မရိုးကောက် (ဝတ္ထတို)

မရိုးကောက် (ဝတ္ထတို)
ခင်ခင်ထူး

📝 “ကိုရင်သာဖန်းရယ် ကျုပ်ဝတ်ချင်စားချင်လှလို့ ပြောသာမဟုတ်ပါဘူးတော် လှချင်ပချင်စိတ်ဆိုသဟာများတော့ ဝေးရော | ကျုပ်တစ်သက်ဖြင့် မသေခင်စပ်ကြား နားကပ်ကလေး တစ်ရန်လောက်တော့ ဝတ်ဖူးသယ်ရှိအောင် ဝတ်ကြည့်ချင်စမ်းလှတော်| တကယ်ပဲ”📝

( ၁ )
သည်လို နေဝင်ဖျိုးဖျ ထတောကြီး ( ထန်းတောကြီး) ညို့ချိန်ဆိုရင် ထတောကြီးဘက်က မီးခိုး အလိပ်လိပ်ကြီးတွေ မှိုင်းမှိုင်းထအောင် အူနေတတ်ပြီ။ ထန်းလျက်ချက်တဲ့ မီးဖိုတွေဆီကရော| မြူ အိုးဖုတ်တဲ့ မီးခိုးတွေပါ ရောပြီအူနေတာ ဆိုတော့ ထတောကြီး တစ်ခုလုံး နနွင်းမှိုင်းတိုက်နေသလိုပဲ။ အရစ်အရစ်ထနေတဲ့ ပင်စည်ရိုးရှည်ကြီးတွေနဲ့ ထန်းပင်ကြီးတွေက လူ့ခေါင်းတမော့အဆုံး ကြည့်ရလောက်အောင် မားမားကြီးတွေ။

ထတောကြီးထဲမှာ ထန်းပင်ပေါင်း နှစ်ရာ သုံးရာလောက်တော့ရှိမှာပေါ့။ သည့်ထက်များမယ်ဆိုရင်လည်း များနိုင်သေးတယ်။ သစ်ပင်တွေကလည်း ရှိသေးတာမဟုတ်လား။ ထန်းပင်ကြီးတွေကြားမှာ အရွယ်အမျိုးမျိုး ရှိနေတဲ့ ထန်းပင်တွေကလည်း မနည်းဘူး။ အရွယ်အမျိုးမျိုး | အလှအမျိုးမျိုး။ မြေကြီးထဲက အညှောက်ပေါက်စ နှစ်ရွက် သုံးရွက်ရှိသေးတဲ့ ` ကျေးမြီး ´ အရွယ်လည်းရှိတယ်။ ထန်းလက်ငယ်ပေါ်လာတဲ့ ` လက်မျှော် ´အရွယ်လည်းရှိတယ်။ ဦးခေါင်းပြူ လာတဲ့ `ဆင်ခြေပေါ် ´အရွယ်လည်းရှိတယ်။ ထန်းပပ်တွေ ပတ်ဝိုင်းထားတဲ့ ` သမီးလှ ´အရွယ်လည်း ရှိတယ်။ ထန်းနို့ခိုင် ထန်းသီးခိုင် မြိုင်မြိုင်ထွက်လာတဲ့ `ရည်ရ ´အရွယ်လည်းရှိတယ်။ ထန်းပပ်တွေစင်ပြီး ပင်လုံးချည်း ထီးတည်းဖြစ်လာတဲ့ `ပင်ထွက်´အရွယ်လည်း ရှိတယ်။ အစုံပဲ။
အဝေးကများ လှမ်းကြည့်ရင် ထတောကြီး တခုလုံး ပိတ်ပိတ်သည်းသည်း ရှိတတ်ပေမယ့် ထတောထဲမှာတော့ တစ်ပင်နဲ့ တစ်ပင် ထန်းလုံးသစ်တပ်လို ညှပ်သပ်နေတာတော့ မဟုတ်ဘူး။ သည်နား တဝှိုက်တော့ ဘိုးစဉ်ဘောင်ဆက်ပိုင်လာကြတဲ့ ထန်းပိုင်ရှင်ကလည်း မရှိဘူးဆိုရင် လေး ငါး ခြောက်ဦးလောက်တော့ ရှိမှာ ပေါ့။ ထတဲ ( ထန်းတဲ) ကလေးတွေကလည်း ဟိုနားတစ်တဲ ဒီနားတစ်တဲနဲ့ စစ်စစ်ပေါက်ပေါက်လိုက်ကြည့်ရင်တော့ ဆယ့်လေးငါး တဲလောက်တော့ ရှိမယ်။ ထတော နဲ့ ထန်းသမား ဝေးနေလို့ကလည်း မဖြစ်တော့ နေဖြစ်တယ်ဆိုရုံ သည်လိုနေကြတာများတယ်။

တဲလေးတွေ ရှိတဲ့ ထတောကြီး ပတ်ဝန်းကျင်ကို ရွာရယ်လို့ပြောဖို့ကလည်း ခက်တော့ လွယ်လွယ်ပါပဲ။ ထစု တဲ့ ။ ထန်းစု ပေါ့။ ထစုလို့ပြောရင် ဘယ်သူမဆို သည်နေရာကို ပြောမှန်းသိကြတယ်။ သည်ထစုကလေးထဲမှာ နေကြထိုင်ကြတဲ့လူတွေကို ထစုကလူတွေလို့ ခေါ်လိုက်ကြတာပါပဲ။ ထစုက ညိုအေး ထစုက ပိုက်တင် စသည်ဖြင့်ခေါ်တတ်ကြတယ်။
ထစုက ဘယ်သူ ဘယ်ဝါဆိုပေမယ့် အများအားဖြင့်တော့ သည်အနား ဝန်းကျင် ဂေါစရဂါမ်ရွာကလေးတွေက လူတွေ များတာပါပဲ။ သည်နားလာစုလို့သာ ထစုခေါ်ကြသာကိုး။ တစ်နယ်တစ်ကျေးက ထန်းလာတက်ကြတဲ့ ထန်းတက်သူတွေလည်း ရှိတယ်။
ထန်းတက်လုပ်သားတွေလို့ ခန့်အောင်ခေါ်နိုင်ပေမယ့် ထန်းသမားခေါ်ကြတာ များတာပါပဲ။ ထစုမှာ နေကြသူတွေကို ထန်းလုပ်ငန်းနဲ့ အသက်မွေးကြသူတွေလို့ ပြောရင် လွဲစရာမရှိပါဘူး။

ထန်းရှင်တွေကတော့ ထန်းတောထဲ လာနေခဲပါတယ်။အနားဝန်းကျင် နရန်းရွာတွေက ထန်းပိုင်ရှင်တွေ ဆီမှာ သဘောတူညီမှုနဲ့ ထန်းစုယူပြီး ထန်းအလုပ် လုပ်ကြတဲ့သူတွေများတယ်။
ဒီနား ပိုးနားရွာတွေကတင် မကပါဘူး။ ထန်းလျက်ပွဲရုံတွေရှိတဲ့ မြို့ကြီးက ထန်းလျက်ပွဲရုံပိုင်ရှင်တွေ အဝေးက လှမ်းပိုင်တဲ့ ထန်းတောတွေလည်း ရှိတတ်တယ်။
ကိုယ့်ဆိုင်ရာ ဆိုင်ရာ ပတ်သက်ရာ ပက်သက်ကြောင်းထန်းစု ( ထစု) ရယ်လို့ ယူပြီး အလုပ်လာလုပ်ကြတဲ့ သူတွေရှိသလို ငှက်ပျောပင်စိုက် မိလိုက်ဖပါ ဆိုသလို ထန်းမျိုးရိုးက ဆင်းလာလို့ မိမွေဘမွေ ဆက်ခံရင်း ထန်းတောထဲက ရုန်းမထွက်နိုင်ကြသူတွေလည်း ရှိတာပါပဲ။

ကိုသာဖန်းဆိုရင် သည်ထစုကလေးမှာ သက်ရင့်ထန်းသမားကြီး တစ်ယောက်လို့ပြောရမှာပဲ။ ထပင်ကို ခေါင်းစိုက်| ထရိပ်ကို ခိုပြီး ကြီးလာရသူဆိုတော့ သူလည်းမထူးပါဘူး။ ကျေးမြီးလက်မျှော်ဘဝကနေ ရည်ရပင်ထွက်ဖြစ်လာရတယ်လို့ ပြောရင်လည်း ဖြစ်တယ်။ သူ့ အဖိုးဦးဘသော်ကလည်း ထန်းပင်တွေကြားကြီးခဲ့ရတယ်။ သူ့အဖေဦးကြာရံလည်း ဒီလိုပဲ။ သည်အဘိုး သည်အဖေတွေဆိုရင် ထန်းသမားအဖြစ်နဲ့ ဘဝဆုံးခဲ့ရတာဆိုတော့ ကိုသာဖန်းအလှည့်မှာလည်း ထတောကျောပေါ် တင်ရတာပါပဲ။ ကိုသာဖန်းက မွေးတဲ့ သူ့သား ` ဧရာ´ တောင်မြူ အိုးကောက်ဖော်ရနေပြီ။ ထတောပိုင်ရှင်တွေသာမျိုးဆက် နှစ်ဆက် သုံးဆက် ပြောင်းချင်ပြောင်းရော့ ကိုသာဖန်းတို့မျိုးဆက်ကတော့ ထူးပြီးမပြောင်းပါလို့ ဂုဏ်ယူပြောမယ်ဆိုလည်း ရပါရဲ့။

ကိုသာဖန်းငယ်ငယ်က သူ့အဖေ လက်နဲ့စိုက်ခဲ့တဲ့ ထန်းပင်ကို အခု ကိုသာဖန်းတက်နေရပြီ။ ထန်းရှင်က တစ်ပင်လဲမူ တစ်ပင်ထူဆိုသလို ထန်းတစ်ပင်အထွက်နည်းလို့ လှဲရတော့မယ်ဆိုတာနဲ့ နောက်ထပ် သစ်လေးင်းပင်လောက်စိုက်ပစ်လိုက်တော့တာကိုး။ထန်းရှင်က သူ့မြေပေါ်သူစိုက်တယ်ဆိုပေမယ့် စိုက်ပေးရတာကေ့ ကိုသာဖန်းတို့လို ထန်းသမားတွေ စိုက်ပေးရတာပါ။ ကိုယ့်မှ စိုက်စရာမြေမရှိတော့လည်း ကိုယ့်လက်နဲ့ စိုက်တဲ့ အပင်ဆိုပေသိ ထန်းရှင်ကသာ ထန်းပင်တိုးတာကိုး။ ကာရန်သင့်လို့ နောက်ထပ် အနှစ် နှစ်ဆယ်လောက် ကိုယ်ကအသက်ရှင်နေဦးမယ်ဆိုရင် ကိုယ့်လက်နဲ့ စိုက်တဲ့ ထန်း ကိုယ်ပြန်တက်ရချည်သေးပေါ့။ ကိုသာဖန်း တို့မှာ ထန်းပင်ကပဲ ဘဝမဟုတ်လား။ လုပ်ကိုင်စားစရာ ထန်းပင်ရယ်လို့ရှိနေတာကိုပဲ ကျေးဇူးကြီးလှပြီ မှတ်ရတာပါ။
ထန်းကိုချစ်တဲ့ ဘဝမတော့ ထန်းရိုင်းလက်ခုတ်တာတောင် ရမ်းမခုတ်ဘူး။ ပြင်ခုတ် ခုတ်တာ။ ထန်းပင်ကို ခွနေတဲ့ ထန်းပတ်ခွ အစွန်းပါအောင် ခုတ်ပေးတော့ ထန်းပင်ကို ထန်းပပ်တွေက စုဆုပ်ထားသလို ဖြစ်မကျန်ခဲ့တော့ဘူး။ ဟကျန်ခဲ့ရော။ သည်လို ဟကျန်မှ ထန်းပင်က သန်စွမ်းတာပါ။ ` ငယ်ခါ တဘက်ဝတ် ကြီးတော့ တဘက်ချွန်´ ဆိုတဲ့ စကားတောင် ရှိသ မှုတ်လား။ ထန်းပင်ကလေး ကျူရိုးကျူထောင်ကို ထန်းပပ်ခွ ခွာပြန်တော့လည်း အပင်ကလှိပြန်ရော။ အပင်သက် ဆယ်နှစ်သားလောက်ရှိပြီဆိုရင်တော့ ထန်းရိုင်းလက်တွေကိုပြင်ခုတ် ခုတ်ပေးရပြီ။ ပပ်ခွလှန်ပေးရပြီဒါမှ လုံးစေ့ပတ်စေ့ ထန်းပင်ကောင်း ဖြစ်တာကိုး။ ကိုသာဖန်းကတော့ ထန်းပင်များ ထန်ဆော်လေနဲ့ ထန်းရည်ဖွဲ့ရသလို ထန်းနဲ့ ဘဝဖွဲ့ရတာဆိုတော့ ထန်းသဘော ထန်းကိစ္စများ` နော´နေပြီ။ ထန်းရှင်ကလည်း ဒီလိုလူမျိုးနဲ့ဆိုရင် စ်ိတ်ချလက်ချ ရှိတတ်တယ်။

