီး ‌ဇော်ဂျီနှစ်ကောင် တောင်ဝှေးထမ်းထားတဲ့ ရုပ်ထုရှိရာ လှေကားပေါ်ကို တက်သွားခဲ့တယ်။ ကျောင်းပေါ်ရောက်တော့ ပါဝါမျက်မှန်ခပ်ထူထူတပ်ထားတဲ့ ဘုန်းကြီးတစ်ပါးက လက်လေးသစ်ခန့်ရှိတဲ့ စာအုပ်တစ်အုပ်ကိုဖတ်နေရင်းကနေ မျက်လုံးကိုလှန်ကာမော့ကြည့်လိုက်ပြီး

“ ဒီတစ်ခါတော့ မဖိတ်ပဲရောက်လာပါလား” လို့ပြောလိုက်တာကိုကြားလိုက်ရတယ်။

အောင်မြတ်သာက ဘုန်းတော်ကြီးရဲ့စကားကြောင့် နှုတ်ခမ်းပါးလေးတွန့်အောင်ပြုံးလိုက်ပြီး

“ ဒီတစ်ခါတော့ အရှင်ဘုရားဆီက အကူအညီတောင်းဖို့ရောက်လာတာပါ”လို့ပြောလိုက်ရာ ဘုန်းတော်ကြီးက ဖတ်လက်စ စာအုပ်ကိုပိတ်လိုက်ပြီး

“ ပြောစမ်းပါဦး… ဘာကိစ္စများလဲဒကာကြီး”

“ ကိစ္စကတော့ ဟောဒီကောင်လေးကို လပြည့်ဝန်းဆန်စက်မှာ အလုပ်တစ်နေရာ ရစေချင်လို့ပါဘုရား”

“ လပြည့်ဝန်းဆန်စက်ဆိုတာ ဒေါ်မေသီရဲ့ဆန်စက်ကိုပြောတာလားကွယ့်”

“ တင်ပါဘုရား”

“ အခြားအလုပ်တွေအများကြီးရှိလျက်နဲ့ ဘာကြောင့် လပြည့်ဝန်းဆန်စက်မှာမှ အလုပ်ရစေချင်တာတုန်း”

“ မပြီးဆုံး‌နိုင်တဲ့ ကံကြမ္မာအကြောင်းကြောင်း ကြောင့်ပါဘုရား”

“ အိမ်း… ဒကာကြီးရဲ့စကားမှာ အဓိပ္ပါယ်တွေအများကြီးပါနေပါလား၊ ဘုန်းကြီးနိုင်သလောက်တော့ ကူညီပေးပါမယ်၊ ဒါနဲ့ ဒကာကြီးစီမံပေးခဲ့တဲ့ ဇော်ဂျီနှစ်ပါးက အတော်ကို အားကိုးရတယ်ကွယ့်”

ဘုန်းတော်ကြီးက ကျောင်းလှေကားရင်းမှာ ထုလုပ်ထားတဲ့ဇော်ဂျီရုပ်ထုကိုလှမ်းကြည့်ပြီးပြောလိုက်တာကြောင့် အောင်မြတ်သာက မျက်လွှာကိုပင့်တင်လိုက်ပြီး

“ အားကိုးရတယ်ဆို ကျေနပ်ပါပြီဘုရား၊ ဒါနဲ့ ကျောင်းအနောက်က မောင်အိုးဝေကရော ငြိမ်သွားပြီလား”

“ ပြီးခဲ့တဲ့လက အိမ်မက်ပေးပုံအရတော့ အစွယ်တွေ မရှိတော့တာမြင်ရတယ်၊ နေ့စဉ်နေ့တိုင်း တရားဓမ္မရွတ်ဖတ်သံတွေကြားရတော့ သူလဲ ယဉ်ပါးသွားပြီထင်ပါတယ်”

“ ဒီလိုကြားရတာ ဝမ်းသာမိပါတယ်ဘုရား”

ဘုန်းတော်ကြီးနဲ့ အောင်မြတ်သာတို့ အပြန်အလှန်ပြောနေတာကို ဘာမှနားမလည်တဲ့ဟန်နဲ့ နားထောင်နေတဲ့ မိုးညိုက ကျောင်းအနောက်ဘက်ကိုလှမ်းကြည့်လိုက်၊ လှေကားအတက်ဆင်းက ရုပ်ထုကိုလှမ်းကြည့်လိုက်နဲ့ အလုပ်ရှုပ်နေခဲ့တယ်။

“ ဒကာကြီးတို့ ဒီရက်ပိုင်း ကျောင်းမှာပဲ နေလိုက်ဦး၊ လာမယ့် စနေနေ့ ဒေါ်မေသီလာမှ ဘုန်းကြီးပြောလိုက်မယ်”

“ ကျေးဇူးတင်ပါတယ်ဘုရား”

“ ရပါတယ်ကွယ်၊ ကဲကဲ အခုတော့ သီလဆောင်မှာ နားလိုက်ကြဦး”

အောင်မြတ်သာတို့လဲ ဘုန်းတော်ကြီးကို ဦးချကန်တော့လိုက်ပြီး တည်းခိုရမယ့် သီလဆောင်ဘက်ကိုထွက်လာခဲ့လိုက်တယ်။

++++

စနေနေ့ရောက်တော့ သီလဆောင်ရှေ့မှာ တံမျက်စည်းလှည်းနေတဲ့ မိုးညိုတို့ရှိရာကို ကပ္ပိယကြီးရောက်လာပြီး

“ ဧည့်သည်တွေကို ဆရာတော်ခေါ်ခိုင်းလိုက်တယ်၊ ကျောင်းပေါ်တက်သွားလိုက်ဦး” လို့ပြောတာကြောင့် အောင်မြတ်သာရော မိုးညိုပါ တံမျက်စည်းတွေကိုချပြီး ကျောင်းပေါ်ကို တက်လာခဲ့လိုက်တယ်။

ကျောင်းပေါ်ရောက်တော့ ဆံပင်ကို တစ်ပတ်လျှိုထုံးထားပြီး မြန်မာဆန်ဆန်ဝတ်ဆင်ထားတဲ့အသက်လေးဆယ်အရွယ်မိန်းမတစ်ယောက်ထိုငိနေတာကိုမြင်လိုက်ရတယ်။

“ ဟော … ရောက်လာကြပြီလား”

“ တင်ပါဘုရား”

“ ဒကာမကြီး… ဒါက ဘုန်းကြီးပြောတဲ့ လူငယ်ပဲလေ”

ဘုန်းတော်ကြီးစကားကြောင့် ကျောပေးထိုင်နေတဲ့ အမျိုးသမီးက အနောက်ကိုလှည့်ကြည့်လိုက်ကာ

“ မင်းက အလုပ်ကြမ်းတွေ လုပ်နိုင်ရဲ့လား” လို့မေးလိုက်တာကြောင့် မိုးညိုက ခေါင်းကို ငြိမ့်ပြလိုက်ပြီး

“ လုပ် လုပ်နိုင်ပါတယ်”

“ ဆန်စက်မှာက အလုပ်သမားတွေ မလိုသေးပေမယ့် ဆရာတော်အကူညီတောင်းလို့ လက်ခံပေးလိုက်မယ်၊ အလုပ်ကြိုးစားရင် မင်းအတွက် အခွင့်အလမ်းတွေရလာမှာပါ”

“ ဟုတ် ဟုတ်ကဲ့၊ ကျွန်တော် အလုပ်ကြိုးစားမှာပါ”

မိုးညိုက သူ့အရှေ့မှာထိုင်နေတဲ့ အမျိုးသမီးကို စိုက်ကြည့်ပြီးပြောလိုက်တဲ့အချိန်

“ မင်းကို တစ်နေရာရာမှာများ မြင်ဖူးသလားလို့”

“ အန်တီ လူမှားနေတာဖြစ်မှာပါ၊ ကျွန်တော်က ဒီကိုရောက်တာမကြာသေးပါဘူး”

“ အင်းပါ.. ငါလူမှားတာဖြစ်မယ်၊ မင်းအနေနဲ့ ဆန်စက်မှာပဲနေမှာလား၊ ဒီကနေအလုပ်ဆင်းမှာလား”

“ ဖြစ်နိုင်ရင်တော့ ဆန်စက်မှာပဲနေပြီး အလုပ်ဆင်းချင်ပါတယ်”

“ ဒါဆိုရင် မနက်ဖြန်မနက်၇နာရီ ဆန်စက်ကိုလာခဲ့လေ၊ ဟိုမှာလဲ မင်းနဲ့ရွယ်တူတွေရှိတဲ့အတွက် အဖော်ရမှာပါ၊ လစာကတော့ အခြားသူတွေကိုပေးတဲ့အတိုင်းရမှာပါ”

“ ဟုတ်ကဲ့.. လစာထက် အလုပ်ရတာကိုပဲ ကျေးဇူးတင်နေပါပြီ”

မိုးညိုက သူ့ဘေးမှာထိုင်နေတဲ့ အမျိုးသမီးကို ပြုံးပြကာပြောလိုက်ပြီး အောင်မြတ်သာကိုလှမ်းကြည့်လိုက်တယ်။

ညဘက်ရောက်တော့ တည်းခိုဆောင်ရှေ့မှာ ဆေးလိပ်‌ထိုင်သောက်နေတဲ့ မိုးညိုရှေ့ကို အောင်မြတ်သာရောက်လာပြီး

“ ကောင်လေး.. မနက်ဖြန်ကစပြီး မင်းအလုပ်စဆင်းရတော့မှာနော်”

“ သိပါတယ်ဆရာရယ်.. ကျွန်တော်လဲ အလုပ်ကြိုးစားမှာပါ”

“ မင်းအနေနဲ့အလုပ်လုပ်တဲ့အခါ အရင်ကလိုစိတ်မျိုးထားလို့မရဘူးနော်၊ မင်းကိုအလုပ်လုပ်ခိုင်းတဲ့ရယ်ရွယ်ချက်က မင်းကိုမွေးပေးခဲ့တဲ့သူကို ကျေးဇူးပြန်ဆပ်ဖို့ပဲ”

“ ကျွန်တော်အလုပ်ဝင်တဲ့အချိန် ဆရာက ဒီမှာပဲရှိနေမှာလား”

“ ငါက အခြားကိစ္စတစ်ခုအတွက် ခရီးထွက်စရာရှိနေသေးတယ်၊ မင်းမှာအခက်အခဲတစ်ခုခုရှိတယ်ဆိုရင် ညမအိပ်ခင် ငါ့ကိုစိတ်ထဲကနေ တလိုက်”

“ ဟုတ်ကဲ့ပါဆရာ… ကျွန်တော် ကိုယ့်ကိုယ်ကို အကောင်းဆုံးပြုပြင်ပြီး နေထိုင်ပါ့မယ်”

မိုးညိုစကားကိုအောင်မြတ်သာက ခေါင်းညိမ့်ပြကာနားထောင်လိုက်ပြီး ဘုန်းကြီးကျောင်းအနောက်ဘက်မှာရှိတဲ့ ကိုးတောင်ပြည့်စေတီရှိရာဘက်ကို ထွက်သွားခဲ့လိုက်တယ်။

++++++

လပြည့်ဝန်းဆန်စက်ပွဲရုံထဲမှာ အလုပ်သမားအချို့ ဥဒဟိုသွားလာလှုပ်ရှားနေကြပြီး ပွဲရုံအနောက်ဘက်တလင်းမှာတော့ စပါးလှန်းသူကလှမ်း၊ အိမ်သွပ်တဲ့သူကသွပ်နဲ့ အလုပ်ရှုပ်နေခဲ့တယ်။

မိုးညိုလဲ အဝတ်ဟောင်းအချို့ထည့်ထားတဲ့ လက်ဆွဲအိတ်တစ်လုံးကို ပခုံးမှာလွယ်ပြီး ပွဲရုံအလယ်မှာရှိတဲ့ ကောင်တာဘက်ကို ထွက်လာခဲ့လိုက်တယ်။

ကောင်တာနားရောက်တော့ စပါးဖိုးပိုက်ဆံတွေကို ရေတွက်နေတဲ့ မေသီက မျက်လုံးကိုပင့်ကြည့်လိုက်ပြီး

“ မင်းရောက်လာပြီလား…”

“ ဟုတ်ကဲ့‌ဗျ…”

“ လောလောဆယ် မင်းနေရမယ့်နေရာကို အရင်လိုက်ပြခိုင်းလိုက်မယ်၊ ပြီးရင်တော့ ဘာလုပ်ရမယ်ဆိုတာ သူတို့ပြောလိမ့်မယ်၊ ဦးသန်းအောင်ရေ .. သူ့ကို နေရမယ့်အခန်းလိုက်ပြပေးလိုက်ပါဦး”

ဒေါ်မေသီစကားကြောင့် ပွဲရုံထဲမှာ တာလီစစ်နေတဲ့ ဦးသန်းအောင်ရောက်လာပြီး

“ လာလာ ကောင်လေး… မင်းအထုပ်ကို တန်းလျားထဲအရင်ထည့်လိုက်ဦး”

အသက် ခြောက်ဆယ်အရွယ်လူကြီးက မိုးညိုကို ဖော်ရွှေစွာပြောလိုက်ပြီး ပွဲရုံအနောက်ဘက်မှာရှိတဲ့ တန်းလျားတစ်ခုဆီကိုခေါ်သွားခဲ့တယ်။ တန်းလျားထဲရောက်တော့ လွတ်နေတဲ့နေရာတစ်ခုကို လက်ညိုးထိုးပြလိုက်ပြီး

“ ဒီမှာတော့ နေရာလွတ်တယ်၊ မင်းအနေနဲ့ အခြားနေရာမှာနေချင်တယ်ဆိုလဲ လွတ်တဲ့နေရာမှာ ‌နေလို့ရတယ်” လို့ပြောလိုက်တာကြောင့် မိုးညိုလဲ လက်ထဲကိုင်ထားတဲ့အိတ်ကို နေရာလွတ်တစ်ခုမှာ ချလိုက်တဲ့အချိန်

“ ဦးသန်းအောင်… ပွဲရုံထဲမှာ ‌သူဌေးမသောင်းကျန်းနေတယ်” ဆိုတဲ့အသံကြောင့် တန်းလျားအပြင်ဘက်ကို ကြည့်လိုက်ရာ စပါးကားမောင်းတဲ့ ကျော်ဘဖြစ်နေတာမြင်လိုက်ရတယ်။