သည်ထစုလေးထဲမှာ ထန်းပင်ကို ပင်ပြတ်နှုန်းနဲ့ လုပ်ခွင့်ရသူဆိုလို့ ကိုသာဖန်းတယောက်ပဲ ရှိတယ်။ ပင်ပြတ်နှုန်း ဆိုတာက ထန်းတစ်ပင်ကို တစ်နှစ်အတွက် ထန်းလျက်ဘယ်ရွေ့ ဘယ်မျှ ထန်းရှင်ကို ပေးပါမယ်ဆိုတဲ့ ကတိတစ်လုံးနဲ့ လုပ်ရကိုင်ရတာကို ပြောတာပါ။ ပင်ပြတ်နှုန်း လုပ်တဲ့သူက ရင်းထောင် ရင်းဆွဲ မြူ အိုးက အစ လောင်စာထင်းချောင်းအထိ ထန်းသမားကပဲ အရင်းအနှီးစိုက်ရတယ်။ ကိုယ်တိုင်လည်း ထောင့်စေ့အောင်ပါရတယ်။ ထန်းပင်ရတဲ့ ထရွက် ထသီး ထလျှော် ထပင်မြစ်မှန်သမျှ သူကပဲရတယ်။

ထန်းပိုင်ရှင်က ထန်းတစ်ပင်ကို ဘယ်လောက်ရမယ်ဆိုတဲ့ ညှိုနှိုင်းချက်အတိုင်း ထန်းလျက်ရတယ်။ ထန်းရည်အထွက်ကောင်းတဲ့နှစ်ဆို ထန်းသမားက ပွတာပဲ။ အလှည့်မသင့်လို့ အထွက်မကောင်းပြန်တော့လည်း ထန်းရှင်ချထားတဲ့ နှုန်းထားအတိုင်းတော့ ထန်းလျက်ဖြစ်အောင် ပေးရတာပဲ။ ထန်းရှင်နဲ့ ထန်းသမားကြား ကတိထားကြတဲ့ အတိုင်းလည်း တစ်ဖက်နဲ့ တစ်ဖက် သစ္စာရှိကြတာများတယ်။ ဒါပေမယ့် တစ်နှစ် တစ်နှစ်ထန်းပင်က ကျသမျှကိုယ်ရတာတော့ရှိတယ်။ ထန်းခလက်( ထန်းရွက်) ခုတ်ရောင်းမလား ရတယ်။
ထသီးချိုင်ရောင်းမလား ရတယ်။ ထန်းပင်မြစ်ပျိုးရောင်းဦးမလား ရတယ်။ ရှေးလူကြီးများက ထန်းကိုပင်း လင်တယောက်လို့ ပြောတတ်ကြတယ်။ ထန်းကိုးပင်လောက်ရှိရင် လင်တစ်ယောက်လောက် အားကိုးရတယ်ပေါ့။ ‘ နွေ ထရေ မိုး ထသီး ဆောင်း ထမြစ်’ လို့လည်း ဆိုရဲ့။ အဓိက ကတော့ ထန်းလျက်ပေါ့။

တချို့ ထန်းသမားများကတော့ ကိုသာဖန်းတို့လို ပင်ပြတ်နှုန်းနဲ့ မရကြ ရှာဘူး။ ထန်းပင်ရှင်ကို `သုံးရက် တစ်ရက် ´`လေးရက် တစ်ရက်´ ဆိုသလို ထန်းလျက်ပေးပြီး လုပ်ကြရတယ်။

ထန်းပင်က ထွက်တဲ့ ပစ္စည်းမှန်သမျှလည်း ထန်းရှင်ပဲရတာပါ။ ထန်းသမားက အရင်းနှီးရော လုပ်အားရော စိုက်ကြရတယ်။ ` ရက်လှည့် ´ ခေါ်ကြတယ်။ တချို့လည်း ရက်လှည့်အဆင့်တောင် မရရှာပါဘူး။ လုပ်အားချည်း သက်သက်ပေးပြီး လုပ်ရတဲ့ ` ကိုယ်ဝင်စနနစ်´ နဲ့လုပ်သူတွေလည်း ရှိတယ်။ လက်ခစား သဘောမျိုးလို့ ပြောရင် ရမယ်ထင်ပါရဲ့။

သည်ထစုကလေးမှာရှိတဲ့ ထတဲ ဆယ့်လေးငါးတဲမှာတော့ ကိုသာဖန်းက အမားဆုံးပဲ။ ဝင်ငွေအပေါ်မှာပဲကြည့်ကြည့် လုပ်ခွင့်ကိုင်ခွင့်အပေါ်မှာပဲကြည့်ကြည့် ထန်းသမားဝါအပေါ်မှာပဲ ကြည့်ကြည့် ကိုသာဖန်းက အစစ အရာရာ မဆိုးဘူးပြောပါတော့။ သည်တော့လည်း ကိုသာဖန်းက ထစုကလေးမှာတော့ ထတောလူကြီးပဲ။ ထတောအုပ်ပဲ။ ထတောထဲက အရေးအရာ အားလုံးမှာ ကိုသာဖန်းက အချု ပ်ပဲ။ ကိုသာဖန်းက ပြီးဆိုရင် ပြီးကြရတာများတယ်။ ` နင်တန်ဟဲ့ နင်တော်ဟဲ့ ´ ဆိုရင်လည်း နားထောင်ကြရတယ်။ ဘယ်ရပ်ရွာ လူကြီးဆီကိုမှ ထစုက အမှုကြီး အမှုငယ် ရောက်လာတယ်မရှိဘူး။ ထစုကလူတွေကလည်း ကိုသာဖန်းက ဖြူ ဆိုဖြူ မည်းဆိုမည်းလိုက်ကြတာပဲ။ အကြောင်းရယ်လို့ရှိလာရင် ထန်းသမားများ ဥတုမျှော်သလို ကိုသာဖန်းကိုပဲ မျှော်ကြတယ်။

ကိုသာဖန်းက သည်ထစုထဲမှာတော့ ထပလပ်( ထန်းပလပ်) ပေမယ့် နတ်ရုပ်ကိုး။

ကိုသာဖန်းရဲ့ အိမ်သူက မဒေါင်းရင်တဲ့။ အသံကြီးကျယ်သလောက် အာပေါင်အာရင်းကလည်း သန်သလားမပြောနဲ့။ ရှေးက ဇာတ်မင်းသားများ အသံပစ်လိုက်ရင် လှည်းထောက်ဆံမှန်တယ် ဆိုတာမျိုးပါပဲ။ ထန်းတောလုံးပေါက်အောင် အော်နိုင်တဲ့ အသံဆိုတော့ မဒေါင်းရင်ကို `ထတောကြား´ လို့ခေါ်ကြတယ်။ မဒေါင်းရင်စကားပြောရင် လက်သုံးစကားလေးတောင် ထည့်ပြောတတ်သေး။ `ဒေါင်းရင်တို့က မောင်းတင်ထားတာတော့် ´ တဲ့။ ထစုမှာ ရှိရှိသမျှကုန်သော ထန်းယောက်ျား ထန်းမိန်းမ မှန်သမျှ မဒေါင်းရင်နဲ့ မုန့်တစ်ဖဲ့ အလှည့်ကြုံဆိုသလို မကြုံရတဲ့သူ မရှိသလောက်ပဲ။ လင်တော်တဲ့ ကိုသာဖန်းတောင် မဒေါင်းရင်ရဲ့ အအော်အပြုက မလွတ်ချင်ဘူး။

မဒေါင်းရင်ကိုယ်တိုင်ကတော့ ထန်းမျိုးရိုးထဲက မဟုတ်ပါဘူး။ ထစုအနောက်ဘက်ဝေးဝေးက ခွေးတောက်ကုန်းရွာသူပါ။
မိဘတွေက မြေပိုင်ယာပိုင်မဟုတ်ပေသိ ယာနဲ့ကိုင်းနဲ့လုပ်စားရသူဆိုတော့ ခရေကောက်လိုက် စာခြောက်လိုက်ထဲကပါပဲ။ မြေပိုင်ယာပိုင် မဟုတ်သည့်တိုင် နွားကလေးတစ်ရှဉ်းနဲ့ လှည်းကလေးတစ်စီး ဖျစ်ဖျစ်မြည် ပိုင်ထားကြသူတွေဆိုတော့ မဒေါင်းရင်အဖေက နွားထွန်လိုက်စရာရှိလိုက်တယ် လှည်းတိုက်လိုက်စရာရှိရင်တိုက်တယ်။ မအေကပဲဆွတ် ပဲရိတ်က အစ တောင်သူကြီးတွေအိမ်မှာခေါ်ကောက်အလုပ်ကလေးတွေ လုပ်တဲ့အခါလုပ် ထန်းရည်ကလေး ခေါင်းတင်ရောင်းတဲ့အခါ ရောင်းပေါ့။

မဒေါင်းရင်ကတော့ မိန်းကလေးပေသိ ရွာဦးဆရာတော်ကျောင်းနေလိုက် ရသေးတယ်။ ဘုန်းကြီးကျောင်းက တန်းကုန်လို့
ကျောင်းကထွက်ရပြီ ဆိုကတည်းက မအေနဲ့ ဆေးဖက်ဝင်ရတော့တာပါပဲ။ ပဲနုတ် ပဲကောက် မြက်ရိတ် နွားစာစဉ်းလောက်ကတော့
ဒေါငိးရင်အဖို့ အပျော့ပေါ့။ ဖအေမအားတဲ့အခါ လှည်းငှားတောင် လိုက်လိုက်သေး တောင်သူလုပ်ငန်းကလေး နားချိန်များမတော့
မအေနဲ့အတူ ထရေချို ထရေခါး ခေါင်းရွက်ပြီး ရွာစဉ်လည်ရောင်းတယ်။ ကိုသာဖန်း နဲ့တွေ့ရတာလည်း ထန်းရည်ဖောက်သည်ယူရာက တွေ့ရတာပါ။ ကိုသာဖန်းက လူရိုး။ မယားမရှိပေမယ့် တင်းတိမ်တကာကာသမား။ မဒေါင်းရင်နဲ့တွေ့တော့ တင်းတိမ်လှပ်ရတော့တာပါပဲ။ သည်လိုနဲ့ ထန်းစုက ကိုသာဖန်းနဲ့ အကြောင်းပါတော့လည်း မဲဇလီက လက်ဖက်ဖြစ် လက်ဖက်က မဲဇလီဖြစ်ဆိုသလို မြူ အိုးကောက် ထန်းလျက်ချက် ထင်းရှာအကုန်ပါရတာပါပဲ။ အလုပ်များတော့ လက်ကြောတင်းတင်းနဲ့ ဒေါင်းတိမောင်းတိလုပ်နိုင်တာထား တခါတလေ ကိုသာဖန်းလုပ်နေတာကိုင်နေတာ အားမရလို့ထန်းပင်ပေါ်တက်ပြီး ထသီး ထခိုင်တောင် တက်ချိုင်ချင် ချိုင်သေးတာပါ။

ကိုသာဖန်းနဲ့မဒေါင်းရင် အကြောင်းပါကြတာလည်း ဆန်းတော့ အဆန်းသား။တစ်သက်လုံး ထန်းတောထဲကြီးပြီး ထန်းပင်တကာတက်လာရတဲ့ ကိုသာဖန်းကိုယ်တိုင်က ထန်းပင်ကြီးတစ်ပင်လိုပဲ။ အသားက ထပင်ရောင် ( ထန်းပင်စည်ရောင်) ပေါက်အောင်ကိုမည်းပြီး ကြမ်းတာထား အရပ်ငေါရောကြီးနိုင်ရတဲ့ အထဲ
ပလွေရိုးဒူးရှည်ကြီးနဲ့။ ဒါပေမယ့် ထန်းရည်ချို မယိုနိုင်တဲ့ ထန်းစလို ထန်းစကန်းတော့ မဟုတ်ပါဘူး။ ကိုသာဖန်းမို့ ထန်းပင်တက်ရင်
လွှားလွှား လွှားလွားနဲ့ ထန်းပင်ထိပ်ရောက်သွားတာများ သင်ပုတ်စင် ရှဉ့်တက်သလိုပါပဲ။

မဒေါင်းကတော့ကောတဲ့။ အပျိုဘဝတုန်းကသာ အပျိုရည်အပျိုသွေးကလေး ထွက်စဆိုတော့ သွားကလေး ယောင်ယောင်ခေါတာ မသိသာပေမယ့် ကလေးသုံးယောက်မအေဖြစ်လာတော့ သွားက ပါးချောင်ထဲက ငေါထွက်နေပြီ။ အသက်ကလေးကလည်း ထောက်လာပြန်ဆိုတော့ ပါးဆက်နားဆက်တွေဆိုတာများ ကျချင်တိုင်းကျရုံမကဘူး လူကလည်း ရင်ကော့ကြီးနဲ့ ဖြစ်လာတယ်။ သည်ကြားထဲ ထန်းလျက်ဖိုနားက ခွါရတယ်မရှိတော့ ငါးကျည်းခြောက်များကျပ်တိုက်ထားသလို မာကြောကြော နက်ကြုတ်ကြုတ်နဲ့။

သူတို့နှစ်ယောက်ညားကြတာ တောသူတောင်သား ပီပီ တစ်ယောက်ကိုတစ်ယောက်က လုပ်ရည်ကိုင်ရည်ကြည့်ကြရင်းက ဟန်လောက်မယ်ထင်လို့ ယူကြတာလည် ပါပါတယ်။ ထန်းသီးကြွေခိုက် ကျီးနားခိုက်မျိုး မဟုတ်ဘူး။
` ကိုရင်သာဖန်းလို ထန်းသမားယူလိုကတော့ ထန်းပေါတဲ့ ငတို့အရပ်မယ် ထမင်းမငတ်နိုင်ပေါင် ထနို့လှီးရင် ထရေကျမယ့်ဟာမျိုး … …´
မဒေါင်းရင်က ရွယ်တူချင်းတွေ့လို့ စကားရောက်ရင် အဲ့သလိုပြောတတ်သလို ကိုသာဖန်းကလည်း မဒေါင်းရင်နဲ့ ပက်သက်ရင်ရင် သူ့သဘောထားပြောတတ်တယ်။

“ ဒေါင်းရင်ကတော့ ထောင်းလဲ မနာ ကြိတ်လည်းမနာ ဆိုတာမျိုးဟ လက်ကြောများတင်းချက်တော့ လင့်အလုပ်တောင် လုလုပ်မယ့်မိန်းမမျိုး။ ဘီးလူးက ပွဲတော်အုပ် ဆက်ရမယ့်ဟာမျိုး ဆိုတော့ ထကြောထက်တောင် မာသေး´´
သည်လို သေချင်းပေါင်း ရှင်ချင်းပေါင်းလိုက်မယ်မဟဲ့ရယ်လို့ သူ့သဘောကျ ကိုယ့်သဘောကျ ညားကြရတဲ့ အိမ်ထောင်မျိုးဆိုတော့ သူတို့တွေးတဲ့ ထင်တဲ့အတိုင်း ပေါက်တာလည်း ကံကောင်းတယ်ဆိုရမှာပေါ့။

မနက်မိုးလင်းတာနဲ့ လင်စုံမယားဖက် သူ့အလုပ် ကိုယ့်အလုပ် သိပ်ခွဲနေတာ မဟုတ်တော့ဘူး။ ထန်းလျက်ချက်ရာ တည်သီးကန့်လန့် ဆိုတာမျိုး မရှိဘူး။ ကြုံရာလုပ်ကြတာပဲ။ မဒေါင်းရင်က လင်းကြက်တွန်သံတောင်မစောင့်ဘူး။ တောင်ပံခတ်သံကြားတာနဲ့ အိပ်ယာကငေါက်ကနဲ လူးလဲထတော့တာပဲ။ နောက်ဖေးနောက်ဖီသွားရင်း ထင်းခြောက်တစ်ပွေ့ ပွေ့လာတဲ့ပြီး မီးမွှေးဖို့ပြင်တယ်။ မီးဖိုချောင်ရယ် ဘာရယ်လို့ သပ်သပ်ခပ်ခပ်တော့ မရှိပါဘူး။တဲဘေးက အဆွယ်လေးအောက်မှာ မြေဆိုင်ခဲ သုံးလုံးခေါင်းချင်းဆိုင်ပြီး မီးဖိုလုပ် ချက်ပြုပ်လိုက်တာပါပဲ။ သည်အနားမှာပဲ ထမင်းဟင်းချက် သည်နားမှာပဲ ခုံဝိုင်းကလေးခင်းပြီး ထမင်းစား | စားသောက်ပြီးတော့လည်း ခုံးဝိုင်းပေါ် ဒီအတိုင်း ပစ်ထားလိုက်ကြတာပါပဲ။ အားတော့မှ ဂျွတ်တက်နေတဲ့ ပန်းကန်တွေ ရေပြန်နူးပြီးတိုက်တယ် ချွတ်တယ်။

သည်မီးဖိုလေးတောင် သက်တမ်းမနည်းတော့ဘူး။ ကိုရင်သာဖန်းနဲ့ အိမ်ထောင်ရယ်လို့ကျပြီးကတည်းက မီးဖိုဆိုတော့ အနှစ် နှစ်ဆယ်မဲ့မဲ့လောက် ရှိရောပေါ့။ တဲဘေးထောင်ထားတဲ့
စဉ့်အိုးကွဲ ပက်လက်ကြီးတောင် မြေထဲတစောင်းကျွံဝင်ပြီး ဗွက်တိုက်နေတာ အင်္ဂတေကိုင်ထားသလို မာတောင့်လို့။ စဉ့်အိုးဘေးက တီကျစ်စာပုံကြီးတောင်မှ ကြီးလှပေါ့။

ထင်းခြောက်တွေကို မီးဖိုထဲပစ်ထည့်ပြီး ထန်းလက်မိုး တံစက်မိတ်စွန်းတွေကြား ဒန်မီးခတ်စမ်းရှာတဲ့ တဂျွမ်းဂျွမ်းမြည်သံဟာ မဒေါင်းရင်တို့အိမ်ကမနက်ခင်းသီချင်းပဲ။ မီးမွှေး ရေနွေးအိုးတစ်လုံးကျိုထားရင်း ဆီချေးမည်းမည်း ဖင်ထူထူ သံဒယ်ပိုင်းထဲဆီနံ့အောက်ပွတ်ပြီး ညကကျန်တဲ့ ထမင်းကြမ်းတွေ ခြေထည့်။ ရေနွေးပွက်တော့ လက်ဖက်ခြောက် တစ်ဆုပ်ခပ်ထည့်ပြီး မီးဖိုဘေးချ နှပ်ထား။ ထမင်းဒယ်ဝိုင်း မီးဖိုပေါ်တင်ပြီး သံယောက်မနဲ့ မွှေရင်းနှောက်ရင်း အိပ်ယာထဲက ကိုသာဖန်းကို လှမ်းနိုးတယ်။

“ ကိုရင် … အို– ကိုရင် ´´

မဒေါင်းရင်နိုးသံကြားတာနဲ့ ကိုသာဖန်းကလည်း အိပ်ယာက ငုတ်ခနဲထလိုက်တာပဲ။ ရေတစ်မုတ်နဲ့ မျက်နှာလေး ခြိုးခြံသစ်
ရေနွေးကြမ်းနဲ့ ထမင်းကြော်စားပြီးတာနဲ့ ဓားနှီးခါးချိတ် ညှပ်တွေ ကလိုင်တွေဆွဲပြီး ထန်းပင်တွေဘက် ထွက်လာတာပါပဲ။ ရောင်နီကလေးကလည်း အရှေ့ ထန်းတောကြားက ပျို့လာပြီ။ ကိုသာဖန်းကလည်း ထန်းတက်ဖို့ အဆင်သင့်ဖြစ်ပြီ။
ကိုသာဖန်း ထတောတဲမဝင်ခင် မထင်းကြော်စားနေတုန်းမဒေါင်းရင်က အငြိမ်မနေပါဘူး။ မနေ့ညက ဆေးကြောမီးဖုတ်ထားတဲ့ မြူ အိုးတွေကို တစ်လုံးချင်းချပြီး ပြာတွေ ဖုန်မုန့်တွေ စင်အောင် အဝတ်ခြောက်နဲ့ သုပ်ခါတယ်။ မြူ အိုးကို `ကြိုဖြေ´ တစ်ကွင်းစီ လိုက်တပ်တယ်။ ပြီးရင် ထုံးရည်ကျဲကျဲခပ်တယ်။ ထုံးရည်ခပ်ရတာ ထန်းရေချိုကြဘ်လင်အောင်လို့ပါ။ တာရှည်လည်း အထားခံတယ်။ ထုံးရည်ခပ်တဲ့နေရာမယ် များလွန်းသွားရင်လည်း ထရေချိုကနီရဲ သွားတတ်တယ်။ ထန်းလျက်ချက်ရာမှာလည်း ခဏ ခဏ ဝေကျတတ်တယ်။ ထန်းလျက်လည်း အရောင်မလှဘူး။ ဒါတွေကြောင့် မဒေါင်းရင် ထုံးရည်ကို သူကိုယ်တိုင်ပဲ ခတ်တယ်။ ပြီးပြီဆို
ရင်မြူ အိုးတွေကို စုချည်ပြီး ထမ်းပိုးမှာ ကွင်းစွပ်ချည်ပေးထားတယ်။ ကိုသာဖန်းက အသာကောက်မရုံပဲ။ ကိုသာဖန်းထွက်သွားပြီဆိုမှ ကလေးတွေကို တစ်ခါနိုးရတယ်။