“ ‌ဘာကိစ္စဖြစ်လို့လဲကွ”

“ စပါးအိတ်တွေပျောက်နေတဲ့ကိစ္စ လက်သည်ပေါ်ပြီဆိုပဲ”

“ ဟေ… ဘယ်သူလုပ်တာလဲ”

“ လှဌေးတို့မောင်နှမလက်ချက်တဲ့ဗျာ၊ သူဌေးမက သူတို့မောင်နှမကို သနားပြီးအလုပ်ပေးထားတာကို အခုလိုလုပ်ရတယ်လို့”

ဦးသန်းအောင်နဲ့ ကျော်ဘတို့ စကားပြောနေတာကို နားထောင်နေတဲ့မိုးညိုက အိပ်ယာပြင်နေရာကနေ မသိမသာနားထောင်နေခဲ့တယ်။

“ ဟေ့ကောင်လေး… မင်းကိစ္စပြီးရင် လိုက်လာခဲ့ဦး”

“ ပြီးပါပြီဗျ… အခုလိုက်ခဲ့ပါ့မယ်”

မိုးညိုက သွက်လက်စွာနဲ့ ထရပ်လိုက်ပြီး ဦးသန်းအောင်တို့နောက်ကို လိုက်လာခဲ့လိုက်တယ်။

ပွဲရုံထဲရောက်တော့ ကောင်တာရှေ့မှာ လက်နောက်ပစ်ပြီးရပ်နေတဲ့ လူနှစ်ယောက်ကို တွေ့လိုက်ရပြီး သူတို့ရှေ့မှာတော့ မျက်နှာထားတင်းမာနေတဲ့ ဒေါ်မေသီကိုမြင်လိုက်ရတယ်။

“ နင်တို့က ခွေးလောက်တောင် ကျေးဇူးမသိတတ်တဲ့ဟာတွေ၊ ငါက မိဘနှစ်ပါးလုံးဆုံးသွားလို့ သနားလိုက်ရတာ၊ ဒါကို နင်တို့ကို အခုလို ကျေးဇူးဆပ်လိုက်တာပေါ့လေ”

မေသီရဲ့အသံက ဟိန်းခနဲထွက်လာခဲ့သလို ပွဲရုံထဲမှာရှိနေတဲ့သူတွေဆီကနေလဲ ကြွက်စိကြွက်စိအသံတွေ ထွက်ပေါ်လာခဲ့တယ်။

“ မမလေး ဘယ်လိုဖြစ်တာလဲ”

“ ဘာဖြစ်ရမလဲ … စပါးအိတ်တွေပျောက်‌လို့ စုံစမ်းကြည့်တော့ ဒီနှစ်ယောက်လက်ချက်ဖြစ်နေတာလေ”

“ မမလေး အခုဘယ်လိုလုပ်ချင်လဲ၊ သူတို့ကို ခိုးမှုနဲ့တရားစွဲမလား”

ဦးသန်းအောင်စကားကြောင့် လှဌေးတို့မောင်နှမနှစ်ယောက် ဆတ်ခနဲတုန်တက်သွားပြီး

“ တရားတော့မစွဲပါနဲ့ဗျာ၊ ကျွန်တော်တို့ ယူထားမိတာအတွက် သေချာပေါက်ပြန်ဆပ်ပါမယ်”

“ ဦးသန်းအောင် … သူတို့နှစ်ယောက်ကို မောင်းထုတ်လိုက်တော့၊ နှစ်ယောက်လုံးရဲ့မျက်နှာတွေကိုမမြင်ချင်တော့ဘူး”

မေသီက မျက်နှာလွှဲကာပြောလိုက်ပြီး ဆန်အိတ်တွေထားတဲ့ ဂိုထောင်ဘက်ကို ထွက်သွားခဲ့လိုက်တယ်။

“ ဟေ့ကောင်လေး… နတ်က.ရာ ကျီးမောမနေနဲ့ ဒီမှာဆန်အိတ်တွေလာကူသယ်ဦး”

ဆန်အိတ်တွေစီနေတဲ့ လူတစ်ယောက်ရဲ့အသံကြောင့် မိုးညိုကမန်းကတမ်းပြေးသွားပြီး ဆန်တစ်အိတ်ကို စွေ့ကနဲမကာ ထမ်းတင်ပေးလိုက်တယ်။

မိုးညိုအနေနဲ့ ငယ်စဉ်ထဲက အလုပ်ကြမ်းလုပ်လာတဲ့သူမို့ ပွဲရုံကအလုပ်တွေကို အခက်အခဲမရှိလုပ်လာခဲ့ရာ ရက်အနည်းငယ်အကြာမှာတော့ အလုပ်ထဲမှာ အသားကျလာခဲ့တယ်။

တစ်ရက်မှာတော့ မိုးညိုတို့အလုပ်သမားတွေ ဂိုထောင်ထဲမှာရှိတဲ့ ဆန်အိတ်တွေကို ကားပေါ်တင်နေတဲ့အချိန် ရေးကြီးသုတ်ပြာပြေးဝင်လာတဲ့ ဦးသန်းအောင်ကိုမြင်လိုက်ရတယ်။

ဦးသန်းအောင်က မိုးညိုရဲ့မလှမ်းမကမ်းမှာရပ်နေတဲ့ ဒေါ်မေသီဆီကိုသွားပြီး

“ ပြဿနာတော့တက်ပြီ မေသီရေ”

“ ဘာပြဿနာလဲ ဦးသန်းအောင်”

“ မနေ့ကပို့လိုက်တဲ့ဆန်တွေက အောက်နံ့ထွက်နေလို့ဆိုပြီး အကုန်ပြန်ပို့လာတယ်”

“ ရှင်… မဖြစ်နိုင်တာ၊ ဆန်တွေက အသစ်တွေပဲရွေးပြီးပို့ထားတာလေး၊ ဘယ်လိုလုပ် အောင့်နံ့ထွက်ရတာလဲ”

မေသီက မယုံကြည်နိုင်တဲ့လေသံနဲ့ပြောပြီး ဂိုထောင်ရှေ့မှာရပ်နေတဲ့ ဆန်ကားရှေ့ကိုသွားကာ ဆန်အိတ်ထဲကို ဆန်ထိုးပိုက်နဲ့ထိုးချလိုက်ရာ အထဲကနေ အညိုရောင်သမ်းနေတဲ့ ဆန်တွေ ထွက်ကျလာခဲ့တယ်။

“ ဟင်… ဆန်တွေက ဘယ်လိုဖြစ်ပြီး အညိုရောင်ဖြစ်နေတာလဲ”

“ ‌ဟုတ်တယ် မေသီ၊ ဒီလိုမျိုးတစ်ခါမှမဖြစ်ဘူးတော့ ဦးလေးလဲအံ့ဩနေတာ”

“ အခြားအိတ်တွေရော လိုက်စစ်ကြည့်ပါဦး”

မေသီစကားကြောင့် ဦးသန်းအောင်က ဆန်ကားပေါ်မှာရှိတဲ့ အိတ်တွေကို ဖောက်စစ်ကြည့်ရာ အိတ်တွေအားလုံး ထူးမခြားနား ဖြစ်နေတာကိုမြင်လိုက်ရတယ်။

“ ဟင်း… တစ်သက်နဲ့တစ်ကိုယ် ဒီလိုအဖြစ်မျိုး ပထမဆုံးကြုံဖူးတာပဲ၊ ကဲ .. ဆန်အိတ်တွေပြန်ချပြီး အသစ်တွေလဲပေးလိုက်တော့”

“ ဒီဆန်တွေကို ဘယ်လိုလုပ်ကြမလဲ”

“ ဂိုထောင်လွတ်တစ်ခုထဲမှာပဲပုံထားရမှာပေါ့”

မေသီက စိတ်ပျက်လက်ပျက်နဲ့ပြောပြီး ထွက်သွားတော့ မိုးညိုက ဦးသန်းအောင် အနားကိုကပ်ကာ

“ ဆန်တွေကို မနေ့က ကျွန်တော်တို့ကိုယ်တိုင်တင်ပေးလိုက်တာပါ”

“ ဟုတ်တယ် ဦးလေး.. ဆန်တွေက ရေထိသွားတာများလား”

“ မဟုတ်ဘူး မောင်သိန်း… ဆန်တွေက ရေထိရအောင် မိုးရွာနေတာမှမဟုတ်တာကွာ၊ စကားများမနေကြနဲ့ ဦးငွေပေါ်ပွဲရုံကို ပို့ဖို့ ဆန်အိတ်တွေတင်ကြတော့”

မိုးညိုတို့လဲ အောင့်နံ့ထွက်နေတဲ့ ဆန်အိတ်တွေနဲ့ ဆန်အိတ်အသစ်တွေကိုလှယ်ပြီး ကားပေါ်တင်ပေးလိုက်ကြတယ်။

ညဘက်ရောက်တော့ မိုးညိုတစ်ယောက် တန်းလျားရှေ့မှာထိုင်ပြီးနေ့လည်က အဖြစ်ကိုတွေးနေတဲ့အချိန် ဟာလာစက်အနောက်ဘက် အမှောင်ထုထဲကနေ ရိပ်ခနဲဖြတ်သွားတဲ့ လူရိပ်တစ်ခုကိုမြင်လိုက်ရတယ်။

“ဘယ်သူလဲဟေ့”

မိုးညိုက တန်းလျားရှေ့မှာထောင်ထားတဲ့ တုတ်တစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး လူရိပ်နောက်ကို လိုက်ဖို့အလုပ်

“ မိုးညို.. ဘာဖြစ်တာလဲ” ဆိုတဲ့အသံနဲ့အတူ ဦးသန်းအောင်နဲ့ မောင်သိန်းတို့ ထွက်လာခဲ့ကြတယ်။

“ ဟာလာစက်နောက်မှာ လူရိပ်တွေ့လို့ဗျ”

“ ဟေ.. ဒါဆို သူခိုးကပ်တာထင်တယ်၊ သွားကြည့်ရအောင်”

ဦးသန်းအောင်က ခါးကြားထိုးထားတဲ့ ဓါတ်မီးကိုထုတ်ယူကာ ဟာလာစက်ဘက်ကို ထိုးလိုက်ရာ မဲနက်နေတဲ့ဆံပင်ကိုမျက်နှာဖုံးတဲ့ထိ ချထားတဲ့ လူတစ်ယောက်ရဲ့ နောက်ကျောကိုမြင်လိုက်ရတယ်။

“ သူခိုးဟေ့… သူခိုး”

မောင်သိန်းအော်သံကြောင့် မိုးညို တုတ်ကိုဆွဲကာ လှစ်ခနဲပြေးထွက်သွားခဲ့လိုက်တယ်။

“ ဟေ့ကောင် ထွက်လာစမ်း၊ သူများပစ္စည်းအချောင်လိုချင်တဲ့ကောင် ဘယ်နားပုန်းနေတာလဲကွ”

မိုးညိုက ဟာလာစက်က သွပ်ပြားကို တုတ်နဲ့ရိုက်ပြီး အော်ဟစ်နေတာကြောင့် ပွဲရုံမှာရှိတဲ့အခြားအလုပ်သမားတွေနဲ့အတူ ‌ဒေါ်မေသီတို့ပါရောက်လာခဲ့ကြတယ်။

“ မိုးညို… ဘာဖြစ်လို့လဲ”

“ သူခိုးကပ်လို့ဗျ… ခုနက ဦးသန်းအောင် ဓါတ်မီးနဲ့ထိုးတော့ ဒီနောက်ကနေ ခေါင်းပြူထွက်လာတာမြင်လိုက်တယ်”

“ ဟုတ်တယ်… မေသီ၊ ဦးလေးလဲမြင်လိုက်တယ်”

“ အခုသူခိုးကိုမိပြီလား”

“ ဖမ်းမမိလိုက်ဘူး… ဒီနားမှာတင်ပျောက်သွားလို့ ထူးဆန်းနေတာ”

“ မဟုတ်သေးပါဘူး… ဒီရက်ပိုင်းပွဲရုံမှာ ဘာတွေဖြစ်နေပါလိမ့်”

“ ဟိုမောင်နှမကြောင့်များလား”

“ လှဌေးတို့မောင်နှမကိုပြောတာလား”

“ ဟုတ်တယ်… သူတို့ကိုအလုပ်ထုတ်ပြီးမှ ဒီကိစ္စတွေဖြစ်လာတာမဟုတ်လား”

ဦးသန်းအောင်စကားကြောင့် မေသီက တစ်ချက်စဉ်းစားလိုက်ပြီး

“ ဦးလေးပြောတာလဲဖြစ်နိုင်တာပဲနော်” လို့ပြောလိုက်တဲ့ချိန် အလုပ်သမား‌တွေကြားထဲ ရပ်နေတဲ့ ဖိုးအော်က ရှေ့ထွက်လာပြီး

“ ကျွန်တော်ကတော့ လှဌေးတို့ကြောင့်မဟုတ်ဘူးထင်တာပဲ”

“ ဘာလို့လဲ ဖိုးအော်ရ”

“ လှဌေးတို့မောင်နှမကို အလုပ်မထုတ်ခင် ရက်ပိုင်းလောက်အလိုကလဲ ‌ဆံပင်စုတ်ဖွားနဲ့လူတစ်ယောက် ဟာလာစက်နောက်ကနေ ဝင်လိုက်ထွက်လိုက် လုပ်နေတာမြင်ခဲ့ရတယ်၊ အခြားသူတွေကိုပြောရင် မယုံမှာစိုးလို့ အခုမှပြောပြတာ”

ဖိုးအော်စကားကြောင့် အားလုံး ထိတ်လန့်သွားပြီး ဟိုဟိုဒီဒီလိုက်ကြည့်ကြကုန်တယ်။ အဲဒီအချိန်

“ သရဲဆိုတော့လဲ ဘာဖြစ်လဲဗျာ၊ လူကြမ်းရင် ဘယ်သရဲမှမခံနိုင်ပါဘူး၊ ကျုပ်နဲ့တွေ့ရင် သရဲလဲရိုက်ခံထိမှာပဲ” ဆိုတဲ့အသံက မိုးညိုဆီကနေ ထွက်လာခဲ့တယ်။