“ ဟဲ့ ဗေဒါမတို့ ရွှေကြာမတို့ ထကြတော့ ။ ဖအေကြီးတောင်ထန်းတက်သွားပြီ။ ဧရာလည်းထ ထမင်းကြော်စားကြ။မရိုးကောက် နောက်ကျနေမယ်”

မရိုးကောက်ဆိုတာ မြူ အိုးကောက်တာကို အလွယ်ခေါ်တာပါ။ ကိုသာဖန်းထန်းပင်ပေါ်က ချပေးသမျှ မြူ အိုးတွေကို ထန်းပင်အောက်က စောင့်ပြီး ဆီးယူရတယ်။ ထန်းပင်လေးငါးပင်လောက် စောင့်ယူပြီးရင် ထန်းရည်မြူ အိုးတွေကို တဲဘက်တစ်ခေါက်ပြန်ပို့ရတယ်။ ပြီးရင်ထန်းတောဘက်ပြန်လာ။ နောက်ထပ်ကျလာတဲ့ ထန်းရည်မြူ အိုးတွေကို စောင့်ယူပြီးရင် တဲဘက်ပြန်ပို့။သည်ပို့ခြင်း ယူခြင်းအလုပ်ကို မဒေါင်းရင်သူတစ်ယောက်တည်း
ဒူးရိုးဂေါင်ဂင်မြည်အောင်လုပ်ရတယ်။

အကြီးဆုံးဗေဒါမဆိုရင် ထတောထဲမွေး ထတောထဲကြီးလို့ ထတောထဲမှာပဲ အပျိုဖော်ကလေးဝင်နေပြီ။ ထန်းစကားနဲ့ ပြောရ ရင် သမီးလှအရွယ်ဆိုတော့ တဲမှာပဲ မအေဖြစ်သူ မဒေါင်းရင်နဲ့မင်းစာတစ်ဝက် စိုးတစ်ဝက်ဆိုသလို အလုပ်တွေ ကူရတာပေါ့။
ထန်းရည်ချိုတွေက ထန်းစစ်ခံထားတဲ့ ပေါင်းချောင်နဲ့ စစ်ရတယ်။
ထရေချိုလှယ်ထားတဲ့ မြူ အိုးတွေကို ရေစင်အောင်ဆေးပြီး မှောက်
ရတယ်။ ညနေစောင်းရင် မြူ အိုးတွေကို မီးဖုတ်ရတယ်။ နေ့လယ်ဘက်မှာ မအေထန်းလျက်ချက်ရာ ကူရသေးတယ်။ အငယ်နှစ်ယောက်ကတော့ အရှေ့ရွာက မူလတန်းကျောင်းမှာ ကျောင်းတက်နေကြတုန်း။ ကျောင်းအားရက်တွေမှာ ထန်းတောထဲ ဝိုင်းကူတတ်ကြပါတယ်။

အခုလို တပေါင်း တခူး ကဆုန်ကတွေက ထန်းသမားတွေ ယားလို့တောင်မကုတ်အားဘူးဆိုတဲ့ အချိန်တွေပေါ့။ ထန်းဖိုညှပ်ရာသီနဲ့ ထန်းမပင်တွေ ယောင်ထုချိန်က မကွာတော့ ကိုသာဖန်းတို့လို ထန်းသမားများ နေရောင် စုံးစုံးမြုပ်တဲ့အထိ အလုပ်နဲ့ လက်ပြတ်ရတယ်မရှိဘူး။ တစ်ခါတလေ အခန့်မသင့်ရင် ညဘက်မှာ မီးထိုးပြီး ထန်းတက်ရတာများတောင်ရှိသေး။ မဒေါင်းရင်ခမျာ ထန်းပင်မတက်ရရုံတမည် ထန်းသမားနဲ့အပြိုင် အောက်မှာအလုပ်များရတာပါပဲ။ ကိုသာဖန်းထန်းပင်ပေါ်က မဆင်းမချင်း မဒေါင်းရင်မှာ မရိုးကောက်နေရတာဆိုတော့ ကိုသာဖန်းအလုပ်မသိမ်းမချင်းမဒေါင်းရင်ကလည်း လက်စသတ်လို့မရပဲကိုး။ညမိုးချုပ်လို့ ထန်းလျက်မချက်နိုင်တော့ရင်တောင် စုလာသမျှ ညရည်တွေကို မီးအေးကလေးနဲ့ လှုံ့ထားရသေးတာ။ လှုံ့တယ်ဆိုတာ ထန်းရည်အချဉ်နံ့မပေါက်အောင် ရေဓာတ်ကလေးပြယ်အောင် နွှေးထားရတဲ့ သဘောပါ။ ဒီလို လှုံ့ထားမှ ထန်းလျက်ချက်တော့ အချဉ်နံမထွက်မှာကိုး။ ပြီးရင် မြူ အိုးဖုတ်ဖို့ အလုပ်ကရှိသေး။

ဆိုးတာက ဒီလိုထန်းရာသီချိန်ဆိုတာ လေပြင်းက မထင်ရင်မထင်သလို ကျလာတတ်လေတော့ ထန်းသမားတွေမှာ မပြောကောင်း မဆိုကောင်းဖြစ်တတ်ကြတယ်။ `ရာသီမပိုင် ထန်းမကိုင်´ နဲ့လို့တောင် ဆိုကြတာ မဟုတ်လား။ ထန်းပင်ဆိုတာ ဥတုပြင်သမျှ နုရတာမျိုးပါ။ အပူဒဏ်ခံနိုင်စွမ်းရှိတဲ့ အပင်ဆိုပေသိ ပူလွန်းပြန်တော့လည်း ထန်းရည်ကအယိုနည်းတတ်ပြန်လို့ နွေပူပူရာသီထဲမှာ ရှားရှားပါးပါးဝင်လာတဲ့ အေးမြတဲ့ဥတုကလေးရပါမှ ထန်းရည်သက်တာလည်းရှိတယ်။ လေချိန်မိုးချိန်များကြတော့လည်းကိုသာဖန်းတို့ ထန်းသမားတွေ စိတ်အပင်ပန်းရဆုံးပေါ့။ လေမှုန်ပြီဆိုလိုကတော့ ထန်းပင်ကျောက်ချတကိဖို့ စိတ်မကူးဝံ့ဘူး။ လေပြင်းကျမယ့်နမိတ်ဖြစ်တဲ့ ရှေ့တော်ပြေ ကင်းစမ်းလေကလေးလာရင် ထန်းလှီးနေရာကနေ သုတ်ကနဲဆင်းနိုင်ဖို့ပြင်ကြရပြီ။ ထန်းပင်ဆိုတာကလေတိုးတိုင်း ယိမ်းထိုးယမ်းခါနေတတ်တော့ အန္တရာယ်ဆိုတာ အခါမရွေး ကျနိုင်တာမျိုး။
လေကြောကြီးရှည်လို့ ည မိုးချုပ်သွားရင် လေအငြိမ်စောင့်ပြီး ည ထန်းလှီးကြရတော့တာပါ။ သည်အခါမျိုးဆိုရင် ထန်းပင်အောက်ကနေ မဒေါင်းရင်က လက်နှိပ်ဓာတ်မီးထိုးပြရတယ်။ တခါတလေ ဓာတ်မီးက ဓာတ်ခဲအားကုန်သွားရင် ထန်းပင်ခြေမှာ ရွက်ယောင်းခြောက်တွေ မီးစုရှို့ပြီး ရနိုင်သမျှအလင်းနဲ့တောင် ပြရသေးရဲ့။ ကိုသားဖန်းထန်းပင်ပေါ်က မဆင်းသရွေ့ မဒေါင်းရင်
ကလည်း အိမ်ပြန်ဖို့ စိတ်မကူးဝံ့ဘူး။ လှေကွဲနဲ့လိုင်းမရသလိုပါပဲ။ ထန်းအလုပ်ဆိုတာ ` သွားတစ်ထိုင် ထိုင်ခဏ အချိန်းနဲ့ အမျှ ပင်ပန်းဆင်းရဲကြတာဆိုတော့ တစ်ယောက်ကို ဆစ်ယောက်ညာကြရတယိ။ ထန်းပင်ကို ထန်းရွက်မိုးပေမယ် မိုးလုံတာ မဟုတ်ဘူးကို..

သည်ကနေ့တော့ မဒေါင်းရင်မြို့ပွဲရုံတွေဘက်သွားလို့ ဇေဒါမက မအေ့အလုပ်တွေဖြစ်တဲ့ မြူ အိုးကောက်ဝင်ရတယ်။ ထန်းလျက်ချက်ရတယ်။ မြူ အိုးဖုတ်ရတယ်။ ကိုသာဖန်းလည်း ထန်းလှီးပြီးပြီ။ အငယ်နှစ်ယောက်လည်း ကျောင်းကပြန်လာကြလို့ ဗေဒါမကို ကူနိုင်သလောက်ကူကြတယ်။ ထတောကြီး တစ်တောလုံးမီးခိုးမှိုင်းတွေ ဝေလို့။ ကိုသာဖန်းကတော့ တဲရှေ့ ဘူးစင်ကလေးအောက်က ထန်းငုတ်ဟောင်းပေါ် ထိုင်ရင်းနဲ့ မဒေါင်းရင် အပြန်လမ်းကို လှမ်းမျှော်ကြည့်နေတယ်။
သည်ကနေ မဒေါင်းရင်မြို့ကိုသွားတာ ခါတိုင်းလို ထန်းလျက်ပွဲရုံတင်လောက်မဟုတ်ဘူး။ တခြားအလုပ်ကလေးလည်း ပါတယ်ဆိုတာ သူအသိ။ ကိုသာဖန်းနဲ့မဒေါင်းရင်ညားတဲ့ အနှစ် နှစ်ဆယ်လောက် ကာလတွေအတွင်းမှာ မဒေါင်းရင်မြို့ဘက်ကို သွားဖန်များလှပေါ့။ ခါတိုင်း မမျှော်ခဲ့ရပေါင်။ သည်ကနေကျမှ မဒေါင်းရင်ကို ကိုသာဖန်း မျှော်နေမိတယ်။ မဒေါင်းရင် ပြောတတ်တဲ့ စကားတွေကိုလည်း ကြားယောင်မိပါရဲ့။
“ ကိုရင်သာဖန်းရယ် ကျုပ်ဝတ်ချင်စားချင်လို့ပြောတာမဟုတ်ပါဘူး တော် လှချင်ပချင်စိတ် ဆိုသဟာများတော့ ဝေးရော့ ကျုပ်တစ်သက်ဖြင့်မသေခင်စပ်ကြား နားကပ်ကလေးတစ်ရန်လောက်တော့ ဝတ်ဖူးတယ်ရှိအောင် ဝတ်ကြည့်စမ်းချင်လှတော် တကယ်ပဲ´´

မဒေါင်းရင်ပူဆာတယ်ဆိုလည်း ပူဆာထိုက်ပါပေရဲ့။ ခမျာ အပျိုဘဝနဲ့ တစ်ယောက် တစ်ယောက် မေတ္တာရှိကြပြီဆိုကတည်းက နားပေါက်ဟောင်းလောင်းနဲ့ လိုက်သာလာခဲ့ရတာ။ သူနဲ့ညားပြီဆိုတော့လည်း နားပေါက်သာပိတ်သွားရော နားကပ်ဆိုတာ ချိုနဲ့လားကွဲ့ကိုး။ ထန်းသမားမယားရယ်လို့ ရွှေနဲ့ ငွေနဲ့ အခြေနဲ့အနေနဲ့ မနေရဘူးလို့တော့ ဘယ်ရှိပါ့မလဲ။ ကိုသာဖန်းတို့မှာ စားဝတ်နေရေးရယ်လို့ အကျပ်တည်းကြီးမဟုတ်ပေမယ့် အချိန်တန်မီးဖိုက မီးခိုးထွက်နိုင်အောင် လုပ်ဟယ်ကိုင်ဟယ်နဲ့ တစ်ချက်ကလေးမှ မနားရအောင် လုပ်ခဲ့ရတာပါပဲ။ သားသမီးသုံးယောက်နဲ့ ပေါင်းရင်ငါးယောက်အိုးကြီး မီးပြင်းခိုက် ရေမလိုက်နိုင် ဆိုသလိုပဲ။ ထန်းသမားဘဝနဲ့ ကြာမှောက်ကြာလှန် တတ်စွမ်းသမျှ သူရှာကျွေးနေတာပဲ။ မစားရလေခြင်း မသောက်ရလေခြင်းရယ်လို့တော့ မရှိခဲ့ရပါဘူး။ ဒါပေမယ့် ရွှေတွဲလဲ ငွေတွဲလဲဆင်ဖို့ဆိုတာ သူ့အလိုတော့ စိတ်ကူးထဲတောင် ထည့်မယဉ်တတ်ခဲ့တာ အမှန်ပဲ။

မဒေါင်းရင်ကတော့ မိန်းမသားမဟုတ်လား။ ထစုကလေးထဲမှာ သူတို့က ကွေးကွေးကြားက ကောက်ကောက်ဆိုတဲ့
ဂုဏ်ကလေးကလည်း ခံနေလေတော့ ရွှေနားပွင့်ကလေးလောက်ပန်ချင်ရှာပေလိမ့်မယ်။ နားပေါက်ဟောင်းလောင်းကို အနှစ်နှစ်ဆယ်လောက် ပစ်ထားရတယ်ဆိုတာလည်း မကောင်လှဘူးပေါ့လေ။

သည်နှစ်တော့ ဖြစ်ချင်ရာ ဖြစ်ကရော့ ။ မနှစ်ကလုပ်ငန်းကောင်းတဲ့ အရှိန်ကလေးနဲ့ ထန်းဖိုဦးပေါ်ကတည်းကရတဲ့ ထန်းလျက်ကလေး မြို့တက်ရောင်းပြီး မဒေါင်းရင်အတွက် နားကပ်တစ်ရန်ဆင်ရတော့တာပေါ့။ ထဖိုဦးထန်းလျက်က တပို့တွဲလကုန်လောက်
ကတည်းက ထန်းဖိုနုရစ်ရလို့ ယိုတဲ့ ထဖိုနုရည်ကလေးကို ကျိုတဲ့ထန်းလျက်ဆိုတော့ ပေါ်ဦးပေါ်ဖျား စျေးကောင်းလည်းရတတ်တယ်
ထဖိုနုထန်းလျက်ကို လူတွေကလည်း မက်စက်ကြတယ်။ ခေတ်ကာလရွှေစျေးနဲ့ နားကပ်တစ်ရန်ဖိုးတော့ ရကောင်းစေ့ အောင်းမေ့ရတာပါပဲ။
“ ဟော အမေပြန်လာပြီတော့် ´´

ရွှေကြာမ မြူ အိုးတွေ စီနေရာက သူ့အမေပြန်လာတဲ့ ထန်းတော့စပ်ကို အပြေးသွားကြိုတယ်။ မဒေါင်းရင်က ထန်းခေါက်တောင်ကြီး ခေါင်းတင်ရွက်ပြီး ချွေးတွေ သံတွေနဲ့ တဲပြန်ရောက်တော့နေကြီးစုံးစုံးချုပ်ပြီ။
“ နင့်မလဲ ကြာလိုက်သာဟာ ကတည်း တကယ့်နေကျခါမှ …´´

ကိုသာဖန်း ဗျစ်တီးဗျစ်တောက် ပြောလိုက်တဲ့ အဓိပ္ပါယ်ကို မဒေါင်းရက်ကလည်း သိလိုက်တာမှ။ ရွှေထည်ပစ္စည်းကလေးနဲ့ ဆိုတော့ လမ်းပန်းကိစ္စ ပူရှာတဲ့ သဘောပါတာကိုး။
“ ကျုပ်လည်း ခါတိုင်းလို ဇီးတောက ထွေလာဂျီနဲ့ လိုက်လာသာပါပဲ တော် သည်ဘက်ကျတော့ ရောက်ချက်ဇောနဲ့ သုတ်သုတ်ပါအောင် လျှောကိခဲ့တာပါပဲ။ ဘယ့်နှဲ့ကြောင့် နောက်ကျသလဲ ပြောတတ်ပါဘူး ´´
ခါတိုင်းဒီလိုများ ကိုသာဖန်းက ငေါက်လို့များတော့ ကတ်ကတ်လန်အောင် ပြန်ပြောနေကျ။ ကနေ့တော့ လေပြေကလေးတင်မကဘူး အသံတောင်အဖျားနွဲ့ကလေးနဲ့။

“ ကိုင်း ကိုင်း…… ပြစမ်းပါဦး နင့်ဥစ္စာ ´´
မြေကြီးပေါ်ချထားတဲ့ ထန်းခေါက်တောင်းကြီးဘေး တစ်မိသားစုလုံး ဝိုင်းထိုင်နေကြတာပေမယ့် ထန်းခေါက်တောင်းကြီးကိုဘယ်သူမှ စိတ်မဝင်စားကြဘူး။ မဒေါင်းရင်နားမှာ လောလောလတ်လတ်ဖေါက်လာခဲ့တဲ့ သွေးစို့နေတဲ့ နားပေါက်ကို မျက်လုံးရှစ်လုံးနဲ့ ပြူးကြည့်နေကြလေရဲ့။ မဒေါင်းရင်က အပေါ်အိင်္ကျိကိုလှန်ပြီး
ချွေးခံအိင်္ကျီအိတ်ထဲမှာ အပ်ချိတ်နဲ့ အသေအချာ တွယ်ယူလာတဲ့အိတ်ကလေးကို ထုတ်လိုက်တယ်။ အိတ်ကလေးကို ဖြေလိုက်တော့ ကော်ဘူးနီနီဝိုင်းဝိုင်းကလေး ထွက်လာတယ်။ အဲသည်ကော်ဘူးကိုလည်း မျက်တောင်မခတ်တမ်း စိုက်ကြည့်ကြလို့။ ကော်ဘူးကလေးကိုဖွင့်လိုက်တော့ ထန်းပင်တွေကြားက တစောင်းကျနေတဲ့ နေဝင်အလင်းတန်းကြောင့် ခြယ်နားကပ်ကလေး လက်ခနဲ မြင်လိုက်ကြရော။ ။

” ဘယ်လောက် ကျခဲ့သာတုံး”

ကိုသာဖန်းက မယားကို ရွှေဆင်နိုင်ပြီဆိုတဲ့စိတ်နဲ့ ဝမ်းသာလုံးဆို့သံကြီးပါလို့။ သူ့တစ်သက် ထန်းတက်လာခဲ့တာ သည်နှစ်တော့ ရွှေကလေးတောင်စုမိပါရော ဆိုတဲ့ အခံကလေးနဲ့ ဝမ်းသခွပ်ထနေတာကိုး။

” သုံးသောင်းနဲမှ နှစ်ထောင်တော် သည့်ထက်ချိုလိုကတော့ နားကပ်ရယ်လို့ ပန်မဖြစ်ဘူး ရွှေစျေးကလည်း ကြီးချက်တော် …”

” ဟ…… သောက်ကျိုးနည်း သဟာလေးကို အဲ့သလောက်ပေးခဲ့ရသာလား ထညက် ( ထန်းလျက်) ပါသွားသာနဲ့ အံမကိုက်
လောက်ပါဘူး နင့်ဟာ ဘယ့်နှယ်လုပ်ဝယ်ခဲ့တုံး”

” ကုန်စုံဆိုင်က မစိန်သုံကိုယ်တိုင်က လိုက်လုပ်ပေးသာ ဗမာရွှေလေ တရုတ်ရွှေက ကုန်နုပ်မရောင်းဘူးတဲ့ ထညက်ဖိုးက နှစ်
သောင်းကျော်ကလေးရသာဆိုတော့ မစိန်သုံက ကျန်တာစိုက်လုပ်ပေးလိုက်သယ် နောက်တစ်ခါ သွင်းတဲ့ ထညက်ဖိုးထဲက နှိမ်ပေးရမှာပေါ့ ကျုပ်လည်း ပစ္စည်းအဖတ်တင်အောင် ခေါင်းညိတ်ခဲ့သယ်’

ကိုသာဖန်းကတော့ တပို့တွဲလ ချမ်းချမ်းစီးစီးကြီးထဲ ထန်းပင်ပေါ်တက် ကလိုင်ပေါ်ခွထိုင်ပြီး ဓားပွင့်နဲ့ အနုရစ်ခဲ့ရတဲ့ ထန်းစကလေးတွေကို မြင်ယောင်လာမိတယ်။ ‘ ထန်းဖိုနု အပျိုထက်ယု’ ဆိုသလို သူတယုတယ ကိုင်ပြီးရစ်ခဲ့ရတဲ့ ထန်းစကလေးတွေက ထွက်တဲ့ ထဖိုနုထန်းလျက်ဖွေးဖွေးက ဘဝပြောင်းလာတဲ့ ရွှေကိုး။ ရွှေ ရွှေနဲ့ ထိုက်မှရတာမျိုးပါလား။ ကိုသာဖန်းကတော့ လေပူကြီးမှုတ်ထုတ်လိုက်ပြီး မယားဖြစ်သူရဲ့ နားပေါက်ကိုပဲ ကြည့်နေတော့တယ်။

” အေးလေ ဘာတတ်နိုင်မှာတုန်း သခွပ်ပွင့်များလို တစ်ပြည်ပြုတ်မှ တစ်ဆုပ်လောက် ရသာကိုးဟ သည်လိုပေါ့ နားပေါက်ဟောင်းလောင်းဘဝကတော့ ကျွတ်ပကောပေါ့ဟာ ကိုင်း ကိုင်း
နားကပ်ဝတ်ပြပါဦး ကြည့်စမ်းပါရစီ”