ဒီအချိန်မှာပဲ ဟာလာစက်ထဲကနေ “ ဟင်းဟင်းဟင်းဟင်း” ဆိုတဲ့ ငှက်ဖျားတက်သလို ညဉ်းသံကြီးကထင်ထင်ရှားရှားထွက်လာပါလေ

ရော။

“ ညဉ်း ညဉ်းသံကြီးပါလား… ဟာလာစက်ထဲကနေ ထွက်လာတဲ့အသံပဲ မေသီရ”

“ ဦးသန်းအောင်… ဟာလာစက်ကိုဖွင့်ကြည့်လိုက်”

မေသီစကားကြောင့် ဦးသန်းအောင်လဲ ဟာလာစက်ကိုသော့ဖွင့်လိုက်ချိန် တဟင်းဟင်းနဲ့ညဉ်းနေတဲ့အသံက ချက်ချင်းတိတ်သွားခဲ့တယ်။

“ ကျွန်တော်အထဲဝင်ကြည့်မယ်”

“ ဖြစ်ပါ့မလား မိုးညိုရ”

“ ဖြစ်ပါတယ်ဗျာ၊ ကျုပ်မကြောက်တတ်ပါဘူး”

မိုးညိုက ဦးသန်းအောင်ရဲ့ ဓါတ်မီးကိုတစ်ဖက်၊ တုတ်ကိုတစ်ဖက်ကိုင်ပြီး ဟာလာစက်ထဲကို ဝငိလာခဲ့လိုက်တယ်။ သူ့အနောက်မှာတော့ သတ္တိကောင်းတဲ့အလုပ်သမားအချို့ကပ်ပါလာခဲ့တယ်။

အထဲရောက်တော့ မိုးညိုက ဓါတ်မီးနဲ့ဟိုထိုးဒီထိုးလုပ်နေတဲ့အချိန် မနက်မှကြိတ်ဖို့လုပ်ထားတဲ့ စပါးအိတ်တွေက ဘယ်သူမှမရှိပဲဝုန်းခနဲပြိုကျလာတာမြင်လိုက်

ရတယ်။

“ မိုးညို သတိထား”

ဦးသန်းအောင်ရဲ့စကားကြောင့် မိုးညိုအနောက်ကို ဆုတ်ပြီးကြည့်လိုက်ရာ ဆန်စက်အပေါ်က ထုပ်တန်းပေါ်ကနေ ဖြတ်ပြေးသွားတဲ့အရိပ်တစ်ခု။

“ အရင်က ဒီလိုမျိုးမဖြစ်ဖူးပါဘူး၊ အခုမှဘယ်လိုဖြစ်ရတာလဲ”

“ ကျွန်မလဲ မပြောတတ်တော့ဘူး ဦးလေးရယ်၊ ဒီရက်ပိုင်းထဲမှာ တစ်ခုပြီးတစ်ခုဖြစ်နေတာ”

“ မနက်ကျရင် ဆန်စက်တစ်ခုလုံး ပရိတ်ရေတွေနဲ့ ဖြန်းမှရတော့မယ်၊ ဒါမှမရရင်တော့ လုပ်သင့်လုပ်ထိုက်တာလုပ်ရတော့မှာပဲ”

ခဏနေတော့ အလုပ်သမားတွေအားလုံး လူစုခွဲလိုက်ကြတာကြောင့် မိုးညိုလဲ မိမိနေထိုင်ရာ တန်းလျားဘက်ကို ပြန်လာခဲ့လိုက်တယ်။

ညကားတစ်ဖြေးဖြေးနက်လာသလို တန်းလျားထဲကနေလဲ အလုပ်သမားအချို့ရဲ့ ဟောက်သံသဲ့သဲ့က ထွက်ပေါ်လာခဲ့တယ်။

“ ဟေ့ကောင်လေး ထစမ်း ထစမ်း”

ခေါင်းရင်းကနေ ခေါ်နှိုးတဲ့အသံကြောင့် မိုးညိုထကြည့်လိုက်ရာ သူ့ဘေးမှာထိုင်နေတဲ့ အောင်မြတ်သာကိုမြင်လိုက်ရတယ်။

“ ဆရာ… ဘယ်တုန်းကရောက်နေတာလဲ”

“ မင်းတို့ဆီမှာ ညကပြဿနာဖြစ်တယ်မဟုတ်လား”

“ ဟုတ်တယ်ဆရာ… ဆန်စက်ထဲကနေ ငိုသံလိုလို ညဉ်းသံလိုလိုတွေလဲကြားတယ်၊ နောက်ပြီး သရဲလိုလို တစ္ဆေလိုလိုမျိုးလဲတွေ့ရတယ်”

“ အေး… အဲဒါက မင်းတို့ပွဲရုံကို မနာလိုတဲ့သူတစ်ဦးဦးက လုပ်ထားတာပဲ”

“ ဒါဆို ကျွန်တော်ဘယ်လိုလုပ်ရမလဲဆရာ”

“ မနက်မိုးလင်းရင် ဆန်စက်ရဲ့ ခေါင်းတိုင်အောက်ကိုသွားပြီး ရှာကြည့်၊ ထူးခြားတာတစ်ခုခုတွေ့လိမ့်မယ်”

“ ဟုတ်ကဲ့ဆရာ… နောက်တစ်ခုကလေ အမေက ကျွန်တော်ကို သူ့သားမှန်း ဘယ်တော့လောက်မှ သိမှာလဲဟင်”

“ အချိန်တစ်ခုတော့ စောင့်ရဦးမယ် ကောင်လေး၊ ဘာကြောင့်လဲဆိုတော့ မင်းက သူ့သားဆိုတာသိတာနဲ့ သူ့ရဲ့အတိတ်က ပြန်ပြီးအသက်ဝင်လာလိမ့်မယ်၊ ဒါက သူ့အတွက်ရော မင်းအတွက်ရော ကောင်းလာမှာမဟုတ်ဘူး”

“ ဟုတ်ကဲ့ပါဆရာ… ဒီတိုင်းလေးနေရတာလဲကောင်းပါတယ်ဗျာ”

“ မင်းကို ဒီမှာပို့ထားတယ်ဆိုတာကလဲ အကြောင်းရှိတယ်၊ အခုတော့ ဘာမှတွေးမနေနဲ့ဦး၊ ကိုယ်လုပ်စရာရှိတာကိုပဲဆက်လုပ်ထား”

အောင်မြတ်သာကစကားဆုံးတာနဲ့ မျက်စိရှေ့က ဖျတ်ခနဲပျောက်သွားသလို မိုးညိုကလဲ အိပ်နေရာကနေလန့်နိုးလာခဲ့တယ်။

မနက်မိုးလင်းတော့ ဦးသန်းအောင်ကိုခေါ်ပြီး ဆန်စက်ခေါင်းတိုင်အောက်ကို သွားကြည့်ရာ လက်တစ်ဆစ်သာသာရှိတဲ့ အထုပ်တစ်ထုပ်ကို လုံချည်စနဲ့ပတ်ပြီး ချထားတာကိုမြင်လိုက်ရတယ်။

မိုးညိုတို့လဲ အထုပ်ကိုဖွင့်ကြည့်လိုက်ရာ အထဲမှာ လက်သန်းရိုးတစ်ချောင်းကို အနီရောင်ကြိုးနဲ့ရစ်ပတ်ထားတာကြောင့် နှစ်ယောက်သား အချင်းချင်းကြည့်လိုက်ပြီး