ကိုသာဖန်းစကားတောင်မဆုံးသေးပါဘူး။ မဒေါင်းရင် နားကပ်လေးနှစ်ဖက်ကို ဖျိုးဖျိုးဖျတ်ဖျတ်ဝတ်ပြလိုက်တယ်။ နားဖောက်က လောလောလတ်လတ်ဖေါက်လာတာဆိုတော့ အထိမခံနိုင်အောင်နာတဲ့ကြားက ဆိုးဆိုးဆတ်ဆတ် ဝတ်ပြလိုက်တာပါပဲ။

အဲသည်ညနေက ညစာထမင်းဝိုင်းမှာ ခါတိုင်းလို ထမင်းကောင်းကောင်း မစားမိကြပါဘူး။ တစ်မိသားစုလုံးက မဒေါင်းရင်ကို အဖိုးတန်ပစ္စည်းကြီးတစ်ခုလို ငေးကြည့်နေကြတော့တာပေါ့။ ဗေဒါမတို့ ရွှေကြာမတို့ဆိုရင် မိန်းကလေးတွေပီပီ သူ့အမေနားက နားကပ်ကလေးကို လျှောက်ကိုင်ကြည့်လား ကြည့်ကြရဲ့။
အကြီးမကနေရာတောင် ဦးလိုက်သေး။

” အဖေ သည်တခါ ကျုပ်အလှည့်နော် ”

အဲသည်ညက စားတဲ့ ထမင်းတောင်ကောင်းကောင်းမဝင်ကြရုံမကဘူး။ ညအိပ်တော့လည်း နားကပ်ကလေး စိတ်မချတာနဲ့ တဖျပ်ဖျပ် နိုးကြရသေးတာ။ အိပ်ရာဝင်တော့ နားက တစစ်စစ်ကိုက်လာတာနဲ့ မဒေါင်းရင်ကလည်း နားကပ်ကလေးစမ်းချွတ် လက်ကိုင်ပုဝါနဲ့ စုချည် ခေါင်းအုံးအောက် ထားအိပ်ရတယ်။ နိုးတိုင်း ထ ထ စမ်းရတာလည်း အမော။
မဒေါင်းရင် နားကပ်ကလေး လုပ်လာသတဲ့ ဆိုတဲ့ သတင်းက ထစုကလေးးတစ်ခုလုံး သိမ့်ကနဲပြန့်သွားလိုက်တာ မနက်မကူးဘူး။
ထစုကလေးထဲကို ညနေတိုင်း ထန်းရည်လာသောက်ကြတဲ့သူတွေရှိပေမယ့် ကိုသာဖန်းတို့တဲကိုပဲ ပုံမှန်လာတတ်တဲ့ ဖောက်သည်က မဲကြီးတို့လူစုပဲ။
မဲကြီးဆိုတာ ထစုနောက်ဘက်နား ခရီးတိုင်ဝက်လောက်ဝေးတဲ့ အင်းမကြီးရွာသား။ သည်နယ်တစ်ဝှိုက်ကတော့ အင်းမဂျီးလို့ပဲ ခေါ်ကြတယ်။ မဲကြီးက အင်းမဂျီးသား ဓမ္မစစ်လားဆိုတော့ မဟုတ်ပြန်ဘူး။ မြင်းခြံဘက်ကနေ သည်ဘက်နယ်ကို ထန်းလာတက်ရင်းက အင်းမဂျီးသူ မကြော့တင်နဲ့ အိမ်ထောင်ကျပြီး အင်းမဂျီးသားဖြစ်ရတာ။ မဲကြီးက ထန်းသမားဘဝကလာတာပေမယ့် အိမ်ထောင်ရက်သားကျပြီးကတည်းက ထန်းမတက်တော့ဘူး။ ယောက်ခမများရဲ့ စီးပွားရေး တောင်သူအလုပ်လည်း ဟုတ်တိပတ်တိစိတ်ဝင်စားတာမဟုတ်ဘူး။ နွားပွဲစားယောင်ယောင် ပဲပွဲစားယောင်ယောင်နဲ့ အိတ်ထောင်ထဲ ပိုက်ဆံကပ်ပြီး ပေတေနေတာများတယ်
ဒါပေမယ့် မဲကြီးက ဟိတ်လေးဟန်လေးကလည်းရှိလက်စလက်နကလေးကလည်းရှိတဲ့သူဆိုတော့ ထစ်ခနဲရှိရင်သူပဲ။
အင်းမဂျီးသား မိုက်သဟဲ့ ဆိုတဲ့သတင်းကလည်း ရှိတယ်။ လေလည်းထွားထွား ဆိုတော့ ထရေအိုးနဲ့ တရားဟောဆိုသလိုပေါ့။ စုန်းရှိမှရွာတညိဆိုသလို ရွာတွေမှာလည်း လူမိုက်တစ်ယောက်ကတော့ရှိကြတာပါပဲ။ ကိုယ့်ရွာမှာ ရွာခံလူမိုက်ရှိတော့ တော်ရုံတန်ရုံတခြားက လာမစော်ကားဝံ့တာလည်းပါတယ်။ မဲကြီးကို လိုတာ
ထက် ပိုမြှောက်ကြရာက မဲကြီးလည်း မိုက်ရတော့တာပါ။
အဲဒီမဲကြီးကို မကြောက်သူဆိုလို့ ထစုက မဒေါင်းရင်ပဲရှိတယ်လို့ပြောရင် မဲကြီးက မနာဘူး။ ပြုံးတောင် ပြုံးနေသေးတာပါ။
မဒေါင်းရင်ကို ထရေအကြွေးမပေးနိုင်တဲ့ ရက်တွေများလာရင် မဒေါင်းရင်ရဲ့ အဆဲအဆိုတောင် ခံရသေးတာလေ။

” ဟဲ့ မဲကြီး သေနာ ထရေကြွေးလေးဘာလေး ဆပ်ဦးလေ ရွာစွန်ရွာဖျားမှာ သက်ဦးဆံညွှန့်လုပ်စားရတာဟဲ့ ထရေကြွေးကလေးမှ မဆပ်တော့ ငတို့ကဘာနဲ့ စားရမှာတုံး အကြွေးတစ်ဖြတ်တော့ ဆပ်ဦးမှပေါ့ ကာလနာရဲ့”

ထရေသမားများ ထရေမသောက်မှာတော့ အကြောက်သား။ထရေငတ်မှာစိုးတော့ သည်နေရာမှာ မဲကြီးလူမိုက်မလုပ်ဝံ့ဘူး။မဒေါင်းရင်နဲ့ တုဖက်အော်နေလို့ကလည်း မဖြစ်တော့ မျက်နှာချိုသွေးရတယ်။ မဒေါင်းရင်ကလည်း မထင်ရင် လုံးသတ်ဝံ့တဲ့ မိန်းမမျိုးမဟုတ်လား။

” မနက်ဖြန်ယူပါဗျာ မမဒေါင်းတို့များ ကိုယ့်မောင်ကိုမသထာတော့ ဘူးထင်ပါရဲ့”

” သထာနိုင်ပေါင်တော် နင်ကဘာကောင်မို့တုံး မနက်ဖြန် နင့်ကတိနင်တည်ပစေ မဟုတ်လို့ကတော့ ဒေါင်းရင်တို့က မောင်းတင်ထားပြီးသာမှတ် မပွေးကိုက်”

အဲသလို ကျိန်ဆဲလို့များ မဲကြီးက ရှက်စိတ်နဲ့ ထရမ်းမယ် ထင်သလား။ မမဒေါင်း မမဒေါင်းနဲ့ ဒေါင်းချင်းတောင် ထပ်နေလိုက်သေး။ ထရေကြပ်ကြပ်မူးလေ ကြပ်ကြပ်ချော့လေပဲ။

တစ်လျှောက်လုံး နိုင်ချင်တိုင်းနိုင် ဆဲချင်တိုင်းဆဲခဲ့တဲ့ မဲကြီးကို နားကပ်ကလေး ဝတ်ရတဲ့နေကစပြီး မဒေါင်းရင်က ပြန်ချော့နေရပြီ။ မဲကြီးရော ပါလာတဲ့ ထရေသောက်ဖော်တွေကရော မထင်ရင် မထင်သလို အနုကြမ်းစီးရင် အခက်လို့ တွေးမိတာလည်းပါရဲ့။
မဲကြီးကတော့ ခါတိုင်းလို သူ့ထတဲကို ပုံမှန်လာတာပါပဲ။ မဒေါင်းရင်ကို စမြဲတိုင်း စ နောက်မြဲတိုင်း နောက် ချော့မြဲတိုင်း ချော့ နေတာပါပဲ။ ထရေကြွေးကလည်း မူတိုး ပဲတိုးနဲ့ များလှပြီ။
” မဲကြီး ကနေ့မိုးချုပ်လှကြီးလားဟဲ့ ငါ့မောင် ကနေ့တော့ အစ်မတို့တဲ မလာတော့ဘူးတောင်ထင်နေတာ လာလာ မင်းအကြိုက်ပင်ကျနေကျော်လေး သတ်သတ်တောင်ဖယ်ထားသေးတာ”
ပင်ကျနေကျော်ဆိုတာ ထန်းပင်ပေါ်က ချလာတဲ့ ထန်းရည်ကိုတစ်နေကုန် နေကျော်အောင် အရိပ်အေးမှာထား။ ညနေစောင်းတော့မှ ငှက်ခါးတောင်လို စိမ်းဖန့်နေတဲ့ ထန်းရည်ခါးပါ။ ထန်းစက တစ်စက်စက်ကျနေတဲ့ ထရေချိုက မြု အိုးထဲက ထန်းရည်အလျင်နဲ့တွေ့တော့ ထရေခါးဖြစ်သွားတာပေါ့။ ပင်ကျရည် ဆိုကြရဲ့။ အချိန်အခါလိုက်လို့ ထရေက ပြင်းခါးလိုက်သွားတတ်တာမျိုး။ ရဟန်းကြီးကြိုက်။ ပုစွန်ဆိတ် ခုန်။ အနည်ထိုင် ပင်ကျရေတဲ့။ ပင်ကျနေကျော်တဲ့။ ပင်ကျနေကျော်ကတော့ ပြင်းပြင်းခါးခါးဆိုတော့ မဲကြီးတို့လို ထရေသောက် ရင့်သူတွေက ကြိုက်ကြတယ်။

” အဲ့ သဟာတွေကြောင့် ကိုကြီးသာဖန်းတို့ မမဒေါင်းတို့ထရေ မသောက်ပဲကို မနေနိုင်သာ။ ထရေကြွေးလောက်တော့ မပူစမ်းပါနဲ့ဗျာ ။ မဲကြီးတို့က ပိုက်ဆံများတော့ လက်ဖျောက်တစ်ချက်မတီးရပ်ဘူး။ မသကာ ဘယ်ကမှရစရာမရှိရင် မမဒေါင်းနားက နားကပ်ချွတ်ရုံပေါ့”
မဲကြီးက စရိုးစဉ်စတာလည်း ဖြစ်မှာပေါ့။ တကယ်ပဲ စိတ်ထဲရှိလို့ ပြောတာလည်း ဖြစ်ချင် ဖြစ်မှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် မဒေါင်းရင်မှာ ရင်ထဲ ထိတ်ခနဲ ပြာကနဲ ဖြစ်သွားရတာတော့အမှန်ပဲ။
ညဘက်တောင် မဟုတ်ပါဘူး ။ ထတောထဲမှောင်ကြီးကျလာတယ်ဆိုတာနဲ့ မဒေါင်းရင်နားက နားကပ်ကလေး ထားစရာနေရာမရှိဘူး။ ကိုသာဖန်းခမျာလည်း တစ်နေကုန်ပင်ပန်းပေမယ့် ကျောကျအောင်မအိပ်နိုင်ဘူး။ ထတောစပ်က ခွေးဟောင်သံကြားရင် ညလူများလားလို့ နားစွင့်ထားရတာ အမော။ ထန်းလှီးဓားတော့ မြနေအောင်သွေးထားရတာ သဘာဝဆိုတော့ လက်တစ်ကမ်းမှာ ထားတယ်။