“ မကောင်းတဲ့အစီအရင်တွေပဲဗျ၊ ဒီကောင်ကြောင့် ပွဲရုံမှာတစ်ခုပြီးတစ်ခုဖြစ်နေတာနေမယ်”

“ မေသီကို သွားပြရအောင်၊ သူ့မှာလဲ အတိုက်အခိုက်တွေများလိုက်တာကွာ”

ဦးသန်းအောင်က လုံချည်စနဲ့ထုပ်ထားတဲ့ အထုပ်ကို ကိုင်ပြီး မေသီရှိတဲ့ဘက်ကို ထွက်လာခဲ့လိုက်တယ်။

“ ဘယ်သူလက်ချက်လို့ထင်လဲဦးလေး”

“ အတိအကျတော့ပြောဖို့ခက်လိမ့်မယ်၊ မေသီရော ဘယ်သူ့ကိုသံသယဝင်နေလဲ”

“ အလုပ်သမားတွေထဲကဆိုရင်တော့ ဟိုမောင်နှမဖြစ်နိုင်တယ်၊ သူတို့မဟုတ်ရင်တော့ …”

မေသီက စကားပြောနေရင်း ရုတ်တရက်ရပ်လိုက်ပြီး အပြင်ကိုကြည့်လိုက်ရာ အသားဖြူဖြူ ခပ်ဝဝလူတစ်ယောက် ပွဲရုံထဲကို ဝင်လာတာမြင်လိုက်ရတယ်။

“ ဦးငွေပေါ်ပါလား… ထိုင်ပါဦးရှင့်”

ဦးငွေပေါ်က ခုံမှာဝင်ထိုင်လိုက်ပြီး ဂိုထောင်ထဲကို တစ်ချက်ကြည့်ကာ

“ ဆန်တွေက ဘယ်လိုဖြစ်ပြီး အောက်နံ့ထွက်နေရတာလဲဗျာ၊ ကျုပ်က မေသီနဲ့အလုပ်လုပ်တာအတော်ကြာပြီ ဒါမျိုးတစ်ခါမှ ဖြစ်တာမကြုံဖူးဖူး”

“ ဟုတ်တယ် ဦးငွေပေါ်ရေ၊ မေသီလဲ အံ့ဩနေတာ၊ ဒီမနက် အလုပ်သမားတွေ လိုက်ရှာတော့ အောက်လမ်းလိုလို ဘာလိုလို အထုပ်တစ်ထုပ်တော့ တွေ့ခဲ့တယ်”

“ လူတွေကလဲ ကြောက်ဖို့ကောင်းလိုက်တာ၊ အခုလဲ ‌ပွဲရုံရှေ့ကဖြတ်သွားရင်း လမ်းကြုံဝင်လာတာ၊ မနက်ဖြန် ပွဲရုံကို ဆန်အိတ်၃၀၀လောက်ပို့ပေးဦးနော်’

“ စိတ်ချ‌ရှင့်… မနက်ဖြန် အမှီပို့ပေးလိုက်ပါမယ်”

ဦးငွေပေါ်ထွက်သွားတော့ မေသီက မိုးညိုတို့ကိုခေါ်ပြီး ပို့ရမယ့်ဆန်အိတ်တွေကို စစ်ခိုင်းရာ ဆန်အိတ်တွေထားတဲ့ကြားထဲကနေ ဆနွင်းတွေပေနေတဲ့ အဝတ်စတစ်ခုထပ်ပြီး ထွက်လာခဲ့တယ်။

“ ဒီမှာလဲ တစ်ခုတွေ့ပြန်ပြီ၊ ဘာတွေဖြစ်နေတာလဲကွာ”

မိုးညိုက အဝတ်စကိုကိုင်ကာ ပြောလိုက်ပြီး ဒေါ်မေသီရှိရာဘက်ကို လျောက်လာခဲ့လိုက်တယ်။ လပြည့်ဝန်းဆန်စက်မှာ အောက်လမ်းနဲ့လုပ်ထားတဲ့ အရာတွေ တွေ့တယ်ဆိုတဲ့သတင်းက တစ်မြို့လုံးကို ပျံ့နှံ့သွားခဲ့တယ်။

++++

ကန်တော့ပွဲတွေ၊ အဆောင်လက်ဖွဲ့တွေနဲ့ပြည့်နှက်နေတဲ့ အခန်းကျဉ်းတစ်ခုထဲမှာတော့ နှုတ်ခမ်းမွှေးကားကားနဲ့လူကြီးတစ်ယောက်နဲ့ ခပ်ဝဝလူတစ်ယောက် ထိုင်နေခဲ့ကြတယ်။

အဲဒီအချိန် နှုတ်ခမ်းမွေးကားကားနဲ့လူက ရေးဆွဲ‌နေတဲ့အင်းတစ်ချပ်ကို လက်စသတ်လိုက်ပြီး

“ ခင်ဗျား သေသေချာချာမထားခဲ့ဖူးလား”

“ ထားခဲ့တာပေါ့ဗျာ၊ ဘယ်သူမှမသိနိုင်မယ့်နေရာမှာ ထားခိုင်းခဲ့တာ၊ ဒါကိုဘယ်လိုသိသွားလဲ မပြောတတ်တော့ဘူး”

“ ကျုပ်ခိုင်းထားတဲ့ကောင်လဲ ပြန်ရောက်လာလို့ အံ့ဩနေတာ”

“ ကျွန်တော်ဒီနေ့ အကဲသွားခတ်တော့ သူ့ဆန်စက်မှာအလုပ်လုပ်တဲ့ ကောင်လေးတစ်ယောက်ကရှာတွေ့တာလို့ပြောတယ်၊ ‌အလုပ်ကဖြင့် စမယ်ရှိသေး အခုလိုဖြစ်သွားတော့ ဘယ်လိုထပ်လုပ်ရတော့မလဲ”

“ အရမ်းလဲစိတ်မပူပါနဲ့.. သူ့ဆီမှာ ခင်ဗျားလူရှိတယ်မဟုတ်လား”

“ ကျုပ်လူတော့ရှိပါတယ်… အရင်နည်းလမ်းတော့ ပြန်သုံးလို့ရပါ့မလား”

“ တစ်နည်းမရရင် နောက်တစ်နည်းသုံးရမှာပေါ့၊ ဒီတစ်ခါတော့ သူ့ဆိုင်ကို လာဘ်ပိတ်အောင် အရင်လုပ်ရမယ်၊ ပြီးတော့မှ မိတ်ပျက်ဆွေပျက်စီးပွားပျက်ဖြစ်အောင် လုပ်ပေးမယ်”

“ အားကိုးပါတယ်ဆရာရယ်၊ ဒီကောင်မကြောင့် ကျုပ်ဖောက်သည်တွေပျက်ကုန်တာဗျ”

“ အခု အဆောင်တစ်ခုပေးလိုက်မယ်၊ ခင်ဗျားလူကို ပေးပြီး ဆန်စက်ရဲ့အဝင်နေရာမှာထားခိုင်းလိုက်၊ လုပ်ရမယ့်အချိန်က ည၁၂နာရီတိတိနော်”

“ ဟုတ်ကဲ့ဆရာ ကျွန်တော်သေချာမှာလိုက်ပါမယ်”