နားကပ်ကလေး စမုန်စမွှားနဲ့ အဲသလောက်တောင် ဖြစ်ကြရသလားလို့ မေးရင် ကိုသာဖန်းတို့ မဒေါင်းရင်တို့အဖို့ကတော့ သည့်ထက်တောင်ပိုသေးလို့ပြောရုံပါပဲ။ မြို့စျေးထဲက မစိန်သုံ အကြွေးကလည်းရှိသေး။ ထန်းရှင်ကို ထန်းလျက်ပေးရဦးမှာက ရှိသေး။ ဒီကြားထဲ နားကပ်ကလေး လုသွားတာထား နားရွက်ပါလှီးသွားရင် အခက်ပါလား။ ထရေမူးနေတဲ့ လူမိုက်ဆိုတာ ပြောဖြစ်တာမဟုတ်ဘူး။ ကိုသာဖန်းက ထန်းပင်သာ ညောင်ဦးဖီးလို တစ်ပင်တစ်ပင် ခုန်ကူးချင် ကူးနိုင်တယ်ထား လူလူချင်း ဖက်လုံးဖို့ကျတော့ ဝံ့တာမဟုတ်ဘူးကိုး။

မဒေါင်းရင်လည်း မိန်းမကြမ်းဆိုပေသိ မိန်းမဟာ မိန်းမပဲ။ ယောက်ျားသားနဲ့တုပြီး မိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ပြီးတော့ သမီး
အရွယ်ရောက်ကလေးတွေကလည်းရှိသေးတယ်။ သူတို့ဘဝမှာ တခါမှ မကြောင့်ကြဖူးတာကို ကြောင့်ကြနေရပြီကော။ မပူပန်ခဲ့ရတာကို ပူပန်နေကြရပြီကော။ ရွှေလှောင်ချိုင့်ထဲက မိုးဆွေငှက်များ
လိုပဲ နေပျော်စရာ မကောင်းတော့ပါလား။
အဝေး ထတောစပ်က ခွေးဟောင်သံကြားတာနဲ့ ကိုသာဖန်း ရော မဒေါင်းရင်ပါ ထကြရပြီ။ ထန်းလှီးသား တစ်ယောက် တစ်
ချောင်းကိုင်ပြီ အမှောင်ထဲကို မျက်စိရော နားပါ လွှတ်ထားကြရပြီ။

သည်နှစ်က ဥတုမကောင်းလေတော့ ကိုသာဖန်းတို့ ထန်းသမားတွေ ထန်းလျက်အရနည်းကြတယ်။ နွေရယ်လို့ စဝင်ကတည်းက ခံလိုက်ရတဲ့ အပူဒဏ်။ ပူလွန်းတော့ ထန်းစတွေခြောက်ပြီး ထန်းရည်အယိုနည်းရတဲ့ အထဲ ထန်းဖိုညှပ်ရာသီမှာ မိုးဒဏ်ခံရပြန်တော့ ညှပ်တုတ်တွေ မိုးရေစို နေကပူလာပြန်တော့ နေဒဏ်ခံရနဲ့
ညှပ်တုတ်လက်ချောင်းတွေ အဖျားစွတ်ပြီး ခြောက်ကုန်ရော။ ခြောက်ကုန်တော့ လှီးထုတ်ရ နောက်ထပ်တခါ ညှပ်ဒဏ်ပိတော့ ထပ်လှီးရနဲ့ တဖြည်းဖြည်းထန်းရည်ချိုသာ နောက်ဆုတ်ပြေးကရော။ ထရေရယ်လို့ မယိုလိုက်ရပါဘူး။ နောက်ပိုင်းရက်တွေမှာ မြစ်ရေတိုးတော့ ထန်းရည်တော့ အယိုများပါရဲ့။ ထန်းလျက်က မတင်ပြန်ဘူး။ ထန်းရည်ယိုပေမယ့် ရေတွေသာ များနေတဲ့ သဘောပေါ့။ ထန်းလျက်ချက်ပြန်တော့ ကုန်လိုက်တဲ့ထင်းကလည်း မဒေါင်းရင်တို့ သားအမိတတွေ ဖြည့်လို့မလောက်နိုင်ဘူး။ ပဲသိမ်းသွားတဲ့ အခင်းတွေထဲက ပဲငုတ် ပြောင်းငုတ် ဝါငုတ်တောင်မကျန်ဘူး။

ဒီဒဏ်က ကိုသာဖန်းတို့တင်မကပါဘူး။ သည်နယ်တဝှိုက်က ထန်းလုပ်ငန်း အားလုံးမှာ ခံကြရတာပါ။ ရည်လှည့် ကိုယ်ဝန်သမားတွေကတော့ ကိုယ့်အတွက်ထန်းလျက်အရနည်းပေမယ့် ထန်းရှင်နဲ့ မျှခံကြရတဲ့ သဘောပေါ့။ သူလည်းမရ ကိုယ့်လည်းမရ။

ကိုသာဖန်းတို့မှာ ပင်ပြတ်နှုန်း လုပ်တဲ့သူဆိုတော့ ထန်းရှင်ကို သတ်မှတ်ထားတဲ့ စကားအတိုင်း ထန်းလျက်ပြည့်အောင် ပေးကိုပေးရတော့မယ်။ ဒါကတော့ ကံတိုက်ပေါ့။ ကိုယ့်ဘက်က ကျန်တဲ့နှစ်ကျန်သလို ထန်းရှင်ဘက်က ကိုက်တဲ့နှစ်ကိုက်တယ်။ သည်နှစ်လိုကျ ကိုယ်ခံရတဲ့ အလှည့်။ ရာသီက ကြမ်းလို့ ထန်းပင်က အရည်မယိုလို့အကြောင်းမပြနဲ့ ထန်းရှင်ကတော့ ညှိထားတဲ့ အတိုင်းယူမှာပဲ ထန်းလျက်က ငွေပေါ်တာ မပေါ်တာလည်း ထန်းရှင်နဲ့ မဆိုင်ဘူး။ သည်ကြားထဲ မနှစ်ကလို ထန်းလျက်ကောင်းမယ် အထင်နဲ့
မဒေါင်းရင်နားကပ်ကလေး လုပ်မိထားတော့ ငွေကလည်း ထုပ်ထုပ်ပိုက်ပိုက် မရှိဘူး။
မနှစ်တုန်းကတော့ ဥတုကလည်းမှန် နေရည် လေရည်ကလည်း ကောင်းလေတော့ ပင်ပန်းသလောက် ထန်းလျက်ကလည်းအဖတ်တင်တယ်။ ရင်းထောင် ရင်းဆွဲလုပ်ဖို့ မြင်ဝါးကလေးတွေ ဝယ်နိုင်ခဲ့တယ်။ ဓားနှီးနှစ်လက် ဝယ်နိုင်ခဲ့တယ်။ ဆောက်ခေါက်ကလေး ဓားပွင့်ကလေး မြူ အိုးအသစ်ကလေးတွေကအစ စုဆောင်းမိတယ်။ ကိုယ့်အတွက် ထမင်းစားလက်နက်ကလေးတွေ ထုမိထောင်မိတာကိုပဲ ကိုသာဖန်းတို့ထန်းသမားများအတွက် ဝမ်းသာကြည်နူးရှိရတာမဟုတ်လား။ သည်နှစ်တော့ ထန်းဖိုကလေးမှ နု
မယ်ကြံကာရှိသေး မဒေါင်းရင် နားကပ်ကစပြီး အကြွေးတင်လိုက်တာ ပေးစရာတွေကချည်းမနည်းဘူး။
” တော့ ကိုရင်သာဖန်း ကျုပ်ခေါ်နေတာ အသံပြာနေပြီ တော် ဘာတွေ စဉ်းစားနေတာတုန်း ကတဲမှ ”
ထန်းပင်ပေါ်ကဆင်းပြီး ဆေးလိပ်ခေါင်းကျိုးတစ်လိပ် ဖွာရင်း စဉ်းစားခန်းဝင်နေတဲ့ ကိုသာဖန်းခမျာ မဒေါင်းရင်းအော်လိုက်သံကြောင့် လန့်သွားတယ်။ မဒေါင်းရင်ကလည်း မရိုးကောက်ရာကအပြန် မောလွန်းပန်းလွန်းလို့ ကိုသာဖန်းအနား ထန်မြစ်ဆုံဘေး စွေ့ခနဲ ဝင်ထိုင်ချလိုက်တယ်။
” ငါ သည်နာ ထိုင်နေတာ နင်မမြင်ဘူးလား”
” မြင်သယ် မြင်သယ် မြင်လို့ခေါ်တာ တော့နှုတ်က ထူးသချင်လို့ ခေါ်သာ”
” ဘာများတုံးဟာ ကိုင်း ပြေပါဦး ”
မဒေါင်းရင်က ပါးစပ်က ဘာမှမပြောဘူး။ ကိုသာဖန်းလက်ကြားညှပ်ထားတဲ့ တံတွေးစိုစို ဖက်ကြမ်းလိပ်ကို လှမ်းဆွဲပြီး တစ်ချက် နှစ်ချက် ဖွာလိုက်သေးတယ်။ ပြီးမှ ကိုသာဖန်းကိုမကြည့်ဘဲငေးမိငေးရာ ထန်းပင်ခြေက ပုရွတ်ဆိတ်ကြောင်းကြီးကို ငေးကြည့်ရင်းကပြောတယ်။
” မနက်ဖြန် သန်းလှတို့မြို့က ထညက်ဝိုင်း ထညက်သွားပို့ မလို့တဲ့ ကျုပ်လိုက်သွားရ ကောင်းမလားလို့”
ခါတိုင်းလည်း သန်းလှတို့နဲ့အတူသွားနေကျပေမယ့် သည်တစ်ခါကိုသာဖန်းကိုပြောတာက တိုင်ပင်တဲ့ သဘောပါတယ်။ မြို့က ထညက်ဝှိုင်းဆိုတာက ကိုသာဖန်းတို့ ထန်းပိုင်ရှင်ကို ရည်ရွယ်တာကိုး။ တစ်နှစ်အတွက် ထန်းလျက်ကို တစ်ပတ်တစ်ခါ နှစ်ခါ ထန်းလျက်ထွက် ထွက်သလို သွားသွင်းရတယ်။ ဟိုက စာရင်းနဲ့ လက်ခံထား အခုလိုထန်းသိမ်းခါရောက်ရင် စာရင်းချေရတော့မယ် အကျေသဘောမျိုး ပေးရတော့မှာဆိုတော့ ဘယ်ရွေ့ဘယ်မျှ ကျန်တယ် ဒါတော့ယူထားပါဦး လိုတာကို ဘယ်တော့လောက် အကျပို့ပါမယ် ပြောခဲ့ရတော့မယ်။ ကုန်စုံဆိုင်က မစိန်သုံကိုလည်း နားကပ်ကလေးဖြစ်ဖို့ လက်လှည့်စိုက်ထားတဲ့ ပိုက်ဆံအတွက် ထန်းလျက်စျေးနဲ့ စက်ပြီးပေးခဲ့ရဦးမယ်။
” ကျုပ်တော့ ဒီလို စဉ်းစားထားတယ်”
ကိုသာဖန်းက တစ်လုံးမှ မပြောတော့ မဒေါင်းရင်က သူ့စိတ်ကူးကိုချပြတယ်။
” ထန်းရှင်တော့ ကျေနပ်အောင် ရှိတာလေး ပို့ရမှာပဲ ကျန်တာ နောက်လထဲ အကျေပို့ပါ့မယ် အကြောင်းတော့ စကားခံခဲ့ရုံပေါ့”

ထန်းရှင်က ထန်းခ ထန်းလျက်အသွင်း လျော့လို့မဖြစ်ဘူးဆိုတာကိုသာဖန်းရော မဒေါင်းရင်ပါ အသိ။ သူတို့အပေါ် မညှာမတာလုပ်
မယ့် ထန်းရှင်မဟုတ်ပေမယ့် ဖြစ်နိုင်ရင် ကျေချင်ကြတယ်။ ထန်းရှင်ကို ထန်းလျက်အကျေမသွင်းမိရင် ထစု (ထန်းစု )ကို ပြန်သိမ်း
တာတွေ ဘာတွေရှိလာမှာ စိုးကြတာလည်း ပါ ပါတယ်။ ဒါနဲ့ပဲ လုပ်လုပ်စားစားရှိကြရသူတွေဆိုတော့ ထန်းသမားက ထန်းမရှိရင် ဘာလုပ်စားမလဲ။
” နင့် မစိန်သုံ အကြွေးကရော”
” မစိန်သုံအကြွေးကတော့ သည်နားကပ်ကလေး ပြန်ရောင်းပြီးဆပ်လိုက်တော့မယ်တော် ပိုတဲ့ပိုက်ဆံ ပြန်ထွက်လာဦးမှာပဲ အဲဒါကို ”

မဒေါင်းရင်အသံက ထန်းလျက်မရတာကို ဝမ်းမနည်းပဲ နားကပ်ကလေးကို နှမြောရှာတဲ့အသံ ပါရဲ့။ ကိုသာဖန်းကတော့ ဘာမှ ပြန်မပြောတတ်တော့ သည်အတိုင်းပဲ ငြိမ်နေလိုက်တော့တယ်။ သူလည်းဘာမှ အကြံမပေးတတ်တော့ဘူး။ ထန်းပင်တွေ ထပ်တက်ချေဦးဆိုရင် တက်လိုက်ချင်သေးတယ်။ ခါးချည့်အောင်လည်း
လုပ်နေတုန်းပဲ။ သည်ကြားထဲ စဉ်းစားပါဦးတော့ သူလည်း မစဉ်းစားတတ်ဘူး။
မဒေါင်းရင်နားက ခြယ်နားကပ်ကလေးက ကနေ့မှပိုပြီးတော့တောင် အရောင် ဖျိုးဖျိုးဖျက်ဖျက် ထွက်နေသလားလို့။
သည်လိုနေဝင်ဖျိုးဖျအချိန်ဆိုရင် ထတောကြီးဆီက မီးခိုးမှိုင်းတွေ အူအူထနေတတ်ပြီ။ ထတဲကလေးရှေ့မှာတော့ မဒေါင်းရင်တို့ မိန်းမတစ်သိုက် ထန်းလျက်တွေ လုံးနေကြတယ်။ သည်ထစျုလးထဲမှာတော့ ထန်းလျက်ဖိုကို သူ့ဖ်ုကိုယ့်ဖိုရယ်လို့ ခွဲခွဲခြားခြားလုပ်မနေကြပါဘူး။ အားတဲ့ဖိုဝင်ပြီး ထန်းလျက်တစ်ဒယ် နှစ်ဒယ်
စာလောက်တော့ ဝင်ကြိုလိုက်ကြတာပါပဲ။ ပြီးတော့ အားတဲ့သူက အားသလို ထန်းလျက်ကူလုံးကြ မီးကူထိုးကြနဲ့။ သည်အထဲမှာ
မဒေါင်းရင်တို့က ထန်းလျက်ဖိုပိုင်လည်းဖြစ် ထန်းလျက်အများဆုံးကြိုရသူဆိုတော့ မဒေါင်းရင်တို့တဲရှေ့ လူပိုစုကြတာများတယ်။ကိုသာဖန်းကတော့ မိန်းမပေါင်းစုံ စကားပေါင်းစုံကြားထဲ ဝင်ပါလေ့ရှိသူမဟုတ်တော့ သူ့ကွပ်ပျစ်ကလေးရှိရာ ထန်းလျက်တံစက်မိတ်အောက်မှာ ထိုင်ရင်း ထရေသောက်မယ့်သူတွေကိုပဲ မျှော်နေတယ်။
” မဒေါင်းရင် ညည်းနားက အနာရင်နေသလား ”
” ဟုတ်ပ မဘုတိုရယ် နားကြောမတည့်လို့လား မသိပါဘူး။ နားပေါက် ဖောက်ကတည်းက အနာပျေက်လိုက် ရင်းလိုက်နဲ့ အခုနားကပ်ချွတ်လိုက်တော့ အပေါက်က မန်းရေတွေ ယိုပါရဲ့အေ”
” မန်းသုံးခွ ရွက်ကလေး မီးကင်အုံပါလားအေ့ ငါ့ကလေးတွေ နားကွဲနာပေါက်တုန်းက မန်းသုံးခွရွက်နဲ့ ပျောက်တာပဲ ”
သန်းလှကပြောတော့ မစံအေးကလည်း ဝင်အကြံပေးပြန်တယ်။
” မန်းသုံးခွ ရွက်ကမှ မီးကင်နေရသေးအေ အုန်းဆီကလေးတို့ပေး” ” ကိုယ့်တံတွေး ကိုယ်ဆွတ်လည်း ပျောက်ပါတယ်”
မဒေါင်းရင် နားကပ်ကလေးဝယ်တုန်းက အကြံပေးခွင့်မရလိုက်တဲ့ မဘုတိုတို့ မသန်းလှတို့ မစံအေးတို့တစ်တွေ နားကပ်ကလေးချွတ်လိုက်လို့ နားပေါက်ရင်းလာတဲ့ နားပေါက်နာကျမှ သိသလောက်အကြံပေးခွင့် ရကြရှာတယ်။ သူတို့ကသာ အကြံပေးတာပါ။
မဒေါင်းရင်က သုံးမျိုးစလုံး စုံပြီ။ နားပေါက်ဟောင်းလောင်း ဖြစ်ရတာကို ဘဝဟောင်းလောင်းဖြစ်ရသလောက်လည်း ခံစားရပါရဲ့။
နားကွဲနာကို ဘဝကွဲနာလို့လည်း အောက့်မေ့ပါရဲ့။ မဝတ်ရတုန်းက ဝတ်ရကောင်းစေမရှိခဲ့ပေမယ့် ချွတ်လိုက်ရတော့မှ ချွတ်ရကောင်းစေ ဖြစ်နေရပြီ။
” ဒေါင်းရင်ရယ် ထန်းသမားကြီးတွေလုပ်နေပြီ နားကပ်ကလေး တစ်ရန်များတော့ မြဲအောင်ဝတ်ထားစမ်းပါဟဲ့ ငတို့ထစုဆို လူ
တွေက အထင်အမြင် သေးတတ်ကြလွန်းလို့ နောက်နှစ် ထဖိုနုချိန်ကျပြန်လုပ် ဝတ်စမ်းပါအေ”
မဘုတိုပြောတော့ မဒေါင်းရင်က ရင်းရောင်နေတဲ့ သူ့နားနှစ်ဖက် သူပြန်စမ်းရင်းက ပြောတယ်။ ရှက်သလိုလိုတော့ ဖြစ်မိသား။
ထန်းသမားကြီးတွေတဲ့။ မြဲအောင်ဝတ်စမ်းပါတဲ့။
” တော်ပါပြီ အေရယ် နားကပ်ကလေးတစ်ရန်လုပ်ဝတ်မိပါတယ် ပူအောင်မဆုပ်လိုက်ရပါဘူး။ နာရောင်သာ အဖက်တင်သာပါပဲ။ သည်ကြားထဲ မဲကြီးလို ထရေကြွေးလာသောက်တဲ့ သူတောင်းစားတောင် ချော့ရတာ ပိုသေး သေနာ ထရေကြွေးကိုက ထန်းတစ်ပင်ဖိုးမကတော့ဘူး လာနှင့်စမ်းဦးဟဲ့ သင်းတော့လား သည်ကနေ့မှ ပိုက်ဆံမပါလို့ကတော့ လည်ပင်းအနင်းပဲ ဒေါင်းရင်တို့က မောင်းတင်ထားသာ ”
ဥတုမကောင်းတာရော ထန်းလျက်အထွက်ဆုပ်တာရောပေးရမယ့်ထန်းလျက်အကြွေးတွေရော စုံကျရတဲ့ကြားက နားကပ်ပါဖြုတ်လိုက်ရလို့ မကျေမချမ်းဖြစ်နေတဲ့ ဒေါသက မဲကြီးတို့လူသိုက်အပေါ် ပုံကျသွားတော့တာပါပဲ။ နားပေါက်ဟောင်းလောင်းနဲ့
ဖြစ်ရမှတော့ လုမှာလည်း မပူရတော့ဘူးမဟုတ်လား။ သင်းကို သည်ကနေ့တော့ လူချင်းလုံး သတ်ဖို့တောင် စိတ်ကူးထားမိပြီ။
ထန်းသမားများတော့ ပျားကလည်း ဒုက္ခပေးတယ် ရှဉ့်ကလည်း ဒုက္ခပေးတယ် ကြွက်လည်း ဒုက္ခပေးတယ် လိပ်ပြာတွေ ကျိုင်း
ကောင်တွေ လင်းဆွဲတွေ ပုရွတ်ဆိတ်တွေ ကျီးကန်းတွေကလည်း ဒုက္ခပေးတယ်။ ခုမဲကြီးကရော ဘာထူးတုံး။ သင်း လာစမ်းပစေ။

” မိုးကလေး ရွာရင်နော်ဗျာ မမဒေါင်းကို ဘာနဲ့ မိုးရပါ့ ပဒုမ္မာရွှေကြာရိုးကို အိုဗျာ ထီးလုပ်လို့ မိုး … အိုး ဟိုး…”

ထတောစပ်က ဟစ်လိုက်တဲ့ သံဝါကြောင်က မဲကြီးအသံမှအစစ်။ သည်သီချင်းသံကြားပြန်တော့လည်း မဒေါင်းရင် ဒေါသ
တွေ ပြေသလိုလို ဖြစ်ရသား။ သမီးတွေ မရိုးကောက်လာတာ မြင်မှ မဒေါင်းရင် စုတ်ခနဲ ထရပ်တယ်။ မဲကြီးတို့လာရင် ငှက်ခါး
တောင် ရည်ကလေး ချပေးရဦးမယ်။

ပြီးပါပြီ

ခင်ခင်ထူး

Leave a Reply

Your email address will not be published. Required fields are marked *