ဦးငွေပေါ်လဲ သူ့ကိုကမ်းပေးလိုက်တဲ့ အဆောင်အင်းပြားတစ်ချပ်ကိုယူလိုက်ပြီး အိမ်ပေါ်ကနေဆင်းသွားခဲ့လိုက်တယ်။

++++

လူခြေတိတ်ဆိတ်နေတဲ့ ညသန်းခေါင်အချိန် လပြည့်ဝန်းဆန်စက်ရဲ့‌အနောက်ဘက် အမှောင်ထုထဲကနေ လူတစ်ယောက် ခိုးကြောင်ခိုးဝှက်ထွက်လာပြီး ဆန်စက်အဝင်ပေါက်ပေါ်ကို တွယ်တက်နေတဲ့အချိန်

“ ဟေ့ကောင်… မင်း ဘာလုပ်တာလဲ”

ရုတ်တရက်ထွက်လာတဲ့အသံကြောင့် အပေါ်ကိုကုပ်တွယ်တက်နေတဲ့ လူက ဝုန်းခနဲဆင်းပြေး‌ရာ မိုးညိုက အနားမှာရှိနေတဲ့ အုတ်ကျိုးခဲကိုယူပြီး ပစ်ထည့်လိုက်ရာ ထွက်ပြေးနေသူရဲ့ကျောကိုထိပြီး ဘေးကိုလွင့်ထွက်သွားခဲ့တယ်။

“ ခွေးသူခိုး… မင်းထွက်ပြေးလို့လွတ်ရိုးလား”

မိုးညိုက အနောက်ကနေပြေးလိုက်ပြီး ဆံပင်ကိုဆွဲလိုက်ရာ

“ ဟင်… မောင်လွင်ပါလား”

မောင်လွင်က မိုးညိုကိုမြင်တော့ မျက်စိပျက်မျက်နှာပျက်ဖြစ်နေရာက

“ လာကြဦးဗျို့… ဆန်စက်ထဲမှာဖြစ်တဲ့ကိစ္စ လက်သည်ပေါ်ပြီ” လို့အော်ကာ သူ့လက်ထဲကိုင်ထားတဲ့ အင်းပြားကို မိုးညိုရဲ့ အင်္ကျီထဲထိုးထည့်လိုက်တယ်။

မောင်လွင်ရဲ့အော်သံကြောင့် တန်းလျားကလူတွေပြေးထွက်လာပြီး

“ ဟေ့ ဟေ့ ဘာဖြစ်နေကြတာလဲ”

“ မိုးညို… မိုးညို ဆန်စက်ထဲမှာ အင်းပြားတစ်ချပ်မြုပ်နေတာမြင်လို့ဗျ”

“ ဟေ့ကောင် … မင်းကူလီကူမာလုပ်မနေနဲ့၊ ဦးလေး ဒီကောင်ပါးစပ်ထဲထွက်ရာလျောက်ပြောနေတာဗျ”

ဦးသန်းအောင်က မောင်လွင်ကို တစ်လှည့် မိုးညိုကိုတစ်လှည့်ကြည့်လိုက်ပြီး

“ ဟေ့ကောင် မောင်လွင်… မိုးညိုက အဲလိုလုပ်မယ့်လူမဟုတ်ဘူး၊ မိုးညို မင်းအမှန်တိုင်းပြောစမ်း၊ ဒီကောင် ဘာလုပ်နေတာလဲ”

“ ကျွန်တော် အိပ်မပျော်လို့ အပြင်မှာဆေးလိပ်ထွက်သောက်နေတဲ့အချိန် လူရိပ်တွေ့လို့ လာကြည့်တာ၊ ဒီကောင် ဆန်စက်အပေါ်ကိုကျော်တက်နေလို့ အုတ်ခနဲ့တောင်ထုလိုက်သေးတယ်၊ သူ့ကျောမှာ အုတ်ခဲနဲ့ထိထားတဲ့ ဒဏ်ရာတောင်ရှိနေသေးတယ်၊ နောက်ပြီး ဒီကောင်က ဟောဒီအင်းပြားကို ကျုပ်အိတ်ထဲထည့်ပြီး ချောက်တွန်းတာ”

ဖြစ်ကြောင်းကုန်စင်သိရတော့ ဦးသန်းအောင်က မောင်လွင်ရဲ့ဂုတ်ကိုဆွဲပြီး

“ မင်းကွာ ကိုယ့်ထမင်းရှင်ကိုမှ ဒုက္ခပြန်ပေးရတယ်လို့၊ ဆန်စက်ထဲကကိစ္စတွေလဲ မင်းလက်ချက်ပဲမဟုတ်လား”

အလုပ်သမားတွေရဲ့အကြည့်ကြောင့် မောင်လွင် မျက်နှာပျက်သွားပြီး ခေါင်းငိုက်စိုက်ကျသွားခဲ့တယ်။

“ မိုးညို ဒီကောင်ကို ထွက်ပြေးလို့မရအောင် ကြိုးတုပ်ထားစမ်း၊ မနက်ကျမှ မေသီနဲ့ရှင်းခိုင်းရမယ်”

ဦးသန်းအောင်စကားကြောင့် မိုးညိုလဲ မောင်လွင်ရဲ့လက်နှစ်ဖက်ကို ကြိုးတုပ်လိုက်ပြီး တန်းလျားထဲကိုဆွဲခေါ်လာခဲ့လိုက်တယ်။

မနက်ရောက်တော့ မေသီက မောင်လွင်ကို စေ့စေ့ကြည့်ပြီး

“ မင်းကိုဘယ်သူခိုင်းတာလဲ”

“ ဦး ဦးငွေပေါ်ခိုင်းလို့လုပ်ရတာပါ”

“ ဘာ… ဦးငွေပေါ်ခိုင်းတာ ဟုတ်လား၊ သူနဲ့ငါက ဘာရန်ငြိုးရှိလို့ အခုလိုလုပ်ရတာလဲ၊ မင်းကရော သူခိုင်းတိုင်းလုပ်စရာလား”

“ ကျွန်တော် ကျွန်တော် ငွေလိုနေလို့ ကြံမိကြံရာ ကြံမိတာပါဗျာ၊ ကျွန်တော် မှား မှားပါတယ်”

“ တောက်စ် … မင်းကွာ ကိုယ့်အလုပ်ရှင်ကိုမှ လုပ်ရတယ်လို့”

“ မိုးညိုသာမမြင်ရင် ဘယ်လိုလုပ်ကြမလဲ၊ ဦးငွေပေါ်ဆိုတဲ့လူက အသက်နဲ့မှမလိုက် အတော်အကြံပက်စက်တာပဲ”

“ အန်တီ… တရားခံလဲမိထားပြီးပြီဆိုတော့ ဒီကိစ္စကိုရှင်းမှရမယ်၊ လုပ်တဲ့သူရော ခိုင်းတဲ့သူကိုပါ ခွင့်မလွှတ်နိုင်ဘူး”

“ မိုးညိုပြောတာ ဟုတ်တယ်၊ လူသိရှင်ကြားဖြစ်အောင် လုပ်မှရမယ်”

“ဦးသန်းအောင်နဲ့ မိုးညို ကျွန်မနဲ့လိုက်လာခဲ့၊ ကျန်တဲ့သူတွေက ကိုယ့်အလုပ်ကိုယ်လုပ်ကြတော့”

မေသီက ဦးသန်းအောင်၊ မိုးညိုကိုခေါ်ပြီး ဦးငွေပေါ်ရဲ့ဆန်စက်ဘက်ကို ထွက်သွားခဲ့လိုက်တယ်။

ဦးငွေပေါ်ဆီရောက်တော့ မေသီက လက်ညိုးငေါက်ငေါက်ထိုးပြီး

“ ကျွန်မက ရှင့်ကိုလူကြီးလူကောင်းလို့ ထင်ထားတာ၊ လက်စသတ်တော့ ရှင်က အောက်တန်းကျတဲ့လူဖြစ်နေတာကိုး”

“ မေသီ… မင်းဘာတွေပြောနေတာလဲ”

“ ဘာပြောရမှာလဲ ရှင် ကျွန်မစီးပွားရေးကို ဖျက်စီးဖို့ အောက်လမ်းနည်းနဲ့လုပ်ထားတာလေ၊ ရှင်ခိုင်းထားတဲ့သူကိုလဲမိထားပြီးပြီ”

“ မဟုတ်တာ မေသီရယ်၊ ဦးလေးက ဘာလို့အခုလိုလုပ်ရမှာလဲ”

ဦးငွေပေါ်က သူမဟုတ်တဲ့ပုံစံနဲ့ပြောနေတာကြောင့် မိုးညိုစိတ်မရှည်တော့ပဲ

“ ဟေ့လူ… ခင်ဗျားယောင်္ကျားမဟုတ်ဘူးလား၊ ကိုယ်လုပ်ရင်လုပ်တယ်ပေါ့” လို့ပြောလိုက်ရာ ‌ဦးငွေပေါ်က မိုးညိုကို မော့ကြည့်လိုက်ပြီး

“ ငါ့ကို စွပ်စွဲတာများနေပြီနော်၊ အဲဒီကောင်က ငါ့နာမည်မပြောပဲ မင်းနာမည်ပြောရင်ရော မင်းလုပ်တာဖြစ်မှာလား”

“ မိုးညို တော်ပြီ၊ ဒီလို‌လူနဲ့စကားဆက်ပြောစရာအကြောင်းမရှိတော့ဘူး၊ ဒီနေ့ကစပြီး ရှင်နဲ့ကျွန်မ ပတ်သတ်စရာမလိုတော့ဘူး”

မေသီက စကားဆုံးတာနဲ့ ချာကနဲလှည့်ထွက်ပြီး ပွဲရုံကိုပြန်လာခဲ့လိုက်တယ်။

ဒီကိစ္စတွေဖြစ်ပြီးနောက်ပိုင်းမှာတော့ မိုးညိုက မေသီရဲ့လူယုံတစ်ယောက်ဖြစ်လာပြီး ဦးသန်းအောင်နဲ့အတူ ပွဲရုံကိစ္စတွေကို စီမံရတဲ့လူတစ်ယောက်ဖြစ်လာခဲ့တယ်။

တစ်ညမှာတော့ မိုးညိုအိပ်ပျော်နေတဲ့အချိန် အိမ်မက်ထဲကို အောင်မြတ်သာရောက်လာပြီး

“ ကောင်လေး… ထစမ်း”

“ ဆရာ… ဘယ်တုန်းကရောက်နေတာလဲ”

“ မင်းကိုပြောစရာရှိလို့ကွ”

“ ဟုတ်ကဲ့ဆရာ..”

“ မင်းရဲ့အမေက သူ့မှာသားတစ်ယောက်ရှိတယ်ဆိုတာ အခုထိမသိသေးဘူး၊ သူ့မှတ်ဉာဏ်ထဲမှာ မင်းအဖေကားမှောက်တာကိုပဲသိထားသေးတာ”

“ အမေက ဘာလို့ ကျွန်တော်ကို မွေးတာကို မသိရတာလဲ”

“ အဲလိုဖြစ်အောင် တမင်လုပ်ထားတာလေ၊ မဟုတ်ရင် သူ့ဘဝရော မင်းဘဝပါပျက်လိမ့်မယ်”

“ ဒါဆို ကျွန်တော်က သူ့သားဆိုတာကို ဘယ်တော့မှမသိတော့ဘူးလား”

“ နောက်သုံးနှစ်ပြည့်တဲ့နေ့ကျရင် မင်းဖြစ်ချင်တဲ့ဆန္ဒပြည့်လာမှာပါ၊ အဲဒီကာလမတိုင်ခင်ထိတော့ သည်းခံထားရမယ်”

“ ကျွန်တော်စောင့်နိုင်ပါတယ်၊ အလုပ်လဲကြိုးစားပါမယ်”

“ အခုကစပြီး မင်းရဲ့ကိုယ်စွမ်းဉာဏ်စွမ်းနဲ့ မိဘအပေါိကူညီစောင့်ရှောက်ရတော့မယ်၊ မင်းက တစ်နေ့ကျရင် ဒီအလုပ်တွေကို ဦးစီးရမယ့်သူဖြစ်သလို၊ ငါ့ခိုင်းတဲ့တာဝန်အချို့ကိုလဲ ဆောင်ရွက်ပေးရမယ့်သူဖြစ်လာလိမ့်မယ်”

“ စိတ်ချပါဆရာ၊ ဆရာတို့လိုအပ်တဲ့အချိန် ကျွန်တော်အသင့်ရှိနေမှာပါ”

မိုးညိုစကားကြောင့် အောင်မြတ်သာ ပြုံးလိုက်တဲ့ချိန် ရုပ်သွင်က တစ်ဖြေးဖြေးနဲ့ မှုန်ဝါးပျောက်ကွယ်သွားပါတော့တယ်။

မှတ်ချက်

++++++

မိုးညိုနဲ့ပတ်သတ်ပြီးနောက်သုံးနှစ်မှာဖြစ်လာမယ့်

ကိစ္စတွေကို နောက်လာမယ့်ဝတ္တုတစ်ပုဒ်မှာ ပြန်လည်ချိတ်ဆက်ရမှာမို့ ဒီနေရာမှာ ခေတ္တအဆုံးသတ်ထားကြောင်း စာဖတ်သူများအား အသိပေးအပ်ပါသည်။

+++++

အောင်မြတ်သာအနေနဲ့ ဇာတ်လမ်းအစမှာ မောင်ကောင်းနဲ့ ခွန်းလှကို လေသာမြို့ကိုလွှတ်ထားတဲ့အကြောင်းကလဲရှိနေခဲ့သေးတယ်။

လေသာမြို့ရဲ့အနောက်ဘက်က ရွာတစ်ရွာမှာ အလောင်းကောင်ကိုဖုတ်သွင်း ခိုင်းစားဖို့လုပ်ရာကနေ စည်းပေါက်သွားပြီး တပည့်ဖြစ်သူပါ သေဆုံးသွားရတဲ့ဖြစ်စဉ်တစ်ခုကလဲရှိနေခဲ့တယ်။

ဒီပြဿနာကို မောင်ကောင်းနဲ့ ခွန်းလှတို့ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့် လူသားစားသောဖုတ်ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်

ဇေယန(ရာမည)

Leave a Reply

Your email address will not be published. Required fields are marked *